မောင်စွမ်းရည် – ဝတ္ထုရေးဆရာ မောင်သာရ

March 24, 2016

မောင်စွမ်းရည် – ဝတ္ထုရေးဆရာ မောင်သာရ

(မိုးမခ) မတ် ၂၄၊ ၂၀၁၆

မောင်သာရကို ဝတ္ထုရေးဆရာတယောက်အနေနဲ့ပဲ ကွက်ပြီး လေ့လာကြည့်ချင်ပါတယ်။

မောင်သာရဟာ ဝတ္ထုနှစ်မျိုးနှစ်စားရေးခဲ့သူ ဖြစ်ပါတယ်။

(၁) လူငယ်ကြိုက် ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုများ ကိုလဲ ရေးခဲ့တယ်။

(၂) လူကြီး ကြိုက်လို့ ဆိုပါတော့။ ဘ ဝသရုပ်ဖေါ် ဝတ္ထုများကိုလဲ ရေးခဲ့ပါတယ်။ အချစ် ဝတ္ထုတွေမှာရော၊ ဘ ဝသရုပ်ဖေါ် ဝတ္ထုတွေမှာရော မောင်သာရ ဝတ္ထုတွေမှာ သူများနဲ့မတူတဲ့ ထူးခြားချက်တွေ ရှိပါတယ်။ သူ့ခေတ်နဲ့သူ၊ သူ့ကဏ္ဍနဲ့သူ သူများထက် ထူးခြားခဲ့တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဘ ဝ သင်ခန်းစာယူစရာတွေကို အပုံကြီးချန်ခဲ့သူပါ။

မောင်သာရ စပြီး နာမည်ရတာက အချစ် ဝတ္ထုတွေနဲ့ ဖြစ်ပါတယ်။ သူ့ ဝတ္ထုတွေမှာ ထူးခြားချက်က စကားပြေအရေးအဖွဲ့ဖြစ်ပါတယ်။ စာရေးဆရာဆိုတာ ` ဝါကျလက်သမား ´ လို့ ဆရာကြီးရွှေဥဒေါင်းက ပြောခဲ့ဖူးပါတယ်။ လက်သမားမှာ လက်သမားအ၏ပညာအပြင် သူသုံးစွဲတဲ့ စူး ဆောက် လွှ စတဲ့ ကိရိယာတွေပြည့်စုံကောင်းမွန်မှုလဲ လိုအပ်ပါတယ်။ စာရေးဆရာမှာလဲ စကားပြေအရေးအသား တတ်ကျွမ်းဖို့အပြင်ေ ဝါဟာရ ကြွယ်ဖို့၊ သဒ္ဒါ ဝါကျ စကးလုံး သုံးစွဲတတ်မှု အရည်အချင်းပြည့်စုံကောင်းမွန်ဖို့လဲ လိုအပ်ပါတယ်။ ` ရန်ကုန်အကြွား၊ မော်လမြိုင်အစား၊ မန္တလေးစကား ´ ဆိုတဲ့အတိုင်း မန္တလေးသားများဟာ စကားကြွယ်တယ်လို့ အဆိုရှိပါတယ်။ မောင်သာရက မန္တလေးသား အစစ်လို့လဲ ဆိုပါတယ်။

စာရေးဆရာဖြစ်ရင် မန္တလေးသားက တပန်းသားတယ်ဆိုတာကို ဆရာကြီးရွှေဥဒေါင်း၊ ဦးညိုမြ ၊ လန်ဒန်ဦးတက်ထွဋ်တို့က အဆိုပြုခဲ့ပါတယ်။ ဆရာဇော်ဂျီ (ဖျာပုံသား)က ထောက်ခံ အတည်ပြုခဲ့ပါတယ်။ မောင်သာရက မန္တလေးသားစစ်စစ်ဖြစ်တဲ့အပြင် မန္တလေးသားတိုင်းမှာ မရှိနိုင်တဲ့ ရှေးစာ၊ မေတ္တာစာ၊ ပျို့ကဗျာလင်္ကာတွေ အရအမိ၊ အကျွမ်းတ ဝင်ရှိခဲ့ပြီး အဲဒီရှေးကဗျာလင်္ကာအညွန့်အဖူးတွေကိုလဲ ခေတ်ဆန်လှတဲ့ ဝတ္ထုတွေမှာ ရှေးစာနဲ့ အတင့်အတယ်ဖြစ်အောင် မွမ်းမံနိုင်ခဲ့ပါတယ်။

