ခင်လေး – အချစ်ဟာမီးလား

April 26, 2016

–  အချစ်ဟာမီးလား
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆

ဝုန်းးးးးး…………ဒုန်း…ဒုန်း……ဒုန်း

တံခါးကို စောင့်ပြီးပိတ်လိုက်တဲ့အသံရယ် ခြေထောက်ကို ခပ်ပြင်းပြင်း နင်းလို့ထွက်လာတဲ့အသံရယ် ဆုံးတဲ့အခါမှာတော့ … … … …

“တီချယ် ‘၀မ့်ထ်’ ကို ဘယ်လိုပေါင်းသလဲ”

ဆံပင်စုတ်ဖွား မျက်လုံးမှာလည်း မျက်ချေးတွေနဲ့ ပြီးတော့ ည၀တ်အင်္ကျီ ကလည်း ဖိုးရိုးဖားယားနဲ့ လက်ထဲက စာရွက်တရွက် ကိုင်ပြီးထွက်လာတဲ့ ၅နှစ်အရွယ် မူလတန်းကျောင်းသူလေးက ကျွန်မကို လှမ်းမေးလိုက်တာပါ။

ကျွန်မဆီက အဖြေကိုရဖို့ ဆက်တီခုံပေါ် မိန့်မိန့်ကြီးထိုင်ရင်း လက်ထဲမှာ ကိုင်ထားတဲ့ ခဲတံဘောလ်ပင်နဲ့ စာရွက်ကိုလည်း ချရေးဖို့တပြင်ပြင်နဲ့ပေါ့။ ပြီးတော့ သူမက ဘိုသံပီပီသသနဲ့ ကျွန်မကို ဒီလိုပြောလိုက်သေးတယ် “ဒီစာကို ပြီးအောင်ရေးဖို့ ၀မ့်ထ် ကိုမပေါင်းတတ်ဘူးဖြစ်နေလို့ တီချယ့်ကို စောင့်နေတာ” တဲ့လေ။  ဆက်တီပေါ်မှာ ခြေချိတ်ထိုင်းရင်း ကျွန်မ အဖြေကို စောင့်နေလေရဲ့။

“သမီးသိချင်တဲ့ ၀မ့်ထ်က သွားခဲ့တယ် ဆိုတာကို ပြောချင်တာလာ။ လိုချင်တယ် ဆိုတာကို ပြောချင်တာလာ”

“လိုချင်တယ်။ လုပ်ချင်တယ် ဆိုတာကို ပြောတာပါ”

“ဒါဆို w-a-n-t ပေါ့”

ရှုပ်ပွနေတဲ့ သူမဆံပင်ကို လက်သေးသေးလေးတွေနဲ့ ခါလိုက်ပြီး လိုချင်တာ သိချင်တာကို သိလိုက်ရပြီမို့ တလောကလုံး သူ့လောက်အရေးမကြီးတဲ့ ဟန်ပန်နဲ့ ရေးလက်စ စာကို ဆက်ရေးနေလေရဲ့။

ကိုယ်တိုင်ကလည်း နိုင်ငံခြားမှာကြီးပြင်းနေထိုင်ခဲ့တဲ့ ကပြားမိဘတွေဖြစ်သလို သူတို့မွေးလာတဲ့ ကလေးတွေကိုလည်း နိုင်ငံတကာ ကျောင်းမှာထားလေတော့ ၅ နှစ်ဆိုတဲ့ မူလတန်းကျောင်းသူလေးရဲ့ သွက်လက်တဲ့ ဟန်ပန်အမူအရာက သာမန်လူကြီးတယောက်အတွက်တော့ မျက်စိ စပါးမွှေးစူးချင်စရာ။

“သား အဆင်သင့်ဖြစ်ပြီတီချယ်”

တကယ်တော့ မနက်စောစော ဒီအိမ်ကို ကျွန်မရောက်နေရတာက နိုင်ငံခြားကလာဖွင့်တဲ့ ပုဂ္ဂလိက ကျောင်းတခုမှာ တက်နေကြတဲ့ လေးတန်းကျောင်းသားရယ်၊ အငယ် မူလတန်းကျောင်းသူရယ် သူတို့ မောင်နှမ နှစ်ယောက်ကို တလှည့်စီ စာသင်ပေးဖို့ပါ။  အစ်ကိုဖြစ်သူ အဆင်သင့်ဖြစ်ပြီဆိုတော့ ကျွန်မတို့ စာသင်ဖို့စာကြည့်ခန်းထဲကို သွားဖို့ပြင်လိုက်ပါတယ်။

“တီချယ် သမီးအခုရေးနေတဲ့စာကို တီချယ်စစ်ပေးမှဖြစ်မှာနော်”

“စစ်ပေးမှာပေါ့။ သမီးရေးပြီးရင် စာကြည့်ခန်းထဲလာပေးလိုက်လေ။ သမီးလည်း စာရေးပြီးရင် ရေချိုးတော့နော်။ စာသင်ရဦးမယ်လေ”

