မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၃)

March 16, 2016

မိုင်းလားမြို့ (photo credit : panglong.org)
မောင်မောင်စိုး – အခါဒေသ ၈၁၅ စစ်ဒေသနှင့် မိုင်းလား – အပိုင်း (၃)
(မိုးမခ) မတ် ၁၆၊ ၂၀၁၆

● မိုင်းလားဒေသ ခေါင်းဆောင်မှု
လက်ရှိမိုင်းလားဒေသကို အဓိကခေါင်းဆောင်နေသူမှာ စိုင်းလင်းခေါ် လီမေရှင့်ဖြစ်သည်။ လက်ရှိတွင် စိုင်းလင်းသည် NDAA ၏ နာယကတာဝန်ကိုယူထားပြီး ဥက္ကဌအဖြစ် ဦးဆမ်ပေ့က တာဝန်ယူသည်ဟု ဆိုပါသည်။ ဦးဆမ်ပေ့သည် အခါ ဒေသ လက်နက်ကိုင်ပုန်ကန်မှုစတင်ရာ ဖာလုံဖာလယ်ဒေသ ဘတ်ဆာရွာမှ အခါတိုင်းရင်းသားဖြစ်သည်။ ၎င်းဒေသတွင် CPB ၈၁၅ စစ်ဒေသက အစောဆုံးဖွဲ့စည်းခဲ့သည့် တပ်ရင်း ၁၄ တွင်ရင်းမှူးတာဝန်ယူခဲ့သူဖြစ်သည်။

ဦးဆမ်ပေ့က ဥက္ကဌ တာဝန်ယူထားသော်လည်း စိုင်းလင်း၏သားဖြစ်သူ ကိုထိန်လင်းမှာ NDAA ၏ ခေါင်းဆောင်ပိုင်းတွင် အရေးပါသောနေရာတွင်ရှိသည်ဟု ဆိုကြပါသည်။ NDAA ၏အချို့နေရာများတွင် စိုင်းလင်း၏ ဇနီးဖြစ်သူ ဖုန်စူးချင်နှင့် ဆွေ မျိုးတော်စပ်သူ ကိုးကန့်သားအချို့ နေရာရလာသည်ဟုဆိုကြသည်။ သို့သော် ခရိုင် မြို့နယ် အုပ်ချုပ်ရေးပိုင်းများတွင် ဒေသခံများတာဝန်ယူခဲ့ကြသည်ဟု ဆိုပါသည်။

လက်ရှိ မိုင်းလားအဖွဲ့အတွင်းရေးမှူးမှာ ကျန်းစစ်မင် ခေါ် ကိုကြည်မြင့်ဖြစ်သည်။ ၎င်းမှာ ကြူကုတ်ပန်ဆိုင်း တဖက်ကမ်းရှိ တရုတ်ပြည် ဝမ်တိန်ဇာတိဖြစ်သည်။ ၁၉၆၈ CPB အရှေ့မြောက်စစ်ဒေသဖွင့်လှစ်သောအခါ CPB တပ်တွင်းသို့ဝင်ရောက်ခဲ့သူဖြစ်သည်။ CPB ၃၀၃ စစ်ဒေသ ရင်း ၃၀၃၁ တွင် စိုင်းလင်း တပ်ခွဲနိုင်ငံရေးမှူးအဖြစ်တာဝန်ယူခဲ့သော တပ်ခွဲတွင် တပ်ခွဲ မှူးအဖြစ် တာဝန်ယူဘူးသည်ဟု ဆိုပါသည်။

