ဂါမဏိ – သာကူး၏မူလအစ (ဗမာ့တပ်မတော် နှင့် ဂျပန်တော်လှန်ရေး)

March 27, 2016

ဂါမဏိ – သာကူး၏မူလအစ (ဗမာ့တပ်မတော် နှင့် ဂျပန်တော်လှန်ရေး)
(မိုးမခ) မတ် ၂၇၊ ၂၀၁၆

သာကူးဆိုတဲ့စကားလုံးတလုံးကို အကြောင်းပြုပြီး ဆက်စပ်စဉ်းစားမိရာက ဒုတိယကမ္ဘာစစ်ကြီးအတက် အကျလမ်းကြောင်း၊ ကမ္ဘာတလွှားက ဖက်ဆစ်ဆန့်ကျင်ရေး တော်လှန်ရေးများပေါက်ဖွားမှု၊ အရှေ့တောင် အာရှက ဂျပန်တော်လှန်ရေးများအပြင် ဗမာပြည်တိုင်းရင်းသားတွေရဲ့ ဂျပန်တော်လှန်ရေးတွေ အကြောင်း တို့ကိုပါ လေ့လာစူစမ်းကြည့်မိပါတယ်။

ဒုတိယကမ္ဘာစစ်သက်သက်ကို လေ့လာတဲ့အခါ ၁၉၃၉ ခု စက်တင်ဘာလမှာ ဂျာမဏီ-အီတလီကတဖက်၊ အင်္ဂလိပ်-ပြင်သစ်ကတဖက် စတိုက်ခဲ့ပြီး ၁၉၄၁ ခု ဇွန်လမှာ ဂျာမဏီက ရုရှားကိုဝင်တိုက်တော့ ရုရှား စစ်ထဲ ပါလာတယ်။ ဒီ့နောက် ၁၉၄၁ ဒီဇင်ဘာလမှာ ဂျပန်က အမေရိကန်ကို အလစ်ဝင်တိုက်တော့ ဂျပန်-ဂျာမဏီ-အီတလီ ဝင်ရိုးတန်းအဖွဲ့ကတဖက်၊ အင်္ဂလိပ်-ပြင်သစ်-ရုရှား-အမေရိကန် မဟာမိတ်အဖွဲ့ကတဖက် မီးကုန်ယမ်းကုန်ဆော်ကြပါတော့တယ်။ ဒါပေမဲ့ အာရှတိုက်မှာ ဂျပန်နဲ့တရုတ်က ၁၉၃၇ ဇူလိုင်လကတည်း က မနားတမ်းတိုက်နေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး အစပိုင်းတွေမှာ ဂျာမဏီ-အီတလီ-ဂျပန်တို့က တိုက်ပွဲတိုင်းနိုင်နေပြီး မဟာမိတ်တွေ အရှုံးကြီးရှုံးလို့ နယ်မြေတွေသိမ်းခံရ၊ တောက်လျှောက်ဆုတ်ပေးရ ဖြစ်ခဲ့တယ်။ ဒီလို ရေရေလည်လည်ခံနေ ရတဲ့ကြားက ၁၉၄၂ နိုဝင်ဘာလမှာ အာဖရိကမြောက်ဘက်ကမ်းခြေက အယ်လ်အလာမိန်မှာ မဟာမိတ် တပ်တွေက ဂျာမန်တပ်တွေအပေါ် ပွဲငယ်တပွဲ နိုင်လိုက်တယ်။ ဒါပေမဲ့ အားလုံးခြုံကြည့်ရင်တော့ ဝင်ရိုး တန်းဖက်ဆစ်တွေက အသာစီးရနေခဲ့တယ်။

ဝင်ရိုးတန်းအဖွဲ့ ပထမဆုံးအကြိမ် အကြီးအကျယ်ရှုံးပွဲတွေ့သွားတာကတော့ ၁၉၄၃ ဖေဖော်ဝါရီလ စတာ လင်ဂရက်တိုက်ပွဲမှာဖြစ်တယ်။ ဒီ့နောက် ၁၉၄၃ စက်တင်ဘာမှာ ဂျာမဏီရဲ့အမာခံ အီတလီနိုင်ငံထဲ မဟာ မိတ်တပ်တွေ စဝင်လာပြီး ၁၉၄၄ ဇွန်လမှာ ဥရောပကုန်းမကြီးကို တက်တဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ ဖြစ်ခဲ့ တယ်။ အဲဒီကနေ ဥရောပစစ်ကြီးပြီးတဲ့ ၁၉၄၅ မေလ ၈ ရက်အထိ ဂျာမဏီ တောက်လျှောက်လိုလို အကျ ဘက်ရောက်ပြီးရှုံးခဲ့တာဖြစ်တယ်။

