လှကျော်ဇော – ဗိုလ်ချုပ်ကြီး ဖူဆိုယီ (၁၈၉၅ – ၁၉၇၄)

April 10, 2016

လှကျော်ဇော – ဗိုလ်ချုပ်ကြီး ဖူဆိုယီ (၁၈၉၅ – ၁၉၇၄)
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၆

“သေနတ်ပြောင်းဝက အာဏာထွက်တယ်” တဲ့။

တရုတ်ပြည်တော်လှန်ရေးကြီးကိုခေါင်းဆောင်ဆင်နွှဲပြီး တရုတ်ပြည်သစ်ကို တည်ထောင်ပေးခဲ့သူ တရုတ်ကွန်မြူနစ်ပါ တီရဲ့ဥက္ကဋ္ဌ မော်စီတုံးရဲ့ကျော်ကြားလှတဲ့ ဆောင်ပုဒ်ပါ။ မော်ဟာ သူ့ဆောင်ပုဒ်နဲ့အညီ သူတို့ရဲ့တော်လှန်ရေးတပ်မတော် ကြီး (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ကို အလွန်ခိုင်ခန့် ခိုင်မာအောင်ဘက်စုံက တည်ဆောက်ပြီး မိမိတို့ထက် အဆ ပေါင်းများစွာ သာလွန်တဲ့ (အမေရိကန်ရဲ့ဘက်စုံပံ့ပိုးထောက်ပံ့မှုကိုရထားတဲ့) ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်ကြီးကို တိုက် ခိုက် အနိုင်ယူခဲ့ပါတယ်။

မော်အနေနဲ့သူ့ရဲ့ပါဝါအမာ (hard power) ကို အဲသလိုတည်ဆောက်ပြီး ရန်ဘက်တပ်ကို အပြတ်ချေမှုန်းခဲ့တယ်ဆိုပေမယ့် တခြား နည်းပရိယာယ်ပေါင်းစုံကိုလည်း ဘက်စုံက ပေါင်းစပ်ကျင့်သုံးခဲ့ပါသေးတယ်။

ဗိုလ်ချုပ်ကြီးဖူဆိုယီ

 

ဒါကြောင့်ပဲ အခုခေတ်သစ်ပညာရှင်များ၊ သုတေသီများက၊ တရုတ်ပြည်တော်လှန်ရေး အောင်မြင်ရတဲ့ အကြောင်းများ ကိုလေ့လာရင်း မော်ရဲ့သေနင်္ဂဗျူဟာ နည်းပရိယာယ်အဖုံဖုံကို ရင်သတ်ရှုမော အံ့သြတကြီးဖြစ်ရပါတယ်။ တချို့ကဆိုရင် ဒီလိုတောင်ပြောပါတယ်။

မော်ဟာ ပါဝါအပျော့ (soft power) ဆိုတဲ့ ဝေါဟာရမပေါ်ခင်ကတည်းကဒီပါဝါ အပျော့အမျိုးမျိုးကို သုံးခဲ့သူတဲ့။

အခုနောက်ပိုင်းထွက်လာတဲ့ သုတေသနစာတမ်းတစောင်မှာ တရုတ်ပြည်ရဲ့ ၁၉၄၉ ခုနှစ် တော်လှန်ရေးကြီးအောင်မြင်ရာမှာ (၁) ကူမင်တန်တပ်ရဲ့သုံးပုံတပုံကို အသေအကျေ စစ်ပွဲဆင်နွှဲပြီး တိုက်ရတယ်။ ဥပမာ ၁၉၄၈ – နိုဝင်ဘာမှစလို့ ၁၉၄၉  ဇန်န ဝါရီလကုန်အထိတိုက်ခဲ့တဲ့ တရုတ်ပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်တခွင်က တိုက်ပွဲကြီး (၃) ပွဲ။

(၂) သုံးပုံတပုံကို ငြိမ်းချမ်းစွာအသွင် ကူးပြောင်းယူတယ်။ ဥပမာ ပီကင်း၊ ရှန်ဟဲစတဲ့ မြို့ကြီးများကို ငြိမ်းချမ်းစွာ လွတ်မြောက် ခြင်း။

(၃) သုံးပုံတပုံကို အထက်လွှာတွေကိုဝယ်ယူတဲ့ ပေါ်လစီကျင့်သုံးပြီး သိမ်းသွင်းတယ်။ ဥပမာ တိုင်းရင်းသားလူမျိုးစု အကြီး အကဲများကို လျော်ကြေးများပေးခြင်း။ လစာများ လုံလောက်စွာ ထောက်ပံ့ခြင်း။

စတဲ့ခေါင်းစဉ်ကြီး (၃) ခု အောက်မှာ အသေးစိတ်တွေပါလာပါတယ်။

တကယ်တော့ ဒီအကြောင်းအရာတွေအားလုံးဟာ တရုတ်ပြည်သူတွေအတွက်တော့ အထူးအဆန်းမဟုတ်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီအနေနဲ့ သမိုင်းကြောင်းအဖြစ်အပျက်တခုချင်းစီကို ရုပ်ရှင်ကားကြီးများအဖြစ်ရိုက်ကူးပြီး အထူးနှစ်ပတ်လည်နေ့များ (ဥပမာ- အနှစ် ၆၀ မြောက်နိုင်ငံတော်နေ့) မှာ တနိုင်ငံလုံးကို ပညာပေးရေး အစီ အစဉ်အဖြစ် ပြသခဲ့ပြီးပါပြီ။ အခုသုတေသနစာတမ်းကတော့ အားလုံးကိုပေါင်းစပ်ပြီး ရေးသားထားတာပါ။

အဲဒီရုပ်ရှင်ကားများအကြားအလွန်ရေပန်းစားတဲ့ ရုပ်ရှင်ကားတကား ရှိပါတယ်။ “ပီကင်းမြို့ငြိမ်းချမ်းစွာလွတ်မြောက် ခြင်း” Peaceful Liberation of Beijing တဲ့။ အဲဒီကားက ….

