fbpx

မောင်လူရေး – ဂေါ်ရန်ဂျီသွား တောလား

March 18, 2016

 

မောင်လူရေး – ဂေါ်ရန်ဂျီသွား တောလား

(မိုးမခ) မတ် ၁၈၊ ၂၀၁၉

ရွှေဘိုကနေ နေ့၁၂ နာရီထွက်၊ ကားခ ၂၀၀၀။ မန္တလေးမြို့ထဲထိ မလိုက်တော့ဘဲ နှာပေါက်အကျော် အိုကေ ဆီဆိုင်မှာဆင်းပြီး ကျွဲဆည်ကန်ကားကြီးဝင်းသွားမယ့် နှစ်ယောက်နဲ့ပေါင်းပြီး ၆၀၀၀နဲ့ လိုက်ထရပ်ငှားလီုက်တယ်။ ဆိုင်ကယ်ဆိုရင်တော့ ၁၅၀၀။ ဒါပေမဲ့ အန္တရာယ်များတယ်။ ကားကြီးဝင်းသွားမယ်ဆိုတော့ တက်စီသမားတယောက်က ဘယ်သွားမလဲမေးတယ်၊ လက်မှတ်ဖြတ်ပြီးသားလို့ပြောတော့ ထပ်မေးပြန်ရော။ ပြန်မဖြေတော့ ထပ်ပြီးမေးပြန်ရော၊ နေပါအုံး ငါသွားမယ့်ခရီး မင်းက ဘာကိစ္စဒီလောက်မေးတာလဲပြောတော့ ဂိတ်ကို လိုက်ပို့ရင် ပိုက်ဆံတောင်းလို့ရတယ်တဲ့။ ငါ့ဘာသာဖြတ်ထားတာလေကွာလို့ပြောေ
တာ့ ၅၀၀ တော့ တောင်းရတယ်လို့ပြောတယ်။ လက်မှတ်လိုက်ဖြတ်ပေးရင်တော့ ၂၀၀၀ လောက်ထိတောင် တောင်းလို့ရတယ်ပြောတယ်။ တော်ဝင်မန္တလာကားဂိတ်ရောက်တော့ မှာထားတဲ့ လက်မှတ်ဖြတ်တယ်။ မန္တလေး ပုသိမ် ၁၆၈၀၀ ကျတယ်။

ညနေ ၆နာရီကားစထွက်တယ်။ ကားက နှစ်ထပ်ဆန်ဆန်၊ နှစ်ထပ်ကားစစ်စစ်တော့မဟုတ်။ လူတွေက အပေါ်မှာ။ အောက်က ကုန်။ စပယ်ယာအပြင် ယာဉ်မယ်ပါ ပါတယ်။ ခုံလွတ် နေရာလွတ်ရှိရက်နဲ့ ထိုင်မလိုက်တဲ့ယဉ်မယ်ကို လွတ်တဲ့နေရာမှာ ထိုင်လိုက်ပေါ့လို့ပြောတော့ အဲဒီနေရာတွေ မိန်းခလေးမထိုင်ရဘူးတဲ့။ ကားသမားနဲ့ စပယ်ယာရဲ့ ခေါင်းပေါ်ရောက်နေလို့တားတဲ့သဘော။ ဘာဆိုင်တုန်းဆိုတော့ မသိဘူး၊ အလုပ်ဝင်ကထဲက မထိုင်ရဘူးပြောတာ။ ဒါဆို တညလုံး ဒီတိုင်းဘဲ လိုက်ရတာလားဆိုတော့ ဟုတ်တယ်တဲ့ သိပ်အိပ်ချင်ရင် တက်ခုန်ပေါ်ထိုင်ငိုက်ရတာဘဲတဲ့။ တော်တော်ညဥ့်နက်တော့ ထိပ်ဆုံးက လွတ်နေတဲ့ တိုင်ခုံမှာ စပယ်ယာတက်အိပ်တယ်။

