ဌေးအောင် – အရုဏ်ဦးကို ကြိုခဲ့သည်

April 12, 2016

 

ဌေးအောင် – အရုဏ်ဦးကို ကြိုခဲ့သည်

(ဒေါင်းအိုးဝေအတွဲ ၂၊ အမှတ် ၆၊ ဖေဖော်ဝါရီလ ၁၉၉၁)

(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) ဧပြီ ၁၂၊ ၂၀၁၆

(၁)

မှောင်မိုက်သော ညဖြစ်သည်။ လရောင်မရှိ ကောင်းကင်အပြည့်ကြယ်တို့ကလည်း အဝေး၌သာ မှုန်တိမှုန်ဝါး။ တံတိုင်း မြင့်ကြီးများပင်လျှင် အမှောင်ထုတွင်း၌ ပျော်ဝင်ရောစပ် နေသည်။ ပြီးတော့ တိတ်ဆိတ်ခြင်း။ သံချောင်းခေါက်သံတို့ဖြင့် အချိန်မှန်ပိုင်းခြားထားသော ပကတိတိတ်ဆိတ်ခြင်း။ အမှောင်နှင့်တိတ်ဆိတ်ခြင်း သြဇာအောက်၌ ညသည် သန်းခေါင်ယံသို့ ကျိုးနွံစွာချဉ်းကပ်နေသည်။ သံချောင်းခေါက်သံများ ပေါ်လာပြန်သည်။ တစ်ဆယ့်နှစ်ချက်စီ၊ အမှောင်၏အထွတ်အထိပ် တိတ်ဆိတ်ခြင်း၏ အနက်ရှိုင်းဆုံး ကာလ။ သို့သော် ဖြစ်မြဲအစဉ်နှင့်ဆန့်ကျင်လျှက် ထိုကာလ၏သက်တမ်းမှာ စက္ကန့်ပိုင်းအတွင်း ကုန်ဆုံးသွားသည်။ ရုတ်တရက်ပေါက်ကွဲ ထွက်လာသော…

“ကျောင်းသားမထိနဲ့ မီးပွင့်သွားမယ်”

“မတရားဖိနှိပ်မှု အလိုမရှိ”

“စစ်အစိုးရ ကျဆုံးပါစေ” ဟူသည့် ကြွေးကြော်သံများ ကချေဖျက်လိုက်၍ဖြစ်သည်။ ပြေးဝင်လာသော စစ်ဖိနပ်သံများ၊ ကြွေးကြော်သံများ၊ ရိုက်နှက်သံများ၊ ကွဲရှသံများ၊ စစ်ခွေးဟောင်သံများ၊ ငေါက်ကနဲအသက်ဝင်လာသော မီးမောင်း အလင်းတန်းများ။ အားလုံးပင် ၀ရုန်းသုန်းကား ဖြစ်နေတော့သည်။ ထိုနောက် မြေပြင်၌ ဒရွတ်တိုက် ဆွဲသွားသံများ၊ ဆဲဆိုသံများ၊ ရိုက်နှက်သံများ၊ သံတံခါးတခုပြီးတခု ဆောင့်ပိတ်သံများ၊ ဤအသံများ၏ ရွေ့လျားမှုများ။ အလင်းတန်းများ၏ ပေါင်းဆုံမှုနှင့် ပဋိပက္ခတွန်းအား ကြောင့် အမှောင်ထုနှင့်တိတ်ဆိတ်ခြင်းမှာ နောက်သို့သာ ဆုတ်ပြီးရင်းဆုတ်နေရသည်။

ခဏအကြာတွင် မလှမ်းမကမ်းမှ သင်္ကြန်တေးသံတစ ပျံ့လွင့်လာသည်။ သင်္ကြန်အကြိုနေ့၊ ကျိုးပဲ့နာကျင်နေသော လက်များဖြင့် ဦးခေါင်းတို့ထက်မှ စီးကျလာသော သွေးကြောင်း များကိုသုတ်ကာ သံတိုင်များကို အနိုင်နိုင်ဆုပ်ကိုင်ရင်း လှမ်းကြည့်မိကြသည်။ တံတိုင်းအထက် အရှေ့တနေရာ၌အနီရောင်ပွင့်ဖတ်များဖြင့် အာရုဏ်ဖူးပွင့် နေလေပြီ။

(၂)

၁၉၇၄…၁၉၇၅…၁၉၇၆ ထိုသုံးနှစ်သည် တက္ကသိုလ် ကောလိပ်သိပ္ပံနယ်မြေတို့၌ တိုက်ပွဲခေါ်သံများ ညံခဲ့သောကာလ ဖြစ်သည်။ ၇၄ ဒီဇင်ဘာ ဦးသန့်ဈာပနတိုက်ပွဲ၊ ၇၅ ဇွန် ကျောင်းသား-အလုပ်သမား သပိတ်တိုက်ပွဲ၊ ၇၆ မတ် မှိုင်းရာပြည့်တိုက်ပွဲ စသည်ဖြင့်စစ်အစိုးဆန့်ကျင်ရေးတိုက်ပွဲများ တခုပြီးတခု ဖော်ထုတ်ဆင်နွဲခဲ့သော ကာလဖြစ်သည်။ ဦးမညွတ်စတမ်း တဗိုလ်ကျတဗိုလ်တက် ဆင်နွဲခဲ့ကြခြင်းဖြစ်သည်။ ကျောင်းသားအချို့အသေခံ၍၊ ရာပေါင်းများစွာအဖမ်းခံ၍၊ ထောင်နှစ်ချီကာကျောင်းထုတ်ခံ၍ တိုက်ပွဲဆင် ခဲ့ကြခြင်းဖြစ်သည်။ အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ သရက်ထောင်၊ မန္တလေးထောင်၊ ဟင်္သာတထောင်များမှာ ကျောင်းသားတို့ဖြင့် စည်ကားနေသည်။

