Law Eh Soe – Song from old nest

October 16, 2013
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

“ အသိုက်ဟောင်းတစ်ခု၏တေးသံ ”
လောအယ်စိုး၊ အောက်တိုဘာ ၁၇၊ ၂၀၁၃
အခန်း (၁)
“ ကဲ …….. ဘယ်လိုဖြစ်လာကြတုံး ”
စကားပြန်လုပ်ပေးမယ့် မိတ်ဆွေက မေးသာ မေးလိုက်ရ၊ အခြေအနေကို အကြမ်းဖျင်းတော့ သိထားနှင့်ပြီးပုံပါတယ်။ ကျနော်တို့က မျက်နှာငယ်လေးနှင့် သူ့အိမ်ပေါ်သို့ တက်လာတာ။ သုံးယောက်သားတွင် ကျနော်က အသက်အကြီးဆုံး လေးဆယ့်ငါးနှစ်။ ကျန်နှစ်ဦးက နှစ်ဆယ်ကျော် စွန်းစွန်းတွေပါ။ အားလုံး ကရင်အမျိုးသားတွေ။
ကျနော်မျိုး အပြစ်ရှိသူ စောအယ်ကပဲ စပြီး ရှင်းပြရပါတယ်။
“ Tex refund (ပေးဆောင်ထားသော တစ်နှစ်တာအခွန်ငွေထဲမှ ဝင်ငွေနည်းသောသူများအား နှစ်အကုန်အတွင် အစိုးရမှ ပြန်ပေးသော ထောက်ပံ့သောငွေ) ကရတဲ့ ပိုက်ဆံထဲက ကားတစ်ပတ်ရစ် တစ်စီးဝယ်ထားတော့ အဲဒီကားကို ယောက်ဖကို မောင်းခိုင်းပြီး ဘေးမှာထိုင်ရင်း ဘီယာလေးစုပ်ရင်း ကားလိုက်စီးကာ မြို့ပြင်သို့ထွက်လာခဲ့ချိန် လမ်းမှာ သမင် တစ်ကောင် အစာစားနေတာကို တွေ့တာနဲ့ ပါလာတဲ့လေသေနတ်နဲ့ ထုတ်ပြီးပစ်လိုက်တာပါ ညီလေးရာ။ ”
“ဟေ ….. အဲဒီသမင် သေသွားရောလား”
“ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ချက်ကောင်းနှာနုကိုထိပြီး တစ်ခါထဲတုံးကနဲလဲသွားတာပါပဲ။ အံ့လည်း အံ့သြမိပါတယ်။ သေနတ်နဲ့ ကင်းကွာနေတာလည်းကြာပါပြီ ကိုယ့်ကိုကိုယ် ဒီလောက်လက်ဖြောင့်လိမ့်မယ်လို့တောင် မထင်မိဘူး။ သမင် သေကို သွားယူမယ်လည်းပြင် ရော အဲဒီနားကကားတစ်စီးက ကျွန်တော်တို့ရဲ့ကားရှေ့မှာလည်း ပိတ်ရပ်ထားတယ် ပြီးတော့ ရဲကားတွေလည်း ဝိုင်းလာတာတွေ့တော့ ယောက်ဖကိုအတင်းမောင်းပြေးခိုင်းရတာပါပဲ။ ပြေးလိုက်တာမှ မီးပွိုင့်တွေ ဘာတွေ လည်း ဖြတ်ပြီးပြေးမိတာပါပဲ ဒါပေမယ့် နောက်ဆုံးတော့ မိသွားတာပါပဲဗျာ။ ”
“ ခင်ဗျားတို့နောက်ကို ရဲကားတွေဘယ်နှစ်စီးနဲ့ လိုက်ဖမ်းကြသလဲ ”
          “ ခန့်မှန်းခြေတော့ ရဲကားအစီးနှစ်ဆယ်တောင် ကျော်လောက်တယ် အပေါ်ကနေပျံပြီး လိုက်လာတဲ့ ရဲရဟတ်ယာဉ် တောင် တစ်စီးပါလိုက်သေးတယ်ဗျာ။ တစ်ကယ်ပါ ညီလေးရာ။  အေး …… ရုပ်ရှင်ထဲမှာဆိုရင်တော့ တကယ့်ဇတ်လိုက်တွေပဲ၊ မင်းသားနဲ့အဖွဲ့ကပြေး လူဆိုးတွေက နောက်ကလိုက်နဲ့ပေါ့ ” ဟု ကျနော်က ပြောလိုက်ပါတယ်။
နောက်တစ်ပတ် တနင်္လာနေ့ ညနေ ၅ နာရီမှာ ကျနော်ဦးဆောင်တဲ့ ကိုရွှေကရင် ခေတ်သစ်ရာမမင်းသားတို့ရဲ့ အမှုချိန်းက စောင့်ကြိုနေပြီ။ ဒါကြောင့် ကျနော်တို့၏ စကားပြန်အဖြစ် မိတ်ဆွေလေးထံ ချည်းကပ်ကြရတာပါ။
အမိမြန်မာနိုင်ငံမှ ဗမာ၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ မြန်မာပြည်ဖွား အစ္စလမ်ဘာသာ ညီအစ်ကိုမောင်နှမများ၏ လိုင်စင်မရှိပဲ ကားမောင်းခြင်းသာမက အရက်မူး၍ မိန်းမအားရိုက်၊ ကလေးများကို ဂရုစိုက်မှု အားနည်း၊ သူတပါးကားကိုဝင်တိုက် စသော…. စသောအမှုများကို စကားပြန်အဖြစ်လိုက်ပါဆောင်ရွက်ပေးနေကြ ကျနော်တို့ ရပ်ကွက်၏ စေတနာ့ဝန်ထမ်း ထန်းတက်လက်မှတ်ရထားသည့် ကရင်တိုင်းရင်းသား ဓာတ်ပုံဆရာလေးကို ကျနော်တို့က ထုံးစံအတိုင်း အကူအညီတောင်းနေရပြီ။
 “ ရွှေကရင်တို့၏ သမင်လိုက်ခန်း ” မှာ မယ်သီတာမပါ ဒသဂီရိမဲ့၍ အမေရိကန်ရဲသာ ပါ၏။
          ဆရာလေးက မေးခွန်းတွေ ဆက်ထုတ်လိုက်တယ်။
          “ခင်ဗျား သေနတ် ဘယ်ကရလဲ”
“ဈေးဆိုင်ကြီး (Mall) မှာဝယ်တာပါ”
“ ဝယ်တာ လိုင်စင်တွေ ဘာတွေ ရှိလား”
“ ဘာလိုင်စင်မှ မရှိပါဘူး။ မသိပါဘူးဗျာ လေသေနတ်ဆိုတော့ လိုင်စင်မလိုဘူးလို့ ထင်ထားခဲ့တာ ခုတော့ ……”
ယခုတော့ ….. စကားပြန်ပေးမည့် ဆရာလေးရှေ့တွင် ကျနော်တို့သုံးဦးသား မျက်နှာငယ်နှင့်။ မိမိလည်း တရားရုံးတွင် ဘာတွေဆက်လက်ကြုံတွေ့ ရမည်ကိုလည်း ခန့်မှန်း၍မရပါ။
သူက နိဂုံးချုပ်အနေဖြင့် …
“ အေး…..ကောင်းပြီ တနလာင်္နေ့ညနေလေးနာရီကျော်ကျော်  အိမ်မှာ ကျွန်တော်ကိုလာကြို ။ အချိန်ကိုတော့လေးစား ပါ။ ပြီးတော့ အားလုံး အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်လာခဲ့၊ ဘုရားကျောင်းမှာလည်း ခင်ဗျားတို့ သုံးယောက်အတွက် အသင်းတော်က အထူးဆုတောင်းပေးနေကြတယ် မဟုတ်လား။ ”
“ ဟုတ်ပြီလေ …… ပြန်ကြပေတော့ ”
အခန်း (၂)