လမ်းမှာ သူတို့စကားပြောတာ နားထောင်ကြည့်တော့ ယာဉ်မယ်က ဆရာမဟောင်းကိုး။ ဝဒေသက တရုပ်ကျောင်းမှာ ဆရာမလုပ်ခဲ့တာ။ ကိုးကန့်နဲ့တိုက်ပွဲတွေဖြစ်တော့ မအေက ပြန်ခေါ်လို့၊ ခု ယာဉ်မယ်ဝင်လုပ်နေတာ။ ပြောစကားနားထောင်ရတာ သူ့စာသင်ခန်း သူ့ကျောင်းသားတွေကို လွမ်းနေပုံဘဲ။ ဗမာစကားလုံးဝမတတ်တဲ့တရုပ်စကားသာပြောတဲ့သူတွေကို တရုပ်စကားကို သိပ်တော့မတတ်ဘူး၊ ပြောတာကိုတော့နားလည်တဲ့သူက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာသင်ပေးတဲ့ သူ့စာသင်ခန်းအကြောင်းကလဲ စိတ်ဝင်စားစရာ။ အဲဒီကျောင်းက တရုပ်ပြည်ထဲက တရုပ်ကြီးတယောက်က ထောင်ပေးထားတာ၊ နှစ် ၂၀ကျော်ဘီတဲ့။ ခုတော့ စစ်ဘေးဆိုက်ပြီး ကျောင်းပိတ်ထားရပြီပေါ့လေ။ ကျောင်းသားတွေတော့မသိ၊ စစ်ဟာ ဆရာမကိုတော့ ယာဉ်မယ်ဘဝပြောင်းပစ်လိုက်တာဘဲ။

ပုသိမ်ကို မနက် ၇:၃၀မှာရောက်တယ်။ မိတ်ဆွေတဦးက လာကြိုတယ်၊ အချိန်ကလဲ မရှိတော့ဘူး။ ငရုပ်ကောင်းကားက ၈:၀၀မှာ ထွက်မယ်။ မိတ်ဆွေက ကားဂိတ်ကိုဝင်ပြောတယ်၊ လမ်းကစောင့်မယ်၊ မနက်စာကျွေးမလို့ပေါ့။ သူက ကမ်းနားတခုအရောက်မှာ ဒါ သူလုပ်ထားတဲ့ အဆင့်မြင့်အိမ်သာ၊ အပေါ်ထပ်မှာ ရီဆို့စင်တာ လုပ်တယ်၊ ခရီးသွားတွေ နားချင်ရင် တက်နားလို့ရတယ်၊ နောက်ဖက်မှာ ရေချိုးခန်းပါလုပ်ထားတယ်ဆိုပြီး လက်ညှိုးထိုးပြတာ၊ ကိုယ်က ဟာ နေအုံး ကျုပ်ရှာနေတာ အဲဒါဘဲ၊ ဟန်ကျလိုက်တာဗျာလို့ပြောရင်း ခပ်သွက်သွက်ပြေးဝင်လိုက်တယ်။ ပြန်ထွက်လာမှ နိုင်ငံခြားသားတဦးကပြောဘူးတယ်၊ မြန်မာပြည်မှာ အရေးအကြီးဆုံးစကားကဘာလဲ၊ သိလားလို့ မေးဖူးတယ်။ မသိဘူးဆိုတော့ “အိမ်သာ ဘယ်မှာလဲ”ဆိုတဲ့စကားတဲ့ဗျလို့ သူ့ကို ပြန် ပြောပြလိုက်တယ်။ တပြည်လုံး ဘယ်သွားသွား အိမ်သာဒုက္ခရောက်တဲ့အကြောင်း၊ ခများ ဒီလို အိမ်သာမျိုးလုပ်ထားတာတော့ အလွန်ကျေးဇူးများတဲ့အကြောင်းပြောဖြစ်တယ်။

