မဏ္ဍပ်မထိုးရ၊ လူမစုရ၊ စားမြိန်ထုတ် မထည့်ရ၊ ရေအိုးမထွဲလိုက်ရ၊ မနက်စောစောချတဲ့ အသုဘ

March 13, 2016

မဏ္ဍပ်မထိုးရ၊ လူမစုရ၊ စားမြိန်ထုတ် မထည့်ရ၊ ရေအိုးမထွဲလိုက်ရ၊ မနက်စောစောချတဲ့ အသုဘ

ဖုန်းမော်ရေ … အမျှ အမျှ အမျှ


စက်မှုအားမာန်စာစောင်၊ ၁၉ ၈၈ စက်တင်ဘာ ၁၇၊ ကောက်နုတ်ချက်
 (မိုးမခပြန်လည်ဆန်းသစ်)

မဏ္ဍပ်မထိုးရ လူမစုရ

စားမြိန်ထုတ်မထည့်လိုက်ရ

ရေအိုးမခွဲလိုက်ရ

မနက်စောစောချတဲ့အသုဘ

ဖုန်းမော်ရေ အမျှ . အမျှ . အမျှ

(ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည်။ စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။)

ရန်ကုန်စက်မှုတက္ကသိုလ်၊ မတ်လ အရေးအခင်းတွင် ကျဆုံးသွားခဲ့သော ကိုဖုန်းမော်၊ ပဉ္စမနှစ် (ဓာတု) ၏ အမကြီး မမာမာဝင်း၊ သူငယ်ချင်းများ ဖြစ်ကြသော ကိုခင်မောင်ထွန်း (B.Sc. Hist) ၊ မဝင်းဝင်းမြင့် (B.Sc. Phy)၊ ကိုမင်းထွဋ် III Yr Zoo တို့နှင့် စက်မှုအားမာန် စာစောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့သည်များကို ကျန်ရစ်သူများ၏ ခံစားချက်များအတိုင်း ဖော်ပြလိုက်ပါသည်။

ဦးစွာ ကိုဖုန်းမော်၏ မိသားစု အတွင်းရေးနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ မိဘများမှာ ဦးဩဘာနှင့် အဒေါ်အမာ ဖြစ်၍၊ ကွယ်လွန်သွားကြပြီ ဖြစ်ကြောင်း။ မောင်နှမ ငါးဦးအနက် စတုတ္ထမြောက် သားဖြစ်ကြောင်း၊ မမာမာဝင်းက ပြောပါသည်။ အကိုကြီး ကိုကျော်ဝင်းနှင့် အမနှစ်ယောက်ဖြစ်သော မမာမာဝင်းနှင့် မမာမာအိတို့က မင်္ဂလာဈေးတွင် ဆိုင်ဖွင့်ပြီး ကိုဖုန်းမော်နှင့် ညီမငယ် မနီနီအောင် (ဒုနှစ်၊ ဓာတု-လှိုင်) တို့ကို မိဘသဖွယ် ပညာရေးကို တာဝန်ယူ အုပ်ထိန်းနေရကြောင်း ပြောပါသည်။

ကိုဖုန်းမော် ကွယ်လွန်ခဲ့သော အဖြစ်အပျက်နှင့် ပတ်သက်၍ မေးမြန်းရာ ကိုဖုန်းမော် သေဆုံးသည်ကို ၁၃.၃.၈၈ က ချက်ချင်း မသိရကြောင်း ၁၄.၃.၈၈ ရက် နေ့လည် ၁-နာရီတွင် ဈေးထဲမှ ရေဒီယိုက တဆင့်ကြားရကြောင်း၊ ကိုဖုန်းမော်၏ ညီမငယ် မနီနီအောင်ကလည်း ၄င်းကျောင်းတက်နေသော ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှ သိလာရကြောင်း အမလတ် (မမာမာအိ) က ဈေးမှကြားကြားချင်း ဆေးရုံကြီး အရေးပေါ် ဋ္ဌာနသို့လိုက်၍ စုံစမ်း၍ရာ ဆရာဝန်ကြီးများက ချွန်ထက်သော စူးနှင့် ထိုးမိ၍ သေဆုံးကြောင်းပြောသည်။ အမလတ်က ဘယ်အချိန်လောက်က ဆုံးသလဲဟု မေးရာ ကျောင်း၌ပင် သေဆုံးခဲ့ဟန်တူကြောင်း ဖြေသည်။ ကျောင်းမှာ တခါတည်း သေရလောက်အောင် ထိုးတဲ့စူးက ဘယ်လိုစူးလဲဟု မေးသောအခါမှ သေနတ်ဒဏ်ရာလည်း ဖြစ်နိုင်ကြောင်း ဖြေသည်ဟု ဆိုပါသည်။ ထို့နောက် အမလတ်ကို မှုခင်းရဲတပ်ဖွဲ့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (၄၇ လမ်း ) သို့ ခေါ်ယူ၍ ကိုဖုန်းမော် အကြောင်းကို အသေးစိတ် စစ်ဆေးမေးမြန်းကြောင်း ပြောပါသည်။

