fbpx

ညိုမှိုင်းဝေ (သနပ်ပင်) – ဆောင်းခိုငှက်တို့၏ခရီး (၀တ္ထုတို)

April 7, 2016

  – ဆောင်းခိုငှက်တို့၏ခရီး (၀တ္ထုတို)
(မိုးမခ) ဧပြီ ၇၊ ၂၀၁၆

“ကလင်…  ကလင် … ကလင် …  ကလင် …”

ဒေါက်တာငြိမ်းမွန် သူ့ရှေ့စားပွဲပေါ်မှဖုန်းကို ကောက်ကိုင်လိုက်သည်။

“ဟဲလို ”

“ဟဲလို … ကိုကို၊ မေမေ ဆေးရုံတင်ထားရတယ်”

“ဘယ်လို ညီမလေး၊ မေမေဆေးရုံတင်ထားရတယ် ဟုတ်လား”

“ဟုတ်တယ် ကိုကို၊ မနက်က ဘုရားခန်းထဲမှာ မေ့ပြီး လဲကျသွားတာ၊ အခု ဝိတိုရိယမှာ တင်ထားတယ်၊ အခုထိလည်း သတိ မရသေးဘူး၊ ကိုကို့ သူငယ်ချင်း ဒေါက်တာဇော်နိုင်ကတော့ ကိုကို့ကို အမြန်ဆုံးပြန်ခေါ်ပါတဲ့၊ ဒီနေ့ရောက်အောင်ပြန်လာမှ မေမေ့…၊ မေမေ့ အသက် …… ”

ညီမလေးအသံတိမ်ဝင်သွားပြီး ရှိုက်သံတိုးတိုးလေးထွက်လာသည်။

“ဟုတ်ပြီ ညီမလေး၊ ကိုကို ဒီနေ့ ဖလိုက်ခ် (flight) နဲ့ ပြန်ခဲ့မယ်၊ ဘာမှမစိုးရိမ်နဲ့ညီမလေး၊ မေမေ ပြန်ကောင်းသွားမှာပါ”

ညီမလေးကို အားပေးစကားပြောပြီး ဒေါက်တာငြိမ်းမွန် ဖုန်းကိုချလိုက်သည်။
————————

ပူတာအိုမြို့ကလေး၏ဆောင်းနံနက်ခင်းက နှင်းမှုန်လွှာအထပ်ထပ်နှင့် အေးလွန်းချမ်းလွန်းနေသည်။ ပျပျကလေးသာ မြင်ရသော နေရောင်အောက်မှာ ရုံးခန်းရှေ့က ပန်းပင်ကလေးများက ဘယ်ညာယိမ်းနေ၏။မှုန်ဝါးဝါး ပတ်ဝန်းကျင်နှင့်လိုက် ဖက်စွာ ပူတာအိုမြို့၏ မြို့နယ်ဆေးရုံလေးမှာ ပုံမှန်အတိုင်း ငြိမ်သက်စွာ လည်ပတ်နေလေသည်။ ဆေးရုံ၏ မြို့နယ်ဆရာဝန် ရုံးခန်းအတွင်းမှာတော့ ဒေါက်တာငြိမ်းမွန်တစ်ယောက် အသက်မဲ့နေသူတစ်ဦးလို မလှုပ်မယှက်ရပ်နေ၏။ အမေ့ကျန်းမာရေး အတွက် စိုးရိမ်ပူပန်စိတ်က သူ့စိတ်ကို မီးမြှိုက်နေသလိုပင်။ အမေ နာမကျန်းဖြစ်ချိန်တွင် သူက အဝေးရောက်နေရသည်။ ဖြစ်နိုင်လျှင် အမေ့ဆီ ပြေးသွားချင်သည်။ အမေ့အနား အခုပင်ရောက်ချင်သည်။ တွေးရင်းပင် ဝမ်းနည်းစိတ်က လှိုက်တက် လာ၏။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အမေ့က သူတို့ကို ချေးတလူ သေးတလူ မညည်းမညူ  ပြုစုခဲ့သည်။ အခု အမေမကျန်းမာတော့ သူကအနားမှာမရှိနိုင်။ အမေက သူတို့အတွက် သူရဲကောင်းတစ်ဦးပင်။ လောကဓံရိုက်ချက်တွေကို ကျောပေးခံရင်း သားသမီးတွေကို ရင်အုပ်ထဲမှာ အနွေးထွေးဆုံးမေတ္တာတွေနဲ့ ထားခဲ့သည်။ အဖေဆုံးပြီးတဲ့နောက်ပိုင်း မိသားစုကို ယိမ်းယိုင်မသွားအောင် ထိန်းသိမ်းရင်း သူတို့မောင်နှမကို ပညာဆုံးခန်းတိုင်အောင် သင်ပေးခဲ့သည်။ မြို့နယ် ဆရာဝန်အဖြစ် ပူတာအိုမြို့ကိုပြောင်းရွှေ့ရမည့်နေ့က အမေ့မှာစကားများကို သူ့နားထဲပြန်ကြားနေမိသည်။