တရားရုံးတက်ရမည့် ညနေခင်း ကျနော်တို့ အသပ်ရပ်ဆုံး ဝတ်စားဆင်ယင်ထားပါတယ်။ တစ်ဦးကတော့ အပေါ်ကကုတ်အကျီ င်္ နှင့် ကျန်နှစ်ဦးကတော့ တောက်ပသစ်လွင်နေသော ကရင်အမျိုးသားဝတ်စုံတွေဝတ်စားထားပြီး အမျိုးဂုဏ် ဇာတိမာန်တွေနှင့် ပေါ့။ ဖြစ်ခဲ့သည့် ပြဿနာအမှုကိုအသာထား … တရားခံများထိုင်ရသော နေရာကိုရောက်သည့်နှင့် သုံးဦးသားခေါင်းတွေ ကိုငုံ့ပြီး ဆုတောင်းကြ။ ဘုရားကယ်မှပဲ ဒီအမှုထုပ်က ရှင်းနိုင်တော့မှာ။ ရှေ့ဆက် ဘာတွေဖြစ်မည် ဆိုတာကို တစ်ကယ်ပင် မခန့်မှန်းတတ်တော့။
အမှုအခင်းဖြစ်ပွားခဲ့ရာ အရပ်က အမေရိကန်လူဖြူများ နေထိုင်တဲ့ရပ်ကွက် … ငွေကြေးအတန်အသင့်ရှိသောသူများရဲ့ ရပ်ကွက်။ ဒါကြောင့် ကျနော်တို့သုံးဦးကို ထိုအရပ်၏ တရားစီရင်ရေးရုံးတွင်ပင် အမှုကို ရင်ဆိုင်ရပါတယ်။ အမည်များကို ခေါ်လိုက်ချိန်တွင် မျက်နှာသေလေးနှင့် သုံးဦးသား တရားသူကြီး၏ ရှေ့တွင် ရို့ရို့ကလေးရပ်လိုက်ကြရပါတယ်။
မျက်နှာခတ်ထန်နေသော တရားသူကြီးက အမှုတွဲကိုဖတ်ပြီး တစ်ဦးချင်းစီကို စေ့စေ့ကြည့်ပါတယ်။ တရားရုံး ထဲတွင်ရှိသော လူပုဂ္ဂိုလ်အားလုံးတို့ကလည်း ဘေးမဲ့ပေးထားသောတောတိရိစ္ဆာန်ကို ရက်ရက်စက်စက်သတ်သော ထိုတရား ခံသုံးဦးကို ကမ္ဘာကြီးကိုဖျက်ဆီးတော့မည့်စိုင်းရိုင်းလှသော လူသားတွေဟု တွေးမြင်ပုံပါပဲ။ အသီးသီးသောမျက်လုံးများက ဒေါသအလျှံလျှံ တညီးညီးနှင့် ‘ဒီတရုတ်တွေ’ ငါတို့ရပ်ကွက်ကို ဘာလို့လာစော်ကားရသလဲပေါ့။ ဒါတောင် တရားသူကြီးက ဤပုဂ္ဂိုလ်သုံးဦးမှာ တရုတ်နိုင်ငံမှမဟုတ်ကြောင်း ထိုင်းနိုင်ငံနှင့်နယ်မြေချင်းထိစပ်နေသော မြန်မာနိုင်ငံမှဖြစ်ကြောင်းကို လည်း အသံကျယ်ကျယ်နှင့် ကြေငြာထားပြီးသားပါ။
မြန်မာနိုင်ငံမှ ဒုက္ခသည်မိသားစုတွေကို ကျွန်တော်နေထိုင်သောမြို့က ချိုင်းနိစ် တရုတ်တွေဟုသာသတ်မှတ်ပါတယ်။  ဘတ်စ်ကားမှတ်တိုင်တွင်စောင့်နေချိန် တစ်ခါတစ်ရံ — “နိဟောင်” ဆိုပြီး အမေရိကန် လူမည်းတို့က ကျွန်တော်တို့ကို သွေးတိုးစမ်းလေ့ရှိတယ်။
လူမျိုး အသားအရောင် ခွဲခြားလိုတဲ့ စိတ်ဓာတ်ရှိတဲ့ အမေရိကန်နိုင်ငံသားတချို့က တရုတ်တွေကို မုန်းကြပါတယ်။ စပိန်စကားပြောတဲ့ လူမျိုးအုပ်စုနှင့် လူမည်းအုပ်စုအချို့တို့က တရုတ်တွေဆိုပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ပြောင်လှောင်တတ်ပါတယ်။ လမ်းမှာ တစ်ဦးစ နှစ်ဦးစ လျှောက်လာလျှင် အုပ်စုဖွဲ့ပြီး ရိုက်ကာ ငွေ၊ ပစ္စည်းများကိုလုတာတွေ လုပ်တတ်တယ်။
စာသင်ကျောင်းများတွင်လည်း အုပ်စုဖွဲ့၍ အနိုင်ကျင့်သောဒဏ်ကို မြန်မာနိုင်ငံမှ ကရင်၊ ဗမာ၊ မွန်၊ ရခိုင်၊ ချင်းလူ မျိုးများ လိမ့်နေအောင်ခံစားကြရပါတယ်။ ခံစားနေရဆဲ။ တချို့ လူမျိုး၊ အသားအရောင် ခွဲခြားတဲ့ အမြင်ကျဉ်းတဲ့ အမေရိကန်အချို့က တရုတ်တွေနှင့် ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကို တစ်တန်းထဲထား၊ အသားအရောင် တစ်တန်းထဲထားသည်လားတော့မသိ။ သူတို့တစ်တွေက လူမျိုးခြား၊ အသားအရောင်ခြား ကျွန်တော်တို့ကိုမုန်းကြတယ် ထင်တယ်။ ထားပါလေ … ဘယ်လိုပင်ဖြစ်စေ တရုတ်လူမျိုးလို့ ထင်မြင်ခံရတဲ့ကိစ္စကလည်း အမေရိကားတွင် အကြောင်းတရားတစ်မျိုးပါပဲ။ အထူးသဖြင့် ကရင်၊ ကချင်တိုင်းရင်းသားတို့က ငါတို့တတွေ တရုတ်လူမျိုး မဟုတ်ပါလို့ ငြင်းပါက တော်ရုံတန်ရုံအမေရိကန်နိုင်ငံသားများက မုသားသုံးတယ် ထင်ကြတယ်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့ရဲ့ ပုံပန်းသဏ္ဍာန်တွေကြောင့်ပါပဲ။
သမင်ပစ်သည့်ဇတ်လမ်းမှာ ဒီတရုတ်လူမျိုးသုံးဦးလို့ လူတွေကထင်ကြပုံ။ မြန်မာနိုင်ငံသားလို့ ပြောလိုက်တော့ တရားသူကြီးက ချက်ချင်းသဘောပေါက်သွားတယ်။
“ ဟိုး … ၁၉၉၀ ကျော်ကာလတွေတုန်းက ကျုပ် တပ်မတော်အရာရှိဘဝမှာ စစ်သဘောင်္ကြီးနဲ့ ခင်ဗျားတို့နိုင်ငံနဲ့ ထိုင်းနိုင်ငံပင်လယ်စပ်ကိုရောက်ဘူးပါတယ် ” ဟု ပြောလိုက်တာကြောင့် တရားရုံးက ပရိသတ်အားလုံးက ဒီသူရဲကောင်းသုံးယောက်သည် တရုတ်လူမျိုးတွေမဟုတ်ပဲ သနားစရာ မြန်မာနိုင်ငံမှ ဒုက္ခသည်သုံးဦးပါပဲလားဆိုတာ သိသွားကြပါတော့တယ်။ ကျနော်တို့သုံးယောက်ရဲ့ တကယ့်သနားစရာကောင်းသည့်မျက်နှာတွေက သက်သေခံနေသလိုပင်။ ဘဝမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတောင် မတွေးရဲစရာ။
တရားသူကြီးနှင့်တရားရုံးက ပရိသတ်တွေက သူတို့၏မျက်နှာတွေကိုကြည့်ပြီး သနားသည့်တိုင်အောင် ကျူးလွန် ထားသောပြစ်မှုကြီးက ဘယ်လိုမှ ဒီမင်းသားသုံးယောက်ကို နှင်မလွှတ်နိုင်စရာ။