အိမ်ပြန်ရောက်သောအခါ အရပ်က အိမ်တွင် မဏ္ဍာပ် ထိုးပေးထားကြကြောင်း သို့သော် ရပ်ကွက်ကောင်စီက ခေါ်တွေ့ပြီး မဏ္ဍာပ်ကို ဖျက်ခိုင်းကြောင်း၊ လူမစုရ၊ အသုဘအိမ်နှင့် တူအောင် မနေရဟု ပြောကြောင်း၊ ထိုနေ့မှစ၍ (၃) ရက်တိတ် ရပ်ကွက်ကို မီးဖျက်ထားကြောင်း ပြောပါသည်။

အနီး ပတ်ဝန်းကျင်မှ လူများကိုလည်း ထောက်လှမ်းရေးက ကိုဖုန်းမော်နှင့် ပတ်သက်၍ စုံစမ်းသောအခါ “လူအေးလေးပါ” ဖြေသူများကို ဒါလောက် ဆိုးသွမ်းနေတဲ့ လူငယ်တစ်ဦးကို ခင်ဗျားတို့က ဘယ်လို အကြောင်းပြချက်နဲ့ လူကောင်းလို့ ပြောကြတာလဲဟု ဟောက်ကြောင်း အမကြီးက ပြောပြပါသည်။

သတင်းစာတွင်လည်း နာရေးကြော်ငြာထည့်ခွင့် မရခဲ့ကြောင်း ထောက်လှမ်းရေးများ ခြေချင်းလိမ်နေကြကြောင်း၊ လမ်းနှင့် အိမ်ကိုလည်း စောင့်ကြည့်ကာ ဓာတ်ပုံရိုက်နေခဲ့ကြောင်း ဆက်ပြောသွားပါသည်။ ၁၅ ရက်နေ့တွင် ကျောင်းသားများက ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း လာပြောပါသည်။

ဆက်လက်၍ မမာမာဝင်းက “၉ နာရီလောက်မှာ လမ်းထဲက လူတွေက လမ်းထိပ်အဝင်အထွက် လူများကို ဓာတ်ပုံရိုက်နေကြောင်းကို လာပြောတယ် ..။ အမတို့ အနေနဲ့ အာဏာနဲ့ ဖိနှိပ်မှုတွေကို အလွန်ရွံ့မုန်းတယ်” .. ဟု ပြောပါသည်။

သတင်းစာတွင် နာရေးကြော်ငြာ ထည့်ခွင့်မရ၍ ကိုဖုန်းမော် ကွယ်လွန်ကြောင်းကို ညီမငယ် ဖြစ်သူက သင်ပုန်းတစ်ခုတွင် ရေးပြီး အိမ်ရှေ့တွင် ထောင်ထားခဲ့ကြောင်း၊ ရပ်ကွက်ကောင်စီက ဖျက်ခိုင်းသောအခါ နာရေးကြော်ငြာ မထည့်ရမချင်း ဖျက်မပေးနိုင်ကြောင်း ပြောမှသာ သတင်းစာ ထည့်ခွင့်ရအောင် လုပ်ပေးမည်ဆိုပြီး ဖုန်းဆက်ပေးကြောင်း သိရသည်။

