fbpx

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၅)

March 10, 2016

မောင်မောင်စိုး – မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ – အပိုင်း (၅)
(မိုးမခ) မတ် ၁၀၊ ၂၀၁၆

● UWSA ၏ တိုက်ရည်ခိုက်ရည်
UWSA ၏ လက်ရှိတပ်သားသစ်များကတော့ တိုက်ပွဲအတွေ့အကြုံ ရှိဟန်မတူပေ။ သို့သော် UWSA ထိပ်ပိုင်းခေါင်းဆောင် များနှင့် အဆင့်ဆင့်တပ်မှူးများကတော့ CPB ခေတ်က တိုက်ပွဲကြီးငယ် များစွာတိုက်ဖူးသည့် အတွေ့အကြုံရှိကြသည်။

ပန်ကော် ချူးရွှေ ပါဖန် နောင်လိုင် မန်မန်းဆိုင်ပန်မကောက် ၁၈၃၇ စသည့် တိုက်ပွဲကြီးများတွင်ပါဝင်ဖူးရာ စခန်းသိမ်းတိုက် ပွဲကြီးများ လှုပ်ရှားစစ်မြူတိုက်ခိုက်ခံခြင်းများ မင်းရန်အောင်ကဲ့သို့ မြန်မာစစ်ဖက်၏ထိုးစစ်များကို တွေ့ကြုံခဲ့ဖူးကြ၍ စစ်ရည် ဝသူများဟု ဆိုနိုင်သည်။

ထို့ပြင်တောင်တန်းဒေသများတွင် အကျွမ်းတဝင်ရှိပြီး ဝ လူမျိုးများကို စည်းရုံးသိမ်းသွင်းထားနိုင်သည်။ နောက်ပိုင်းတပ် သားသစ်များအဖို့ စစ်ရေး အတွေ့အကြုံမရှိသေးသော်လည်း သူတို့၏ အားသာချက်ဖြစ်သည့် မျိုးနွယ်စုဝင်ခေါင်းဆောင်များ၏ အမိန့်ကို တသွေမတိမ်းလိုက်နာခြင်းသည် UWSA ဝ တပ်ဖွဲ့အတွက် အားသာချက်ဖြစ်သည်။

မြန်မာစစ်ဖက်နှင့်ယှဉ်လျှင် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူတွင် အားနဲသည်ဟု ဆိုရမည်။ သို့သော် UWSA နှင့် NDAA တို့သည် ၂၀၀၉ စစ်ရေးတင်းမာဖြစ်ပွားပြီးနောက်ပိုင်း တောင်ဖက်မိုင်းယောင်းမှသည် မြောက်ဖက် ကိုးကန့် ချင်းရွှေ ဟော်အနီး နန့်တိန်းချောင်းအထိ ၎င်းတို့ချုပ်ကိုင်ရာ နယ်မြေတလျောက် အင်္ဂတေဘန်ကာများ အမြောက်အများတည် ဆောက်ခဲ့သည်ဟုဆိုသည်။ ထိုကတုတ်ကျင်းများတွင် overhead အမိုးအား တစ်မီတာခန့်ထူသော ဘိလပ်မြေသံကူ ကွန် က ရစ်များဖြင့်ပြုလုပ်ထားပြီး ပေါင် ၅၀၀ ဗုံးများ နှင့်၁၅၅ အမြောက်ဆံဒဏ်ကိုခံနိုင်ရန် ရည်ရွယ်ဆောက်လုပ်ထားသည်ဟုဆိုပါသည်။ အချို့နေရာများသည် ကွေ့ကောက်နေသော တရုတ်နယ်စပ်နှင့်နီးသဖြင့် တရုတ်ပြည်၏သဘောတူညီချက်မရဘဲ လေကြောင်းမှတိုက်ခိုက်ရန်ခက်ခဲပေသည်။ မြေပြင်သတင်းများအရ UWSA နှင့် NDAA တို့သည်အဆိုပါ ဘန်ကာ ကတုတ် ကျင်းများဆောက်လုပ်ရာတွင် ငွေကြေး အမြောက်အများ အကုန်အကျခံ၍သုံးစွဲထားသည်ဟု ဆိုပါသည်။

