ခင်လေး – နားခိုရာပျက် အနာဂတ်မဲ့

March 22, 2016

– နားခိုရာပျက် အနာဂတ်မဲ့
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၆

အခန်း (၁)
ပြည့်စုံအောင်
သာလင်းထက်
မောင်မောင်စိုး
မောင်မောင်စိုး

ကျွန်မ မောင်မောင်စိုး နာမည်ကို နှစ်ခေါက်မြောက်ခေါ်ရင်း အတန်းထဲကို မျက်လုံးဝင့်ကြည့်လိုက်ပါတယ်။

ကျောင်းသားတွေက သူတို့နာမည်ခေါ်တိုင်း အတန်းထဲမှာရှိကြောင်း မတ်တပ်ရပ်ပြကြပေမယ့် မောင်မောင်စိုး တယောက် ကတော့ ရှိမနေပါဘူး။  ဘာများဖြစ်လို့ပါလိမ့်၊ ဒီနေ့နဲ့ပါဆို ဒီကလေးကျောင်းမလာတာသုံးရက်ရှိပြီ။  အနေအေးပြီး ကျောင်း စာထူးချွန်သလို ကျောင်းလည်းပျက်လေ့မရှိတဲ့ကလေး အခုလို သုံးရက်ဆက်တိုက် ကျောင်းပျက်နေတာကို ကျွန်မအံ့သြ နေမိပါတယ်။

ရန်ကုန်မြို့ရဲ့ မြို့စွန်မှာရှိတဲ့ မူလတန်းကျောင်းလေးဆိုပေမယ့်လည်း ကျွန်မ ဆရာအတတ်သင်ကျောင်းကနေ သင်တန်း ဆင်းပြီးကတည်းက တာဝန်ကျခဲ့တဲ့နေရာလေးမို့ ဒီကျောင်းက ကလေးတွေကိုကော ဒီကျောင်းကိုပါ ကျွန်မအလွန်သံယောဇဉ်တွယ်လှပါတယ်။  ကျွန်မအတန်းထဲမှာရှိတဲ့ ကလေးတွေကလည်းမပြည့်စုံတဲ့ မိဘပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရသူတွေမို့ အများစုကခပ်နွမ်းနွမ်းနဲ့ ကျောင်းတက်နေကြရတဲ့သူတွေများပါတယ်။  အဲ့ဒီထဲမှာ မောင်မောင်စိုးလည်း တယောက်အပါ အ၀င်ပေါ့။

မနက်ပိုင်းကျောင်းတက်ချိန်မှာ ကျောင်းခေါ်ချိန်ခေါ်ပြီးတာနဲ့ စာဆက်သင်ရမှာမို့ မောင်မောင်စိုးတယောက် ဘာကြောင့်များ ကျောင်းပျက်ရသလဲဆိုတာကို စာသင်ချိန်ပြီးမှသာ ကျောင်းသားတယောက်ယောက်ကို ခေါ်မေးမယ်လို့ စိတ်ထဲမှတ်ထားပြီး ကလေးတွေကိုသင်္ချာဖတ်စာအုပ်ထုတ်ဖို့ ကျွန်မပြောလိုက်ပါတယ်။

အခန်း (၂)
“ကျွန်မတော့ ဒီကျောင်းမှာဆက်ပြီး အလုပ်လုပ်နိုင်ပါဦးမလား မသိတော့ပါဘူးဆရာမရယ်..”။

မနက်ပိုင်းစာသင်ချိန်ပြီးလို့ ဆရာမတွေနားနေတဲ့ အခန်းထဲမှာ လပတ်စာမေးပွဲအဖြေလွှာတွေ စစ်နေတဲ့ကျွန်မကို ကျောင်း သန့် ရှင်းရေး နေ့စားအလုပ်သမားဖြစ်တဲ့ မစိန်ကပြောလိုက်ခြင်းပါ။