ဘယ်နှယ် … ဘေးမဲ့ပေးပြီး အလှထားပါတယ်ဆိုသော သမင်ကိုမှ ရက်ရက်စက်စက် သတ်ပစ်ရက်သော မြန်မာနိုင်ငံသားတွေ လူပါးဝါးဝလို့ကွာ ဆိုသော မျက်နှာထားတွေနှင့် ဒေါသထွက်နေသော မျက်နှာများရှိရာ ဘေးဘီသို့ လည်း မကြည့်ရဲ ခက်ထန်ထန်မျက်နှာများဘေးထားသော တရားသူကြီးကိုလည်း မရင်ဆိုင်ဝံ့ သုံးဦးစလုံး ခေါင်းကိုသာငုံထား ကြရတယ်။ အခြေအနေတွေရိပ်စားမိတဲ့ တရားသူကြီးက စကားပြန်မှတဆင့် အဲဒီသမင်ကို ပစ်တာ ဘယ်သူလဲ ….. လို့ မေးတော့ အသက်အကြီးဆုံး ကျနော်စောအယ်က မျက်နှာငယ်ကလေးနှင့်  စကားပြန်အကူအညီနှင့် “ကျွန်တော်ပါ ခင်ဗျာ” လို့ ဖြေရပါတယ်။
 “မင်း … ဒီ သမင်ကို ဘယ်နှစ်ချက် ပစ်လည်း ” လို့ မေးတော့ …
ကျနော် ….. “ တစ်ချက်တည်းပါ ”
“ ဟ …. တော်တော် လက်သံပြောင်တဲ့ ပုဂ္ဂိုလ်ပါလား ” ဟု တရားသူကြီးက ရယ်ပြီး မှတ်ချက်ချတယ်။ သို့သော် … ကျနော်ကား မရယ်ဝံ့။
“ ကဲ … ဒါနဲ့ ဟိုနှစ်ယောက်ကရော ”
“ တစ်ယောက်က ကားမောင်းပါတယ်။ နောက်တစ်ယောက်က ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပေးဖို့ ကူညီပေးပါတယ် ” ဟု ကျနော်က ဖြေလိုက်ပါတယ်။
တရားသူကြီး ခေတ္တမျှငြိမ်သွားပြီး “ ခင်ဗျားတို့ ဒီမှာ ဘာတွေလုပ်ကိုင် စားသောက်ကြသလဲ ” လို့ မေးတော့
ကျနော်က “ကျွန်တော် သစ်စက်မှာ လုပ်ပါတယ် ခင်ဗျား ”  
“ဟိုနှစ်ယောက်ကရော” လို့ ဆိုတော့ …
 ယောက်ဖ ဖြစ်သူ စောဖားတားက “ကျွန်တော် ကအလုပ်မရှိသေးပါဘူး” တဲ့။
အမေးအဖြေတွေကိုတော့ စကားပြန်ကနေတဆင့် ဘာသာစကားရဲ့အခက်အခဲတွေကို သူတို့ဖြေရှင်းနိုင်ဘို့ ဒီတရားရုံးက စီစဉ်ပေးထားခြင်းပါပဲ။
ကဲ …. ဒါဆိုရင် ခင်ဗျားတို့ ရှေ့နေငှားဘို့အတွက် ငွေရေးကြေးရေးအဆင်ပြေလားလို့ တရားသူကြီးက မေးတော့ ဘယ်ကလာအဆင်ပြေနိုင်မှာလဲ ရှေ့နေက တခါငှားရင် အနည်းဆုံး ဒီလိုအမှုမျိုးဆိုရင် ဒေါ်လာနှစ်ထောင်ကနေ သုံးထောင် လောက်ရှိတာကိုး။
ဒီကစနစ်ကလည်း အနိမ့်ခံ လူတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ကူညီပေးတဲ့ စနစ်တစ်ခုလို့ပဲ ပြောနိုင်ပါတယ်။ ကျနော်တို့သုံးဦးရဲ့ ဝင်ငွေအနေအထားမှာ ကျနော်တစ်ဦးကတော့ အလုပ်ရှိပေမယ့် ဝင်ငွေကနည်း တစ်ခါထပ်ပြီး မိသားစုကလည်းကြီး ဆိုတော့ အခမဲ့ရှေ့နေငှားရသလို ကျန်သောနှစ်ဦးကလည်း အလုပ်ကလည်းမရှိ မိသားစုကိုယ်စီဆိုတော့ သူတိုနှစ်ဦး လည်းအခမဲ့ရှေ့နေ အသီးသီးရကြပါတယ်။
“ကဲ .. ကောင်းပြီ မင်းတို့ရဲ့ အမှုကို ရှေ့နှစ်ပတ်ကို ထပ်ချိန်းလိုက်တယ်။” သက်ဆိုင်ရာ ရှေ့နေတွေနဲ့ အမှုကို ရင်ဆိုင်ဘို့ ပြန်လာခဲ့ကြ ဆိုပြီး တရားသူကြီးက ကျနော်တို့သုံးဦးရဲ့မျက်နှာတွေကို စေ့စေ့ကြည့်ပြီး…. ခပ်တည်တည်။
အဲဒီလိုနဲ့ ကျနော်တို့သုံးဦးသား တရားရုံးအပြင်ဘက်သို့ အမြန်ဆုံးထွက်ခဲ့ကြတယ်။ “တော်သေးတာပေါ့ ငါတို့ကို ချက်ချင်းထောင်မချသေးလို့။ ဟာ …. ရှေ့နေနဲ့လည်းတွေ့ရအုံးမယ် ဘာတွေ….. ဘာတွေ ဆက်ဖြစ်အုံးမှာလည်း မသိဘူး၊ အားလုံးက ငါ့အပြစ်တွေပဲ” ဆိုပြီး ကျနော်က ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်။
အဲဒီညနေတုန်းက ဘယ်ကိုမှအပြင်အထွက်ပဲ၊ အိမ်မှာ ဘီယာကိုတစ်ဝကြီးမူးအောင်သောက်ပြီး အိပ်ပစ်လိုက်ရင် ဒီလိုပြဿနာတွေ တက်လာမှာမဟုတ်ဘူး။ ခုတော့ ဘယ်လိုတွေဖြစ်ကုန်ပြီလဲ၊ ဟိုနှစ်ယောက်ကလည်း ငါ့ကြောင့် အမှုတွေ ပတ်ကုန်ပြီ။ အေးလေ …. သူတို့ကလည်း ငါ့နောက်ကို လိုက်ချင်နေခဲ့ကြတာကို….။
ဒါနဲ့ … စကားပြန်က “ရှေ့နေကို ဘယ်မှာသွားတွေ့ရမှာလဲ၊ ဘယ်နေ့မှာလဲ၊ ဘယ်အချိန်လဲ” ဆိုတာကို ဆက်မေးနေ တယ်။
စကားပြန်က ကျနော်တို့ကို ရှေ့နေရုံးရှိသော နေရာလိပ်စာကိုပြတယ်၊ ပြီးတော့ ကြိုပြီးတယ်လီဖုံးဆက်အုံးလို့ သူက ပြောတယ်။ “ချိန်းတဲ့အချိန်ကို သွားတွေ့” ဆိုပြီးတော့သာ ပြောလိုက်တယ်။
ကဲ… ရှေ့နေရုံးကိုသွားပါပြီတဲ့ ဘာတွေပြောရမှာတုံး အဲဒီကိစ္စအတွက် အင်္ဂလိပ်စာတတ်တဲ့ လူကို အကူအညီ တစ်ခါ ထပ်တောင်းရအုံးမယ်။
စဉ်းစားရင်း… စဉ်းစားရင်း… ကျနော်လည်း ဘာလုပ်ရမှန်းပင်မသိတော့။ ဘုရားကျောင်း ဝတ်ပြုခြင်းအစီအစဉ်တွင် အပတ်စဉ်အလွန်သနားစရာကောင်းနေသော သူတို့သုံးဦးအတွက် ဆုတောင်းပေးနေကြတယ်လို့ တဦးက ပြောပြခဲ့လို့ အားတက်မိပါတယ်။
ဒီတစ်ခါ မိမိ၏ ဘဝသည် ဘုရားသာမကယ်ပါက ဒုက္ခချောက်ကမ်းပါးကြီးထဲသို့ ဇောက်ထိုးကျဘို့သာရှိတော့သည် မဟုတ်ပါလား။
မိမိပြုသော အမှုကိစ္စအတွက် မိမိတစ်ယောက်တည်းသာ ခံရလျှင်ကား ကိစ္စမရှိ အခုတော့ သားသ္မီးသုံးဦးနှင့် တဦး သည်၏ အနာဂတ် ယခုတောင်မူးပြီး သမင်ပစ်သူဟူ၍ မြို့ရွာ ကရင် အသိုင်းအဝန်းတွင် နာမည်ကြီးနေပြီ။
ဘုရားရှင် …. ကျွန်တော်မျိုးကို ကယ်တော်မူပါ ဟူ၍ တွင် … တွင် သာဆုတောင်းနေမိပါတယ်။
အခန်း (၃)