● UWSA နှင့် မြန်မာစစ်ဖက် ဆက်ဆံရေး
၁၉၈၉ တွင် နဝတစစ်ခေါင်းဆောင်များနှင့် UWSA တို့အပစ်ရပ်၍ ငြိမ်းချမ်းရေးရယူကြသည်။ သို့သော် အဆိုပါငြိမ်းချမ်းရေးဆို ရာ၌ မည်သည့်အနာဂါတ် နိုင်ငံရေးသဘောတူညီချက်များ မပါဝင်ခဲ့ပေ။ မည်သို့ဆိုစေ ထိုငြိမ်းချမ်းရေးသည် အ တော်ကြာ တည်တန့်ခဲ့သည်ဟု ဆိုရမည်။ ပဋိပက္ခအငယ်လေးများမှလွဲ၍ ပြန်လည်တိုက်ခိုက်ကြခြင်းအထိတော့ မဖြစ်ခဲ့ပေ။

ထိုငြိမ်းချမ်းရေးကာလအတွင်း UWSA သည် ဝ နယ်အုပ်ချုပ်ရေးအား သူတို့လက်တွင်း၌သာထားရှိခဲ့သည်။ သူတို့နယ်မြေ လုံခြုံရေးအတွက် သူတို့တပ်များကိုပင် ချထားခဲ့သည်။ အစိုးရတပ်များအနေနှင့် ကိုးကန့်ဒေသကဲ့သို့ အစိုးရတပ်များ တ ဖြည်း ဖြည်းတိုးချဲ့ဝင်ရောက်ခြင်းကို ခွင့်မပြုခဲ့ပေ။ အစိုးရအမှုထမ်းဟူ၍ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများကိုသာ ဝင် ရောက်တာဝန်ယူခဲ့ပြုခဲ့သည်။

UWSA နှင့်မြန်မာစစ်ဖက်သည် အစောပိုင်းကာလများက ဆက်ဆံရေးကောင်းခဲ့သည်။ UWSA ခေါင်းဆောင်များလည်း ပြည်မသို့အသွား အလာများခဲ့သည်။ သို့သော် UWSA ခေါင်းဆောင်များအဖို့ စိုးရိမ်သတိထားစရာလေးတခုပေါ်လာသည် ဟုဆိုရမည်။

ထိုအချင်းအရာမှ ဝ နယ်တွင်ဖြစ်ပျက်ခဲ့ခြင်းမဟုတ်ဘဲ ၂၀၀၀ ခုနှစ်အောက်တိုဘာလခန့်က သံလွင်မြစ်အနောက်ဖက်ကမ်း မုန်လုံခေါ်ဟေမုန်လုံတွင် ဖြစ်ပွားသောအဖြစ်အပျက်တခုကြောင့်ဖြစ်သည်။ ထိုဒေသသည် ကိုးကန့်အဖွဲ့မှ ခွဲထွက်ထားသော မုန်ဆာလဦးစီး MDA ခေါ် မုန်းကိုး ကာကွယ်ရေးတပ်ဒေသဖြစ်သည်။ ထိုမုန်ဆာလအဖွဲ့အတွင်း အကွဲအပြဲများဖြစ်ရာ မုန်ဆာလနှင့် ဇော်လ စသည့် ထိပ်ပိုင်းခေါင်းဆောင်များဖမ်းဆီးခံရသည်။ ထိုအဖွဲ့မှ အဓိက စစ်ရေးခေါင်းဆောင်ဖြစ်သော လင်ညီမိန်း ခေါ် လင်နမင် ဦးစီးအင်အား ၁၀၀ ကျော်ခန့်နှင့် မြန်မာစစ်ဖက်တို့ မုန်လုံရွာတွင်တွေ့ဆုံဆွေးနွေးကြသည်။ ဆွေးနွေးပွဲ ကျေလည်မှုမရဟု ဆိုကြသည်။

ဤဖြစ်ရပ်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ပြောဆိုမှု ၂ ခုထွက်သည်။ ပထမတခုကတော့ မုန်လုံဆွေးနွေးပွဲ မပြတ်သေး၍ မုန်လုံရွာထဲတွင်စောင့်စားနေသော လင်ညီမိန်းတို့၏တပ်ကို မြန်မာစစ်ဖက်မှ ဝင်ရောက်တိုက်ခိုက်ရာ အားလုံးသေဆုံး သွားရသည်ဟုဆိုသည်။ တခြားတဖက်မှမူဆွေးနွေးပွဲပျက်သွားမှ မြန်မာစစ်ဖက်မှဝင်တိုက်၍ လင်ညီမိန်းတို့အဖွဲ့ကျဆုံးသည် ဟုဆိုသည်။

