မောင်သာရ – လူတယောက်နဲ့ ဝက်တကောင် (ပြန်လည်ဆန်းသစ်ခြင်း)

March 1, 2016

– လူတယောက်နဲ့ ဝက်တကောင် (ပြန်လည်ဆန်းသစ်ခြင်း)

(မိုးမခ) မတ် ၁၊ ၂၀၁၆

ဖေဖော်ဝါရီ ၆၊ ၂၀၁၀ မိုးမခတွင် ဖော်ပြခဲ့ပြီးဖြစ်သည့် မောင်သာရ၏ ၀တ္ထုတို ဖြစ်ပါသည်။

ကုသိုလ်များကောင်းချင်တော့ မုတ်ဆိတ်ပျားစွဲ ဆိုသလို ကြံကြံဖန်ဖန် ကျုပ်နဲ့ ခြံချင်းကပ်ရပ်အိမ်မှာ လူတယောက်နဲ့ ဝက်တ ကောင် ပြောင်းရောက်လာကြတယ်။ ဝတ္ထုတိုတပုဒ်ဖြစ်ဖို့ ကုန်ကြမ်းပေါ့။ လူကတော့ လူငယ်ပဲ ပြောပါတော့။ အကောင်က ထွားပြီး တရားလွန် ဝနေလို့သာကို …။ ဘာရှိအုံးမှာလဲ။ အလွန်ဆုံးရှိလှ သုံးဆယ်ကျော်စပေါ့။

သူတို့အနောက်တိုင်းထုံးစံက နောက်မှပြောင်းရောက်လာတဲ့ အိမ်နီးနားချင်းလူသစ်လဲပဲ ကြိုဆိုနှုတ်ဆက်တဲ့အနေနဲ့ စကားမရှိ စကားရှာပြီး မိတ်ဖွဲ့စပ်စုလေ့ မရှိကြတော့၊ ကျုပ်လဲ ဖါသိဖါသာပဲ နေလိုက်ပါတယ်။ ဒါပေမယ့် သိတယ်မဟုတ်လား။ လူက ဗမာလဲဖြစ်ပြန် စာရေးဆရာလဲဖြစ်ပြန်ဆိုတော့ ပါးစပ်က ပိတ်နေနိုင်ပေမယ့် စိတ်က မနေနိုင်ဘူး။ မျက်စိက မနေနိုင် ဘူး။ စရိုက်က ခေါက်ရိုးကျိုးနေပြီလေး …။ ကွယ်ရာက မသိမသာ လေ့လာနေဖြစ်တာပေါ့။

လူက ကြည်ရပုံထောက်တော့ အမေရိကန်အဖြူပါ။ လက်တင်အမေရိကဘက်ကလာတဲ့ စပိန်စကားပြော Hispanic အဖြူပုံ မပေါက်ပါဘူး။ ပြီး သူနဲ့ပါလာတဲ့ ဝက်ကလဲ နေ့စဉ်သန့်စင်ထားလို့ပဲလား၊ ကျုပ်တို့မြောက်ဖျားဒေသရဲ့ ဝင်ရိုးစွန်းရာသီဥတုကြောင့်ပဲလားတော့ မပြောတတ်ဘူး။ အဖြူပဲ။ သိတယ်နော် …၊ ကျုပ်တို့ ရှမ်းပြည်တောင်းပိုင်း ‘ကလော’ အတက်နားမှာတောင်မှ ‘ဝက်ဖြူတောင်’ ဆိုတာ ရှိတယ်မဟုတ်လား။

ပြီးတော့လဲ လူရောဝက်ရောက ဘာတွေ ဘယ်လောက်ထိ အပြိုင်စားထားသောက်လားကြလေတယ် မပြောတတ်ဘူး။ သူတို့အိမ် အဝင်တံခါးပေါက်မှာ သူတို့ပြိုင်တူ ဝင်ထွက်လို့ မရကြဘူးရယ်။ လုဝင်ရင် တစ်နေကြရော။

ပြောရအုံးမယ်။ သည်အမေရိကားမှာက သူဌေးသူကြွယ်တွေစံရာ အိမ်ကြီး ခုနှစ်ဆောင်ပြိုင် mansion ကြီးတွေသာ မဟုတ်လို့ကတော့၊ သာမန်အိမ်တိုင်းမှာ လူတကိုယ်စာ ဝင်သာထွက်သာရုံ ခပ်ကျဉ်းကျဉ်းတံခါးပေါက်ကလေးတပေါက်ပဲ ရှိတတ်ကြတယ်။ အဲသည်မှာ … သံဇကာတံခါးတထပ်၊ သစ်သားတံခါးတထပ်နဲ့ ခြင်ယင်လဲလုံ၊ လေလဲ လုံရတယ်။ ပြီး တဖက်ဖွင့် တံခါးရွက်တရွက်ပဲ တပ်ကြလေ့ရှိတယ်။ အမြဲတမ်းလဲ ပိတ်ထားတတ်ကြတယ်။ မကျယ်ဘူးရယ်။ သည်တော့ သူတို့ ချမ်းလို့ အိမ်ထဲ အမြန်လုဝင်ချင်လို့မရဘူး။ တကောင်ပြီးမှ တယောက်၊ ဒါမှမဟုတ် တယောက်ပြီးမှ တကောင်ပဲ။

ကိုယ့်လူရဲ့ ခန္ဓာကိုယ်အတ္တဘောကြီးကိုလဲ ကြည့်အုံးလေ …။ အရပ်က ခြောက်ပေကျော် မိုးထိုးနေလို့သာ တော်တော့တယ်။ ကျုပ်ထက်ကို နှစ်ဆလောက် ဝနေတယ်ဆိုတော့၊ အနည်းကလေး ပေါင်ချိန် ၃၆၀ ရဲ့အထက်မှာပဲ ရှိမယ်။ နော့ … လမ်းလျှောက်ရင် ခြေထောက်မှ ရှေ့တည့်တည့် လှမ်းမလျှောက်နိုင်တော့ တာပဲ။ သူ့ခါးက ဝတ်နေကျ ဘောင်းဘီတွေကိုလဲ ကြည့်အုံးလေ။ သူများတကာတွေလို ကြယ်သီးတပ်၊ ဇစ်တပ်၊ ခါးပတ် ပတ် ဝတ်ရတာမျိုးမှ မဟုတ်တော့တာပဲ။ များသောအားဖြင့်က ကျောင်းထားခါစ ဘောင်းဘီမမြဲတတ်သေးတဲ့ အရွယ်တွေမှာလို ခါးရှုံ့မျှော့ကြိုးတပ် ပုခုံးသိုင်းကြိုးနဲ့ ဆွဲဝတ်နေရတော့တာလေ။ ဆောင်းတွင်းမှာသာ အပေါ်က အင်းကျီအထပ်ထပ် ဝတ်ထားလို့ မမြင်ရတာကို။ နွေရောက်တော့ T ရှပ်ပေါ်မှာက အတိုင်းသား။ ကျောဘက် စလွယ်သိုင်း y ကြိုးနဲ့။ ကျုပ် ကြံကြံဖန်ဖန် စဉ်းစားကြည့်မိတယ်။ စိတ်ကူးနဲ့ စမ်း ဝတ်ကြည့်တာပေါ့လေ …။ ကျုပ်တို့ရဲ့ ရခိုင်ပုဆို အနံကြီး ကွင်းကျယ်တထည်သာ ပေးဝတ်လိုက်ရရင် သူ့ခါးနဲ့ကတော့ အံ ကိုက် ခွခေါင်းအုံးစွပ်လို ဖြစ်သွားမယ် ထင်တယ်။