မြို့နယ်ရုံးမှ အတွင်းရေးမှူးက ဖုန်းမော် သင်္ဂြိုလ်ရန်ကိစ္စကို သက်ဆိုင်ရာက သင်္ဂြိုလ်ပေးရမည်လား မိသားစုက သင်္ဂြိုလ်မလားဟု မေးရာ “အမတို့ မိသားစုက ကျောင်းသား အသိုင်းအဝိုင်းနဲ့ သင်္ဂြိုလ်ချင်တယ်လို့ ပြန်ပြောလိုက်တယ်” ဟု ပြောပြပါသည်။

“နေ့လည် ၁၁ နာရီမှာ အလောင်းကို ကြည့်ခွင့်ပေးမည်ဆိုပြီး ၄၇ လမ်း ရုံးကို ခေါ် သွားကြောင်း၊ အလောင်းကို (၁၇) ရက်နေ့ ပေးမယ်လို့ ပြောတယ်။

နောက်တော့လည်း မရပါဘူး၊ အမတို့က ဈေးသည်ဖြစ်တဲ့ အလျောက် ဈေးသည်တောင်မှ ကတိတည်သေးတာ၊ အစိုးရဆိုရင် ဈေးသည်ထက် ကတိတည်မယ် ထင်ထားတာ၊ အစိုးရဟာ ဈေးသည်လောက်တောင် ကတိမတည်ဘူး၊ ကုန်သည်ထက် ဖျင်းတယ်” ဟု မမာမာဝင်းက သူ့ရဲ့ အမြင်ကို ရိုးသားစွာ ပြောပါသည်။

၄၇ လမ်း ရုံးတွင် တော်တော်ကြာ စောင့်နေပြီးမှ ဆေးရုံကြီးကို ခေါ် သွားကြောင်း အရေးပေါ်ဋ္ဌာနတွင် မိနစ် ၃၀ လောက် စောင့်ရပြီးမှ အလောင်းကို အမလတ် တစ်ယောက်သာ ကြည့်ခွင့်ရကြောင်း၊ အလောင်းမှာ ဂျပန်ဆေးရုံတွင် ထားဟန်တူကြောင်း၊ အရေးပေါ် အခန်းလွတ်ထဲတွင် ရုတ်တရက် လာထားဟန်တူကြောင်း အလောင်းပုံစံမှာ ခေါင်းတွင် သွေးများနှင့် ဖူးယောင်နေဟန် ဖန်တီးထားပြီး မျက်နှာကိုသာ ဖော်ထားကာ ကျန်အပိုင်းများကို မြင်ခွင့်မရခဲ့ကြောင်း ရင်နင့်ဖွယ် ပြောပြပါသည်။

၁၆ ရက်နေ့တွင် သတင်းစာ၌ နာရေးကြော်ငြာ ပါလာသော်လည်း “ရုတ်တရက်” ဟူသော စကားလုံးကို ဖြုတ်ချခဲ့ကြောင်း ပြောပါသည်။

ည (၇) နာရီလောက်တွင် ရဲအုပ်အဆင့်ရှိသူ လူနှစ်ယောက် ရောက်လာပြီး ဘာလိုအပ်သလဲဟု မေးရာ အမတို့အနေနဲ့ “ဘာမှ မလိုပါဘူး (၁၇) ရက်နေ့ အလောင်းရရင် တော်ပါပြီ” ဟု ပြောလိုက်ကြောင်း သိရသည်။

(၁၇) ရက်နေ့ နံနက် ၅ နာရီတွင် အိမ်၌ မြေချသပိတ်သွတ်ရန် မုန့်၊ လ္ဘက်ရည် စီစဉ်ထားသည်။ ထိုအချိန်တွင် မိမိကိုယ်ကို အတွင်းရေးမှူးဟု ပြော၍ လူတစ်ယောက် ရောက်လာပြီး၊ မောင်နှမ (၄) ယောက်ကို လူကြီးက စကားပြောချင်လို့ (၄) ယောက်လုံး လိုက်ခဲ့ပါဟု ပြောကြောင်း၊ လူကြီးဆိုတာ ဝန်ကြီးကို ဆိုလိုကြောင်း ထိုလူက ပြောသည်။