ငရုပ်ကောင်းလမ်းတလျှောက် တောင်ကတုံးတွေချည်းပါဘဲ။ မြင်မြင်သမျှမြေတွေကတော့ ကုမ္ပဏီပိုင် ဟိုလူပိုင် ဒီလူပိုင် ဆိုင်းဘုတ်တွေနဲ့ တောထလို့။ ။ နေကလဲ ပူတယ်လေ ဆယ်နေကဲ။ လမ်းမှာ ထမင်းစားနားတော့ မျောက်သားရတယ်ဆိုတော့ စားဖူးတယ်ရှိအောင် မှာလိုက်တယ်။ သိပ်တော့ အရသာမရှိ။ နေ့လည် ၂နာရီလောက်မှာ ငရုပ်ကောင်းရောက်။

ဆိုင်ကယ်တက်စီ ၅၀၀ပေးပြီး ကုတို့ဆိပ်သွား။ ကုတို့ခ ၂၀၀ ပေးလိုက်တော့ ချောင်းဝရောက်။ ချောင်းဝတောင်ကို အုန်းပင်တွေကြားကနေ ဆိုင်ကယ်နဲ့ဖြတ်ပြီး နံ့သာပု ရွာက တည်းအိမ်ကိုအရောက် ၂၀၀၀ ပေးရတယ်။ တည်းအိမ်နဲ့ မျက်နှာချင်းဆိုင်က ပင်လယ်နဲ့ ဂေါ်ရင်ဂျီကျွန်း။ ကိုယ်ပိုင်ကားနဲ့ဆိုရင်တော့ ကုတို့ဆိပ်သွားစရာမလိုဘဲ ဂေါ်ရန်ဂျီကျွန်းကို တန်းသွားလို့ရတယ်။

ညနေပိုင်း ပင်လယ်ထဲဆင်းပြီးတော့ စက်လှေငှားပြီး ကျွန်းထိပ်ဖက်ခြမ်းကို သွားကြတယ်။ သိပ်လှတဲ့နေရာလေး။အဲဒီမှာ ကရင်အဖိုးအဖွားလင်မယားရှိတယ်။ တခါတရံလာသူတွေကို ထမင်းလေး ဘာလေးချက်ရောင်းတယ်။ မြေတော့ ဘယ်လောက်ပေးဝယ်ဝယ် မရောင်းဘူးတဲ့။ ငွေဆောင်တို့ ချောင်းသာတို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီတဲ့။ သူ့ဆီမှာတော့ ညအိပ်လို့မရဘူး။ ညနေပိုင်းဆို တောင်ပေါ်က ဝင်ကစွပ်တွေ မရေမတွက်နိုင်အောင် ဆင်းလာတယ်။ ရေမရှိရင် ငှက်ပျောပင်တွေ ကိုက်ဖြတ်စားပစ်လိုက်တယ်။ ပြီးရင် အုန်းပင်တွေပေါ်တက်တယ်။ ညအိပ်မယ်ဆို အပေါက်ပိတ်ထားမှ၊ မဟုတ်ရင် ဝင်လာပြီး လူကိုကိုက်တယ်၊ အဆိပ်တော့မရှိဘူး၊ နာတော့ နာတယ်တဲ့။ ဒါပေမဲ့ ဧည့်သည်တွေ ရောက်ရောက်လာတော့ ခု တည်းလေးထိုးထားတယ်၊ ပီးတော့ နားရအောင် ကြိုးပုခက်ဆွဲပေးထားတယ်။ ရောင်းပြီး မြို့ပေါ် ဇိမ်နဲ့သွားနေပါလားဆိုတော့ အသံတွေနဲ့ စကားပြောရတာနဲ့ သူမြန်မြန်သေမှာတဲ့။ အခုတောင် လူတွေရောက်လာတော့ စကားတွေ အများကြီးပြောနေရပြီတဲ့။ ခု လိုက်ပို့တဲ့ စက်လှေသမားက သူ့သမက်ပါ။ ဧည့်လာရင်တော့ သူ့သမီးက လာချက်ပေးတယ်။

