ငြိမ်းချမ်းအေး – လူအချင်းချင်း ရှိခိုးရခြင်း ကင်းဝေးပါစေ

April 14, 2016

 

ငြိမ်းချမ်းအေး – လူအချင်းချင်း ရှိခိုးရခြင်း ကင်းဝေးပါစေ

(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အသစ် ဦးဖြိုးမင်းသိန်းရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာက ဓာတ်ပုံ တပုံကို တွေ့မိ ရင်း အုပ်ချုပ်သူ လူတန်းစားကို လက်အုပ်ချီ ကန်တော့ရတဲ့ အကျင့်ဆိုးကြီးကြီး မျက်မှောက် ဒီမိုကရေစီခေတ်သစ်၊ စနစ်သစ်၊ အစိုးရသစ် အထိတောင် အမြစ်တွယ်နေတုန်းပါ့လား တွေးမိတယ်။

မနှစ် နှစ်အကုန်တုန်းက ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေတုန်းမှာ ကိုယ်စားလှယ် တယောက်က လက်အုပ်ချီ နှုတ်ဆက်တာကို “မိတ်ဆက်တဲ့လူတွေ လက်အုပ်ချီစရာမလိုပါဘူး။ ဒီအထဲမှာ ဘုန်းကြီး တပါးမှ မပါဘူး..”  လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်ဆိုတဲ့ စကားကိုလည်း သတိရတယ်။  ဒီစကား၊ ဒီလက်ကိုင် တရားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ နောက်လိုက်များ အမှန်အကန် လိုက်နာကျင့်သုံးကြရင် ကောင်းမယ်လို့ ဆိုချင်ပါတယ်။  ဒီမိုကရေစီ အစိုးရတရပ်အနေနဲ့ အုပ်စိုးသူ၊ အုပ်စိုးခံ မရှိ ပြည်သူနဲ့ တပြေးညီ တသားတည်း ဖြစ်ရမယ့် အခြေခံစိတ်နှလုံးနဲ့ အတွေးအခေါ်ကို လက်တွေ့ မျက်မှောက် ပြုစေချင်တယ်။

တကယ်တော့ လူနဲ့လူချင်း ရှိခိုးကန်တော့ရခြင်းဟာ မြန်မာ့ရိုးရာ နှုတ်ဆက်တဲ့ ဓလေ့လား ဆိုတာ နဝတ၊ နအဖ ခေတ်ကြီးပြင်းတဲ့ လူငယ်၊ လူရွယ်တွေကြားမှာ ဝေဝါးစရာဖြစ်နေတာ ကြာခဲ့ပါပြီ။  ဟိုအရင် အင်္ဂလိပ်သူ့ကျွန်ဘဝခေတ် စနစ်မှာလည်း အုပ်စိုးသူ၊ ဖိနှိပ်သူ မင်းအစိုးရ အာဏာပိုင်များကို ဘုရားထူး၊ ရှိခိုးရတဲ့ ဓလေ့ဟာ ကြိုးနီစနစ် အခွင့်ထူးခံ ဗြူရိုကရက်များ ကြီးစိုးခြင်းနဲ့ အတူ အထက်-အောက် အစိုးရယန္တရား အဆင့်ဆင့်မှာ တည်ရှိခဲ့ဖူးတယ်။  စာရေးဆရာ သိန်းဖေမြင့်ကို သူ့အဖေက အင်္ဂလိပ်ကျောင်းထားပေးခဲ့ခြင်းဟာ သူ (ဖခင်) မြေတိုင်းစာရေးဘဝမှာ လာသမျှ မြေတိုင်းဗိုလ် ဝန်ထောက် အရာရှိမင်းဆိုသူတွေကို လက်အုပ်ချီ၊ ဘုရားထူးခဲ့ရလို့၊  ငါ့သား ပညာတတ်၊ ဘွဲ့ရ၊ ဝန်ထောက်ဗိုလ်ဖြစ်ရင် ဘုရားထူး လွတ်မှာပဲဆိုပြီး အဲဒီစိတ်၊ မျှော်မှန်းချက်နဲ့ အင်္ဂလိပ်ကျောင်းပို့ခဲ့ခြင်းဖြစ်တယ်လို့ ဆရာသိန်းဖေမြင့် က စာတပုဒ်မှာ တခုတ်တရ ထည့်ရေးဖူးခဲ့တယ်။

