မောင်မောင်စိုး – ကချင်တိုင်းရင်းသား လက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း ( ၁၅ )

February 18, 2016


မောင်မောင်စိုး – ကချင်တိုင်းရင်းသား လက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း ( ၁၅ )

(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆ နောက်ဆက်တွဲ ၁
KIA မှ ခွဲထွက်သောအဖွဲ့များ

နှစ် ၅၀ ကျော်ကြာခဲ့ပြီဖြစ်သော KIA ၏ဖြတ်သန်းမှုတွင် ကြီးကြီးမားမားဟုဆိုနိုင်သည့် အဖွဲ့ ၃ ဖွဲ့ ခွဲထွက်ခဲ့သည်။ KIA တခုလုံးအရဆိုလျင်တော့ KNU ကဲ့သို့ ထိခိုက်မှုမရှိဟု ဆိုရပေမည်။

ပထမခွဲထွက်မှု

KIA မှ ပထမဆုံးခွဲထွက်သောအဖွဲ့မှာ ဇခုန်တိန့်ယင်းနှင့် လယောက်ဇလွန်းတို့အဖွဲ့ဖြစ်ပြီး ထိုခွဲထွက်မှုသည် ၁၉၆၈ ခုနှစ် ဖေဖဝါရီလတွင် စတင်သည်။ ဇခုန်တိန့်ယင်းသည် ဖီမော်ဇာတိ၊ လချိတ် ခေါ် လရှီ တိုင်းရင်းသားဖြစ်သည်။ ၁၉၆၂ ခုနှစ် ၇ ရက် ဖူလိုင် အေးအခင်းကာလက ရန်ကုန်တက္ကသို့လ်တွင် တက်ရောက်သင်ကြားနေသူ ဖြစ်သည်။ ၎င်းအရေးအခင်းအပြီး မြစ်ကြီးနားတွင် ကျောင်းဆရာ ပြန်လုပ်ရာမှ KIA အတွင်းဝင် ရောက်ခဲ့သူဖြစ်သည်။ လယောက်ဇလွန်းကတော့ ကွန်လုံမြို့နယ်အတွင်းရှိ ရွာတစ်ရွာမှ ဖြစ်ပြီး KIA ရှမ်းမြောက်တွင် စတင်ဖွဲ့စည်းပြီး မကြာခင် KIA အတွင်းဝင်ရောက်ခဲ့ပြီး
KIA စစ်ကြောင်းများ ပြည်တွင်းဝင်ရောက် လာချိန်ပါလာခဲ့သူဖြစ်သည်။ လယောက်ဇလွန်းကမူ လော်ဝေါ် ခေါ် မရူး တိုင်းရင်းသားဖြစ်သည်။

ဇခုံတိန့်ယင်းဟာ ဗိုလ်အဆင့်နှင့် KIA အတွင်း တာဝန်ထမ်းနေစဉ်အတွင်း ၁၉၆၇ ခုနှစ်အတွင်း မရန်ဘရန်ဆိုင်းနှင့် တရုတ်ပြည်သို့ရောက်ပြီး CPB ခေါင်းဆောင် သခင်ဗသိန်းတင်နဲ့ တွေ့ဆုံခဲ့သည့် KIA ကိုယ်စားလည်အဖွဲ့မှာ ပါဝင်ခဲ့သည်။ ထိုစဉ် CPB နှင့်မဟာမိတ်ဖွဲ့ရန် မရန်ဘရန်ဆိုင်းမှ
သဘောတူခဲ့သလို CPB မှပေးသည့် လက်နက်အကူအညီပါ ရယူနိုင်ခဲ့သည်။ သို့သော် KIO ဗဟိုမှ လထော်ဇော်တူးတို့မှ  အဆိုပါ သဘောတူညီချက်ကို ငြင်းပယ်ခဲ့သည်။