ဂျပန်ခုခံရေးစစ်ပွဲအတွင်း(၁၉၃၇-၄၅) တရုတ်ကွန်မြူနစ်ပါတီတပ်များနဲ့ ကူမင်တန်တပ်များဟာ တပ်ပေါင်းစုဖွဲ့ပြီး (တခါတရံ အချင်းချင်းပြန်တိုက်တဲ့ကာလများလည်း ရှိခဲ့ပါတယ်။) အောင်ပွဲရပြီးနောက် (၁၅-၈-၁၉၄၅) မှာ တပြည်လုံးအတိုင်းအတာ ဆောင်တဲ့ ကူမင်တန်ကတဖက် ကွန်မြူနစ်တွေကတဖက်ဖြစ်တဲ့ ပြည်တွင်းစစ်ကြီး (၁၉၄၅-၄၉) အပြင်းအထန် တကျော့ပြန်ဖြစ်ခဲ့ပါတယ်။ အဲဒီပြည်တွင်းစစ်ပြီးဆုံးခါနီးကာလ (၁၉၄၈-၄၉) အတွင်းက အဖြစ်အပျက်ရုပ်ရှင်ကားပါ။

ဒီဇာတ်ကားကြီးရဲ့ အဓိကဇာတ်လိုက်ဟာ ကူမင်တန်တပ်ကြီးရဲ့ အထင်ကရ “ဗိုလ်ချုပ်ကြီးဖူဆိုယီ” ဖြစ်ပါတယ်။

ပီကင်းမြို့ရဲ့ မြို့စောင့်တပ်မှူးကြီးပါ။ ကူမင်တန်ခေတ်က မင်းနေပြည်တော်ဟာ နန်ကျင်းဖြစ်ပါတယ်။ ရှေးဘုရင်များ နန်း စိုက်ခဲ့တဲ့ ပီကင်းမြို့ကတော့ အဲဒီခေတ်က တရုတ်ပြည်မြောက်ပိုင်းမြို့တော်ပေါ့။ ကူမင်တန်သမ္မတ ချန်ကေရှိတ်က သူ အလွန်စိတ်ချရသူကိုမှ တာဝန်ပေးတတ်တဲ့နေရာမျိုးပါ။ “ဗိုလ်ချုပ်ကြီးဖူဆိုယီ” ဟာ ဂျပန်ခုခံရေးစစ်ပွဲအတွင်းက တိုက်ပွဲများ မှာ ရွတ်ရွတ်ချွန်ချွန်တိုက်ခိုက်ခဲ့လို့ အလွန်နံမည်ကောင်းရခဲ့သူတဦးပါ။ တရုတ်ပြည်သူများအကြား တိုင်းချစ် ပြည်ချစ် ဗိုလ် ချုပ်ကြီးတဦးအဖြစ် ထင်ရှားပါတယ်။ ချန်ကေရှိတ်ကလည်း သုံးလို့သာ သုံးနေတာ သိပ်စိတ်ချပုံတော့ မရပါဘူး။ ဒါကြောင့် တရုတ်ကွန်မြူနစ်များကို စုံစမ်းဖော်ထုတ်ဖို့ဆိုတဲ့နံမည်နဲ့ အထူးထောက်လှမ်းရေးအဖွဲ့တဖွဲ့ကို အဲဒီဗိုလ်ချုပ်ကြီးနားထားထားပါတယ်။ ထို့အတူပဲ မြေအောက်လုပ်ငန်းမှာ ထောင့်စေ့တဲ့ တရုတ်ကွန်မြူနစ်ပါတီကလူတွေကလည်း အဲဒီအချက်အချာ နေရာက ဗိုလ်ချုပ်ကြီးနားမှာ ရောက်နေပါပြီ။

“ဗိုလ်ချုပ်ကြီးဖူဆိုယီ” ရဲ့အတွင်းရေးမှူးဟာ ကွန်မြူနစ်ပါတီ မြေအောက်ပါတီဝင်တဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးရဲ့ ပီကင်းတက္က သိုလ်ကျောင်းသူ သမီးကလည်း မြေအောက်ပါတီဝင်တဦးပါပဲ။