သိတယ်နော် …။ ကျုပ်တို့ NY ပြည်နယ်အနောက်မြောက်ပိုင်းရဲ့ နိုင်ငံကျော် ရာသီဥတုဆိုးဝါးမှုအကြောင်းကို။ သောင်းကျန်း သလား မမေးနဲ့။ အမေရိကန်ဇာတိ နိုင်ငံသားတွေတောင် လက်ဖျားခါတတ်ကြတဲ့ဒေသ။ တနှစ်မှာ ဆောင်းရာသီက အောက်တိုဘာကနေ မတ်လကုန်အထိ ခြောက်လလေ…။ ပြက္ခဒိန်အရမဟုတ်တဲ့ လက်တွေ့ရာသီပေါ့နော်။ သည်ခြောက်လေးထဲမှာလဲ များသောအားဖြင့်က နှင်းတွေဖုံးထားတဲ့အတွက် မြေကြီးမမြင်ရ မြက်မမြင်ရ၊ သစ်ပင်တွေမှာလဲ သက်ရွက်မမြင်ရ၊ အရိုးပြိုင်းပြိုင်း။ ပြီး နှင်းဖတ်နှင်းလွှာ တလှည့်၊ နှမ်းနှင်းမိုးတလှည့်၊ နှင်းမိုးသီးမိုးပေါက်တလှည့်၊ ရေခဲမိုးတလှည့်၊ နှင်းမုန်တိုင်းတလှည့်နဲ့ … နှင်းလွတ်တဲ့နေ့ရယ်လို့မှ ဟုတ်တိပတ်တိ မရှိတော့တာပဲ။

အဲ … ဆောင်းနေတာတိုကလေးတွေထဲမှာ တခါတခါ ကံအားလျော်စွာ နေကလေး ပွင့်လာလို့များ ခဏတဖြုတ် မြင်လိုက်ကြ ရရင် … အို လူတွေမှာ ပြုံးကြပျော်ကြလို့။ tv,radio မှာ ဒေသမိုးလေဝသဌာနကလဲ ၁၅ မိနစ်တကြိမ် လက်ပန်းပေါင်းခတ် ကျေညာသလေ …။ beautiful day ချင်းကို မိုးမွှန်လို့။ နေ့က လှမှ လှ၊ သာမှ သာ ဆိုပဲ။

ကျုပ် မှတ်မိသေးတယ်။ ကျုပ်တို့ငယ်ငယ်က တပိုင်းတစ လိုက်ဆိုခဲ့ကြဖူးတဲ့ အင်္ဂလိပ်သီချင်းလေ …။ you are my sunshine; my only sunshine; you never know dear; how much I love you; please don’t take my sunshine away … ဆိုတယ် မဟုတ်လား။ နေရောင်ကို ချစ်သူအဖြစ်နဲ့ တင်စားပြီး သုံးထားတာပေါ့။ ဘယ် ကျုပ် လိုက်လျောခံစားလို့ ရပါ့မလဲ။ ကျုပ်က ဗမာပြည်မှာမှ အဝါရောင် အပူပိုင်းဇုံရဲ့အလယ်ကောင် မန္တလေးမှာမွေးတဲ့ အညာသား။ ဖွတ်ကျား …။ ကြားရတာနဲ့ကို စိတ်ကုန်လိုက်တာ။ နေရောင်ကြီး သည်လောက် ခြစ်ခြစ်တောက် ပူနေတာကိုများ ‘ချစ်သူ’ တဲ့။ သီချင်းရေးဆရာ စိတ်မှနှံ့ရဲလား အောက်မေ့ခဲ့မိတယ်။

အခုတော့ ကျုပ် သဘောပေါက်ပါပြီ။ သူ့ရဲ့ ဥဒါဟရုဏ်ကလေးကိုလဲ ကျုပ် ခံစားလို့ရပါပြီ။

ပြောရအုံးမယ်။ အဲသည်တော့ ဆောင်း ဝင်ပြီတဲ့ဟေ့ဆိုရင် ကျုပ်တို့မှာတော့ ပရွက်ဆိတ်ထုံး နှလုံးမူပြီး ရိက္ခာဗူးတွေ ရိက္ခာခြောက်တွေ စုဆောင်းသိုလှောင် ကုန်ကြရပြီ။ ခါတိုင်းလို နို့ဆီတလုံး ဆပ်ပြာတခဲနဲ့ အပြင်ထွက်ဝယ်လို့ မဖြစ်တော့ ဘူးလေ …။ လူတွေလဲ ကိုယ့်အိမ်ထဲကိုယ် ထောင်ကျကုန်ကြတာပေါ့။ အကြောင်းကြီးငယ် မရှိပဲ၊ ဘယ်သူမှ အိမ်ထဲကအိမ်ပြင် မထွက်ချင်ကြတော့ဘူး။ အဲ … ကျောင်းသားတွေ အလုပ်သမားတွေကတော့ မလွှဲမရှောင်သာ ထွက်ကြရတာပေါ့နော် …။ ဒါလည်း သူတို့သွားကြရတဲ့ ကားတွေ ရထားတွေထဲမှာနဲ့ ကျောင်း ရုံး အလုပ်ခွင် ဈေးဆိုင် စသည်တွေထဲမှာက အပူဓာတ် လွှတ်ပေးထားတော့ နွေးပါတယ်။