ရှေ့နေဖြစ်သူက ၎င်းး၏အမှုတွဲစာကို ဖတ်ပြီး တည်ငြိမ်စွာဖြင့် ကျွန်တော်အကောင်းဆုံး ကြိုးစားပေးပါ့မယ်လို့ ပြော လိုက်တဲ့အခါ ကျနော်တစ်ယောက် အားတက်သွားပါတယ်။ အခု လူကြီးမင်းကို စွဲထားတဲ့အမှုတွေက
(၁) တရားမဝင် လက်နက်ကိုင်ဆောင်မှု
(၂) မြို့ ရွာ ပတ်ဝန်းကျင်ကို အန္တာရာယ်(ရှိ)ပေး/ဖြစ်စေသောအမှု
(၃) ဘေးမဲ့ပေးထားသော တိရိစ္ဆာန်ကို သတ်ဖြတ်သောအမှု
(၄) ထိုပစ်ခတ်ပြီးသော တိရိစ္ဆာန်ကို ယူဆောင်ရန်ကြိုးစားမှု အပြင်အခြား ၎င်းမသိနိုင်သော အမှုက သုံးခုပင်ထပ်ပါ လိုက်သေး။
 “ဘုရား ဘုရား ….. ကျွန်တော်မှာ ဒီသမင်ကိုမြင်လိုက်တာနဲ့ ဘယ်လိုမှ ပစ်ချင်တဲ့စိတ်ကို ထိန်းမရတဲ့အဆုံး ပါလာတဲ့ လေသေနတ်နဲ့ပစ်လိုက်တာကလွဲရင် ဘာမှရည်ရွယ်ချက် ကြီးကြီးမရှိပါဘူးခင်ဗျား။  အခုတော့ ဘာအမှုတွေမှန်း မသိ တော့ပါဘူး ခုနှစ်မှုကြီးတောင်မှ ဘုရား…ဘုရား”
ငိုတော့မလိုဖြစ်နေသောမျက်နှာနှင့် ရှေ့နေကြီးကို စကားပြန်မှတဆင့် မိမိကို ဒီဒုက္ခကြီးမှ လွတ်မြောက်ဘို့အတွက် ကူညီပေးရန် တောင်းပန်မိရှာပါတယ်။
အတွေ့အကြုံရှိပြီးသားဖြစ်သော ရှေ့နေကြီးက ကျနော်တို့ကို သနားပုံရပါတယ်။ မိမိကိုင်တွယ်သော အမှုများတွင် ယခုလို ဘေးမဲ့ပေးထားသောသမင်ကို ပစ်သောအမှုသည် မိမိဘဝအတွက် ပထမဆုံးအတွေ့အကြုံပဲလို့ ပြောပါတယ်။ ဒီသမင်တွေကို အစိုးရက သတ်မှတ်ထားတဲ့နေရာ နောက်ပြီးအမဲလိုက် ရာသီတွေမှာဘဲ လိုင်စင်ရှိတဲ့လူတွေပဲ ပစ်ခွင့်ရတယ်။
ဒါနဲ့ …. ခင်ဗျား ဒီနိုင်ငံသားဖြစ်ပြီလားဟု မေးတော့ ကျနော်က “ကျွန်တော် ပြီးခဲ့တဲ့ ငါးလလောက်တုံးကပဲ တရားဝင် အမြဲတမ်းနေထိုင်ခွင့် (Green Card) ရထားပါတယ် ခင်ဗျား”
ထိုအခါရှေ့နေကြီးက “အဲဒါကလည်း ပြဿနာတစ်ခု ခင်ဗျားကို တရားသူကြီးက အပြစ်ထင်ရှားလို့ စီရင်ချက်ချရင် အဲဒီအပြစ်ဒဏ်ကို ခင်ဗျားခံပြီးတာနဲ့ မပြီးသေး ဘူး မိမိရဲ့ မူရင်းနိုင်ငံကို ပြန်ပို့ရင် ပြန်ပို့နိုင်သေးတယ်”
“ခင်ဗျား ကျွန်တော်တစ်ယောက်ထဲပဲလား”
“ခင်ဗျားပဲ ဒီသမင်ကို ပစ်လို့ ဒီလိုအမှုအခင်းကို ရင်ဆိုင်နေရတာ ခင်ဗျား ကိုပဲ ပြန်ပို့မှာပေါ့”
ကျနော်စောအယ်တစ်ယောက် ရှိုက်ကြီးတငင် ငိုချ လိုက်ချင်ပါတော့တယ်။
ဒီအမေရိကန်ကို လာကြတုံးက မိမိနှင့်ဇနီး သားသမီး စုစုပေါင်း ငါးယောက်တို့ပျော်ပျော်ရွှင်ရွှင်လေယာဉ်ပျံကြီးစီးလို့ မျှော်လင့်ချက်တွေ အိမ်မက်တွေကလည်း တလှေ တစ်လှည်း ကြီး ခုတော့ …. ငါကိုတစ်ယောက်တည်း ပြန်ပို့ကြတော့မယ် ဆိုပါလား။ ဘုရား …. ဘုရား …ကယ်ပါ။
ဆောက်တည်ရာမရတော့သော ခံစားချက်ကို ကြည့်၍ ရှေ့နေကြီးသည် အတော်သနားသွားပုံရတယ်။
“ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်အကောင်းဆုံးကြိုးစားပေးပါမယ့် … ကဲ… တရားရုံးမှာ ရှေ့အပတ်ဆုံကြရအောင်” ဟု တည် ငြိမ်စွာပြုံးပြီး အားပေးရှာပါတယ်။
ဘဝ ..ဘဝ… ဘာတွေဆက်ဖြစ်အုံးမလဲမသိဘူး။ အေးလေ ဒါတွေအားလုံးဟာ ငါ့အပြစ်တွေပါပဲ။ မိမိကိုယ် ပြည်နှင် ဒဏ်ပေးပြီး ထိုင်းနိုင်ငံသို့မဟုတ် မြန်မာနိုင်ငံ ပြန်ပို့ပါက ဇနီးသည်နှင့်ကလေးတွေ ဒီအမေရိကန်နိုင်ငံမှာ သူတို့တွေ ဘယ်လို ဆက်ပြီးစခန်းသွားကြမလဲ မသိဘူး။
မြန်မာနိုင်ငံ တောထဲတောင်ထဲ လျှိုမျှောင်တွေကြား ပြေးရင်းလွှားရင်း နောက်ဆုံးထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ကိုရောက် အဲဒီကနေ တစ်ခါ တတိယနိုင်ငံဆိုသော အမေရိကန်နိုင်ငံကိုရောက် မိမိနှင့် မိသားစုဘဝလေး အခြေတည်အောင် တည်ဆောက်ပြီးမှ အခွင့်သင့်လျှင် မိမိနေထိုင်ခဲ့သော ဒုက္ခသည်စခန်းနှင့် မိမိဇာတိမြေကိုပါပြန်လည်ဘို့ပင် စိတ်ကူးခဲ့သော ထိုစိတ်ကူးသည် ယခု ရွှေသမင်ကိုစပစ်ခဲ့သည့် နေရက်ကတည်းက အားလုံးပျက်စီးပျောက်ကွယ် သွားခဲ့ပြီဟု ကျနော်တစ်ယောက် ခံစားမိပါတယ်။
ပြည်နှင်ဒဏ်ပေး၍ ပြန်ရမည်ဆိုတော့လည်း မိမိတစ်ဦးတည် အမှုကလည်း ကျော်မကောင်းကြားမကောင်း။ ပြန်ပို့ သည့်အမှုကလည်း သူများ ရယ်စရာ ဒီလောက်စားဘို့ သောက်ဘို့ အစိုးရက ထောက်ပံ့ပေးထားတာတောင် မိမိက ဘေးမဲ့ ပေးထားသော သမင်ကိုမှ ပစ်မိလေခြင်း စသော …. စသော …. အတွေးတွေ … ခံစားချက်တွေ ဝမ်းနည်းမှုတွေ….။
ဒီနှစ်ပတ်အတွင်း အသောက်ရပ်သွားသော ကျနော့်ကို ဇနီးသည်နော်ဆာထူးတစ်ယောက် သတိထားမိနေပါတယ်။
 ဟိုတုံးက ဘယ်လောက်ပဲပြောပြော လုပ်ငန်းခွင်မှာ ပင်ပန်းလှချည်ရဲ့ဆိုပြီး အလုပ်ကဆင်းလာတိုင်း ဘီယာကို အကဒ်လိုက် ဖာလိုက် သယ်လာပြီး မိတ်ဆွေများနှင့် သောက်တတ်ခြင်းကို မိမိဇနီးကောင်းစွာသိပါတယ်။
