အေးဝင်း (လမင်းတရာ) – ခြင်္သေ့ကြီးနဲ့ကျနော်

March 2, 2016

 အေးဝင်း (လမင်းတရာ) – ခြင်္သေ့ကြီးနဲ့ကျနော်

(မိုးမခ) မတ်လ ၂၊ ၂၀၁၆

■ သဲကန္တာရမှာနေတဲ့ ခြင်္သေ့ကြီး
အမေရိကပြည်၊ နီဗားဒါးပြည်နယ်၊ လတ်စ်ဗေးဂါတ်စ်မှာ တကိုယ်တည်း စံမြန်းနေထိုင်တဲ့ စာရေးဆရာ မောင်သာရကို တွေ့ ဆုံ နှုတ်ဆက် စကားစမြည်ပြောဖို့ အရီဇိုးနားပြည်နယ်၊ ယူတာ ပြည်နယ်တို့ကို အလည်သွားရင်း အပြန်မှာ ဝင်ခဲ့တယ်။

သူ့ စာတွေကို ဖတ်ပြီး သူ့စာတွေနဲ့ ကိုယ်တို့ ကြီးခဲ့ရတာလေ။ သူ့ အရေးအသားတွေကို ကြိုက်လွန်းလို့ အတု ခိုးခဲ့တယ်။ က လေးဘဝကတည်းက သူ့စာတွေနဲ့ ရင်းနှီးခဲ့တဲ့ ‘မောင်သာရ’ ကို ကြီးမှ လူချင်းသိခဲ့ရတယ်။ ကိုယ်ထောင်ကနေ ထွက်ပြီး လမင်းတရာ လှုပ်ရှားတော့မှ သူ့နဲ့ သိခွင့်ကြုံရတယ်။

မဂိုလမ်းမှာ သူအနှိပ်လာခံလေ့ ရှိတယ်။ လမင်းတရာဆိုင် ဘေးခန်း အပေါ်ထပ် အနှိပ်ခန်းက အနှိပ်သည်ကြီးဟာ သူ့ဖေါက် သည်။ ဇနီးသည် မအိရယ် သားလေးရယ် သူနဲ့အတူ ပါလာတတ်တယ်။ သူ အနှိပ်ခန်းပေါ်တက်သွားရင် ကိုယ်က မအိနဲ့ က လေးကို ဧည့်ခံထားရတယ်။ သူ အနှိပ်ခန်းကပြန်ဆင်းလာရင် ကိုယ့်ဆိုင်မှာ ဆေးပြင်းလိပ်ကြီးခဲပြီး စကားလက်ဆုံ ကျတဲ့အ ခါ ကျလေ့ရှိတယ်။

တခါတလေ စာပေလောက ဆိုင်ရှေ့က သစ်သားကွပ်ပြစ်လေးမှာထိုင်၊ တခါတလေ သီလဝစာပေမှာထိုင် စကားစမြည် ပြောဖြစ်ကြတယ်။ သူက ပြောတာများတာပါပဲ။ သူ့ဆီက သူ့အတွေ့အကြုံတွေ နာယူရတယ်။

ထိုင်းကို သူရောက်လာတော့ ဘန်ကောက်ရောက်ပြီး နောက်တနေ့မှာပဲ သူနဲ့ တယ်လီဖုံး ပြောဖြစ်တယ်။ မကြာမကြာလည်း သူနဲ့ ဖုံးစကားပြောဖြစ်တယ်။

ပထမဆုံး ထိုင်းကို ကိုယ်ပြန်အလည်သွားတဲ့ အခေါက်မှာ ကိုယ်တည်းတဲ့ ဟိုတယ်ခန်းကနေ မြစ်တဘက်ကမ်းက သူ့ဆီကို ကိုယ်ဖုံးခေါ်လို့ အတော်ကြာကြာ စကားပြောဖြစ်သေးတယ်။ သူ့ကို ကိုယ်က ထိုင်းရောက်နေတယ် မပြောတော့ သူ့စိတ်ထဲမှာ အမေရိကကနေ ကိုယ်ဖုံးခေါ်နေတယ်ပဲ ထင်တာ။ ငါသာ မင်းဆီကို အခုလိုခေါ်ရရင် မွဲရချည်ရဲ့လို့ သူ ပြောသေးတယ်။

