ညိုမှိုင်းဝေ (သနပ်ပင်) – နေဝင်စောတဲ့ညနေခင်း (၀တ္ထုတို)

March 26, 2016

– နေဝင်စောတဲ့ညနေခင်း (၀တ္ထုတို)
(မိုးမခ) မတ် ၂၆၊ ၂၀၁၆

(၁)
နဖူးမှာသီးနေသည့် ချွေးစများကို လက်ဖမိုးဖြင့်သုတ်ရင်း နှင်းဖြူဆက်လျှောက်နေသည်။ မွန်းတည့်နေက ခြစ်ခြစ်တောက် ပူနေ၏။ လက်ထဲမှာ ခေါက်ထီးလေးပါပေမယ့် ဖွင့်မဆောင်းဖြစ်ပေ။ နှင်းဖြူစိတ်ထဲ၌ ရန်ကုန်မြို့၏ ပလပ်ဖောင်းများက ဒီနေ့မှ ပိုကျဉ်းနေသလိုပင်။ ခြောက်ကပ်နေတဲ့ လည်ချောင်းဝက တံတွေးမြိုချရင်း လေပူတချက် မှုတ်ထုတ်လိုက်သည်။ နေကပူသည်။ လေကပူသည်။ ပလပ်ဖောင်းကွန်ကရစ်လမ်းတွေက ပူသည်။ ရင်တွင်းသောကတွေနှင့် စိတ်ကပူသည်။

ဒီနေ့တွေ့ခဲ့သမျှ အလုပ်ခေါ်ကြော်ညာတွေ၏ အရည်းအချင်းတိုင်းတာမှုစာလုံးတွေကို နှင်းဖြုမကျော်ဖြတ်နိုင်။ တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။ ကွန်ပျူတာကျွမ်းကျင်၊ LCCI – level-1,2,3 ဆိုတဲ့အရည်အချင်းကန့်သတ်ချက်အလုပ်တွေဆီ ပညာရေးဆုံးခန်းမတိုင်ခဲ့တဲ့ နှင်းဖြူ အတွက်တော့ အနားပင် မကပ်နိုင်။  မည်သို့ပင်ဆိုစေကာမူ နှင်းဖြူအတွက် အလုပ်တစ်ခုခု ရမှကိုဖြစ်မည်။ အလုပ်မရ ဝင်ငွေမရှိလျှင်တော့ နှင်းဖြူတို့မိသားစုဘဝ ရှေ့ဆက်ရပ်တည်ဖို့ တွေးလို့ပင် မရဲပေ။ ဒီမနက်တည်ခဲ့တဲ့ထမင်းအိုးက ဆန်အိုးထဲက နောက်ဆုံးလက်ကျန်အကုန်ပင်။ ဖြူဖျော့နေသော အမေ့မျက်ဝန်းတွေ၊ အမြဲတမ်း အေးစက်စက်ဖြစ်နေသော အမေ့လက်ဖဝါးတွေ၊ မလှုပ်ရှားနိုင်အောင် မောဟိုက်နေပြီး နိမ့်ချည်မြင့်ချည် ဖြစ်နေ သော အမေ့ရင်ဘတ်တွေ၊ အသက်ရူရတာမကောင်းဘူး မောလိုက်တာလို့ပြောနေတဲ့ အမေ့အသံတွေ။ နှင်းဖြူစိတ်ထဲ တစ်ကွက်ချင်း ပေါ်နေသည်။ အမေ့ကို ဒီဝေဒနာတွေ မခံစားစေချင်။ နှင်းဖြူ အမေ့ကို မဖြစ်ဖြစ်အောင် ဆေးကုပေးနိုင်ရမည်။ နှင်းဖြူတို့ဘဝတွင်အမေမရှိလို့မဖြစ်။ လောကထဲမယ် သံယောဇဉ်တွယ်စရာဟူ၍ အမေရယ် နှင်းဖြူရယ် ညီမလေးရယ် ဒီသုံးယောက်သာရှိသည်။ မိသားစုလေး ဥမကွဲ သိုက်မပျက်ဖို့ နှင်းဖြူ ကြိုးစားတည်ဆောက်ရမည်။ အမေ့ကို ဆေးကုပေးမည်။ ညီမလေးကို နှင်းဖြူလို ပညာတစ်ပိုင်းတစ်စ မဖြစ်အောင် ကျောင်းဆက်ထားရမည်။ ဒီအတွက် နှင်းဖြူငွေရှာမှဖြစ်မည်။ အလုပ်ရမှကို ဖြစ်မည်။