ထိုစစ်ဆင်ရေးကိုဦးစီးသူများကတော့ ရမခတိုင်းမှူး ဗိုလ်ချုပ်သီဟသူရတင်အောင်မြင့်ဦး (ဒုသမတမှ နှုတ်ထွက်သွားသူ) နှင့် စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ်မြင့်လှိုင် (လယ်/ဆည်ဝန်ကြီး) တို့ဖြစ်ကြသည်။ မည်သို့ဆိုစေ ဤအငြင်းပွားဖွယ်ရဖြစ် ရပ်အတွင်း လင်ညီမိန်းနှင့် အင်အား ၁၀၀ ကျော်သေဆုံးသွားသည်ကတော့ ဖြစ်ရပ်မှန်ဖြစ်သည်။

UWSA ဝ ခေါင်းဆောင်များသတိပြုစရာဖြစ်သွားသည်ကတော့ သေဆုံးသူခေါင်းဆောင်တစ်ဦးဖြစ်သူ လင်ညီမိန်းမှာ ဝ လူ မျိုးတစ်ဦးဖြစ်ပြီး CPB အရှေ့မြောက်ခေတ်ကာလက ရင်း ၄၀၄၈၏ တပ်ရင်းမှူးဖြစ်ပြီး လက်ရှိ UWSA ဝ ခေါင်းဆောင်များ နှင့် ခေတ်ပြိုင်တစ်ဦးဖြစ်သည်။

အခင်းဖြစ်ပွားရာ မုန်လုံရွာသည် မုန်လုံတောင်ကြီး၏ တောင်ခါးပမ်း ဆင်ခြေလျောတွင်ရှိသည်။ ရွာ၏မြောက်ဖက် မျက်နှာ ချင်းတောင်သည် တရုတ်ပိုင်နက်ဖြစ်ပြီး ဘန်ဒတ်ဟူသောကျေးရွာတရွာရှိသည်။ တရုတ်နယ်ခြားစောင့်ရဲကင်းလည်းရှိ သည်။ ထိုတရုတ်ပိုင်ရွာမှ မုန်လုံရွာတွင်းကိုကြည့်လျှင် ရှင်းလင်းစွာမြင်နိုင်သည်။ သို့ဖြင့် ဤအဖြစ်အပျက်သည် တရုတ်နယ် စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသို့ လျင်မြန်စွာပျံ့နှံ့သွားပေတော့သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ဆက်ဆံရေးတွင် ယုံကြည်မှုတည်ဆောက်ရေးသည် အရေးကြီးသည်။ ယုံကြည်မှု ပျက်ပြားပြီး သံသယဝင်ပါက လုပ်ရကိုင်ပိုမိုခက်ခဲသွားတော့သည်။ ဤသည်မှစ၍ UWSA အဖွဲ့အဓိခေါင်းဆောင်များ အသွားအလာ နည်းသွားတော့သည်။ ၂၀၀၅ နောက်ပိုင်းငြိမ်းချမ်းရေးယူထားသော SSPP ခေါင်းဆောင်တဦးဖြစ်သူ စဝ်ဆေ ထင်အား အစိုးရမှဖမ်းဆီး၍ နှစ်ရှည်ထောင်ချလိုက်သေးသည်။ ထို့နောက်တွင် UWSA ထိပ်ပိုင်းခေါင်းဆောင်များ ပြည်မသို့ မလာသလောက်ဖြစ်သွားခဲ့သည်။ ဆက်သွယ်ရေးတာဝန်ရှိသူများသာလာတော့သည်။ UWSA ခေါင်းဆောင်များ သတိကြီး စွာ ထားသွားပုံရသည်။

အဖွဲ့အစည်းအနေနှင့်တင်းမာမှုမှာ ၂၀၀၉ မှစတင်သည်။ နအဖအစိုးရမှ UWSA အား BGF နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး တောင်းဆိုခဲ့သကဲ့သို့ ရှမ်းပြည်တောင်ပိုင်း လွယ်လန်းဒေသမှထွက်ခွာပေးရန် တောင်းဆိုလာရာ UWSA မှ ပယ်ချ လိုက်ပြီး နောက် မြန်မာစစ်ဖက်နှင့် UWSA တို့ကြား တင်းမာမှုများစတင်တော့သည်။

