ဖိုးထက် – အဝေးဆုံး ရမည်းသင်း

February 17, 2016

ဖိုးထက် – အဝေးဆုံး ရမည်းသင်း 

(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆

”ရမည်းသင်း ရောက်ပြီး ဟိုဘက်က ညီလေး။ ဟေ့..ညီလေး။ ဘေးက ဦးလေးကြီး နှိုးလိုက်စမ်းပါဗျာ အဲဒီ ညီလေးကို။ ရမည်းသင်းရောက်ရင် နှိုးပါလို့ သေချာမှာထားလို့၊ မေ့နေတာဗျာ”

စပါယ်ယာဖြစ်သူ၏ ကွမ်းပလုပ် ပလောင်းနှင့် ဆော်အောသံကြောင့် ခရီးသည်များ အားလုံး၏ အကြည့်က သူ့ဆီသို့ ရောက်လာသည်။ ညီလေးဟု အခေါ်ခံရသူမှာ အလွန်ဆုံး ရှိလှ ဆယ့်ကိုးနှစ်။ နှစ်ဆယ်။ လျှာထိုးအုပ်ထုပ်။ ဂျင်းဘောင်းဘီ မီးခိုးရောင်။ ကျောပိုးအိတ်ကို ရင်ဘတ်မှာ ကပ်မှီ အိပ်ပျော်နေတာများ နှစ်နှစ်ခြိုက်ခြိုက်။ လန်းဆန်းတက်ကြွ မျှော်လင့်ချက်ရှိသော လူငယ်တို့၏ အားမာန်အပြည့်ကို အပြစ်ကင်းစွာ အိပ်ပျော်နေသည့် သူ့မျက်နှာလေးပေါ်မှာ တွေ့နေရသည်။

“ဟေ့ ကောင်လေး။ ရမည်းသင်းရောက်ပြီ”

“ဗျာ..ဟုတ်..ဗျာ..ဟုတ်ကဲ့..ဟုတ်ကဲ့..။ ဆင်းမယ်..ကျွန်တော် ဆင်းမယ်” အိပ်မှုန်စုတ်ဖွား အယောင်ယောင် အမှားမှား သူ့တုန့်ပြန်သံကြောင့် အားလုံးက ပြုံးစိစိ ဖြစ်သွားကြသည်။

“ဘယ်မှာ ဆင်းချင်တာလဲ။ ဈေးမှာလား။ နာရီစဉ်မှာလား”

“ခင်ဗျာ..မသိဘူး။ အဆင်ပြေရာ ချပေးခဲ့”

“ဟေ…မင်းက ဘယ်သွားချင်တာလဲ”

“ရမည်းသင်း အ.ထ.က ၁ ကို သွားချင်တာ”

“အေး..ဒါဆို ဈေးမှာဆင်းရမှာ။ ကျော်ခဲ့ပြီကွ။ ဒီမှာ ချပေးခဲ့မယ်။ ဆိုက္ကားသာ ငှားသွားတော့။ မင်းက လဲ အိပ်ပျော်။ ငါကလဲ မေ့ကွာ..”

မန္တလေး-တပ်ကုံး အဝေးပြေး ဒိုင်နာကားက သူ့ကို လမ်းဘေးမှာ ချပေးအပြီး တပ်ကုန်းဘက်သို့ ခရီး ဆက်ထွက်သွားသည်။ ကားပေါ်မှ ဆင်းလာသည့် လူငယ်ကို ကြည့်ရတာ ရမည်းသင်းနယ်ခံမဟုတ်မှန်း သိသာသည်။ ခေါင်းကုတ် ခြေကုတ်ဖြင့် အရှေ့ကြည့်လိုက်။ အနောက်ကြည့်လိုက်။ အရှေ့ကို ဆက်လျှောက်သွားရင် ရမည်းသင်း ဈေးဘက်ကို ရောက်မှာလား။ အနောက်ဘက်ကို ပြန်လျှောက်ရင် ဈေးဘက်ကို ရောက်မှာလား။ သူ တကယ်မသိ။