စစ်ခုံရုံးများမှာလည်း မအားလပ်နိုင်အောင် ထောင်ဒဏ်များကို တွင်တွင်ကြီးချမှတ်နေရသည်။ လေးနှစ်…ငါးနှစ်… ခြောက်နှစ်…ခုနှစ်နှစ်…ရှစ်နှစ်…ကိုးနှစ်…ဆယ်နှစ်…တသက်တကျွန်း။ ကျောင်းသားတို့ကလည်း အသနားမခံ၊ ကြွေးကြော်သံများ၊ တိုက်ပွဲဝင်သီချင်းများ၊ ရဲရဲတောက်မိန့်ခွန်းများဖြင့် ခုံရုံးထိုင်စစ်ဗိုလ်ကြီးများအား အရှက်ရစေ ခဲ့သည်။ ကျောင်းသားအများစုကို ချုပ်နှောင်သောနေရာကား အင်းစိန်ထောင်၊ စံပြအကျဉ်းထောင်။ မျက်နှာစာ၌ “စားဝတ်နေမှုလုံအောင်ပြု…လူရေးလူမှု ဒို့ရှေ့ရှု” ဟူသော ဧရာမဆိုင်းဘုတ်ကြီး ခန့်ညားစွာချိတ်ဆွဲထားသော အင်းစိန်ဗဟိုစံပြအကျဉ်းထောင်။

(၃)

၁၉၇၅ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နောက်ပိုင်း အင်းစိန်ထောင်၌ကျောင်းသား ၅၀၀ ခန့် အကျဉ်းကျခံနေရသည်။ ဦးသန့် ဈာပနတိုက်ပွဲမှ ရှစ်ဆယ်ခန့်၊ ၇၅ ဇွန်သပိတ်ပွဲ မှလေးရာကျော်။ အင်းစိန်ထောင်မကြီးရှိ အဆောင်(၃)၊ အဆောင်(၄)နှင့် အဆောင်(၅)တို့တွင် ခွဲ၍ထားသည်။ ဖမ်းဆီးထားသော ကျောင်းသားများအား ကိုယ်ကာယကော စိတ်ဓာတ်ပါ ဖျက်ဆီးပစ်ရန် ချိုးနှိမ်ရေးပေါ်လစီတရပ်ကို စစ်အစိုးရက စနစ်တကျချမှတ်ခဲ့သည်။ ဤတွင် ကျောင်းသားတို့၏ ထောင်တွင်းတိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။ ဧပြီ(၁၁) ထောင်တွင်းတိုက်ပွဲကား အပြင်းထန်ဆုံးပင်။

(၄)

ယင်းချိုးနှိမ်ရေးပေါ်လစီကို အင်းစိန်ထောင်အာဏာပိုင်တို့က ၁၉၇၅ ခုနှစ် သြဂုတ်လဆန်း၌ စတင်အကောင်အထည်ဖော် ပေးခဲ့သည်။ ရှေးဦးစွာ ၇၅ ဇွန် သပိတ်တိုက်ပွဲ ကြောင့် ဖမ်းဆီးထားသူများအနက်မှ အသက်နှစ်ဆယ်အောက်ကျောင်းသား ၁၂၃ ဦးကို ရွေးထုတ်ပြီး တွဲဖက်ထောင်သို့ပို့ခဲ့သည်။ တွဲဖက်ထောင်မှာ ထောင်မကြီးနှင့်ကပ်လျက် ထောင်ငယ်တခုဖြစ်သည်။ ၎င်းကျောင်းသားငယ်များအား အုတ်နှစ်ထပ်ဆောင် အမှတ်(၂)၌ ထားခဲ့သည်။ ထိုနောက် ကျေးကျွန်များသဖွယ် အလုပ်ကြမ်းများ လုပ်ခိုင်းခဲ့သည်။ စိုက်ခင်းများ၌ တနေကုန်အလုပ်လုပ်ကြရသည်။ အလုပ်ကြပ်(တန်းစီး)များအဖြစ် ရာဇ၀တ်အကျဉ်းသားများအားခန့်ထားပြီး ကျောင်းသားငယ်တို့အား ရက်ရက်စက်စက် ညှင်းပမ်း၊ အုပ်ချုပ်စေခဲ့သည်။

အနာရောဂါ သို့မဟုတ် ပင်ပန်းအားကုန်မှုကြောင့် အလုပ်ကောင်းစွာမလုပ်နိုင်လျှင် ကျွဲနွားများပမာ ရိုက်နှက်စေခိုင်းခြင်းခံရသည်။ ထမင်းလည်း ၀အောင်မစားရ၊ မသေရုံ တမယ် ပုံစံဖြင့်သာ စားရသည်။ ရေချိုးလျင် ပေါက်နေသော သစ်သားခွက်ဖြင့် လေးခွက်သာလောင်းရသည်။ လေမချွန်ရ၊ သီချင်းမဆိုရ၊ စကားကျယ်ကျယ်မပြောရ၊ တီးတိုးတိုင်ပင်ခြင်း မပြုရ၊ ဂျပိုးမသတ်ရ..စသည်ဖြင့်..။ ပြစ်ဒဏ်များကလည်းလူမဆန်။ ခွေးလိုအူရသည်၊ လေးဘက်ထောက်ပြီး အမှိုက်ကို ပါးစပ်ဖြင့် ကောက်ရသည်၊ မညှာမတာ အရိုက်ခံရသည်၊ အချို့ပြစ်ဒဏ်များမှာ ဖော်ပြ၍မဖြစ်နိုင်အောင် ယုတ်ညံ့လှသည်။ ဤသို့ဖြင့် ကျောင်းသားငယ်တို့မှာ ကြိုးတိုးကျဲတဲဆံပင်၊ သွေးပြည်တို့ ယိုထွက်ယောင်ကိုင်းနေသော ခြေလက်များ၊ နေလောင်မွဲခြောက်နေသောအသားအရေ၊ အ၀တ်အစား အစုတ်အပြဲ၊ ချိနဲ့နဲ့ခန္နာကိုယ်များဖြင့် လူရုပ်မပေါ်တော့ပေ။