ကျန်းစစ်မင်သည် ၈၁၅ ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူမဟုတ်ပေ။ အရှေ့မြောက်စစ်ဒေသ တပ်မဟာ ၂ တပ်မဟာမှူးအဖြစ်တာဝန်ယူခဲ့ပြီး CPB ပြိုကွဲချိန်တွင် မြောက်ပိုင်းဗျူရို ဒုစစ်ဦးစီးမှူးအဖြစ် မုန်းကိုးဒေသတွင် တာဝန်ယူ ခဲ့သူဖြစ်သည်။ CPB ပြိုကွဲပြီးနောက် ကျန်းစစ်မင်နှင့် တပ်မဟာ ၂ အချို့သည် မိုင်းလားအဖွဲ့သို့ သွားရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။ မိုင်းလားအဖွဲ့အစောပိုင်းကာလများတွင်စ၍ အတွင်းရေးမှူးတာဝန်ယူခဲ့သည်။ ထို့နောက်ပိုင်းတွင် သိပ်မတွေ့ရ တော့ဘဲ ၂၀၁၀ နောက်ပိုင်းတွင်မှ မိုင်းလားအဖွဲ့အတွင်းရေးမှူးအဖြစ် ပြန်တွေ့ရသည်။

NDAA (မိုင်းလား) အဖွဲ့ခေါင်းဆောင်း စ၀်စိုင်းလင်း (photo credit : panglong.org)

ငြိမ်းချမ်းရေးယူထားသည့် ၁၉၈၉ မှ ယနေ့ထိ မိုင်းလားအဖွဲ့ခေါင်းဆောင်ပိုင်းတွင် ထူးခြားဖြစ်စဉ် နှစ်ခုရှိခဲ့သည်။ ပထမတခုမှ မိုင်းလာအဖွဲ့မှ အစဉ် အလာ ခေါင်းဆောင် ၁ ဦးဖြစ်သူ အခါတိုင်းရင်းသားတဦးဖြစ်သူဦးချဲပီသည် အဖွဲ့အာဏာသိမ်းရန်ကြိုး စားမှုနှင့် သေဒဏ်ပေးခံရခြင်းဖြစ်သည်။ ဦးချဲပီသည် မုန်းစောဒေသ ဗြယ်နေးရွာသား ဒေသခံဖြစ်ပြီး CPB ၈၁၅ စစ်ဒေသ၏ အစောဆုံးဖွဲ့စည်းသော ရင်း ၁၈ ၏ ရင်းမှူးတာဝန်ယူခဲ့သူဖြစ်သည်။ အတွင်းပိုင်းပြင်းထန်သောပဋိပက္ခများကြောင့်ဖြစ်ပုံ ရသည်။

၂၀၀၉ ဝန်းကျင်ဖြစ်ပွားသည့် ဒုတိယတခုမှာ မိုင်းလားအဖွဲ့ အတွင်းရေးမှူးတာဝန်ယူထားသူ ကိုမင်းအိမ်လုပ်ကြံခံရခြင်းဖြစ်သည်။ ကိုမင်းအိမ်မှာ ဗန်းမော်ဇာတိဖြစ်ပြီး ဆယ်တန်းအောင်မြင်သောအခါ မန္တလေးဆေးတက္ကသိုလ်သို့ ဝင်ခွင့်ရသည်။ သို့သော် FRC နိုင်ငံခြားသားမှတ်ပုံတင်ကိုင်ဆောင်သူ တရုတ်မိဘများမှမွေးသူဖြစ်၍ ဆေးတက္ကသိုလ်မှ ထုတ်ပယ်ခံရသည်။ ၁၉၇၅ တွင် ဗန်းမော် မှကျောင်းသားများနှင့် အရှေ့မြောက် CPB သို့ တောခိုခဲ့သည်။ CPB တွင်ရှိစဉ်တလျောက်လုံး တပ်မ ဟာ ၂ တွင် တာဝန်ယူခဲ့သည်။ CPB ပြိုကွဲပြီးနောက် ကျန်းစစ်မင်နှင့်အတူ မိုင်းလားဒေသသို့ရောက်ရှိသွားပြီးနောက်ပိုင်း တွင် မိုင်းလားအဖွဲ့ အတွင်းရေးတာဝန်ယူခဲ့သူဖြစ်သည်။ ကိုမင်းအိမ်သည် မိုင်းလားအဖွဲ့အတွင်းရေးမှူးတာဝန်ယူစဉ် ထိုစဉ် တြိဂံတိုင်း တိုင်းမှူး တာဝန်ယူနေသူ လက်ရှိကာချုပ်နှင့်ရင်းနှီးသော ဆက်ဆံရေးရှိပြီး ၂၀၀၉ နယ်ခြားစောင့်တပ်ဖွဲ့ရေးအတွက် နအဖကတောင်းဆိုစဉ်က နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လိုလားသည်ဟုဆိုကြသည်။ ထိုကာလအတွင်း နံနက်ခင်းလမ်း လျောက်နေစဉ် မိုင်းလားမြို့၌ သေနတ်ဖြင့်ပစ်သတ်ခြင်းခံလိုက်ရသည်။ ယခုတိုင် လက်သည်မပေါ်သည့်အမှုဖြစ်သည်။