တကယ်ဆိုရင် သူက ဒီလို ခရီးဝေးမပြောနှင့် မန္တလေးနှင့် အလွန်နီးသော စစ်ကိုင်းဘက်ကို သွားတာတောင်မှ အမေ့ကို အသိပေးရသည်။ အမေခွင့်ပြုမှ သွားရသည်။ အခုလို မန္တလေးမှ ခရီးမိုင်ပေါင်း ၁၀၀ ကျော်ဝေးသည့် ရမည်းသင်းကို သွားဖို့ သူ့အမေခွင့်ပြုချက် ဘယ်လိုမှ ရမှာ မဟုတ်။ ထို့ကြောင့် သူငယ်ချင်းနဲ့ စစ်ကိုင်း ကထိန်လိုက်သွားမယ်ဟု လိမ်ညာခဲ့ရသည်။ သူ့အမေကို အသေးအဖွားကိစ္စလေးတွေ လိမ်တာ၊ ညာတာ ရှိခဲ့ပေမယ့် အခုလို ကြီးကြီးမားမား ဘယ်တုံးကမှ မလိမ်ခဲ့သူ သူ့အတွက် အမေ သိရင် မကောင်းဘူးဆိုသည့် စိတ်အတွေး ဖြစ်သော်လည်း သူ့စိတ်ထဲမှာ ဖြစ်ပေါ်နေသော စိတ်ဆန္ဒဇောက သူ၏ စိုးရိမ်စိတ်၊ ကြောက်စိတ်၊ လန့်စိတ် များကို အရှိန်ဇောကြီးစွာ ဖုံးကွယ်ထားသည်။ တစိမ်းအရပ်မှာ စိတ်အားငယ်စ ပြုနေသည့် သူ့နားကို ဆိုက္ကားတစ်စီး ကပ်လာတာ သူ သတိမထားမိ။

“ညီလေး ဆိုက္ကလား”

“ဟုတ်ကဲ့ခင်ဗျ”

“ဘယ်သွားမှာလဲ”

“အ.ထ.က ၁”

“အေး ဒါဆို ၁၀၀ တော့ ပေးရမယ်”

ဆိုက္ကားဆရာတောင်းသော ၁၀၀ နှုတ်လိုက်လျှင် သူ့လက်ထဲမှာ နှစ်ထောင်ကျော် နီးပါးတော့ ကျန်နိုင်သေးသည်။ တစ်နှစ်ပါတ်လုံး မုန့်ကောင်းကောင်းမစား။ အ၀တ်အစားဝယ်ဖို့ အမေပေးထားသော မုန့်ဖိုးတွေကို ကျစ်ကျစ်ပါအောင် စုပြီး ဒီခရီးကို ထွက်ဖို့ စာသင်နှစ်အစကတည်းက ရည်မှန်းထားခဲ့သည်။ စာသင်နှစ်အကုန် စာမေးပွဲကြီး ဖြေပြီးတော့ သူ့အမေဆီက ကပ်ချွဲတောင်းလို့ရသည့် မုန့်ဖိုးနှင့် ပေါင်းလိုက်တော့ သုံးထောင်နီးပါး ရှိခဲ့သည်။ အသွား ရှစ်ရာ။ အပြန် ခြောက်ရာ။ သူ့ငွေက ဒီခရီးကို လောက်ငှသည်ထက် မပို။ ဖြစ်နိုင်ရင် အပိုငွေ မထွက်ချင်။ သို့သော် နယ်အစိမ်းမှာ နယ်ခံ လိုသည် မဟုတ်လား။ ထို့ကြောင့်..