ကိုလိုနီခေတ်တလျှောက်လုံး ကျောင်းတွေမှာ၊ အစိုးရဌာနတွေမှာ ဒီ လက်အုပ်ချီ ပြဿနာဟာ အတော် အငြင်းပွားဖွယ် ဖြစ်ခဲ့တယ်။  မြန်မာပညာရှင်ကြီးများ ဆွေးနွေးပွဲတွေ လုပ်ခဲ့ရတယ်။  မတူကွဲပြားတဲ့ လက်အုပ်ချီခြင်း ပုံစံ၊ စနစ်၊ အနှစ်သာရတွေကို ထောက်ပြဝေဖန်ခဲ့ကြရတယ်။  အုပ်စိုးသူ ရှင်ဘုရင်ဟာ မင်းကျင့်တရားနဲ့ ညီမှသာ အရိုအသေပြုခံထိုက်ကြောင်း၊ ဒါတောင်မှ အရိုအသေပြုရပုံနဲ့သဘောဟာ အနန္တော အနန္တ ငါးပါးအပေါ် ပြုမူရပုံနဲ့ ကွာခြားကြောင်းတွေကို ရှေးမြန်မာကြီးများ ကျွန်သဘောက်ဘဝမှာ အာခံတန်ပြန် အသံတွေ ထွက်ခဲ့ကြရဖူးပါတယ်။

မည်သို့ဆိုစေ မြန်မာလူမျိုးများဟာ ရှေး သက်ဦးဆံပိုင် အာဏာရှင် ပဒေသရာဇ်ခေတ်မှာကတည်းက မင်းစိုးရာဇာရဲ့ ဓားကို ကြောက်လို့ အရိုအသေပေး လက်အုပ်ချီ ဦးညွတ်ခဲ့ရစေဦး၊  အခြေခံသဘောမှာတော့ လူမှုဓလေ့တွေမှာ တရားလွန် ဟန်လုပ် ရိုကျို့ယဉ်ကျေးပြတတ်တဲ့ လူမျိုးမဟုတ်ကြေင်းကတော့ သမိုင်းထင်ရှားခဲ့ပါတယ်။  ဟန်လုပ်ယဉ်ကျေးပြပြီး ‘Thank you’ တို့ ‘Please’ တို့ ခဏ ခဏ ဆိုတတ်တဲ့ လူမျိုးလည်း မဟုတ်ပါဘူး။  စိတ်ထဲက နှစ်လိုတဲ့ ယဉ်ကျေးမှု ကိုယ်နှုတ်အမူအရာရှိပြီးဖြစ်လို့ အပေါ်ယံယဉ်ကျေးပြ၊ အလွန်အကျွံ အောက်ကျို့ပြတာမျိုးတွေကို နေ့စဉ်လူမှုဓလေ့မှာ ရိုးရာသဘောအရ ပြုလုပ်လေ့မရှိပါဘူး။

ဒါပေမဲ့ လူနဲ့လူချင်း ဖိနှိပ်၊ စာနာထောက်ထားမှုမဲ့၊ လူသားဆန်မှုမရှိ၊ လူသားတရားကင်း၊ တရားလွန် အရိုအသေခံ၊ အထက်-အောက် နိုင့်ထက်စီးနင်းလုပ်၊ ကြီးနိုင်ငယ်ညှဉ်းပြု စတဲ့ ဓလေ့ဆိုးတွေ အရိုးစွဲနေတဲ့ စစ်အာဏာရှင်စနစ် တိုင်းပြည်မှာ ရာစုဝက်အမြစ်တွယ်ပြီးနောက် အခုမျက်မှောက်ခေတ်မှာတော့ လူအချင်းချင်း လက်အုပ်ချီ အရိုအသေမပေးသူက မြန်မာ့ယဉ်ကျေးမှု မရှိသူအဖြစ် တလွဲထင်မြင်ယူဆခံထိနေရပါပြီ။  ရုပ်မြင်သံကြား သတင်းတက်ဆက်မှုတွေမှာ၊ သတင်းကြေညာသူတွေမှာ၊ ဟိုဟိုဒီဒီလူမှုဘဝတွေမှာ၊ စီးပွားလုပ်ငန်ကြော်ငြာတွေမှာ ဟန်လုပ် တည်ဆောက်ထားတဲ့ လက်အုပ်ချီပုံရိပ်တွေ နေရာယူ ပျံ့နှံ့ကျယ်ပြန့်နေပါပြီ။

 