ဒုက္ခသည်စခန်းမှာတုံးက ကျနော်တစ်ယောက် ဒီလောက်ကြီး အရက်သေစာကို မှီဝဲသည်မဟုတ် ဒီမှာက အလုပ်ပင်ပန်းသည်ဆိုပေမယ့် ထိုက်တန်သော လုပ်အားခကို အတိုင်းအတာတစ်ခုအနေနှင့်ရသောကြောင့် မိမိတို့ မိသားစုလေး သုံးစွဲနိုင်သည်နှင့်အတူ ကျနော်ရဲ့ရေချိန်သည်လည်း တစထက် တစ ပို၍ ပို၍ မြင့်လာခဲ့တာပါ။
 အဲဒီတုံးက ….. “ရှင်သောက်တာတွေလည်း နည်းနည်းလျော့အုံး”လို့ ဇနီးက မြည်တွန်တောက်တီးတိုင်း
“မိန်းမရာ … ငါမှာလည်း ××× ဒီဘီယာလေးဘဲရှိတာကွာ” လို့ ကျနော်က ပြန်ပြောမြဲ။ ရန်ဖြစ်ခြင်း ပူညံ ပူညံ လုပ်ခြင်းတွေ မရှိပေမယ့် ညစဉ်လိုလို အသောက်ဝိုင်းကလေးရှိခြင်းကို မိမိဇနီးက တကယ်မနှစ်မြို့ပါ။ သမီးအကြီးတောင် အပျိုပေါက်ဖြစ်နေပြီပဲ သူခမာလည်း အဖေအရက်သမားကြီးဆိုသည့် ဂုဏ်ပုဒ်ကို ခါးခါးသီးသီးရှိလှပေမည်ပေါ့။
တစ်ကယ်ပါ ဒီပြဿနာစဖြစ်ကတည်းက သောက်ချင်စိတ်လည်းမရှိ အမှုတွဲပါ ယောက်ဖဖြစ်သူနှင့် သူငယ်ချင်း တစ်ဦးကလည်း သူတို့ရဲ့ခံစားချက်တွေနှင့်သူ အားလုံးက ကျနော့်ကိုသာ အပြစ်ပုံချနေပါတယ်။
“သူခေါ်သွားလို့သာ ဒီပြဿနာတွေ တက်ရတာ”
ထားပါတော့ ဒီအချိန်မှာတော့ ရင်ဆိုင်နိုင်ဘို့ ခွန်အားသာ လိုပါတော့တယ်။
အခန်း (၄)
 “တရားသူကြီးမင်းခင်ဗျာ မြန်မာနိုင်ငံက ရောက်ရှိလာတဲ့ ဒုက္ခသည် တရားခံဟာ တောထဲတောင်ထဲမှာကြီးပြင်းခဲ့သူ တစ်ဦးပါ ဟိုမှာ စစ်ဘေးတွေကိုရှောင်ရင် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ ဆယ်နှစ်ကျော်ကျော်နေခဲ့ပြီး ပြင်ပကမ္ဘာနဲ့အဆက် အသွယ် ပြတ်ခဲ့ရသူတစ်ဦးပါ”
ရှေ့နေကြီး၏ ကျနော်တို့အတွက်ခုခံလျှောက်ထားချက်ကို တရားသူကြီးမင်းက အလေးအနက်ထားပြီး တည်ငြိမ်စွာဖြင့် နားထောင်နေပါတယ်။
“ပြီးတော့လည်း တစ်ခါ တတိယနိုင်ငံဆိုတဲ့ အမေရိကန်နိုင်ငံကိုရောက်တာကလည်း နှစ်နှစ်ကျော်ပဲရှိပါသေးတယ်။ အသစ်သော လူ့အဖွဲ့အစည်းမှာ ရုန်းကန်မှုအသစ်တွေနဲ့၊ တခါ သူ့ရဲ့မိသားစုဘဝကိုပြန်ပြီး ရုန်းကန်ရပါတယ်။ ဒီမှာသူ့အတွက် အသက်အရွယ် မိသားစုအနေအထား ပညာဆက်ပြီးသင်ကြားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး သူကိုယ်တိုင် ကလည်း မြန်မာနိုင်ငံမှာ မူလတန်းမှ ဒုတိယတန်းထိသာ ပညာဆည်းပူးခဲ့ရသူပါ။”
ရှေ့နေကြီးလျှောက်လဲချက်ကိုလည်း ကျနော်စောအယ်တစ်ယောက် စကားပြန်မှတဆင့် အဓိပ္ပါယ်ကို ဂရုတစိုက်နားထောင် နေမိတယ်။ တရားရုံးတစ်ခုလုံး ပုံမှန်အနေအထားထက် ပို၍ငြိမ်သက်နေပါတယ်။
“သူက လေသေနတ်ကို Mall ကုန်တိုက်ကြီးမှာ သွားသာဝယ်ခဲ့တယ် အဲဒီသေနတ်မှာ လိုင်စင်ရှိတဲ့လူသာ ဝယ်ယူပြီး ကိုင်တွယ်ခွင့်ရှိတယ်ဆိုတာလည်း တစ်ကယ် မသိရှိခဲ့ပါဘူး။ ပြီးတော့လည်း သူ့ရပ်ရွာနဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေ ကြောင်း ရည်ရွယ်ချင်သည့်စိတ် မရှိကြောင်းသိသာပါတယ်။”
“သူ့အတွက် ဒီသမင်သားကို မိသားစုညစာအတွက် အမယ်သစ်ဟင်းတစ်ခွက်ဆိုတာကိုပဲ အမှန်သိတာပါ။ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးတို့ တရားဥပဒေစိုးမိုးရေးထိပါးမှုရှိခဲ့— စသော ဥပဒေ ဗဟုသုတတွေလည်း တစ်ကယ်ဘာမှမရှိ ရှာပါဘူး ”
“ တောထဲတောင်ထဲမှာ တောရိုင်းတိရိစ္ဆာန်တွေနဲ့ မိသားစုဝမ်းစာအတွက် သတ်ဖြတ်ခဲ့ဘူးတာရယ် သဘာဝအခြေ အနေတွေကြောင့် လက်နက်တွေနဲ့ ထိစပ်ရင်းနှီးခဲ့တာတွေတော့ရှိပါတယ်။ ပြီးတော့ ဘယ်နေရာကိုဘဲရောက်ရောက် မုဆိုး ဖြစ်ခဲ့ဘူးတယ်။ အဲဒီ ‘ဇ’ ကြောင့် ဒီလိုအမှုအခင်းမျိုး မတော်တဆ မရည်ရွယ်ပဲဖြစ်ခဲ့တာလို့  ကျွန်တော် ရဲရဲဝံ့ဝံ့ကြီးလျှောက် လဲပါတယ်။ ”
တရားသူကြီးက တရားခံသုံးဦး၏မျက်နှာ အသီးသီးကို စေ့စေ့ကြည့်ပြီး တည်ငြိမ်လေးနက်သော အသံနဲ့ “ဟုတ် ပြီ လာမယ့်အပတ် ရှစ်ရက်နေ့မှာ စီရင်ချက်ချမယ်”
အခန်း (၅)
ဒီညနေကနေစပြီး ငါ့ဘဝ ဘာတွေဆက်ဖြစ်အုံးမလဲ …… ကျန်သော ယောက်ဖဖြစ်သူနှင့် သူငယ်ချင်းတို့ကိုကြည့် လိုက်တော့လည်း သူတို့တစ်တွေကလည်း အတွေးကိုယ်စီဖြင့် တိတ်ဆိတ်စွာ …..။ မိမိတို့မောင်းလာသော ကား၏အပြင် ဘက်ကို ကြည့်လိုက်တော့ ဆီးနှင်းများပြည့်နှက်လျှက် လမ်းဘေးဝဲယာအဆောက်အဦးများနှင့် ခေါင်းမိုးများပေါ်တွင်လည်း ရေခဲတွေကဖွေးလို့ လူတွေကလည်း ဆောင်းတွင်းဦးထုပ်ကြီးတွေ လက်အိပ်တွေစွပ်လို့ အမေရိကန်က ဘတ်ဖလိုး (Buffalo) ဆောင်းပဲ မအေးပဲဘယ်နေနိုင်လိမ့်မလဲ။
သိုသော် …. ဘယ်သို့မျှ မအေးနိုင်တာကတော့ မိမိတို့ သုံးဦးပင် မဟုတ်ပါလား။ ထို့အတူ အပူစက်ဝန်းများသည် မိသားစု တစ်စုခြင်းစီ၏ ဇနီးသည်များနှင့် သားသမီးများသို့ ကူးစက်ခဲ့ပြီး မဟုတ်ပါလား…..။