“ဟုတ်..ပေးပါ့မယ်..ကျွန်တော့်ကိုသာ ဆရာ ဦးခင်မောင့် အိမ်ကိုသာ ၀ိုင်းရှာပေးပါ”

“အေး…တက်..တက်..ငါတော့ မသိဘူး။ ငါ့ဂိတ်မှာ ၀င်မေးကြတာပေါ့”

လှုပ်လှီလှုပ်လဲ့ ခနော်နီ ခနော်နဲ့ ဆိုက္ကားလေးက သခင်ဖြစ်သူ၏ ပြုစုယုယမှုကို ကောင်းစွာ မခံရခြင်းအား သူ့ကို တိုင်တန်းနေသလိုမျိုး အသံမျိုးစုံထွက်နေသည်။ ကုန်းအတက်ကြီးကို သူ့ကို တင်ပြီး အားစိုက် နင်းနေရသည့် ခပ်ပိန်ပိန် ဆိုက္ကားဆရာကို သူအားနာသွားသည်။

“အစ်ကို..ကျွန်တော် ဆင်းလျှောက်မယ်လေ။ ကုန်းထိပ်ကြမှ ပြန်တက်ပါ့မယ်”

“ဟား..ဟား..ရပါတယ်ကွ။ အားမနာပါနဲ့။ ငါနင်းနေကြပါ။ ဒါနဲ့ မင်းတွေ့ချင်တဲ့ သူက ဘယ်သူ”

“အထက်တန်းပြ ဆရာ ဦးခင်မောင်ပါ။ မန္တလေးက ပြောင်းလာတာ မကြာသေးဘူး။”

“ငါဖြင့် ဒီနာမည် တစ်ခါမှ မကြားဘူးဘူး။ ငါ ဆိုက္ကားနင်းလာတာ သုံးခါလည်တောင် ကျော်ရော့မယ်။ ဆရာ ခင်မောင်။ ဆရာ ခင်မောင်။ ကြားဘူး ဘူးကွာ”

သူ စိတ်အားငယ်သွားသည်။ စိတ်အားငယ်၊ စိတ်ထိခိုက်လျှင် မျက်ရည် လွယ်လွယ်ကျချင်သည့် သူ့အကျင့်ကြီးကို သူ့အမေက “ယောင်္ကျားဆိုတာ လွယ်လွယ်မျက်ရည် မကျရဘူး သားရဲ့။ မိန်းမတွေက အထင်အမြင်သေးတတ်တယ်။ ငါ့သားက စိတ်အားငယ်တတ်လို့ ငိုတတ်တယ်ဆိုပေမယ့် တစိမ်းတွေ၊ မင်းကို နားမလည်သူတွေက အနိုင်ယူချင်စရာ၊ လှောင်စရာ၊ ဟားစရာ ဖြစ်တတ်တယ်။ ယောင်္ကျားဆိုတာ ဘာဖြစ်ဖြစ် ခပ်တင်းတင်း ရင်းရင်းနေရတယ် ” ဟု ဘယ်လိုပင် ဆုံးမသော်လည်း သူ့ရင်ထဲမှာ ထစ်ခနဲ့ဆို ၀မ်းနည်း အားငယ်ကာ မျက်ရည် အလိုလို ကျချင်လာတတ်သည်။ အခုလည်း သူ့ရဲ့ ငိုမဲ့မဲ့ မျက်နှာလေးကို ဆိုက္ကားဆရာက သတိထားမိသွားဟန် ရှိသည်။

“အားမငယ်နဲ့ကွ။ မင်းက လိပ်စာလဲ သေချာ မသိဘဲနဲ့။ လူနာမည်လေးသိရုံနဲ့ ရှာရတာတော့ ခက်မှာဘဲ။ ဒါပေမယ့် မပူပါနဲ့။ ငါဝိုင်းရှာပေးပါ့မယ်”

ဆိုက္ကားဆရာ ပြောလဲ ပြောချင်စရာ။ တကယ်တော့ သူလဲ မမှား။ လွန်ခဲ့သော ဆယ်နှစ်ကတည်းက သူနဲ့ ဝေးသွားသည့် လူတစ်ယောက်ကို လိုက်ရှာဖို့ သူသိတာက အများကြီးမဟုတ်။ ရမည်းသင်းမှာ တာဝန်ကျနေတယ်။ အထက်တန်းပြ ဆရာ။ နာမည်ကိုတော့ သူသိသည်။ ဦးခင်မောင်။

ကုန်းအဆင်းမှာ ဆိုက္ကားလေးက အရှိန်ဖြင့် ပြေးဆင်းနေသည်။ ကုန်းအဆင်းပြီးတော့ နောက်ထပ် အတက်တစ်ခု။ သူ့စိတ်မှာ ဘယ်လိုမှ နေလို့ မရတော့။ အားနာလာသည်။ ထို့ကြောင့် ဆိုက္ကားဆရာကို ခွင့်မတောင်းတော့ဘဲ ဖြတ်ခနဲ့ ခုန်ဆင်းလိုက်ရင်း..