ခုခေတ်မယ်ရွေးပွဲတွေမှာ နန်းတွင်းသူ အ ဝတ်တန်ဆာတွေကို ဝတ်ဆင်သလို ဖြစ်မယ်ထင်ပါတယ်။ ဒီလို ဝတ်ဆင်တာမျိုးကလဲ ဆင်တတ်ရင် လှပြီး မဆင်တတ်ရင် ၊ အ သွားနိုင်ပါသေးတယ်။ မောင်သာရက လှအောင် ဆင်နိုင်ပါတယ်။

အဲသလို အချစ် ဝတ္ထုတွေ ၊ အနုအလှ သမုဒယ လေးတွေနဲ့ အောင်မြင်ပြီး နာမည်ရနေချိန်မှာ အဲဒါတွေကို သစ်စိမ်းချိုးချိုးသလို လုံး ဝရပ်ဆိုင်း ဖြတ်တောက်ပစ်လိုက်ပါတယ်။ အောင်မြင်နေတာကို စွန့်ပစ်ထားခဲ့ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အထူးသဖြင့် နောက်ထပ်အောင်မြင်မှုတခုကို အရိပ်အရောင်မျှမမြင်ရသေးဘဲ လက်ရှိအောင်မြင်မှုကို စွန့်ပစ်ဖို့ရာ ပိုမိုခက်ခဲပါတယ်။ မောင်သာရက အဟောင်းကို စွန့်ပစ်ပြီး အသစ်တခုကို စွန့်စား ကူးလိုက်ခဲ့ပါတယ်။ ` သရုပ်မှန် ´ လို့လဲ ခေါ်တဲ့ ` ဘဝသရုပ်ဖော် ´ ဝတ္ထုလမ်းကြောင်းပေါ်ကို ခုန်တက်လိုက်တာ ဖြစ်ပါတယ်။

ဘဝသရုပ်ဖေါ်ဆိုတာက ဆင်းရဲသား အများပြည်သူတွေရဲ့ ဘဝကို သရုပ်ဖေါ်ရတာ ဖြစ်ပါတယ်။ ပြည်သူ့ဘဝ ကို သရုပ်ဖေါ်ရတယ် ဆိုတာကလဲ ပြည်သူတွေရဲ့ကြားမှာ ပြည်သူတွေရဲ့ဘ ဝထဲမှာ အတူ နေထိုင်စားသောက်ပြီး ပြည်သူတွေရဲ့ဘ ဝကိုခံယူ ၊ စံစား ၊ နားလည်မှသာ ရေးနိုင်ပါတယ်။ မျက်မြင်နားကြား သာမန်အပေါ်ယံလောက် သိရုံနဲ့ မရဘူးဆိုတာကိုလဲ မောင်သာရကပဲ လက်တွေ့ပြသွားတယ်လို့ ဆိုနိုင်ပါတယ်။ သူက အလုပ်သမား၊ ဆင်းရဲသား မဟုတ်ပါ။ ကျောင်းဆရာ မျိုးရိုးပါ။