(၅)

ထိုသို့ ကျောင်းသားငယ်များအား ဖိနိုပ်ချိုးနှိမ်ပြီး တလကျော်အကြာ စက်တင်ဘာ ဒုတိယအပတ်ထဲတွင် တဆင့်တက်လာတော့သည်။ အင်းစိန်ထောင်မကြီး အဆောင်(၃)မှ အသက်နှစ်ဆယ်အထက်ကျောင်းသား (၇၀)ခန့်အား တွဲဘက်ထောင် အဆောင်(၁) အောက်ထပ်သို့ ပြောင်းရွှေ့ခဲ့သည်။ အများစုမှာ ဦးသန့်ဈာပနတိုက်ပွဲမှ ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့အား ဘုတ်ကိုင်၊ တန်းစီး၊ ဘာယာ စသော အချင်းချင်းဖိနှိပ်ရေးရာထူးများပေးအပ်ကာ ပုံစံသွင်း ချုပ်ကိုင်ခဲ့သည်။ နောက်တနေ့တွင် အင်းစိန်ထောင်မကြီး အဆောင် (၄)နှင့် (၅)တို့မှ အသက်(၂၀) အထက်ကျောင်းသား (၇၆)ဦးကို တွဲဘက်ထောင်၊ အဆောင်(၁) အပေါ်ထပ်သို့ ပြောင်းရွှေ့ခဲ့ပြန်သည်။ အများစုမှာ ၁၉၇၅ ဇွန် ကျောင်းသား၊အလုပ်သမား သပိတ်တိုက်ပွဲ မှဖြစ်သည်။ ထိုကျောင်းသား (၇၆)ဦးသည် တွဲဘက်ထောင်သို့ စရောက်သည့်နေ့ ညဘက်တွင်ပင် လျှို့ဝှက်တိုင်ပင်ပြီး စစ်အစိုးရ၏ ချိုးနှိမ်ရေးပေါ်လစီအား ဆန့်ကျင်တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

(၆)

နောက်တနေ့နံနက်တွင် အပေါ်ထပ်မှဆင်းကာ အဆောင်ရှေ့၌တန်းစီကြရသည်။ ထောင်အမှုထမ်း (ထောင်အခေါ် ၀ါဒါ) တဦးက ခက်ထန်သောမျက်နှာထားဖြင့် ကြိမ်လုံး တချောင်းကို ၀င့်ကာဝင့်ကာ ဟန်ရေးပြလျှက် အလုပ်စည်းကမ်းများကို ရှင်းပြသည်။ ထို့နောက် စိုက်ခင်းဝင်ရန်အတွက် အဆောင်ဝင်းပြင်ပသို့ထွက်ရန် အမိန့်ပေးသည်။ ကျောင်းသား(၇၆)ဦးက “မတရားဖိနှိပ်မှုအလိုမရှိ” ဟု ကြွေးကြော်ပြီး အဆောင်အပေါ်ထပ်သို့ ပြန်တက်သွားသည်။

ကြိမ်တ၀င့်ဝင့်ဖြင့် မောက်မာနေသောအမှုထမ်းမှာ ပါးစပ်ဟောင်းလောင်းဖြင့် ကြောင်ကြည့်နေပြီး သတိပြန်ဝင်လာသော အခါ မျက်စိမျက်နှာအပျက်ပျက်ဖြင့် ထောင်ဘူးဝ ဘက်သို့ ပြေးသွားတော့သည်။

(၇)

အဆောင်အပေါ်ထပ်သို့ ရောက်သောအခါ၊ အေးဆေးစွာထိုင်နေကြသည်။

ခဏအကြာတွင် စစ်ထောက်လှမ်းရေးတပ်ကြပ်ကြီး (၃)ဦးနှင့်ထောင်ဝါဒါများ ပြေးတက်လာသည်။ တချို့က အပေါ်ထပ် အပြင်ဘက် စင်္ကြန်လမ်း (ထောင်အခေါ် ဘာယာလမ်း)၌နေရာယူလိုက်သည်။ သံတိုင်များကြားမှ သေနတ်ပြောင်းများ ထိုးသွင်းကာ ချိန်ရွယ်ထားသည်။ တပ်ကြပ်ကြီးများနှင့် တုတ်ကိုင်ထောင်ဝါဒါများက အခန်းတွင်းသို့ ဒေါသတကြီး ၀င်လာ သည်။ တပ်ကြပ်ကြီးတဦးက “အစိုးရကိုပုန်ကန်တဲ့ကောင်တွေ သေဖို့ပြင်ထား” ဟုကြိမ်းမောင်းသည်။ ကျောင်းသားများ က ဘာမှပြန်မပြော။ “မင်းတို့ခေါင်းဆောင် ဘယ်သူလဲ” ပြန်မဖြေကြ။ အခန်းတံခါးအနီး၌ ထိုင်နေသော ကျောင်းသားတဦးကို အတင်းဝင်ဆွဲသည်။ ကျောင်းသားအားလုံးဝုန်းကနဲထလိုက်ပြီး ထိုကျောင်းသားထံ ပြေးသွားကြသည်။

“မင်းတို့က ဒီလိုလား၊ သိကြသေးတာပေါ့ကွာ” ကြိမ်းမောင်းဆဲဆိုပြီး ပြန်ဆင်းသွားကြသည်။

(၈)

ဆယ်မိနစ်ခန့် ကြာသွားသည်။ ထိုနောက် ဗိုလ်ကြီးတဦးရောက်လာသည်။

“ငါ့..ညီတို့ ဘာဖြစ်ကြတာလဲ၊ ပြောစမ်းပါဦး” မြှောက်၍မရသဖြင့် ချော့လာသည်။ “မတရားဖိနှိပ်တဲ့ စည်းကမ်းတွေကို လက်မခံနိုင်ဘူး၊အလုပ်မလုပ်နိုင်ဘူး၊ ဒါပါပဲ” လိုရင်းကို ဖြေလိုက်သည်။