“သား … ငြိမ်းမွန်၊ အမေ့သားဟာ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် အမေဂုဏ်ယူတယ်၊ ဒါပေမယ့် အမေကျေနပ်တယ် ဆိုတဲ့အဆင့်ထိတော့ မရောက်သေးဘူးသား၊ အမေကျေနပ်နိုင်ဖို့၊ အမေမွေးရကျိုးနပ်တဲ့ သားတစ်ယောက်ဖြစ်ဖို့ အလုပ်လုပ် တဲ့နေရာမယ် တာဝန်ဆိုတာထက် ပိုတဲ့စိတ်နဲ့လုပ်ပါသား၊ ပြည်သူတွေရဲ့ ကျန်းမာရေးပြဿနာတွေကို နေရာ၊ အချိန်မရွေးပဲ ကိုယ်ကျိုးမငဲ့ပဲ ကူညီပါ။ အမေဒါပဲ မှာချင်တယ်”

ဒေါက်တာငြိမ်းမွန်တွေးရင်း ငိုင်နေစဉ်မှာပင် လက်ထောက်ဆရာဝန် ဒေါ်အိအိချို ရုံးခန်းထဲသို့ ရေးကြီးသုတ်ပြာ ဝင်လာ လေသည်။

“ဆရာ ”

“သြော် … ဒေါ်အိအိချို၊ အလောသုံးဆယ်နဲ့ပါလား၊ Emergency case ရောက်တယ်ထင်တယ်”

“ရောက်တာမဟုတ်ဘူးဆရာ၊ သွားရမှာ။ ဒီကနေ နှစ်ရွာကျော်လောက်က တောင်ပေါ်မှာ မွေးလူနာ မမွေးနိုင်လို့တဲ့ဆရာ၊ ထော်လာဂျီလမ်းလည်း အဆင်မပြေဘူးလို့ပြောတယ်၊ ဆိုင်ကယ်နဲ့တင်ခေါ်လာဖို့ကလည်း လမ်းအခြေအနေရယ် ရာသီဥတု အခြေအနေရယ်ကြောင့် ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့ဆရာ၊ ကျွန်မတို့အမြန်ဆုံး လိုက်သွားမှဖြစ်မယ်၊ မဟုတ်ရင် မိခင်ရော က လေးရော မလွယ်ဘူးဆရာ”

“ဟုတ်ပြီ … ဒါဆို ကျွန်တော်လိုက်သွားမယ်၊ Drugs & Instuments တွေ စုံအောင်ထည့်ပေးပါ”

“ဆရာ၊  ကျွန်မ ……”

“ဒေါ်အိအိချို ဆေးရုံမှာပဲနေခဲ့ပါ၊ ရာသီဥတုရော လမ်းရောသိပ်ကြမ်းတယ်၊ ဒေါ်အိအိချိုတို့ကို ကျွန်တော် စိတ်မချဘူး၊ ကျွန်တော် ဦးဂျပ်စမ်းကို ခေါ်သွားလိုက်ပါ့မယ်၊ အဆင်ပြေမှာပါ”