၁၉၄၅ ခုနှစ်မှာ ပြန်လည်တောက်လောင်လာတဲ့ ပြည်တွင်းစစ်ကြီးကို တပြည်လုံးက ဆန့်ကျင်ပါတယ်။ ကူမင်တန်တပ်အ တွင်းမှာကို ဆန့်ကျင်မှုတွေပေါ်ထွက်လာတာပါ။ ဒီကြားထဲစီးပွားရေးက ပိုမိုချွတ်ခြုံကျလာပါတယ်။ ဘက်စုံအထောက် အပံ့ပေးလာတဲ့ အမေရိကန်နိုင်ငံမျိုးကတောင် စိတ်ကုန်လာနေပါတယ်။ ပြည်သူတွေ ဆင်းရဲသထက်ဆင်းရဲပြီး ချန်ကေရှိတ် ဆွေမျိုးတစု (အထူးသဖြင့် ချန်ကေရှိတ်ကတော်-ဆွန့်မေလင်ဆွေမျိုးများ) အတိုင်းအဆမရှိ ချမ်းသာလာမှုတွေအပေါ် တိုင်း သူပြည်သားများသာမက စစ်တပ်တွင်းက တချို့ မျိုးချစ် ပြည်ချစ်ပုဂ္ဂိုလ်များကလည်း မပြေမလည်ဖြစ်လာနေပါတယ်။ အဲဒီ လိုဖြစ်နေချိန်မှာပဲ တရုတ်ကွန်မြူနစ်ပါတီရဲ့တရုတ်လွတ်မြောက်ရေး တပ်မတော်က တပြည်လုံးလွတ်မြောက်ရေး ထိုးစစ် ကြီးတွေကို စတင်ခဲ့ပါတယ်။ ဖဲချပ်တွေပြိုသလို တရုတ်ပြည်အရှေ့မြောက်ပိုင်းကမြို့ကြီးများကို တမြို့ပြီးတမြို့သိမ်းလာရာ မှာ ၁၉၄၈ ခုနှစ် နှောင်းပိုင်းမှာ ပီကင်းမြို့ကြီးကို ဝိုင်းပတ်ထားလိုက်ပါပြီ။

ပီကင်းမြို့ကြီးဟာ နှစ်ရာနဲ့ချီပြီး ရှင်ဘုရင်နန်းစိုက်ရာ မင်းနေပြည်တော်ဖြစ်ခဲ့တာကြောင့် ရှေးဟောင်း အမွေအနှစ် အ ဆောက်အအုံတွေ ပြည့်နေပါတယ်။ လူဦးရေကလည်း သန်းနဲ့ချီ ရှိနေတာပါ။ ဒီတော့မြို့ပေါ်က မြို့မိမြို့ဖများက ဒီမြို့ကြီးကို စစ်ဒဏ်မှ ကာကွယ်ရေးအတွက် လှုပ်ရှားလာကြပြီး ဗိုလ်ချုပ်ကြီးကို တရုတ်ကွန်မြူနစ်တွေနဲ့စေ့စပ်ဖို့ ဖိအားပေးလာပါတယ်။ အနီးကပ်အနေနဲ့ နားချနေတဲ့သမီးနဲ့ အတွင်းရေးမှူးများကြောင့်ရော ပင်ကိုက ချန်ကေရှိတ်အပေါ် စိတ်ပျက်နေတာတွေ ပါပေါင်းပြီး မြို့မိမြို့ဖများရဲ့ တောင်းဆိုချက်ကို ဗိုလ်ချုပ်ကြီးက လက်ခံပြီး ကွန်မြူနစ်များနဲ့ စေ့စပ်ဆွေးနွေးဖို့ သဘောတူ လိုက်ပါတော့တယ်။ ဒီမှာတင် ဗိုလ်ချုပ်ကြီးရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ အလွန် လျှို့ဝှက်စွာ စေ့စပ်ဆွေးနွေးမှုတွေ အပြန်ပြန်အလှန်လှန် ညှနှိုင်းမှု – အပေးအယူတွေလုပ်ပြီးနောက် ၁၉၄၉ ခုနှစ် ဇန်ဝါရီလ (၃၁) ရက်နေ့မှာ ပီကင်းမြို့ကြီးကို ကူမင်တန်မြို့စောင့်တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ဖူဆိုယီက တရုတ်ကွန်မြူနစ်တွေရဲ့ တပ် တွေလက်ထဲ ငြိမ်းချမ်းစွာ လွှဲပြောင်းပေးလိုက်ပါတယ်။

ဒါကတော့ ဒီဇာတ်ကားကြီးရဲ့ ပင်မကျောရိုးဇာတ်လမ်း အကျဉ်းချုပ်ပါ။ အတွဲပေါင်း (၄၀) ကျော် ရိုက်ကူးထားတဲ့-ရုပ်မြင် သံကြားဇာတ်လမ်းတွဲကြီးထဲမှာ အလွန်စိတ်ဝင်စားဖွယ် သမိုင်းသင်ခန်းစာယူစရာ ဇာတ်ကွက်တွေ အများအပြားပါ။ ဒီကြား ထဲ နှစ်တွေကြာညောင်းလာလို့ လျှို့ဝှက်မထားတော့ဘဲ ထုတ်ပြန်ပေးလိုက်တဲ့ အစည်းအဝေးမှတ်တမ်းတွေ နှစ်ဖက် သ ဘောတူညီချက်တွေကိုလည်း ကိုးကားရိုက်ကူးထားတာကြောင့် သမိုင်းအချက်အလက်များအရလည်း အလွန်ခိုင်မာကောင်း မွန်လှပါတယ်။ အဲဒါတွေကြားမှာ မော်ရဲ့ပြောင်မြောက်လှတဲ့ နည်းပရိယာယ်အကွက်တွေပါဝင်ပါတယ်။