` မတ်တပ်ရပ်လို့ လမ်းမှာငို ´ ဆိုတဲ့ ဘ ဝသရုပ်ဖော် ဝတ္ထုကို ၁၉၆၉ မှာ ရေးပါတယ်။ ဒီ ဝတ္ထုကို ရေးဖို့ရာအတွက် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနမှာ အစမ်းခန့် လက်ထောက်ကြီးကြပ်ရေးအရာရှိ ဝင်လုပ်ခဲ့တယ်။ဒါက အလုပ်သမားရဲ့ အထက်ကနေရတာပါ။ ပြီးမှ လက်မှတ်ရောင်း ဝင်လုပ်တယ်။ ပြီးတော့မှ တကယ့်ယာဉ်မောင်းဘ ဝကို ဝင်လုပ်ပါတယ်။ လေးဘီးအငှားယာဉ်မောင်းသူ (တက္ကစီဒရိုင်ဘာ ) ဘဝကို နောကျေအောင် လေ့လာပြီး ဝတ္ထုရေးတဲ့အခါ ၁၉၆၉ အကောင်းဆုံး ဝတ္ထုရှည် အဖြစ် အမျိုးသားစာပေဆုကို ရရှိခဲ့ပါတယ်။ ဆုရတာဟာ ကံ၊ ဥာဏ်၊ ဝီရိယ သုံးပါးလုံးပါ ဝင်ပါတယ်။ ဒီ ဝတ္ထုမှာ ဥာဏ် ဝီရိယ အထူးစိုက်ထုတ် ပါ ဝင်ခဲ့ရပါတယ်။ (စပ်မိလို့ ပြောရရင် အဲဒီခုနှစ်မှာထက် ဆယ်နှစ်လောက် စောတဲ့ နှစ်များက သူ့ထက် အသက် ၄ – ၅ နှစ်ငယ်သူ မန်းတက္ကသိုလ်ကျောင်းသားလေးငါးယောက်ကတော့ ကဗျာနဲ့ အမျိုးသားစာပေဆု ရပြီးနှင့်ပါပြီ ။)

ဒီလိုဘဝသရုပ်ဖေါ် ဝတ္ထုနဲ့ အမျိုးသားစာပေဆုရလိုက်ဆိုတော့ဟာ သူစွန့်စားကူးပြောင်းလိုက်တဲ့ လမ်းပေါ်မှာလဲ အောင်မြင်မှု ရသွားခဲ့ပြီလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုဟာ ဝတ္ထုအမျိုးအစားအသစ်မှာ ရရှိဘို့ဆိုတာ အလွန်ခက်ခဲတဲ့ အတွက် မောင်သာရဟာ ဂုဏ်ယူထိုက်ပါပေတယ်လို့ ဆိုချင်ပါတယ်။ သူ့အနေနဲ့ ဘဝသရုပ်ဖေါ် ဝတ္ထုတွေ ရေးလာတော့ ကျနော်က မန္တလေးလူထုသတင်းစာမှာ အပတ်စဉ် (တခါတလေလဲ နေ့စဉ်လောက်) စာအုပ်ေ ဝဖန်ချက်တွေ ရေးနေပါပြီ။ နောက်ပိုင်းမှာ မိုးဝေမဂ္ဂဇင်း အစရှိတဲ့ ရန်ကုန် မဂ္ဂဇင်းတချို့မှာလဲ ရေးနေပါပြီ။ မောင်သာရ ရဲ့ ဝတ္ထုတွေကိုလဲ ဘဝသရုပ်ဖေါ် ဝတ္ထုတွေအဖြစ် ချီးကျူး ဂုဏ်ပြုရေးသားလိုက်ပါတယ်။ ဒီအခါမှာ နှုတ်ကရော စာနဲ့ပါ တော်တော်များများက ` သူတို့ မန္တလေးသားချင်းမို့ အကောင်းရေးတာ ´ လို့ အမနာပ ပြောဆိုရေးသားလာကြပါတယ်။ ( မောင်သာရကတော့ သူသာ ရွှေမန်းသားအစစ်ပါ၊ မောင်စွမ်းရည်တို့က ` အတု´ တွေလို့ ဆိုခဲ့ပါတယ်။ နောက်တချက်ကတော့ သူဟာ ကျနော်တို့လို ` လူထုတိုက်ထွက် မဟုတ်ဘူး ´ ဆိုတာကိုလဲ ပြောလေ့ရှိပါတယ်။ ဒီလို `မတူခြားနားကြောင်း ´ ဘာကြောင့်သူပြောရသလဲဆိုတာ နောင်အခါ သီးခြားဆောင်းပါးတပုဒ်ရေးပါအုံးမယ် ။)