ဒေါက်တာငြိမ်းမွန် စားပွဲပေါ်က တယ်လီဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းမောတစ်ခု ချလိုက်လေသည်။ အဝေး ရောက်သားဟာ အမေ့သေရေးရှင်ရေးကို မရေးမပေးနိုင်တော့ပေ။ လူသားတစ်ယောက် လူ့လောကထဲကို အသက်ရှင်လျှက် ကျန်းကျန်းမာမာ ရောက်ရှိလာဖို့နှင့် ထိုလူသားလေးကို ဆက်လက်ပြုစုပျိုးထောင်မည့် အမျိုးသမီးတစ်ဦးတို့၏ အကျိုးအ တွက် အမေ့သား သယ်ပိုးရပေဦးမည်။ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေးက ဒေါက်တာငြိမ်းမွန်တို့ ကျန်းမာရေးဝန်ထမ်းတွေ၏ ရည်မှန်းချက်တစ်ချက်ပေပင်။ ဇာတိ ရှိခဲ့၍ ဇရာ မရဏရှိတာ မဆန်းပေမယ့် သက်တမ်းမစေ့ခင် ကာကွယ်ကုသလို့ရတဲ့ရောဂါတွေနဲ့ သူတို့သေကြရမှာကိုတော့ အတက်နိုင်ဆုံးတာဆီးရပေမည်။ မွန်မြတ်ခြင်း ပရပီတိကို အမေ့အတွက် ကန်တော့ချင်သေးသည်။ လူကိုယ်တိုင်ရောက်သေးပေမယ့် ပြုခဲ့မှုကုသိုလ် အစုစုနှင့် ပို့သမေတ္တာကတော့ အမေ့ဆီ ရောက်နှင့်နေပေမည်။ ဒီတစ်ခေါက် အိမ်အပြန်လမ်းဟာ အမေကြိုနိုင်တော့ပါလေစ။ နားထဲမှာတော့ အမေပြောခဲ့ တဲ့ စကားတွေကိုပဲ အထပ်ထပ် ကြားယောင်နေတော့သည်။

“အမေ မွေးရကျိုးနပ်တဲ့ သားတစ်ယောက်ဖြစ်ဖို့ … …”

“တာဝန်ဆိုတာထက် ပိုတဲ့စိတ်နဲ့ လုပ်ပါသား … …”
—————————

“အား …… အမေ့ ၊ အမလေး … နာတယ် အမေရေ့ ……ကယ်ပါ၊ နာတယ်……အမေ”

……ဒေါက်တာငြိမ်းမွန် မွေးလူနာအိမ်ထဲသို့ ရောက်တယ်ဆိုရင်ပဲ ကိုယ်ဝန်ဆောင်သည်၏ အော်ဟစ်ညည်းတွားသံကို ရှေ့ဦးစွာကြားရလေသည်။ အိမ်၏အတွင်း ထောင့်နှစ်ထောင့်ရှိ ထင်းမီးဖိုကြီးနှစ်ဖိုကြောင့် အိမ်ထဲတွင် နွေးနေ၏။

……ဒေါက်တာ ငြိမ်းမွန် လူနာအား သွေးဖိအားတိုင်းသည်။ မွေးလမ်းကြောင်းစမ်းသပ်ကြည့်ရာ ရေမွှာမရှိတော့ပေ။ ဒီအ တိုင်းဆို ကလေးရေမွန်းနေပေမည်။ သားအိမ်ဝကလည်း ကောင်းစွာမပွင့်ပေ။ ကလေးနှလုံးခုန်သံကို နားထောင်လိုက စဉ်မှာတော့ ဒေါက်တာငြိမ်းမွန် မိုက်ခနဲ ပြာခနဲဖြစ်သွားပေသည်။ ဆရာဝန်လုပ်သက်အတွေ့အကြုံပညာအရ အန္တရာယ် အချက်ပေးခေါင်းလောင်းသံက ဦးနှောက်ကို သတိပေးသတင်းပို့လေပြီ။

“ခွဲမှဖြစ်မယ်၊ ကျွန်တော့်ကို ဓါတ်မီးငါးလုံးလောက် ရှာပေးပါ၊ ဦးဂျပ်စမ်း ကျွန်တော့်ကို ကူပါ”