ဒီနေ့မှ နာရီတွေဟာ ပိုပြီးမြန်မြန်လည်ပတ်နေသလိုပင်။ အချိန်တွေက ကုန်လွယ်လွန်းသည်။ တဖြည်းဖြည်း အနောက် ဘက်သို့ စောင်းကျလာသော နေလုံးကြီးနှင့်အတူ နှင်းဖြူ မျှော်လင့်ချက်များကလည်း မှေးမှိန်လာခဲ့လေပြီ။ ဆိုင်မန်နေ ဂျာ များ၏ “အလုပ်သမားသစ် မလိုသေးလို့ပါ ညီမရယ်” ဟု ဂရုဏာသက်စွာကြည့်ပြီး ပြောတဲ့သူတွေရှိသလို မျက်နှာထား တင်းတင်းနှင့် “အလုပ်သမားမလိုသေးဘူး”ဟု ခပ်ပြတ်ပြတ် ပြောလွှတ်သောသူများလည်း ရှိသည်။ တစ်နေသာ ကုန်သွားခဲ့ လေပြီ။ ဒီနေ့ နှင်းဖြူမလုပ်မရခဲ့။

(၂)
အသာဟထားသော ခြံတံခါးကို အနည်းငယ်တွန်း၍ ခြံထဲသို့ နှင်းဖြူဝင်လာခဲ့သည်။ အချိန်က နေဝင်ရီတရော မှောင်စပျိုး ချိန်ဖြစ်နေ၍ နှင်းဖြူပြန်လာသည်ကို အမေရော၊ ညီမလေးရော မမြင်ကြ။ သုံးထစ်မျှရှိသော ယိုင်နဲ့နဲ့ သစ်သားလှေကားလေးမှ အိမ်ပေါ်သို့တက်မည်အပြုတွင် အိမ်ထဲမှ စကားသံကြောင့် နေရာမှာပင် အသာရပ်နေမိ၏။

“အားတော့နာပါရဲ့မနှင်းခင်ရယ်၊ ကျွန်မမှာလည်း ဒီအိမ်လေးက အိမ်လခနဲ့ ကျွန်မသားကြီး တက္ကသိုလ်ကျောင်းစရိတ် ထောက်နေရတာ။ သူတို့အဖေရှာတာက အိမ်အပေါ်ယံစရိတ်လောက်ရတာလေ။ အခုလို အိမ်လကအဆင်မပြေတာ သုံးလေးလဆိုတော့ ကျွန်မတို့လည်း အခက်အခဲတွေရှိလာတယ် မနှင်းခင်ရယ်။ မနှင်းခင်တို့သားအမိကို သနားလို့ ဒီအိမ်ကို ငှားတော့ ကျွန်မ စဘော်တောင် မယူခဲ့ပါဘူး။ အခုလည်း ကျန်တဲ့လေးလခကို ကျွန်မမယူတော့ပါဘူး။ ကျွန်မကို ဘယ်လိုမှ မအောက်မေ့ပါနဲ့ မနှင်းခင်ရယ်။ မတက်သာတဲ့အခြေအနေမို့ ကျွန်မ အိမ်ငှားအသစ်တင်ရမှာပါ”

“ကျွန်မ နားလည်ပါတယ် မစိန်၊ မစိန်တို့ ကျွန်မတို့အပေါ် စေတနာထားခဲ့တာ၊ ကောင်းခဲ့တာတွေ အများကြီးပါ။ မစိန်တို့ ကျေးဇူးကို ကျွန်မမမေ့ပါဘူး။ အခုဟာက ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ သူ့မကယ်နိုင် ကိုယ့်မကယ်နိုင်ပေါ့။ မစိန် ဘာမှစိတ်မ ကောင်းမဖြစ်ပါနဲ့။ မစိန်တို့အဆင်ပြေအောင် ကျွန်မလုပ်ပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ် မနှင်းခင်ရယ်၊ ကျွန်မလည်း ဘယ်လိုမှ မတက်သာတော့လို့ပါ”

“ဒါနဲ့ မစိန်၊ ကျွန်မတို့ကို အချိန်တစ်ပတ်လောက်တော့ပေးပါနော်။ အိမ်သစ်ရှာရမှာမို့ပါ”