အာရှတိုက်ဘက်မှာတော့ တိုက်တိုင်းအောင်ဂျပန်တပ်တွေ ပထမဆုံး ရှုံးပွဲတွေ့တာက ၁၉၄၂ ဇွန်လက ပစိဖိတ်သမုဒ္ဒရာတွင်း မစ်ဒ်ဝေးရေကြောင်းတိုက်ပွဲမှာဖြစ်တယ်။ ဒီ့နောက် ၁၉၄၃ ဧပြီလမှာ နာမယ်ကျော် ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီး ယာမာမိုတို ကျသွားခဲ့တယ်။ ဗမာ-အိန္ဒိယစစ်မျက်နှာမှာလဲ ၁၉၄၄ ဇူလိုင်လ အင်ဖားတိုက်ပွဲမှာ ဂျပန်တွေမရှုမလှရှုံးခဲ့တယ်။ အဲဒီကနေ အာရှတိုက်မှာ စစ်ကြီးပြီးတဲ့ ၁၉၄၅ သြဂုတ် ၁၅ ရက်အထိ ဂျပန် တောက်လျှောက်ရှုံးခဲ့တာဖြစ်တယ်။ ဂျပန် လက်နက်ချခါနီးရက်ပိုင်းအလို ၁၉၄၅ သြဂုတ် ၉ ရက်မှာတော့ ဥရောပစစ်မျက်နှာမှာ ဂျာမဏီတခုထဲကိုဘဲ တိုက်နေတဲ့ရုရှားက ဂျပန်ကို အမြန်စစ်ကြေ ညာပြီး သာကူးလုပ် ဖျာဝင်ခင်းလိုက်သေးတယ်။ (ရုရှားဟာ ဂျာမဏီနဲ့တိုက်ရာမှာတော့ လူသန်း ၂၀ အသေခံခဲ့ပါတယ်။)

ဒုတိယကမ္ဘာစစ်အစပိုင်း အင်္ဂလိပ်အပါဝင် မဟာမိတ်တွေရှုံးနေပြီး ဂျပန်အပါဝင် ဖက်ဆစ်တွေနိုင်နေချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့က အင်္ဂလိပ်ကိုမောင်းထုတ်ပြီး လွတ်လပ်ရေးရဖို့ ဂျပန်နဲ့ပေါင်းခဲ့တယ်။ BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် ဆိုတဲ့ ဒီဘက်ခေတ်ဗမာ့တပ်မတော်ရဲ့ရှေ့ပြေး လက်နက်ကိုင်အဖွဲ့အစည်း ကို ဂျပန့်အကူအညီနဲ့တည်ထောင်ခဲ့တယ်။ ၁၉၄၃ သြဂုတ် ၁ ရက်တုံးက အင်္ဂလိပ်-အမေရိကန်-ပြင်သစ် တို့ကို ‘လွတ်လပ်တဲ့ဗမာနိုင်ငံ’က စစ်ကြေညာလိုက်သေးတယ်။ ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့ပေ မဲ့လဲ၊ ဒါ့အပြင် ကမ္ဘာမှာ ဂျာမဏီ-ဂျပန်တွေ စစ်ရှုံးလာနေပေမဲ့လဲ ဗမာ့တပ်မတော်ဟာ ၁၉၄၅ မတ်လ ၂၇ ရက်အထိ ဂျပန်ကိုသစ္စာရှိနေခဲ့တယ်။