“အေး၊ ဒါဆိုရင် ကိုယ်စားလှယ်ရွေးကြကွာ၊ ဆွေးနွေးကြတာပေါ့`ဟုဆိုပြီး ဗိုလ်ကြီးပြန်သွားသည်။
ကျောင်းသားများက ကိုယ်စားလှယ်ငါးဦးရွေးသည်။ ၇၅ ဇွန်သပိတ်တိုက်ပွဲမှ (၄)ဦး၊ ဦးသန့်ဈာပနတိုက်ပွဲမှတဦး။ တွဲဘက်ထောင်ဗူးဝရှိ ထောင်မှူးရုံးခန်းသို့သွားရောက် ဆွေးနွေးရသည်။ ကျောင်းသားတို့ အခိုင်အမာရပ်တည်ဆွေးနွေးသဖြင့် ထောင်အာဏာပိုင်များလိုက်လျောရတော့သည်။ ဖိနှိပ်မှုစည်းကမ်းများကို ရုပ်သိမ်းပေးသည်။ အချင်းချင်းဖိနှိပ်အုပ်ချုပ်စေသောစနစ်ကို ဖျက်သိမ်းပေးသည်။ အလုပ်လုပ်စရာလဲ မလိုတော့၊ အနိုင်ရပြီးပြန်လာသော ကိုယ်စားလှယ်များကို အဆောင်(၁)မှ ကျောင်းသားများက ၀မ်းသာအားရကြိုဆိုကြသည်။ အောက်ထပ်ရှိ ကျောင်းသားများကလည်း အာဏာပိုင်တို့ စိတ်ကြိုက်ခန့်ထားသော လူကြီးများကို ဖြုတ်ချပစ်ပြီး၊ ၎င်းတို့စိတ်ကြိုက် ကိုယ်စားလှယ်(၃)ဦးကို ရွေးချယ်လိုက်ကြသည်။

(၉)

တိုက်ပွဲနိုင်ပြီး (၃)ရက်ခန့်အကြာတွင် ထောင်ဝင်စာတွေ့ရသည်။ နှစ်ပတ်တကြိမ် တနင်္ဂနွေနေ့၌ ထောင်ဝင်စာတွေ့ရသည်။ မလင်းတလင်း အခန်းငယ်တခု၌ သံဇကာ နှစ်ထပ်ခြားကာ မိဘဆွေမျိုးများကို တွေ့ရခြင်းဖြစ်သည်။ တွေ့ရသည့်အချိန်က (၁၅)မိနစ်သာ။ ဤအပတ်ထောင်ဝင်စာတွေ့ရန် ထောင်မကြီးသို့သွားရာတွင် ကျောင်းသားကြီး များနှင့် ကျောင်းသားငယ်များ အတူသွားကြရသည်။ထိုအချက်ကို အခွင့်ကောင်းယူပြီး ကျောင်းသားငယ်များ တိုက်ပွဲဝင်ရေးအတွက် စီစဉ်နိုင်ခဲ့သည်။

(၁၀)

နောက်တနေ့ တနင်္လာနေ့

ကျောင်းသားငယ်များ စိုက်ခင်းဆင်းရသည်။ အလုပ်ကြမ်းလုပ်နေခိုက် မိုးဖွဲလေးများကျလာသည်။ ကျောင်းသားငယ်များက ထမင်းဟင်းချက်ရာဖိုကြီး၌ မိုးခိုကြသည်။ ထိုအခါ အလုပ်ကြပ် ရာဇ၀တ်အကျဉ်းသားက ဆဲဆိုပြီး တုတ်ကိုင်ကာ ပြေးလာသည်။ ကျောင်းသားငယ်များသည် ကျောင်းသားကြီးများရှိရာ၊ အဆောင်(၁) ၀င်းအတွင်းသို့ ရုတ်တရက်ပြေးဝင်လိုက်ကြသည်။ ၎င်းတို့အား အောက်ထပ်သို့သွင်းကာ ကျောင်းသားကြီးများက အဆောင်ဝင်းတံခါးတွင် စုရုံးနေရာယူလိုက်သည်။ တပ်ကြပ်ကြီးများ သုတ်သုတ်ပြာပြာရောက်လာသည်။

“ဘာဖြစ်ကြတာလဲကွာ”
ကျောင်းသားကြီးများက ပြန်ဖြေသည်။

“ခလေးတွေလည်း အလုပ်မလုပ်နိုင်တော့ဘူး” ကျောင်းသားငယ်များက ၀ိုင်းအော်သည်။ “ဟုတ်တယ် ဟုတ်တယ်။ ငါ့တို့ အလုပ်မလုပ်နိုင်တော့ဘူး”

တပ်ကြပ်ကြီးများ စိတ်ပျက်သွားသည်။

“မင်းတို့ကလည်း အေးအေးဆေးဆေး ပြောရောပေါ့ကွာ” ဤမျှသာပြောပြီး ပြန်သွားသည်။ စစ်အစိုးရ၏ ချိုးနှိမ်ရေးပေါ်လစီကို ကျောင်းသားများက တိုက်ပွဲဆင်ရိုက်ချိုးပစ် ခဲ့လေပြီ။

(၁၁)