အမကြီးက ဖုန်းမော်ကိုပြပြီး သင်္ဂြိုလ်မှာလားဟု မေးရာ၊ မဟုတ်ပါဘူး လူကြီးက စကားပြောချင်လို့ ခေါ်တာပါဟု ပြောရာ ဘုန်းကြီးများ မရောက်သေး၍ ညီမငယ်ကို နေခဲ့ရန် မှာစဉ် လေးယောက်စလုံး လိုက်ခဲ့ရန် အတင်းခေါ်ရာ ညီမငယ်က နေခဲ့ကြောင်း ပြောပါသည်။

၆း၃၀ လောက်တွင် (၄၇) လမ်း ရုံးသို့ ခေါ် သွားရာ အတန်ငယ် ကျယ်ဝန်းသော အခန်းတွင် မိနစ် ၃၀ လောက် ထိုင်ခိုင်းထား၍ “လူကြီး ဘယ်မှာလဲ” ဟု မေးတိုင်း မဖြေဘဲ မုန့်၊ လ္ဘက်ရည်နှင့်သာ ဧည့်ခံကြောင်း၊ သို့သော် မသောက်ခဲ့ကြောင်း ပြောပြပါသည်။

အတန်ကြာမှ ဂျပန်ဆေးရုံ (အထွေထွေ ရောဂါကုဆေးရုံ) သို့ သွားရန် ဟိုင်းလပ်စ်ကား တစ်စီးပေါ် တက်ခိုင်းပြီး ဆေးရုံကြီးသို့ ခေါ်လာခဲ့သည်။ ဆေးရုံကြီးတွင် ၉၂၉ နှစ်စီး၊ အသုဘယာဉ်၊ ဘုန်းကြီးငါးပါးကားနှင့် ဋ္ဌာနဆိုင်ရာ ကားတစ်ချို့ တွေ့ရတော့မှ အစိုးရ ထိန်းချုပ်မှုအောက်တွင် အသုဘချရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ရိပ်မိ၍ ဆင်းမည်ပြုရာ ရဲအုပ် အမျိုးသမီး (၃) ဦး ပိတ်တားပြီး လုံးဝ ဆင်းခွင့်မရခဲ့ကြောင်း။

“အမတို့မှာ ငိုယုံက လွဲလို့ ဘာမှ မတတ်နိုင်ပါဘူးကွယ်” ဟု ရင်နင့်ဖွယ် ရှိုက်သံတဝက်ဖြင့် ပြောပြပါသည်။

ဂျပန်ဆေးရုံ ရောက်ပြီးနောက် ဆင်းခိုင်းသည်။ မဆင်းလိုကြောင်း ပြောရာ လာခေါ် စဉ်က လေသံမျိုး မဟုတ်ပဲ မဆင်းရင် အတင်းဆွဲချဟု ပြောရာ အမကြီးက “ကဲ ဆင်းပေးလိုက်တော့၊ သူတို့မှာ လက်နက်နဲ့ အာဏာရှိတယ်” ဟု ပြောရာ အကိုကြီး တစ်ယောက်တည်း ဂျပန်ဆေးရုံ အနောက်ဖက် ရေခဲတိုက်ထဲသို့ ဝင်လိုက်သွားသည်။ အဖြစ်အပျက် အားလုံးကို ဗီဒီယို ရိုက်နေကြောင်း၊ အနားတွင် ပြည်ထဲရေး ဒုဝန်ကြီး ဦးခင်မောင်ဝင်းလည်း ရှိနေကြောင်း ပြောပါသည်။ အကိုကြီးကို ရေခဲတိုက်ထဲသို့ ခေါ်ဆောင်သွားသည်။ အခန်းထဲတွင် အရပ်ပုပု အသက်ကြီးကြီး ဆရာဝန်ကြီး ရှိနေကြောင်း၊ အလောင်းကို မန္တလေးရှပ်အဖြူ လက်ရှည်နှင့် ပုဆိုးကို ကျပ်နေအောင် စည်းထားကြောင်း ပြောပါသည်။

