မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၁)

March 19, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်မောင်စိုး – ကိုးကန့်ဒေသ ဖုန်ကြားစင်းနှင့် MNDAA – အပိုင်း (၁)
(မိုးမခ) မတ် ၁၉၊ ၂၀၁၆

● အမှာ
၂၀၁၅ ဖေဖဝါရီလ ကိုးကန့်ဒေသတွင် တ ကျော့ပြန်စစ်ပွဲများဖြစ်စဉ်က “ကိုးကန့်ပြဿနာ” ဟူ၍ အပိုင်း ၉ ပိုင်းခန့်ရေးသား ဖေါ်ပြခဲ့ဘူးသည်။ ထိုစဉ်ကရေးသားဖေါ်ပြချက်များမှာ စစ်ပွဲကာလအခြေအနေများ ထိုစဉ် တုန့်ပြန်ဖေါ်ပြမှုများပေါ် အခြေခံ ၍ အလေးထားဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ပြန်လည်စု စည်းဖေါ်ပြချိန်တွင် ကိုးကန့် MNDAA အဖွဲ့နှင့်ပတ်သက်၍ ပြန်လည်ရေးသားဖေါ်ပြလိုပါသည်။

ဖေါ်ပြချဉ်းကပ်ပုံခြင်းတော့ အနည်းငယ်ကွာခြားနိုင်ပါသည်။ ယခုအကြိမ် အသစ်ပြန်လည်ရေးသားမှုသည် new version ဖြစ်ပြီး ဖြစ်စဉ် သမိုင်းကြောင်းကို ဗဟိုပြု၍ ဖေါ်ပြသွားမည်ဖြစ်ပါသည်။ ယခင်ရေးသားမှုပုံစံနှင့် အနည်းငယ်ကွာခြားပါမည်။ ဖြစ်စဉ်ဖက်က အလေးထားဖေါ်ပြသွားပါမည်။ သို့သော် မိမိယခင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြောင်းကဲ့သို့ပင် သမိုင်းတစောင်ရေးသားခြင်းမျိုးတော့ မဟုတ်ပေ။ လက်လှမ်းမှီသမျှ ခြုံငုံဖေါ်ပြခြင်းမျှသာဖြစ်သည်။ သို့သော်အကြမ်းဖျဉ်း ပုံရိပ်တော့ စာဖတ်သူများ ဆုပ်ကိုင်မိနိုင်လောက်သည်ဟု မျှော်လင့်ပါသည်။

● ကိုးကန့်ဒေသ
ကိုးကန့်ဒေသသည် ၂၀၁၅ တကျော့ပြန်စစ်ပွဲများနှင့်အတူ မြန်မာပြည်တွင် နံမည်ကျော်ကြားလူသိများသောဒေသဖြစ် သည်။ ယခင်ကတော့ ယခုလောက် လူသိမများဟု ဆိုရပေမည်။ ယခုတော့ ကိုးကန့်သည်လည်းကောင်း၊ လောက်ကိုင် သည်လည်းကောင်း၊ ဖုန်ကြားစင်းသည်လည်းကောင်း လူသိများသော နံမည်များဖြစ်သွားသည်ဟု ဆိုရမည်။

ကိုးကန့်ဒေသသည် မြန်မာပြည်၏အရှေ့မြောက်ဖက် ရှမ်းပြည်၏ မြောက်ပိုင်းတွင်ရှိသည်။ ရှမ်းမြောက်ရှိ သံလွင်မြစ်ပေါ်ခွ လျက်ရှိသော ကွန်လုံမြို့၏ မြောက်ဖက်တွင်ရှိသည်။ လားရှိုး မူစယ်ကားလမ်းပေါ်ရှိ သိန္နီမြို့သို့ လားရှိုးမှ မိုင် ၄၀ ကျော် ခန့်ဝေးကွာသည်။ သိန္နီမှ အနောက်မြောက်ဖက်သို့ ဆက်သွားလျင် မူစယ်သို့ ရောက်သည်။ သိန္နီမှ အရှေ့ဖက်သို့ မိုင် ၈၀ ကျော်ခန့်သွားလျင် ကွန်လုံသို့ုရောက်သည်။ ကွန်လုံမှ မြောက်ဖက်သို့မိုက် ၂၀ ကျော်သွားလျင် ချင်းရွှေဟော်သို့ရောက်သည်။

