ဇော်သစ် – ကမ္ဘာကြီး လုံးဝိုင်းရခြင်းအကြောင်း (အက်ဆေး)

February 26, 2016

malevich-kasimir-kazimir-1878-suprematizm-34-risunka-1944967

– ကမ္ဘာကြီး လုံးဝိုင်းရခြင်းအကြောင်း (အက်ဆေး)

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆

ပုံပြင်မဟုတ်ပါ…
ယုံတမ်းမဟုတ်ပါ….

ကျွန်တော်တို့၏ဖြစ်စဉ်သမိုင်းကို ပြန်ပြန်ကြည့်တိုင်း ဝမ်းနည်းပက်လက်တွေ့တွေ့နေရသော ဖောက်ပြန်မှုကြီးတခုသာဖြစ် ပါသည်။
***   ***   ***

● ကမ္ဘာဦးအစ
တစ်ချိန်က ကမ္ဘာကြီးမလုံးပါ။ ကျိမ်တွယ်၍ပြောဝံ့ပါ၏။ ကမ္ဘာဦးအစက ကမ္ဘာကြီးမလုံးပါ။

ကမ္ဘာကြီးသည် ဖဲပြားကြီးတစ်စအလျားလိုက်ချခင်းထားသလို ရှည်လျားကျယ်ပြန့်သော လမ်းမကြီးတစ်ခုသာ ဖြစ်ပါသည်။ ထိုလမ်းမကြီးပေါ်တွင် လားရာတစ်ခုတည်းသို့ ဦးတည်သွားလာနေကြသော လူများစွာရှိပါသည်။ ထို့အတူ ကျွဲနွား၊ ခွေး ကြောင် အစရှိသဖြင့် တိရိစ္ဆာန်များလည်းရှိ၍ လူနှင့်တိရိစ္ဆာန်များသည် ကွဲပြားခြားနားသော စိတ်သဘာဝတို့ဖြင့် တစ်လမ်းဆီ သွားလာနေကြ၏။ လမ်းမကြီးတစ်ခုတည်းတွင် ကိုယ့်လမ်းကြောင်းနှင့်ကိုယ် လျှောက်လှမ်းနေကြသလိုပင်…။

ထိုအချိန်က လူနှင့်တိရိစ္ဆာန်တို့တွင် မွေးဖွားခြင်း၊ သေဆုံးခြင်းမရှိ။ အိုခြင်း၊ နာခြင်းမရှိ။ သဘာဝက အကောင်အထည်လိုက် ချပေးလိုက်သည်။ လူသည် လူဖြစ်၍ တိရိစ္ဆာန်သည် တိရိစ္ဆာန်သာဖြစ်သည်။ ဖြစ်တည်လာသည့်ပုံစံအတိုင်းပင် တစ်နေရာ သို့ရှေ့ရှုသွားလာရင်း၊ တဖြည်းဖြည်းမှုန်ဝါးပါးလပ်၍ ပျောက်ကွယ်သွားကြရလေသ၏။ ပျောက်ကွယ်သွားသူ လူ၊ တိရိစ္ဆာန်တို့ သည် ဖြတ်သန်းပြီးသားနေရာသို့ နောက်တစ်ကြိမ် ပြန်မရောက်တော့ပေ။ (သေဆုံးသွားခြင်းမဟုတ်ပါ)

လူသတ္တဝါတို့သည် စီတန်းလှည့်လည်သကဲ့သို့ စည်းမြောနေကြသည်။ ၎င်းတို့၏မျက်နှာတွင် မည်သည့်ခံစားချက်မျှ မဖြစ် ထွန်း…။ စိတ်ညှို့ခံထားရသူများပမာ ခရီးဆက်နေကြသည်။ လမ်းမကြီး (သို့) ကမ္ဘာကြီးသည် အဆုံးမရှိ ဆန့်ထွက်နေ၏။ လူ၊ သတ္တဝါတို့ ခရီးဆက်နေကြသည်။