‘ဘုရားရှင် ကယ်တော်မူပါ’ မိမိ၏လက်ချက်နဲ့ သေသွားတဲ့သမင်အကြောင်းကိုပင် တွေးမိလိုက်တယ်။ ထိုသမင်ကတော့ လေသေနတ်ဒဏ်ရာကြောင့် ပြင်းထန်စွာ ဝေဒနာခံစားပြီး အသက်သေဆုံးကာ လူ့ကမ္ဘာ၊ တိရိစ္ဆာကမ္ဘာမှ ထွက်သွားနှင့်ပြီ။ မိမိတို့ကား အမှုအခင်းနှင့် ရင်ဆိုင်နေရဆဲ …..။ ဘာကိုမျှ အပြစ်မတင်ချင်။ ဖြစ်သမျှအကြောင်းကုန်စင် တို့သည် မိမိ၏တာဝန်ပဲ။ ကျနော် အပြည့်အဝတာဝန်ခံယူမည်။
အသီးသီးသော မိမိတို့၏ အမည်များကိုခေါ်ဆိုသောအခါ ကျနော်တို့ … စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တရားသူကြီးမင်း ရှေ့တွင်ရပ်လိုက်ကြပါတယ်။ မြန်လွန်းသော နှလုံးခုန်သံကိုကြားမှ မိမိ၏မျက်နှာကို အတည်ငြိမ်ဆုံးကြိုးစား၍ ထားမိပါတယ်။
တရားသူကြီးမင်း၏ရှေ့တွင် မိမိနှင့်အတူ ယောက်ဖနှင့်သူငယ်ချင်း၊ မိမိတို့သုံးဦး၏ အသီးသီးသော ရှေ့နေကြီးသုံး ဦးနှင့် ပြီးတော့ စကားပြန်….။
“မောင်မင်းတို့၏ အသီးသီးသော ရှေ့နေများ၏ ခုခံလျှောက်လဲချက်များအရ သင်တို့သုံးဦးစလုံးတွင် ပြစ်မှုဆိုင်ရာ မှတ်တမ်းမှတ်ရာများ မရှိခဲ့၊ ယခုကျူးလွန်ခဲ့သော ပြစ်မှုသည် လူ့ရွာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးခဲ့သည်။ သို့သော် ဆိုးရွား၍ ပက်စက်ယုတ်မာသော သဘောဖြင့် ထိုသမင်ကို ပစ်ခတ်ခဲ့သည် မဟုတ်သည်ကား ထင်ရှားကြောင်း သင်တို့၏ ရှေ့နေများက လျှောက်လဲခဲ့ပြီ။ ထို့ကြောင့် ကားမောင်းသော စောလူးနှင့် အဖေါ်အဖြစ်လိုက်ပါလာသူ စောဂျိမ်းတို့နှစ်ဦး ….. သင်တို့ ခြောက်လအတွင်း မည်သည့်အမှုအခင်းနှင့်မျှ ပတ်သတ်ညှိစွန်းခြင်း မရှိအောင် နေထိုင်မည်ဟု ကတိပေးပါသလား..။
စကားပြန်မှ ပြန်ဆိုပေးသော စကားကိုဆုံးအောင်နားထောင်ရင်း စောလူးနှင့်စောဂျိမ်းတို့ကား ဝမ်းသာအားရ အံ့သြသော မျက်နှာနှင့် “ဟုတ်ကဲ့ …. ဟုတ်ကဲ့ …. ကတိပေးပါတယ် ခင်ဗျား ကျွန်တော်တို့ ဝန်ခံချက်ကို လက်မှတ်ထိုးပါတယ်။”
တရားသူကြီးက ဆက်၍ “သင်တို့အမေရိကန်နိုင်ငံ၏ ဥပဒေအောက်တွင် အကောင်းဆုံးစည်းကမ်းရှိစွာဖြင့် နေ ထိုင်ပါ။”
အသက်ရူဘို့ပင် ကျနော်တယောက် မေ့နေမိတယ်။ မျက်တောင် မခတ်မိတော့ပဲ တရားသူကြီးမင်းရဲ့ မျက်နှာကိုသာ အသနားခံသော မျက်နှာထားလေးဖြင့် ကြည်နေမိပါတယ်။
 “ မစ္စတာစောအယ် သင်သည် ယခုကျူးလွန်သောပြစ် မှုကို ရည်ရွယ်ချက်မရှိပဲ ဆောင်ရွက်စေကာမူ ကိုယ်ထိလက်ရောက် ဘေးမဲ့ပေးထားသော သမင်ကို အရက်မူးနေစဉ်အတွင်း ပစ်သတ်ခဲ့သည်။ သင်ကြီးပြင်းခဲ့သော ဘဝနောက်ခံ၊ သင်မိသားစုတို့၏ ဖြတ်သန်းမှု၊သင့်နိုင်ငံ၏ ကြုံတွေ့နေရသော အခြေ အနေကို ကျွန်ုပ်အတန်အသင့် နားလည်သည်။ ယခုကဲ့သို့ သင်ကျူးလွန်ခဲ့သော ပြစ်မှုအတွက် နောင်ကျဉ်မှု ရှိစေရန် တနှစ် အတွင်း ပြစ်မှုနှင့်ကင်းစင်အောင် နေထိုင်ရမည်။ နံပါတ် နှစ် ထိုပြစ်ဒါဏ်အတွက် ဒါဏ်ငွေ ဒေါ်လာတစ်ထောင်ကို တစ်လ အတွင်း ပေး ဆောင်ရမည်။ ”
စကားပြန်မှ ပြန်ဆိုပေးနေတဲ့စကားကို ကျနော် လေးလေးနက်နက် နားထောင်မိတယ်။
ပြီးတော့မှ “ဝူး” ဆိုသော သက်ပြင်းရှည်ကြီးကို ချလိုက်နိုင်ပါတော့တယ်။
လွန်ခဲ့သော စက္ကန့်၊ မိနစ်ပိုင်းအတွင်းက မိမိအာရုံတွင် ယစ်ဝဲနေသော လက်ထိပ်တွေ၊ အချုပ်ခန်းတွေ၊ ထောင်တန်းတို့၏ ပုံရိပ်များ ပျောက်ကွယ်ကုန်ကြပြီ။ ထိုပုံရိပ်များ တကယ်မရှိ တော့ပါ။ ဘုရားသခင် ကျွန်တော် … ထောင်မကျတော့ဘူး။ ကျေးဇူးတင်ပါတယ် ဘုရား… လို့သာ ခေါင်းငုံ့ ဆုတောင်းလိုက်ပါတယ်။
တည်ငြိမ်သောမျက်နှာထား၊ ကြင်နာ၍ပြုံးရောင်သန်းနေတဲ့ မျက်ဝန်းနှင့် တရားသူကြီးကို ကျေးဇူးတင်ပါတယ်။ သူဟာ မိမိတို့၏ဘဝနှင့် ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းကို စာနာတတ်သူ တစ်ဦးပါတကား။
“ဒါဏ်ကြေးငွေ ဒေါ်လာ တစ်ထောင်ကို တစ်လအတွင်းပေးပါနော်” လို့ ပြောတဲ့ ရှေ့နေကြီးစကားကို ကျနော်က
“ကျွန်တော် အခုပဲ ပေးချေပါ့မယ်။ အိမ်က တစ်ခါတည်း ယူလာပါတယ် ခင်ဗျ” လို့ ဝမ်းပမ်းတစ်သာပြောလိုက်ပါတယ်။ မိမိပေးဆောင်ရမည့် ဒါဏ်ငွေကို အမြန်ဆုံး သွား၍ ပေးဆောင်လိုက်ပါတယ်။
တရားရုံးက ထွက်ခဲ့တော့ အပြင်လောကတစ်ခုလုံး ဆောင်းကာလအအေးဓါတ်နှင့်အတူ လမ်းပေါ်က တ၀ူးဝူးနဲ့ မောင်းနှင်နေတဲ့ ကားမီးရောင်တွေဟာ ဆီးနှင်းများကြား တဝင်းဝင်း တောက်လျှက်ရှိနေပြီ။ ကောင်းကင်ယံကတော့ မည်းမည်းကိုမှောင်လို့ … ကျနော်ရဲ့ ရင်ထဲမှာ ဘဝမျော်လင့်ချက်အသစ်များနဲ့ လင်းလက်နေမိပါတော့တယ်။ အနာဂတ်အတွက် မျှော်လင့်ချက်ပုံရိပ်များသည်လည်း တဖြည်းဖြည်း ပြန်၍ပေါ်လာတယ်။ မိမိ၏ဘဝ ပုံမှန်အတိုင်း အရာရာပြန်ရောက်သွားပြီဟု ခံစားလိုက်မိပါပြီ။ စိုးရိမ်စိတ်နဲ့ မိမိကိုစောင့်နေတဲ့ ဇနီးသည်နှင့် သားမီးတို့ကိုလည်း “အားလုံး အဆင်ပြေစွာနဲ့ ပြီးသွားပါပြီ” လို့ ပြောချလိုက်နိုင်ပါပြီ၊ မိသားစုအားလုံးလည်း ထိုအခါမှ ပြုံးပျော်နိုင်ကြပါတော့တယ်။