(အွန်လိုင်းလူမှုကွက်ရက်တွင် တွေ့နေရသော အစိုးရအဖွဲ့ဝင်များ၏ ဆက်စပ် ဓာတ်ပုံများ)

 

 

 စဉ်းစားကြည့်ကြပါ။  အခုလူအများ ဇွတ်လုပ်ပြကြရတဲ့  “မင်္ဂလာပါ” နှုတ်ခွန်းဆက် လက်အုပ်ချီပြီး မြန်မာအစစ်ဖြစ်လျက် မြန်မာစကားအသံထွက်ကို ပီသအောင် မထွက်တတ် မထွက်နိုင်တာမျိုးလို၊ ကာလံ ဒေသံ၊ လူပုဂ္ဂိုလ်၊ ရဟန်း၊ သံဃာ လူကြီး လူငယ် ဆွေမျိုး၊ အဖေဘက်၊ အမေဘက် သင့်တင့်လျောက်ပတ်တဲ့ မြန်မာစကား မသုံးတတ်တာကမှ ပိုလို့ မြန်မာယဉ်ကျေးမှု ယုတ်လျော့ရာ ရောက်ပါသေးတယ်။  မူလကိုယ့်ယဉ်ကျေးမှု လူမှုထုံးတမ်းမှာလည်း မရှိတဲ့၊ လူလူချင်း နှိမ်ချ ခွဲခြား လူ့ဂုဏ်သိက္ခာကို ထိပါးတဲ့၊ ခိုင်းလို့ ကြောက်လို့ အကျိုးမျှော်လို့ စီးပွားကြောင့် ဥစ္စကြောင့် ရာထူးကြောင့် မဖြစ်မနေ လုပ်နေရတဲ့ လက်အုပ်ချီ ရှိခိုးဓလေ့လို မလျော်ကန်တဲ့ အပြုအမူ မကျင့်သုံး မပြုလုပ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျ ယုတ်လျော့စရာ အကြောင်းမရှိပါဘူး။

အားလုံးသိကြတဲ့ အတိုင်း မြန်မာ (ဗမာ) တွေ ကာလ၊ ဒေသ မရွေး လက်အုပ်ချီ အရိုအသေပေးခြင်းဟာ ဗုဒ္ဓမြတ်စွာဘုရားနဲ့ ဘုရားရဲ့ သားတော် ရဟန်းသံဃာတော်တွေကိုသာ ပြူမူလေ့ရှိပါတယ်။  နေရာ၊ ဒေသ၊ အခြေအနေ အပေါ်မူတည်ပြီး လက်အုပ်ချီ ဂါရဝပြု လေ့ရှိကြတဲ့ နောက်တမျိုးက ဘုရား၊ တရား၊ သံဃာနဲ့အတူ တဂိုဏ်းထဲထား လေးစားရိုသေမြတ်နိုးရတဲ့ မိဘနဲ့ဆရာသမားတွေအပေါ်မှာ ဖြစ်ပါတယ်။  အလားတူ အခြေအနေ၊ အချိန်အခါ အလိုက် လက်အုပ်ချီ အရိုအသေ ပေးလေ့ရှိကြတာက မိမိထက် အသက်ကြီး၊ ဝါကြီး၊ သီလပညာသိက္ခာကြီး ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်များ၊ လူကြီးသူမများကို ဖြစ်ပါတယ်။  နောက်တချက် ထူးခြားတဲ့ အခြေအနေဖြစ်စဉ် သဘောမျိုးဖြစ်တဲ့ မိမိအသက်ကို ကယ်ခဲ့သူ (သို့မဟုတ်) ဆေးဆရာ သမားတော်ကြီးများကိုလည်း ကျေးဇူးသိတတ်တဲ့ သဘော ရှိခိုးကန်တော့ ဂါရဝပြုလေ့ရှိကြပါတယ်။  ဒီလိုအချက်၊ အခြေအနေမျိုးတွေ၊ သီးခြား ထူးခြား ဖြစ်စဉ်မျိုးတွေကလွဲလို့ နေ့စဉ် လူမှုဘဝမှာတော့ လူအချင်းချင်း လက်အုပ်ချီ၊ ဦးညွတ်နှုတ်ဆက်တယ်ဆိုတာ မြန်မာ့ (ဗမာ့) ဓလေ့မှာ လုံးဝ မရှိခဲ့ပါဘူး။