တရုတ်ပြည်တွင်း တွေ့ခဲ့ရသောအတွေ့သစ်၊ အမြင်သစ်အရ၎င်း CPB ထံမှ ရရှိနိုင်သော လက်နက်အနေအထားအရ၎င်း KIA တွင်း ဂျင်းဖေါမျိုးနွယ်စုများ လွှမ်းမိုးနိုင်သည့် လူဦးရေအရ အသာစီးရ သည့် အနေအထားအရ၎င်း ၊ ထိုစဉ် KIA တပ်ရင်း (၄) တွင် တာဝန်ယူနေသော လချိတ်တိုင်းရင်းသား ဗိုလ်ဇခုံတိန့်ယင်းနှင့် လော်ဝေါ်တိုင်းရင်းသား ဗိုလ်လယောက်ဇလွန်းတို့သည်။ KIA မှခွဲထွက်၍ CPB နှင့်ပေါင်းရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ဖွယ်ရှိသည်။

သို့ဖြစ်ရာ ၁၉၆၈ ဖေဖဝါရီလတွင် KIA တပ်ရင်း ၄ ကော်လန် ၅ မှ စစ်ကြောင်းမှူး ဗိုလ်ဇခုံတိန့်ယင်းဦးစီး အင်အား ၁၈၅ သည်၎င်း ၁၉၆၈ ခုနှစ် မတ်လတွင် ဗိုလ်လယောက်ဇလွန်းဦးစီး အင်အား ၂၀၀ ခန့်သည်၎င်း နယ်စပ်မှတဆင့် တရုတ်ပြည်တွင်းဝင်ရောက်ပြီး  CPB နှင့် ဆက်သွယ်လိုက်ကြသည်။ သူတို့နောက်သို့ ပန်ဝါတွင် ချန်ထားသည့် KIA အဖွဲ့မှ အင်အား ၆၀ ခန့်လည်း ထပ်မံ လိုက်လာ ပူးပေါင်းခဲ့သည်ဟုဆိုသည်။

CPB သည် တရုတ်ပြည်တွင်း၌ ၎င်း အဖွဲ့၏ ခေါင်းဆောင်မှုတွင် CPB နှင့် ဗိုလ်နော်ဆိုင်းအဖွဲ့ မှ ခေါင်းဆောင်များထပ်ဖြည့်ကာ CPB ၁၀၁ စစ်ဒေသအဖြစ် သတ်မှတ် ဖွဲ့စည်းခဲ့သည်။ ထိုနောက်  မြန်မာပြည်တွင်းသို့ ဖီမော်၊ ဂါလန် ဒေသမှတဆင့်  ၁၉၆၉ မေလအတွင်း ပြန်လည်ဝင်ရောက်လာပြီး  ၁၁၀ စစ်ဒေသကိုဖွင့်လှစ်ခဲ့သည်။

ဖီမော် ဂါလန် ကန်ဖန် ဒေသသည် ငေါ်ချမ်းခ မြစ်ဖျားပိုင်းဖြစ်သည်။ ကချင်ပြည်နယ် အရှေ့၊ မြောက်ခြမ်းရှိ ငေါချမ်းခသည် တရုတ်ပြည်တွင်းမြစ်ဖျားခံပြီး ကန်ဖန်တွင် မြန်မာပြည်တွင်း စီးဆင်း သည်။ ကန်ဖန် ဂါလန် ဖီမော်အတိုင်းစီးဆင်းပြီး ၊ ဖီမော်အောက်ဖက်တွင် ကွေ့ကာ ၊ အီမောဘွမ်တောင်အား ပစောက်ပတ်၍ စီးဆင်းကာ မေခမြစ်အတွင်းသို့ ဝင်ရောက်သည်။ ငေါချမ်းခ မြစ်ဖျား ၊ ချမ်းမခုံးဒေသသည် လချိတ်ရွာကြီးနှင့် စည်ကားသည်။  ဖိမော်အောက် ငေါ်ချမ်းခအောက်ပိုင်းတွင် လော်ဝေါ်ရွာများ တည်ရှိသည်။ ထို့ပြင် မေခအရှေ့ခြမ်း ဆော်လော်တဝိုက်သည်၎င်း၊  ငေါချမ်းခတောင်ဖက်ခြမ်းရှိ ဖရယ်၊ ပန်ဝါဒေသသည်၎င်း ကန်ပိုင်တီ ဒေသသည်၎င်း လချိတ်နှင့် လော်ဝေါ်လူမျိုးကျေးရွာများ အခြေချနေထိုင်သည်ဖြစ်ရာ လချိတ်နှင့် လော်ဝေါ် လူမျိုးများဖြစ်ကြသည့် ဗိုလ်တိန့်ယင်းနှင့်  ဗိုလ်ဇလွန်းတို့ဦးစီးသည့် CPB ၁၀၁ စစ်ဒေသ သည် ၎င်းဒေသတွင် အောင်မြင်စွာအခြေချနိုင်ခဲ့သည်။