ဒီဇာတ်လမ်းထဲက စိတ်ဝင်စားဖွယ် ဇာတ်ဝင်ခန်းအချို့ကိုပြောပြပါရစေ။

၁၉၄၈ ဆောင်းဦးမှာ စတင်ခဲ့တဲ့ ကွန်မြူနစ်တို့ရဲ့ထိုးစစ်ဟာ တရုတ်ပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေကို တိုက် ခိုက်သိမ်းပိုက်ပြီး ရှေ့တိုးလာရာမှာ မယုံနိုင်လောက်အောင် မြန်ဆန်လာနေပါတယ်။ အထူးသဖြင့် ကွန်မြူနစ်တွေရဲ့ ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်မှုကို (၃) ပတ်ခံနိုင်တယ်လို့ “ဗိုလ်ချုပ်ဖူဆိုယီ” က ချန်ကေရှိတ်ဆီမှာ အာမခံထားတဲ့ ထျန်ကျင်း Tianjin မြို့ကြီး၂၁ နာရီ (၃ ရက်ပြည့်အောင် မခံနိုင်ဘဲ)နဲ့ ကျသွားပါတယ်။ “ဗိုလ်ချုပ်ဖူ” တွက်တာက ကွန်မြူနစ်တပ်တွေ မြို့ကို ၃ ပတ်လောက်ဝိုင်းတိုက်နေရင် ထောက်ပံ့ရေးများ (လက်နက်ခဲယမ်းရိက္ခာများ) ခက်ခဲလာနိုင်ပြီး မိမိတို့ရဲ့ စစ်ကူတပ်များက လည်း အချိန်မီရောက်သွားနိုင်လိမ့်မယ် ဆိုတာပါ။ စစ်ကူတပ်များကိုလည်း စောပြီး ကြိုတင်ပြီး ပို့မထားရဲပါဘူး။ မော်က သူ့ တပ်တွေရဲ့ လှုပ်ရှားမှုကို တဖက်ရန်သူတွေ မတွက်ချက်နိုင်လောက်အောင်ကို နည်းပရိယာယ်ပေါင်းစုံ သုံးပါတယ်။ ဒါ ကြောင့် ဘယ်မြို့ကိုတိုက်မယ်ဆိုတာကို ကူမင်တန်များက မသိနိုင်ခဲ့။ ဒါပေမဲ့ ရန်သူရဲ့လှုပ်ရှားမှုအားလုံးကိုတော့ မော်က သိနေပါတယ်။ မြေအောက်လုပ်ငန်းက အတော်နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ထားပြီးပါပြီ။

၃၁-၁-၁၉၄၉ နေ့က တရုတ်ကွန်မြူနစ်တပ်များ ပီကင်းမြို့ထဲ ဝင်လာစဉ်

မော်က ရန် – ငါအကြောင်း (သူဘက်-ကိုယ့်ဘက်) မသိရင် အောင်ပွဲမရနိုင်လို့ ဆိုထားဖူးပါတယ်။ (မော်တို့ဘက်ကလည်း ထျင်ကျင်းနဲ့ ပီကင်း ဘယ်မြို့ကိုတိုက်မလဲဆိုတာ ဆုံးဖြတ်ချက်ရှိပြီးသားပါ။ ပီကင်းက ရှေးဘုရင်မင်းများ စိုးစံ ရာမြို့တော် ဖြစ်ပြီး တရုတ်အမျိုးသားများရဲ့ ယဉ်ကျေးမှုအမွေအနှစ်များရှိလို့ စစ်တပ်နဲ့တိုက်သိမ်းရင် အမျိုးသားယဉ်ကျေးမှု အမွေအ နှစ်တွေ ပျက်စီးကုန်မယ်။ ဒါကြောင့် ပီကင်းကို မတိုက်သင့်ဘူး၊ ထျင်ကျင်းကို အရင်တိုက်သိမ်းမယ်။ ပီကင်းကို အတတ်နိုင်ဆုံးငြိမ်းချမ်းတဲ့နည်းနဲ့ ရယူရေးကို လုပ်ဆောင်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်က ရှိပြီးဖြစ်ပါတယ်။ မော်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီ ဘက်မှာ အဲဒီလို အပြည့်အစုံ သုံးသပ်ဆုံးဖြတ် စီမံထားတာပါ။)

၁၉၄၉ ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ထျန်ကျင်းမြို့ကိုတရုတ်ကွန်မြူနစ်များကသိမ်းလိုက်နိုင်ပြီး ပီကင်းမြို့ကိုဆက်သိမ်းဖို့ ချီတက်လာနေကြပါပြီ။ ဒီမှာတင် ပီကင်းမြို့ကမြို့မိမြို့ဖများ (ပီကင်းတက္ကသိုလ်က ပါမောက္ခများ နိုင်ငံကျော်အနုပညာရှင်များ -စသဖြင့်) က ပီကင်းမြို့စောင့်တပ် (အင်အား ၂ သိန်းခွဲရှိ) မှူးကြီးလည်းဖြစ် ပီကင်းမြို့တော်ဝန်လည်းဖြစ်တဲ့ “ဗိုလ်ချုပ်ဖူ ဆိုယီ”ဆီရောက်လာပြီး ပီကင်းမြို့ကိုကယ်တင်ဖို့ မေတ္တာရပ်ခံကြပါတယ်။ ဒီအခန်းဟာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းပါ တယ်။ စစ်ပွဲကြီးဖြစ်ပွားလာရင် ပီကင်းရှေးမြို့တော်ကြီးရဲ့ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတွေ (နန်းတော်တွေ-ဘု ရားပုထိုးကျောင်းကန်တွေ) ပျက်စီးကုန်မှာဖြစ်လို့ နောင်တနေ့သမိုင်းမှာ မိမိတို့အားလုံး သမိုင်းတရားခံများအဖြစ် ကဗွည်း ထိုးခံရမှာဖြစ်ကြောင်း၊ မြို့နေလူဦးရေကလည်း သန်းကျော်ရှိတဲ့အတွက် လူအသေအကျေလည်းများနိုင်ကြောင်း၊ ဒါကြောင့် တိုက်ပွဲတွေမဖြစ်အောင် ရှောင်ရှားဖို့  ကွန်မြူနစ်များနဲ့စေ့စပ်ဖို့ လိုအပ်ရင် မိမိတို့ကိုယ်တိုင် ကွန်မြူနစ်များနဲ့ ဆက်သွယ်ဖို့-ကြိုးစားပါရစေလို့ ဝိုင်းတောင်းပန်ကြပါတယ်။