ဒီလက်အုပ်ချီဓလေ့ဟာ ဟိန္ဒူဘာသာယဉ်ကျေးမှုဓလေ့ထုံးစံမှာ မြစ်ဖျားခံကာ သူတို့ရဲ့ လူမှုထုံးတမ်းမှာပါ တည်ရှိနေပြီး အိန္ဒိယ ယဉ်ကျေးမှု ပျံ့နှံ့ရောက်ရှိတဲ့ ဗမာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို သက်ရောက်လာခဲ့ပါတယ်။  တချို့ နိုင်ငံတွေမှာ နေ့စဉ်သုံး နှုတ်ခွန်းဆက်ရာမှာပါ ဓလေ့အနေနဲ့ သုံးလာကြပါတယ်။  ဥပမာ – အိန္ဒိယနိုင်ငံမှာ လူအချင်းချင်းနှုတ်ဆက်ရင် လက်အုပ်ချီ ဦးညွတ် ဒူးညွတ် ပြီး “Namasté” လို့ နှုတ်ဆက်သလို ထိုင်းနိုင်ငံမှာဆိုရင် အလားတူ အမူအရာနဲ့ “Sawasdee” လို့ နှုတ်ဆက်ပါတယ်။  ကမ္ဘောဒီးယားမှာ ဆိုရင် “Sampeah” လို့ ဆိုပြီး နှုတ်ဆက်ကြပါတယ်။  မြန်မာပြည်မှာတော့ အထက်မှာ ဖော်ပြတဲ့ အမျိုးအစားနဲ့အခြေအနေမျိုးတွေကလွဲရင် တခြား ဘယ်သူ့ကိုမှ လူမှုဓလေ့မှာ လက်အုပ်ချီ ခေါင်းငုံ့ ဒူးညွတ် နှုတ်ဆက်လေ့မရှိပါဘူး။

ဗြိတိသျှကိုလိုနီ ကျွန်သဘောက် ဘဝ လွတ်မြောက်ရေးကြိုးပမ်းစဉ်ကာလတုန်းက သခင်ဘသောင်းဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးဝင် ရှေးသခင်ကြီးတွေဟာ လူအချင်းချင်း၊ အထူးသဖြင့် အုပ်စိုးသူ၊ သြဇာအာဏာရှိသူ အင်္ဂလိပ်နဲ့ လက်ပါးစေ အခွင့်ထူးခံ လူတန်းစားတွေကို ဘုရားထူး၊ သခင်တပ်ခေါ်၊ လက်အုပ်ချီ၊ ဦးညွှတ် အရိုအသေပေးနေရတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါတယ်။   ဗုဒ္ဓအဆုံးအမနဲ့လည်း ညီတဲ့၊ ခေတ်အမြင် လူ့တန်ဖိုး သဘောတရားတွေနဲ့လည်း ကိုက်ညီတဲ့ “ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သည်. — I am the master of my fate. I am the captain of my soul.” ဆိုတဲ့ “လူတိုင်းဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ အားလုံး တန်းတူ မိမိရဲ့ဘဝအသီးသီးကို ဦးဆောင်မောင်းနှင်ရာ အရှင်သခင်တွေချည်းပဲဟေ့..” လို့ ကြွေးကြော်လှုံ့ဆော်ခဲ့ကြပါတယ်။

လူတိုင်းနာမည်ရှေ့မှာ သခင်တပ်ခေါ်ရင်း ပဒေသရာဇ်စနစ်ဆိုးနဲ့  ကိုလိုနီနယ်ချဲ့စနစ်ဆိုး ဒဏ်ကို ရာစုနှစ်၊ ဆယ်စုနှစ်များစွာခံစားရင်း ကျွန်စိတ်ဝင်နေရှာကြတဲ့ ဗမာနိုင်ငံသား လူမျိုးပေါင်းစုံကို “သခင်စိတ်” သွင်းပေးခဲ့ပါတယ်။  ဒါဟာ “ငါ၏ဦးခေါင်းတို့သည် သွေးသံတို့ဖြင့် ရဲရဲနီ၏…၊ သို့သော်.. ညွတ်ကားမညွှတ်” ဆိုတဲ့ ရဲရဲတောက် သခင်စိတ်ဓာတ်၊ သခင်အကျင့်လည်း ဖြစ်ပါတယ်။  ဒါဟာ တိုင်းပြည်ကို သူ့ကျွန်ဘဝက လွတ်မြောက်စေခဲ့တဲ့ အတွေးအခေါ် လက်နက်ကောင်းတခုလည်း ဖြစ်ခဲ့ပါတယ်။