တခုတော့ ရှိတာပေါ့လေ …။ အပြင်ဘက် လမ်းပေါ်မှာ ခြေလျင်လျှောက် သွားရလာရမယ် ဆိုရင်တော့လဲ တမျိုးပေါ့။ ဝတ်ပေတော့ အနွေးထည် အမျိုးမျိုး အထပ်ထပ်။ သာမန် ဖလံထည် သိုးမွှေး သက္ကလပ် ဆိုတာတွေနဲ့ကတော့ မလုံတတ်ဘူး။ အရိုး ခိုက်တယ်။ ခွေးတွေကြောင်တွေတောင် မေးရိုက်တယ် ဆိုတဲ့ အချမ်းမျိုးရယ်။ အဲသည်တော့ ဒေသသုံး ကိုယ်ငွေ့ထိန်း thermo အသားကပ် အင်းကျီဘောင်းဘီတွေ အောက်ကခံ ဝတ်ကြရတယ်။ ပြီး နားရွက်အုပ် စွပ်၊ လက်အိတ်စွပ်၊ မျက်လုံးပဲ ဖေါ်တဲ့ ခေါင်းစွပ် ဝတ်၊ ကော်မျက်မှန်အဖြစ် တပ်၊ သိုးမွှေးထူခြေအိတ်ရှည်နဲ့ နှင်းတောတိုး သားရေဖိနပ်ရှည်စီး၊ နှင်းကာမိုးကာ ဒူးဖုံးအပေါ်အင်းကျီနဲ့ တကိုယ်လုံးကို အထပ်ထပ် ထုပ်ပြီးမှ အပြင်ထွက်ရတယ်။ ပြောပကော …။ ဒေသမိုးလေဝသဌာနကလဲ အပြတ် သတိပေးလှုံ့ဆော်နေတာပဲ။ အပြင်ဘက် ထွက်ကြရရင်လဲ ၁၅ မိနစ်ထက် ပိုကြာကြာ မနေဖို့၊ နှာဖျား နှုတ်ခမ်း နားရွက်တွေ ကြွေမကျရအောင် သတိထား ဖုံးအုပ်ဖို့၊ အအေးဒဏ်ကြောင့် အရေခွံတွေဖေါင်းပြီး မီးလောင်ဖုတွေလို ဖြစ်လာခဲ့ရင်လဲ နီးရာဆေးရုံဆေးခန်း အမြန်ပြေးဖို့ … စသဖြင့် စိုးရိမ်ကြီးစွာ ကျေညာနေတာပဲ။

ကျုပ် ပြောချင်တာက … ဒါ ကျုပ်ဝတ္ထုရဲ့ နောက်ခံပန်းချီကားပါ။ တရားလွန် အေးတယ်ပေါ့။ ကျုပ်တို့ ဗမာစာပေထဲက လက်ဝဲသုန္ဒရရဲ့ ‘မဲဇာတောင်ခြေ’ ချီရတု … သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်သည်းထန်၊ သွန်းချပြန် သော် … ဆိုတာကို သွား သတိရတယ်။ သည်မှာက ‘မဲဇာ’ထက် အဆပေါင်းများစွာ ပိုအေးတယ်။

သည်တော့ ကိုယ်ကို အနွေးထည်နဲ့ ကောက်ညှင်းဆိုင်းထုပ်လို့ ထုပ်၊ ပြီးမှ ပင်ဂွင်းငှက်လို လက်ကားယားခြေကားယား လှုပ်လှုပ်လှုပ်လှုပ်နဲ့ မနိုင်တနိုင် လျှောက်ပြီးထွက်။ ဘာနဲ့တူသလဲဆိုတော့ အဝတ်ထုပ်အထုပ်ကြီး ရွေ့လာသလိုပေါ့။ အသိတယောက်နဲ့တယောက် လမ်းမှာတွေ့လို့လဲ ရုတ်တရက် ဘယ်မှတ်မိကြလိမ့်မလဲ။ ပြီးတော့ အသက်ရှူလိုက်တိုင်း တထောင်းထောင်းထွက်နေတဲ့ နှာငွေ့တွေက မျက်ခုံးမွှေးပေါ်မှာ မျက်မှန်ပေါ်မှာ တွယ်ကပ်ပြီး နှင်းဖပ်တွေ့ ဖြစ်ကုန်ကြရော။ သည်တော့ ရေးတေးတေးသာ မြင်ရတော့တာကလား။

အမှန်တော့ ဆောင်းတွင်းမှာ အပြင်ဘက် ခြေလျင်လျှောက်ထွက်ဖို့ဆိုတာ မလွယ်ဘူးရယ်။ သဲထဲ ခြေကျွံတာနဲ့ နှင်တွေ ရေခဲမှုံတွေထဲ ခြေကျွံတာကလဲ လုံးဝ မတူဘူး။ ပြန် အနုတ်ရ ခက်တာချင်း တူတယ်ထားအုံးတော့၊ သဲသဘာဝက ခြေထောက်မှာ ဖိနပ်မှာ ကပ်မပါလာဘူး။ နှင်းကတော့ ခြေနင်းရှည်တဖက်တဖက် အနည်း တပိဿာ နှစ်ပိဿာ ကပ်ပါ လာတတ်တာ။ ပြီးတော့ သဲထဲမှာက ချော်လဲစရာ အကြောင်းမရှိဘူး။ နှင်းထုထဲမှာကတော့ အောက်ပိုင်းက ခဲပြီး ရေခဲပြင် ဖြစ်နေရင် ကလေးလူကြီး အကုန်ချော်လဲတတ်ကြတာပဲ။ သည်လို ချော်လဲကြလို့ နှစ်စဉ် ကျိုးတဲ့လူ သေတဲ့လူတွေတောင် နိုင်ငံအနှံ့ဆိုရင် ထောင်ဂဏန်းနဲ့ချီ ရှိလိမ့်မယ်ထင်တယ်။

ပြီးတော့လဲ လူတိုင်းလူတိုင်းမှာ ဝတ်ထားကြရတဲ့အဝတ်တွေရဲ့ အလေးချိန်က ကိုယ့်ခန္ဓာကိုယ်အလေးချိန်ထက် ပိုရင်သာ ပိုမယ်၊ လျော့မယ်မထင်ဘူး။ သည်တော့ နှင်းထဲလျှောက်ရတာက ကိုယ့်ကိုယ်ကို ထမ်း သယ်သွားရသလို ဖြစ်နေတာလေ …။ ဘယ့်နှယ် ဆယ်လှမ်း ဆယ့်ငါးလှမ်း လှမ်းလိုက်ရင်ပဲ အတွင်းထဲမှာက ချွေးစို့ချင်လာပြီ။ မောချင်လာပြီ။