နေ့နဲ့ည မရှိ…
အလင်းနဲ့အမှောင် မရှိ…
ကုသိုလ်၊ အကုသိုလ် မရှိ…
ဥတုရာသီ မရှိ…
လူ၊ သတ္တဝါတို့ကို အနှောက်အယှက်ပြုနိုင်သော ဘာဆိုဘာမျှမရှိ…

လူသတ္တဝါတို့သည် ကြောင့်ကျကင်းစွာ (နောက်လှည့်မကြည့်ပဲ) ခရီးသွားနေကြ၏။ ထို့ကြောင့်ပင် လူသတ္တဝါတို့သည် စိုးရိမ်သောကဗျာပါဒနှင့် နောင်တရားတို့မရှိမူပဲ ခြေလှမ်းတိုင်းနုပျိုသစ်လွင်နေကြလေသည်။
***   ***   ***

● ကံကြမ္မာ (သို့မဟုတ်) မာန်နတ်
လူသတ္တဝါတို့သည် ခရီးဆက်နေကြ၏။ ဘေးဘီကိုလည်းမမြင်….။ တစ်ဦးနှင့်တစ်ဦးလည်း ဝါကျမဖွဲ့…။ ခရီးရှည်အဆုံးသတ်၍ ပန်းတိုင်တွေ့ရေးကိုသာ ကြီးလေးသောတာဝန်တစ်ရပ်အဖြစ် ဂရုတစိုက် ဆောင်ရွက်နေကြသည်။

ထိုစဉ် လူသတ္တဝါတို့သွားလာရာလမ်းဘေး၌ သိမ်ငယ်သောမျက်နှာထားဖြင့် သနားစရာ သတ္တဝါငယ်လေးတစ်ကောင် ရပ် နေလေသည်။ လူသတ္တဝါတို့သည် ထိုသတ္တဝါငယ်ကို အရေးမလုပ်၊ စိတ်မဝင်စားပဲ မိမိခရီးကိုသာမိမိ ဆက်နေကြလေ၏။ သတ္တဝါငယ်လေး၏မျက်နှာပေါ်တွင်မူ လူသတ္တဝါတို့၏ အာရုံဝင်စားမှုကို အပြင်းအထန်တောင့်တနေမှန်း သိသာလှပေသည်။

သူကား…

မျက်လှည့်ဆရာတစ်ယောက် ဖြစ်၏။
***   ***   ***

● အဝိဇ္ဇာ (သို့မဟုတ်) ထောင်ချောက်
မျက်လှည့်ဆရာလေးသည် လူတို့စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်မည့်နည်းလမ်းကို အချိန်ကြာမြင့်စွာ စဉ်းစားနေခဲ့ သည်။ စဉ်းစားရင်းစဉ်းစားရင်း အဖြေမတွေ့သည့်အပြင် ၎င်းကိုယ်တိုင်ပင် အာခေါင်များ ခြောက်ကပ်လာတော့၏။ လူတို့ သည် သူ၏မျက်လှည့်ပစ္စည်းများအား ခလုတ်တိုက်သွားကြ၏။ ကန်ကြောက်သွားကြ၏။ မျက်လှည့်ဆရာလေးကိုလည်း မနှစ်မြို့စွာ ကွက်ကြည့်ကွက်ကြည့်လုပ်၍ ခရီးဆက်နေကြလေသည်။

မျက်လှည့်ဆရာလေးသည် စိုစွတ်မှုကင်းမဲ့သောသူ၏နှုတ်ခမ်းအား ခြောက်ကပ်ကပ်လျှာဖြင့် လျက်သိမ်းလိုက်သည်။ အ ရည်ဓာတ်ပျောက်ဆုံးနေသောအာခေါင်ကို ခြစ်ခြုတ်ရင်း၊ (ဘယ်နှစ်ကြိမ်မြောက်မှန်း မသိသည့်) တံတွေး၏အငွေ့ပျော့ပျော့ ကိုသာ မြိုချလိုက်ရသည်။ ဤအပြုအမူအတွက် ဆုလာဘ်တစ်ခုအလား ၎င်း၏ခန္တာကိုယ်တွင်း၌ အင်အားငွေ့ငွေ့တော့ ဖြစ် ပေါ်သွားရပြန်လေသည်။

“ဒီမှာ…

ခင်ဗျား… တို့ကို…”