ထောင်နံရံတံတိုင်းများကြားခံ ပိတ်လှောင်ထားပြီး ဖိနှိပ်ညှင်းပမ်းခြင်းဖြင့် ကျောင်းသားတို့၏ယုံကြည်ချက်ကို နင်းခြေနိုင်မည်ဟု စစ်အစိုးရကအထင်ရောက်ခဲ့သည်။ ကျောင်းသားတို့က အညံ့မခံဘဲ ဆန့်ကျင်တိုက်ခိုက်ပြီး အောင်ပွဲယူလိုက်သောအခါ မတတ်သာ၍ အလျှော့ပေးခဲ့ရသော်လည်း ဒေါသချောင်းချောင်းထွက်ခဲ့သည်။ ကိုယ်စားလှယ်ငါးဦးအပါအ၀င်ကျောင်းသား(၁၂) ဦးတို့အား တိုက်ပိတ်ခြင်းဖြင့် အရှက်ပြေစေခဲ့သည်။ ချိုးနှိမ်ရေးပေါ်လစီကိုထပ်မံကျင့်သုံးရန် အစဉ်တစိုက် ချောင်းမြောင်း နေခဲ့သည်။ ၁၉၇၆ ခုနှစ် မတ်လကုန်ချိန်တွင်သတင်းတခုထွက်လာသည်။ ကျောင်းသားများကို လူစုခွဲကာ ရာဇ၀တ်အကျဉ်းသားများ အကြား၌ထားပြီးမဖြစ်မနေ အလုပ်ခိုင်းမည်။

(၁၂)

ယခုတကြိမ် တိုက်ပွဲနေရာကား အင်းစိန်ထောင်မကြီးအဆောင်(၃)ဖြစ်သည်။ အဆောင်(၃)မှာ အုတ်နှစ်ထပ်ဆောင် ဖြစ်သည်။ အပေါ်ထပ်တွင်ပေ (၁၁၀)ခန့်ရှည်သော အခန်းလေးခန်း၊ အောက်တွင်လေးခန်း၊ အုတ်နံရံများတွင် သံတိုင်ပြူ တင်းပေါက်များရှိသည်။အုတ်နံရံတဖက်၏အတွင်း၌ အခန်းအသီးသီးသို့ သွားနိုင်သော တောက်လျှောက် ဘာယာလမ်း ရှိသည်။ ဘာယာလမ်းနှင့်အခန်းများကို လေးနှစ်ပျဉ်ကတိုးတိုင်များ တန်းစီရိုက်၍ ခြားထားသည်။ အခန်းတခုနှင့်တခုအကြား၌ အုတ်နံရံရှိသည်။ အခန်းတခန်း လျှင် သစ်သားတံခါးမ နှစ်ခုစီရှိသည်။ နေ့ခင်းဘက်တွင်အဆောင်ဝင်းတံခါးမကြီး၊ အပေါ်ထပ်သို့ဝင်သောတံခါးနှင့် အောက်ထပ်သို့ဝင်သောတံခါးများကိုဖွင့်ထားသည်။ အခန်းတံခါးများကို အပြင်မှ ကလန့်ထိုးကာ ပိတ်ထားသည်၊ သော့များခတ်ထားခြင်းမရှိ။

(၁၃)

၁၉၇၆ ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့၊ နံနက် (၁၁) နာရီခန့်တွင် ကျောင်းသားသုံးဦးကို ထောင်အမှုထမ်းများလာခေါ်သည်။ အောက်ထပ် အခန်း(၇)မှ တဦး၊ အပေါ်ထပ်အခန်း(၄)မှနှစ်ဦး၊ အားလုံး ဦးသန့်ဈာပနတိုက်ပွဲမှဖြစ်သည်။ မည်သည့်နေရာသို့ပို့မည်ကိုမပြော၊ ထိုကြောင့် ရာဇ၀တ်ထောင်များသို့ပို့လျှင် ပြန်ပြေးလာရန်၊ အခြေအနေမပေးပါက ဖြစ်သည့်နည်းနှင့် အကြောင်းကြားရန် မှာလိုက်ရသည်။ ထို့နောက် သံတိုင်ပေါက်မှ လက်ထုတ်၍ မှန်တချပ်ထောင်ကာအဆောင်တံခါးမကြီးကို စောင့်ကြည့်နေသည်။ ကျောင်းသားသုံးဦး အဆောင်ဝင်းပြင်ပသို့ ထွက်သွားသည်။မကြာမီ ကျောင်းသားနှစ်ဦး ပြန်ပြေးဝင်လာသည်။

ကျောင်းသားတဦးက အောက်ထပ်အခန်း (၆) တံခါးကို ဆွဲဖွင့်လိုက်သည်၊ အခန်း(၆)မှ ကျောင်းသားသုံးဦး ပြေးထွက်လာသည်။ ထိုနောက် ငါးဦးစလုံး အခန်း(၇) အတွင်းသို့ဝင်လာသည်။

အောက်ထပ် အခန်း(၇)၌ ကျောင်းသား ၃၂ ဦးဖြစ်သွားသည်။၇၅ ဇွန် သပိတ်တိုက်ပွဲမှ (၂၉)နှင့် ဦးသန့်ဈာပနတိုက်ပွဲမှ (၃)ဦး။ ချက်ချင်းပင် ထောင်မှူးနှင့်ထောင်ဝါဒါ များ ရောက်လာသည်။ ထောင်ပိုင်အားခေါ်ပေးရန် ကျောင်းသားများက တောင်းဆိုသည်။ ထောင်မှူးက၎င်းနှင့်ဆွေးနွေးရန် တောင်းဆိုသည်။ ကျောင်းသားများက လက်မခံ။ ယခုကဲ့သို့ မတရား ဖိနှိပ်မှုများကိုဆန့်ကျင်ကြောင်း၊ ထောင်ပိုင်နှင့်သာ ဆွေးနွေးလိုကြောင်း ထပ်ပြောသည်။ ထောင်မှူးတို့ပြန်သွားကြသည်။ အခန်း(၇)ရှိကျောင်းသားများက ကျန်အခန်းများရှိ ကျောင်းသားများ၊ အလုပ်သမားများနှင့် ဆက်သွယ်သည်။ တိုက်ပွဲဝင်ရန် အတွက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။ ညဘက်တွင် အလှည့်ကျ ကင်းစောင့်၍အိပ်ကြသည်။