CPB ပြိုကွဲပြီးနောက် ၁၉၉၀ တွင် ၁၀၁ စစ်ဒေသအား NDA(K) ဒီမိုကရေစီသစ်တပ်မတော်- ကချင် ဟု ပြောင်းလဲဖွဲ့စည်း၍ နဝတနှင့် ငြိမ်းချမ်းရေး ရယူလိုက်သည်။ သို့သော် NDAK ၏ အတွင်းပိုင်းသည် မတည်ငြိမ်လှပေ။ ၁၉၉၀ မှစ၍ ၂၀၀၅ အတွင်း လချိတ်လူမျိုးများနှင့် လော်ဝေါ်များကြား
ပဋိပက္ခများကြောင့် အပြန်အလှန် အာဏာသိမ်းသည့်ဖြစ်ရပ်များ ၃ ကြိမ်ထက်မနဲ ဖြစ်ပွါးခဲ့သည်။ အကြိမ်တိုင်းတွင် လချိတ်လူမျိုးဖြစ်သူ ဇခုံတိန့်ယင်း မှ အသာစီးရခဲ့သည်။

၂၀၀၉ နောက်ပိုင်းတွင် NDAK အားဖျက်သိမ်း ၍ BGF အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဇခုံတိန့်ယင်းသည် အမျိုးသားလွှတ်တော်အမတ်အဖြစ် ၂၀၁၀ တွင်၎င်း ၂၀၁၅ တွင်၎င်း အရွေးခံရပြီး လွှတ်တော်တွင်းသို့ ဝင်ရောက်ခဲ့သည်။

၂၀၁၂ တွင် လော်ဝေါ် ခေါင်းဆောင်များက KIA နှင့်ပြန်လည်ပူးပေါင်းပြီး ပန်ဝါကိုပြန်လည် တိုက်ခိုက်ခဲ့သော်လည်း ပန်ဝါကိုမရရှိခဲ့ပေ။ သို့သော် ပန်ဝါအထက်ဖက် နယ်စပ်ကျောက်တိုင် အမှတ် ၅ နှင့် ၆ ကြားတွင် အခြေချနိုင်ခဲ့ကြသည်။ ဇခုံတိန့်ယင်းကလည်း နောက်ပိုင်းတွင် BGF အပြင် ပြည်သူ့စစ်အင်အားများ ပြန်လည်စုစည်းထားရှိခဲ့ဟု ဆိုပါသည်။ ဇခုံတိန့်ယင်းသည် KIA မှ ခွဲထွက်လာခဲ့သော်လည်း CPB ခေတ်တွင်၎င်း၊ NDAK ခေတ်တွင်၎င်း၊ KIA နှင့်ဆက်ဆံရေး ကောင်းခဲ့သော်လည်း၊ ၂၀၀၅ နောက်ပိုင်းမှစ၍ ဆက်ဆံရေး တစတစ ယိုယွင်းခဲ့သည်ဟု ဆိုရပါမည်။