တုန်ရီပြတ်တောင်း ရည်ရွယ်ချက်ကင်းမဲ့လွန်းသော မျက်လှည့်ဆရာ၏အသံကြောင့် ခရီးသွားများသည် သွားလက်စများကို ရပ်တန့်လျှက်၊ တစ်ခဏမျှ မင်တက်ငေးမော ကြည့်ကြသည်။ လူသတ္တဝါတို့၏နား၌ ဝါကျနှင့် စကားလုံးအသံကို စတင်ကြား ဖူးလိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါမှ မျက်လှည့်ဆရာသည် ၎င်း၏ပညာခန်းကို စတင်ပြသလေတော့သည်။

ပထမဦးစွာ မျက်လှည့်ဆရာသည် မည်သည့်အကွက်မျိုးကို ပြပြီးလျှင် မည်သို့အကွက်ကိုပြောင်းလဲ ပြသမည်ဆိုသည့် ပွဲစဉ် များ….။ မည်သည့်အကွက်ကို မည်ကဲ့သို့စီရင်၍ မည်သည့်အကွက်ကို အဘယ်ပုံ ဖန်တီးထားပါသည်ဆိုသည့် လျှို့ဝှက်ချက် များကို ပြောပြ၍ မျက်လှည့်ပွဲကို ကန့်လန့်ကာဖွင့်လေသည်။

မျက်လှည့်ဆရာ၏ကြိုးစားပမ်းစားပြကွက်တစ်ကွက်ပြီးသွားတိုင်း တစ်ချို့က မျက်မှောင်ကြုတ်၍ ကြည့်ကြသည်။ တစ်ချို့က “အရူး”ဟု တီးတိုးရေရွတ်ကြသည်။ တစ်ချို့က အသံထွက်၍ ဟားတိုက်ရယ်မောကြသည်။ တစ်ချို့က အော်ဟစ်ကျိမ် ဆဲကြသည်။ အမူအရာ၊ စကားလုံးနှင့် အသံတို့ကို မထူးဆန်းသောမျက်လှည့်ပွဲအလယ်၌ မြိန်ယှက်စွာ စားသုံးကြလေ၏။ မျက်လှည့်ပွဲကို စိတ်မဝင်စားသော ပရိသတ်ဟူသည် မျက်လှည့်ပွဲကို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်သလို ဖြစ်တတ်ကြောင်းကို လူသတ္တဝါတို့သည် မသိမူကြ…။

ဤသို့ဖြင့် မျက်လှည့်ဆရာ၏ပြကွက်များ အဆုံးမသတ်ခင်မှာပင် လူတို့သည် ၎င်းကိုတွန်းထိုး တိုက်လှဲရင်း ခရီးရှည်ကိုသာ မူလအတိုင်း တစ်ဖန်ပြန်သွားကြပြန်လေသည်။ မျက်လှည့်ဆရာလေးသည် လမ်းမကြီးဘေးတွင်ထိုင်လျှက် သနားစဖွယ် မျက်ရည်တွေတွေကျနေလေ၏။ လူတို့ကား ခရီးဆက်မြဲဆက်နေကြလေသည်။

တစ်ချို့က မျက်လှည့်ဆရာလေး၏ ရယ်ချင်စရာမျက်လှည့်ပစ္စည်းလေးများကို ခြေဖြင့်ကန်ကြောက်သွားကြ၏။ တစ်ချို့က သူ၏ငုံ့ထားသောဦးခေါင်းကို ပုတ်ခတ်ဆော့ကစား သွားကြသည်။ မည်သို့ပင်ဖြစ်စေ… လူတို့ခရီးဆက်နေကြသည်။
***   ***   ***

● ဖမ်းစားခြင်း (သို့မဟုတ်) ပိတ်လှောင်ခြင်း
လူတို့ကား အသွားအလာမပျက်…

ထိုစဉ်…

မျက်လှည့်ဆရာသည် စီးထွေဆင်းကျ ချုံးပွဲချနေသောအရှုံးစိတ်ကို ရုတ်တရက် အပူတိုက် ရပ်တန့်ပစ်လိုက်၏။ ထို့နောက် ဆတ်ကနဲထရပ်ပြီး တစ်စုံတစ်ရာအားမော့ကြည့်လျှက် ကြောက်ခမန်းလိလိ အသံနက်ကြီးဖြင့် ဟစ်အော်ပစ်လိုက်သည်။