သူနဲ့ စကားပြောရတာ သူ့ဆီက နားထောင်ရတာတွေ ကိုယ် အရမ်းကြိုက်တယ်။

ခုတခေါက် မော်ကြီးနဲ့ ကိုယ်ခရီးထွက်ဖို့ တိုင်ပင်ကြတော့ သူ့ဆီ သွားကြရအောင်လို့ … ကိုယ်တို့ ခရီးစဉ်ဆွဲကတည်းက ထည့်ဆွဲခဲ့ကြတယ်။

ခရီးစဉ်ကအပြန်လမ်း ကိုယ်တို့ Nevada ပြည်နယ်၊ Las Vegas မှာ တညအိပ်တယ်။ သူနေတာက Las Vegas တရုပ်တန်း ရှိတဲ့ လမ်းမကြီးပေါ်မှာပဲ….။

Utah ကနေ ခရီးဝေး မောင်းလာကြပြီး Las Vegas ရောက်မှ ကိုယ်တို့ ထိုင်းဆိုင်မှာ မနက်စာ စားတယ်။ စားပြီးတော့ သူ့ဆီ ကို ဖုံးဆက်တယ်။ ရောက်ပြီ၊ ဘာစားချင်လဲ ဘာဝယ်လာပေးရမလဲ မေးတော့ ငါက ဘာမှသိပ်မစားနိုင်ဘူး။ လေးထောင့် တရုတ်ပဲမုန့် နည်းနည်းပါးပါး ဝယ်လာခဲ့ဖို့ သူပြောတယ်။

ရောက်တော့ အိမ်တံခါး ဘဲလ်တီးလိုက်တာ စက်နဲ့သွားတဲ့ ဘီးတပ်ကုလားထိုင်နဲ့ သူကိုယ်တိုင်ပဲ တံခါးလာ ဖွင့်တယ်။ သူ တယောက်တည်း နေတယ်။ nurse နှစ်ယောက် နေတိုင်းလာတယ်။ တယောက်က သူ့ ကျန်းမာရေးကို ဆောင်ရွက်တယ်။ တယောက်က in-home service လို့ ခေါ်တယ်။ တနေ့ ၃ နာရီ လာလုပ်ပေးရတယ်။ အိမ်သန့်ရှင်းရေး နဲ့ ဝေယျာဝစ္စ ဆောင် ရွက်တယ်။

သူ့ ကျန်းမာရေး အခြေအနေတွေ ပြောပြတယ်။

ဟိုးတုန်း ကတည်းက သူ့မှာ အက်စမာ လည်းရှိတယ်။ သူ့ရောဂါက COPD ( Chronic Obstructive Pulmonary Disease ) ဖြစ်တယ်။ ခုဆို အဆုပ်က လေးဆယ်ရာနှုန်းပဲ အလုပ်လုပ်တော့တယ်။ အသက်ရှူဖို့ခက်ခဲပြီး မောလာရင် inhaler နဲ့ မှုတ် ရတယ်။ အိပ်ကပ်ထဲမှာ အမြဲဆောင်ထားရတယ်။ ဆရာက တနေ့ သုံးခါလောက် မှုတ်ရတယ် ပြောတယ်။

နှလုံးရောဂါက အခု အခြေအနေဆိုးလာတယ်။ နှလုံးမှာတပ်ထားတဲ့ pacemaker က ကောင်းကောင်း အလုပ် မလုပ် တော့ ဘူး။ ဆရာဝန်တွေ vacation သွားနေလို့ ပြန်လာရင် သူတို့ ကြည့်ပြီး ပြန်ခွဲရင်လည်း ခွဲရမယ် ပြောတယ်။