ထိုအဖြစ်အပျက် ၂ ခုက မိုင်းလားအဖွဲ့ခေါင်းဆောင်ပိုင်းတွင်ထူးခြားသည့်ဖြစ်စဉ်များဖြစ်သည်။ အတွင်းပိုင်းရှိ ပြင်းထန်သော ပဋိပက္ခများ ပေါက်ကွဲထွက်ပေါ်လာသည်ဟု ဆိုရပါမည်။ ထိုဖြစ်စဉ် ၂ ခုမှအပ မိုင်းလားသည် တည်ငြိမ်သည်ဟု ဆိုရပါမည်။

● မိုင်းလားဒေသမှ လက်နက်ကိုင်တပ်ဖွဲ့များ
လက်ရှိ မိုင်းလားတွင် တပ်မဟာ ၃ ခုဖွဲ့စည်းထားသည်ဟုဆိုသည်။ မိုင်းလားအခြေစိုက်တပ်မဟာ ၁ ခုရှိပြီး တပ်မဟာ ၃ ခုထဲတွင် အင်အားအကောင်းဆုံးဖြစ်သည်။ အင်အား ၂၀၀၀ ခန့်ရှိသည်ဟု ဆိုပါသည်။ ကျန်တပ်မဟာ ၂ ခုအနက် ၁ ခုမှာ ဆစ်လွေ့ ခေါ် ဆီလူးဒေသတွင် အခြေစိုက်ပြီး ကျန်တခုမှာ နန့်ပန် (မဲခေါင်မြစ်ကမ်းနား) တွင် အခြေစိုက်သည်။ အဆိုပါ တပ်မဟာ ၂ ခုမှာ အင်အား ၁၀၀၀ ခန့်စီသာရှိသည်ဟုဆိုပါသည်။ တပ်မဟာ ၁ ခုအောက်တွင် တပ်ရင်း ၄ ရင်းအထိဖွဲ့စည်း ထားရှိတတ်ပါသည်။

သို့ဖြစ်ရာ လက်ရှိမိုင်းလားတပ်ဖွဲ့မှာ အင်အား၄၀၀၀ ခန့်သာရှိသည်ဟု ဆိုနိုင်သည်။ သို့သော်မိုင်းလားဒေသ၌ အလှည့်ကျ စစ်မှုထမ်းစနစ်ကျင့်သုံးသည်ဖြစ်ရာ စစ်မှုထမ်းအင်အားကို တစ်သောင်းထိဖြည့်တင်းနိုင်သည်ဟု ဆိုပါသည်။ ထို့ပြင် မိုင်း လားဒေသသည် UWSA အတွက်လည်းအရေးပါသည့်အပြင် UWSA တပ်များ ယခင် CPB ခေတ်ကထဲက ဝင်ထွက်လှုပ်ရှား ဘူးသည်ဖြစ်ရာ UWSA ၏ စစ်ရေးအရအလေးထားခြင်းကို ခံရသည်။ ၂၀၀၉ ခုနှစ် BGF ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး စစ်ရေးတင်းမာချိန်မှစ၍ UWSA တပ်မဟာ ၁ ခုခန့် မိုင်းလားဒေသတွင်း ဝင်ရောက်တပ်စွဲနေရာယူထားသည်မှာ ယခုချိန် ထိဖြစ်သည်။