အိမ်ပြန်ရောက်တော့မှ မိမိ အရမ်းဆာလောင်နေမှန်းသိလိုက်တယ်။ အေးလေ ….. ညစာမှ မစားရသေးတာပဲ။ ညစာကို မြိန်ရည်ရှက်ရည် တစ်ဦးတည်း စားသောက်နေတာကို ဇနီးသည်နှင့်သားသမီးတို့က ဝိုင်း၍ ကြည့်နေကြတယ်။ အားလုံးက ပျော်လို့ ကြည်နူးလို့  မိမိသည်လည်း …………။
အခန်း (၆)
တစ်ထောင်းထောင်းထနေသော ဖုန်မှုန့်တွေကြားထဲမှာ မိမိတို့ မိသားစု လူရုပ်ပင် မပေါ်ကြတော့၊ ဆံပင်တွေမှာ လည်း ဖုန်တွေ၊ အကျီ င်္တွေကိုလည်း မနည်းပြန်လျှော်ရအုံးမည်။ သ္မီးအငယ်ဆုံးက ဖုန်မှုန့်တွေမျက်လုံးထဲမဝင်နိုင်အောင် မျက်လုံးများကို လက်နှင့်ပိတ်ထားသည်။ သို့သော် ….. အားလုံးပျော်ရွှင်နေကြသည်။ ကြည်နူးနေကြသည်။ လွတ်လပ်မှုရှိ သည်။ လတ်ဆက်မှုရှိသည်။ မည်သည့်အကြွေးမှ လကုန်ကျလျှင် ဒီဒေသတွင် ပေးစရာမလို၊ လျှပ်စစ်မီးမရှိ၊ အင်တာနက်မရှိ၊ ဂတ်စ်အတွက် ပူစရာမလို၊ အဝတ်လျော်စက်တွင် အဝတ်များ သွားလျှော်စရာအကြောင်းမရှိ၊ မြစ်ဘေးသို့ ဆင်းပြီးအားရပါးရ သီချင်း ဆိုပြီး လျော်ရုံသာ။
ရွာ …… ရွာ ……. စောအယ်၏ရွာ ….. ပြန်၍မရောက်ခဲ့သည်မှာ နှစ်ပေါင်း အစိတ်ပင် ကျော်ခဲ့ပြီပဲ။ မိမိ၏ဘဝ အနာဂတ်မရှိတော့ဟု ခံစားမိကတည်းက မိမိကိုယ်ကိုမိမိ စတင်သိရှိပြီးချိန်ကတည်းက ဒီအသိုက်အမြုံကြီးနှင့် ပတ်ဝန်း ကျင်ကို စွန့်ခွာခဲ့ပါသည်။ သဘာဝအလှတရားကြီးကား ရာသီဥတု၊ မြေဆီသြဇာတွေနှင့် ပံ့ပိုးပေးထားသလောက် လူသတ္တဝါ များ၏ ပရောဂများကြောင့် ယမ်းငွေ့တွေဝေပြီး အနိ`ာန်ရုံတွေကို မမြင်ချင်မှအဆုံး ဖြစ်နေ ပျက်နေပါသည်။
နှစ်ဘက်သောဆုံးရှုံးမှု ထိုမှ တဆင့် လက်နက်ကိုင်အဖွဲ့အစည်းသုံးဖွဲ့အကြား မိမိတို့ကျေးလက် ဒေသခံများသည် ဘယ်သူ့ကို အဖေခေါ်ရမှန်းလည်းမသိတော့။ ဟိုဘက်ကိုကူလျှင် ဒီဘက်ကထောင်းမည်။ ဒီဘက်ကိုထောက်ပံ့လျှင် ကျန်တစ် ဖွဲ့က နောက်တစ်ခါ ရွာထဲဝင်လာလျှင် မိမိတို့ မသက်သာတော့။ တနှစ်တာလုံး မိမိတို့ ရှာဖွေထားသမျှကို ခေါင်းစဉ်အမျိုးမျိုး သော အခွန်တွေအောက်မှာ ပေးရတာ မလောက်တော့လို့ တပါးသူတွေဆီမှ ချေးငှားရတာလည်း အကြိမ်ပေါင်းသည်လည်း မရေနိုင်တော့ပေ။
အနာဂတ်ဆိုသော စကားလုံး၏ အနက်အဓိပ္ပါယ်ကို မိမိပငါမသိတော့။ မိမိအတွက် ဇာတိမွေးရပ်မြေသည် “ဒီနေ့ ဘယ်လို အဆင်ပြေပြေ အန္တရာယ်ကင်းကင်းနှင့် ဖြတ်သန်းနိုင်ဘို့သာ အရေးကြီးခဲ့သည် မဟုတ်ပါလား။”  တစ်ခါ တစ်ရံ ….. ရွာ၏အပြင်သို့ လနှင့်ချီ၍ ထွက်ခွင့်မရ ဘာကြောင့်မှန်းလည်းမသိတော့ ….. ။
လူပျိုပေါက် ရင်ခုန်တက်စအရွယ်တွင် ငြိမ်းချမ်းသောဒေသမှ လူများလို အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ချမ်းသာ အောင်ကြိုးစားနိုင်ဘို့အခွင့်အလမ်းတွေရချင်ပါသည်။ ပုံမှန်ပညာသင်ကြားခွင့်ရသူတွေကတော့ ပညာတတ်ကြီးတွေဖြစ်ဘို့ မျော်မှန်းချက်တွေနှင့် ……
မိမိမှာတော့ ….. အရွယ်ရောက်ပြီ ဆိုကတည်းက ပေါ်တာထမ်းဘို့၊ ရွာတွင်တစ်ယောက်တိုးလာပြီဆိုသော သူကြီး၏ အမြင် မျက်လုံးကို ကျနော် ကောင်းကောင်းသိသည်။
အမျိုးသားရေးအတွက် တော်လှန်ရေးဆင်နွဲရမည်ဟု ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများက သင်တန်းအတူသွား တက်ရန် ခေါ်တော့လည်း မိမိငြင်းခဲ့သည်။ အဖေ၏ညီနှင့်အမေ၏အကိုတို့ကိုလည်း ထိုတော်လှန်ရေးအတွက် ဆယ်ကျော် သက်အရွယ်ကတည်းက ထွက်ခွာသွားခဲ့ကြသည်မှာ အဖိုးအဖွားများ ကွယ်လွန်သွားကြသည်အထိ သူတို့နှစ်ဦးပြန်မရောက် နိုင်ခဲ့ကြပါ။ တစ်ခါ တစ်ရံတော့ ၎င်းတို့နှစ်ဦး၏သတင်းကို သဲ့သဲ့သာကြားသည်။
အတ္တကြီးတယ်လို့ပဲဆိုဆို စောအယ်တစ်ရောက် မိမိနှင့် မိသားစုဝင်အတွက်သာ အသက်ရှင်ချင်တော့သည်။ အမေ့ ကိုတော့ထောက်ပံ့မည်။ အပါးမကျန်းမာရင် ဆေးဝါးကုသမှုအတွက် ငွေကြေးအသင့်ရှာထားမည်။
ညီမလေးကို ပညာတတ်ဘွဲ့ရသည်အထိ မြို့ကျောင်းသို့ပို့မည်။ ဒီလိုနှင့် မိမိရွာမှ ထွက်ခွာခဲ့သည်မှာ ဘယ်လောက် ကြာသွားပြီးမှန်း မသိနိုင်လောက်အောင် အချိန်တွေကုန်ဆုံးမှုမြန်ဆန်လွန်းခဲ့သည်။ အပြောင်းအလဲမျိုးစုံကိုလည်း ကြုံ့တွေ့ ခဲ့ရသည်။ မှောင်ခိုလမ်းကြောင်းမှတဆင့် ထိုင်းနယ်စပ်မြို့ကလေးသို့ရောက်ခဲ့ပြီး ရရာအလုပ် လုပ်ကာ စုဆောင်းရသမျှကို လူကြုံရှိလျှင် ရွာသို့ပို့ပေးသည်။ ဒီလိုနှင့် နှစ်တွေလတွေပြောင်းသွားသည်။