ညပိုင်း တည်းအိမ်ရာက်တော့ ဘော်ဒါများ ရက်လေဘယ်ဖွင့်တယ်။ အညာသားတွေရှိတော့ ထန်းရည်ကလဲ ရဆိုကိုး။ ရေနွေးကလဲကောင်း။ သင့်ရာ သင့်ရာသောက်ပေါ့လေ။ တောင်ငါး ဆိုသဟာကို ကင်ထားတာ၊ အလွန့်အလွန်ကောင်း။ အဲဒါ အိပ်စပို့ငါး၊ ဈေးကြီးတယ်တဲ့။ ဒါပေမဲ့ဈေးကြီးတယ်ဆိုတာကိုက ဈေးအလွန်ချိုတာပါ။ တကောင်မှ ၃၀၀၀ ထဲ။ တော်တော်ကြီးတယ်။ မနက်ဖန် ထမင်းမစားဘူး၊ ငါးမျိုးစုံကင်စားမယ်လို့ တညီတညွတ်တည်း သန္ဒိဋ္ဌာန်ချလိုက်ကြတယ်။ အိမ်ရှင်ဘကြီးလဲ ရက်လေဘယ်နဲ့ သွက်လေတယ်ဖြစ်လာတယ်။

မနက်ဖန် သမတအသစ် တင်မြောက်မယ့်အကြောင်းလဲရောက်သွားတယ်။ ဟိုအကြောင်း ဒီအကြောင်းပြောရင်း သူက ပညာရှိတွေကို ပြောပါတဲ့။ အသနားခံစာဆိုတဲ့စကားလုံးဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပါတဲ့။ လူကို လူလို တန်းတူ မဆက်ဆံတာပါတဲ့။ တရားဥပဒေစိုးမိုးဖို့ဘဲ လိုတာပါ။ တရားမျှတမှုဘဲ လိုတာပါတဲ့။ အသနားခံစရာမလိုပါဘူးဆိုတာကို ပြောပေးပါဆိုလို့ ကျွန်းသားကြီးရဲ့အမှာစကားကို ပညာရှိကြီးများထံ ပါးလိုက်ကြောင်းပါခမျာ။

အိမ်အပြင် ကွပ်ပစ်မှာ လှိုင်းသံနဲ့ ဟောက်သံနာခံရင်း အိပ်ကြတယ်။ မနက် အိပ်ယာထ ရေဆင်းကူး မုန့်ဟင်းခါးစား။ ပြီးတော့ ကျွန်းပေါ်တက်ကြတယ်။ အတက်မှာ ကိုယ်က ဟောဟဲလိုက်နေပေမယ့် ပျိုပျို အိုအိုတွေ ရေးအိုးထမ်းတက်သူနဲ့၊ သဲပုံးထမ်းတက်သူနဲ့။ သူတို့ကတော့ လန်းဆန်းရွှင်ပြုံး။ အပေါ်မှာ ခရီးသွားတွေ နားဖို့ ဇရပ်တဆောင် ဆောက်နေကြတာ။ ရေချိုကို ပန်းရံလုပ်ဖို့ အောက်က ခပ်တင်ရတာပေါ့။

ကျွန်းထိပ်မှာ မြဝတီဘုရားဆိုတာရှိတယ်။ ရှုခင်းတွေ အင်မတန်လှတယ်။ နဂိုက နှစ်ကျွန်းရှိခဲ့တာတဲ့။ ကြားထဲမှာ ရေစီးသန်လွန်းလို့ ပင်လယ်ကူးသင်္ဘောကြီးတွေတောင် ဖြတ်ခဲ့ဆိုဘဲ။ အဲဒီနှစ်ကျွန်းကြားမှာ လွန်ခဲ့တဲ့နှစ် ၂၀ကျော်ကမှ သောင်ကြီးပေါ်လာတာတဲ့။ ခုတော့ တကျွန်းတည်းဖြစ်သွားဘီပေါ့။ အလွန်လှတဲ့ကမ်းခြေတွေကို လှမ်းမြင်နေရတယ်။ အဲဒီကမ်းခြေတွေအားလုံး ရောင်းတဲ့ဟာရောင်း၊ သိမ်းတဲ့ဟာသိမ်းပြီးကုန်ကြပြီ။ ချောင်းဝတောင်ဆိုရင်လဲ အကုန်စိတ်ပိုင်းရောင်းပြီးဘီ။