ဒါကို နောင်တိုင်းပြည်မှာ ဆယ်စုနှစ်ငါးစုကျော် တိုင်းသူပြည်သားအပေါ် ဗိုလ်ကျစိုးမိုးခဲ့တဲ့ စစ်အာဏာရှင်တွေက စစ်ဘုရင်ဓလေ့ ပဒေသရာဇ်ဉာဉ်လည်းမပျောက်၊ အင်္ဂလိပ်ကိုလိုနီအမွေဆိုးကိုလည်း ဆက်လက်ထိန်းသိမ်းလိုပြီး အတွေးအခေါ် ကျပ်မပြည့်၊ လူလူချင်း ခွဲခြားတဲ့စိတ်နဲ့ သာမန်ထက်ပို အရိုအသေပေးမှုခံယူချင်ကာ သူတို့ရဲ့ မင်းခမ်း၊ မင်းနား၊ ပွဲလမ်းသဘင်နဲ့ တိုင်းခန်းလှည့်လည်တဲ့ ခရီးစဉ်တွေမှာ ကျောင်းသားလူငယ်များနဲ့ ပြည်သူလူထုကို အတင်းအဓမ္မ လက်အုပ်ချီ ကြိုဆိုနှုတ်ဆက်ခိုင်းရင်းနဲ့ လက်အုပ်ချီ နှုတ်ဆက်တဲ့ ဓလေ့ကို လူမှုထုံးတမ်းအဖြစ် ဇွတ်အတင်း သွတ်သွင်း ရှင်သန်စေခဲ့ပါတော့တယ်။

ဒါဟာ ကြောက်စိတ်၊ အငုံ့စိတ် အုပ်စိုးသူ လုပ်သမျှ ခံမယ့် ကျွန်စိတ်ကို တိုင်းပြည်မှာ အထူးသဖြင့် လူငယ်မျိုးဆက်သစ်ကြားမှာ ရှင်သန်စေချင်လို့ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ကြံစည်ခဲ့ကြခြင်းပါ။  ဒီအကျိုးဆက်က နာခံတော် နောက်လိုက်  ကျွန်ကောင်းဖြစ်တာကို အရည်အချင်း တခုအလား လိုလိုချင်ချင် ခံယူကာ အရပ်ဘက် ဌာနဆိုင်ရာတိုင်း၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍ မကျန် စာသင်ခန်းတွေအထိပါ အရိုးစွဲ ကျင့်သုံးလာခဲ့ကြပါတော့တယ်။  ပြန်မပြောနဲ့၊ အာမခံနဲ့၊ ပါးစပ်ပိတ် ဆိတ်ဆိတ်နေ၊ အထွန့်မတက်နဲ့၊ ခိုင်းတာလုပ်၊ ပေးတာယူ၊ ကျွေးတာစား စိတ်ဓာတ်တွေဟာ ဒီမိုကရေစီအင်အားစုအဖြစ် ခံယူထားသူ လူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှာပါမကျန် လူမှုအစုအသီးသီးမှာ ဝမ်းနည်းဖွယ် စိမ့်ဝင်ရှင်သန်နေပါပြီ။  ‘တသွေး တသံ တမိန့်’ တသွေမတိမ်း အမိန့်နာခံစေမှု၊ ‘ရေဘူးပေါက်တာမလိုချင် ရေပါတာ လိုချင်တယ်’ အာဏာနဲ့ ဇွတ်နာခံစေခိုင်း လုပ်စေမှု၊ အမိန့်တည်စေမှုတွေဟာ တိုင်းပြည်ရဲ့ ကဏ္ဍစုံမှာ အမြစ်တွယ်ခဲ့ပါပြီ။

ဒီလိုနဲ့ အထက်အမိန့်ကို ကြောက်လို့ မဖြစ်မနေလုပ်ရတဲ့ အဖြစ်တွေ၊ ဟန်ပြတွေ၊ တော်၏ မတော်၏ မကြည့် ဇွတ်ခေါင်းငုံ့ ဖော်ဆောင်ရတဲ့ စတဲ့ မတော်မတည့်မှု အစုစုရဲ့ ဆိုးကျိုးဒဏ်ကို ခံရရင်း နိုင်ငံလည်း လူမှု-စီးပွား-ကျန်းမာ-ပညာ နေရာစုံမှာ စံချိန်မမီ ယိုယွင်းပျက်စီး ချွတ်ခြုံကျ ယုတ်လျော့ခဲ့ရတာ လက်ရှိ ကမ္ဘာ့ဖွံ့ဖြိးမှုအနိမ့်ဆုံးစာရင်းဝင်တဲ့ ဘင်္ဂလာဒေ့ရှ်အောက်၊ အီသီယိုးပီးယားအောက် ရောက်နေရရှာတဲ့ ပကတိတိုင်းပြည်ကို မျက်မြင်တွေ့ခဲ့ရပါပြီ။