ဆီးချိုက ပေါ်လာတာ မကြာသေးဘူး။ ဆေးထိုး ဆေးသောက်အဆင့် မရောက်သေးဘူး။ အချိုရှောင်၊ အစားအသောက် ဂရုစိုက်ရုံပဲ။ ဒါကြောင့် သူ့ကို ဘာစားမလဲ ဆန်ပြုတ်တို့ ဘာတို့ စားမလားဆိုတော့ ဆန်ပြုလည်း သူ မစားချင်ဘူး ပြောတာ။ ensure လိုမျိုး boost သေတ္တာတွေ သူပြတယ်။ ငါက အစားမှ မစားနိုင်ပဲ ဒါတွေပဲ သောက်ရတာတဲ့။ တနေ့ သုံးလုံး သူ သောက်တယ် ပြောတယ်။

သူ့ အိပ်ထဲက လက်ညှိုးမှာ စွပ်ပြီး တိုင်းရတဲ့ စက်ကလေးနဲ့ သူတိုင်းပြတယ်။ မင်းလက်ညှိုးပေးဆိုပြီး ကိုယ့်ကိုတိုင်းပေးတယ်။ မော်ကြိးကိုလည်း တိုင်းပေးတယ်။

စက်တပ်ကုလားထိုင်ရဲ့ လက်ရမ်းက ခလုပ်နဲ့ ဂီယာကို TV game ကစားသလို သွက်သွက်လက်လက် တွန်းလိုက် ရွှေ့လိုက်နဲ့ အိမ်ထဲမှာ ကားတစီးနဲ့ လျှောက်သွားနေသလိုပဲ။ စကားပြောရတာ မောတော့ သူ နားနားပြီး ပြောရတယ်။ အသက်က ၈၄ နှစ်ရှိနေပေမယ့် ခြင်္သေ့ကြီးက အားမာန်မကျဘူး။ စိတ်ဓါတ်မကျဘူး။

Nevada ပြည်နယ် သဲကန္တာရက ခြင်္သေ့ကြီးလို့ပဲ ခေါ်လိုက်ချင်ပါတယ်။

အေးဝင်း (လမင်းတရာ)
၃၀ ရက်နေ့ ဒီဇင်ဘာ ၂၀၁၄ ခု။

—-

■ ခြင်္သေ့ကြီးနဲ့ စကားစမြည်
ပထမ သူနဲ့ ပြောကြတော့ (သူချည်းပြောတာ) သူ့ရဲ့ကျန်းမာရေး အခြေအနေ။ သေသေချာချာ ကျနော်တို့ကို ပြောပြတယ်။ သူက အစကတည်းက သူ့ကျန်းမာရေးကို တော်တော် ဂရုစိုက်တယ်။ ကိုယ့် လမင်းတရာမှာ အလုပ်လုပ်တဲ့ ကိုအောင်သောင်း ဆုံးတော့ ကိုအောင်သောင်းဟာ သူ့ကိုယ်တိုင်မှာ နှလုံးရောဂါ ရှိနေမှန်းမသိပဲ နှလုံးရောဂါနဲ့ဆုံးတာ။ ဆရာက ကိုယ့်ဆိုင်ကို လာတော့ ဒီသတင်းကိုကြားပြီး မချိတင်ကဲနဲ့ အော် .. အောင်းသောင်းနှယ်ကွာ..၊ စာအုပ်တွေ အများကြီး ကိုယ့်အနားမှာ ရှိပြီး၊ ကျန်းမာရေးဗဟုသုတ မရှိရ ကောင်းလားလို့…..။

 

ပထမဆုံးတခေါက် သူ LA ကို လာတုန်းက ကိုဘီဟန်စိန်ဆီမှာတည်းတယ်။ ကိုယ်နဲ့ မတွေ့လိုက်ရဘူး။ ဖုံးနဲ့ပဲ စကားပြော ရတာ။ ကိုဘီဟန်စိန်နေတဲ့ LA မြို့ထဲက commonwealth အရပ်မှာ၊ သူ့အခန်းမှာ သူတယောက်တည်း။ ကိုယ့်ကို လာခဲ့ဖို့ ခေါ်တယ်။ ညဘက်ဆို ကိုယ်က freeway မမောင်းနိုင်၊ downtown ကလည်း မသွားတတ်တာနဲ့မို့ မတွေ့လိုက်ရဘူး။