ဒုတိယခွဲထွက်မှု

ဒုတိယခွဲထွက်မှုမှာ အရှေ့မြောက် CPB ပြိုကွဲ၍ နဝတအစိုးရ တက်ခါစ နိုင်ငံရေးအပြောင်းလဲ ကာလတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ခွဲထွက်သည့်အဖွဲ့ကို ဦးစီးသူမှာ KIA တပ်မဟာ ဒုတပ်မဟာမှူး BM ဗိုလ်မှူးမထုနော်ဖြစ်သည်။ မထုနော်နှင့်အတူ KIA တပ်မဟာ ၄ နှင့်တိုင်းရုံးမှ အင်အားအများစု KIA ရင်း ၂ မှ တရင်းလုံးနီးပါးနှင့် ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့အားလုံးနီးပါး၊ ရင်း ၉ မှ တပ်ခွဲ ၂ ခွဲ ၊ ရင်း ၈ မှ တပ်ခွဲ ၃ ခွဲနှင့် နန့်ဖတ်ကာခရိုင် အုပ်ချုပ်ရေးအဖွဲ့အားလုံး ပါဝင်သည်။ ထို့ပြင် မထုနော်နှင့်အတူ ရင်း ၂ ရင်းမှူး ဗိုလ်ကြီးယော်ချမ်း ၊ ရင်း ၈ ရင်းမှူး ဗိုလ်ကြီးလမိုင်ဘောက်နော်၊ ရင်း ၉ ရင်းမှူး ဗိုလ်ကြီး လုတ်ဆိန်နော်လီ တို့ပူးပေါင်းပါဝင်သွားသည်။ KIA တပ်မဟာ ၄ မှ အင်အား အများစုပါဝင်သွားသည်ဟု ဆိုရမည်။

ဤတကြိမ်ခွဲထွက်မှု  – ပထမအချက်အနေနှင့် နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းကြောင့်ဟု ဆိုနိုင်ပြီး ဒုတိယအချက် – တပ်မဟာ ၄ ခေါင်းဆောင်မှု ရွေးချယ်ခန့်ထားမှုကြောင့်ဟု ဆိုနိုင်သည်။ ပထမ အကြောင်းအချက်မှာ ၁၉၈၉ CPB မှ ကိုးကန့်အဖွဲ့ ခွဲထွက်ပြီးနောက် အစိုးရနှင့် ငြိမ်းချမ်းရေးယူလိုက် သည်။ ထို့ပြင် KIA တပ်မဟာ ၄ အောက်ပိုင်းရှိ SSPP/ SSA ကလည်း မရှေးမနှောင်းတွင် နဝတနှင့် ငြိမ်း
ချမ်းရေးယူလိုက်သည်။ ထိုအခါ ရှမ်းမြောက်တွင် အစိုးရနှင့်တိုက်နေသည်မှာ KIA တပ်မဟာ ၄ သာ ကျန်တော့သကဲ့သို့ ဖြစ်နေသည်။ ထိုအချိန်တွင် KIA ၏မဟာမိတ်ဖြစ်သော PSLO/PSLA ပလောင် လက်နက်ကိုင်အဖွဲ့မှာလည်း အင်အားယုတ်လျော့နေပြီး အစိုးရနှင့်  အပစ်ရပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

တဖန်ထိုအချိန်၌ KIA တပ်မဟာ ၄ တွင် ယာယီ တပ်မဟာမှူးအဖြစ် တာဝန်ယူခဲ့သော ဗိုလ်မှူးတန်လိုင်၏ ဆုံးဖြတ်လုပ်ကိုင်မှုကြောင့် KIA တပ်မဟာ ၄ နှင့် ကိုးကန့်အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွါးခဲ့သဖြင့် KIA  တပ်မဟာ ၄ မှာ အကြပ်အတည်း ကြားတွင် ကျရောက်နေကြသည်။ ထိုအချိန်တွင် မထုနော်မှ KIA တပ်မဟာ ၄ အင်အား အများစုအား ခေါ်ဆောင်၍ အစိုးရနင့်ဆက်သွယ်ကာ အပစ်ရပ် လိုက်ခြင်းဖြစ်သည်။ KIO ဗဟိုမှ မထုနော်နောက်သို့ တပ်များကို မလိုက်ရန် ညွှန်ကြားခဲ့သေးသော်လည်း အနဲစုကိုသာ ထိမ်းထားနိုင်ခဲ့တော့သည်။