မိုင်းလား NDAA တပ်ဖွဲ့၏ လက်နက်တပ်ဆင်နိုင်စွမ်းအားမှာ UWSA နှင့် မတိမ်းမယိမ်းဖြစ်သည်။ လက်နက်ကြီးတွင် 57mm 75mm 120 mm နောက်ပွင့်နှင့် မော်တာများရှိနိုင်ပြီး UWSA ကဲ့သို့ 122 ဟော်ဝစ်ဇာများ ရှိ/ မရှိကိုတော့ ထုတ်ဖေါ် ပြသခြင်းမရှိပါ။

သို့သော်လည်း လက်ရှိ နိုင်ငံရေး စီးပွားရေး စစ်ရေးဆက်နွယ်မှုများကြောင့် NDAA တဖွဲ့တည်းအစိုးရနှင့် စစ်ပွဲဖြစ်ရန် အကြောင်းမရှိပေ။ ငြိမ်းချမ်းသည်ဖြစ်စေ စစ်ဖြစ်သည်ဖြစ်စေ UWSA နှင့် NDAA တတွဲတည်းဖြစ်မည်ဟု သုံးသပ်ရပါသည်။

● NDAA မိုင်းလားအဖွဲ့နှင့် NCA
NDAA အနေနှင့် ငြိမ်းချမ်းရယူပြီး အစိုးရနှင့်ပြဿနာကြီးကြီးမာမားဖြစ်သည်မှာ ၂၀၀၉ BGF ဖွဲ့စည်းရေးလက်မခံစဉ် က ဖြစ်သည်။ မြန်မာစစ်ဖက်နှင့် စစ်ရေးတင်းမာမှုများဖြစ်ပွားပြီး နှစ်ဖက်စစ်ပြင်ဆင်မှုများရှိခဲ့သည်။ မိုင်းလားဒေသတွင်းသို့ UWSA တပ်အချို့ဝင်ရောက်တပ်စွဲပြီး အင်အားဖြည့်တင်းခဲ့သည်ကိုတွေ့ရသည်။

ထိုစဉ်က မိုင်းလားဒေသတွင်းမှ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာဝန်ထမ်းများသည် စစ်ရေးတင်းမာမှုများကြောင့် ပြန်လည် ထွက်ခဲ့ကြသည်။ ၁ နှစ်ခန့်အကြာ အခြေအနေပြန်လည်တည်ငြိမ်သွားခဲ့သော် အစိုးရဝန်ထမ်းများပြန်လည်ဝင်ရောက်လာ ရာ လိုလိုလားလားလက်ခံသည်ကို တွေ့ရသည်။ ထို့နောက် မြန်မာစစ်ဖက်နှင့် NDAA တို့ သီးခြားပြဿနာဖြစ်ပွားခြင်းမရှိ သော်လည်း ၂၀၁၅ အတွင်း UWSA နှင့် မြန်မာစစ်ဖက်ပဋိပက္ခတွင် UWSA တပ်များနှင့်အတူ စစ်ပြင်သည်ကိုတွေ့ရသည်။ စစ်ရေးအရ UWSA နှင့်အတူ ရပ်တည်မည်ကို ပြသခဲ့သည်။