သူ့ကို မန်းသားချင်းမို့ အကောင်းရေးတယ်ဆိုတာကို မောင်သာရသာ မန်းသားမဟုတ်ရင်၊ တနည်းအားဖြင့် ကျနော်သာ မန်းသား မဟုတ်ရင် (မန္တလေးမှာ နေသူ မဟုတ်ရင်) ခုလိုရေးမှာ မဟုတ်ဘူးလို့ ပြောလိုတာအပြင် – မောင်သာရ ဝတ္ထုကို မကောင်းတောင်မှ ကျနော်က အကောင်းလုပ်ရေးမယ့်ပုံ၊ ကောင်းပေမဲ့လဲ မကောင်းရေးချင်ရေးမယ့်ပုံ ဖြစ်နေပါတယ်။ စာပေေ ဝဖန်ရေးကိုပါ တန်ဘိုးကျအောင်၊ စာပေကိုလဲ တန်ဘိုးကျအောင် ရေးရာ ရောက်ပါတယ်။ လူရော၊ စာပေရော၊ ဒေသရောကို အနာပ ပြောတာ၊ ရေးကြတာပါ။

ခုလို အမနာပ ရေးနေသူတွေက ရန်ကုန်ဘက်ကချည်းဖြစ်လို့ အထက်အောက် ` ဒေသစွဲ´ ဆိုတဲ့ စကားတွေလဲ ပါရှိလာပါတယ်။ ဒါကြောင့် ဒေသစွဲ မဟုတ်ကြောင်းကို ပြန်လည်ချေပရေးသားရာမှာ ကျနော်က မောင်သာရ ဝတ္ထုတွေရဲ့ အပေါ်ရဲ့ အမွှမ်းအမံ အရေးအသားနဲ့ပဲ တုန့်ပြန်အနိုင်ယူခဲ့ပါတယ်။ ဒီလိုပါ။