စစ်သားစိတ်ကြီးမားလှတဲ့ ဗိုလ်ချုပ်ကြီးတယောက်အနေနဲ့ သေနတ်တချက်မှ မပစ်ဖောက်လိုက်ရဘဲ လက်နက်ချလိုက်ဖို့ ဆိုတာဘယ်လိုမှ မစဉ်းစားနိုင်ပေမယ့် တဖက်ကလည်း ပီကင်းမြို့တော်ကြီးပျက်ယွင်းသွားမယ့်အရေးကလည်း ရှိနေပါသေး တယ်။ ဒီလူကြီးတွေရဲ့ ပြောဆိုချက်တွေကလည်း အကျိုးအကြောင်းတွေဆီလျော်နေပါတယ်။ အဲဒီညကအတွေးအခေါ်အရှုပ် အထွေးတွေဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးနဲ့သမီးတို့ရဲ့“ဘယ်သူ့အပေါ်သစ္စာရှိရမလဲ” ဆိုတဲ့ ဆွေးနွေးခန်းဟာ အလွန်စိတ်ဝင်စား ဖွယ်ကောင်းပါတယ်။

ဗိုလ်ချုပ်ကြီးဟာ ဆွန်ယက်ဆင်ထူထောင်ခဲ့တဲ့ ကူမင်တန်ပါတီရဲ့လက်ဟောင်းပါတီဝင်ကြီးပါ။ ဒါကြောင့် သူတသက်လုံး သစ္စာစောင့်ထိမ်းခဲ့တဲ့ သူ့ပါတီအပေါ်သစ္စာဖောက်ပြီး ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးဖို့ကို စိတ်ထဲမသိုးမသန့်ကြီးဖြစ်နေဟန်ရှိပါတယ်။ ဒီမှာတင် သမီးလုပ်သူက ဆွန်ယက်ဆင်ရဲ့ကူမင်တန်ပါတီနဲ့ ချန်ကေရှိတ်အပိုင်စီးလိုက်တဲ့ ကူမင်တန်ပါတီ အကြား ကွာခြားချက်တွေကို ထောက်ပြပါတယ်။

တကယ်တော့ ဗိုလ်ချုပ်ကြီးကိုယ်တိုင်ကလည်း ချန်ကေရှိတ်အပေါ် စိတ်ကုန်လာနေပါပြီ။ လူထုအပေါ်ထားရှိတဲ့ ဘယ် သူသေသေ-ဆိုတဲ့စိတ်ထားတွေကိုလည်း တွေ့လာနေပါတယ်။ ချန်ကေရှိတ်မိသားစုအဝန်းအဝိုင်း (အခုခေတ်အခေါ်- ခရိုနီ) တွေပဲ အလွန်ချမ်းသာကြွယ်ဝလာနေတာကိုလည်း မြင်တွေ့နေရတာပါ။ စစ်တပ်တွင်း အလွှဲသုံးစားမှုများကလည်း အလွန် အကျွံ ဖြစ်လာနေပါတယ်။ ဒါတွေပြုပြင်ဖို့ ဗိုလ်ချုပ်ကြီးအနေနဲ့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့် တချိန်တခါက ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ပေးခဲ့တဲ့ ကူမင်တန်ပါတီကြီးဟာ နောက်ပိုင်း ပျက်စီးယို ယွင်းပြီး လက်တဆုပ်စာ လူနည်းစုလေးရဲ့ စီးပွားကိုပဲ အကာအကွယ်ပေးနေတာကြောင့် သစ္စာစောင့်နေစရာမလို။ ပြည်သူ လူထုရဲ့အကျိုးစီးပွားပဲ ကြည့်သင့်တယ်။ (ပြည်သူအပေါ်ပဲ သစ္စာရှိသင့်တယ်) ဆိုတာကိုမြင်လာပြီးနောက် ကွန်မြူနစ်ပါတီနဲ့ စေ့စပ်ဆွေနွေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဗိုလ်ချုပ်ကြီးကမ်းလှမ်းချက်အပေါ် မော်အပါအဝင် ထိပ်တန်းကွန်မြူနစ်ခေါင်းဆောင်များ ခေါင်းခြင်းတိုက်ဆွေးနွေးကြပါတယ်။ ပြီးမှ-မော်ကသူတို့ဘက်က လွှတ်မယ့်ကိုယ်စားလှယ်များကို လမ်းညွှန်ချက်များပေးပါတယ်။ မိမိတို့ တပ်များ စစ်ရေးအရ အပ်ါစီးရနေပေမယ့် ဆွေးနွေးရာမှာ လေးလေးစားစားတန်းတူရည်တူ သဘောထား ဆွေးနွေးဖို့ (ပြည်သူများအပေါ်ထောက် ထားမှုကို အသိအမှတ်ပြုသင့်တယ်လို့ ဆိုပါတယ်။) ပုဂွိုလ်ရေးဂုဏ်သိက္ခာကို ထိခိုက်နိုင်တဲ့ အပြောအဆို အပြုအမူများကို သတိထားဖို့။ တောင်းဆိုတင်ပြချက်တွေကို စိတ်ရှည်လက်ရှည်နားထောင်ပြီး လက်မခံနိုင်လည်း  ချက်ချင်း မတုံ့ပြန်ဖို့ စ တာတွေကို သင်ကြားပေးလိုက်ပါတယ်။ (သူတို့ဟာ တကြိမ်တခါက စစ်ဘုရင်ကြီးတွေနော်လို့လည်း သတိပေးလိုက်ပါ သေးတယ်။)