“ဟုတ်ကဲ့ မနှင်းခင်၊ ရပါတယ်၊ ကျွန်မအချိန်တစ်ပတ်ပေးပါတယ်”

နှစ်ယောက်သား စကားသံတွေ ခဏတိတ်သွားလေသည်။ တိတ်ဆိတ်မှုက ခြောက်ခြားစရာပင်ကောင်းနေ၏။

“ဒါနဲ့ မနှင်းခင်၊ ကျွန်မကိုပြန်ခွင့်ပြုပါဦး။ မှောင်လည်းမှောင်နေပြီလေ”

ဒေါ်စိန် အိမ်အပြင် ပြန်ထွက်လာတော့ နှင်းဖြူ အကွယ်တစ်ခုမှာ ပုန်းနေမိ၏။ ဒေါ်စိန် ခြံပြင်ရောက်မှ နှင်းဖြူအိမ်ပေါ် တက်လာခဲ့သည်။ အိမ်ပေါ်ရောက်တော့ လမ်းထိပ်ကဝယ်ခဲ့သော ထမင်းဖြူသုံးထုပ်နှင့်ဘဲဥဟင်းကို နှင်းဖြူလက်ထဲမှ ညီမ လေးကလာယူသွားပြီး ထမင်းပွဲကိုအလျင်စလိုပြင်နေသည်။ ညီမလေးကိုကြည့်ရသည်မှာ အတော်ဗိုက်ဆာနေပုံရသည်။ ထိုစဉ် အမေက

“သမီး  နှင်းဖြူ ၊ ခုနက ဒေါ်စိန် ….”

“သမီးအကုန်ကြားပြီပါပြီအမေ၊ အမေဘာမှမပူနဲ့တော့၊ သမီး ဒီနေ့အလုပ်ရခဲ့တယ်။ လာ …အမေ၊ ညီမလေး ထမင်းပြင်ပြီးပြီ။ ထမင်းစားကြမယ်”

အမေ ထမင်းကို လေးငါးလုပ်သာစားပြီး ထမင်းဝိုင်းမှထသည်။

“အမေ…ထမင်းက တော်ပြီလား”

“အင်း… အမေ ဝပါပြီ သမီးရယ်။ အမေ ခဏလှဲနေလိုက်ဦးမယ်။ သမီးငယ် ထမင်းစားပြီး စာကြည့်။ သမီးကြီးလည်း ပင်ပန်း နေပြီ နားတော့လေ”

ပြောပြောဆိုဆိုပင် အမေ အိပ်ခန်းဘက်သို့ လှမ်းဝင်လိုက်လေသည်။

“အမေ အိပ်တော့မယ်ဆို ဆေးသောက်လိုက်ဦးလေ”

အမေ့ခြေလှမ်းတုံ့ခနဲဖြစ်သွားသည်။ တစ်ခုခုပြောမလို ခေါင်းငဲ့ပြီးမှ ဘာမှမပြောတော့ပဲ အခန်းထဲသို့ ဆက်ဝင်သွားသည်။

အမေ ဘာပြောချင်နေပါလိမ့်လို့ နှင်းဖြူစဉ်းစားနေစဉ်ပင် ညီမလေးဆီက စကားတစ်ခု ကြားလိုက်ရလေသည်။

“အမေ့ဆေးကုန်နေတာ သုံးရက်လောက်ရှိပြီ မမ”

(၃)
နှင်းဖြူ တစ်ညလုံး အိပ်မပျော်။ အတွေးတွေကြားမှာ လူးလိမ့်နေသည်။ အိမ်ငှားဖို့ စဘော်ရယ် အိမ်လခတွေရယ် အမေ့ ဆေးဖိုး၊ မီးဖိုချောင်စရိတ်၊ ညီမလေး ကျောင်းစရိတ်။ ကုန်ရမည့် ငွေစာရင်းတွက်ကိန်းတွေကြား သက်ပြင်းမော တွေနဲ့အတူ ဆုံးဖြတ်ချက်တစ်ခုကိုပါ နှင်းဖြူ ချလိုက်ရလေတော့သည်။