ချင်းရွှေဟော်သည် ကိုးကန့်ဒေသအစဖြစ်သည်။ ချင်းရွှေဟော်မှ မိုင် ၄၀ ကျော်ခန့်သွားလျင် လောက်ကိုင်းသို့ရောက်သည်။ လောက်ကိုင်းကား ကိုးကန့်မြို့တော်ဖြစ်ချေ၏။ ချင်ရွှေဟော်မှ လောက်ကိုင်းသို့ တောင်ကြားလမ်းဖြစ်သည်။ လောက်ကိုင်နှင့် နယ်စပ်ရှိ ယန်လုံကျိုက်အထိကား မြေပြန့်ကွင်းဟု ဆိုရမည်။ ကိုးကန့်ဒေသ၏ တခုတည်း သောကွင်းဖြစ်သည်။ ကိုးကန့် ဒေသအများစုမှာတောင်တန်းထူထပ်သည်။  ပျမ်းမျှ ပေ ၃၀၀၀ ခန့် ပင်လယ်ရေပြင်ထက်အမြင့်ရှိသည်။ အမြင့်ဆုံးတောင်များ မှာ အမြင့် ၇၆၀၀ ခန့်ရှိသည်။ ပေ ၅၀၀၀ ပေ ၆၀၀၀ ရှိသောတောင်များလည်း မနည်းလှပေ။ တကျော့ပြန် ကိုးကန့်စစ်ပွဲကာ လက နံမည်ကြီးခဲ့သော လုန်ထန်တောင်ကြော ပွိုင့် ၂၀၂၂ ခေါ်နန်ထင်မင်စမ်း ခေါ် ကောင်းကင်ဘုံတောင်ဖက် တံခါးပေါက်ဟုအမည်ရသောတောင်များသည် ပေ ၆၀၀၀ ကျော်မြင့်သောတောင်များဖြစ်သည်။

အကျဉ်းဆိုရလျင် ကိုးကန့်ဒေသသည် ကွန်လုံ၏မြောက်ဖက် သံလွင်မြစ်နှင့်တရုတ်နယ်စပ်ကြားရှိ စတုရန်းကီလိုမိုင် တစ် သောင်းခန့်ကျယ်ဝန်းသည့်ဒေသဖြစ်သည်။ ကိုးကန့်တရုတ်ဒေသခံ အများစုနေထိုင်ပြီး ဒုတိယအများစုမှာ ပလောင်တိုင်း ရင်းသားများဖြစ်ပြီး ကျန်တိုင်းရင်းသားများမှာ အနည်းစုဖြစ်သည်။ ၂၀၀၉ ခုနှစ်ခန့်မှန်းစာရင်းအရ လူဦးရေ တစ်သိန်းခွဲခန့်ရှိပြီး ဒေသခံများမှအပ ကျန်သူများမှာ အခြေချ မြန်မာအစိုးရတပ်မှအင်အားများ အစိုးရဝန်ထမ်းများ လောက်ကိုင်ဒေသတွင် ကြံလာခုတ်သူရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။

ဒေသခံ ကိုးကန့်တရုတ်များသည် ဟန်မျိုးနွယ် တရုတ်များဖြစ်သည်။ ဟန်မျိုးနွယ် တရုတ်စကားပြောကြသော်လည်း ထူးခြား သည့် ဒေသသံပါဝင်သည်။