“ဟေး…”

၎င်း၏မျက်နှာပေါ်တွင် ယုံကြည်ခြင်းများကား အမြစ်တွယ်လျှက်…။ လမ်းပေါ်မှခရီးသွားများသည် ရုတ်တရက်ပြောင်းလဲသွား သော မျက်လှည့်ဆရာအား ရပ်တန့်၍ အံသြတကြီးငေးမောကြည့်ကြသည်။ အံသြစိတ်ကကြီးမားလွန်းသဖြင့် ၎င်းတို့၏သွား လက်စခရီးရှည်ကိုလည်း သတိမရကြတော့ပေ။

မျက်လှည့်ဆရာက တုတ်တစ်ချောင်းဖြင့် သူ့ဘေးပတ်ပတ်လည်မြေအပြင်ကို စည်းဝိုင်းပစ်လိုက်သည်။ လူသတ္တဝါတို့အတွက် အစမဲ့အဆုံးမဲ့စက်ဝိုင်းဆိုသောအရာကို စတင်မြင်ဖူးလိုက်ခြင်းပင် ဖြစ်သည်။ စက်ဝိုင်းသည် မျဉ်းဖြောင့်မဟုတ်။ ထို့အတူ မျဉ်းကောက်လည်းမဟုတ်ပြန်…။ မျဉ်းကွေးတစ်ခု (သို့မဟုတ်) မျဉ်းကွေးများ ညီညီညာညာ၊ သပ်သပ်ယပ်ယပ် လက်ချင်း ချိတ်ထားသောအရာကို စက်ဝိုင်းဟုခေါ်သည်။

မျက်လှည့်ဆရာရေးခြစ်လိုက်သော စက်ဝိုင်းကိုကြည့်၍ လူတို့သည် မိမိကိုယ်မိမိ စက်ဝိုင်းအတွင်း မကျရောက်စေရန် အ ထိတ်တလန့် နောက်ဆုတ်သွားကြသည်။ စက်ဝိုင်းသည် မည်သည့်ဂုဏ်သတ္တိနှင့် မည်သို့လုပ်ဆောင်နိုင်စွမ်းများရှိကြောင်းကို အတိအကျမသိသော်ငြား၊ စက်ဝိုင်း၏ပုံပန်းသဏ္ဌာန်အရ ပိတ်လှောင်တတ်သောသဘော၊ ထွက်ပေါက်မရှိသော သဘာ ဝကိုတော့ လူတို့က ရိပ်စားမိဟန်တူ၏။

လူတို့သည် ခတ်လှမ်းလှမ်းမှ အကဲခတ်နေကြ၏။ ရင်ခုန်သံတို့ကား တဒုန်းဒုန်း…။ စိတ်လှုပ်ရှား ခံစားချက်များသည် လူတို့ အား မျက်လှည့်ဝိုင်းရှိရာ မသိမသာမောင်းပို့ပေးနေ၏။ ထို့နောက် မျက်လှည့်ဆရာသည် (မည်သို့မျှ မပြောတော့ပဲ) သူ၏ ပစ္စည်းတန်ဆာပလာများကိုထုတ်၍ မျက်လှည့်ပွဲကို စတင်လေတော့သည်။

(ဖဲပြားကြီးတစ်စလိုရှည်လျားလှသော ကမ္ဘာကြီး၏ထိပ်စနှစ်ဖက်သည် သံချောင်းတစ်ခုပမာ စတင်ကွေးညွှတ်လာလေသည်။)