ဥရောပတိုက်မှာဆိုရင် ပိုလန်နိုင်ငံဟာ ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၀ မတ်လကတည်းက စခဲ့တယ်။ တီးတိုးခေါင်းဆောင်တဲ့ ယူဂိုစလပ် ဖက်ဆစ်တော်လှန်ရေးက ၁၉၄၁ ဇူလိုင်မှာစခဲ့တယ်။ ဂရိနိုင်ငံရဲ့ ဖက်ဆစ်တော်လှန်ရေးက ၁၉၄၂ နိုဝင်ဘာကတည်းက စခဲ့တယ်။ အီတလီ ဖက်ဆစ်တော်လှန်ရေးကတော့ မဟာမိတ်တပ်တွေ အီတလီနိုင်ငံထဲ စ,ဝင်လာတဲ့ ၁၉၄၃ စက်တင်ဘာမှာ စခဲ့ပေမဲ့ ၁၉၄၅ မေလအထိ တိုက်ခဲ့ရတယ်။ လက်နက်ကိုင်တော်လှန်ရေးမဟုတ်ဘဲ အမှည့်ချွေနှောင့်ယှက်ဖျက်ဆီးတာ၊ ဂျာမဏီစစ် တပ်သတင်းထောက်လှမ်းပြီး မဟာမိတ်ဆီပို့ပေးတာလိုမျိုး ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဘဲ လုပ်နေ တဲ့ ပြင်သစ်၊ ဒိန်းမတ်၊ ဟော်လန်၊ နော်ဝေ၊ ချက်၊ ဟန်ဂေရီ စတဲ့ ဥရောပနိုင်ငံတွေလဲ ရှိသေးတယ်။

အာရှတိုက်မှာတော့ ဖိလိပိုင်နိုင်ငံမှာ ဂျပန်တော်လှန်ရေးကို ၁၉၄၂ ဧပြီလကတည်းက စလုပ်ခဲ့တယ်။ မလေးရှားမှာ ဂျပန်တော်လှန်ရေးကို ၁၉၄၂ ဖေဖော်ဝါရီလကတည်းက လုပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံက ဟိုချီ မင်းတို့ကတော့ ပုလဲဆိပ်ကမ်း ဗုံးမကြဲခင်၊ အမေရိကန်နဲ့ဂျပန်မတိုက်ခင် ၁၉၄၁ မေလကတည်းက ဂျပန်ကို စ,တော်လှန်ခဲ့တယ်။ ၁၉၄၅ သြဂုတ်လ ဂျပန်လက်နက်ချတော့ စက်တင်ဘာမှာ ဗီယက်နမ်လွတ်လပ်ရေး ကို တဖက်သတ်ကြေညာပြီး ပြင်သစ်ကို ဆက်တော်လှန်ခဲ့တယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ ဂျပန်တော် လှန်ရေးမလုပ်ခဲ့ဘဲ ဂျပန်လက်နက်ချတဲ့ ၁၉၄၅ သြဂုတ်လကျမှ တဖက်သတ်လွတ်လပ်ရေး ကြေညာပြီး ဒတ်ခ်ျကို ဆက်တော်လှန်ခဲ့တယ်။ ဂျပန်က တရုတ်တနိုင်ငံလုံးကို မသိမ်းနိုင်ခဲ့လို့ ချန်ကေရှိတ်တရုတ်ဖြူ ရော၊ မော်စီတုံးတရုတ်နီပါ ဂျပန်ဆန့်ကျင်ရေးစစ်ကို တောက်လျှောက်ဆက်တိုက်နေခဲ့ကြတယ်။ ကိုးရီး ယားတွေကတော့ တရုတ်နဲ့တွဲပြီး မန်ချူးရီးယားမှာ ၁၉၃၅ ခုကတည်းက အရှေ့မြောက်ဂျပန်ဆန့်ကျင်ရေး ညီညွတ်ရေးတပ်မတော်အဖြစ် ဂျပန်ကိုတော်လှန်ခဲ့ကြတယ်။ (အဲဒီတပ်က နာမယ်ကျော် တရုတ်အမျိုး သမီး ချောအိမာန် ပါခဲ့တဲ့တပ် ဖြစ်တယ်။)