မစိန်ကကျောင်းသန့်ရှင်းရေးဝန်ထမ်းဆိုပေမယ့် သူမရဲ့အလုပ်အပေါ်မှာ စေတနာထားပြီး လုပ်တတ်တဲ့သူတယောက်ပါ။   ကျောင်းမှာရှိတဲ့ ဆရာဆရာမတွေ ကျောင်းသားတွေနဲ့လည်းအဆင်ပြေနေပါရက်နဲ့ အခုလိုသူမပြောလိုက်တော့ ဘာများဖြစ်လို့ပါလိမ့်ဆိုပြီးသိချင်စိတ်နဲ့  “ဘာဖြစ်လို့တုံး အမရဲ့..” လို့ လှမ်းမေးလိုက်ပါတယ်။

“ကျွန်မတို့အိမ်တွေကို ကျူးကျော်အိမ်တွေဆိုပြီး အဖျက်ခံရတယ်လေဆရာမရယ်။  ကျွန်မတို့မှာစားဖို့အတွက် တနေ့တနေ့ မနည်းရုန်းကန်နေရတဲ့အထဲ အခုနေစရာပါ ပျောက်တော့မယ်။  ဆရာမမသိဘူးလား ဆရာမအခန်းထဲက ကျောင်းသား မောင်မောင်စိုးတို့ အိမ်လည်းပါတယ်လေ..”။

“ဘုရားရေဟုတ်လား။  ဒါကြောင့် ဒီကလေး ဒီရက်ပိုင်း ကျောင်းလာမတက်တာပေါ့”

စိတ်မကောင်းဖြစ်မိတဲ့စိတ်နဲ့ ကျွန်မလည်း ပြန်ပြောလိုက်ပါတယ်။

“ဟုတ်တယ်ဆရာမရေ..၊ ကျွန်မတို့ အိမ်တွေကိုဖျက်မှတော့ ကျွန်မတို့ ဘယ်သွားနေရမတုံး။  စားဖို့တောင် အနိုင်နိုင်ရယ်ကို။  အခုတော့ ကျွန်မတို့ ဘ၀တွေက ပေးစရာလည်းငွေမရှိ၊ ပြေးစရာလည်းမြေမရှိ ဖြစ်နေရပြီဆရာမရယ်..” လို့ မစိန်ကပြောရင်းအသံတိမ်သွားရှာပါတယ်။ ကျွန်မလည်း မစိန်ပြောနေတာကို နားထောင်ရင်းကနေ စာနာဝမ်းနည်းစိတ်အခံနဲ့ အတိတ် ဆီသို့ အတွေးခုန်ကူး နောက်ပြန်သွားမိတယ်။

အခန်း (၄)
အချိန်ကာလအားဖြင့်တော့ ၁၉၉၅ ခုနှစ်။  ပူပြင်းလှတဲ့ နေရောင်အောက်မှာ ပတ်ဝန်းကျင်တခုလုံးက တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ဆူညံသံတွေအပြည့်၊ ဖုန်တွေသဲတွေပါတဲ့ လေပူနေပူအောက်မှာ ဘ၀အပူနဲ့ လောကဓံဆိုတာကို မသိနိုင်သေးတဲ့ ကလေး တွေကတော့ ဆူညံနေအောင် ပြေးလွှားဆော့ကစားနေကြလေရဲ့။

ချွေးဒီးဒီးကျနေတာကိုမသုတ်အားဘဲ အမိုးအကာဖျက်ထားပြီးသား အိမ်ရဲ့ ကြမ်းခင်းတွေကို အပျက်အဆီးမဖြစ်အောင် သတိထားခွာနေတဲ့ အဖေ့ကိုငေးကြည့်ရင်းကျွန်မရဲ့စာအုပ်တွေကို ဆာလာအိတ်ထဲမှာ တစုတစည်းထဲဖြစ်အောင် ထည့် နေပါတယ်။

“ကျီးဖြူ…ကျီးဖြူ….. နိုင်ပြီဟေးးးးး” ကလေးတသိုက်စုပြီး ကစားနေတဲ့ဆီက ထွက်လာတဲ့ ညီမအလတ်ရဲ့အသံ။

“မေမေသမီးဗိုက်ဆာနေပြီ ”  မီးသွေးမီးဖိုဘေးမှာ ကြော်လှော်ချက်ပြုတ်နေတဲ့ အမေ့ဆီကိုသွားပြီး ဗိုက်ဆာလို့ပြောနေတဲ့ ညီမအငယ်ဆုံးအသံ။