ဒီဂေါ်ရန်ဂျီကျွန်းကိုလဲ ဦးပိုင်က သိမ်းထားပြီးဘီလို့ မြေစာရင်းရုံးကနေ သိရတယ်တဲ့။ မကြာခင် ဒီဒေသရဲ့သဘာဝအလှအပအားလုံးရော ဒေသခံတွေပါ အပြိုပြိုအလဲလဲဖြစ်သွားနိုင်တဲ့အခြေအနေတွေပါ။ ငရုပ်ကောင်းဘက်မှာ ကျောက်မီးသွေားစက်ရုံပါတည်ဖြစ်ရင် မြေတွင်မက လေပါပျက်ရတော့မှာပေါ့။ ဒီနေရာကို ဒေသခံတွေရဲ့ နေထိုင်မှုပုံစံကို မထိပါးတဲ့ ခရီးသွားလုပ်ငန်းမျိုးဘဲဖြစ်သင့်တာပါ။ မကြာခင် ဒေသခံတွေဟာ ဖယ်ပေးရမယ့်အနေအထားပါ။ ကမ်းခြေတိုင်း မတရားသိမ်းဆီးခြံခတ်တာရော၊ ငွေနဲ့မြားပြီးဝယ်ယူခြံခတ်ထားတာရော နေရာတိုင်းလိုလိုတွေ့ရပါတယ်။ သဲသောင်ပြင်တွေကိုပါ တိုးချဲ့ခပ်ယူထားကြတာပါ။

တောင်ပေါ်ကအဆင်း တောင်ကြားလမ်းကနေဘဲ ပင်လယ်ဘက်ကို ဆင်းခဲ့ကြတယ်။ အလွန်လှတဲ့ ကျောက်ကမ္ဘားယံကြီးတွေကို မြင်ရပါတယ်။ သံပခြုပ်ဖမ်းနေသူတွေနဲ့တွေ့လို့ တကောင် ၅၀၀ နဲ့ ၁၀ လုံးဝယ်ခဲ့တယ်။ သံပုရာရည်ညစ်စားရတာတဲ့။ မောသမျှပြေဆေးဆိုဘဲ။ အဲဒီကနေ အလွန်လှတဲ့ကျောက်ဆောင်ကြီးတွေပေါ်တက်တယ်။ ဟိုဘက်ချောက်နဲ့ ဒီဘက်ချောက်ကူးဘို့ မျောတိုင်လေးတချောင်းနဲ့ မဖြစ်ညစ်ကျယ် သစ်ကိုင်းလေးရှိရဲ့။ အပေါ်က ကိုင်စရာကြိုးတန်းနဲ့။ ကျရင်တော့ ကျွန်းမှာ အပြီးနေရုံဘဲရှိတာပါ့။

ညနေပိုင်းမှာ ပုံဖော်ထုဆစ်ထားသလိုဖြစ်နေတဲ့ကမ်းခြေတခုကို ဆိုင်ကယ်နဲ့သွားတယ်။ သောင်ကမ်းကြီးက အလွန်ရှည်တော့ ဆိုင်ကယ်နဲ့သွားရတာကိုး။ ပင်လယ်ကမ်းစပ် ဆိုင်ကယ်အမြန်စီးရတဲ့အရသာကလဲ တယ်ကောင်းကိုး။ အဲဒီဘက်မှာ မာလာမုန်တိုင်းပြီးတော့ အလိုလိုရေချိုပမ်းထွက်လာတဲ့နေရာလေးလဲ ရှိတယ်။ အဲဒီဂျိုင့်ထဲကို အလည်က အူပိုင်းထွင်းထုတ်ထားတဲ့ သစ်ပင်ဆုံတခုထည့်ထားတယ်။ ရေတက်ရင် ပါမသွားအောင် ကြိုးနဲ့ထိန်းထားတယ်။ အဲဒီဘက် ရေကူးရတာ ပိုကောင်းတယ်။ ငါးဖမ်းလှေလဲ မရှိတော့။