(၁၄)

၁၉၇၆ ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့သည် တနင်္ဂနွေနေ့ဖြစ်သည်။ ထောင်ဝင်စာတွေ့ရမည့်ရက် နံနက်(၈)နာရီခန့်တွင် ရေချိုး ရန် တံခါးလာဖွင့်ပေးသည်။ ကျောင်းသားများက သုံးစုခွဲကာ တလှည့်စီရေချိုးသည်။ ၉ နာရီလောက်တွင် ကျောင်းသား အချို့အား ထောင်ဝင်စာတွေ့ရန်လာခေါ်သည်။ ကျောင်းသားများကမလိုက်၊ ထောင်ဝင်စာ သွားတွေ့ပြီး အပြန်၌ အဆောင် ပြန်မပို့ဘဲ တိုက်ပိတ်လိုက်လျှင်တိုက်ပွဲပြိုကွဲသွားမည်။ ပြင်ပမှစောင့်နေရှာမည့် မိဘဆွေမျိုးများအတွက် စိတ်မကောင်းဖြစ်ကြရသော်လည်း မတတ်နိုင်၊ ငြင်းလိုက်ရသည်။ ထိုအခါ ထောင်အာဏာပိုင်များ ပြဿနာတက်တော့သည်။ မိဘဆွေမျိုး များက ကျောင်းသားများအား ခေါ်ပြရန် အရေးဆိုသည်။ မိမိတို့သားသမီးများ မရှိတော့၍သာ သို့မဟုတ် ဒဏ်ရာအပြင်း အထန်ရနေ၍သာ ထွက်မတွေ့နိုင်ဟု ယူဆကြသည်။ တိုက်ပွဲသတင်းကလည်း ထောင်ပြင်ပအထိပြန့်ထွက်နေပြီ။ မိဘ အချို့ ငိုယိုကြသည်။ ထောင်အာဏာပိုင်များ၏ ပြောစကားကို မယုံကြ။ အခက်တွေ့နေသော အာဏာပိုင်များက အကြိမ် ကြိမ်လာခေါ်သည်။ ကျောင်းသားတို့က ငြင်းမြဲငြင်းသည်။ ညနေ(၆)နာရီခန့်တွင် လူထွက်မတွေ့လိုက ပစ္စည်းယူရန်နှင့် ပစ္စည်းရရှိကြောင်း လက်မှတ်ထိုးပေးရန် လာရောက်ညှိနှိုင်းသည်။ ကျောင်းသားများကသဘောတူလက်ခံခဲ့သည်။ ပစ္စည်းများရရှိပြီးသည့်အခါ အခန်းတံခါးနှစ်ခုကို အတွင်းဖက်မှအသေပိတ်ရန် စီစဉ်သည်။ တပေါက်သာပိတ်နိုင်ခဲ့သည်။ မကျိုးမပဲ့စေရန် ရော်ဘာဘိနပ်များကို လက်ဖျံများ၌ကပ်စည်းထားကြသည်။ အင်္ကျီ သုံး-လေးထည် ထပ်ဝတ်ကြသည်။ ပစ္စည်းများ အဆင့်သင့်ထုပ်ပိုးထားသည်။ ရသမျှအုတ်ခဲပိုင်းများကို စုထားသည်။ ည ၁၀ နာရီခန့်တွင် ကင်းစောင့်အလှည့်ကျသူများ မှအပအိပ်ကြသည်။

(၁၅)

ထ ထ လာနေကြပြီ

ကင်းစောင့်နေသူများက လိုက်နှိုးသည်။ အိပ်ယာမှ ကမန်းကတန်းထကြပြီး တံခါးပေါက်များတွင် လူခွဲကာ နေရာယူလိုက်သည်။

ဒေါက် ဒေါက် ဒေါက် ဒေါက်

ဘိနပ်သံများနှင့်အတူ ထောင်ပိုင်ထောင်မှူးများ၊ ထောင်ဝါဒါများ၊ ဘာယာလမ်းအတိုင်း ၀င်ရောက်လာကြသည်။ အုတ်နံရံ သံတိုင်များဘက်သို့ ကြည့်လိုက်အသောအခါ စစ်ခွေးများ၊ ထောင်ဝါဒါများ၊ နောက်ဖက်တွင် လှံစွပ်တပ် ဂျီသရီးသေနတ်ကိုင်စစ်သားများ၊ အရက်နံ့တထောင်းထောင်းဖြင့် (၁၀)ရက်နေ့ကစ၍ ထောင်ဝါဒါများအား အိပ်ပြန်ခွင့်မပေးဘဲ စုထားသည်။ ထိုနောက် အရက်မူးအောင်တိုက်ကာ နံပါတ်တုတ်များထုတ်ပေးသည်။ အိမ်မပြန်ရ၍ ဒေါသထွက်နေသော၊ မှုးရူး နေသော တုတ်ကိုယ်စီ ကိုင်ထားသော ထောင်ဝါဒါများ စုစုပေါင်းသုံးရာကျော်။

ထောင်ဗူးများမှသံချောင်းခေါက်သံ တဆယ့် နှစ်ချက်စီထွက်ပေါ်လာသည်။

(၁၆)

ဘာယာလမ်းတလျှောက်တွင် ထောင်ဝါဒါများ ပြည့်ကြပ်နေသည်။ အချို့က အခန်းတံခါးကို ဆွဲဖွင့်နေသည်။ ဖွင့်၍မရ။

“တံခါးမဖွင့်နဲ့၊ အေးအေးဆေးဆေး ဆွေးနွေးပါ” ကျောင်းသားများက မေတ္တာရပ်ခံသည်။ လက်မခံ။ တဒုန်းဒုန်း တဒိုင်းဒိုင်း ထုရိုက်ကာ ဆက်ဖွင့်နေသည်။