“ရတယ် အစ်ကို ကျွန်တော် တွန်းပေးမယ်။ ကုန်းတက်ကြီးဆိုတော့လေ”

“ဟာ..ရပါတယ်ကွ။ မင်းကလဲ မဟုတ်တာ အားနာနေတယ်”

ကုန်းအတက်ကြီးကို တစ်ယောက်က တွန်း။ တစ်ယောက်က နင်းဖြင့် တက်လာကြသော သူတို့ နှစ်ယောက်ကို မျက်နှာချင်းဆိုင်မှ လာသည့် ဆိုက္ကားတစ်စီးပေါ်မှ ခပ်၀၀ အမျိုးသမီးကြီးနှင့် ပိန်ညှော်ညှောင် ဆိုက္ကားဆရာ တို့က အထူး အဆန်းကြည့်သွားကြသည်။

ဈေးကြီးနားကို သူတို့ နှစ်ယောက် ရောက်လာတော့ သူ ဗိုက်အရမ်းဆာလာသည်။ ဗိုက်ဆာလျှင် စိတ်တို၊ စိတ်ရှုပ်တတ်သည့် သူ့အကျင့်ဆိုးက ပြန်ပေါ်လာသည်။

“တစ်ခုခု စားရအောင်ဗျာ။ ကျွန်တော် ကျွေးပါ့မယ်” ဟု ခပ်ပြတ်ပြတ်အသံဖြင့် ပြောလိုက်သည်။

“အေး..စားမယ်ကွာ။ မနက်အစောကြီး သူတော်ကောင်းနဲ့ တွေ့နေတယ်ဟေ့။ ခနောင်ကြီးမှာ ထိုင်မယ်။ ပလာတာ ကောင်းတယ်ကွ။ ရမည်းသင်းမှာ နာမည်ကြီးပေါ့”

ဆိုက္ကားဆရာ ပြောသော ခနောင်ကြီးတွေ၊ နာမည်ကြီးတွေ သူစိတ်မ၀င်စား။ သူဗိုက်ဆာလျှင် ရှိတာနဲ့ ဖြစ်သလို စားတတ်သည်။ ကောင်းကောင်း မကောင်းကောင်း ဗိုက်ဝ ပြီးရော သူစားတတ်သည်။ သူ့အိမ်မှာ ပူဆာနေလို့၊ ဂျီးများနေလို့ မဖြစ်သော အကျင့်ကို ကောင်းစွာ ရထားသူ ဖြစ်သည်။

သူက ပလာတာ နှစ်ချပ်။ လ္ဘက်ရည် တစ်ခွက်။ ဆိုက္ကားဆရာက ပလာတာ တစ်ချပ်။ လ္ဘက်ရည် တစ်ခွက်။ လန်ဒန် ဆေးလိပ် တစ်လိပ် သောက်စားအပြီး ပိုက်ဆံ အရှင်းမှာ တစ်ရာခန့် ထပ်ထွက်သွားပြန်သည်။ ပိုက်ဆံအိတ်ထဲရှိ ပိုက်ဆံကို စိတ်မှန်းဖြင့် ရည်တွက်ကြည့်လိုက်တော့ သူထင်သလောက် မကျန်တော့။ နှစ်ထောင် မကျော်နိုင်။ အပြန်လက်မှတ်က ခြောက်ရာခန့် ကုန်အုံးမည်။ ပြီးတော့ ဒီက ပြန်ခါနီး ကန်တော့ပစ္စည်းဝယ်ပြီး ကန်တော့ရအုံးမည်။ လောက်ရုံလောက်ဆို တော်ပြီပေါ့။ မန္တလေးတော့ ပြန်ရောက်မှာပါဟု သာတွေးလိုက်သည်။