ဗမာပြည်စစ်မျက်နှာကို လေ့လာတော့ အခုလိုတွေ့ရတယ်။ ၁၉၄၄ သြဂုတ်လမှာ မဟာမိတ်တပ်တွေ မြစ်ကြီးနားကိုသိမ်းလိုက်တယ်။ (မေလတုံးက တခါတိုက်ခဲ့ပေမဲ့ မသိမ်းနိုင်ခဲ့ဘူး။) ၁၉၄၄ ဒီဇင်ဘာမှာ ဗန်းမော်ကိုသိမ်းပြီး ၁၉၄၅ ဖေဖော်ဝါရီလဆန်းမှာ ရွှေဘို၊ မတ် ၁ ရက်မှာ မိတ္ထီလာ၊ မတ် ၂၀ ရက်မှာ မန္တလေးသိမ်းခဲ့တယ်။ အဲဒါကြောင့် မန္တလေးမသိမ်းခင် ၁၉၄၅ မတ် ၈ ရက်မှာ အထက်ဗမာပြည် ဗမာ့တပ် မတော်တာဝန်ခံ ဗိုလ်ဗထူးက ဂျပန်တော်လှန်ရေး အမြန်လုပ်လိုက်ရတယ်။ အောက်ဗမာပြည်က ဗမာ့တပ် မတော်ကတော့ ဂျပန်တော်လှန်ရေးလုပ်ဖို့ ဧပြီ ၂ ရက်အထိ အချိန်ဆွဲနေပေမဲ့ မဟာမိတ်တပ်တွေ နီး သထက်နီးလာနေတော့ မတ် ၂၇ ရက်မှာ တော်လှန်ရေး လုပ်လိုက်ရတော့တယ်။

ဗမာတပ်တွေက အဲသလိုသာကူးဖို့ အကြာကြီးစောင့်နေခဲ့ပေမဲ့ တိုင်းရင်းသားတွေကတော့ အဲလောက် မတွေဝေခဲ့ပါဘူး။ အရှေ့ကရင်ပြည်မှာ ကရင်တိုင်းရင်းသားတွေဟာ အင်္ဂလိပ်စစ်ဗိုလ် စီးဂရင်းမ် (Seagrim) နဲ့တွဲပြီး ၁၉၄၃ အောက်တိုဘာလကတည်းက ဂျပန်တော်လှန်ရေးလုပ်နေခဲ့တယ်။ ၁၉၄၄ မတ်လမှာ စီးဂရင်မ်း အဖမ်းခံရလို့ ခဏအားနည်းသွားပေမဲ့ ၁၉၄၅ နှစ်စမှာ ကရင်ပျောက်ကျား အင်အားတသောင်း အထိ ရှိလာခဲ့တယ်။

ပြည်မှာလည်း အမေရိကန် ၁၀၁ တပ်ဖွဲ့အကူအညီနဲ့ ကချင်ရိန်းဂျားတွေက ၁၉၄၃ ဒီဇင်ဘာမှာ ဂျပန် တော်လှန်ရေး စ,လုပ်ခဲ့တယ်။ အင်အား ၁၀၀၀၀ ကျော်အထိဖြစ်လာတဲ့ ကချင်ရိန်းဂျားတပ်တွေဟာ ဗိုလ် ချုပ်အောင်ဆန်းတပ်နဲ့ လုံးဝမပတ်သက်ဘဲ မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲ၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေကို မဟာမိတ်တွေနဲ့တွဲပြီး လုပ်ခဲ့တယ်။ ကချင်ရိန်းဂျားတွေအပြင် ဗြိတိသျှစစ်တပ်နဲ့တွဲတဲ့ ကချင်လဲဗီးတပ်တွေ လဲ ဂျပန်အသိမ်းမခံရတဲ့ ပူတာအိုဘက်ကနေ တိုက်နေခဲ့တယ်။

ပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ BIA တပ်မှူး ဗိုလ်ရန်အောင် ပြည်မကို ပြန်သွားပြီးနောက် ၁၉၄၃ မှာ ဂျပန်တွေက BIA ပုံစံမျို့း ကာကွယ်ရေးတပ်မတော် (Arakan Defence Army-ADA) ကို ဖွဲ့စည်းပေးပြီး သင်တန်းပေးခဲ့တယ်။ ဗိုလ်ကြီးကြာလှအောင်ခေါင်းဆောင်တဲ့ ဒီ ADA တပ်ဟာ ဗမာ့တပ်မတော်နဲ့ ပတ် သက်မှုမရှိခဲ့ဘဲ ၁၉၄၄ နိုဝင်ဘာမှာ အိန္ဒိယနိုင်ငံ ဗြိတိသျှတပ်မတော် ၁၃၆ တပ်ဖွဲ့ကလွှတ်လိုက်တဲ့ လူမျိုးကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ကိုညိုထွန်းနဲ့ ပူးပေါင်းပြီး ဂျပန်တော်လှန်ရေးလုပ်ခဲ့တယ်။ ၁၉၄၄ ဒီဇင်ဘာ ၃၁ ရက်မှာ စစ်တွေကိုသိမ်းခဲ့ပြီး မဟာမိတ်တပ်တွေက ၁၉၄၅ ဇန်နဝါရီ ၃ ရက်ကျမှ စစ်တွေကို ဝင်လာတယ်။