ဒေါက်တာငြိမ်းမွန် မွေးလူနာအား ညကိုးနာရီခန့်မှစ၍ ခွဲစိတ်နေသည်မှာ ဆယ်နာရီဆယ်မိနစ်ခန့်တွင် အားလုံးပြီးစီး လေ၏။ ဆောင်းညအေးအေးအောက်မှာ ဒေါက်တာငြိမ်းမွန်တစ်ယောက် ချွေးဒီးဒီးကျနေသည်။ နဖူးမှချွေးများကို လက်ဖြင့် သုတ်ပြီး ကလေးကိုကြည့်လိုက်သည်။ ကလေးမှာ တကိုယ်လုံးပြာနေ၏။ မိခင်အတွက်ပြီးတော့ ကလေးအတွက်ကြိုးစားရ ပေဦးမည်။ ကလေးအသက်အတွက် မျှော်လင့်ချက်သိပ်မရှိပေမယ့် နောက်ဆုံးအခွင့်အရေးအထိ ကြိုးစားချင်သေးသည်။ ပထမဆုံး ကလေးပါးစပ်ထဲမှ အချွဲကို စုပ်သည်။ နောက် ကလေးချက်ကြိုးထဲသို့ ဆေးတစ်လုံးထိုးသွင်းသည်။ ကလေးကို ခြေနှစ်ချောင်းမှဇောက်ထိုးကိုင်၍ ကလေးကျောကိုရိုက်သည်။ လက်ဖဝါးနှစ်ဖက်ကို စုကပ်ပြီး လက်အုပ်ချီပုံစံလုပ်၍ လက် ဖျားထိပ်လေးဖြင့် ကလေး၏ရင့်ညွှန့်ပေါ်သို့ နှလုံးနှိုးဆွနည်းအတိုင်း ခပ်မှန်မှန်ဖိပေးသည်။ အချိန်ဆယ်မိနစ်ခန့်ပြုလုပ်ပြီးချိန်မှာတော့ ……

“အူဝဲ …… အူဝဲ …… အူဝဲ …… အူဝဲ”

ကလေးငိုသံကတစ်အိမ်လုံးကို ဆူထွက်လာသည်။ ဝမ်းသာလွန်းကြ၍ လူနာရှင်၏ မိသားစုများမှာ မျက်ရည်လည်ရွှဲနှင့်။ ငိုသူကလည်းငိုနေလေပြီ။ ဝိုင်းကြည့်နေကြသော အိမ်နီးနားချင်းတို့မှာလည်း မျက်ရည်ဝိုင်းသော မျက်ဝန်းတို့နှင့် နှုတ်ခမ်း များက ပန်းများပွင့်နေသလိုပင်။ လူနာ၏အမျိုးသား ကလေး၏ဖခင်ကတော့ အိမ်အပြင်မှပြေးဝင်လာပြီး ဒေါက်တာငြိမ်း မွန်အား ကန်တော့နေသည်မှာ ဘယ်နှစ်ကြိမ်မှန်းပင် မသိတော့။ ဒီနေ့ လောကကြီးက သိပ်လှသည်။ ပီတိမျက်ရည်တို့သည် နှလုံးသားမှကျလေပြီ။ အိမ်အပြင်တွင် နှင်းမှုန်ကလေးများကြောင့် ဆောင်းက အေးစိမ့်နေသည်။ ဒီမိသားစု၊ ဒီရွာသားများ မိမိကြောင့် စိတ်နှလုံး ငြိမ်းအေးကြရသည်ကိုကြည့်ရင်း ဒေါက်တာငြိမ်းမွန်ရင်ထဲ တသိမ့်သိမ့် နွေးနေသလို၊ တလှပ်လှပ်လည်း အေးလို့နေ၏။ အခု အမေမွေးရကျိုးနပ်တဲ့သားဖြစ်ပြီ။ အမေကျေနပ်ရတဲ့ သားတစ်ယောက်ဖြစ်ပေပြီ။ ဒီမြင်ကွင်းတွေ အမေ မြင်နိုင်မယ်ဆို ခေါ်ပြချင်သေးသည်။ အမေ ဝမ်းသာရပေမည်။ အမေ ကြည်နူးရပေမည်။ သားဘဝကို ကျေကျေနပ်နပ်ပြုံးပြုံးကြီးကြည့်ဖို့ သားလုပ်ရပ်တွေကို သာဓုအကြိမ်ကြိမ်ခေါ်နိုင်ဖို့ သားတို့နဲ့အတူ အမေ့ကို ရှိနေစေချင်သေးသည်။ အမေ ကျန်း မာရေးပြန်ကောင်းလာပါစေလို့ ဒေါက်တာငြိမ်းမွန်ရင်ထဲ ဆုတောင်းနေမိသည်။
——————————-

“ဦးဂျပ်စမ်း ”

“ဗျာ…… ဆရာ”

“ဒီကိုထွက်လာခါနီး …… ကျွန်တော့်အိမ်က ဖုန်းလာတယ်၊ ကျွန်တော့်အမေ ဆေးရုံတင်ထားရတယ်၊ အသက်ပြန်ရဖို့ မလွယ် လောက်ဘူးတဲ့ ”

“ဗျာ …… ဆရာ … အဲ့ဒါကို ……”