စားသောက်အပြီးမှာ ဆိုက္ကားဆရာက ပိုပြီး နှစ်လိုဖွယ်ဖြစ်လာသည်။ သူတွေ့ချင်သည့် ဆရာ ဦးခင်မောင်၏ အိမ်ကို ၀ိုင်းကူပြီး မေးမြန်းပေးသည်။ ဟိုလူက ဟိုညွှန်၊ ဒီလူက ဒီညွှန်၊ ဟိုလူက သိသလိုလို၊ ဒီလူက သိသလိုလို။ ပြောင်းလာတာ မကြာသေးဘူးထင်တယ်ဟု ပြောသူက ပြော။ ကျောင်းဆရာ ဟုတ်ရဲ့လား။ မြန်မာဆေးဆရာများလား။ ဟဲ့ကောင်လေး မင်းဟာက သေချာရဲ့လားဟု ငေါက်သူက ငေါက်ဖြင့် နောက်ဆုံးမှာ ပိုင်ပိုင်နိုင်နိုင် ညွှန်ပေးသူ တစ်ယောက်ရှိလာသည်။ CS2A အမိန့်ရ အရက်ဆိုင် တစ်ခုမှ ကောင်တာထိုင်သည့် လူတစ်ယောက်မှ ညွှန်လိုက်သည်။

“သြော်..ညနေတိုင်း လာလာသောက်တဲ့ ဆရာ ခင်မောင့်ကို ပြောတာ ထင်တယ်။ ပြောင်းတာ မကြာသေးဘူး။ အသားခပ်ညိုညို။ ထောင်ကောင်းကောင်းနဲ့..ဟုတ်တယ်မို့လား”

သူ မဖြေနိုင်ပါ။ သူ့စိတ်ထဲမှာ ဖြူသလား၊ မည်းသလား၊ မြင့်သလား၊ နိမ့်သလား အစဖော်လို့မရတော့။ ကြာခဲ့ပြီရော။ ဆယ်နှစ်ကျော် ကြာခဲ့ပြီရော။ ဆယ်နှစ်ဆက်တိုက် လုံးဝမတွေ့ရသည့် လူတစ်ယောက်၏ ပုံသဏ္ဌန်ကို ခပ်ရဲရဲတင်းတင်း အတည်ပြုလိုက်ဖို့ သူ့အတွက် အလွန်ခက်ဟန်ရှိသည်။ ဝေေ၀၀ါးဝါး သူ့ပုံစံကို ဆိုက္ကားဆရာက စိတ်ရှည်ဟန် မတူ။

“သွားကြည့်တာပေါ့ကွာ။ ဟုတ်တော့လဲ ဟုတ်ပေါ့။ မဟုတ်တော့လဲ ငါ့ဖောက်သည် တစ်ယောက် သွားကြိုရအုံးမှာ။ မင်းကို အဲဒီမှာဘဲ ချပေးခဲ့တော့မယ်”

သူတစ်ခါမှ မရောက်ဘူးသည့် မြန်မာပြည် မြေလတ်ပိုင်း ရမည်းသင်း မြို့လေးမှာ ဆိုက္ကားဆရာ၏ စကားသည် သူ့အတွက် ရှင်ဘုရင်၏ အမိန့်နှင့် မခြား။

အရက်ဆိုင် ကောင်တာမှ လူကြီး ညွှတ်လိုက်သည့် အိမ်ရှေ့ကို ဆိုက္ကားဆရာက အမှားမယွန်း မရှိ သူ့ကို ခေါ်လာသည်။ အိမ်က ပျဉ်ထောင်အိမ်။ ပြတင်းပေါက်များ၊ တံခါးပေါက်များမှာ အစိမ်းရောင် ခန်းစီးစများ သေသေသပ်သပ် ကာရံထားသည့် အိမ်တစ်ဆောင်။ အိမ်ရှေ့ မြေကွက်လပ်ထဲမှာ ဆံပင်ကို ဖဲကြိုး အနီလေးဖြင့် စီးထားသည့် သူနဲ့ မတိမ်းမယိမ်းအရွယ် ကောင်မလေး တစ်ယောက် စက်ဘီးဖုန်သုတ်နေတာ တွေ့သည်။ မတိမ်းမယိမ်း အရွယ်တွေဆိုတော့ သူ အားတက်သွားသည်။ မေးခွန်းမေးဖို့ မ၀ံ့မရဲ ဖြစ်စရာ မရှိ။