“ခင်ဗျားတို့ တံခါးမဖွင့်နဲ့၊ ကျွန်တော်တို့ကသေလူပဲ၊ ခင်ဗျားတို့ဝင်လာရင် ခုခံရလိမ့်မယ်” ကျောင်းသားများက သတိပေး သည်။ မရ၊ တံခါးများကိုသာ အတင်းဖွင့်နေကြသည်။ ထိုအခါ ကြွေးကြော်သံများကို တိုင်လိုက်သည်။

“ကျောင်းသားမထိနဲ့ မီးပွင့်သွားမယ်”

“မတရားဖိနှိပ်မှု အလိုမရှိ”

“စစ်အစိုးရ ကျဆုံးပါစေ”

အခြားအခန်းများကလည်း ထိုကြွေးကြော်သံများအတိုင်းလိုက်အော်သည်။ အဆောင်(၃) တခုလုံးမှာ ကြွေးကြော်သံများဖြင့် တုန်ခါနေသည်။ ထိုအခိုက် တခါးတချပ် ၀ုန်းကနဲ ပွင့်သွားသည်။

(၁၇)

တံခါးပွင့်သွားသည်နှင့် ထောင်ဝါဒါတဦး ခုန်ဝင်လာသည်။ နဖူး၌ အုတ်ခဲပိုင်းထိပြီး ခွေကျသွားသည်။ နောက်ထပ်ဝင်လာကြပြန်သည်။ ကျောင်းသားများကရှိသမျှ အုတ်ခဲကျိုးများ၊ ပုလင်းများဖြင့် ပစ်ပေါက်ကြသည်။ အခန်းဝ၌ပင် ထောင်ဝါဒါ တဦးပြီးတဦးလဲကျသွားသည်။ အခန်းတခုလုံးမှာ ဖုန်မှုန့် သဲမှုန့်များဖြင့် မှိုင်းမှုန်နေသည်။ ကြွေးကြော်သံများ ကလည်း အဆက်မပြတ် ဟစ်ကြွေးနေဆဲ။ ကျောင်းသားများ၌ ပစ်ပေါက်စရာ ဘာမှမရှိတော့။ ထောင်ဝါဒါများ အလုံးအရင်းဖြင့် ပြေးဝင်လာပြီး ရိုက်နက်ကြတော့သည်။ ကျောင်းသားတဦးပြီးတဦး လဲကျသွားသည်။ ထောင်ဝါဒါများမှာ လဲကျနေသော ကျောင်းသားများပေါ်သို့ တက်ခုန်သူကခုန်၊ သိမ်းကြုံးကန်သူကကန်၊ ငါးဖယ်တေသကဲ့သို့ တုတ်ဖြင့် ရိုက်သူကရိုက်၊ အလူးလူး အလိမ့်လိမ့်ဖြစ်နေသော ကျောင်းသားတို့၏သွေးများဖြင့် အခန်းကြမ်းပြင်မှာ နီရဲနေသည်။

(၁၈)

ထိုနောက် သတိလစ်နေသော ကျောင်းသားများအား ခြေထောက်မှကိုင်ကာ ဒရွတ်တိုက်ဆွဲထုတ်ကြသည်။ ဘာယာလမ်း၌ သွေးစွန်းကြောင်းကြီး ပေါ်လာသည်။

အပေါ်ထပ်ရှိ ကျောင်းသားများက ကြွေးကြော်သံတိုင်နေဆဲ၊ ကျောင်းသားများကို စစ်ခွေးတိုက်အထိ ဆွဲသွားသည်။ စစ်ခွေးတိုက်မှာ အဆောင်(၃)နှင့် ကိုက်လေးရာခန့် ဝေးသည်၊ အင်းစိန်ထောင်အတွင်း ချောင်ကျသောအစွန်တနေရာ၌ ရှိသည်။ စစ်ခွေးများသားဖေါက်သော အခန်းဆယ်ခန်းပါတိုက်ဖြစ်ပြီး ယခင်ကလူမထားဖူးပေ။ စစ်ခွေးတိုက်သို့သွားသော လမ်းတလျှောက် ဘယ်ညာတွင် ထောင်ဝါဒါများ တန်းစီစောင့်နေသည်။ အလယ်မှဖြတ်ဆွဲလာသော ကျောင်းသားများအား ကန်ကြ၊ ရိုက်ကြ၊ ထိုးကြိတ်ကြဖြင့် စိတ်ကြိုက်နိုပ်စက်နေကြသည်။ ကျောင်းသားတို့၏ ဦးခေါင်းများ၊ နဖူးများ၊ မေးများ ကွဲကုန်သည်၊ လက်များ၊ နှာခေါင်းများကျိုးကြေသွားသည်။

စစ်ခွေးတိုက်သို့ရောက်သောအခါ အောက်ခံဘောင်းဘီပါမကျန် အ၀တ်အစားအကုန်ဆွဲချွတ်ပြီး တိုက်ခန်းများ ထဲသို့ ကန်ထည့်သည်။ အခန်းထဲ၌ ဖျာမရှိ သောက်ရေအိုးမရှိ၊ ဒဏ်ရာအပြင်းအထန်ရထားသော ကျောင်းသားများမှာ ခွေးအမွှေးများဖြင့်ညစ်ပေနေသော သံမံတလင်းပေါ်တွင် သတိရတချက်၊ မရတချက်။ သို့သော် တောင်းပန်သံမကြားရ၊ ညည်းညူအော်ဟစ်သံမထွက်၊ အံကြိတ်ခံကြသည်။ အတွေးတခုသာရှိသည်။ “ငါတို့နိုင်တယ်၊ သေသွားရင်လဲ နိုင်တာပဲ။ သေတဲ့လူကိုဘယ်လို အလုပ်ခိုင်းမလဲ။”

(၁၉)