နောက်တချက်က ဒီလက်အုပ်ချီ ဓလေ့ကြောင့်ပဲ သက်ဦးဆံပိုင် စစ်ဘုရင် မင်းစိတ်ပေါက်သူ လူတန်းစား၊ တသီးတသန့် ကိုးကွယ်ပူဇော်ရှိခိုးခံ လူတန်းစား၊ အုပ်စိုးသူ လူတန်းစား၊ ဘုရားထူးခံ လူတန်းစားစတဲ့ VIP တံဆိပ်ကပ်ခံ အရာရာ အခွင့်ထူးခံ ပြည့်စုံ ကုံလုံ ကြွယ်ဝ စံစားနေရတဲ့ လူ့မှု အစုအဖွဲ့အုပ်စု လူလက်တဆုပ်စာကိုလည်း ဖန်တီးလိုက်ပါတယ်။  ကျန်တဲ့ လူထုလူအများကတော့ အဲဒီခြယ်လှယ်သူ လူတန်းစားအတွက် အလုပ်အကျေးပြုရင်း ငတ်ရင်း၊ ခံရင်း စတေးရတယ်။  ဒီလိုနဲ့ ဆင်းရဲ ချမ်းသာ ကွာဟချက်ကြီးမားလာကာ လူတန်းစားမညီမျှ မှုတွေ၊ လူမှု-စီးပွား တရားမဲ့မှုတွေ တိုင်းပြည်မှာ ပိုတိုးလာခဲ့တော့တယ်။

ဒီလို ခွဲခြားမှု၊ မညီမျှမှုတွေကနေ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ ကျား-မ လိင်၊ လိင်တိမ်းညွတ်မှု၊ လူမှု-စီးပွား နောက်ခံ အလွှာ ကွာခြားမှု အခြေခံ အစွန်းရောက်တဲ့ အမြင်တွေ၊ အတွေးအခေါ်တွေကိုလည်း တဖက်လှည့်အားပေးနေတတ်ပါသေးတယ်။  ဘာကြောင့်ဆို ခွဲခြားမှု အယူအမြင် အခြေခံ တခုရှိသူက အရာရာမှာလည်း ကိုယ်နဲ့ မတူကွဲပြားနေသူတွေကို ခွဲခြား မြင် ဖိနှိပ် ချိုးနှိမ်တတ်တဲ့ အကျင့် ရှိလိုပါပဲ။  ကိုယ်က သာ၊ ကိုယ်က အားကြီး၊ ကိုယ်က ကောင်း တဖက်စွန်းရောက် ပြုမူတတ်ကြပါတယ်။

ဒါ့အပြင် ဒီလို ရုပ်ပိုင်းဆိုင်ရာအရ ဝပ်တွားခယရတဲ့ လူမှုဓလေ့ဟာ နိုင်ငံရေးဓလေ့ Politcal Culture ကိုလည်း အကြီးအကျယ် လွှမ်းမိုးသက်ရောက်ပြုပြင်စွမ်းပါတယ်။  လူမှုထုံးတမ်းမှာ၊ ပညာရေးစနစ်မှာ အလွန်အမင်း ရိုကျိုး ခေါင်းငုံ့ ဒူးထောက်စိတ်ကို ဆိုခဲ့သလို အစီစဉ်တကျ ထည့်သွင်းခဲ့တော့ တိုင်းပြည်တခုလုံးရဲ့ နိုင်ငံရေးနိုးကြွမှုရေချိန်ကို အတိုင်းအတာ တခုအထိ အုပ်စိုးသူ အာဏာရှင်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။  တမတ်သား ရွှေရည်စိမ် ဒီမိုကရေစီကို အခွင့်အရေးတခု အဖြစ် မြင်စေတဲ့ အထိလည်း နိုင်ငံရေးအမြင်မှားတွေကို ဖြစ်စေနိုင်ခဲ့ပါတယ်။  လွှတ်တော်မရှိတာထက်စာရင်၊ အရပ်သား အစိုးရအဖွဲ့ လုံးလုံး မရှိတာထက်စာရင်၊ အခြေခံဥပဒေနဲ့ မအုပ်ချုပ်တာနဲ့ စာရင် စစ်ဗိုလ်များကြီးစိုးတဲ့ လွှတ်တော်၊ အစိုးရနဲ့ စစ်ဖွဲ့စည်းပုံ ရှိလာတာ အမြတ်ပဲဆိုတဲ့ ဒီမိုကရေစီ ဈေးပေါင်ကျိုး တရားတွေကိုလည်း လူထုလူပြိန်းအများကြိုက် ရေပန်းစားတရား ဖြစ်စေခဲ့ပါတယ်။