NCA လက်မှတ်ထိုးရာတွင်ပါဝင်ရေးအတွက်၂၀၁၅ အတွင်း UWSA နှင့် NDAA ခေါင်းဆောင်များကို ကျိုင်းတုံမြို့၌ သမတဦးသိန်းစိန်ကခေါ်ယူတွေ့ဆုံရာတွင် UWSA အဓိကခေါင်းဆောင် ပေါက်ယိုချမ်း မတက်ရောက်ခဲ့သော်လည်း NDAA အဓိက ခေါင်းဆောင် စိုင်းလင်းနှင့်သူ၏ဇနီးဖြစ်သူတို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ ချုပ်၍ဆိုရလျှင် NDAA ခေါင်းဆောင် စိုင်းလင်းသည် မြန်မာစစ်ဖက်နှင့်ဆက်ဆံရေးတွင် ပျော့ပြောင်းစွာဆက်ဆံပြီး ပြဿနာမဖြစ်အောင်ရှောင်ကွင်းနိုင်သူဖြစ် သည်ဟု ဆိုရပေမည်။ သို့သော် အရေးပါသည့် နိုင်ငံရေး စစ်ရေးဆိုင်ရာရပ်တည်ချက်များတွင် UWSA နှင့်သာ အတူတကွ ရပ်တည်ခဲ့သည်သာဖြစ်သည်။

သို့ဖြစ်ရာ NDAA သည်လက်ရှိ NCA လက်မှတ်ထိုးရာတွင်ပါဝင်ခြင်းမရှိသေးသည့် တပ်အင်အားရော နယ်မြေပိုင်ဆိုင်မှုပါ ရှိ သည့် အဖွဲ့ဟု ဆိုရပေမည်။ NDAA  နှင့်ပတ်သက်သော ပြဿနာကိုဖြေရှင်းမည်ဆိုပါက UWSA  နှင့်အတူတွဲ၍ဖြေရှင်းရမည် သာ ဖြစ်ပေသည်။

● နိဂုံး
ချုပ်၍ဆိုရလျှင် အဆိုပါအခါဒေသ မိုင်းလားဒေသသည် လွန်ခဲ့သော နှစ် ၅၀ ကျော်ကပင် မြန်မာပြည် ပြည်မအစိုးရ၏အာဏာ စက်အောက်တွင် ရှိမနေသည်ကို တွေ့နိုင်ပါသည်။ CPB အောက်တွင် တစုတစည်းတည်းဖြစ်လာခဲ့သောဒေသနှင့် တပ်များ ဖြစ်သည်။ ငြိမ်းချမ်းရေးကာလဆိုသည်များ၌လည်း သီးခြားတပ် သီးခြားအုပ်ချုပ်မှုနှင့်ရပ်တည်ခဲ့ကြသည့်ဒေသများဖြစ်သည်။

မိုင်းလားမြို့ရဲ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု ဈေးကွက်တခုမြင်ကွင်း (Photo credit : scmp.com)

ဝ ဒေသကဲ့သို့ပင် တရုတ်နှင့်စောစီးစွာကတည်းက ဆက်ဆံခဲ့သောဒေသများ ဖြစ်သကဲ့သို့ CPB လက်အောက်တွင် အစိုးရနှင့် ရန် ငါ ဆက်ဆံခဲ့သည့်ဒေသများဖြစ်ရာ တရုတ်နှင့်ကူးလူးဆက်ဆံမှုများသည်။ နိုင်ငံရေး စီးပွားရေး ကူးသန်းရောင်းဝယ်ရေး တို့အရ ထိုဒေသ၏ဒုတိယဘာသာစကားသည် တရုတ်စကားဖြစ်လာသည်။ တရုတ်ငွေကြေးသုံးကြသည်။ ဝ ဒေသကဲ့သို့ အစောပိုင်းက မြန်မာငွေကြေးသုံးစွဲသေးသော်လည်း မြန်မာငွေကြေးဖောင်းပွမှုဒဏ်ကြောင့် အလိုအလျောက်ပင် ခိုင်မာ သည့်တရုတ်ငွေကြေးကို ပြောင်းလဲသုံးစွဲကြသည်။