ဒါပေမဲ့  မော်ဟာ မူကိစ္စများကိုတော့ လုံးဝမလိုက်လျောပါ။ ဥပမာ “ဗိုလ်ချုပ်ကြီးဖူဆိုယီ” က သူတပ်များကို သူဆက်ကိုင် ထားပါရစေ ဆိုတာမျိုးပေါ့။ ဒါကို ငြင်းဆိုတာမျိုးမဟုတ်ဘဲ အလွန်ပျော့ပျောင်းစွာနဲ့ ဗိုလ်ချုပ်ကြီး လုံခြုံရေးအရဆိုတဲ့ အ ကြောင်းပြချက်နဲ့ တပ်တွေကို တနေရာမှာ စုစည်းရေးကိုပဲ သဘောတူပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးက လက်နက်ချတယ် ဆို တဲ့စကားကို လက်မခံနိုင်ပါ။ ဒါ့ကြောင့် ပီကင်းမြို့ကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးခြင်းဆိုတဲ့ စကားလုံး သုံးပေးပါတယ်။

ဒီဆွေးနွေးပွဲတွေကို အလွန်လျှို့ဝှက်စွာပြုလုပ်ကြပေမယ့် ဒီသတင်း ချန်ကေရှိတ်ဆီရောက်သွားပါတယ်။ ပီကင်းမြို့သာ ကွန်မြူနစ်လက်ထဲရောက်သွားရင် တရုတ်ပြည်မြောက်ပိုင်းဒေသတခုလုံး လက်လွတ်ဆုံးရှုံးမယ့်အရေး “ဖူဆိုယီ” သာ ကွန် မြူနစ်တွေဆီ လက်နက်ချလိုက်ရင် ကူမင်တန်တပ်ကြီး တတပ်လုံး ဖရိုဖရဲဖြစ်မယ့်အရေး  စတာတွေ ကာကွယ်ဖို့ ဆိုတဲ့ အ ကြောင်းပြချက်နဲ့ “ဖူဆိုယီ” ကိုလုပ်ကြံဖို့ သူ့လက်ရွေးစဉ် ထောက်လှမ်းရေးတပ်မှူးကို အမိန့်ပေးလိုက်ပါတယ်။ ချန်ကေ ရှိတ်က သူ့အပေါ် သစ္စာဖောက်ရင် ဘယ်လိုခံရမယ်ဆိုတာကို ကျန်တပ်မှုးများကို ပြချင်တာလည်း ပါပါတယ်။

ထိတ်တန်းလျှို့ဝှက်အဖြစ်ပို့တဲ့ ဒီအမိန့် မော်ရပါတယ်။(မော်က သူ့ထဲမှာလည်း ကိုယ့်လူရှိတယ်။ ကိုယ့်ထဲမှာလည်း သူ့လူရှိ တယ်ဆိုတဲ့စကား အမြဲပြောတတ်ပါတယ်။) ဒါကြောင့် “ဖူဆိုယီ” ရဲ့ လုံခြုံရေးကို အပြည့်အဝတာဝန်ယူဖို့ ပီကင်း မြေအောက် အဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။ ကွန်မြူနစ်များအတွက်ကလည်း “ဖူဆိုယီ” လုံခြုံရေးဟာ အရေးကြီးပါတယ်။ “ဖူဆိုယီ” သာတစုံတခုဖြစ်သွားရင် သူ့လမ်းလိုက်ချင်တဲ့ (ကွန်မြူနစ်များနဲ့ပေါင်းချင်တဲ့) တခြားကူမင်တန်တပ်မှူးများ နောက်တွန့် သွားနိုင်ပါတယ်။ ဒါကြောင့် မြေအောက်ပါတီဝင်တွေထဲက အဝေးကကြည့်ရင် ဖူဆိုယီနဲ့ တူသူတဦးကို “ဖူဆိုယီ” အိမ်မှာ နေ ခိုင်းထားပြီး “ဖူဆိုယီ” ကိုတော့ လုံခြုံတဲ့တနေရာမှာ ဝှက်ထားရပါတယ်။ ကူမင်တန် ထောက်လှမ်းရေးများကလည်း အဲဒီ အိမ်ကို ဗုံးခွဲပြီး တိုက်ခိုက်လိုက်ပါတယ်။ “ဖူဆိုယီ” သေသွားပြီလို့ ချန်ကေရှိတ်တို့ယုံကြည်သွားလို့ ဖူဆိုယီကို ဘေးရန်ကင်း တဲ့နေရာကို ကယ်ထုတ်နိုင်ခဲ့တာပါ။ (ဒီဇာတ်ဝင်ခန်းတွေဟာ သဲထိတ်ရင်ဖို အခန်းတွေပါ။)

အဲသလို မြေအောက်ပါတီဝင်တယောက်က အသက်နဲ့လဲပြီး သူ့ကိုကယ်တင်လိုက်ပြီးတဲ့နောက်မှာတော့ “ဖူဆိုယီ” ဟာ အ တော်ပြတ်သားသွားပြီး ကွန်မြူနစ်များနဲ့ သဘောတူစာချုပ်တွေ အမြန်ချုပ်ဆိုလိုက်ပါတော့တယ်။ (အစောပိုင်း “ဖူဆိုယီ” က သူ့တပ်နဲ့ ကွန်မြူနစ်တွေနဲ့ပေါင်းပြီး တရုတ်ပြည်မြောက်ပိုင်းရဲ့ ညွှန်ပေါင်းအစိုးရဖွဲ့ရေး တင်နေသေးတာ)။