ဒါတွေအားလုံးဟာ ပြန်မပြောရ၊ မဆိုရ ပြားပြာဝပ် အောက်ကျို့ တရားလွန် ယို့ယို့ နေရတဲ့ လက်အုပ်ချီဓလေ့၊ အငုံ့ကြောက်စိတ်ကို နေ့စဉ်သုံးလူမှုဓလေ့မှာ အောင်အောင်မြင်မြင် သွတ်သွင်းခဲ့ခြင်းက အဓိကအကြောင်းကြီးအဖြစ် ပါခဲ့ပါတယ်။

ဒါကြောင့် အခုအချိန်မှာ စံချိန်မီ ဒီမိုကရေစီစနစ်လူ့ဘောင်ကို အမှန်တကယ် ရှေးရှုချင်တယ် ဆိုရင် နိုင်ငံရေးရည်ရွယ်ချက်နဲ့ စစ်ဗိုလ်ချုပ်ကြီးများ အစဉ်အဆက် ဇွတ်ပုံဖော် ဇောင်းပေးခဲ့တဲ့ လက်အုပ်ချီ လူမှုဓလေ့ ကနေ တိုင်းပြည်ကို ဘယ်လောက်ထိခိုက်နစ်နာစေသလဲ၊ စစ်ကျွန်သက်ဆိုးရှည်စေနေသလဲ ဆိုတာကို ကျွန်တော်တို့ နိုင်ငံသားအများစု ဘာသာလူမျိုးစုံ လက်ခံနားလည် မြင်တတ်ဖို့ မဖြစ်မနေ လိုနေပါပြီ။  လူလူချင်း လက်အုပ်ချီနှုတ်ဆက်တာ မြန်မာ့လူမှုဓလေ့ မဟုတ်၊ လူနဲ့လူချင်း အနိုင့်အထက်ပြု ခွဲခြားသလို ဖြစ်လို့ ဗုဒ္ဓအဆုံးအမနဲ့လည်း မညီဘူးဆိုတာကို လူအများစု မြန်မာ-ဗုဒ္ဓ ဘာသာဝင်များ မြော်မြင်ကြည့်ရှု သိတတ်နိုင်ဖို့လည်း အရေးကြီးပါတယ်။  ‘လက်အုပ်ချီ’ နဲ့‘မင်္ဂလာပါ’ ဟာ စစ်ဗိုလ်ချုပ်များရဲ့ နိုင်ငံရေးအာဏာအကျိုးအတွက် ဖန်တီးထားတဲ့ ‘လုပ်’ ယဉ်ကျေးမှု ဖြစ်ကြောင်း၊ အစဉ်အဆက် မြန်မာ့ရိုးရာ နေ့စဉ်သုံးဓလေ့ထုံးစံမဟုတ်ကြောင်း  အားလုံးဆင်ခြင်နိုင်ကြရင်း လူလူချင်း ရှိခိုးခံလူတန်းစားနဲ့ဓလေ့ အမြန်ဆုံး တိုက်ဖျက်နိုင်စေဖို့ရာ ဆွေးနွေးတင်ပြ နှိုးဆော်လိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် – nyeinchanaye81@gmail.com)

ဓာတ်ပုံ Credit – ဦး ဖြိုးမင်းသိန်း Official Facebook Page
https://web.facebook.com/441488885925373/photos/a.1027886957285560.1073741828.441488885925373/1033930936681162/?type=3

 

And the rightful owners.