ဒုတိယခေါက်ကျတော့ ဆရာစွမ်းရယ်၊ ဆရာဂျမ်းရယ် သူရယ် Baldwin Park က ဘုန်းကြီးလေး ကျောင်းမှာ တည်းတယ်။ LA က သူတို့ကို စာပေဟောပြောပွဲ ဖိတ်လို့….။ ဘုန်းကြီး ကျောင်းမှာ သူနဲ့ သွားတာ။ ချောဆွဲခံရတယ်။ ဟောပြောပွဲစီစဉ်သူ ကိုမြဝင်း (NLD အင်္ဂပူအမတ်) တို့က အကူအညီတောင်းလို့ သူတို့ ဟောပြောပွဲ လုပ်မယ့်နေရာမှာ ဆရာတွေကို ပို့ပေးရ တယ်….။ သူက ကိုမြဝင်းတို့ ကားနဲ့ ဟောပြောမယ့်နေရာကို သွားနှင့်တယ်။ ကိုယ်တို့က ဆရာမောင်စွမ်းရည်နဲ့ ဆရာဦးတင် မိုးကိုတင်ပြီး နောက်က လိုက်ရတယ်။

သူက အချိန်နဲ့ ဇယားနဲ့ တိတိကျကျ လုပ်တဲ့သူ။ သူ့မှာ ဆေးသောက်ဖို့ အချိန်ရောက်နေပြီ diet coke နဲ့ ဆေးသောက်မှာကို စီစဉ်သူတွေက စီစဉ်ပေးမယ်ပြောပြီး မေ့နေတယ်။ ဟောပြောပွဲ လုပ်မယ့်နေရာမှာ သူ့ကို သစ်ပင်တပင် အောက်မှာ ကုလား ထိုင်တလုံးနဲ့ ထိုင်ခိုင်းထားတာ ကိုယ်ရောက်သွားတော့ တွေ့တယ်။ ဒီကောင်တွေ လူကြီးကို ညာတယ်ဆိုပြီး ဗြစ်တောက်ဗြစ် တောက်လုပ်နေလို့ မပူနဲ့ဆရာ ကျနော် ရှာပေးမယ်ပြောပြီး အနားက ဓါတ်ဆီဆိုင်က diet coke တလုံးပြေးဝယ်ပြီး ပေးခဲ့ရ တယ်။ ဟောပြောပွဲတော့ နားမထောင် ဖြစ်ခဲ့ဘူး။

ဟောပြောပွဲ မသွားခင် ဘုန်းကြီးကျောင်းမှာ စကားတွေ ပြောကြတော့ သူ့ပုံက အရင်အတိုင်း။ စွပ်ကျယ်အင်္ကျီ ဂျိုင်းပြတ်နဲ့ ဘုန်းကြီးကျောင်းက ထမင်းစာခန်းမှာ ကိုယ်တို့ စကားပြောတယ်။

ခု တတိယ တခါ တွေ့တော့ Las Vegas, Destination Valley View senior Living မှာ ဖြစ်တယ်။ စက်တပ် wheelchair နဲ့ သူကိုယ်တိုင် တံခါ လာဖွင့်တယ်။ အေးတဲ့ ရာသီမို့ အနွေးအင်္ကျီ အထပ်ထပ် ထူထူထဲထဲနဲ့။ အိမ်ထဲမှာလည်း heater က ဖွင့်ထားသေးတယ်။

“ဒီမှာ… အေးဝင်းရ၊ ခုခေတ်လူငယ်တွေက စာမဖတ်ကြတာ များတယ်။ မောင်သာရ ဆိုတာ ဘာမှန်း မသိကြတော့ဘူး……” တဲ့။