အမေ့ကိုအလုပ်သွားတော့မည်ဟု နှုတ်ဆက်ပြီး လမ်းအနောက်ဘက်က ဒေါ်သောင်းတို့အိမ်ကို နှင်းဖြူ ခြေဦးလှည့်လိုက် သည်။ ဒေါ်သောင်းတို့ အိမ်နားရောက်ဖို့ နီးလာလေလေ နှင်းဖြူခြေထောက်များမှာ တဆက်ဆက်တုန်လာလေ ဖြစ်နေ၏။ ဒေါ်သောင်းတို့ခြံဝရောက်ချိန်တွင်တော့ နှင်းဖြူခန္ဓာကိုယ်ကရှိသမျှအားတွေ လွင့်စင်ကုန်သလိုပင် မတ်မတ်ရပ်ဖို့ပင် အတော်အားတင်းထားရသည်။ စိတ်ကိုတင်းပြီး ဒေါ်သောင်းကို အော်ခေါ်လိုက်၏။

“ဒေါ်သောင်းရေ ……… ဒေါ်သောင်း”

ဒေါ်သောင်း အိမ်ထဲကထွက်လာပြီး နှင်းဖြူကို မျက်မှောင်ကြုပ်၍ကြည့်သည်။

“နှင်းခင် သမီးလေးပဲ။ လာလေ… အိမ်ထဲဝင်။ ဘာကိစ္စဆိုတာလည်း ပြောဦး”

“ဟို … ဟိုလေ …… ဟိုဟာ ”

“ဘယ်ဟာတုန်းကလေးမ ပွင့်ပွင်းလင်းလင်း ပြောစမ်းအေ”

နှင်းဖြူ ခြေဖျားလက်ဖျားတွေ အေးစက်နေသည်။ ရင်တွေ တလှပ်လှပ် တုန်နေ၏။ နားသယ်စမှ ချွေးစက်လေးတွေ လိမ့်ဆင်းလာသည်။ လက်တစ်ဖက်နှင့်တဖက် ဆုပ်ထားရင်း

“ဟိုဟာ…… ဟို……ကျွန်မ ငွေလိုနေလို့ပါ ဒေါ်သောင်း”

“ကျုပ် ငွေတိုးချေးတဲ့သူမဟုတ်ဘူးဆိုတာတော့ ညည်းသိပါတယ်နော်”

စကားဆက်ပြောဖို့ ဟန်ပြင်လိုက်တိုင်း နှင်းဖြူအသည်းတွေ ဗြန်းဗြန်းကွဲသလို ခံစားနေရသည်။ ချာချာလည်နေတဲ့အဝန်းအဝိုင်းတစ်ခု၏ အစွန်အဖျားက ရေစက်ကလေးလို။ နေရာတွင်ပင် အငွေ့ပျံပျောက်ကွယ် သွားချင်မိသည်။ စေးကပ်နေတဲ့ ချွေးတွေက တဟုတ်မချင်း စိမ့်ထွက်လာသည်။ နားထင်ကိုတိုးနေသော သွေးများက ချက်ချင်းကိုပင် အပြင်သို့ပန်းထွက်လာတော့မည့်နှယ်။ ခွေကျသွားတော့မတက် ခြေအစုံကို ပြန်းထိန်းရင်း လှည့်ပြန်ဖို့စဉ်းစားလိုက်သေးသည်။ သို့ပေမယ့် သူလှည့်ပြန်၍မဖြစ်။ သူတို့မိသားစုလေး အသက်ဆက်ရပ်တည်ဖို့ မရ ရတဲ့အလုပ်ကို လုပ်မှဖြစ်မည်။ နှင်းဖြူအသက်ကို ခပ်ပြင်းပြင်း ရူသွင်းလိုက်သည်။ ချွေးတွေနှင့်ချွဲနေသော လက်ကို ခပ်တင်းတင်း လက်သီးဆုပ်လိုက်ရင်း

”ဟုတ်…… ဟုတ်ကဲ့ပါ ဒေါ်သောင်း၊ ကျွန်မ ဟို…… ဟို……ဟိုဒင်းအလုပ် လုပ်မလို့ပါ”

စကားအဆုံးတွင်တော့ ငုံ့ထားတဲ့ခေါင်း၏မျက်ဝန်းအိမ်က မျက်ရည်တစ်ပေါက် ခြေမပေါ်သို့ ပေါက်ခနဲ ကျသွားသည်။

“ရပြီ ၊ ကျုပ်သိပြီ။ ညည်း ဒီအလုပ် လုပ်ဖို့ သေချာစဉ်းစားပြီးပြီလား”