ဦးဂျပ်စမ်း စကားကိုဆက်မပြောပဲ ဒေါက်တာငြိမ်းမွန်ကို အံ့သြစွာကြည့်နေ၏။

“ပူတာအို ပြန်ရောက်တာနဲ့ ကျွန်တော့်အတွက် လေယာဉ်လက်မှတ်တစ်စောင်ဝယ်ပေးပါဦး ဦးဂျပ်စမ်း”

“ဟုတ် … ဟုတ်ကဲ့ ဆရာ”
——————————–
ခရီးဆောင်အိတ်ကိုယူပြီး အခန်းထဲမှ လှမ်းအထွက်တွင်တော့ ဒေါက်တာငြိမ်းမွန်အနောက်က တယ်လီဖုန်းက ထမြည်လာ လေသည်။

“လလင် … ကလင် … ကလင် … ကလင်”

ဒေါက်တာငြိမ်းမွန် တယ်လီဖုန်းကို တစ်ချက်လှည့်ကြည့်ပြီး ဆက်ထွက်လာခဲ့သည်။ တယ်လီဖုန်းထဲမှ သတင်းစကားကို သူမသိချင်တော့။ အမေသည် မီးဇာကုန်ဆီခမ်း မရဏလမ်းကို သွားမည်ဆိုလျှင်လည်း  မည်သို့မျှတားဆီးငြင်းပယ်လို့ရလိမ့်မည်မဟုတ်။ ဒါမှမဟုတ် ကုသိုလ်ကံဆက်၍ အမေ့ကျန်းမာရေး ပြန်ထူမတ်လာပါကလည်း သူတို့ သားသမီးများအဖို့ မေတ္တာာပန်းတွေ ဆက်လန်းနိုင်ပေဦးမည်။ မေတ္တာတရားသိပ်ကြီးမားတဲ့အမေ့ဆီ မေတ္တာတွေပို့သလို့ သားပြန်လာခဲ့ပြီ။ ဟော့ဒီ တောတွေ တောင်တွေပေါ်က ပန်းရိုင်းကလေးတွေ လှပဖူးပွင့်ဖို့ အမေ့သား စိုက်ပျိုးနေတဲ့အကြောင်းပြောပြတဲ့အခါ ခေါင်းတညိတ်ညိတ်နားထောင်ပေးနေပါဦး အမေ။ အမေဆိုတဲ့ကောင်းကင်က မေတ္တာမိုးတွေရွာပေးပါဦး။  အမေဆိုတဲ့ကောင်း ကင်က နေမင်း၊ လမင်း အလင်းတွေပေးလို့ လှနေပါဦး။ အေးချမ်းဆိတ်ငြိမ် နှင်းမှုန်ရိပ်တွေလည်း ချွေချပေးပါဦးအမေ။ အမေ့သား ငံ့လင့်လျှက်ပါ။

ဒေါက်တာငြိမ်းမွန်စိတ်ထဲ အမေ ကျန်းမာပါစေဟု ဆုတောင်းနေသလို အမေကျန်းမာနေလိမ့်မယ်ဟုလည်း ယုံကြည်နေ၏။ မေတ္တာနှလုံးအိမ်နဲ့ ပရဟိတစိတ်က အမေ့နဲ့သူ့နှလုံးသားကို စီးကူးနေသည်ဟု ခံစားနေရပေသည်။

ဆေးရုံရှေ့တွင်တော့ ဒီနေ့ ခွာညိုပန်းတွေ ပွင့်နေသည်။ ခွာညိုပန်းတွေကို အမေကသိပ်နှစ်ခြိုက်သည်။ အမေချစ်သည့် ခွာ ညိုပန်းကလေးတွေ ဒီနေ့ လှလှပပ ဝေဝေဆာဆာ လန်းလန်းစွင့်စွင့် ပွင့်နေလေတော့သည်။

ညိုမှိုင်းဝေ (သနပ်ပင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

One Response to ညိုမှိုင်းဝေ (သနပ်ပင်) – ဆောင်းခိုငှက်တို့၏ခရီး (၀တ္ထုတို)

  1. Catwoman on April 8, 2016 at 9:20 am

    That s too Hollywood. The doctor has a life and he s not responsible for the mom or the baby. The pregnant lady should come to a hospital where there re hopefully equipment to save lives. The doctor should NOT leave the hospital just to may be save a life because it is very selfish to leave other sick patients who need him. The patients should always come to the hospital if they want to live. The doc should never leave the hospital and hundreds of patients just to May be save a life. The same thing with story about dr mya maung. You never leave patients in a hospital to go see someone. That s a waste of time.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)