အလောင်းကို ကြည့်ရှုခွင့်တောင်းပြီး ကြယ်သီးဖြုတ်၊ ပုဆိုးလှန်ကြည့်ရာ မေးအောက်မှ ရင်ဘတ်တလျောက် ချုပ်ထားသည်ကို တွေ့ရသည်။

ညာဖက်နံပါး၌ ကန့်လန့်ဖြတ် ချုပ်ရိုးတကြောင်းရှိ၊ သေနတ်ဒဏ်ရာရှိသော ရင်ဘတ်နေရာ၌မူ အသားများကို လိပ်ယူချုပ်ထားပြီး၊ ဆီးစပ်တွင် ဒဏ်ရာတွေ့ရပြီး ညာဖက်ပေါင် ဒူးဆစ်အထက် သေနတ်ဒဏ်ရာကိုလည်း ချုပ်ရိုးဖြင့် လိပ်ချုပ်ဖုံးကွယ်ထားသည်။

ကျည်ဆံ နှစ်တောင့်ကို ဆရာဝန်ကြီးက ပြကြောင်း၊ ခဏသာ ကြည့်ခွင့်ရ၍ အပြင်သို့ ဆွဲထုတ်သွားကြောင်း ကြေကွဲဖွယ် သိရှိရပါသည်။ အပြင်ဘက်၌ ဆိုင်ရာ၏ အစီအစဉ်ဖြင့် ပင့်ဆောင်ထားသော ဘုန်းကြီးငါးပါးနှင့် အကိုကြီးတို့ကသာ ကွယ်လွန်သူအတွက် သရဏဂုံကို အကျဉ်းရုံး ဆောင်ရွက်ခဲ့ရသည်။

ပိုက်ဆံ မထည့်ရသေး၍ တောင်းပြီး ထည့်လိုက်ရကြောင်း၊ ရေအိုးမခွဲရ၊ စားမြိန်ထုတ် မထည့်လိုက်ရကြောင်း၊ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာများ အတိုင်း ဆောင်ရွက်ခွင့် မရခဲ့ကြောင်း၊ ရင်နင့်ဖွယ် ကြားရပါသည်။

ဆိုင်ရာက ထုတ်ပေးသော အမိန့်တမ်းတွင် ဆူးချွန်နှစ်ချက်ဖြင့် ကွယ်လွန်ကြောင်း ရေးသားထားသည်။

ကျောင်းသားများနှင့် အတူ ကြံတောသင်္ချိုင်း၌ အရိုးအိုးဖြင့် စနစ်တကျ သင်္ဂြိုလ်လိုသော်လည်း ဆိုင်ရာမှ အတင်းအကြပ် စီမံမှုဖြင့် တာမွေသင်္ချိုင်း၌ ဖုန်းမော်၏ ရုပ်ကလာပ်ကို မီးသင်္ဂြိုလ် ဖျောက်ဖျက်ပစ်လိုက်သည်။ အရိုးကောက်ခွင့်ပင် မရခဲ့ပေ။

မနက် ၈း၄၅ နာရီတွင် မီးသင်္ဂြိုလ် ပြီးစီးခဲ့သည်။ သင်္ချိုင်းတစ်ခုလုံး ရှင်းလင်းနေပြီး အတော်ဝေးဝေးမှ ရပ်ကွက်ရှိ ကလေး၊ လူကြီးများက တခါမျှ မကြုံစဖူး မနက်ခင်း အသုဘကို အံ့ဩထိတ်လန့်စွာဖြင့် ကြည့်နေကြသည်ဟု သိရသည်။

အိမ်သို့ ပြန်အပို့တွင်လည်း အိမ်တိုင်ရာရောက် မပို့ပဲ လမ်းထိပ်၌ပင် ရိုင်းပြစွာ ဆက်ဆံ၍ ချထားခဲ့သည်။