“ကျွန်မမှာ ရွေးချယ်စရာမရှိတော့ပါဘူး ဒေါ်သောင်းရယ်”

“အေးလေ… အဲ့ဒါဆိုလဲ ပြီးရောပေါ့။ ညည်းအတွက်တော့ အခန့်သင့်တာပဲ၊ တနေ့ကမှ ဟိုက်ဘော့ တစ်ယောက်က ငါ့ကို အသစ်ရှာခိုင်ထားတယ်။ ညည်း ညနေ ငါ့အိမ်ပဲပြန်လာခဲ့ပေါ့၊ ငါ ချိတ်ပေးထားမယ်”

“ဟုတ်ကဲ့ ဒေါ်သောင်း၊ အဲ့ဒါဆို ကျွန်မပြန်မယ်”

“အေး… ညနေ လှလှပပလည်း ဝတ်ခဲ့ဦးနော်”

(၄)
ဒီနေ့ ရန်ကုန်က နေဝင်စောသည်။ မကြာမီ မိုးချုပ်ပြီး နေလုံးကြီး စုန်းစုန်းမြုပ်တော့မည်။ နီယွန်မီးတွေနဲ့ညဟာ အလင်း တုတွေကြားမှာ ဘဝမေ့နေသည်။ ဇိမ်ခံကားကြီးပေါ်ကမွှေးရနံ့တွေ၊ ဟိုတယ်ကြမ်းခင်းလှလှလေးတွေဟာ နှင်းဖြူကို သွေး ဆုတ်ဖြူရော်စေခဲ့ပြီ။ ခမ်းနားလှပလွန်းတဲ့ ဟိုတယ်အိပ်ခန်းကြီးဟာ နှင်းဖြူအတွက်တော့ အမြင့်ဆုံးငရဲခန်းပင်။ ဖြူလွှလွှ မွေ့ယာထက်မှာ ခန္ဓာကိုယ် အိစက်နစ်ဝင်သွားတဲ့အခိုက်ဟာ ဘဝတစ်ခုလုံးနစ်သွားပြီဆိုတာ နှင်းဖြူသိလိုက်ရသည်။ ချဉ်စူး စူး ဝစကီနံ့တွေဟာ နှင်းဖြူနှလုံးသားကို တတိတိလှိုက်စားနေသော အက်ဆစ်ပြင်းတွေလိုပင်။ စတိုင်ကျကျ ခန့်ခန့်ညားညား ဝတ်ဆင်ထားသော လူကြီးမင်းကြီး၏ စကားသံတွေက နှင်းဖြူနားထဲ မကြားတစ်ချက် ကြားတစ်ချက်နှင့်ပင်။

ပြတ်ထွတ်လုမက ကိုက်ထားသော အောက်နှုတ်ခမ်းနှင့်အတူ နှင်းဖြူ ခန္ဓာကိုယ်က နာသည်။ နှင်းဖြူ နှလုံးသားက နာသည်။ နှင်းဖြူ ဘဝက နာသည်။ ညာမျက်ဝန်းထောင့်က မျက်ရည်တစ်စက် ခေါင်းဦးဖြူဖြူလေးပေါ် လိမ့်စီးကျသွားသည်။ အေးစက် နေတဲ့ လက်နှစ်ဖက်နဲ့ အိပ်ယာခင်း ဖြူဖြူလှလှလေးကို ကြေမွသည်ထိအောင် အတင်းဆုပ်ထားမိ၏။ အဲကွန်းခန်းကြီးက အေးစိမ့်နေပေမယ့် နှင်းဖြူရင်ထဲမှာ မအေးလှ။ နွေတစ်ရာမှာ နေတစ်ရာပူနေသို့နှယ် နှင်းဖြူအသည်းက လောင်ကျွမ်းရလေပြီ။