ချင်းပြည်မြောက်ခြမ်းမှာတော့ ဇိုမီး-လူရှိုင်းပြည်သူ့စစ်တွေက ၁၉၄၂ ဒီဇင်ဘာ ၂၃ ရက်ကတည်းက ကလေး မြို့မှာ ဂျပန်တော်လှန်ရေးစခဲ့ပြီး နောက်ပိုင်းမှာတော့ အိန္ဒိယဘက်ခြမ်းချင်းတောင်နဲ့ မဏိပူရနယ်မှာဘဲ အဓိကလှုပ်ရှားတိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ဗမာပြည်ဘက်ခြမ်းချင်းတောင်မှာ ဂျပန်တွေက BIA ပုံစံမျိုး (ဒါပေမဲ့ BIA နဲ့ မသက်ဆိုင်တဲ့) ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) ကို ၁၉၄၂ ခု နိုဝင်ဘာ ၂၈ ရက်မှာ တည်ထောင်လေ့ကျင့်ပေးခဲ့တယ်။ ၁၉၄၄ ခု မတ်လ ၁၅ ရက်မှာ CLA ကို CNDA ခေါ် ချင်းအမျိုးသားကာကွယ်ရေးတပ်မတော်လို့ နာမယ်ပြောင်းဖွဲ့စည်းခဲ့တယ်။ CNDA ဟာ ၁၉၄၄ ခု စက်တင် ဘာ ၁၃ ရက်မှာ ချင်းမျိုးချစ်တော်လှန်ရေးတပ်မတော် (CPRA) လို့နာမယ်ပြောင်းပြီး ဂျပန်တော်လှန်ရေး လုပ်ခဲ့တယ်။

(ကျနော်တို့ ပြည်သူတွေ၊ တိုင်းရင်းသားတွေအနေနဲ့ ကရင်ပျောက်ကျား၊ ကချင်ရိန်းဂျား၊ ကချင်လဲဗီး၊ ရခိုင် ADA နဲ့ ချင်း CLA-CNDA-CPRA တို့အကြောင်း သေချာအသေးစိတ် သုတေသနလုပ် ဖော်ထုတ်ဖို့၊ သမိုင်း သင်ခန်းစာတွေမှာ ထည့်သွင်းသင်ကြားကြဖို့ လိုပါတယ်။)

ဒီအခြေအနေတွေကိုကြည့်ရင် ဗမာ့တပ်မတော်ရဲ့ သာကူးအဖြစ်ကို ကောင်းကောင်းမြင်နိုင်တယ်။ ဗိုလ် ချုပ်အောင်ဆန်းကိုယ်တိုင်ကလဲ အင်္ဂလိပ်ဗိုလ်ချုပ်စလင်းမ်ကို ခင်ဗျားတို့မနိုင်ရင် ကျုပ်တို့ကလာမပေါင်းဘူး လို့ ပြောင်ပြောခဲ့တာ အများအသိပါဘဲ။ ဒါပေမဲ့ အားမနာစတမ်းပြောရရင် တခြားနိုင်ငံတွေနဲ့ ဗမာပြည်က တခြားတိုင်းရင်းသားတွေလောက် ကျောရိုးမမာ မပြတ်သားဘဲ နောက်ဆုံးအခြေအနေရောက်မှ မလွှဲသာ လွန်းလို့ သာကူးလိုက်ရတာကတော့ တော်တော်လေးရှက်စရာကောင်းနေတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာ့တပ်မတော်ဟာ ၁၉၄၃ ခုကတည်းက ဗကပ ခေါင်းဆောင် သိန်းဖေမြင့်က တဆင့် အိန္ဒိယနိုင်ငံမှာရှိတဲ့ ဗြိတိသျှတပ်မတော် ၁၃၆ တပ်ဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်ဆိုပေမဲ့ ယေဘုယျအား ဖြင့် ခြံစည်းရိုးပေါ် တလျှောက်လုံးခွထိုင်နေခဲ့ပြီး မဟာမိတ်တပ်တွေ ရန်ကုန်သိမ်းခါနီး၊ မဟာမိတ်တွေ သေ ချာပေါက်နိုင်ခါနီးကျမှ တကယ့်လက်တွေ့ ဂျပန်တော်လှန်ရေးကို ကမန်းကတန်းထလုပ်ခဲ့တာဖြစ်တယ်။ အဲသလိုမှမလုပ်ရင်လဲ ဂျပန်တွေက ပါးတွေနားတွေရိုက် ရေနွေးပူလောင်း လက်သည်းခွံခွာစသဖြင့် အမျိုး မျိုးနှိပ်စက်တာ ရေလည်ခံထားရတဲ့ ဗမာပြည်သူတွေရဲ့ တံတွေးခွက်ထဲမျောတော့မှာဖြစ်သလို မဟာမိတ် တပ်တွေရဲ့ စစ်သုံ့ပန်းဖြစ်ပြီး နူရင်ဘတ်လိုစစ်ရာဇဝတ်ခုံရုံးမှာလဲ တင်ခံရတော့မှာ ဖြစ်တယ်။ ဒီအကြောင်း ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သူ့ဆရာ သခင်ကိုယ်တော်မှိုင်းကို ဝန်ခံခဲ့တယ်လို့လဲ ကြားဖူးတယ်။