“ဆရာ ခင်မောင် တို့ အိမ်ပါလားခင်ဗျ”

ကောင်မလေးက ဖြတ်ခနဲ့ သူတို့ နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

“ဟုတ်တယ်။ ဆရာ ဦးခင်မောင်တို့ အိမ်ပါဘဲ။ မေမေရေ..မေမေ..ဒီမှာ ဧည့်သည် ရောက်နေတယ်။ ဖေဖေ့ကို မေးနေတယ်”

ဖေဖေတဲ့လား။ ဦးခင်မောင်ရဲ့ သမီးတဲ့လား။ သူ့အတွေးမဆုံးခင်မှာ အိမ်ထဲမှာ အမျိုးသမီးကြီး တစ်ယောက်က ခန်းဆီးစကို ဖယ်ပြီးထွက်လာသည်။ ဒါဆို ဟုတ်ပြီ။ မှန်ပြီ။ သူ့ရင်တွေ တဒိန်းဒိန်း ခုန်လာသလို ဆိုက္ကားဆရာကလဲ ပျော်သွားဟန် တူသည်။

“အေး..ညီလေး..ဒါဆို တွေ့ပြီပေါ့။ အစ်ကို သွားတော့မယ်။ ဆိုက္ကားခလေး..”

“ဟာ..ဟုတ်ကဲ့…ဟုတ်ကဲ့..ကျေးဇူးတင်လိုက်တာ အစ်ကိုရာ..တစ်ရာ့ငါးဆယ် ယူပါနော်။ ဘယ်လိုမှ သဘောမထားပါနဲ့။ အစ်ကို ကူညီလို့ရှာလို့ တွေ့တာ။ ကျေးဇူးအရမ်းတင်တယ်ဗျာ”

ဆိုက္ကားဆရာက သူ့ကို ငချွတ်၊ ဘယ်လိုကောင်လေးလဲ မသိဘူးဆိုသည့် အပြုံးဖြင့် ပြုံးပြရင်း သူ့ဆိုက်က္ကားကို လာရာလမ်းဘက်သို့ လှည့်ကာ ထွက်သွားသည်။

“မင်းက ဘယ်သူကွဲ့ သားလေး…ဆရာ ခင်မောင်နဲ့ တွေ့ချင်လို့လား..ဘယ်က လာတာလဲ”

အိမ်အရှေ့အထိ ထွက်လာပြီး သူ့ကို မေးခွန်းမေးသည့် အမျိုးသမီးကြီးကြောင့် လှည့်ထွက်သွားသည့် ဆိုက္ကားဆရာကို ငေးနေရာက ပြန်လှည့်လိုက်ရင်း..

“ကျွန်တော် ထူးဟန် ပါ အန်တီ။ မန္တလေးက လာတာပါ”

လူတွေ၏ မျက်နှာရိပ် မျက်နှာကဲကို ဖတ်ဖို့ သူမကျွမ်းကျင်သော်လည်း အမျိုးသမီးကြီး၏ မျက်နှာရိပ်၊ မျက်နှာကဲကို သူ ဖတ်မိအောင် ဖတ်မိလိုက်သည်။ စိတ်အလိုမကျခြင်း၊ စိတ်ရှုပ်ခြင်း၊ စိတ်မရှည်ခြင်း၊ ဇဝေဇ၀ါ ဖြစ်ခြင်း အစရှိသည့် စိတ်ခံစားမှု အရောင်တွေက အမျိုးသမီးကြီး၏ အိုစာစ ပြုနေပြီဖြစ်သည့် မျက်နှာပေါ်သို့ အပြေးအလွှား ဖြတ်ပြေးသွားသည်။ အဲဒီအချိန်က စပြီး သူ့ဘ၀မှာ လူတွေ၏ မျက်နှာရိပ် မျက်နှာကဲကို လိုအပ်တာထက် လိုက်ဖတ်တတ်ခဲ့သည်။