သူတို့တွေကို ငေးကြည့်ရင်း တချိန်က ပန်းပင်တွေ အရွက်လှပင်တွေဝေဆာပြီး ကစားဖို့မြေကွက်လပ်ကျယ်နဲ့ ကျွန်မတို့ အိမ်လေးဟာ အခုတော့ ထင်းပုံတွေ သစ်သားပုံတွေနဲ့ တ၀က်တပျက်ဖျက်ထားတဲ့ ခြံစည်းရိုးထဲမှာ ရှုတ်ပွလို့။  ပါးနှစ်ဖက် ကိုစီးကျလာတဲ့ မျက်ရည်တွေကို မိဘတွေမမြင်အောင်သုတ်ရင်း ထမင်းဝိုင်းပြင်ဖို့ လှမ်းခေါ်နေတဲ့ အမေ့အနားကိုသွားပြီးကူညီပေးလိုက်ပါတယ်။

“ကျွန်မတို့ အိမ်ကဖျက်ထားတဲ့ သစ်တွေကိုသယ်ဖို့ကားက ဘယ်အချိန်လာမှာလဲအစ်ကို..”။

ထမင်းဝိုင်းပြင်ရင်း အမေက အဖေ့ကိုလှမ်းမေးလိုက်ပါတယ်။

“နေ့လည် တချက်တီးလောက်တော့ ရောက်မယ်ပြောတယ်” အဖေက ကျွန်မတို့ပြောင်းရမယ့် နေရာအသစ်မှာ အိမ်ပြန်ဆောက်ရင် သုံးဖို့ ကြမ်းခင်းတွေကို ဂရုတစိုက်ခွာရင်း လှမ်းပြောလိုက်ပါတယ်။

“ထမင်းစားဖို့ အဆင်သင့်ဖြစ်ပြီနော်..” ။

“သမီးကြီး ညီမလေးတွေကို ထမင်းစားဖို့ လက်သေချာဆေးပေးလိုက်” အမေကလှမ်းအော်လိုက်တော့ အဖေလည်း လုပ် လက်စအလုပ်ကိုထားပြီး ထမင်းဝိုင်းဆီကိုထလာပါတယ်။

ကျွန်မလည်း ညီမလေးတွေကို လက်ဆေးပေးနေတုန်း “ကျွန်မတို့ အိမ်ပြန်ဆောက်ဖို့နဲ့ ရွေ့ပြောင်းဖို့ ကုန်ကျတဲ့ စရိတ်စက တွေအတွက် ဘယ်လိုလုပ်ကြမလဲ အစ်ကို၊ သမီးကြီးက ဒီနှစ်ဆယ်တန်းလေ၊ အရေးကြီးနေတဲ့အချိန် သူ့ကို ကျူရှင်ထား ဖို့လည်း လိုသေးတယ် မဟုတ်လား။ သူ့သူငယ်ချင်းတွေက ကျူရှင်တွေစတောင်တက်နေကြပြီ”။

“ ဟင်းးးးး … ဘယ်တတ်နိုင်မလဲကွာ။ ရှိတာလေးပဲ ချရောင်းရတော့မှာပေါ့။  လောလောဆယ်တော့ မင်းဆွဲကြိုးလေးသွားရောင်းထားတာနဲ့ အဆင်ပြေအောင်လုပ်ရမှာပေါ့။  သမီးကြီးကျူရှင်အပ်ဖို့တော့ ငါရှာကြံလိုက်ပါဦးမယ်”။

အမေနဲ့ အဖေ့ရဲ့ ခပ်အုပ်အုပ်ပြောတဲ့အသံကို ကျွန်မညီမလေးတွေကို လက်ဆေးပေးရင်း နားစွင့်ပြီးနားထောင်နေလိုက်ပါတယ်။

ကျွန်မဘ၀အတွက် အရေးအကြီးဆုံးအချိန်မှာမှ ကျွန်မတို့မိသားစုရဲ့ နားခိုရာလေးက ဖျောက်ဖျက်ခြင်းခံနေရပါပြီ။  သူများ တွေလို ဘ၀အတွက် ကြိုးစားရမယ့်အချိန်မှာမှ ကျောခင်းစရာအတွက် ပူပင်နေရတဲ့မိဘတွေကို ကျူရှင်ထားပေးပါလို့ ကျွန်မဘယ်လိုပြောထွက်နိုင်ပါ့မလဲ။