၁၉၄၉ ဇန်နဝါရီ (၃၁) ရက်နေ့မှာတော့ ကွန်မြူနစ်တပ်တွေ ပီကင်းမြို့ကို ဝင်လာပါတော့တယ်။ ကူမင်တန်မြို့စောင့်တပ်က ဝင်လာတဲ့ တပ်ကို ကင်းလဲသလို လွှဲပေးလိုက်ပါတယ်။ ကွန်မြူနစ်တပ်ရင်းတရင်းက မြို့စောင့်တပ်နေရာ ဝင်ယူပြီးမှ ကျန် တပ်များ မြို့ထဲဝင်လာပါတော့တယ်။ တမြို့လုံး အုံးအုံးကျက်ကျက် ထွက်ကြိုကြပါတယ်။ ကကြ ခုန်ကြ တီးကြဆိုကြနဲ့။ ကနေသူများရဲ့ ကျောမှာ “လွတ်မြောက်ပြီ”—“မိုးလင်းပြီ”ဆိုတဲ့စာတမ်းတွေ ကပ်ထားပါတယ်။ (ဒီအခန်းတွေကို အဲဒီ ကာလက ရိုက်ကူးခဲ့တဲ့ သတင်းကားများကနေ ဖြတ်ထည့်ထားပါတယ်။) ပီကင်းမြို့သူမြို့သားတွေ ပျော်လည်းပျော် လောက်စရာပါ။ အဲဒီအချိန်ကပီကင်းရဲ့ ရှေ့ကာမြို့တမြို့ဖြစ်တဲ့ ထျန်ကျင်းကို ကွန်မြူနစ်တပ်များက စိစိ ညက်ညက်ကျေ အောင် ဗုံးမိုးရွာပြီး တိုက်ပြထားပြီးပါပြီ။

ကူမင်တန်တပ်မှူးများအားလုံးကို တနေရာမှာ လက်နက်ဖြုတ်ပြီး စုထားပြီးပါပြီ။ ကွန်မြူနစ်တပ်တွေ ပီကင်းမြို့ထဲက အချက် အချာနေရာတွေကို ယူပြီးမှ “ဖူဆိုယီ” ကထွက်လာပြီး သူနဲ့နေခဲ့ချင်သူတွေ နေခဲ့နိုင်တယ်။ ချန်ကေရှိတ် ဆ်ီပြန်ချင်သူတွေကို လေယဉ်နဲ့ပြန်ပို့ပေးမယ်ဆိုပြီး သူတို့ဆန္ဒတွေအတိုင်း လုပ်ဆောင်ပေးလိုက် ပါတယ်။ အောက်ခြေတပ်သားများကိုလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဒေသ ပြန်ချင်သူများကို ခရီးစရိတ်ထုတ်ပေးပြီး ပြန်လွှတ်ပေးပါတယ်။ တပ်သားအများစုဟာ ကျေး လက်ဒေသက လယ်သမားများပါ။ ကွန်မြူနစ်များက သူတို့သိမ်းပိုက်လိုက်တဲ့ ဒေသတွေမှာ -မြေယာဝေခြမ်းရေးတွေ လုပ် ထားပြီးပါပြီ။ ဒီနည်းနဲ့ ကူမင်တန်တပ်က လယ်သမားတွေ အိမ်ပြန်ကုန်ကြလို့ ကူမင်တန်တပ် အများအပြားလည်း ပြိုသွား ရတာပါ။

နောက်ဆုံးခန်း-၁၉၄၉ ခုနှစ် မတ်လထဲမှာ ပီကင်းမြို့ထဲဝင်လာတဲ့ ဥက္ကဋ္ဌမော် နဲ့ “ဗိုလ်ချုပ်ကြီးဖူဆိုယီ”  တို့ တွေ့တဲ့ အခန်း–ဇာတ်ကားရဲ့အထွတ်အထိပ်အခန်းပေါ့။ ဥက္ကဋ္ဌမော်ကို မြို့မိမြို့ဖများနဲ့ အတူတွဲပြီး “ဗိုလ်ချုပ်ကြီးဖူဆိုယီ” ကကြိုဆိုတာပါ။ မော်နဲ့ လက်ဆွဲနှုတ်ဆက်ရင်း ဖူက-ကျွန်တော့်လက်မှာ ကွန်မြူနစ်တွေ သွေးစွန်းနေပါတယ်။ ဝမ်းနည်းပါတယ်ခင်ဗျာ–လို့ တောင်းပန်စကားဆိုပါတယ်။ (ပြည်တွင်းစစ်ကာလကြီး အတွင်းတိုက်ပွဲများမှာရော -မြို့ပေါ်မှာ ဖမ်းမိတဲ့ မြေအောက်ရဲဘော် များကိုရော-ကူမင်တန်အစိုးရအနေနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုများကို ဆိုချင်တာပါ။)