မောင်သာရ ဝတ္ထုတွေကို မကြည့်သေးပဲ မောင်သာရရဲ့ ဝတ္ထု အမည်တွေကိုပဲ ကြည့်လို့။ ဝတ္ထုနာမည်တွေက ` ထမီကျွတ်၍ လွှတ်လိုက်သည် ´ ၊` မကူးသောငါး မနားသောငှက်´ ၊ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ´ ၊ ` ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက် ´ ၊ ` ပြီးတော့ လူကိုပါယူသည် ´ ၊ ` လှမျက်ချယ် ရာ့သက် ဝယ် ဘယ်မမုန်းနိုင်ဘု ´ ၊ ` ရှင်ဘုရင်နှင့်ညားတော့ မိဖုရား ´၊ ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ် ´ ၊ ` ပုဇွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေးမြို့တော်သူ ´၊ ` ကြောင်ကို ဘယ်သူခြူဆွဲမလဲ ´ ၊ ` ပြောပြန်ရင် မောင်သာရ လွန်ရာကျမယ် ´ ၊ ` လှသည်လွယ်သည် သို့သော်လည်သည် ´၊ ` ငရုတ်မှန်လျှင် စပ်ရလိမ့်မယ် ´၊ ` မနုတ်လောက်တော့တဆယ်ချေး ´၊ ` မြည်းတကောင် နှင့် သားအဖနှစ်ယောက် ´ ၊ ` ရွှေစော်နံ ပြန်လိုက်ဦး ´ ၊ ` မနိုင်၍သည်းခံရခြင်းသည်လည်းကောင်း ´ စသဖြင့် ဖြစ်ပါတယ်။ စာကြီးပေကြီးထဲက စကားပုံ စကားထာတွေထဲက၊ သီချင်းတွေထဲက စသဖြင့် လှတာလေးတွေ ညွှန့်တာလေးတွေ ရွေးပြီး ဝတ္ထုနဲ့ ဆီလျော်အပ်စပ်အောင် ရွေးထားတာတွေ ဖြစ်ပါတယ်။ ဒီစာလုံးတွေကိုတော့ လူတိုင်းလောက်သိပါရဲ့လို့ ဆင်ခြေပေးနိုင်ပေမဲ့ လူတိုင်းက သုံးဖို့ စိတ်ကူးမရှိခဲ့၊ သုံးပြန်ရင်လဲ ဝတ္ထုကြောင်းနဲ့ အပ်စပ်ဖို့ မလွယ်။ ကဲ – မောင်သာရရဲ့ ဝတ္ထုမျိုးကို ရေးဖို့ ဆိုထားဦး ၊ ဝတ္ထုခေါင်းစီးတွေကိုပဲ ခုလိုလှအောင် ရွေးတတ်ပါစလို့ ကျနော်က စိန်ခေါ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ မောင်သာရပဲ လုပ်လုပ်၊ မောင်သာရ မဟုတ်တဲ့ ဘယ် ဝတ္ထုရေးသမားပဲ လုပ်လုပ် ၊ လုပ်နည်းမှားရင်လဲ မအောင်မြင်ပါဘူး။ မောင်သာရ ခုလို ဘ ဝသရုပ်ဖေါ်စာပေတွေ ရေးနေချိန်မှာ သူဟာ မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ( စစ်တပ်ပါတီ အာဏာရှင်ခေတ် – စစ်အာဏာရှင် ခေတ်ပထမပိုင်း ) မှာ မဆလပါတီဝင် ဖြစ်ပါတယ်။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လမ်းစဉ် သတင်းစာမှာလဲ အယ်ဒီတာ လုပ်ခဲ့ပါသေးတယ်။ ပါတီစာနယ်ဇင်းမှာ လုပ်ခဲ့ရာက ဆိုရှယ်လစ်နိုင်ငံကြီးတွေမှာ လုပ်သလို အလုပ်သမားထုအကြားမှာ ကွင်းဆင်းလေ့လာပြီး ဝတ္ထုရေးမယ်လို့ ဆိုပြီး (၁) မြစ်ငယ်မီးရထား စက်ခေါင်းရုံအလုပ်သမားတွေ ဘ ဝကိုလေ့လာရေးသားဖို့ တကြိမ် (၂) ရေနံမြေအလုပ်သမားတွေ ဘဝကို လေ့လာရေးသားဖို့ တကြိမ် နှစ်ကြိမ် ကြိုးစားခဲ့တဲ့ ကိစ္စနှစ်ရပ် ( ကျနော်သိတာကိုပဲ ) နမူနာ ပြောပြချင်ပါတယ်။ ( မိုးမိုး ( အင်းလျား ) ဟာ မဆလ လဲဖြစ်၊ အောက်ရပ်သူလဲ ဖြစ်လျက် ကောင်းလျှင် ချန်မထားခဲ့ပါ)