လူတို့သည် မျက်လှည့်ဆရာကြီး၏ပြကွက်များတွင်သာ အာရုံစိုက်လျှက်…။ မျက်လှည့်ဆရာကြီးက ထိတ်လန့်စရာပြကွက် ကိုပြသည့်အခါ၊ တစ်ဦးနှင့်တစ်ဦးဖက်တွယ်ရင်း ငယ်သံပါအောင်အော်ဟစ်ကြသည်။ မျက်လှည့်ဆရာကြီးက ဝမ်းနဲစရာပြကွက်ကိုပြောင်းသွားသည့်အခါ၊ တစ်ဦးနှင့်တစ်ဦး မရှူနိုင်မကယ်နိုင် ပူဆွေးကြပြန်သည်။ ရက်စက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ထောင်လွှားခြင်း၊ ရှုံးနိမ့်ခြင်း အစရှိသဖြင့် ပြကွက်တိုင်းသည် လူသတ္တဝါတို့၏စိတ်နှလုံးသားများကို အရှိုးအထပ်ထပ်ထင် အောင် ရိုက်နှက် ဖိစီးစေလေသည်။

(ထိုအချိန် ကမ္ဘာကြီး၏ထိပ်စနှစ်ဖက်မှာ စက်ဝိုင်းသဏ္ဌာန် ဆက်မိသွားကြသည်။)

လူသတ္တဝါတို့သည် မျက်လှည့်ပွဲ၌သာနစ်မြောလျှက်ရှိကြသည်။ ပြကွက်ဆန်းများအပေါ် လိုက်ပါခံစားရင်း ဝမ်းနဲစရာရှိက ဝမ်းနဲကြသည်။ လွမ်းစရာရှိကလွမ်းကြသည်။ ချစ်စရာရှိကချစ်ကြရင်း တက်မက်စရာရှိလာပါကလည်း တစ်ဦးနှင့်တစ်ဦး၊ တစ်ကောင်နှင့်တစ်ကောင် မညှာမတာအရူးအမူး သတ်ဖြတ်လုယက်ကြသည်အထိ တက်မက်လာကြသည်။ လောဘ၊ ဒေါသ၊ မောဟဆိုသော အကုသိုလ်ပေါင်းမြက်များ လူသတ္တဝါတို့အပေါ် စတင်မြစ်တွယ်လာချိန်ဖြစ်သည်။

(ကမ္ဘာကြီး၏ဘေးနုတ်ခမ်းသားများမှာလည်း ခုံးထ၍ ထိပ်စနှစ်ဖက်ကဲ့သို့ ပိတ်လှောင် ဆက်မိသွားစေရန် အားယူနေကြ သည်။)

လူတို့ကား မျက်လှည့်ပွဲကိုသာ ကြည့်ကောင်းဆဲ….။ မျက်လှည့်ဆရာကြီးမှာလည်း ချွေးသီးချွေးပေါက်များတွဲခိုနေသော ကြောက်စရာမျက်နှာကြီးဖြင့် မျက်လှည့်ပွဲကိုသာ ဆက်လက် ပြသနေသည်။ ၎င်းကား တဖြည်းဖြည်းကြီးထွားလျှက်ရှိပြီး၊ လူသတ္တဝါတို့ကား တရစ်ချင်းကျုံ့ဝင် သေးငယ်နေလေသည်။ မျက်လှည့်ပွဲတစ်ခုတွင် စိတ်ပါလက်ပါနစ်မြောညှို့ယူခြင်းခံကြ ရသော ပွဲကြည့်ပရိတ်သတ်သည် မျက်လှည့်ဆရာ၏ကျွန်ဖြစ်တတ်သည်ကို လူတို့ မသိနိုင်ကြပေ။

မျက်လှည့်ဆရာကြီးသည် လူသတ္တဝါတို့အား အဆုံးမဲ့ချုပ်ကိုင်နိုင်သောအချိန်တွင် ၎င်း၏နောက်ဆုံးပြကွက်ကို ရုတ်သိမ်း ပစ်လိုက်သည်။ ထို့နောက် အသံနက်ကြီးဖြင့်အော်ဟစ်ရယ်မောလျှက် လုံးဝ ပျောက်ကွယ်သွားတော့သည်။ မျက်လှည့် ဆရာကြီးသည် နောက်တစ်ကြိမ်မည်သည့်အခါမျှ ကိုယ်ထင်မပြတော့ပေ။ လူသတ္တဝါတို့သည် အမှုန်အမွှားကလေးများ သာဖြစ်ပြီး မျက်လှည့်ဆရာကြီးကား အင်မတန်ကြီးမားသွားလေသည်။ သေးလွန်းလျှင်မမြင်ရသကဲ့သို့၊ ကြီးလွန်းလျှင်လည်း မမြင်နိုင်သောသဘောအရ အကြီးနှင့်အသေးကြားမှာရှိသည့် အဆက်အသွယ် ပြတ်တောက်မှုမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါ၏။
***   ***   ***