အပြန် ရှယ်ညစာနဲ့ကြိုနေတယ်။ ငါးအုံးကင်၊ အတော်ကြီးတယ်။ ပီးတော့ ငဒပီး(ငါးဒါးပီး)မီးဖုတ်တဲ့။ သူက အခွံက ဒါးနဲ့ခုတ်လို့မရလောက်အောင်မာလို့ ဒါးပီးတဲ့ငါးလို့ခေါ်တာ။ မီးဖုတ်ပြီး အခံခွါချလိုက်ရတာတဲ့။ နောက် ကင်းမွန်ပြုတ်၊ ကင်းမွန်ကျော်။ ပီးတော့ သံပခြုပ်။ စကားတွေလဲ ထည့်အုပ်ကြတာပါ့လေ။ ဒီသောင်ကျွန်းပေါ်လာတာနဲ့ တပြိုင်နက် ရေချိုပါတန်းရတာတဲ့။ ၅ပေ၆ပေ တူးလိုက်ရင် ထွက်တာဘဲ။ သစ်စေ့ကလဲ ကျဲချလိုက် ပေါက်တာဘဲတဲ့။ မြေပဲ အင်မတန်ပေါ။ ဒါပေမဲ့ မြေပဲဆီရောင်းပြီး စားအုန်းဆီဘဲ သုံးနိုင်ကြတယ်တဲ့။

မနက်လင်း ပင်လယ်ထဲဆင်းပြီးသကာလ မုံ့ဟင်းခါးနဲ့ ကန်စွန်းဥပြုတ်စားကြတယ်။ သိပ်ကောင်းပေါ့။ ပီးတော့ ကမ်းခြေလှလှနဲ့ ကျောက်ဆိုင်ကျောက်ခဲကြီးတွေရှိရာကို သွားကြတယ်။ သူကတော့ သွားရလာရ နဲနဲခက်တယ်။ ဒါပေမဲ့ စိတ်ကြည်နူးစရာကောင်းပါတယ်။ ကျွန်းတခုလုံး စက်လှေပတ်ကြည့်ဖို့လဲ ကျန်သေးတယ်။ ကျွန်းပေါ်လဲ လျှောက်သွားချင်သေးတယ်။ နောက်ထပ် ၂ရက်လောက်နေသင့်သေးပေမယ့် ပြန်ခဲ့ကြတယ်။

ငရုပ်ကောင်း – ရန်ကုန် ဒါရိုက်ကား။ တက်တက်ချင်းဘဲ ဘေးပေါက်တွေ အကုန်ဖွင့်ထားပါ၊ အဲယားကွန်းမရဘူးလို့ ခပ်ရင့်ရင့်ပြောတော့တာဘဲ။ ၁၀တန်းစာမေးပွဲပြန်တွေပါ ကောက်တင်တော့ အလယ်တန်းလဲ အပြည့်ဖြစ်နေတယ်။ ဒရိုင်ဘာကတော့ မတင်ချင်တော့ဘူး၊ အန္တရာယ်များလို့တဲ့။ မတင်ချင်ပါနဲ့ပြောပေမဲ့ မရတော့ ဂျမ်းတုန်းနှစ်ခုလုံး အဆင်သင့်လုပ်ထားဖို့ပြောနေတယ်။ တောင်ဆင်း တောင်တက်တွေမှာ လမ်းကလဲ တခြမ်းခင်းနေဆဲ။ လမ်းခင်းသမားတွေလဲ ညဘက်အလုပ်ဆင်းနေတာတွေ့ရ။ အလွန်ဆင်းရဲပင်ပန်းကြမှာဘဲ။ ဝမ်းရေးကိုး။