ကိုယ့်လူ အိမ်နီးနားချင်းခမျာလဲ ကျုပ်လိုပဲ အပြင်ဘက် သိပ်မထွက်နိုင်ပါဘူး။ သူကမှ ကျုပ်ထက် ပိုဆိုးအုံးမယ်။ မတော် သူ့ခန္ဓာကြီးနဲ့များ နှင်းတွေထဲ ပစ်လဲလိုက်ရလို့ကတော့၊ ကိုယ့်ဘာသာကိုယ် ပြန်ထနိုင်ဖို့က ဘယ်လွယ်လိမ့်မလဲ။ ဘဲဥကို မှန်ပေါ် ပြန်ထောင်ရသလို နေမှာ …။

ခက်တာက သူ့မှာလဲ ကျုပ်လိုပဲ အိမ်ရှင်မ မရှိဘူး။

အရေးထဲ အိမ်ထဲမှာ ဝက်တကောင်ကလည်း ထည့် မွေးထားသေးတယ်။ လူစာရော ဝက်စာရော ဝယ်ဖို့ခြမ်းဖို့အတွက်က အနည်းဆုံး တပတ်အခါတော့ ဈေးသွားဖို့ လိုမှာပေါ့။ ပြီး သူလုပ်နေတဲ့အလုပ်အတွက်ကလဲ သူများတကာလို့ တပတ်မှာ ငါးရက်ကတော့ ထွက်ရမှာပေါ့။ သူ ဘာလုပ်သလဲ။ သူ့အလုပ်က ဘယ်မှာလဲ။ ကျုပ် မသိဘူး။ ဒါပေမယ့် အလုပ်သွားဖို့ အပြင်ထွက်ဖို့ကတော့ သူ့မှာလဲ ကိုယ်ပိုင်မှန်လုံထရပ်ကား ရှိပါတယ်။

အဲ … ကားဆိုလို့ ပြောရအုံးမယ်။ သူ့ရဲ့အခြေအနေအရာ သူ့ကားကိုလဲ သူ့အိမ်နဲ့တွဲရက်က ကားဂိုဒေါင်ထဲမှာ ထည့်ထားရ တယ်လေ။ သိတယ်နော် … သည်နိုင်ငံမှာက ကားကို ဂိုဒေါင်နဲ့ထားနိုင်တယ်။ ကားဂိုဒေါင်တွဲရက်ပါတဲ့ လုံးချင်းတထပ် တည်းအိမ် ငှားနေနိုင်တယ်ဆိုတာ နည်းတဲ့အဆင့်မဟုတ်ဘူး။ ဂိုဒေါင်ငှားခပါ ပေးရမှာဖြစ်တဲ့အတွက် အိမ်လခ ဈေးကြီးမယ်။ ပေးနိုင်ဖို့အတွက်ကလည်း ဝင်ငွေကောင်းရမယ်။

ဒါပေမယ့် ကိုယ့်လူရဲ့အခြေအနေက ကားထည့်ထားဖို့ ဂိုဒေါင်ပါမှကို ဖြစ်မယ်။ သူများတကာတွေလို ကားကို အိမ်ရှေ့ လမ်းဘေး ရပ်ထားလို့မဖြစ်ဘူး။ ကားက အဖိုးတန်လို့ ကောင်းလှသစ်လှလို့ မဟုတ်ဘူး။ သူက သူ့ကိုယ်သူမှ အနိုင်နိုင် မဟုတ်လား။ ခုလို ဆောင်းတွင်းမှာ သူများတကာရဲ့ကားတွေလို အပြင်မှာရပ်ထားလိုက်လို့ … တညလောက်များ နှင်းကျများ တာနဲ့ကြုံလိုက်ရင် သူ့အဖို့က ဘယ်လွယ်လိမ့်မလဲ။ တခါတလေ နှင်းက အကျများရင်း ထူရင်၊ နှင်းမုန်တိုင်းနဲ့ ကြုံရင် … တညဆို ဆိုသလောက် မနက်မိုးလင်းလို့ သွားစရာရှိရင် ကိုယ့်ဟာကိုယ် နှင်းထုအောက်က ပြန်တူးဖေါ်ယူရတတ်တာလေ …။ နှင်း ဆိုတာကလဲ မိုးလိုပဲပေါ့။ ကျချိန်ကန်သတ်ချက် ဘယ်ရှိမှာလဲ။ ပြီးတော့ တခါတရံ မိုးစွေသလို စွေတက်တာမျိုးပဲ။

မနှစ်က ဒီဇင်ဘာ ခရစ်စမတ်အကြိုည၊ တနှစ်က နိုဝင်ဘာ ၁၀ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက်တွေမှာကျတဲ့ နှင်းမုန်တိုင်းမျိုးတွေနဲ့သာ တိုးလိုက်ရလို့ကတော့၊ မြေပြင်ပေါ်မှာ အမြင့် ၇ ပေခွဲတို့၊ ၉ ပေတို့အထိ ရှိတာလေ။ ပြီးတော့လဲ ၀၆ ခုနှစ်ကဆိုရင် နှင်းက ၃၂ နာရီဆက်တိုက် တဖွဲဖွဲနဲ့ ကျနေတာ။ တချို့အိမ်တွေ ပြတင်းမှန်တံခါးတွေအထိ တက်ပိတာ။ တချို့အိမ်တွေ တံစက်မြိတ်ရေတံလျှောက်တွေ ပြုတ်ကျ၊ တချို့အိမ်တွေ အမိုးပြန့်တွေ ပြိုကျ၊ တချို့အိမ်တွေ လျှပ်စစ်တွေ ပြတ် အမှောင်ကျ၊ တချို့အိမ်တွေက ရေပိုက်တွေ ပေါက်ကွဲ ရေမရ၊ တချို့အိမ်တွေ အပူပေးဓာတ်ငွေ့ပိုက်တွေ ပျက်နဲ့ … လူထုကို အတော် ဒုက္ခရောက်လိုက်ကြတာ။ နယ်မြေအစိုးကလဲ အရေးပေါ်အခြေအနေ ကျေညာလို့ အကူအညီတွေ တောင်း။ ပတ်ဝန်းကျင်နဲ့ ကလဲ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်ပြတ်။ လေယာဉ်ကွင်းတွေကလဲ သုံးမရ။ ခရီးသည်တွေလဲ ထောင်နဲ့ချီ သောင်တင်။ သက်ကြီးရွယ်အိုတွေတချို့တောင် ခန္ဓာကြွေကုန်ကြရတယ်။ လေဘေး ရေဘေး ဒုက္ခလို နှင်းဘေးဒုက္ခ ဆိုရမှာပေါ့။