အခန်း (၅)
“မမကြီး ဒါက ဒန်ပေါက်ထမင်းလားဟင်..”။

ရေရှားပါးလှတဲ့ နေရာသစ်မှာ တုံကင်တွင်းကသာ အားထားရာပါ။  ခက်တာကအဲ့ဒီတုံကင်တွင်းထဲက ရလာတဲ့ရေကိုသုံးပြီး ချက်လိုက်တဲ့ထမင်းတွေက အကုန်လုံး ၀ါထိန်နေတော့ ညီမအငယ်ဆုံးက သူစားချင်တဲ့ ဒန်ပေါက်ထင်ပြီး ကျွန်မ ကိုလှမ်းမေးလိုက်တာပါ။

စားမရတဲ့ ထမင်းအိုးကိုကြည့်ပြီး ကျွန်မဘာလုပ်ရမှန်းမသိခင်မှာပဲ၊ အမေက “သမီးရေရော့ ဟိုဖက်အိမ်ကရေကြည်နည်းနည်းတောင်းလာတယ်။  ဒီရေက ကြာကန်ကနေသွားခပ်ရတာတဲ့။  ဒီကနေ အဲ့ဒီရေသွားခပ်ရင် အသွားအပြန် တနာရီခွဲ လောက်တော့ ကြာတယ်တဲ့။  မနက်ဖြန်မနက် စောစောထပြီး တို့တွေသွားခပ်ကြတာပေါ့။  တို့တွေသုံးယောက်ပေါင်း တခါ သွားခပ်ထားရင် တိုင်ကီတ၀က်စာလောက်တော့ရမှာပါ။ သမီးထမင်းချက်ထားလိုက် အမေ ညည်းအဖေတို့ အိမ်ဆောက်နေ တာ ၀ိုင်းကူလိုက်ဦးမယ်”

ခုအမိန့်ထုတ် ခုချက်ခြင်းဖျက်ခံရတော့ ကိုယ့်ဝန်း ကိုယ့်ခြံနဲ့ အခြေတကျ မွေးကတည်းက နေလာခဲ့တဲ့ ကျွန်မတို့မိသား စုဘ၀လေးဟာ အခုတော့ သစ်ပင်မရှိတဲ့ လွင်တီးခေါင်ပြင်က မြေနေရာသစ်မှာ နေစရာအိမ်ကမရှိ။  ညနေဖက် ကျနေက ပူလွန်းတော့ ကျွန်မတို့ယာယီနေဖို့ အဖေထိုးပေးထားတဲ့ ရွက်ဖျင်တဲလေး ထဲကိုဝင်ပြီး ကျွန်မလည်း ထမင်းချက်ဖို့ ထင်းမီးကို မမွှေးတတ် မွှေးတတ်နဲ့ကြိုးစား မွှေးလိုက်ပါတယ်။  ဘ၀က မမျှော်လင့်ပဲ ပြောင်းပြန် ပြောင်းလဲသွားပြီပဲ။

ညရောက်တော့ ရွက်ဖျင်တဲရဲ့အပြင်ဖက်မှာ ကျွန်မထွက်ထိုင်ကာ လရောင်ကိုငေးကြည့်ရင်း လျှပ်စစ်မီးမရှိ၊ သန့်ရှင်းတဲ့ရေမရှိ၊ စာကျက်ဖို့နေရာဆိုတာကတော့ဝေးပေါ့။  ခုချိန်ဆို ကျွန်မသူငယ်ချင်းတွေတော့ စာတွေကျက်နေကြမှာပါ။  ကျွန်မဘယ်လို လုပ်ရမလဲ။  ဒီနှစ်ဆယ်တန်းစာမေးပွဲကို ကျွန်မဘယ်လိုဖြေရမလဲလို့ တွေးနေမိပါတယ်။ ကျွန်မရဲ့နောက်ကျောဘက်က ရွက်ဖျင်တဲထဲမှာတော့ ကျွန်မအဖေရဲ့တီးတိုးစကားသံနဲ့ တချက်တချက် ရှိုက်ငိုလိုက်တဲ့ ကျွန်မအမေရဲ့အသံ……။

အခန်း (၆)
ကလင်….. ကလင်….. ကလင်……..