တနေရာမှာ ကျောက်မိုင်းခွဲနေလို့တဲ့။ ဆိုင်ကယ်သမားကတော့ အော်တာဘဲ။ ကားသမားက ဘာပြောမှန်းမသိ။ အနားရောက်မှ မိုင်းခွဲမှန်းသိရတာ။ တော်သေး ကိုယ့်ကားဖြတ်တုန်းမကွဲလို့။ လမ်းမှာ အရေးပေါ်ကားတစီးရှောင်လိုက်တော့ ကားပေါက်စ ၂စီး ခေါင်းတခြမ်းဆီရှုံ့နေတယ်။

ဒီလိုနဲ့ ည ၁၁ကျော်မှာ ပုသိမ်ရောက်လို့ ငရုပ်ကောင်း ပုသိမ်တွေဆင်း၊ ပုသိမ် ရန်ကုန်တွေ တက်မယ့်နေရာ။ အပေါ့သွားချင်တယ်ဆိုတော့ နေရာမရှိတဲ့။ အမျိုးသားတွေတော့ ဆင်းပန်းလိုက်ကြတာဘဲ။ မအောင့်နိုင်တော့ဘူးကိုး။ အမျိုးသမီးတွေတော့ ပန်းဖို့မလွယ်။ တော်တော် အရှက်နည်းမှရမယ်။ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရှေ့မှာတော့ နံထောင်းလို့။
ဒဂုန်ဧရာကားဝင်းကို မနက် ၂:၃၀လောက်မှာ ရောက်တယ်။

တက်စီတွေနဲ့ ကားထိုးမရလို့ ဆဲသံဆူသံတွေလဲ ညံလို့။ ရပ်တယ်ဆိုရင်ဘဲ တက်စီသမားတွေ အပေါက်ကို ဝိုင်းပိတ်လိုက်ကြတယ်။ မနည်း တိုးဆင်းရတယ်။ သွားလမ်းတောင် ဟမပေးဘူး။ ဆင်းလာတဲ့သူကို ကိုယ့်ဘာသာ ငါ့ခရီးသည်ဆိုပြီး သတ်မှတ်ကြတယ်။ ကိုယ်တို့ ၃ယောက်က ၁ယောက်တနေရာ ဖြစ်နေတယ်။ ကိုယ့်ကို တက်စီသမားက သူ့ဘာသာ သူ့ခရီးသည်လို့သတ်မှတ်ပြီး ကားငှားမလား ၂ ခါမေးတော့ လူတွေပါသေးတယ်လို့ပြောလိုက်တယ်။ ခနနေ ကိုယ့်လူတယောက်လာတော့ သူ့ကိုမေးပြန်ရော။ သူကလဲ ငှားမယ် မငှားဘူးမပြော။ ခနနေတော့ ကိုယ့်လူတယာက်က တက်စီသမားတယောက်နဲ့ပေါ်လာတယ်။ ကားငှားပြီးဘီ၊ တက်ဆိုတော့ နောက်ဖုံးဖွင့် အိတ်တွေတင်နေတုန်း ပထမကိုယ်တို့နားကပ်လာတဲ့ တက်စီသမားက နောက်လာတဲ့တက်စီသမားကို ရန်လုပ်တယ်။ အဲဒီတော့ ရန်လုပ်ခံရသူက ရတယ်၊ မင်းလိုက်သွားလိုက်လို့ပြောတော့ ငှားလာတဲ့ကိုယ့်လူက ငါ မင်းနဲ့ ပြတ်ပြီးသား၊ တင်လို့ပြောတော့ တခြား တက်စီသမားတယောက် ဝင်လာပြီး ခများ ပြေပြေလည်လည်ပြော ဘာညာနဲ့ ဖြဲတဲ့ပုံစံနဲ့ပြောတော့ ကိုယ်က ငါတို့ ကြိုက်တာ ငှားလို့မရဘူးလားဆိုတော့ အဲလိုတော့ ရပါတယ်တဲ့၊ ဟုတ်ပီ အဲလိုဆိုရင် သွားမယ်ဆို ထွက်ခဲ့ကြတယ်။ ဒီအခြေအနေဟာ မိန်းခလေးတွေအတွက်ဆို အလွန် အန္တရာယ်များမယ့်နေရာဆိုတာ သေချာပါတယ်။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, မောင်လူရေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)