ကဲ သည်လိုအချိန်မျိုးမှာ ကိုယ့်လူရဲ့ကားသာ အပြင်လမ်းဘေးရပ်ထားလို့ကတော့ ဘယ်သူက ရေခဲထဲက ပြန်ဖေါ်ပေးမလဲ။ ပေါက်ပြားပေါက်ချွန်းတွေ ဂေါ်ပြားငန်းပြားတွေနဲ့ နှင်းထဲမှာ ပြန်ဖေါ်ထုတ်ရမှာလေ။ သည်အချိန်မှာ တောင်မင်းမြောက်မင်း မကယ်နိုင်၊ ကိုယ့်ဒုက္ခနဲ့ကိုယ် ဘယ်သူကမှလဲ လာမကူနိုင်ဘူး။ ငွေပေးခိုင်းလို့လဲ မရနိုင်ဘူး။ မှန်တယ်။ သူ့တွက်ကိန်းနဲ့ သူ။ ကားဂိုဒေါင်တွဲရက်ပါတဲ့ အိမ်ကို ရှာ ငှါးတာ မှန်တယ်။

ဒါတောင်မှ လက်တွေ့ကျတော့ ကိုယ့်လူ မသက်သာရှာပါဘူး။ ကားဂိုဒေါင်တံခါးဖွင့်ဖို့နဲ့ ဂိုဒေါင်ထဲကနေ ကားလမ်းပေါ်ရောက် တဲ့အထိ ကားမောင်းထွက်ဖို့က ဝါးတရိုက်သာသာလောက်ကတော့ နှင်းကော် လမ်းဖေါက်ရအုံးမှာ ပဲလေ။ ခက်တာက နှင်းထုရေခဲထုကို ရေပိုက်နဲ့ ဆေးပစ်လို့ကလဲ မရဘူး။ ပြီးတော့ များသောအားဖြင့် အခွေလိုက်ထားတဲ့ ရေပိုက်တွေထဲမှာက မြွေကိုအစာသွပ်ထားသလို ရေတွေက ခဲနေပြီ။ ဒါပေမယ့် သည်မှာက ကိုယ့်လူလိုသာ ပိုက်ဆံတက်နိုင်ရင် လူတကိုယ်တက်ထိုင်ပြီးမောင်းလို့ရတဲ့ နှင်းခုတ်စက်ကလေးတွေ ဝယ်လို့ရပါတယ်။ စစ်မြေပြင်ရှေ့တန်းမှာ မြောင်းရှည်ကတုတ်ကျင်းတူးသလို အလျားလိုက်တူးပြီး လမ်းလုပ်ရတာပေါ့။ အောက်ကပေါ်လာတဲ့ မြေကြီးနဲ့ကပ်ရက် ရေခဲပြင်ကိုလည်း မြန်မြန်အရည်ပျော် သွားအောင်နဲ့ ပြန်မခဲအောင် ချော်မလဲအောင် ဆားကြမ်းတွေ ပက်ဖြူးပေါ့။ အဲသည်လို လုပ်တာကိုပဲ ကားတကားစာ မောင်းထွက်နိုင်ဖို့က တနာရီလောက် ချွေးပြိုက်ပြိုက်ကျ သူ့ခမျာ လုပ်ရရှာတယ်။

အင်း … ကားလမ်းမတွေပေါ်ကတော့ စည်ပင်သာယာတို့၊ မီးသတ်တပ်ဖွဲ့တို့၊ နှင်းရှင်းတပ်ဖွဲ့တို့၊ အရေးပေါ်ယန္တားတပ်ဖွဲ့တို့၊ စေတနာ့ဝန်ထမ်းတပ်ဖွဲ့တို့၊ စစ်တပ်တို့က စုပေါင်းတာဝန်ယူကြတယ်လေ …။ သူတို့တတွေကတော့ ဧရာမ ကျွဲရိုင်းစက်တပ် ယာဉ်ကြီးတွေနဲ့ ၂၄ နာရီမနားတမ်း လှည့်ပတ်ရှင်းနေကြတာပေါ့။

အဲ … ကိုယ့်လူရဲ့အလုပ်ကလဲ ဘယ်မှာ ဘာလုပ်တယ်သာ မပြောတတ်တာ။ မနက်ပိုင်းတော့ အိမ်ကထွက်တာ မြင်ရတာပဲ။ သူများတကာကမှ စနေတနင်္ဂနွေ နားကြရသေးတယ်။ သူကတော့ တခါတရံမှ တနင်္ဂနွေလိုရက်မျိုးနဲ့ အခါကြီးရက်ကြီးတွေလိုရက်မျိုးမှာသာ အိမ်ကပ်တာ တွေ့ရတယ်။

မနက်ဖက်ဆိုရင် ကျုပ်အိပ်ရာကနိုးလို့ ရေနွေးအိုးတည်ရင်း ပြတင်းပေါက်ကနေ လှမ်းငုံ့ကြည့်လိုက်။ သူ့ကို ကားဂိုဒေါင်မှာ အပြင်ထွက်ဖို့ ပြင်နေတာ တွေ့ရပြီ။ အချိန်ကို မှန်လို့။ ညနေဘက်ကျတော့လဲ သူ့ဥစ္စာက အချိန်ပို အလုပ်ဆင်းရလို့ပဲလား၊ ဒါမှမဟုတ် သူ့အလုပ်နဲ့အိမ်က ဝေးနေလို့ပဲလား မပြေတတ်ဘူး။ များသောအားဖြင့် ဆောင်းတွင်းဆို မှောင်မှ မီးထွန်းချိန်ရောက်မှသာ ကားဆိုက်သံ ဂိုဒေါင်တံခါးပိတ်သံ ကြားရတာပဲ။