မြစ်ငယ်စက်ရုံမှာလဲ ထုံးစံအတိုင်း စစ်အစိုးရအောက်မှာ ဖြစ်လို့ စစ်ဗိုလ်တွေပဲ အုပ်ချုပ်နေပါတယ်။ ဒါကြောင့် စစ်တပ်ပါတီ ကိုယ်စားပြုလာတဲ့ စာရေးဆရာကို မီးရထားဟော်တယ်ပေါ်မှာပဲ အထက်တန်းကျကျ စားသောက်နေထိုင်စေပါတယ်။ သိတယ်မဟုတ်လား။ မောင်သာရပါတဲ့။ ရတဲ့ အခွင့်အရေး အကုန်ယူဖို့ ကြိုးစားပါတယ်။ ( ပိုတောင် ပိုအုံးမယ် ) ဟော်တယ်မှာ တာ ဝန်ကျတဲ့ စစ်ဗိုလ်ကို ခေါက်ဆွဲစားချင်တယ်၊ မုန့်ဟင်းခါး စားချင်တယ်၊ မြီးရှေ စားချင်တယ် စသဖြင့် အမျိုးမျိုး ဝယ်ခိုင်းပါတယ်။ မေမြို့ သွားချင်တယ်၊ စစ်ကိုင်းသွားချင်၊ ကျောက်ဆည် သွားချင်တယ်ဆိုရင်လဲ (မီးရထား ပထမတွဲနဲ့ ) ၊ ကားနဲ့ ဟိုပို့သည်ပို့ ပို့ခိုင်းပါတယ်။ နောက်ဆုံးတော့ ဂျီးများတယ် (ဗိုလ်ပေါ် ဗိုလ်ကျတယ်) ဆိုပြီး စစ်ဗိုလ်တွေက ဟော်တယ်ပေါ်က နှင်ချလိုက်ပါတယ်။ ဒါနဲ့ အထက်က လာတဲ့ ဝတ္ထုရေးဆရာဟာ အလုပ်သမားထဲ ကောင်းကောင်း မရောက်ခင် ကျဆုံးသွားခဲ့ရပါတယ်။

နောက်တခေါက်ကတော့ ရေနံမြေကောင်စီကနေ သွားပြီး ရေနံ အလုပ်သမားတွေကို လေ့လာပါတယ်။ ` အသားနက်မကြီး အောင်လံထူ ´ ဆိုတဲ့ ` ရေနံမြေအလုပ်သမားဘ ဝသရုပ်ဖော် ဝတ္ထုကြီး ထွက်လာခဲ့ပါတယ်။ ပါတီကောင်စီ အရာရှိအဖြစ် အထက်စီး အမြင်နဲ့ လေ့လာတော့ အထက်အရာရှိတွေနဲ့ စစ်အာဏာရှင်ခေတ်စနစ် နောက်ခံကားချပ်ကို လျစ်လျူရှု ရေးဖွဲ့ ထားခဲ့ပါတယ်။ အလုပ်သမားတွေကိုတော့ ` သူခိုးတွေ ´ အဖြစ်သရုပ်ဖေါ်ခဲ့လို့ ဒီ ဝတ္ထုဟာဆိုလဲ တပိုင်းသရုပ်ဖေါ် အဖြစ်နဲ့ ကျဆုံးသွားခဲ့ပါတယ်။ လေ့လာရေးသားတယ်ဆိုတိုင်းလဲ ဘ ဝထဲကို တကယ်မရောက်ဘဲ အပေါ်စီးလေ့လာရင် ကျဆုံးရပါတယ်။ မောင်သာရ ပေးတဲ့ သင်ခန်းစာပါပဲ။

ဟော – ခုတော့ အချစ် ဝတ္ထု အညွှန့်အဖူးလေးတွေ ေ ဝေ ဝဆာဆာ ရေးတာ အောင်မြင်ခဲ့တဲ့ ၊ ဝတ္ထုရေးဆရာ ၊ ဆင်းရဲသားပြည်သူဘ ဝကို အထက်လူမပါဘဲ ကိုယ်တိုင်တကယ်ထဲထဲ ဝင် ဝင် လေ့လာရေးသားလို့ အမျိုးသားစာပေဆုရခဲ့တဲ့ စာရေးဆရာဟာ သူ့ ဝတ္ထုတွေလိုပဲ ` ရွှေစော်နံ ပြန်လေဦးတော့ ´ ဆိုတဲ့ အဖြစ်မျိုးကို ရောက်ခဲ့ပါတယ်။