● အဆုံးမဟုတ်သော ဇာတ်သိမ်း
မျက်လှည့်ဆရာကြီး ပျောက်ကွယ်သွားသောအခါ (သို့မဟုတ်) မျက်လှည့်ဆရာကြီးအား မမြင်နိုင်ကြတော့သောအချိန်တွင် လူသတ္တဝါတို့မှာ မောပမ်းနွမ်းလျစွာ ကျန်ရစ်ခဲ့ကြရသည်။ သို့မဟုတ် မောပမ်းနွမ်းလျစရာပြဿနာများဖြင့် လုံးထွေးကုန်ကြ လေတော့၏။ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် အိုမင်းရင့်ရော်ခြင်းများ ရုတ်တရက်ပြုတ်ကျလာတော့သည်။ စိတ်ခံစားချက်များ၊ ဝါကျများ၊ အသံ၊ အမူအရာတို့သည်လည်း လူသတ္တဝါတို့ကို အသစ်တစ်ဖန် နာကျင်စေပြန်၏။

ထိုအခါကျမှ လူတို့သည် မိမိတို့မူလသွားခဲ့သောခရီးလမ်းမကို သတိရလာကြသည်။ တောင့်တလာကြသည်။ သို့သော် သူတို့သွားခဲ့သော ခရီးလမ်းမသည် ထူးဆန်းစွာပျောက်ဆုံးသွားလေသည်။ မူလပထမ လမ်းမကြီးရှိစဉ်က လူသည်လူ သားဆန်ဆန် ဦးတည်ရာလမ်းကို လျှောက်လှမ်းနေသလို၊ တိရိစ္ဆာန်ကလည်းတိရိစ္ဆာန်သဘာဝ သူ့ဦးတည်ရာ လမ်းကို လျှောက်လှမ်းကြသော်ငြား ယခုသော် လူနှင့်တိရိစ္ဆန်တို့ကြား မြေကမ္ဘာမျက်နှာပြင်သည် လမ်းဘယ်ဝယ် မထင်တော့ချေ။ လူနှင့်တိရိစ္ဆာန်ကြား အဆီးအတားယာဉ်ကြောတို့သည် ထူခြားစွာပျောက်ဆုံးခဲ့လေ၏။

လူနှင့်တိရိစ္ဆာန်ကြား ကွဲပြားသောစရိုက်သဘာဝနှင့်ပန်းတိုင်တို့ မထင်ရှားလေသော် အလင်းသည် ရောက်ရှိလာ၏။ လမ်းပျောက်နေသောလူသားတို့အပေါ် သနားညှာတာမိသောအလင်းသည် ကိုယ်တော်တိုင် ကြွမြန်း၍ ကယ်တင်ရှင်ဘွဲ့ကို သိမ်းပိုက်ပစ်လိုက်သည်။ လူသားတို့၏မသိနားမလည်မှုအစွန်းအထင်းများကို စိတ်ပျက်ညှီဆို့၊ ပျို့တော်မူလျှင်မူ အလင်း သည် ခေတ္တမျှစွန့်ခွာ၍ အမှောင်၏ကိုယ်ထည်ကို မညှာမတာ လှစ်ဟပြတတ်ပြန်သေးသည်။ တစ်ခါတစ်ရံ မေတ္တာဓာတ်ကြီး မားသောအလင်းသည် တစ်စုံတစ်ရာကို အမြဲကြောက်ရွံ့စိတ်ဖြင့် အမှောင်တွင်းပြေးပုန်းတတ်သောလူသားတို့အား မဲညစ်မှု၏စိမ့်ယိုပေါက်များမှတစ်ဆင့် (ပြိုးကနဲ၊ ပြက်ကနဲ) စိတ်ဖြင့်ချောင်းကြည့်တတ်ပြန်သည်။