ထိုင်းနိုင်ငံတွင် မိမိကဲ့သို့ဘဝတူ ကရင်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျသည်။ သား သမီးတွေရသည်။ ဘာပဲပြောပြော မိဘနှစ်ပါး မကွယ်လွန်မှီအထိ မိမိတတ်နိုင်သလောက် ပို့ပေးသောငွေကြေးများနှင့် ၎င်းတို့စားသောက် နေထိုင်နိုင်ခဲ့သည်။ ညီမလေး နော်ဆိဆိတစ်ယောက်မြို့ကျောင်း၌ ဆယ်တန်းအောင်ပြီး စာပေးစာယူဖြင့်ဘွဲ့ရသည်။ ယ္ခုတော့ရွာတွင် အလယ် တန်းပြဆရာမဖြစ်နေပါပြီ။ သူလည်းအိမ်ထောင်ကျလို့ သ္မီးတစ်ယောက် သားတစ်ယောက်ရနေပါပြီ။ ခင်ပွန်းဖြစ်သူကတော့ ဓမ္မတရားဟောဆရာဟု သိရသည်။ တစ်ခါမျှမမြင်ဘူးပေ။ တူနှင့်တူမလေးတွေကိုလည်း မြင်ချင်လွန်းလှသည်။
ထို့ကြောင့်….. ကျွန်တော် စောအယ်တစ်ယောက် ယ္ခုရွာသို့ပြန်လာခြင်းဖြစ်သည်။ ညီမ၏နွားလှည်းကို ကိုယ်တိုင် မောင်းနှင်ပြီး ရွာသို့လာခဲ့ကြပါသည်။ လှည်းပေါ်တွင်လည်း ကျွန်တော့မိသားစုပါ၏။ ကလေးများကျောင်းပိတ်ချိန်နှင့် ကျွန်တော်၏ခွင့်ရချိန်တွင် ပြန်လာလည်ခဲ့ကြခြင်းဖြစ်သည်။
ဒုက္ခသည်စခန်းတွင်မွေး အမေရိကန်တွင်ကြီးလာသော သားနှင့်သ္မီးငယ်ကို စပါးခင်းဆိုတာကိုလည်းပြ နွားချေးနံ့ဆို သည်မှာ ဘယ်လိုလည်း….. မည်ကဲ့သို့အသုံးဝင်ကြောင်းကိုလည်းပြောပြတော့ သူတို့လေးတွေသည် မျက်လုံးအပြူးသားနှင့် နားထောင်နေကြသည်။
စိတ်လှုပ်ရှားစရာ ပျော်စရာအကောင်းဆုံးက တနင်္ဂနွေနေ့ ဘုရားဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ပဲဖြစ်ပါသည်။ ပရိတ်သတ်များအရှေ့တွင် မိမိတို့ မိသားစုတစ်စုလုံး အရှေ့ထွက်ပြီး မိတ်ဆက်ရခြင်းဖြစ်သည်။ မိမိတို့ မည်သူမည်ဝါဖြစ် ကြောင်း မည့်သည့်နိုင်ငံမှအလည်ပြန်လာသည်ဆိုသောအကြောင်းအရာများကို ကျောင်းဆရာမ ညီမလေးက ရွာမှအသင်း သူ အသင်းသားများအား ပြောပြသည်။ သူတို့တစ်တွေသည် ကျွန်တော်တို့အား လက်ခုပ်တွေတီးပြီး ကြိုဆိုတော့ မိမိတို့ ပျော် လိုက်လေခြင်း။
ဆွေတွေမျိုးတွေနှင့် အရုန်းရုန်း ပျော်ပျော်ရွှင်ရွှင် နေ့လည်စာ စားနေတုန်း “ဟေး ….. စောအယ် ….. ဟေး ….. စောအယ်” ဆိုသော အသံကိုကြားလိုက်ရသည်။ အိမ်အောက်မှ ခေါ်နေသောအသံဖြစ်သည်။ ညီမလေး၏ အိမ်သည်ကား ကရင်လူမျိုးတို့၏ ရိုးရာခြေတံရှည်အိမ်ကြီး ….. ။
“ဟေ့ ….. ငါဘာကွ သာဂေလေ” “ဟာ ….. သာဂေ သူငယ်ချင်း” ဟု စောအယ်တစ်ယောက် အကျယ်ကြီး ဝမ်းသာ အားရ အော်ပစ်လိုက်သည်။ တကယ့် ငယ်ပေါင်းကြီးဖော်သူငယ်ချင်များနှင့်ပြန်ဆုံ၍ ပျော်လိုက်သည့်ဖြစ်ခြင်း။ ငယ်စဉ်က ဘောင်ဘီမပါပဲ အပေါ်အကျီ င်္တွေနှင့် ရွာလမ်းမပေါ် အတူလမ်းသလား ပြေးလွှားခဲ့ကြဘူးသည်များကိုလည်း သတိရနေမိ တော့သည်။
အိုး ….. သူကလည်း ကရင်အမျိုးသားဝတ်စုံကို ကျကျနနဝတ်ပြီး ခေါင်းပေါင်းပင်ပေါင်းထားလိုက်သေးသည်။
ဟေး ….. သာဂေ ဆိုပြီး ၎င်းကို ဆင်းကြိုရန် စောအယ်တစ်ယောက် လှေကားအတိုင်း ပြေးဆင်းလိုက်သည်။
ဝုန်း ….. ဝုန်း ….. မိမိခန္တာကိုယ်ကို မထိမ်းနိုင်ပဲ အရှိန်နှင့် အိမ်အောက်သို့ ပြုတ်ကျသွားတော့သည်။ စောသာဂေကလည်း ၎င်းကိုပြေး၍ အထူ …..
 လန့်၍ …..ကျနော် … နိုးတော့ နှလုံးခုန်သံတွေလည်း မြန်နေသည် ရေကလည်း ဆာသည်။ ဘေးဘီ ကိုကြည့်လိုက်တော့ ဇနီးသည်နှင့် သ္မီးငယ်တို့ကား နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
မိမိ အိပ်မက်တွင်ရွာကို ပြန်ရောက်သွားပါပကောလား။ ညီမလေး၏ ပုံရိပ်၊ ရွာ၏သရုပ်၊ ဘုရားကျောင်း၏သဏ္ဍာန်၊ စီးဆင်းနေသော သံလွင်မြစ်တို့က အိမ်မက်ဆုံးသွားပေမယ့် အာရုံတွင် ပျံ့လွင့်နေဆဲပင်။
ပြီးတော့ ငယ်ငယ်တုံးက အချစ်ဆုံးသူငယ်ချင်း၊ မိမိအပေါ် အမြဲတန်း အနစ်နာခံ၍ ပေါင်းသင်းခဲ့သူ ….. စောသာဂေ ….. စောသာဂေ ….. ။ သူယုံကြည်သော  တော်လှန်ရေးအတွက် ရှေ့တန်းတစ်နေရာ.. လွန်ခဲ့သောဆယ်နှစ်ကျော်ကျော်က အသက်စွန့် သွားခဲ့သူ။ စွတ်စိုလာသော ပါးပြင်ကိုစမ်းမိတော့ မိမိပါးပြင်နှစ်ဖက်လုံးတွင် မျက်ရည်စီးဆင်းနေသည်ကို ….. မိမိ ပင်မသိလိုက်။
သြ ….. အိပ်မက်ပါလား ….. ဟု ရေရွတ်မိလိုက်ပါတယ်။ ပြီးတော့ ကျနော် ကလေးငယ်ပမာ ရှိုက်ကြီးတငင်ငိုချလိုက်တယ်။  တကယ်ပါ…… မိမိတစ်ယောက် အိပ်မက်ထဲကိုပဲ ပြန်၍ သွားလိုက်ချင်ပါတယ်။
(Photo Credit – EPA)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Law Eh Soe, Overseas Burmese, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်