အင်း … အချိန်ပိုသာ လုပ်နေရလို့ကတော့၊ တပတ်ကို အလုပ်ချိန် အနည်းဆုံး နာရီ ၅၀ လောက်အထိ ရှိနိုင်တယ်။ သူ့ကားပုံပန်းအရ သူ့ကိုယ်ဝတ်စားထားပုံအရ သူတို့လို ကော်လာဖြူ ဉာဏအလုပ်သမားတွေ ရကြလေ့ရှိတဲ့ အနည်းဆုံး လုပ်ခ တနာရီ ၁၄ ဒေါ်လာနှုန်းနဲ့ပဲ တွက်ကြည့်အုံး။ အခွန်အကောက်မျိုးမျိုး နုတ်ပြီး၊ အာမခံကြေးတွေ ဘာညာကြေးတွေဖြတ်ပြီး တပတ်ဝင်ငွေ အသားတင် ဒေါ်လာ ၇၀၀ လောက် ရနိုင်တယ်။ ၆၀၀ ပဲထားအုံး။ တနှစ်ဝင်ငွေ သုံးသောင်းကျော် ရနိုင်တယ်။
ဖြစ်နိုင်တယ်။ သည်ဝင်ငွေမျိုးနဲ့မို့ သည်လိုအိမ်မျိုး ငှားနေနိုင်တာပေါ့။ ကျုပ်နေတဲ့အိမ်နဲ့က ဘာမှ မနှိုင်းယှဉ်သာဘူး။ သူ့အိမ်မှာက အိမ်ခန်းနှစ်ခန်း။ မြေပေါ်မှာ တထပ်တည်း။ လုံးချင်းအိမ်။ အိမ်ခန်းတွဲ မရှိဘူး။ ပြီး နောက်ဖေးဘက်မှာကလဲ မြေပိုကွက်လပ် တအိမ်စာလောက် ရှိသေးတယ်။ သီးသန့်ပါတီလုပ်ချင်ရင် လုပ်လို့ရအောင် ထားတဲ့သဘော။   ။ ကျုပ်က နှစ်ထပ်အိမ်။ အိပ်ခန်းတခန်း၊ ရေချိုးခန်းတခန်း၊ အိမ်ရှေ့ခန်းတခန်းနဲ့ မီးဖိုခန်းတခန်။ ဒါပဲ။ ကျုပ်က အပေါ်ထပ်မှာ နေတယ်။ အောက်ထပ်မှာက စုံတွဲတတွဲ နေတယ်။ ပြီး နောက်ဖေးပိုင်း မြေပိုမှာက နောက်တအိမ်။ နောက်အိမ်ငှား နှစ်ဦး။ ခြံဝင်းတဝင်းထဲမှာ အိမ်နှစ်လုံး။ လူငှား လေးဦး။ ကားထားစရာ နေရာပို မရှိဘူး။ ရှိသမျှကားတွေ အကုန် လမ်းမပေါ် စင်္ကြံနဲ့ကပ် ရပ်ထားကြ။ သိုက်သိုက်ဝန်းဝန်းပဲ။ ဒါပေမယ့် ရပ်ကွက်က သန့်တော့၊ လူတွေကလဲ မွန်ရည်ကြပါတယ်။ ကျုပ်တောင်မှ အဖိုးကြီးအို စာရေးဆရာ တယောက်တည်းနေမှာ ဆိုလို့ အိမ်ရှင်က ငှားတာရယ်။

ကျုပ်တွက်ရင် လွဲခဲပါတယ်။ နောက်ပိုင်း သူ့အိမ်ရှင်က လဆန်းပိုင်း အိမ်လခလာယူတဲ့ ကျုပ်တို့အိမ်ရှင်ကို ပါးစပ်ဖွာပြီး ကြွားတော့မှ ကျုပ်လဲ ကြားရတယ်။ သူ့အိမ်လခက တလ တထောင့်တရာတဲ့။ တရာက တိရစ္ဆာန်ပါ လက်ခံထားခ တဲ့။ တခြား ဂက်စ်မီတာခ၊ လျှပ်စစ်မီတာခ အိမ်ဖုံးကြေး ဆဲလ်ဖုံးကြေးနဲ့ အားလုံးပေါင်းလိုက်ရင် ထောင့်လေးငါးရာ ဘယ်ပြေးလွတ် လိမ့်မလဲ။ ဘယ် ကျုပ်အိမ်လခက ၄၅၀ ရယ်။ ထီးဝန်းနဲ့ မှိုဖြူ … ဘာမှမဆိုင်ဘူး။

ဒါတောင်နော် တခြားစားသုံးစရိတ်တွေ မပါသေးဘူး။ ခန့်မှန်းသာ ကြည့်တော့လေ။ လူစာသာမက ဝက်ကလဲရှိအုံးမှာ မဟုတ်လား။     ။ အဲ … ပြောဖို့ မေ့နေတယ်။ ကိုယ့်လူကသာ မက်ချလင် တာယာကြော်ငြာပုံလို လေထိုးရုပ်ကြီး ဖြစ်နေတာ မဟုတ်ဘူး။ သူ့ဝက်ကလဲ နွေရာသီရောက်လို့ နောက်ဖေးဘက်မြက်ခင်းပေါ် ထွက် ဘောလုံးနဲ့ဆော့ကြတော့မှ သိရတယ်။ ဗိုက်က မြေကြီး ရှပ်တိုက်နေပြီ။

ဝက် ဆိုတဲ့သတ္တဝါရဲ့ သဘောကလဲ ကြားဖူးတယ်မဟုတ်လား။ စားခွက်ထဲမှာ အစာရှိနေလို့ကတော့ မအိပ်ပဲ မနားပဲ အစားနဲ့ပါးစပ် မပြတ် စားနေဝါးနေတဲ့အမျိုးလေ …။

ကျုပ်တို့တိုင်းပြည်မှာတော့ ဝက်မွေးတဲ့လူတချို့ကို တွေ့ဖူးပါရဲ့။ အရပ်ထဲက အိမ်နီးနားချင်းတွေကို သောက်ရေအိုးဟောင်းတွေ လိုက်ပို့ထားပြီး၊ တမင်းရည် ထမင်းကြမ်း စားကြွင်းစားကျန်နဲ့ ဟင်းသီးဟင်းရွက် အမှိုက်တွေ လွှင့်မပစ်ပဲ စုထည့်ပေးထားဖို့ တောင်းမယ်လေ …။ ပြီးတော့ ဈေးထဲသွား။ အမှိုက်ပုံမှာ ပစ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေထဲက နည်းနည်းလတ်သေးတာတွေ ရွေး ကောက်ယူ … အဲဒါတွေအားလုံး ရောမွှေ … ဖွဲနု နှမ်းဖက်ကလေး ပါလေကာဖြူးပြီး သစ်သားဇလားကြီးထဲထည့် ကျွေးကြတာပဲ။ သူ့လို တကူးတကန့် မြွေရေခွံအိတ်နဲ့ထည့်ရောင်းတဲ့ ဝက်စာကို ဝယ်ကျွေးတယ်လို့ရယ်လို့ မကြုံဘူး မကြား ဘူးပေါင်။ အဲ … ကောင်ရေအများကြီးမွေးတဲ့ မွေးမြူရေးသမားတွေတော့ မပြောတတ်ဘူးပေါ့နော်။ ဈေးထဲက ကျုပ်တို့ဝယ်စား ကြတဲ့ ဝက်သားဆိုတာကလဲ … သည်လို တနိုင်တပိုင် မွေးထားတတ်ကြတဲ့ ဝက်တွေသာ များတာပါပဲ။ ဝက်သတ်လိုင်စင်ရ တရုတ်တွေရဲ့ ကိုယ်စားလှယ်တွေက သည်လို အရပ်တကာ ရွာတကာ နယ်တကာ လျှောက်လှည့်ပြီး ဝယ်ကြတာပါပဲ။