ဤသို့ စစ်ရေးအရတင်းမာမှုများမြင့်တက်လာသည့်အချိန်တွင် အလားတူ BGF ဖွဲ့စည်းရေးကိုလက်မခံသည့် ကိုးကန့်အဖွဲ့ MNDAA အား မြန်မာစစ်ဖက်မှ အင်အားသုံးဖယ်ရှားခဲ့ရာ UWSA အတွက် သတိကြီးကြီးထားစရာ အချက်ပေးခေါင်းလောင်းသံဖြစ်ခဲ့သည်။

သို့ဖြစ်ရာ စစ်ရေးတင်းမာမှုများဖြစ်လာပြီးဝ နယ်တွင်းရှိ ပညာရေး ကျန်းမာရေးဆိုင်ရာ အမှုထမ်းများ ပြန်လည်ထွက်ခွာရ သည်အထိ ဖြစ်သွားခဲ့သည်။

အဆိုပါစစ်ရေးတင်းမာမှုများလျှော့ချရန်အတွက် ဆွေးနွေးပွဲများကို ခက်ခဲစွာကျင်းပခဲ့ရသည်။ အဆိုပါဆွေးနွေးပွဲများဖြစ် မြောက်၍ စစ်ရေးတင်းမာမှုများလျော့ကျအောင် တရုတ်မှ ကြားဝင်ပေးခဲ့သည်ဟုဆိုသည်။ တန့်ယန်းတွင် ဆွေးနွေးပွဲဖြစ် မြောက်ရန် UWSA ခေါင်းဆောင်များနှင့်အတူ တရုတ်ကိုယ်စားလှယ်ပါလိုက်ပါခဲ့ပြီး ဆွေးနွေးပွဲလာသည့် ဝ ခေါင်းဆောင် များ၏လုံခြုံမှုအာမခံချက်ပေးရသည်အထိ ယုံကြည်မှုပျက်ပြားခဲ့သည်။

၂၀၁၀ နောက်ပိုင်းစစ်ရေးတင်းမာမှုများ လျော့ကျခဲ့သည်။ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများဝ ဒေသသို့ပြန်လွှတ်စေ ခဲ့သော်လည်း UWSA ဘက်မှအေးစက်သွားပြီး ယုံကြည်မှုပျောက်ဆုံးသွားပုံပေါ်သည်ဟု ယူဆရပါသည်။

၂၀၁၅ နှစ်ဆန်း ကိုးကန်းစစ်ပွဲဖြစ်ပွားလာသောအခါ ကိုးကန့်အဖွဲ့အားကူညီရာတွင် UWSA နှင့် NDAA မိုင်းလားအဖွဲ့တို့ ပါဝင်သည်ဟု မြန်မာစစ်ဖက်မှစွပ်စွဲခဲ့ပြီးနောက် ၎င်းအဖွဲ့များကငြင်းဆန်ခဲ့ပြီး တင်းမာမှုအနည်းငယ်ဖြစ်ပွားခဲ့သည်။ ကျိုင်း တုံမှ မိုင်းလားသို့ သွားရာလမ်းတလျောက် မြန်မာစစ်ဖက်မှ သံချပ်ကာကားများ ချီတက်အင်အားပြသကဲ့သို့ မိုင်းလားနှင့် ဝ ဒေသ မိုင်းပေါက်ဖက်တွင် စစ်ပြင်ဆင်မှုများဖြင့်လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် တင်းမာမှု ပြန်လည်လျော့ကျခဲ့ သည်။

၂၀၁၅ အတွင်း၌လည်း လွယ်လန်းဒေသမှ UWSA တပ်များနှင့် မြန်မာစစ်ဖက်တို့ မိုင်းဆတ်ခရိုင်အတွင်း၍ တင်းမာမှု ၂ ကြိမ် ဖြစ်ခဲ့သည်။ ၂၀၁၅ ဇွန်လဆန်းတွင် မိုင်းတုံနှင့်ပုံပါကျင်ကြားရှိ နန့်ဆိန်သစ်တောကြိုးဝိုင်းတွင် သစ်ခုတ်နေသူ UWSA မှ ၁၆ ဦးအား မြန်မာစစ်ဖက်အကူအညီဖြင့် သစ်တောနှင့်ရဲမှ ဖမ်းဆီးလိုက်ရာမှစသည်။ UWSA ကလည်း မြန်မာအစိုးရတပ်အားပြန် လည်ဝိုင်းလိုက်ပြီး ရဲနှင့်သစ်တောအမှုထမ်း ၁၁ ယောက်ကို ပြန်လည်ဖမ်းဆီးလိုက်သည်။