မော်ကပြုံးပြီး–“ပြီးတဲ့ကိစ္စတွေမပြောကြစို့လားဗျာ။ နောင်မသတ်တော့ရင် ပြီးတာပါပဲ။ ခင်ဗျားပြုတဲ့ကောင်းမှုက ပိုကြီးပါ တယ်” တဲ့။ ဘဝင်ခိုက်သွားအောင်ပြောလိုက်တဲ့စကားပါပဲ။ (တကယ်တော့ ဒီပြည်တွင်းစစ်ကြီးအတွင်း မော်မိသားစု အတွင်း က မိသားစုဝင် (၇) ဦး ကျဆုံးခဲ့ပြီးပါပြီ။တချို့က တိုက်ပွဲများအတွင်းကျသွားတာဖြစ်ပေမဲ့ တချို့ကတော့ ဒေသခံ စစ်ဘုရင်များရဲ့ဖမ်းဆီးညှင်းပန်းနှိပ်စက်ခံရပြီးမှ အသတ်ခံသွားရတာပါ။)

ကြိုဆိုပွဲအခမ်းအနားအပြီး-စကားဝိုင်းဖွဲ့ပြောဆိုနေကြရာမှာ-မော်က-ဖူကို — “ခင်ဗျားရှေ့မှာဘာလုပ်ဖို့ စဉ်းစားထားပါသ လဲ” — လို့မေးပါတယ်။ ဖူက-“ကျွန်တော့်မွေးရပ်မြေကို ပြန်မယ်။ ကျွန်တော်တို့အရပ်မှာ ရေရှားပါးလို့ လယ်သမားတွေ သိပ် ဒုက္ခရောက်တယ်လို့ ဆိုကြတယ်။ အဲဒီကိစ္စလေးကို သွားဖြေရှင်းပေးချင်တယ်”– လို့ဆိုပါတယ်။ မော်က သူ့နဲ့ အတူတူထိုင် နေတဲ့–နောင်တက်မယ့်အစိုးရသစ်မှာ ဝန်ကြီးချုပ်ဖြစ်မယ့် ချိုအင်လိုင်းဘက်လှည့်ပြီး— “ကဲ-ဝန်ကြီး ချုပ်ကြီးရေ — ခင်ဗျား အတွက်တော့ လုပ်ဖော်ကိုင်ဖက်တယောက်ရပြန်ပြီ။ ရေနဲ့ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးဖူကို ယူပေ တော့”—လို့ဆို လိုက်ပါတယ်။ ဖူက–“ဒီလောက်ကြီးတဲ့ တာဝန်ကြီးမယူပါရစေနဲ့။ ကျွန်တော် အဲဒီဘာသာရပ်တွေလည်း သိပ်သိတာမဟုတ်ပါဘူး” — လို့ပြာပြာသလဲပြော ငြင်းပါတယ်။ မော်က ချိုအင်လိုင်းကိုပဲကြည့်ပြီး– တို့ပါတီထဲက ဒီဘာသာ ရပ်ကျွမ်းကျင်သူ ၂ ယောက်ကို သူ့လက်အောက်မှာ ဒုဝန်ကြီးတွေအဖြစ် ခန့်ပေးလိုက်ပါ လို့ဆိုပြီး အဆုံးအဖြတ်ပေးလိုက် ပါတယ်။

၁၉၄၉ ခုနှစ် အောက်တိုဘာ-၁-ရက်နေ့-တရုတ်ပြည်သစ်တည်ထောင်ကြောင်း ထျင်အန်မင်ပေါ်က မော် ကြေညာချိန်မှာ ဗိုလ်ရှုစင်ပေါ်မှာ “ဗိုလ်ချုပ်ကြီးဖူ” ကို တခြား ကွန်မြူနစ်ပါတီခေါင်းဆောင်များ-မျိုးချစ်ပြည်ချစ်ပုဂွိုလ်ကြီးများ၊  အထင်ကရ ဧည့်သည်ကြီးများနဲ့အတူ-ပြုံးပျော်ကြည်နူးစွာတွေ့ရပါတယ်။

နောက်ပိုင်းမှာလည်း ဖူကိုတရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဂရက် (အထက်လွှတ်တော်နဲ့သဏ္ဌာန်တူ) ရဲ့ ဒုဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခဲ့ပါတယ်။

ဒီလိုနည်းများနဲ့မော် ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်များဟာ နည်းသဏ္ဌာန်ပေါင်းစုံ (လိုအပ်ယင် အသက်ပါစွန့်ပြီး) ကူမင်တန် ဗိုလ်ချုပ်ကြီးတချို့ရဲ့မီးခဲပြာဖုံးမျိုးချစ်စိတ်ကို မရရအောင်ဖော်ထုတ်ပြီး ပြည်သူဘက်ကို ကူးပြောင်းလာစေခဲ့ပါတယ်။ စစ် ချည်းတိုက်ပြီး ချန်ကေရှိတ်ရဲ့ကူမင်တန်တပ်ကြီး ကိုချေမှုန်းအောင်မြင်ခဲ့တာမဟုတ်ပါဘူး။ ထို့အတူပဲ တရုတ်ပြည်သစ်ကို တည်ဆောက်ရာမှာလည်း ကူမင်တန်အစိုးရဟောင်းက လုပ်ရည်ကိုင်ရည်ရှိသူများကိုနေရာပေးပြီး တာဝန်တွေစိတ်ချယုံ ကြည် စွာပေးအပ်ခဲ့ပါတယ်။ တာဝန်အပေးခံရသူတွေကလည်း စိတ်သစ်ကိုယ်သစ် မျိုးချစ်ပြည် ချစ်စိတ်နဲ့ နိုင်ငံတော်သစ်နဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုသွားခဲ့တယ်။ သမိုင်းသင်ခန်းစာယူမယ်ဆိုယင်တော့ ယူနိုင်စရာတွေများပါတယ်။

လှကျော်ဇော
၇-၄-၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်