လှည်းတန်း ကြံတောတို့၌ အသုဘပို့ရန် ကျောင်းသားမြောက်များစွာ စောင့်ဆိုင်းနေခဲ့ကြသည်ကို သိ၍ ကြီးကျယ်စွာ အသုဘချခြင်းကို လွှဲရှောင်လိုသော ဆန္ဒဖြင့် အစိုးရက လှည့်စားဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြောသည်။

၁၉ ရက်နေ့ ရက်လည်ဆွမ်းကျွေး၌ ကျောင်းသား အရပ်သားများ လာရောက်နိုင်ခြင်း မရှိကြပေ။ ထောက်လှမ်းရေးက ဓာတ်ပုံရိုက် ဖမ်းဆီးနေသည်ဟု သတင်းလွှင့်ပြီး သွယ်ဝိုက်သောနည်းဖြင့် ချိမ်းခြောက်တားဆီးခဲ့သည်။ အစိုးရကလည်း ဖုန်းမော်အား ဆိုးသွမ်းလူငယ်၊ နိုင်ငံကို ပုန်ကန်သူ တောတွင်း အဆက်အသွယ်ရှိသူ အဖြစ် သတင်းလွှင့်ခဲ့သည်။

မြန်မာ့အသံနှင့် သတင်းစာများကလည်း ရပ်ကွက်နှင့် ရန်ဖြစ်၍ သေဆုံးသည်ဟု သတင်းလွှင့်ခဲ့သည်။ အဖြစ်မှန်ကို ဖုံးကွယ်သည့်အပြင် သေဆုံးသူ၏ မိသားစုကိုလည်း ရာဇဝတ်မှု ကျူးလွန်သူများ သဖွယ် ချုပ်ချယ်ခြိမ်းချောက် ဖိနှိပ်၍ လူမဆန်စွာ ဆက်ဆံခဲ့သည်။

ဆက်လက်၍ မမာမာဝင်းကို ကိုဖုန်းမော်၏ ညီမနှင့် ပတ်သက်၍ မေးမြန်းရာ ကိုဖုန်းမော်၏ ညီမသည် အကိုအတွက် မခံမရပ်နိုင်ဖြစ်ပြီး တရားဟော လှုံ့ဆော်သဖြင့် ဖမ်းဆီးထောင်ချ အသတ်ခံရသည်ဟု လုပ်ကြံဇာတ်လမ်း ဖန်တီးပြီး ကျောင်းသားများ ဆန္ဒပြမှုများ မဖြစ်ပေါ်စေရန် သတင်းလွှင့်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြခဲ့သည်။

ကိုဖုန်းမော်၏ ဘဝခရီးကို မေးမြန်းကြည့်ရာ မမာမာဝင်းနှင့်အတူ ကြက်ခြေနီအဖွဲ့မှ ရဲဘော်ရင်းများ ဖြစ်ကြသော ကိုခင်မောင်ထွန်းနှင့် မဝင်းဝင်းမြင့်နှင့် ကိုမင်းထွဋ်တို့က ဝိုင်းဝန်းဖြေဆိုခဲ့သည်များကို အကျဉ်းချုပ် တင်ပြပါသည်။