ခွဲထွက်ရသည့် ဒုတိယအကြောင်းအချက်မှာ – KIA တပ်မဟာ ၄ မှူး ဗိုလ်မှူးဆိုင်ဖုန်းအား ဗဟို သို့ ပြောင်းရွှေ့ပြီးနောက် KIA တပ်မဟာ ၄ မှ ဝါရင့် တပ်ရင်းမှူးလဲဖြစ်၊ လက်ရှိ ဒုတပ်မဟာမှူးလဲဖြစ်သူ မထုနော်အား တပ်မဟာမှူးအဖြစ် ခန့်အပ်ခြင်း မရှိခဲ့ခြင်းလည်း ပါသည်ဟုဆိုသည်။ KIA တပ်မဟာ ၄ ရှိ ကချင်စစ်သည်များသည် ရှမ်းပြည်မြောက်ပိုင်းမှ ဒေသခံများဖြစ်ကြသည်။ ဗိုလ်မှူးဆိုင်ဖုန်းသည်၎င်း မထုနော်သည်၎င်း  ရှမ်းမြောက် ဒေသခံများဖြစ်ကြသည်။ ဗိုလ်မှူးဆိုင်ဖုန်းပြောင်းအပြီး KIA ဗဟိုမှ ဗိုလ်မှူး လဂိုင်တန်လိုင်အား ယာယီတပ်မဟာမှူး ခန့်သည်။ လဂိုင်တန်လိုင်အား ကိုးကန့်ပြသနာကြောင့် ပြန်ခေါ်လိုက်ချိန်တွင် မထုနော် တပ်မဟာမှူးဖြစ်လာမည်ဟု မျှော်လင့်နေချိန် KIA ဌာနချုပ်မှ ဗိုလ်မှူး လာမုန်လာယွန်အား ယာယီတပ်မဟာမှူးအဖြစ် ခန့်အပ်လိုက်ခြင်းသည်။  ဒေသခံလည်းဖြစ် ဝါရင့်သူလည်းဖြစ်သည့် မထုနော်အတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့ပြီး ခွဲထွက်မှု ကို ဖြစ်စေခဲ့သည့်အကြောင်းရင်းလည်း ဖြစ်စေခဲ့ သည်ဟု ဆိုကြပါသည်။

သို့နှင့် KIA တပ်မဟာ ၄ ဒုတပ်မဟာမှူး မထုနော် ဦးစီး တပ်မဟာ ၄ မှ အရာရှိစစ်သည်အများစု သည် KDA ကချင်ကာကွယ်ရေးတပ်မတော် အမည်ဖြင့် KIA မှ ခွဲထွက်ခါ၊ ၁၉၉၁ ဇန္နဝါရီလ ၁၅ ရက်၌ နဝတနှင့် ငြိမ်းချမ်းရေး ယူလိုက်ကြသည်။ ငြိမ်းချမ်းရေးယူပြီးနောက် မထုနော်ဦးစီး KDA အဖွဲ့အား ကွတ်ခိုင်အရှေ့မြောက်ရှိ ကောင်းခါးတွင် မြို့သစ်တည်၍ အခြေစိုက်ရန် နဝတမှ သဘောတူညီခဲ့သည်။ ၂၀၀၉ နောက်ပိုင်းတွင် မထုနော်တို့၏ KDA အား ကောင်းခါးဌာနေ ပြည်သူ့စစ်အဖြစ်  ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

သို့သော် ယခုနှစ် ဇန္နဝါရီ ၁၅ ရက်နေ့က ကောင်းခါးတွင်ပြုလုပ်သည့် ၂၅ နှစ်ပြည့်အခန်းအနားတွင် KDA  တပ်ဖွဲ့ဟုသာ သုံးစွဲနေဆဲဖြစ်သည်ကို တွေ့ရသည်။ ၎င်းအခမ်းအနားတွင် KDA ဂုဏ်ပြုတပ်ဖွဲ့အင်အား ၅၀၀ က စစ်ရေးပြခဲ့ပြီး KDA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး မထုနော်က မိန့်ခွန်းပြောကြားသည်ဟု ကောင်းခါးမှ သတင်းထုတ်ပြန်သည်ကို တွေ့ရသည်။ ၎င်းအခန်းအနား လူသောင်းနှင့်ချီ တက်ရောက်သည်ဟု ဆိုသည်။ ပြောင်းလဲဖွဲ့စည်းသည် ဆိုသည့် ကောင်းခါးဌာနေ ပြည်သူ့စစ်ဟု သုံးစွဲခြင်း မရှိသည်ကို တွေ့ရပါသည်။