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

6 Responses to ငြိမ်းချမ်းအေး – လူအချင်းချင်း ရှိခိုးရခြင်း ကင်းဝေးပါစေ

  1. Khin Maung Saw on April 15, 2016 at 12:39 am

    တူမောင်ရေးပြထားတာတွေဟာ “သွေးထွက်အောင်မှန်တဲ့အချက်တွေပါ။ ဦးလည်းတခါကအောက်ပါအတိုင်းရေးပြခဲ့ပါတယ်။

    စစ်အစိုးရက “မင်္ဂလာပါ” နှင့် လက်အုပ်ချီနည်းကို ဗမာ့ယဉ်ကျေးမှုပုံသွင်းလာသည်မှာ မည်မျှဒုက္ခတွေ့ နိုင်ကြောင်းစာရေးသူကိုယ့်တွေ့ ကြုံရပုံကိုတင်ပြလိုပါသည်။တခါက နိုင်ငံခြားသူ၊မြန်မာဘာသာစကားနှင့် စာပေကိုလေ့လာနေသူဆရာမတဦးက ရန်ကုန်မြို့ တွင် နာမည်ကြီး မြန်မာစာရေးဆရာမကြီးတဦး၏ အသုဘတွင် လူတကာကိုလိုက်ပြီး “မင်္ဂလာပါရှင့်”ဟု လက်အုပ်ချီပြီး နှုတ်ဆက် နေ လေတော့ရာ မသာရှင်ရော အသုဘ လာသူအပေါင်း ငိုအား ထက်ရယ်အား သန် “ဖစ်မှဖစ်ရပလေ”ဟု ပြောရတော့ မလို ဖြစ်သွားပါသည်။ နောက်ဆုံးတွင်မနေနိုင်သူတဦးက မသာ။ အသုဘဆိုသည်မှာ မြန်မာမှုတွင် ‘အမင်္ဂလာကိစ္စ’ ဖြစ်၍ ‘မင်္ဂလာပါ’ ဟု နှုတ်မဆက်သင့်ကြောင်း ရှင်းပြလိုက်ရာတွင် ၎င်းနိုင်ငံခြားသူက “မြန်မာ ဘာသာစကားသင် စာအုပ်တွေမှာ ဘာကြောင့် နှုတ်ခွန်းဆက် စကားလို့ ရေးထားတာလဲ” ဟု စောဒကတက်လေတော့သဖြင့် ၎င်းပုဂ္ဂိုလ်မှာမချိသွားဖြဲရယ်ရင်း “ဒါတွေက အာဏာစက်နဲ့ လုပ်ထားတာပါ။ တကယ်မြန်မာမှုတွေ မဟုတ်ပါဘူး” ဟုသာ ပြောလိုက်ရရှာပါတော့သည်။

  2. Htwe on April 15, 2016 at 5:49 am

    Thank you so much for the article. It has been bothering me for a long, long time. Should change !!!

  3. Aung Kin on April 16, 2016 at 4:09 am

    Acting in an excessively subservient manner (kowtow) to bosses has become an ingrained habit of some people in Burma. It is a really disgusting behaviour.

  4. ko zaw on April 17, 2016 at 5:37 am

    ကျေးဇူးတင်ပါတယ်။
    လူလူချင်း ရှိခိုးခံလူတန်းစားနဲ့ဓလေ့ အမြန်ဆုံး ရပ်ဆိုင်းကြပါစေ…။

  5. Myo Zaw on April 17, 2016 at 11:28 am

    ဒါ မှားနေမှန်းသိမှီနိုင်တဲ့အရွယ်ရှိလျက် မလုပ်ကြဖို့မတားမြစ်နိုင်တာ
    ကိုယ်တိုင်ကခံယူလက်ခံလို့ပါ မဟုတ်မမှန်တာကိုလက်မခံငြင်းပယ်ကြဖို့တိုက်တွန်းချင်ပါတယ်
    ရှက်စရာဆိုးမွေပါ

  6. စစ်ငြိမ်းချမ်း on April 22, 2016 at 9:31 pm

    Mediaတွေကလည်းအပြစ်တင်စောသကိုးဗျ။သတင်းဦးသတင်းထူးဆိုပီး အရင်းအမြစ်ကိုသေချာမသုံးသပ်ဘဲနဲ့လူစိတ်ဝင်စားစောင်ရေတက်ဖို့ကိုဘဲမကြည့်ဖို့လိုသဗျ.ဟဲ.ဟဲ။တင်ထားတဲ့ပုံနဲ့ဝေဖန်တဲ့အကြောင်းအရာကိုလည်း တာဝန်ယူတာဝန်ခံသင့်ပါတယ်။ဆောင်းပါးတစ်ပုဒ်ပါသွား ပီးပီးရောထားခဲ့လို့တော့မရဘူးလေ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)