ဤသို့ဖြင့်… နေ့နဲ့ည၊ အလင်းနဲ့အမှောင်၊ ကုသိုလ်အကုသိုလ်တို့သည် လောကအား တစ်လှည့်ဆီ ပေါင်းသင်းနေ ထိုင်ကြလေသည်။
***   ***   ***

လမ်းမရှိ….။ ပန်းတိုင်မဲ့သော ကမ္ဘာ့မျက်နှာပြင်တွင် အဆီးအတား၊ အကာအရံသဖွယ် တောင်တန်းများ ထိုးထွက်လာကြသည်။ တောအုပ်များ အပြိုင်းအရိုင်းပေါက်ရောက်လာကြသည်။

လူသားများထဲမှအချို့သည် တောင်တန်းများကိုဖောက်ထွက်၍ မိမိတို့ပျောက်ဆုံးသွားသော ခရီးလမ်းမကို ရှာကြ၏။ အချို့က တောအုပ်များကိုခုတ်လှဲ၍ရှာကြသည်။ အချို့က တောင်တန်းပေါ် လွှားကျော်၍ ရှာကြသည်။ အချို့က တစ်တောလုံးခုတ်လှဲရင်း ရှာဖွေကြပြန်၏။

တစ်ချို့သောသူများကမူ ပျောက်ဆုံးသွားသောလမ်းအတွက် တောင်ခြေတွင်ထိုင်၍ပူဆွေးကြသလို၊ တောစပ်တွင်ရပ်၍ ငေးမှိုင်နေသူများလည်း ရှိပါသည်။
***   ***   ***

လုံးဝိုင်းသောကမ္ဘာကြီးသည် လမ်းပျောက်နေသောလူသားတို့အား အထူးမျက်စေ့လည်စေရန် စေတနာထက်သန်လေ သလားမသိ။ ကမ္ဘာ့မျက်နှာစာတွင် ရေစီးများဖြစ်ပေါ်လာပြန်သည်။ တစ်ခုဟောင်းလျှင် တစ်ခုအသစ်လဲသလို ရေစီးတို့ကား အချိန်နှင့်တပြေးညီ အပ်ဂရိတ်လုပ်နေကြလေ၏။

ပျောက်ဆုံးနေသော ခရီးလမ်းမအားရှာဖွေရန် ဘဝပေးတာဝန်အပြင်၊ လူသားတို့အဖို့ ရေစီးများအပေါ် အငြင်းအခုန်ပြုရသော အလုပ်တစ်ခုပါ ပိုလာလေတော့သည်။ တစ်ချို့က ရေစီးများကို တားမြစ်လိုသည်။ တစ်ချို့က ရေစီးများကို ကန့်လန့်ဖြတ် တံတားခင်းပြီး လိုရာသို့သွားကြသည်။ တစ်ချို့က ရေစီးများအတိုင်း မျှောလိုက်ကြသည်။ တစ်ချို့က ရေစီးများကို နောက်ပြန် ဆန်တက်ကြသည်။ တစ်ချို့က သူ့သဘောသူဆောင်ရင်း အရှိန်ဖြင့်စီးဆင်းနေသောရေစီးများကို ဘေးကထိုင် ကြည့်ကာ အချင်းချင်းငြင်းခုန်ကြပြန်၏။ ဝါကျများသည် အန္တရာယ်ကြီးလွန်းလှပေစွ…။

မည်သို့ပင်ဖြစ်စေ…. ရေကားစီးမြဲစီးနေ၏။ စမ်းချောင်းငယ်ကဲ့သို့ ညိမ့်ညိမ့်ငြင်ငြင်၊  ရေမြုပ်ကလေးများထ၍ ပလုံစီစီးသည့် အခါ စီးသည်။ တဝေါဝေါတဝုန်းဝုန်း ကျိတ်မနိုင်ခဲမရ ပြိုကျနေသောရေတံခွန်ကြီးကဲ့သို့ စီးသည့်အခါ စီးသည်။ မြစ်ပြင်ကျယ် ကဲ့သို့ ရှေ့ကခံသမျှ တိုက်ချမြောပါအောင် စီးသည့်အခါ စီးသည်။ တစ်ခါတစ်ရံ မဟာသမုဒ္ဒရာပင်လယ်ပြာကြီးလို ရေစီးများစုပေါင်း၍ အင်အားကြီးမားသော လှိုင်းလုံးမုန်းတိုင်းကြီးများလည်း ဖြစ်ပေါ်တတ်ပြန်ပါသေးသည်။
***   ***   ***