ဗမာ့တပ်မတော်ရဲ့ ဂျပန်တော်လှန်ရေးဟာ တခြားအရှေ့တောင်အာရှနိုင်ငံတွေ၊ ဥရောပနိုင်ငံတွေထက် အများကြီးနောက်ကျရုံမက ဗမာပြည်ထဲက တခြားတိုင်းရင်းသားတွေရဲ့ နောက်ကိုတောင် ရောက်နေခဲ့လို့ သာကူးဝေါဟာရနဲ့ အင်မတန်ကိုက်ညီနေတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ ဂျပန်တော်လှန်ရေးနဲ့ပတ်သက်လို့ ဗမာ့တပ်မတော်ရဲ့အခန်းကဏ္ဍကိုဘဲ ဖူးဖူးမှုတ်အမွှမ်းတင်နေပြီး တိုင်းရင်းသားတွေရဲ့ သီးခြားဂျပန်တော် လှန်ရေးတွေ သမိုင်းမှာဖျောက်ဖျက် မေ့လျော့ခံနေရတယ်။ တကယ်တော့ ဗမာ့တပ်မတော်ဟာ ဂျပန် တော်လှန်ရေးနဲ့ပတ်သက်လို့ အင်မတန့်ကိုသာမှကူးတဲ့ တကယ့် ‘သာကူး’ အကြီးစားကြီးဖြစ်နေသလို သူ့ကို မွေးထုတ်ပေးတဲ့ဖခင် ဖက်ဆစ်ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်ဝါဒကို လက်တွေ့အရ၊ အတွေးအခေါ်အရ သံယော ဇဉ်မပြတ်နိုင်တာကိုလဲ အဲ့ဒီကာလတုံးကရော၊ အခု နှစ် ၇၀ ကျော်ကြာပြီး ၂၁ ရာစုအထိပါ တွေ့နေရပါ ကြောင်း။

(မှတ်ချက်။ အမှန်တရား ဆိုတာ ခါးသီးလှပါတယ်၊ ဒါပေမဲ့ သမိုင်းသမား မီဒီယာသမား တာဝန်အရ တင်ပြ လိုက်ရပါတယ်။)

ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, ရသဆောင်းပါးစုံ, သူတို့အာဘော်

4 Responses to ဂါမဏိ – သာကူး၏မူလအစ (ဗမာ့တပ်မတော် နှင့် ဂျပန်တော်လှန်ရေး)

  1. banyar lin on March 27, 2016 at 6:17 am

    I am 100% Burmese Buddhist but this article is exactly right 100% true

  2. Khi nMaung Saw on March 27, 2016 at 9:36 pm

    Japanese-trained Indonesian Army too revolted against the Japanese. However, their revolution was not participated by the whole Japanese-trained Indonesian Army. The “Peta” battalion headed the revolution. Heiho (known as “Chway Tat” in Burma) and a few other troops joined them. (See details in; Joyce Lebra Japanese Trained Armies in Southeast Asia, page 155).

    Strictly speaking, also in Burma not all of the Japanese-trained Burmese Army revolted against the Japanese. One battalion headed by Bo Yan Naing, Dr. Ba Maw’s son-in-law, did not join the revolution. Bo Yan Naing denounced Bo Aung San and the revolted army as “Traitors”or “Renegades”.