အဲ … သည်အမေရိကားနိုင်ငံမှာတော့ ဘယ် ကျုပ်တို့လိုပုံစံနဲ့ မွေးလို့ရပါလိမ့်မလဲ။ တိရစ္ဆာန်ကိုတော့ မွေးထားပြီး အစာ ဝဝလင်လင် ကောင်းကောင်းမွန်မွန် မကျွေးပါဘူး၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပုပ်အစပ် ပိုးထိုးလောက်ကိုက်တွေ ကောက်ကျွေးပါတယ်။ သန့်သန့်ရှင်းရှင်းလဲ မထားပါဘူး။ တိမွေးကုဆရာဝန်နဲ့လဲ စနစ်တကျမှတ်ပုံတင်လား အချိန်မှန် ဆေးဝါးကုသလားလဲ မလုပ်ပါဘူး … ဆိုတဲ့ တိရစ္ဆာန် နှိပ်စက်ညှဉ်းပမ်းမှု ကာကွယ်ရေးပုဒ်မတွေနဲ့ တရားစွဲခံလိုက်ရ အဖမ်း အချုပ်ခံလိုက်ရမယ့်အမျိုး။ တရားဝင် မှတ်ပုံတင်ပြီး အာမခံ ထားလိုက်လို့၊ လျော်ကြေးပေးလိုက်လို့၊ ဒဏ်ငွေဆောင်လိုက်လို့ …၊ အမှုက ပြီးပြတ်သွားရင် တော်ရဲ့။ အခန့်မသင့်လို့များ တိရစ္ဆာန်တကောင်ကောင်မှာ  ကူးစက်ရောဂါ တစုံတရာ ရှာတွေ့သွားရင် … အဲဒါ သွားလေရော့ မီးခိုးမဆုံး မိုးမဆုံး။ ပိုင်ရှင် ထောင်ထဲအထိ ရောက်နိုင်တယ်။

ပြောရအုံးမယ်။ သည်အမေရိကားမှက တိရစ္ဆာန်မွေးမြူစောင့်ရှောက်ရေးနဲ့ပတ်သက်လို့ ဥပဒေစည်းကမ်းတွေ ရှိတယ်။ ပြီး နိုင်ငံတိုင်းမှာလိုပဲ s.p.c.a ဆိုတဲ့ တိရစ္ဆာန်နှပ်စက်ညှဉ်းပမ်းမှု ကာကွယ်ရေး ရဲတပ်ဖွဲ့ သီးသန့်ရှိတယ်။ တခြား မှုခင်းရဲတွေလို လက်နက်ကိုင် ယန္တရားတပ်ဖွဲ့ပဲ။ ရဲကားတွေ အချုပ်ကားတွေ တိရစ္ဆာန်နာတင်ကားတွေ သူနာပြုတွေနဲ့။ လမ်းကြို လမ်းကြားတွေကအစ အမြဲတမ်း ကင်းလှည့်နေကြတာ။ အဲ … မတော်လို့များ သနားကြင်နာတတ်တဲ့ တစုံတယောက်က သူတို့ကို လှမ်းဖုံးဆက်တိုင်ကြားလိုက်ရင် … ပိုင်ရှင်တော့ ရှင်းလေရော။ ဝလင်အောင် ကျွေးစရာ၊ ဆရာဝန်ပြ ဆေးကုသစရာ ပိုက်ဆံမတတ်နိုင်လို့ပါ … ဆိုတဲ့ လျှောက်လဲချက်လဲ လက်မခံဘူး။ အဲ နှိပ်စက်ညှဉ်းပမ်းမှုပဲ။ မတတ်နိုင်ရင် မွေးမထားနဲ့ပဲ။ သူတို့အဖွဲ့ကိုအကြောင်းကြားပြီး အပ်နှံရမယ်တဲ့။ ‘မုတ်ဆိတ်မွေးမနိုင်ပဲ ပဲကြီးဟင်း မသောက်နဲ့’ ဆိုသလိုပေါ့။ ပြတ်တယ်။
ဒါပေမယ့် ကျုပ်ရဲ့အိမ်နီးနားချင်းသူငယ်ကတော့ အဲလိုလူမျိုး မဟုတ်ပါဘူး။ သူ့ဝက်ကို သူ့သား သူ့ညီလို သဘောထား တာရယ်။ ပြီးတော့ တတ်နိုင်တယ်လေ …။ သူ့ဝက်ကို သူ့အိမ်ထဲက ကျုပ်တို့ခြံဘက်အခန်းမှာ သူကိုယ်တိုင်လိုပဲ သီးသန့် အခန်းနဲ့ ထားတာရယ်၊ ပြီး ညီအကိုနှစ်ယောက် ညစဉ်ညတိုင်း အိမ်ရှေ့ခန်းထဲမှာ ဘောလုံးလှိမ့်ကစားနေကြတာ မြင်နေရ တာပဲ။ ဘောလုံးကတော့ တင်းနစ်ဘောလုံး ထင်ပါရဲ့။ တခါတရံ ကြမ်းပြင်ပေါ်မှာ နပမ်းလုံးနေလား နေကြရဲ့။ အဲသလို တနာရီလောက် ဆော့ကြပြီးမှ လူရောဝက်ရော ရေမိုးချိုးပြီး ညနေစာ စားကြတာပဲ။ လူကတော့ စားပြီး မီးပိတ် အိပ်နေမှာပေါ့။ ဝက်ကတော့ တညလုံး တဆွတ်ဆွတ်နဲ့ စားနေသံ ကြားရတာပဲ။