● ကိုးကန့်အစ
သမိုင်းမှတ်တမ်းများအရ ကိုးကန့်ဒေသရှိ တာရွှေထန်ဒေသ၌ ၁၇၃၉ ခုနှစ်တွင် ယန်ရှင်းဆိုက် ဆိုသူဦးစီးအခြေချသည်ဟုဆိုပါသည်။ လက်ရှိအချိန်
တွင်လည်း တာရွှေထန်သည် မြို့နယ်အဆင့်သတ်မှတ်သည့် ကုန်ကြမ်းထက် ပို၍စည် ကားသောရွာကြီးဖြစ်သည်။ ထိုမှစ၍ ယန်မိသားစု မျိုးဆက်များက ကိုးကန့်ဒေသအားစတင်အုပ်ချုပ်ခဲ့သည်ဟုဆိုသည်။ ၁၈၄၀ခုနှစ် ယန်ရှင်းဆိုက်၏မျိုးဆက် ယန်ကော့ဟွာ လက်ထက်တွင် ကိုးကန့်မြို့စားအဖြစ် တရုတ်ပြည် ချင်မင်ဆက်က အသိမှတ်ပြုခဲ့သည်ဟုဆိုသည်။

ယန်ကော့ဟွာကိုဆက်ခံသူ ယန်ကော့ကျင်လက်ထက် ၁၈၇၄ နောက်ပိုင်းတွင် အထက်ဗမာပြည်ကိုသိမ်းပိုက်လာသည့် ဗြိတိသျှအစိုးရနှင့် စတင်ဆက်ဆံသည်ဟုဆိုသည်။ အထက်ဗမာပြည်အားြ့ဗိတိသျှတို့သိမ်းပြီးနောက် ၁၈၉၇ ခုနှစ်ဗျြိသျှဘာမားအစိုးရနှင့် တရုတ်ဧကရာဇ်တို့ ချုပ်ဆိုခဲ့သည့်စာချုပ်အရ ကိုးကန့်ဒေသသည် ဗြိတိသျှဘားမားအစိုးရ၏ လက်အောက်ခံအဖြစ်အသိမှတ်ပြုခဲ့ကြသည်။ လက်ရှိမြန်မာပြည်၏နယ်နမိတ်ဆိုသည်များမှာ အင်္ဂလိပ်တို့ မြန်မာပြည်အားစိုးမိုးအုပ်ချုပ်စဉ်ကာလ သတ်မှတ်ခဲ့အတိုင်းပင် ကိုးကန့်ဒေသသည်လည်း ထိုအတိုင်းပင်ဖြစ်တော့သည်။

ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်း အင်္ဂလိပ်အစိုးရက ကိုးကန့်နယ်ခေါင်းဆောင်အား စော်ဘွားအဖြစ်အသိမှတ်ပြုခဲ့ပြီး သိန္နီစော်ဘွား၏လက်အောက်ခံအဖြစ်အသိမှတ်ပြုခဲ့သည်။ ကိုးကန့်ဒေသ၏ နောက်ဆုံးစော်ဘွားမှာ ၁၉၄၉ မှ ၁၉၅၉ ထိတာဝန်ယူခဲ့သော ယန်ကျင်းဆိုင်ခေါ်အက်ဒွပ်ယန် ဖြစ်သည်။ ရှမ်းပြည်စော်ဘွားများ အာဏာစွန့်ချိန်ထိတာဝန်ယူခဲ့သည်။

ကိုးကန့်စော်ဘွားခေတ်နောက်ဆုံးကာလတွင် ကိုးကန့်ဒေသ၌ နံမည်ကြီးပြီး အင်အားတောင့်တင်းသော မိသားစု ၃ ခုရှိကြသည်ဟုဆိုပါသည်။ တခုမှာ ကိုးကန့်ကိုအုပ်ချုပ်သည့် ယန်မိသားစုဖြစ်သည်။ နောက်တခုမှာ ကိုးကန့်စော်ဘွားယန် မိသားစု ၏ လက်နက်ကိုင်ကာကွယ်ရေးတပ်ကို ခေါင်းဆောင်သည့် ဖုန်မျိုးနွယ်မိသားစုဖြစ်ပြီး နောက်မိသားစုတခုမှာ ကုန်သည် လုပ်ငန်းလုပ်ဆောင်သည့် လော်မျိုးနွယ်မိသားစုဖြစ်သည်။