“သြော်..ထူးဟန်လား…ခဏနော်..ဒီကဘဲစောင့်”

အိမ်ထဲသို့ သားအမိနှစ်ယောက် ပြန်ဝင်သွားခြင်းကို ကြည့်ရင်း ရပ်စောင့်နေမိသည်။ ဘယ်အထိ စောင့်ရမှာလဲ။ ဘယ်အချိန်အထိ စောင့်ရမှာလဲ။ တစ်နာရီလား။ တစ်ရက်လား။ တစ်လလား။ သူစောင့်နိုင်သည်။ ဒီခရီးကိုလာဖို့ ဆယ်နှစ်ခန့်တောင် သူစောင့်ခဲ့သေးသည်ဘဲ။ ဒီလောက် စောင့်ရတာ ဘာအရေးလဲ။ အဲဒီ ခန်းဆီ နောက်ကွယ်တွေကြားက ထွက်လာမည့် သူ မတွေ့ရတာကြာတဲ့ သူ့အဖေ ဦးခင်မောင်ကို သူတွေ့ချင်သည်။ အဖေ သူ့ကို ဘယ်လို ဆက်ဆံမှာလဲ။ ဘယ်လို စကားတွေ ပြောမှာလဲ။ ဆယ်နှစ်လောက်တောင် မတွေ့ထားရတဲ့ သားအဖ။ တစိမ်းတော့ ဆန်မှာပေါ့။ ငါကလဲ သိတတ်ရမှာပေါ့။ အားလုံး စိတ်အနှောင့်အယှက်ဖြစ်အောင် မနေဖို့ သတိထားရမယ်ဟု ရပ်စောင့်ရင်း သူတွေးနေမိသည်။

ဆယ်မိနစ်ခန့်ကြတော့ အမျိုးသမီးကြီး ပြန်ထွက်လာသည်။ အိမ်ခြံဝင်းတံခါးနားမှာ ရပ်နေသည့်သူနဲ့ မလှမ်းမကမ်း အိမ်ဝိုင်းထဲမှ နေပြီး

“ကိုကို..သြော်..ကိုခင်မောင် မရှိဘူးကွဲ့။ အပြင်ထွက်သွားတယ် ထင်တယ်။ ခုနကဘဲ ရှိပါသေးတယ်။ နောက်ပေါက်ကနေ ထွက်သွားတယ် ထင်တယ်။ သူက အပြင်ထွက်ရင် ကြာတတ်တယ်။ ဘာပြောပေးရမလဲ မှာခဲ့လေ။ မင်းစောင့်နေရင် ကြာနေမယ်။ စောင့်မနေနဲ့တော့။ မန္တလေးကို ပြန်မယ့် ကားတွေက ညနေ ငါးနာရီလောက်ဆို ရမည်းသင်းက ဖြတ်ကြတာ။ စောစောင့်နေမှ သေချာတာ။ မှာချင်တာ မှာခဲ့လေ။ ပြောလိုက်ပါ့မယ်။”

ခုနက အမျိုးသမီးကြီး၏ မျက်နှာအရိပ်တွေကို သူလိုက်ဖတ်သည်။ အခုတော့ သူ့မျက်နှာပေါ်ရှိ အရောင်အသွေးတွေကို အမျိုးသမီးကြီးက လိုက်ပြီး ဖတ်နေဟန်ရှိသည်။ သူ့စိတ်ကို အမျိုးသမီးကြီး မသိစေရ။ မမြင်စေချင်။ ထို့ကြောင့် ခေါင်းငုံ့ရင်း..