“စာသင်ချိန်တောင် ပြန်ရောက်ပြီပဲ…” အတွေးထဲမှာဘယ်လောက်ကြာကြာနစ်မျောနေမိတယ် မသိခေါင်းလောင်းသံကြားမှ ကျွန်မသတိပြန်ဝင်လာတာမို့ သင်ခန်းစာ စာအုပ်လေးကို ကောက်ကိုင်ပြီး အခန်းထဲပြန်ဝင်ဖို့ပြင်ဆင်လိုက်ပါတယ်။

မောင်မောင်စိုးတယောက် ဘယ်လိုများနေရှာမလဲ…….။

တိုင်းပြည်တဝှမ်းက ကျွန်မမသိတဲ့ မောင်မောင်စိုး၊ မယ်မယ်စိုးလေးများစွာကော ဘယ်လိုနေကြရှာမလဲ …။

အသိုက်အမြုံ ကွန်းခိုရာမဲ့ ဘဝများစွာရဲ့ အနာဂတ်များစွာကော ဘယ်လိုနေကြရှာမလဲ..။

လွင်တီးခေါင်ပြင်ကို အဓမ္မ တွန်းပို့ခံခဲ့ရတဲ့ ကျွန်မတို့ မိသားစုလို ကြိုးစားမှု၊ ညီညွတ်မှု၊ စိတ်ဓာတ်ခိုင်မာမှုတို့နဲ့ အခက်အခဲကြား က သားသမီးများ ပညာဆုံးခန်းတိုင်ပြီး ဘဝအခြေအနေလှအောင် ပြန်တည်ဆောင်နိုင်ခဲ့သူ အိုးအိမ်မဲ့ အဖျက်ဆီးခံ မိသားစုဆိုတာ ဘယ်လောက်များများ ရှိနိုင်ပါ့မလား။  ကံကြမ္မာပြန်လည်အခွင့်သာမှုကြောင့် ငါတို့ အခြေပြန်လှခဲ့ရတယ်လို့ ကံ ကံ၏ အကျိုးကို စွဲမြဲ ယုံကြည်သူ တယောက်အနေနဲ့ ဆိုချင်မိပေမယ့် အခြေဖျက်ခံ ဘဝရောက်ခဲ့ရခြင်းကိုတော့ လောက ဓံပဲ၊ ကံကျီစားမှု သက်သက်လို့ရယ်တော့ ကျွန်မ မယုံကြည်နိုင်ပါ။

အခန်း (၇)
နိုင်ငံတနိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ တိုးတက်ဖို့အတွက် နိုင်ငံသားတိုင်းရဲ့  အထွေအထွေ လူနေမှုအဆင့်အတန်းကို မြင့်မားအောင် လုပ်ပေးခြင်းက အခြေခံအကျဆုံးလုပ်ဆောင်မှုဖြစ်ပါတယ်။  ပြည်သူအများရဲ့ နေထိုင်မှုပုံစံ အရည်အသွေး မြှင့်တင်နိုင်ဖို့ဟာ အစိုးရနဲ့ သူဖော်ဆောင်တဲ့ စနစ်အဖွဲ့အစည်းတခုရဲ့ အဓိက တာဝန်ပါ။  ဘဝအရည်အသွေး မမြှင့်တင်နိုင်သေးရင်တောင် လူသားရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး အတွက် မှန်ကန်သင့်တော်မျှတတဲ့ စနစ်ကောင်း တခုတော့ တိုင်းပြည်မှာ အခြေတည်နိုင်ရပါမယ်။