တတိယခွဲထွက်မှု

တတိယအကြိမ်ခွဲထွက်မှုသည် ၂၀၀၅ တွင် ဖြစ်ပွါးခဲ့သည်။ KIA ဌာနချုပ်တွင်း မအောင်မြင် သောအာဏာသိမ်းမှုအပြီး ထွက်ပြေး၍ အဖွဲ့ခွဲ ထွက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ခွဲထွက်မှုအား ဦးဆောင်သူမှာ KIA မှထောက်လှမ်းရေးတာဝန်ယူသူ ဗိုလ်မှူးကြီး လဆန်အောင်ဝါ ဦးစီးသည်ဟု ဆိုပါသည်။

ရှုပ်ထွေးသော ၎င်းကိစ္စတွင် လဆန်အောင်ဝါဘက်မှ သူ၏ ထောက်လှမ်းရေးတပ်ဖွဲ့မှ လူများ၊ KIA ပြည်သူ့စစ်များသာ ပါခဲ့သည်ဟု ဆိုသည်။ လိုင်ဇာတွင် အရေးနိမ့်ပြီး လဆန်အောင်ဝါနှင့်အဖွဲ့ ပန်ဝါ NDAK ဒေသတွင် ခေတ္တသွားရောက်ခိုလှုံခဲ့ သည်ဟု ဆိုပါသည်။ ထို့နောက် နအဖ အစိုးရက
လဆန်အောင်ဝါအဖွဲ့အား ဝှေထူ (ပသစ) အဖြစ် နေရာချထားပေးခဲ့သည်။ ဝှေထူသည် မြစ်ကြီးနား အရှေ့မြောက် ဧရာဝတီမြစ်အရှေ့ဖက်ကမ်း တွင် ရှိသည်။ မြစ်ကြီးနားမှ မြစ်ဆုံ၊ ထို့နောက် မေခမြစ် အတိုင်း သဲဝိုင်ချောင်းဆုံအထိ မြစ်ကြောင်းနှင့် မြစ်ကြီးနား – ဝိုင်းမော် – ချောင်းဆုံ ကားလမ်း ( ချီဗွေ
ကားလမ်း ) ကြား ဂွင်အတွင်းရှိ ဝှေထူအခြေစိုက် ပသစအဖွဲ့ အဖြစ် သတ်မှတ်ပေးခဲ့သည်။ မေခမြစ် တဖက်ကမ်းရှိ KIA တပ်ဖွဲ့များနှင့် အနီးကပ်ရှိနေသော်လည်း KIA တပ်ဖွဲ့များနှင့် လက်နက်ကိုင်ပဋိ ပက္ခ ထပ်မံဖြစ်ပွါးခြင်းတော့ မရှိပေ။

သဲဝိုင်ရှိ လဆန်အောင်ဝါအဖွဲ့မှ (ယခင် KIA  ထောက်လှမ်းရေးတွင်လုပ်ခဲ့သူ ) သူတစ်ဦး၏ အဆိုအရ ၎င်းတို့မှာ ကချင်အချင်းချင်းဖြစ်သဖြင့် ကချင်ရိုးရာ – အရက်တစ်လုံး ကြက်တစ်ကောင်ဖြင့် တောင်းပန် ကြေအေး နားလည်မှု  ရယူနိုင်သည်ဟု ဆိုပါသည်။

ဤသို့ KIA ဖြတ်သန်းလာသည့် နှစ်ငါးဆယ်ကျော်အတွင်း အဖွဲ့ ၃ ဖွဲ့ ခွဲထွက်ဖူးသော်လည်း KNU ကဲ့သို့ အဖွဲ့အစည်းအား ကြီးကြီးမားမား ထိခိုက်ခြင်းမျိုးမရှိခဲ့ဘဲ ပြန်လည်ကုစားနိုင်ခဲ့သည် ဟု ဆိုနိုင်သည်။

ဆက်လက်ဖေါ်ပြပါမည် 

(photo credit – Mungdungla Wawhkyung)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သတင်းဆောင်းပါး, အခန်းဆက်များ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်