ဒီအလုပ် လုပ်ခဲ့မိတာ မှားခဲ့လေပြီလား။ ရှေ့ဆက်လျှောက်ရမည့်ဒီလမ်း ဒီစခန်း ဒီလူ့အဖွဲ့အစည်း ဒီလူ့ပတ်ဝန်းကျင်မှာ သူ ဘယ်လို ခေါင်းဖော်ရမည်နည်း။ အရှက်ကို အသက်နဲ့လဲမယ်ဆိုတဲ့စကားကိုကြားဖူးခဲ့တုန်းက နှင်းဖြူဆိုတဲ့ မဟာမိန်းမ သားဟာ  ကိုယ့်အသွေးအသားကိုစောင့်ထိန်းမယ်၊ ကိုယ့်ကိုကိုယ်တန်းဖိုးရှိအောင်နေမယ်လို့ ခေါင်းမော့ရင်ကော့ပြီးတွေးခဲ့ဖူးသည်။ တကယ်ဝမ်းရေးခက်လာတော့လည်း အရှက်ကအသက်မပါတော့ပေ။ မေးငေါ့နေတဲ့ပတ်ဝန်းကျင်ကို ခပ်မဲ့မဲ့အပြုံးနဲ့ အရှက်နည်းစွာ ရင်ဆိုင်ဖို့ အားတင်းထားရပေမည်။ အမေအသက်ဆက်နိုင်ဖို့ ငွေကိုဒီက ရမည်။ ညီမလေးပညာရေး ဆုံးခန်းတိုင်ဖို့ ငွေကို ဒီကရှာရမည်။ မှားသွားလေပြီလားလို့တွေးမိတိုင်း ပြုတ်ထွက်တော့မယ့် မိသားစုအရိုးအဆစ်က လေး တွေကို ပြန်ဆက်နိုင်ဖို့ဟု နှလုံးသွင်းမိသည်။

နှင်းဖြူ  ငယ်စဉ်ကတည်းက ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရသည်။ ဆင်းရဲသားဆိုသည် အဖိနှိပ်ခံရဖို့ အနှိမ်ခံရဖို့ တံဆိပ်ကပ်ပေး ထားသလိုပင်။ ကလေးချင်းလည်းအောက်ကျို့ရ။ လူကြီးချင်းလည်း အထက်ဆီးကပြောတာကို ခေါင်းငုံ့ခံရ။ ယခုလည်း ချွေးစို့နေတဲ့ ရင်ဘတ်ကြီးနဲ့ အဖိခံထားရပေသည်။ အဖိခံရပေါင်းများလျှင် လေးရမှန်းမသိတော့။ ဒဏ်ရာ ဒဏ်ချက်တွေ များလာလျှင် နာရမှန်းမသိတော့။ နှင်းဖြူ  ဒီဘဝ ဒီခန္ဓာအတွက်တော့ ဘဝသောကနွံမှာ မောဟတွေနှင့် နစ်ရပေတော့မည်။ နွံဆိုသည်မှာ လှုပ်လေ မြုပ်လေ ဆိုပေမယ့် သူလှုပ်မှ အသက်ရူချောင်ရမယ့် မိသားစုအတွက် သူ လှုပ်မှကိုဖြစ်မည်။ အနစ်ခံ အမြုပ်ခံပြီး လှုပ်မှကို ဖြစ်မည်။

ရင်ဘတ်ပေါ် ရောက်လာသော ငွေစက္ကူတစ်ထပ်ကြောင့် နှင်းဖြူအတွေးစတွေ ပြတ်သွားသည်။ ငွေတွေ ။သူ့လုပ်အားခ ငွေတွေ။ သူတို့ မိသားစု အိမ်အသစ်ငှားနိုင်ဖို့ ငွေတွေ။ အမေ့ကို ဆေးရုံတင်ဆေးကုသဖို့ ငွေတွေ။ ငွေစက္ကူထပ်ကို ကိုင်ရင်း ထလိုက်စဉ်မှာတော့ နှင်းဖြူခန္ဓာကိုယ် တစ်နေရာက စစ်ခနဲ စပ်ဖျင်းဖျင်း နာသွားသည်။ အခက်အခဲတွေသာ ပြေလည်သွား လျှင် အမေသိပ်ပျော်မှာပဲဟု တွေးရင်း နာတာတွေကိုမေ့သွားသည်။ အိမ်ပြန်မည်။ အိမ်အသစ်ငှားဖို့ အဆင်ပြေတော့ မည့်အကြောင်း အမေ့ကိုပြောမည်။ အမေ့ကို ဆေးရုံတင်ပြီး ဆေးကုဖို့အကြောင်းပြောမည်။ လမ်းမှာ ညီမလေးအတွက် ခေါက်ဆွဲကြော် ဝယ်သွားဦးမည်။

အလုပ်ပြီးလျှင် နှင်းဖြူ အိမ်ပြန်မည်။

ညိုမှိုင်းဝေ (သနပ်ပင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments