မိုးကျော်ဇင် – စစ်ပွဲ

April 10, 2016

မိုးကျော်ဇင် – စစ်ပွဲ
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၆

ဆောင်းနှင်းထုထည်က ပဲခူးမြစ်ပြင်ပေါ် အလျားလိုက် တွဲခိုနေသည်။ မြစ်ဘေးကို မေးတင်ထားသည့် ရွာကလေးက ဆောင်း အေးအေးကြောင့် သွေးလေးလံနေပုံရ၏။ တိတ်ဆိတ်နေဆဲ။

ကျွန်တော်က ဆိပ်ခံတံတားသွယ်သွယ်လေးအတိုင်း ဆင်းခဲ့သည်။ ရေကျနေချိန်မို့ ဆိပ်ခံတံတားသည် မြစ်ထဲ ရေငုံ့သောက် နေသည့် ကုလားအုတ်တစ်ကောင်၏ လည်တံရှည်ကြီးလို။ မော်တော်ပေါ်ရောက်တော့လည်း တိတ်ဆိတ်ခြင်းက အိပ်ယာ မထသေး။ အဖြူအစိမ်းပေါ် ဂျာကင်ထပ်ဝတ်ထာသည့် အမျိုးသားတစ်ဦးသာ ရောက်နေနှင့်၏။  လက်ဆွဲအိတ်ကို ပေါင်ပေါ် တင် ထိုင်နေသည်။ မော်တော်မောင်းဆရာက စောင်တစ်ထည်နှင့် ပုစွန်ထုပ်ကွေးနေသည်။

နှင်းစက်တွေ ပက်ထားပုံရသည့် စိုထိုင်းထိုင်းခုံရှည်တစ်ခုမှာ ကျွန်တော် ထိုင်ချလိုက်၏။ အဖြူအစိမ်းဝတ်ပုဂ္ဂိုလ်နှင့်လည်း စကား မပြောမိ။ အပြုံးချင်း မဆုံမိ။ ဆုံစရာ အကြောင်းလည်း မရှိ။ ကျွန်တော်က သည်ရွာမှာ ဧည့်သည်တစ်ယောက်သာ။ ကံကြမ္မာဇာတ်ညွှန်းအရ အစ်ကိုတစ်ယောက်နှင့်ပတ်သက်ပြီး သည်မြစ်ကြီးဘေးမှာ သောင်လာတင်နေသူ။ စနေ၊ တနင်္ဂနွေ များမှအပ သည်မော်တော်ကိုစီးလျက် တစ်ဖက်ကမ်း ကျွဲကူးဆိပ်ကို ကူးရသည်။ ထိုမှ ဂဝံလမ်းကြမ်းကြီးအတိုင်း ခြေလျင် လျှောက်၊ ဘူတာ သို့မဟုတ် ကားဂိတ်သို့သွား၍ ရန်ကုန်အထိ ခရီးဆက်သည်။ ညနေမှာတော့ ရထားဖြင့်ပြန်စီးလာ၊ လမ်း လျှောက်၊ ကျွဲကူးဆိပ်မှတစ်ဆင့် သည်မော်တော်ဖြင့် ရွာကလေးဆီ ပြန်လာ။ သည်ခရီးစဉ်အတိုင်း ကျွန်တော့်နေ့ရက်တွေ လနှင့်ချီ ရှည်လျားနေခဲ့၏။

ကျွန်တော် ထိုင်နေပြီး မကြာမီ ဆိပ်ခံတံတားလေးအတိုင်း ဆင်းလာသည့် ခုံမြင့်ဖိနပ်သံ တဒေါက်ဒေါက်ကို ကြားလိုက်ရသည်။ ကျောင်းဆရာမတစ်ဦးဖြစ်သည်။ အဖြူအစိမ်းပေါ်မှာ ကုတ်အင်္ကျီထပ်ဝတ်ထားပြီး လက်ဆွဲခြင်းကို တစ်ဖက်ဆွဲလာသည်။ ဆင်းလာနေ ရင်း မော်တော်ထဲ လှမ်းကဲကြည့်ကာ ကျွန်တော့်ဘေးမှ ကျောင်းဆရာကိုမြင်သည်နှင့် ဆရာ မမျက်နှာ ချက်ချင်း အသက်ဝင်သွားသည်။

“တကယ်ပဲ…ညက ဘယ်လိုမှအိပ်လို့ကိုမရဘူး၊ စိတ်တိုလိုက်တာ …”

ဆရာမစကားကြောင့် ကျွန်တော် ကြောင်သွားသည်။ နိဒါန်းမပါ၊ ခြေဆင်းမပါ၊ ဆိုင်း မဆင့် ဗုံမဆင့်။ သို့သော် ကျွန်တော့်ဘေးမှ ကျောင်းဆရာကမူ ဆရာမချန်ထားခဲ့သော စကားလုံးတွေကို ကောင်းစွာနားလည်နေသည်။ “အေးဗျာ ..” ဟု သံရှည်လေး ဆွဲ၍   ထောက်ခံသည်။ ဆရာမက မော်တော်အမိုးအောက်ဝင်လာရင်း စကားဆက်သည်။

“ကိုယ့်လူတွေ မကောင်းလို့ဆိုလည်း ထားပါတော့၊ ခုဟာက ဒိုင်ညစ်လို့ ဖြစ်ရတာ”

ကျောင်းဆရာက ဆရာမစကားကို ထောက်ခံဆွေးနွေးသည်။ နောက်ထပ်ရောက် လာသည့် ခရီးသည်တွေပါ စကားဝိုင်းထဲ ပါဝင်လာကြ၏။ စောစောက တိတ်ဆိတ်နေခဲ့သည့် မော်တော်လေးသည့် မိနစ်အနည်းအငယ်အတွင်း စည်ကားရှုပ်ထွေး ဆူညံသွားလေသည်။

တကယ်တော့ သူတို့ ပြောနေကြသည်မှာ ဘောလုံးပွဲတစ်ပွဲအကြောင်းဖြစ်သည်။ သည်လောက် အသည်းအသန် အရေး တယူပြောဆိုငြင်းခုံ ခံစားနေကြသောကြောင့် သည်ဘောလုံးပွဲသည် နိုင်ငံ့လက်ရွေးစင်အသင်း၏ ပွဲစဉ်တစ်ခုဟု မထင်မှတ် စေလိုပါ။ ဥရောပဖလား၊ ပရီးမီးယားလိဂ် စသည့်ပွဲစဉ်တွေလည်း မဟုတ်ပါ။ မနေ့ညနေ့က ကစားခဲ့သည့် သည်ရွာနှင့် အခြား တစ်ရွာတို့၏ ဘောလုံးပွဲအကြောင်းဖြစ်ပါသည်။ ကျွန်တော်နေသောအိမ်မှဦးလေးခေါ်၍ ကျွန်တော်လည်း ပွဲကြည့်ပရိသတ် နေရာမှပါဝင်ခဲ့သော ဘောလုံးပွဲလည်း ဖြစ်ပါသည်။

ဘောလုံးကွင်းမှာ တကယ်တော့ ဘောလုံးကွင်းမဟုတ်။ လယ်ကွက်နှစ်ကွက်ကို အလယ်ကန်သင်းဖြို၍ တစ်ကွင်းတည်းဖြစ် အောင် ဆက်စပ်ထားသော လယ်ကွက်ကျယ်ကြီးသာ ဖြစ်သည်။ မြက်ပင်စိမ်းစိမ်းဟူ၍ တစ်ပင်မျှမရှိ။ လယ်ယာသုံး ပစ္စည်းကိရိယာတွေ နှင့် ကြိုးစားညှိထားသော်လည်း မြေကမူတွေက အစွယ်ငေါငေါ မင်းမူနေကြဆဲဖြစ်သည်။

ဘောလုံးကစားကြပုံမှာ ဆရာကုသ၏ “ဝီစီကိုင်” ဝတ္ထုတိုထဲကလောက် မဆိုး။ ပင်ကိုယ်အရည်အသွေး ရှိကြပုံပေါ်သော် လည်း မြေကမူတွေ ကြီးစိုးနေသည့် ဖုန်ထူထူကွင်းထဲ ဘယ်လိုမှ ကစားကွက် မဖော်နိုင်ရှာကြ။ ကွင်းလေးဘက် ဝိုင်းနေသည့် နှစ်ဖက်ရွာသားတွေက နေပူထဲ အားတက်သရော အော်ဟစ်နေကြသည့်တိုင် ကျွန်တော့်အတွက် စိတ်ပျက်စရာ ဖြစ်နေ သည်။ ကစားကွက်အရသာကို ဘယ်လိုမှ မခံစားရ။ သူ့ရွာအတွက် အားကြိုးမာန် တက် အော်ဟစ်နေသည့် ဦးလေးကို ထား ရစ်ကာ ပွဲမပြီးမီ ကျွန်တော် ပြန်လာခဲ့၏။ အခုတော့ မနေ့ညနေက ဘောလုံးပွဲသည် သည်မနက်မော်တော်ပေါ်မှာ အချိန်ပို ဆက်ကန်နေကြလေသည်။

သည်လူတွေမှာ ကမ္ဘာ့ဘောလုံးပွဲများနှင့် အကျွမ်းတဝင် ရှိပြီးသားများဖြစ်သည်။ မန်ယူ၊ အာကြီး၊ ရီရဲလ်၊ ဒိုလေးနှင့် မက်ဆီတို့အကြောင်းကို ဘောလုံးဆောင်းပါးရှင်တွေနီးနီး အာဂုံဆောင်နိုင်သူတွေလည်း ပါဝင်ပေလိမ့်မည်။သို့သော် သူတို့ သည် မနေ့ညနေက ကစားခဲ့သည့် ကျေးလတ်ဘောလုံးပွဲလေး၏ အရှုံးရလာဒ်ကို ဘာကြောင့် ခံပြင်းငြင်းခုံ အရသာခံ နေကြ ပါလိမ့်။ နိုင်ငံ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့အဆင့်မှာ ၁၆၀ ဝန်းကျင်တွင်ရှိသောကြောင့် သည်လို ကျေးလတ်ဘောလုံး ပွဲလေးတွေ၏အဆင့်ကို အလွယ်တကူပင် မှန်းဆနိုင်ပါသည်။ သို့သော် သူတို့သည် မနေ့ညနေ ဘောလုံးပွဲမှ သူတို့ရွာအသင်း ရလဒ်အတွက် ခံစားနေကြရသည်။

တကယ်တော့ ကျွန်တော်လည်း သူတို့နေရာမှာ ရှိခဲ့ဖူးသည်။ ကျွန်တော့် ဇာတိမြို့ကလေးမှာ နေထိုင်ခဲ့ရသည့် အတိတ်နေ့ ရက်များတွင် သတိရစရာတွေက ကောင်းကောင်း အိပ်မပျော်နိုင်ကြသေး။

ကျွန်တော်တို့ငယ်စဉ်က ကျွန်တော်တို့မြို့မှာ ရပ်ကွက်ဘောလုံးပြိုင်ပွဲတွေ နှစ်စဉ်ကျင်းပဖြစ်သည်။ ကျွန်တော်တို့ ရပ်ကွက် သည် မြို့ကလေး၏ အစဉ်အလာရှိသော ဘောလုံးအသင်းတချို့ထဲ တစ်သင်းအပါအဝင်ဖြစ်၏။ ကျွန်တော်တို့ရပ် ကွက်သည် မြို့စာရင်းအရသာ ရပ်ကွက်ဖြစ်သော်လည်း အသွင်သဏ္ဌာန်က ရွာတစ်ရွာထက် မပို။ ရွာလယ်ဘုန်းကြီးကျောင်းမှာ ရပ်ကွက် ဘောလုံးပြိုင်ပွဲများမှ ငွေဒိုင်းဆုကြီး ၂ ခုကို ဂုဏ်ယူစွာ ချိတ်ထားသေး၏။

ကျွန်တော်တို့ရွာ ဘောလုံးကစားသည့် ညနေဆို ရွာလုံးကျွတ်နီးပါး ဘောလုံးကွင်းဆီ လိုက်အားပေးကြသည်။ ပရိသတ်အင် အားကို သေနတ်သံဖြင့် ထိန်းရန် စစ်သားတစ်ဦး အသင့်ရှိနေရသည်။ ကျွန်တော်တို့ရွာအသင်းမှ ၁ ဂိုးသွင်းယူလိုက်လျှင် အောင်ပွဲခံပရိသတ်၏ ခမောက်တွေ၊ ဖိနပ်တွေနှင့် တခြားလွှင့်ပစ်တင်နိုင်သမျှ အရာအားလုံး ဘောလုံးကွင်း ကောင်းကင်ပေါ် ဝဲပျံသွားကြလေ့ရှိ၏။ ဘောလုံးကွင်းထဲအထိ ခုန်ပေါက်မြူးထူး အောင်ပွဲခံပရိသတ်ကြီးသည် စစ်သား၏ မိုးပေါ်ထောင်ပစ်သော သေနတ်သံကြားမှ စည်းအပြင်ဘက် သို့ ပြန်ပြေးသွားကြလေသည်။ အနိုင်ရလာလျှင် ရွာထဲမှာ ကြက်သား ကာလသား ချက်နှင့် ပုလင်းထောင်ကာ အသံချဲ့စက်ကြီးဖြင့် တစ်ညလုံး အောင်ပွဲခံကြပြန်သည်။ ကျွန်တော်တို့ ကလေးတွေကမူ မနက် ဖြန် ကျောင်းရောက်သည်အထိ ပါးစပ်အရသာခံ၍ အချိန်ပို ဆက်ကန်ကြလေသည်။

တချို့လူကြီးတွေက အပြုံးမိန့်မိန့်ကြီးများဖြင့် ” ကမ္ဘာ့ဖလားပွဲ ကြည့်နေရသလိုပဲကွာ” ဟု မှတ်ချက်ချတတ်ကြသေးသည်။

သည်အချိန် ပြန်စဉ်းစားကြည့်သောအခါ မေးခွန်းအသစ်တွေ ပေါ်ပေါက်လာကြသည်။ ကမ္ဘာကျော် ဘောလုံးပွဲမဟုတ်ပါဘဲ၊ ကမ္ဘာာကျော် ဘောလုံးပညာရှင်တွေ မဟုတ်ပါဘဲ မည်သည့်အကြောင်းတရားတွေ၏ တွန်းအားကြောင့် သည်လို လယ်ကွင်း ထဲမှ ဘောလုံးပွဲလေးတွေအပေါ် အရူးအမူး ဖြစ်ခဲ့ပါလိမ့်။ ကမ္ဘာကျော် ဘောလုံးပွဲကောင်းတွေ ကြည့်နေသလို ခံစားချက်သည် မည်သည့်တံခါးပေါက်က ဝင်ရောက်လာခဲ့ပါလိမ့်။

ကြေးစားဘောလုံးအသင်းမဟုတ်ဘဲ ဘောလုံးပြိုင်ပွဲနီးမှ ထွန်တုံးပေါ်မှ ဆင်း၊  ခါး တောင်းကျိုက်ဖြုတ်၍ ဘောလုံးကွင်းထဲ ဝင်လာခဲ့ကြသူတို့မှာ ဘောလုံးပညာဟု ပြောပလောက်အောင် မရှိရှာကြ။ သို့သော် သူတို့ကစားကြသည်ကိုပဲ ကျွန်တော် တို့က အားကြိုးမာန်တက် အော်ဟစ်အားပေးကြသည်။ အမျိုးသမီးအချင်းချင်း ရန်ဖြစ်ကြသည်။ ကလေးအချင်းချင်း ငြင်း ခုံကြသည်။

အမှန်တကယ်တော့ ကျွန်တော်တို့ ကိုယ့်ရွာဘောလုံးအသင်းကို အားပေးခဲ့ကြသည်မှာ ဘောလုံးပညာကို မဟုတ်။ လူတွေ ကိုသာ ဖြစ်သည်။ ကိုယ့်ရွာသားဟူသော အသိ၏ ပူးကပ်ထားခြင်းခံရသည့် လူသားတွေကိုသာ ဖြစ်သည်။ ဘောလုံးပြိုင်ပွဲကို အားကစားဟု မမြင်နိုင်တော့ဘဲ စည်းကမ်းတကျ ဆင်နွှဲနေသည့် စစ်ပွဲတစ်ပွဲဟု မသိစိတ်အမြင်ကြောင့်သာ ဖြစ်သည်။ ကိုယ့်ရပ်ကွက်အသင်းက တခြားရပ်ကွက်ကို ရှုံးနိမ့်လိုက်လျှင် ထိုရပ်ကွက်လက် အောက်ကို အလိုလို ရောက်သွားသည့်အလား ခံစားကြရသည်မှာ ဘောလုံးပွဲ အရှိန်မပြေ သေးမီအထိပင်။

သည်ခံစားချက်မျိုးက နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းနှင့် ပတ်သက်လာလျှင် ပိုထင်ရှားလာတတ်ကြသည်။ တစ်ဦးတစ် ယောက်တည်းမဟုတ်။ လူနည်းစုမဟုတ်။ အားက စားဝါသနာပါမှ မဟုတ်။ သမိုင်းအစဉ်အလာအရ စစ်ရေးပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သော နိုင်ငံခြားတိုင်းပြည်အသင်းမျိုးနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရလျှင် ပရိသတ်၏ခံစားမှုရေချိန်က အမြင့်မားဆုံး ဖြစ်နေ တတ်ကြသည်။ ရှုံးနိမ့်မှုကိုရရှိလိုက်ပါမူ နောက်ထပ် အင်အားကြီးခံစားချက်လှိုင်းလုံး ကြီး မဖုံးအုပ်မချင်း ရှက်ရွံ့နာကျင်မပြီး။

တခြားအားကစားပြိုင်ပွဲတွေအတွက် သည်ခံစားချက်မျိုးမရှိ။ ရှိသည့်တိုင်အောင်လည်း သည်လောက်မပြင်းထန်။

တကယ်တော့ သည်ခံစားချက်မျိုးသည် အာကစားပြိုင်ပွဲတစ်ခုအပေါ် ထားသည့် ခံ စားချက်ထက် စစ်ပွဲတစ်ပွဲအပေါ်ထားသည့် ခံစားချက်မျိုး ဖြစ်နေသည်။ ကစားသမားတွေ၏ နေရာအလိုက် အခေါ်အဝေါ်တွေကအစ စစ်ပွဲသဘောဆန်သည်။ ခံစစ်၊ တိုက်စစ်မှူး၊ ဗျူဟာ စသည် စစ်ပွဲဖွဲ့စည်းပုံတွေအတိုင်း သတ်မှတ်သုံးနှုန်းကြသည်။ သို့သော် သည်စစ်ပွဲကို တော့ ကျွန်တော် စွဲလမ်းသည်။ သည်စစ်ပွဲမှာ သွေးထွက်သံယိုတွေ မရှိ။ အသက်အိုးအိမ်တွေ မပျက်စီး။ ခြေလက်အင်္ဂါမဲ့၊ မိဘမဲ့၊ လင် သားမဲ့ဘဝတွေ မရှိ။ ယမ်းခိုးတွေ၊ မီးလျှံတွေ မရှိ။ စည်ကမ်းနှင့် သတ်မှတ်ထားသော အနိုင်အရှုံးသာ ရှိသည်။

လူလူချင်း သတ်ဖြတ်နေကြသော စစ်ပွဲတွေနေရာတွင် ဘောလုံးပွဲတွေကို အစားထိုး လိုက်လျှင် ဘယ်လောက်ကောင်းမလဲဟု ကျွန်တော်မကြာခဏ စိတ်ရူးပေါက်ဖူးသည်။ လူ့အသက်တွေ၊ ပျက်စီးဆုံးရှုံးမှုတွေဖြင့် အနိုင်အရှုံး သတ်မှတ်မည့်အစား ဂိုး ပိုက်ကွန်ထဲ တိုးဝင်သွားသည့် ဘောလုံးအရေအတွက်ဖြင့် အနိုင်အရှုံး သတ်မှတ်လိုက်လျှင်…။

စစ်ပွဲတစ်ပွဲ ဖြစ်သည်နှင့် အမှန်တရားသည် ပထမဆုံး ကျဆုံးသွားရကြောင်း “ကောလင်းပါဝဲလ်” က ပြောခဲ့ဖူးသည်။ ဘော လုံးပွဲတစ်ပွဲတွင်မူ အစအဆုံး မိနစ် ၉၀ လုံး၌ အမှန်တရားက ရှင်သန်နေတတ်သည်။

မော်တော်ထဲမှာ မနေ့ညနေက ဘောလုံးပွဲအကြောင်း အရသာယူ ခံစားနေကြဆဲ။ ကျွန်တော်က ဆရာမင်းလူ၏ “ဘောအေး တိုက်ပွဲ ” ဝတ္ထုတိုကို ပြေးသတိရမိရင်း တိတ်တ ဆိတ် ပြုံးနေမိသည်။ “ဘောအေးတိုက်ပွဲ” ထဲမှ အရေးအသားတွေကြောင့်လား၊ မော်တော် ထဲမှ လူတွေ၏ စကားသံတွေကြောင့်လား။ တကယ်တော့ ထိုနှစ်မျိုးစလုံးကို ကျွန်တော် ချစ်ပါသည်။ ။

မိုးကျော်ဇင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်