သန်းနဲ့ချီသော တိုင်းသူပြည်သား အများစုဟာ တမင်းတလုတ်တဆုတ်၊ ကျောတခင်းစာအတွက် နေ့စဉ် ရတက်မအေး မနည်းရုန်းကန် သင့်သလို တော်သလို ဖြေရှင်းနေရပြီဆိုရင် ဒီမိသားစုများစွာက ကလေးငယ်တွေဟာ သူတို့အနာဂတ် အခြေအနေမြှင့်တင်နိုင်ဖို့နဲ့ လူသားဘဝ အကျိုးရှိအောင်ခံစားနိုင်ဖို့အတွက် မရှိမဖြစ် အရေးပါလှတဲ့ ပညာရေးဆိုတဲ့ ဘဝမြှင့်တင်ရေးဆေးစွမ်းကောင်းကို အလှမ်းမီနိုင်မှာ မဟုတ်တော့ပါ။

အခန်း (၈)
ပြောင်းချင်သလိုပြောင်းနေတဲ့ စနစ်ဆိုးခေတ်ဆိုးနဲ့ တိရစ္ဆာန်သာသာ မောင်းထုတ်ခံရတဲ့ဘ၀မျိုးတွေမှာ ပညာသင်ဖို့ထက် ကျောခင်းစရာနေရာအတွက်ပူပင်နေရတဲ့ ကျွန်မလို၊ ကျွန်မတပည့်လေး မောင်မောင်စိုးတို့လို ကျောင်းသားတွေ ဘယ်လောက်များများရှိနေလိုက်မလဲ။  ဘယ်လို ဖြေရှင်းနိုင်မလဲ။

ရည်မှန်းချက်တွေပျောက်ပြီး စာသင်ရမယ့်အရွယ်တွေမှာ ဘ၀အတွက်ပူလောင်နေရတဲ့ အောက်ခြေလူတန်းစားဘ၀ တွေထဲက ကျောင်းသားလူငယ်တွေ၊ မပြည့်စုံမှုတွေနဲ့ စိတ်အားငယ်စွာ ကျောင်းဝန်းပြင်ပကို ရောက်သွားမယ့်လူငယ်တွေ ဘယ်လောက်များ ရှိနေမလိုက်လဲ။  ဘယ်လိုများ ဖြေရှင်းရမလဲ။

လူတဦးတယောက်အတွက် သူခေတ္တနားခိုရာ၊ အိမ်လို့ အမည်ခေါ်တွင်နိုင်စရာ နေရာလေး တခုတော့ ရှိသင့်ပါတယ်။

ကလေးငယ်တိုင်းလည်း ပညာသင်ကြားနိုင်ဖို့ အခွင့်အရေး ရသင့်ပါတယ်။

ဒီအခြေခံလူသား၊ နိုင်ငံသား အခွင့်အရေးအတွက် ကျွန်မတို့ အနာဂတ်မှာ ဘယ်လောက်မျှော်လင့်နိုင်ပါပြီးလဲ။

ဒီလို “နားခိုရာပျက် အနာဂတ်မဲ့” ဘဝများစွာနဲ့ နိုင်ငံတနိုင်ငံရဲ့ အလားအလာကကော ဘယ်ဆီဘယ်ဝယ် ဦးတည်နေပြီလဲ။

အတွေးများစွာနဲ့ လေးလံနေပေမယ့် ဒီညနေတော့ ဘဝတူချင်း စိတ်ဓာတ်ခွန်အားတွေပေးနိုင်ဖို့၊ အရှုံးမပေးနဲ့ ကလေးငယ်ရယ် ဆိုနိုင်ဖို့ ကျွန်မတပည့်လေးဆီကို ကျွန်မအရောက် သွားရပါဦးမယ်။

သည့်အပြင်ကော ကျွန်မ ဘာများ တတ်နိုင်ဦးမည်လဲ။

ခင်လေး
18-03-2016 (11:10 am.)ဝ
(ယခုအပတ်ထုတ် Education Digest ဂျာနယ်တွင်လည်း ပုံနှိပ်ခဲ့သည်။)

(ဓာတ်ပုံများ – စက်မှုဇုံ၊ စစ်တပ်ပိုင်၊ စီမံကိန်း စသည့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ဖျက်ဆီးခံရသူများ အကြောင်း ရိုက်ကူးထားသည့် ရိုက်တာရုပ်သံမှတ်တမ်းတိုကနေ ထုတ်နှုတ်ယူပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်