အမှန်ကတော့ နေ့ဘက် ကိုယ့်လူအလုပ်သွားနေတုန်း တနေကုန် အခန်းတံခါးပိတ် ထားခဲ့တယ်ထင်ပါရဲ့။ ပြီး ညနေပြန်လာမှ သူ့အတွက်ရော ဝက်အတွက်ရော စားစရာပြင်ဆင်မယ်။ ပြီး ဘောလုံးနဲ့ ဆော့ကြမယ်။ နောက် ရေချိုးကြမယ်။ ပြီးမှ တဝ စားကြမယ်။ ။ ကြာတော့ ဝက်ကလဲ သည်အချိန်စာရင်းကို သိနေပြီပေါ့။ သူ့သခင် ပြန်လာမှ၊ ဘောလုံးကစားပြီးမှ အစာစား ရ မယ်ဆိုတာလဲ နားလည်နေပြီပေါ့။

အဲ … နွေရာသီရောက်တော့ အိမ်နောက်ဖက်က မြက်ခင်းပြင်မှာ … ငယ် လတ် ကြီး ဘောလုံးသုံးလုံး လိမ့်နေကြတာ ကျုပ် အတိုင်းသား မြင်ရပါတယ်။ ကျုပ်တို့ မြို့တွေထဲက လမ်းလယ်ကောင်မှာ ကစားတတ်ကြတဲ့ ကလေးဘောလုံးပွဲတွေမှာလိုမျိုး … ပိုက်တပ် ဂိုးတိုင်းအသေးစားကလေးတွေ တဖက်တချက် နေရာချထားလို့။ လူကတော့ ခြေတောက်နဲ့ တို့ တို့ပြီး လှိမ့်တာပေါ့လေ…။ အဲ … ဝက်ကတော့ နှုတ်သီးနဲ့ ထိုးလိုက် ကလော်လိုက်လိုက်ပေါ့။ သူဖက်ကိုယ်ဖက် မရှိ၊ ကြုံရာဂိုးပေါက်ထဲရောက်အောင် လု သွင်းကြတာပဲ။ သူ့ဝက်ကိုသူ အစားနဲ့ မျှားပြီး လေ့ကျင့်ထားတယ်နဲ့ တူပါရဲ့။ ဝက်ကလည်း လည်လှပြီ။ ဂိုးပေါက်ထဲ ဝင်သွားပြီဆိုရင် ညီအကိုနှစ်ယောက်လုံး ပျော်တဲ့ပုံနဲ့ မြက်ခင်းပေါ် လှဲအိပ်ချလိုက်ကြပြီး လူးကြလှိမ့်ကြတော့တာပဲ။

ဗဟုသုတ ပြောရအုံးမယ်။ သည်အမေရိကားမှာ pet show ဆိုတဲ့ အိမ်မွေးတိရစ္ဆာန် ခွေးတို့ ကြောင်တို့ရဲ့ ‘အလှပြပွဲ’ ‘အလှပြိုင်ပွဲ’ … တို့၊ pet star ဆိုတဲ့ အိမ်မွေးတိရစ္ဆာန် ‘အလိမ္မာပြိုင်ပွဲ’ … တို့၊ pet cop ဆိုတဲ့ အိမ်မွေးတိရစ္ဆာန် … ‘ထောက် လှမ်းရေးပြပွဲ’ … တို့ ဆိုတာတွေ ရှိတယ်။ (သည်မှာ မိုင်းဗုံးရှာတဲ့ စစ်ခွေးတို့ … မူးယစ်ဆေးဝါးနဲ့ တရားခံပြေးကို အနံ့ခံရှာတဲ့ ရဲခွေးတို့ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဘူး။) ကျုပ် tv တွေထဲမှာ မြင်ဖူးတာတော့ ရေခဲသေတ္တာတို့ ကြောင်အိမ်တံခါးတို့ကို ဖွင့်တတ်တဲ့ ကြောင်တို့လို့ … ဓာတ်ကြိုးတို့ သစ်ကိုင်းတို့ပေါ် လျှောက်ပြီး ငှက်သိုက်တွေလိုက်ရှာ ငှက်ဥတွေ ခိုးဖောက်စားတတ်တဲ့ ရှဥ့်တို့လို … သစ်ကြားသီးတို့ သစ်ဧည့်သီးတို့ကို ကိုက်ချီယူလာပြီး ဓာတ်ကြိုးပေါ်နား လမ်းမပေါ်လွှတ်ချ၊ မော်တော်ကားက တက်ကျိတ်သွားတော့မှ ဆင်း အထဲက အဆံကို ကောက်စားတဲ့ ကျီးကန်းတို့လို … စုံလို့ပါပဲ။ အဲဒါကတော့ pet smart တဲ့။ အိမ်မှာ မွေးထားကြတဲ့ တိရစ္ဆာန်တွေရဲ့ ပြပွဲပြိုင်ပွဲတွေပဲ။ ပြည်နယ်တကာ မြို့တကာ လှည့်ပြီး ပြပွဲပြိုင်ပွဲတွေလုပ် tv တွေရိုက်ပြီး ပြန်ရောင်းစားနေကြတာပဲ။

အဲသည်မှာ ကျုပ်ရဲ့အိမ်နီးနားချင်းသူငယ်က သူ့ဝက်နဲ့ပြိုင်ပွဲ ဝင်သတဲ့လေ …။ သည်နှစ် ဆန်းစက ohio ပြည်နယ် Cincinnati မြို့မှာလုပ်တဲ့ pet athlete တိရစ္ဆာန်အားကစားသမားပြပွဲပြိုင်ပွဲမှာ ကိုယ့်လူညီအကို သွားပြိုင်ခဲ့ကြတာ ပထမဆု ရခဲ့တယ်တဲ့။ မသေးဘူးနော်။ ပထက ဆုငွေ ဒေါ်လာနှစ်သောင်းငါးထောင်။ ကိုယ့်လူဟန်ကျလာတာပေါ့။ တိရစ္ဆာလဲ ချစ်တတ်၊ တိရစ္ဆာန် ကရိကထလဲ ခံနိုင်၊ အပင်ပန်းခံ လေ့ကျင်နိုင်တယ်လဲ ဆိုတော့ … တဖက်တလမ်းက ဝင်ငွေရတာပေါ့။

မသိပါဘူး။ ကျုပ်က ကိုယ့်လူ အပျော်တမ်း ဝါသနာပါလို့ မွေးထားတယ်ပဲ ထင်တာ။ စိတ်ထဲကလဲ ကျိတ်ပြီး ချီးမွမ်းနေမိတာ။ ဘာဟုတ်မှာလဲ …။ သူတို့ အမေရိကားမှာက ဒါလဲ အလုပ်တခုပဲကို။ ဒါကြောင့်လည်း နေရာတကာမှာ တိရစ္ဆာန်အလိမ္မာလေ့ကျင့်ရေးသင်တန်းတွေ ဖွင့်ထားကြတာကို။

 

သရုပ်ဖော် မောင်ရစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်