● နိဂုံး (သို့မဟုတ်) ခရီးအစ
လူသတ္တဝါတို့သည် ၎င်းတို့ယခင်ကသွားခဲ့ဖူးသည့် တစ်ခုတည်းသောလမ်းကို စိတ်ပျက်ဝမ်းနဲဖွယ် ပျောက်ဆုံးသွားကြသည်။ တစ်ချိန်က မိမိတို့ပိုင်ဆိုင်ခဲ့ဖူးသော ဘာမှမရှိသည့်လမ်းကိုပင် ပြန်လည်ရှာဖွေ နေကြရပြန်၏။

ယူကျုံးမရဖြစ်မိသည်မှာ ထိုသို့ရှာဖွေရင်း တစ်ဦးနှင့်တစ်ဦးအကြား၊ တစ်ကောင်နှင့်တစ်ကောင်အကြား အားကြီးသူများက အားနဲသူများအပေါ် ဗိုလ်ကျမင်းမူခြင်း၊ အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ ပခုံးတိုက်ခြေထိုးခြင်းများကို ပြုလုပ်လာကြသည်။ လမ်းမကြီးကိုမူ ပြန်မတွေ့ကြသေးပေ။ “ပြန်မတွေ့အတူ လမ်းဟောင်းကိုရှာဖွေ၍ ခရီးဟောင်းကိုသွားမည့်အစား လမ်းသစ် ဖောက်ပြီး ခရီးသစ်တစ်ခုကိုဦးဆောင်လိုသည်”ဟူသော သူရဲကောင်းများလည်း ပေါ်ထွက်လာပြန်၏။ စိတ်ပျက်ဖွယ်ကောင်း သည်မှာ ထိုသူရဲကောင်းများကိုယ်တိုင်ပင် မိမိရှာဖွေထားသောလမ်းသစ်သည် မိမိသော်လည်းကောင်း၊ အခြားတစ်ဦးသော် လည်းကောင်း ဘယ်နှစ်ကြိမ်မြောက်သွားခဲ့ပြီးမှန်းမသိသော လမ်းဟောင်းတစ်ခုဖြစ်နေသည်ကို မမြင်နိုင်ခြင်း၊ သို့မဟုတ် လမ်းသစ်စစ်စစ်ဖြစ်ကြောင်း သက်သေပြ၊ အာမမခံနိုင်ခြင်းပင် ဖြစ်သည်။

ကျွန်ုပ်တို့ ခရီးထွက်လာကြသည်မှာ ရောက်ပြီးသားနေရာများသို့ပင် တစ်ဖန်ပြန်၍ရောက်ရှိနေကြဆဲသာ ဖြစ်ပါသည်။ ကမ္ဘာ မြေအပြင်အပေါ်သား၌ ကောင်းကင်ကြီးနှင့်ကြယ်အပေါင်း၊ နေလနက္ခတ်များခြံရံလျှက် သိုက်သိုက်ဝန်းဝန်းကြီး အကျဉ်းကျ ပိတ်လှောင်နေကြဆဲပင် ဖြစ်ပါ၏။ လွတ်မြောက်မှုသဘောအတုကို ဆင်မြန်းရင်း ကမ္ဘာမြေ၏ဆွဲကပ်ထားခြင်းမှ မည်သူမျှ ရုန်းမထွက်နိုင်သေးပေ။

ယနေ့အချိန်ထိ… ဆိုရလျှင်…

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းအောင် လုံးဝိုင်းလျှက်ပင် ရှိနေပါသေးသည်။

ဇော်သစ်
၁၆.၆.၂၀၀၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်