ထိုမိသားစု ၃ ခုတွင်ပါဝင်သည့် ယန်မျိုးနွယ်စုဝင် ဂျင်မီယန် အော်လစ်ယန်တို့သည်လည်းကောင်း၊ ဖုန်မျိုးနွယ်စုဝင် ဖုန်ကြားစင်း ဖုန်ကြားဖူးတို့သည်လည်းကောင်း၊ လော်မျိုးနွယ်စုဝင် လော်စစ်ဟန် ထွန်းမြင့်နိုင်တို့သည်လည်းကောင်း၊ မြန်မာပြည်တွင် လူသိများသောနံမည်များဖြစ်ကြပေတော့သည်။

● ကိုးကန့် နှင့် ဘိန်းစိုက်ပျိုးမှု
ကိုးကန့်ဒေသသည် ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ခန့်တွင်ရှိသည်။ တောင်တန်းများပေါ်တွင်ရေရှားပါးသည်။ ဆန်စပါးတောင်ယာစိုက်ပျိုးရေးအတွက် ခက်ခဲသည်။ သို့သော် ဤဒေသရှိရာသီဥတုသည် ဘိန်းစိုက်ပျိုးရန် အတွက် အဆင်ပြေသည်။ တောင်ပေါ်ဒေသ၌ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ ဇန္နဝါရီ ဖေဖဝါရီလများတွင်လည်း မိုးတကြိမ် ၂ ကြိမ် အမြဲရွာလေ့ရှိရာ ဘိန်းစိုက်ပျိုးရန် အဆင်ပြေသည်။ အင်္ဂလိပ်တို့ မြန်မာပြည်သိမ်းပိုက်ပြီးနောက် အင်္ဂလိပ် လူကြီးလူကောင်းဆိုသူများ သယ်ဆောင်လာသည့် ဘိန်းစိုက်ပျိုးမှုသည် ကိုးကန့်ဒေ၏ အသက်မွေးဝမ်းကြောင်းဖြစ်လာ တော့သည်။ အာရှကို ဘိန်းစစ်ပွဲဆင်ပြီး ကိုလိုနီပြုခဲ့သည့်အင်္ဂလိပ်တို့၏အမွေးဆိုးသည် ကိုးကန့်ဒေသ၌ အမြစ်တွယ်တော့ သည်။

သို့နှင့် ကိုးကန့်တောင်တန်းများပေါ်တွင် မိုးအခါ ပြောင်းဖူးစိုက်ကြ၍ ဆောင်း၌ ဘိန်းစိုက်ကြသည်။ သို့သော် ဤသည်မှာကိုးကန့်ဒေသခံအများအပြား၏နေ့စဉ်ဘဝ အသက်မွေးဝမ်းကြောင်း အဖြစ်နှစ်ပေါင်းများဖြစ်ခဲ့သည်။ ဘိန်းစိုက်၍ ထွက်လာသည့် ဘိန်းများကိုရောင်း၍ မိမိလိုအပ်သည့် ဆန်ဆီဆား အဝတ်အထည်များပြန်ဝယ်ကြသည်။ ဘိန်းစိုက်တောင်သူများအဖို့ အ ခြားသီးနှံစိုက်ပျိုးသူတောင်သူများကဲ့သို့ပင် မွဲပြာကျလျက်ပင်ရှိသည်။

ဘိန်းနှင့်စီးပွားဖြစ်နေသူများမှာ ဘိန်းတောင်တောင်သူများမဟုတ်ကြပေ။ ဘိန်းကုန်သည်များသာဖြစ်ကြသည်။ မြန်မာပြည်မ မှ လူများအဖို့ ချမ်းသာကြွယ်ဝသော လော်စစ်ဟန်မိသားစုမျိုးကိုတွေ့မြင်ရ၍လည်းကောင်း၊ မန္တလေးမြို့တွင် ပါဂျဲရိုကားတစ် စီးနှင့်သိန်းထောင်သောင်းချီတန်ဖိုးရှိသော မြေကွက်လိုက်ဝယ်နေသော ကိုးကန့်သားအချို့တလေမြင်ရုံနှင့် ကိုးကန့်သား အားလုံး ဘိန်းနှင့်ချမ်းသာကြွယ်ဝနေသည်ဟု မမှတ်ယူသင့်ပေ။