သူ့ စာပေ အမြင်တွေကို အခုလို အစချီလိုက်တယ်။

” ငါက.. realism ကို ရေးတာ၊ လူတွေအကြောင်းကို ရေးတာ။ Taxi driver အကြောင်း၊ ငါးစိမ်းသည်အကြောင်း၊ တောပြန် လက်နက်ချအကြောင်း စသဖြင့်ပေါ့ကွာ…….။ ခု ဗမာပြည်နဲ့ ဝေးနေတော့ အဲဒီကအကြောင်းတွေ သိတ်မသိတော့ဘူး။ သိပ် မသိတော့ဘူးဆိုတာ သူများပြောတာ၊ စာတွေထဲ ဖတ်ရတာလောက်ပဲ သိတော့တာ ပေါ့ကွာ။ ငါအခု ဒီမှာနေတယ်။ ဒီကလူ တွေပဲ ငါမြင်တော့ ဒီကအကြောင်းပဲ ရေးရတာ…. ”

‘ကိုဝင်းငြိမ်းကတော့ သူ့မဂ္ဂဇင်းမှာ ထည့်ပေးရှာပါတယ်။ ကောလိပ်ကျောင်းသူလေးတွေ ဖော်ချွတ်ပြီးကတဲ့ club တွေမှာ အလုပ်လုပ်ပြီး ကျောင်းစရိတ်ရှာတဲ့အကြောင်းရေးတာ… ထုတ်ဝေသူတယောက်က မထုတ်ရဲဘူးကွ…. ‘

ဗမာပြည်မှာ ထုတ်တဲ့ သူ့ဝတ္ထုတိုတွေ ၄ – ၅ ခု ပေါင်းထားတဲ့ စာအုပ်အကြောင်း ပြောတယ်။

‘ဘယ်မှာလဲ – ပေးလေ.. ‘ ဆိုတော့

‘..မရှိတော့ဘူး၊ ၄ – ၅ နှစ် ရှိပြီပဲ မင်းနောက်ကျသွားပြီ…’ တဲ့။ ခဏနေတော့ မော်ကြီးကို ငါမမှီလို့ ငါ့ကို တခုကူညီစမ်းဆိုပြီး သူ့အခန်းထဲက စင်ပေါ်က စာအုပ်တအုပ်ကို ယူခိုင်းပြီး ပေးတယ်။

‘လက်မှတ် ထိုးအုန်းလေ…’ ပြောတော့၊

‘..မထိုးဘူး မင်းတို့ နှစ်ယောက် လှည့်ဖတ်ကြ….’ ဆိုပဲ…။

ဒင်းက နှစ်အုပ်ပေးရမှာ ကပ်စည်းကုပ်ပြီး.. တအုပ်ထဲကို နှစ်ယောက် လှည့်ဖတ်ခိုင်းတယ်။ တော်တော် ဟုတ်တယ်။

ဆရာဟာ သူရောက်လေရာနေရာမှာ ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် လေ့လာတယ်။ သူမြင်သမျှကို ပြတ်ပြတ်သားသား ရေးတတ်တယ်။ ဒါကြောင့်လည်း စာပေစိစစ်ရေးတွေ လက်စောင်းထက်နေချိန်မှာ သူစာတွေဟာ ကောင်းကောင်းအပင် ပေါက်ခွင့် မရခဲ့ဘူး။ ဆရာကလည်း စာပေစိစစ်ရေးရုံးမှာ ထုတ်ဝေသူက စာမူသွားတင်ရင် သူကိုယ်တိုင် လိုက်တယ်။ စာအုပ် နာမည်ခေါင်းစဉ်အပို လေးငါးခုကိုလည်း သူ့အိပ်ကပ်ထဲ ဆောင်သွားတယ်။