ကိုဖုန်းမော်သည် ၅ တန်းမှ ၁၀ တန်းအထိ လသာ (၁) တွင် ပညာသင်ကြား၍ ၉ တန်းတွင် လူငယ်လေကြောင်း သင်တန်း လသာမြို့နယ် လမ်းစဉ်လူငယ်သင်တန်းလည်း တက်ခဲ့သည်။ ၁၉၈၁ တွင် ၁၀ တန်းအောင်၍ RC 2 တွင်တက်ပြီး ကြက်ခြေနီအဖွဲ့တွင် ဝင်ရောက်လှုပ်ရှားခဲ့သည်။ RIT ရောက်သည့်တိုင် RC 2 မှ ကြက်ခြေနီအဖွဲ့နှင့် လှုပ်ရှားခဲ့သဖြင့် ဆရာများ၏ အားကိုးမှု ချီးကျူးမှုကို ခံခဲ့ရသူ ဖြစ်သည်။ အရံပါတီဝင် တစ်ယောက်ဖြစ်ပြီး၊ ကြက်ခြေနီအဖွဲ့၊ တက္ကသိုလ်အရံတပ်ရင်း၊ ဗုဒ္ဓဘာသာအသင်းများ၏ အောင်လက်မှတ်များ၊ မှတ်တမ်းများ၊ ဂုဏ်ပြုလက်မှတ်များ ရရောစှိးထားသည်။ ၈၂ (အောက်တိုဘာ) ရန်ကုန်-မန္တလေး ကားလမ်း လှည်းကူး လုပ်အားပေးစခန်း၊ ၁၉၈၃ (အောက်တိုဘာ) စပါး(၁) ရွှေလောင်းကျွန်း လုပ်အားပေး (ဝါးခယ်မ) တွင် ပါဝင် လုပ်အားပေးခဲ့သည်။ နောက်ဆုံး ပြည်ထောင်စုနေ့၌ပင် ကြက်ခြေနီ တပ်ဖွဲ့ခေါင်းဆောင် အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ ငါးကြိမ်မြောက် သွေးလှူရှင် ဖြစ်ပြီး၊ ယခုလက်ရှိ ဓာတုအင်ဂျင်နီယာ ဘာသာရပ်အသင်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူဖြစ်သည်။

ဆက်လက်၍ မမာမာဝင်းက ကိုဖုန်းမော်၏ အနာဂတ် ရည်ရွယ်ချက် ကြီးမားပုံကို ပြောပြပါသည်။

နိုင်ငံချစ်မြတ်နိုးပြီး နိုင်ငံအကျိုး နိုင်ငံ ကြီးပွားတိုးတက် စေလိုတဲ့ ဆန္ဒရှိတယ်၊ ပါတီ မဝင်ရင် အခွင့်အရေး မရဘူး၊ ပါတီဝင်မှ ကျောင်းပြီးရင် အလုပ်တန်းရမယ်၊ ကျောင်းပြီးပြီးချင်း အလုပ်လုပ်မယ် ပြောသူဖြစ်ကြောင်း၊ အမများက စီးပွားရေး လုပ်စေချင်တဲ့ကြားက စစ်ဗိုလ်အင်ဂျင်နီယာ တစ်ဦး ဖြစ်ရန် ရည်ရွယ်သူ ဖြစ်ကြောင်း၊ တိုင်းပြည်အကျိုး နိုင်ငံအကျိုးကို တဖက်တလမ်းက သယ်ပိုးဆောင်ရွက်နေသူ ကျောင်းသားလူငယ်တစ်ဦးအား ရက်စက်ယုတ်မာ လူမဆန်စွာ ပြုမှုကို – ဖုံးဖိလိုသော ဆန္ဒဖြင့် ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် လိမ်လည် ဝါဒဖြန့်ခဲ့သည်။

မမာမာဝင်း၏ ဆန္ဒကို မေးရာ ကိုဖုန်းမော် သေဆုံးရခြင်းအတွက် ယူကျုံးမရ ဖြစ်ရသည်၊ ဝမ်းနည်းကြေကွဲရသည်။

မည်သို့မျှ နှိုင်းယှဉ်မရ၊ အစားထိုး မရအောင် နှမြောရသည်၊ အစိုးရ မပြုတ်မချင်း လူလာ မဖြစ်ပါစေနဲ့၊ လူဖြစ်ရကျိုး နပ်မှာ မဟုတ်ဘူး ဟူ၍၄င်း၊ အသင်းအဖွဲ့များဟာလဲ အမိန့်ပြန်စာ ထုတ်ပေးစေချင်တယ် ဟူ၍၄င်း ပြောပါသည်။

အစိုးရ မပြုတ်မချင်း လူလာ မဖြစ်ပါစေနဲ့ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

One Response to မဏ္ဍပ်မထိုးရ၊ လူမစုရ၊ စားမြိန်ထုတ် မထည့်ရ၊ ရေအိုးမထွဲလိုက်ရ၊ မနက်စောစောချတဲ့ အသုဘ

  1. komyominaung on March 14, 2016 at 2:21 pm

    သမိုင်းသက်သေတွေတင်ပေးတာကောင်းပါတယ်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်