ဤတိုက်ပွဲတွင် ကျောင်းသား (၃၂)ဦးအနက်မှ (၂၇)ဦးအပြင်းအထန် ဒဏ်ရာရသည်။ အသက်ပြင်းလွန်း၍သာ မသေကြ။ စစ်အစိုးရက ချိုးနှိမ်ရေးပေါ်လစီကို ရုပ်သိမ်းလိုက်ရ သည်။ အင်းစိန်ထောင်ကဲ့သို့သော ဖိနှိပ်ရက်စက်မှု ပြင်းထန်လွန်းသည့်နေရာ၌ ဤမျှဆိုးဝါးလှသောအခြေအနေတွင် ကျောင်းသားတို့ ပြတ်သားစွာရပ်တည် တိုက်ပွဲနိုင်ခဲ့ကြ သည်မှာ မည်သည့်အတွက် ဖြစ်သနည်း။ အချက်နှစ်ချက်ကြောင့် ဖြစ်သည်။ စစ်အစိုးရလက်အောက် မြန်မာနိုင်ငံရှိနေရာတိုင်းသည် စစ်မြေ ပြင်ဖြစ်သည်၊ ရောက်ရာအရပ်၌ တိုက်ပွဲရှိသည်၊ တိုက်ပွဲဝင်ရမည်။ ကျောင်းတက်နေလျှင် ကျောင်းထဲ၌၊ စစ်ခုံရုံးသို့ရောက်လျှင် ခုံရုံးရှေ့၌၊ ထောင်ကျလျှင် ထောင်တွင်း၌၊ ဆက်ကာဆက်ကာတိုက်ပွဲဝင်ရမည်။ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ရမည်။ ဤသို့ခံယူခဲ့ကြသည်။ ထို့ပြင်ပြည်သူကိုယုံကြည်ခဲ့သည်။ အနာဂတ်ကိုယုံကြည်ခဲ့သည်။ စစ်အစိုးရ၌ လက်နက်ကိုင်ကြေးစား မည်မျှရှိစေကာမူ ၎င်း၏အားကောင်းမှုမှာ ယာယီဖြစ်သည်၊ စစ်အစိုးရ၌ အနာဂတ်မရှိ။ ရေရှည်၌၊ အနာဂတ်၌၊ နောက်ဆုံး၌ ပြည်သူတို့သာ အောင်ပွဲခံရမည်။ သေရမှာကို တွေးစရာမလို၊ ရောက်ရာအရပ်၌ တာဝန်ကျေပွန်ရေးသာအဓိကဖြစ်သည်။ မိမိတို့သေသွားသည့်တိုင် ကောင်းသောအစဉ်အလာများကို ထိန်းသိမ်းရင်း တော်လှန်ရေးက ရှေ့သို့သာ ချီတက်သွားလိမ့်မည်။ စစ်အစိုးရကို ပြည်သူလူထုက လက်စားချေလိမ့်မည်။ မိမိတို့၏တိုက်ပွဲ၊ မိမိတို့၏ စွန့်လွှတ်မှုများဖြင့် အနာဂတ်အောင်ပွဲကို ကြိုဆိုရမည်။ မိမိတို့၏ အသက်သွေးဖြင့် ပြည်သူ့ခေတ်အရုဏ်ဦးကို ကြိုရမည်။ ကျောင်းသားတို့က ဤသို့ယုံကြည်ခဲ့သည်။

ဤယုံကြည်ချက်ဖြင့် ရန်သူကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ ဤယုံကြည်ချက်ကြောင့်ပင် တိုက်ပွဲများနိုင်ခဲ့သည်။

(၂၀)

အင်းစိန်ထောင်သည် အမှောင်နှင့်တိတ်ဆိတ်မှုအောက်၌၀ပ်စင်းနေသည်။ အမှောင်နှင့်တိတ်ဆိတ်ခြင်း၊ ဤသံသရာသည် ထာဝရသဘော ဆောင်တော့မယောင်ဖြစ်နေသည်၊ အမှောင်နှင့်တိတ်ဆိတ်ခြင်း။ သံချောင်းခေါက်သံများ။ ယခုအကြိမ်၌ တဆယ့်နှစ်ချက်စီ၊ သို့သော်အမှောင်နှင့်တိတ်ဆိတ်ခြင်းမလာတော့။ ကြွေးကြော်သံများက တိတ်ဆိတ်ခြင်းကို မောင်းထုတ်လိုက်သည်။ အမှောင်ထုအောက်၌ သွေးစီးကြောင်းများ ပေါ်လာသည်။ အလင်းတန်းများ၊ မီးရောင်များ၊ ဟို ဒီ လှုပ်ရှားနေသည်။

အတန်ကြာသောအခါ သင်္ကြန်တေးသံတစ ပျံ့လွင့်လာသည်။သင်္ကြန်အကြိုနေ့ပါလား။ သင်္ကြန်ကို ကြိုခွင့်မရ၊ နှစ်သစ် ကိုလည်း ကြိုခွင့်မရ၊ သံတိုင်များကိုအနိုင်နိုင်ဆုပ်ကိုင်ရင်း လှမ်းကြည့်မိကြသည်။ တံတိုင်းအထက် အရှေ့တနေရာ၌ အနီရောင်ပွင့်ဖတ်များဖြင့် အာရုဏ်ဖူးပွင့်နေသည်။ အာရုဏ်ဦးကိုတော့ ကြိုနိုင်ခဲ့လေပြီ။

(ဌေးအောင်)

ဒေါင်းအိုးဝေအတွဲ ၂၊ အမှတ် ၆၊ ဖေဖော်ဝါရီလ ၁၉၉၁။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ခေတ်ပြိုင်အတွေ့အကြုံ

One Response to ဌေးအောင် – အရုဏ်ဦးကို ကြိုခဲ့သည်

  1. Htwe on April 13, 2016 at 6:09 am

    We need to find them out who are those people. If you know their name please write them !
    Thanks for the article.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်