စိစစ်ရုံးက ငနဲတွေက ‘ဟာ… ဆရာ့ခေါင်းစဉ်ကြီးကလဲ’ ဆိုရင် ‘ဟေ့ကောင် ဒီလိုဆိုရင်ကော’ ဆိုပြီး တခု ထပ်ပေးတယ်။ ‘အင်း .. ဒါလဲ ဘာထူးလဲ ခုန ဟာနဲ့…’ လို့ ဆိုလာရင်…၊ ‘ဒါရောကွ.. ‘ ဆိုပြီး သူ့အိပ်ကပ်ထဲကနေ မျက်လှည့်ဆရာ အိတ်လို တခုပြီး တခု လာထုတ်တယ်။

ဗမာပြည်မှာတုန်းက သူ့ရဲ့မုန့်လုံးစက္ကူကပ်ဇာတ်လမ်းဆိုတဲ့စာအုပ် ကိုယ့်ကိုလက်ဆောင်ပေးတုန်းက အဲဒီစာအုပ်ရဲ့ခေါင်း စည်း ရာဇဝင်ကို စာအုပ်နောက်ကျောမှာ ရေးပေးလိုက်တယ်။

‘တံတွေးဆွတ်ပြီး ညီညွတ်ကြအုံးစို့’

‘ခုဆီထမင်း ခုစာကလေးကြော်’

‘စောင့်ကြည့်ရဦးမည်ဖြစ်ပေသတည်း’

‘မုန့်လုံးစက္ကူကပ်’

တခုပြီးတခု ဈေးဆစ်ကြတာ။ – ဇာတ်လမ်း -ဆိုတာလေးကို ‘မုန့်လုံးစက္ကူကပ်’ နောက်မှာ ထည့်ပေးလိုက်မှ စိစစ်ရေးက ဘဝင်ကျသွားတယ် လို့ သူပြောပြတယ်။

သူနဲ့ အခုတခေါက် ပြန်တွေ့တော့ သူ့ကို ကိုယ်က ပြောပြတယ်။ ‘ဆရာရယ်… ဆရာပြောတဲ့ စကားတခု ကျနော် ဒီနေ့ထိ အမှတ်ရနေတုန်း၊ ဒီစကားဟာ အသုံးလည်း တည့်နေတုန်း….’ ဆိုတော့၊ ‘ဘာလဲကွ..’တဲ့။ ‘သြော်… ဆရာပြောတာလေ……ဟေ့ကောင် မောင်အေးဝင်း မင်း မှတ်ထား.. အရက်ဆိုင်မှာ ဘယ်တော့မှ ထမင်းမစားနဲ့၊ ထမင်းဆိုင်မှာ ဘယ်တော့မှ အရက်မသောက်နဲ့…..’ တဲ့။ သူက အရက် မသောက်ဘူး။ ဒါပေမယ့် အစားကောင်းကောင်း စားတတ်တော့ အဲဒီကောက်ချက် ကို သူ ထုတ်ထားပုံ ရတယ်။ အဲဒါပြန်ပြောပြတော့ သူ ပြုံးပြီး ‘မင်းဟာ ကြံဖန် မှတ်ထားတတ်တယ်ကွာ’ တဲ့။

သူ့မှာ စာမျက်နှာ တထောင်ကျော်တဲ့ ဝတ္ထုကြီးတအုပ် ရေးထားတာ ရှိတယ်။ အမေရိကနေတော့ ဒီကလူတွေ အကြောင်း ရေးထားတာ။ သူ့ထုံးစံအတိုင်း စေ့စေ့စပ်စပ် သေသေချာချာ လေ့လာပြီး ရေးထားတဲ့ realism ဝတ္ထုကြီးပဲ။ သူမသေခင် hard cover နဲ့ jacket နဲ့ ခန့်ခန့်ညားညား ထုတ်သွားချင်တယ်လို့ ပြောတယ်။ ခုတော့ ကုန်ကျစရိတ် တွက်ချက်နေတုန်း။

အေးဝင်း (လမင်းတရာ)
၁ ရက်နေ့ မတ် ၂၀၁၆ ခု။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to အေးဝင်း (လမင်းတရာ) – ခြင်္သေ့ကြီးနဲ့ကျနော်

  1. Catwoman on March 3, 2016 at 9:40 am

    We want to read that book

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်