မောင်သာရဟာ လူညံ့မဟုတ်ပါ။ ဒီလို အထက်စီးကနေရင် ဝတ္ထုရေးဆရာ ကျဆုံးရတာပါပဲလား ဆိုတာကို သင်ခန်းစာယူတတ်ပါတယ်။ ဒါကြောင့် အထက်အာဏာ ပါ ဝါမသုံး ၊ မပါ ဝင်ဘဲ သူ့ဘာသာ မီးရထားတတိယတန်းတွဲမှာ မှောင်ခို ခရီးသည်တွေနဲ့အတူ မော်လမြိုင် ရန်ကုန်၊ ရန်ကုန် မန္တလေး အသွားအပြန် အစုန်အဆန် စီးပြီး လေ့လာပြီး မှောင်ခို ဈေးကုန်သည်တွေ ဘဝကို လေ့လာရေးသားပါတယ်။ မှောင်ခိုဈေးသည်ဆိုတာ မဆလခေတ်ရဲ့ ထူးခြားတဲ့ အသွင်လက္ခဏာတရပ် မဟုတ်လား။ ရေးလဲပြီးရော စာပေစိစစ်ရေးက စာမူတောင် ပြန်တောင်းလို့ မရတော့ပါဘူး တဲ့။ ပုံနှိပ်ထုတ်ေ ဝခွင့်လဲ မရလိုက်ပါဘူး။

မောင်သာရနဲ့ အယ်ဒီတာ ဝင်းခက်တို့ဟာ ` မဆလ ´ တွေ ဖြစ်ပါတယ်။မူလက ` ပြည်သူ့လူငယ် ´ ခေါ်တဲ့ ဝိဓူရ သခင်ချစ်မောင် တို့ရဲ့ ဆိုရှယ်နီပါတီကပါ။ ဝိဓူရကြီးက ဗိုလ်နေ ဝင်း အာဏာသိမ်းတဲ့အခါ ` ခွေးကတက်က နေရ နေရ ´ ဆိုပြီး ထောက်ခံခဲ့တော့ သွားပါလေရော။ ကိုဝင်းခက်က ရှစ်လေးလုံးမှာ ဆန္ဒပြပွဲတွေ ဦးဆောင်ပါ ဝင်ခဲ့လို့ ပြည်ပကို ထွက်ပြေးခဲ့ရပြီး ပြည်ပမှာပဲ ခေါင်းချသွားခဲ့ပါတယ်။ မောင်သာရ ကို ဦး ဝင်းတင် ၊ဦးမိုးသူ တို့ကရော၊ မောင်စွမ်းရည် က ပါ ဆန္ဒပြဖို့ လက်ဆွဲပြီး ခေါ်ခဲ့ပါတယ်။ ` ရွှေလက်နဲ့ ခေါ်လဲ မောင်မလာ´ ခဲ့ပါ။ ဒါပေမဲ့ ပြည်ပရောက်သူတွေကို ထိုင်းဗမာနယ်စပ်ကနေ အမေရိကား ကို ပို့တယ်ဆိုတော့ မိသားစု လိုက်ထွက်လာခဲ့ပြီး ပြည်ပမှာပဲ ဦးခေါင်းချသွားခဲ့ပါတယ်။ သူ့သမိုင်းကို သူရေးချင်သလို ရေးသွားတာပါပဲ။ ကောင်းဆိုး နှစ်တန်ေ ဝဖန်ပြီး သင်ခန်းစာ ယူကြဖို့ပါပဲ။

မောင်စွမ်းရည်
၂၀၁၆ မတ် ၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, ဝေဖန်ရေးရာ, မောင်စွမ်းရည်

One Response to မောင်စွမ်းရည် – ဝတ္ထုရေးဆရာ မောင်သာရ

  1. Catwoman on March 24, 2016 at 8:05 am

    Very interesting. But maung thara is gone and he can’t defend himself anymore. I wish you will write about shadow writers in Burma who re still alive.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်