  3. U Min Khin on March 28, 2016 at 11:15 am

    စာရေးသူ ဂါမဏိအနေနဲ့ ဒီထက်ပိုပြီး ထည့်ဆွေးနွေးသင့်တာ ရှိပါသေးတယ်။ အဲတာကတော့ အခြား မြန်မာမျိုးချစ်တွေနဲ့ မြန်မာကွန်မြူ နစ်တို့ရဲ့ အခန်းကဏ္ဍပါ။

    ဂျပန်က မြန်မာပြည် မဝင်ခင်ကတည်းက ဖက်ဆစ်ရဲ့သရုပ်တွေကို မြန်မာခေါင်းဆောင်တွေက စပြီး ထောက်ပြ ဆန့်ကျင်ခဲ့ကြတယ်။ စာအုပ်ရေးသူရှိသလို လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို စကတည်းက ဆန့်ကျင်ခဲ့သူတွေရှိတယ်။ လွတ်လပ်ရေးကြိုးပမ်းရာမှာ လမ်းကြောင်းအမြင် သုံးခုကွဲခဲ့တယ်။ အဲဒီအထဲမှာ ဖက်ဆစ်စနစ်ဟာ အရင်းရှင်ရဲ့ အဆိုးဆုံးအဆင့်တခု ဖြစ်တဲ့အတွက် သူ့လောက်မဆိုးတဲ့ အင်္ဂလိပ်နဲ့ ပေါင်းပြီးဆန့်ကျင်ရမယ် ဆိုတဲ့ သခင်စိုး၊ တက်ဘုန်းကြီးသိန်းဖေ (သိန်းဖေမြင့်)၊ သခင်ဗိုလ်၊ သခင်ကျော်စိန်အစရှိတဲ့ မြန်မာကွန်မြူ နစ်များရဲ့အမြင်ဟာ သဘောတရားအရရော လက်တွေ့အရပါ အမှန်ဆုံးဖြစ်တယ်။

    လက်တွေ့လုပ်ငန်းကို တက်ဘုန်းကြီးသိန်းဖေက ဦးဆောင် လုပ်ကိုင်သွားပြီးတော့ မဟာမိတ်တွေဆီက လက်နက်အထောက်အပံ့နဲ့ ရခိုင်၊ နောက် မြန်မာပြည်မှာ လက်နက်ကိုင်တော်လှန်ရေး၊ မဟာမိတ်တွေကို ပံ့ပိုးကူညီရေးတွေမှာ ထိထိရောက်ရောက် လုပ်နိုင်ခဲ့တယ်။ သဘောတရားရေးလုပ်ငန်းကို သခင်စိုးက ဦးဆောင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ့တပ်မတော်ကို လမ်းကြောင်း ချပေးနိုင်ခဲ့တယ်။ တာပေမယ့် ဂျပန်တော်လှန်ရေးသမိုင်းမှာ အဓိကကဏ္ဍတခုဖြစ်ခဲ့တဲ့ ကွန်မြူ နစ်ပျောက်ကျားတို့ကဏ္ဍဟာ သမိုင်း အဖျောက်ခံလိုက်ရတယ်။

    ဒီနေရာမှာ သမိုင်းကို ပြောခဲ့ ရေးခဲ့တာတွေ ပြန်စဉ်းစားကြည့်ရင် ကိုယိလိုချင်တဲ့ အများအတွက်ဖြစ်စေ ပုဂ္ဂလိကဖြစ်သေ အကျိုးစီးပွားရဖို့အတွက် ဖုံးတန် ဖုံး၊ ဖိတန် ဖိ၊ တစိတ်ကို တအိတ်၊ တအိတ်ကို တစိတ် လှည့်ပါတ်ပြောတာ ရေးတာ မှန်တယ်။ တဲ့ပြောရရင် အကျိုးစီးပွားအတွက် လိမ်တာမှန်တယ်ဆိုတဲ့ အခြေခံစဉ်းစားပုံကို ကွက်ကွက်ကွင်းကွင်းမြင်လာရပါလိမ့်မယ်။

  4. Dr. Zhivaka(Kambawza) on March 29, 2016 at 10:22 pm

    As Lepards never change their spots, army people always stuck on their mindset and rigid mentality for their own interests and not for all people in the country. Hypomaniac ideology and impaired PFC( Prefrontal Cortex) & ACG( Anterior Cingulate Gyrus) in brain functions for critical thinking and proper judgements are their mindset.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်