ယခု ငြိမ်းချမ်းရေးကာလအနှစ် ၂၀ ကျော်အတွင်း စည်ပင်လာသည်။ မိုင်းလားသည်လည်းကောင်း၊ မဲခေါင်မြစ်ကမ်းပါးမှ နမ့်ပန်သည်လည်းကောင်း၊ စည်ကားသောမြို့ငယ်လေးများဖြစ်လာသည်။ ပြည်မမှရော ပြည်ပမှပါ လာရောက်ရောင်းဝယ် ဖောက်ကားစီးပွားရှာရာအရပ်ဖြစ်နေသည်။ ရန်ကုန်တွင် အလှည့်ကျမီးပေးနေရသောအချိန်ကထဲက မိုင်းလားတွင် ၂၄ နာရီ မီးရသည်။ ရန်ကုန်တွင် မိုင်းဘိုင်းဖုန်းဆင်းကဒ်တွေ အဆမတန်ဈေးပြီး၍ လူလတ်တန်းစားများပင် ဖုန်းကိုင်ရန်မဖြစ်နိုင် ချိန်ထဲက မိုင်းလားတွင် လူတိုင်းစေ့ ဖုန်းကိုင်နိုင်သည်။

ပြဿနာကတော့ ပြည်မအစိုးရ၏အုပ်ချုပ်မှုအောက်တွင်မရှိခြင်းဖြစ်သည်။ ဤပြသနာကို မည်သို့ဖြေရှင်းမည်နည်း။ နိုင်ငံရေးအရဖြေရှင်းမည်လော။သို့တည်းမဟုတ် စစ်ရေးအရဖြေရှင်းမည်လောဆိုသည်ကသာ အရေးကြီးသည်။

စစ်ရေးနည်းဖြင့်ဖြေရှင်းမည်ဆိုပါက နှစ်ဖက်သေကြေဒဏ်ရာရကြမည်။ စစ်စားရိတ်များစွာ တိုင်းပြည်ကိုဝန်ပိစေမည်။ စစ်ပွဲ သည်ကျယ်ပြန့်သွားနိုင်ပြီး အဆုံးသတ်ရလဒ်သည် မသေချာလှပေ။ ထို့ပြင် မြို့ရွာများ ပျက်စီးမည်။ စစ်ဘေးဒုက္ခသည် ထောင်သောင်းချီမည်။ ဒေသရှိ စီးပွားရေးလုပ်ငန်းများ ပျက်စီးမည်။ နှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကို မရပ်တန့်နိုင်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။

အကောင်းဆုံးကတော့ နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်တွင် ညှိနှိုင်းအဖြေရှာနိုင်ဘို့ဖြစ်သည်။ အားလုံးလက်သင့်ခံနိုင်သည့် အ ဖြေတခုရအောင် ဝိုင်းဝန်းကြိုးစားကြရန် လိုပေလိမ့်မည်။ နိုင်ငံရေးအရ တိုင်းရင်းသားအရေးဖြေရှင်းခြင်းသည် သိမ်မွေ့ နူးညံ့သည်။ အနုပညာတရပ်ဖြစ်သည်။ သစ်ပင်ခုတ်သလို အကြမ်းပညာနှင့်မတူ။ ပန်းပုထုသည့် အနုပညာနှင့်တူသည်။ ကျွမ်းကျင်လိမ္မာပါးနပ်သည့် အနုပညာမြောက်သည့် နိုင်ငံရေးခေါင်းဆောင်များလည်း လိုအပ်ပေလိမ့်မည်။

ပြီးပါပြီ

မှတ်ချက်။ ။မှတ်မိသလောက် ပြန်လည်ပြောပြကူညီပေးကြသော မိမိ၏ မိတ်ဆွေဟောင်း ရဲဘော်ဟောင်းများဖြစ်ကြသည့် ကိုချစ်သန်း (မန္တလေး)၊ ကိုတင်ထွန်း (မန္တလေး)၊ ကိုတင်သိန်းလွင် (ရန်ကုန်) တို့ကို ကျေးဇူးတင်ရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်