ဤသည်မှစ၍  မိုင်းတုံ မိုင်းဆတ် ဟိုပန် ပန်ယွတ် နာကောင်းမူး ဘီပီဝမ်းတလျောက်တွင် နှစ်ဖက်တပ်အင်အား ထောင်ချီချ ထား၍ စစ်ပြင်ရင်ဆိုင်ခဲ့ကြသည်။ UWSA တပ်များ မိုင်းပေါက်ဘက်သို့ ဆင်းလာသည်ကိုတွေ့ရသကဲ့သို့ မိုင်းလား ဘက်တွင် လည်း စစ်ပြင်ဆင်မှုများရှိနေသည်ဟု ဆိုပါသည်။

သို့သော် ထိုပြဿနာနှင့်ပတ်သက်ပြီး သမတဦးသိန်းစိန်က သေနတ်သံမထွက်ဘဲ ဖြေရှင်းရန် ညွှန်ကြားခဲ့သည်ဟုဆိုပါသည်။ မြန်မာစစ်ဖက်တြိဂံတိုင်း တိုင်းမှူးနှင့် UWSA ခေါင်းဆောင်များတွေ့ဆုံညှိနှိုင်း၍ ဇွန်လ ၈ ရက်တွင် နှစ်ဖက်ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီးဖြေရှင်းခဲ့သည်။ သို့သော် နှစ်ဖက်ရင်ဆိုင်ထားသောတပ်များ ဆုတ်ခွာခြင်းမရှိသည့်အပြင် လမ်းများလည်းပိတ် ထားဆဲဖြစ်၍ အရပ်သားများစစ်ပွဲဖြစ်မည်စိုး၍ ဘေးလွတ်ရာသို့ ရှောင်ကြရသည်ဟုဆိုပါသည်။ UWSA ဒုတပ်မှူးကြီးကျောက် ကျုံးတန်းဦးစီး၍ အကြီးစားစစ်လေ့ကျင့်မှုများပြုလုပ်ခဲ့သကဲ့သို့ မြန်မာစစ်ဖက်ကလည်း သံချပ်ကာ ယန္တယားတပ်များအပါ တပ်အင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့သည်။

ထိုနောက် နေပြည်တော်တွင် UWSA ကိုယ်စားလည်များနှင့် မြန်မာစစ်ဖက်ခေါင်းဆောင်များတွေ့ဆုံညှိနှိုင်းခဲ့ပြီး ဇွန်လကုန် ပိုင်းတွင် နှစ်ဖက်တပ်များဆုတ်ခွါခဲ့ကြကာ တင်းမာမှုများ လျော့ကျသွားခဲ့သည်။ ၂၀၁၅ နှောင်းပိုင်းတွင် အဆိုပါ မိုင်းတုံနယ် အတွင်း၌ မြေယာပိုင်ဆိုင်မှုကိစ္စဖြန်ဖြေကြရာမှ မြန်မာစစ်ဖက်မှ စရဖအရာရှိတစ်ဦးနှင့် UWSA မှ အချို့အငြင်းပွားပြီး ပစ် ခတ်မှုဖြစ်ပွားခဲ့သေးသည်။ UWSA မှ ၂ ဦးဒဏ်ရာရရှိပြီး မြန်မာစစ်ဖက်မှ စရဖအရာရှိလည်း ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အရာရှိသည် နောက်တရက်၌ မိုင်းဆတ်ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်ဟုဆိုပါသည်။ သို့သော် တပ်ချင်းရင်ဆိုင်ရလောက် သည်အထိ ပြဿနာတော့ မကြီးခဲ့ပေ။

ချုပ်၍ဆိုလျှင် ၁၉၈၉ မှ ၂၀၀၉ အထိ မြန်မာစစ်ဖက်နှင့် UWSA ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း၂၀၀၉ နောက်ပိုင်းမှစ၍ နှစ်ဖက်တင်းမာမှုများ တစတစ တိုးပွားလာသည်ဟု ဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်
Photo Source : Gatty Images


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)