ဖုန်ကြားစင်း (photo credit: Peng-Jiangseng)

ဘိန်းစိုက်တောင်သူ ကိုးကန့်အများစုမှာ မွဲပြာကျနေဆဲဖြစ်သည်။ ၁၉၇၅ စာရင်းအရ ကိုးကန့်ဒေသ၌ တနှစ်လျှင် ၇ လစာ သာရိက္ခာ ဖူလုံသည့်အဆင့်တွင်သာရှိခဲ့သည်။ တနှစ်ပတ်လုံးဆန်ထမင်း မစားကြရ။ ပြောင်ဆန်ကြမ်းများကိုကြိတ်၍ပြောင်းထမင်းစားရသည့် ဘဝ၌သာရှိသည်ကို သတိပြုသင့်ပေသည်။ ချုပ်၍ ဆိုလျင် ကိုးကန့်ဒေသခံအများစုကြီး ဘိန်းစိုက်ရင်းမွဲပြာ ကျနေချိန်တွင် ဘိန်းကုန်သည်အနဲစု ချမ်းသာကြွယ်ဝလာသည်ကတော့ ကိုးကန့်၏ မူလစီးပွားရေးပုံစံဟုဆိုရမည်။

● ကိုးကန့်ပုန်ကန်မှု
ကိုးကန့်ဒေသတွင် မူလက မြို့စားများ စော်ဘွားများသည် သူတို့၏ကာကွယ်ရေးတပ်များနှင့်အုပ်ချုပ်ကြရာမှ ၁၉၅၉ စော် ဘွား များအာဏာစွန့်ရသည်မှစ၍ အပြောင်းအလဲစတော့သည်။ ကိုး ကန့်ကာကွယ်ရေးတပ်က စတင်ပုန်ကန်တော့သည်။

ကိုးကန့်ကာကွယ်ရေးတပ်ကိုခေါင်းဆောင်သူများဖြစ်ကြသည့် ဖုန်မိသားစု၏ဇာတိမှာ လောက်ကိုင်၏ အရှေ့မြောက် တောင်ကြောပေါ်ရှိ ကျောက် တုံးနီရွာဟုအဓိပ္ပါယ်ရသည့် ဟုန်စစ်ထိုးဟော်ရွာမှဖြစ်သည်။ ကိုးကန့်ဇာတိ ဒေသခံများဖြစ် ကြသည်။ အဆိုပါ ဖုန်ကြားစင်းတို့ဦးဆောင်သည့် ကိုးကန့်ကာကွယ်ရေးတပ်မှ စတင်၍ ပုန်ကန်ကြသည်။ ပုန်ကန်မှုအစောပိုင်း တွင် ကိုးကန့်စောဘွားမိသားစုဝင် ဂျင်မီယန်သည်လည်း ပူးပေါင်းပါဝင်ခဲ့သော်လည်း ၁၉၆၇ ခန့်တွင် အစိုးရထံ လက်နက် ချခဲ့သည်။ သို့သော် ဂျင်မီယန်သည် ၁၉၇၀ ခုနှစ်ပိုင်းတွင် ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီ ပဒပ နှင့်ပူးပေါင်းပါဝင်ပြီး ထိုင်းနိုင်ငံသို့ရောက်ရှိသွားခဲ့သည်။

ဖုန်ကြားစင်းတို့၏ကိုးကန့်ကာကွယ်ရေးတပ် တကယ်တမ်းအားကောင်းမောင်းသန်ဖြစ်လာသည့်အချိန်ကတော့ CPB နှင့်ပူးပေါင်းလိုက်သည့်အချိန်ဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်။

Photo Credit : Reuters


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်