“သြော်..ဟုတ်ကဲ့..ဘာမှ မပြောတော့ပါဘူး။ ရပါတယ်။ သွားပါအုံးမယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျ” ဟု ပြောလဲပြောရင်း ၁၈၀ ဒီဂရီပြည့်အောင် သူ့၏ ပိန်လှီလှီ ခန္ဓာကိုယ်လေးကို လှည့်ထွက်လိုက်သည်။

ထို့နောက်မှာတော့ အမေ့အိမ်ကို အမြန်ပြန်ရောက်ချင်သည့် စိတ်က ဦးဆောင်လာသလော၊ အားပါးတရ အိပ်စက် အနားယူချင်သည့် သူ့ကိုယ်ကာယကြီးက ဦးဆောင်လာသလော မသိပါဘဲ မန္တလေးသို့ ပြန်ရောက်လာသည်။ နှစ်ညဘဲ အိပ်ပြီး မနက်အစောကြီး ပြန်လာသည့် သူ့သားကို အမေက

“ဟဲ့..အစောကြီး ပြန်လာပါ့ရော..ငါက မင်း လေးညလောက်တောင် အိပ်မယ် မှတ်လို့ ဘေးအိမ်က ဖုန်းကို မင်းဖုန်းဆက်ရင် လာခေါ်မနေနဲ့။ အိပ်လို့တောင်မှာထားခဲ့တာ။ အရင်နှစ်တွေတုံးက စစ်ကိုင်းကထိန် လိုက်သွားရင် အနည်းဆုံးတော့ လေးညဘဲ မို့လား။ ဒီနှစ်မှ ဘယ်လို ဖြစ်ရတာလဲ”

“ဟုတ်ကဲ့ အမေ။ သား မအိပ်ချင်တော့လို့။ ပျော်စရာလဲ မကောင်းဘူးလေ။ ဒါကြောင့် အစောကြီး ပြန်လာတာ။ ပျော်စရာ မကောင်း ဘူး အမေရဲ့”

သူငယ်ချင်းတွေနဲ့ စိတ်ကောက်ပြီး ပြန်လာဟန်ရှိသည့် သူ့သားကို အမေက ပြုံးရင်း ချစားသဖြင့် ခပ်ယိုင်ယိုင် ဖြစ်နေသော ၀န်းထရံတိုင်များကို သံနန်းကြိုးဖြင့် တုပ်ချည်နေသည်။ ခဏကြာတော့ အိမ်ထဲမှာ ငြိမ်နေသည့် သူ့သားကို တစ်ခုခု ကျွေးဖို့ အိမ်ထဲသို့ ပြန်ဝင်လာတော့ ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသည်ကို တွေ့ရသည်။ သူ့ဘေးမှာ စာရွက်တစ်ရွက်။ စာရွက်ပေါ်မှာရေးထားတာက..

အချစ်နဲ့ ဂရုစိုက်မှု
တောင်းလို့ရရင်
ငါ့မှာ ရှိတာ အကုန်ပေးချေမယ်။
တောင်းလို့လဲ မရ
ပူဆာလို့လဲ မရ
ပျော်ဖို့လည်း မကောင်းပါဘူးကွယ်… တဲ့။

ဆယ်တန်းတောင် ဒီနှစ်မှ စတက်မည့် သူ့သားက ရည်းစားသနာတွေများ ထားချင်နေပြီထင်ပါရဲ့။ စိတ်ကစားတတ်နေပြီ ထင်ပါရဲ့ဟု တွေးမိသည်။ ထို့နောက် စာရွက်လေးအား နေသားတကျ ပြန်ထားပြီး စောင်ခြုံပေးကာ ပြန်ထွက်လာခဲ့သည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, ဖိုးထက်

One Response to ဖိုးထက် – အဝေးဆုံး ရမည်းသင်း

  1. ကိုကျော် on February 18, 2016 at 9:34 am

    “ချစားသဖြင့် ခပ်ယိုင်ယိုင် ဖြစ်နေသော ၀န်းထရံတိုင်များကို သံနန်းကြိုးဖြင့် တုပ်ချည်နေသည်” ဆိုတဲ့ စာကြောင်းလေးရဲ့ အပြကို လွှတ်ကြိုက်ဗျာ..ကိုဖိုးထက်ရေ။ ခပ်တင်းတင်းရင်းရင်းသာ နေဗျို့။ ခင်ဗျားစာတွေ ကျွန်တော်တို့ အားပေးနေပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်