“ညီမလေးက ညထဲက အဲ့ဒီစာရွက်တစ်ရွက်နဲ့ အလုပ်တွေ ရှုတ်နေတာတီချယ်” အစ်ကိုဖြစ်သူက သိပ်မကြည်တဲ့ အသံနဲ့ ကျွန်မကို လှမ်းပြောလိုက်ရင်း စာကြည့်ခန်းဘက်ကို ထွက်သွားပါတယ်။

±±±±± ±±±±± ±±±±±

နာရီဝက်လောက်ကြာအောင် စာသင်ပြီးတဲ့အခါမှာတော့ စာကြည့်ခန်းတံခါးကို လာခေါက်တဲ့အသံ ကြားလိုက်ရပါတယ်။

“ဒီမှာ စာရွက် တီချယ် သေချာစစ်ပေးပါနော်” လို့ပြောပြီး ရေချိုးဖို့ ပြေးသွားတဲ့ ညီမဖြစ်သူရဲ့ နောက်ကျောကို ကြည့်ပြီး

“သားတော့ ကြည့်လို့ကို မရတော့ဘူး။ ဒီစာနဲ့ ညကတည်းက ပက်ထရစ်ရှာ အလုပ်ရှုပ်နေတာလေ”

ဒီမောင်နှမရဲ့ အမူအရာတွေကိုကြည့်ပြီး ကျွန်မလည်း စာထဲပါတဲ့ အကြောင်းအရာကို သိလိုစိတ်ပြင်းပြလာမိတာနဲ့ ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ … … … … … … …။

“ဟန်နီ …  တို့နှစ်ယောက် ကျောင်းစဖွင့်တဲ့ ပထမဦးဆုံးနေ့မှာ တွေ့ခဲ့ကြတယ် … … … … … … …”

ဆိုပြီး အစချီထားတဲ့ ရည်းစားစာရယ်ပါ။  ပက်ထရစ်ရှာက သူကျောင်းမှာတွေ့ခဲ့တဲ့ အတန်းဖော်ကောင်လေးကို သူ့မဆီဖုန်းဆက်စေချင်လို့ ဖုန်းနံပါတ်ပေးထားပေမယ့် ကောင်လေးက ဖုန်းမဆက်လို့ စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းကို ရေးထားတဲ့ ရည်းစားစာရယ်ပါ။

ဒါက ကျွန်မ အလွတ်သင်ဆရာမ (Freelance Teacher) ဘ၀မှာ ကြုံရဆုံခဲ့ရတဲ့ အဖြစ်အပျက်တွေထဲက တခုပါ။  ဒီအဖြစ်အပျက်လေးကို ကြုံခဲ့ရတဲ့ တခဏတာအချိန်မှာတော့ ကျွန်မအတွက် ရယ်မောစရာတခု ဖြစ်ခဲ့ရပါတယ်။  ဒါပေမယ့် ရယ်စရာပြီးရင် မောစရာလာတယ်ဆိုသလိုပါပဲ။  ဒီအကြောင်းအရာကို စကားစပ်ဆက်မိလို့ ကျွန်မလို လုပ်ငန်းတူ ဆရာမတွေအချင်းချင်း ပြန်ပြောဖြစ်ကြတဲ့အခါတိုင်း တူညီတဲ့ မှတ်ချက်တစ်ခုက ကျွန်မအမြဲပြန်ရခဲ့ပါတယ်။ ဒါကတော့ “ဒီကလေးမ ကြီးလာရင် မလွယ်ဘူး” ဆိုတာပါပဲ။

ဆိုလိုချင်တဲ့ သဘောကတော့ အရပ်စကားနဲ့ပြောရရင် ကြီးလာရင် စပ်ဆလူးထပြီပဲပေါ့။ အဲ့လိုပြန်ကြားရတိုင်း ကျွန်မ မနှစ်မြို့ခဲ့သလို ဒီမှတ်ချက်ကို လက်သင့်မခံနိုင်ကြောင်းလည်း ပြန်ပြောလေ့ရှိပါတယ်။ ဒါဟာ ကလေးတွေရဲ့ ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းနဲ့ လွတ်လပ်စွာ ခံစား လှုပ်ရှားမှုကို မကောင်းမြင်တဲ့စိတ်နဲ့ ဒီကလေးရဲ့အနာဂတ်ကိုပါ လှမ်းပြီး အစွဲစိတ်တွေ တလှေကြီးနဲ့ ကြိုတင်ကောက်ချက်ချ ခန့်မှန်းဝေဖန်လိုက်တာပါပဲ။

ကလေးအရွယ်ဆိုပေမယ့် သူ့မှာလည်း သူ့ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းနဲ့ အတွေးအခေါ်တွေ ခံစားချက်တွေရှိတတ်ကြပါတယ်။  အခုကျွန်မတပည့်လေးရဲ့ အပြုအမူဟာ သူမရဲ့ အသက်အရွယ် သူမနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ တွေ့လာရတဲ့ အတွေ့အကြုံတွေအရ ပြုမူလိုက်တဲ့ ကလေးတယောက်ရဲ့ အပြုအမူပါပဲ။

ကလေးတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားပြောဆို ပြုမူလိုက်တဲ့ အမူအကျင့်တိုင်းဟာ ကျွန်မတို့လို လူကြီးတွေရဲ့ စံသတ်မှတ်မှုတွေနဲ့တိုင်းတာနေမယ်ဆိုရင် မှန်တဲ့အခါလည်း ရှိနိုင်သလို မှားတဲ့အခါလည်းရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးတယောက်ရဲ့ လှုပ်ရှားမှု ပြောဆိုမှုတိုင်းကို ကျွန်မတို့လူကြီးတွေက ပြစ်တင်ဝေဖန်မှုတွေနဲ့ ကောက်ချက်ချ မစောသင့်ပါဘူး။ မှားနေရင်တောင် ဒါဟာ ဘာကြောင့်မှားတယ်ဆိုတာ ကလေးကိုနားလည် လက်ခံလာနိုင်တဲ့ နည်းလမ်းတွေနဲ့ သွန်သင်ပြောပြတတ်ဖို့ပဲလိုပါတယ်။

ဒီလိုမှမဟုတ်ဘဲ အတင်းအကျပ် တိုက်တွန်း ပိတ်ပင်တာမျိုးတွေ လုပ်ခဲ့ရင်တော့ မိဘနဲ့ သားသမီးမို့သာ လက်ခံလိုက်ရပေမယ့် သူ့တို့စိတ်ထဲမှာ မကျေနပ်တဲ့ အငုံ့စိတ်တွေကိုသာ စွဲကျန်စေနိုင်ပါတယ်။  ဒီလို အငုံ့စိတ်တွေများလာတာနဲ့အမျှ နောက်ပိုင်းမှာ ဘာပြောပြောကန့်လန့်တိုက်ရင်တိုက် ဒါမှမဟုတ် ပြန်မပြော နားမထောင်ပုံစံမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။

နောက်တခုကတော့ မိဘတွေရဲ့ လွန်ကဲတဲ့ စိတ်ပူပန်မှုတွေပါပဲ။ မိဘတိုင်းဟာ သားသမီးတွေကို စိုးရိမ်ပူပင်ကြတာဟာ သဘာဝပါ။  အဲ… ဒါပေမယ့် လွန်ကဲလွန်းတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ထိန်းချုပ်ဟန့်တားမှုတွေကတော့ ကလေးငယ်ရဲ့ စိတ်ဓာတ်ကြံ့ ခိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။  ဒါဟာ ကလေးတွေရဲ့ ကိုယ်ပိုင်ဘ၀ကို အလွန်အမင်း ၀င်ရောက် စွက်ဖက်လိုက်တာပါပဲ။  ခုချိန်ခါမှာသာ သူတို့က ကိုယ့်ရင်ခွင်ထဲက ကလေးတွေပါ။  ဒါပေမယ့် သူတို့လေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘ၀ခရီးကို လျှောက်လှမ်းကြရမယ့် လူကြီးတွေ ဖြစ်လာမယ့်သူတွေပါ။

ငယ်စဉ်ကတည်းက နေရာတကာမှာ လူကြီးတွေရဲ့ လွန်ကဲတဲ့ စိုးရိမ်မှုတွေနဲ့ ၀င်ရောက်စွက်ဖက်မှုတွေကိုသာ ရခဲ့တဲ့ ကလေးဟာ တချိန်သူ့ခြေထောက်ပေါ် သူရပ်တည်ရမယ့် အချိန်ရောက်လာတဲ့အခါမှာ သူများအပေါ်မှာ မသိစိတ်ကနေ မှီခိုတဲ့ အကျင့်ကြောင့် ဘ၀လောကဓံကို ကိုယ့်ဒူးကိုယ်ချွန်ပြီး ရင်ဆိုင်ရဲတဲ့ သတ္တိတွေ၊ အခက်အခဲကို ကျော်လွှားနိုင်တဲ့ စွမ်းအင်တွေ ပျောက်ကွယ်ကုန်တာကြောင့်၊ ဘ၀မှာ တိုးတက်အောင်မြင်သင့်သလောက် မအောင်မြင်တာမျိုးတွေဖြစ်တတ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး အမေရိကားက ခဏပြန်လာတဲ့ ကျွန်မသူငယ်ချင်း သူ့သမီးလေးကို အပြင်သွားဖို့ အ၀တ်အစားလဲခိုင်းတာကို သတိရမိပါတယ်။  ကျွန်မတို့ အပြင်သွားရင်း မုန့်စားကြဖို့လုပ်တော့ ကျွန်မသူငယ်ချင်းက သုံးနှစ်အရွယ် သူ့သမီးငယ်လေးဝတ်ဖို့အ၀တ်ကို ထုတ်ပေးပြီး ကိုယ်တိုင်ဝတ်စေပါတယ်။ ကလေးက မ၀တ်တတ် ၀တ်တတ်နဲ့ ဘောင်းဘီအပေါက်တခုထဲကို ခြေထောက်နှစ်ချောင်းလုံးထိုးထည့်ပြီး ၀တ်နေတာမို့ ကျွန်မက သူငယ်ချင်းကို လှမ်းသတိပေးလိုက်တော့ သူငယ်ချင်ထား “တမင်ဝတ်ခိုင်း ထားတာသူငယ်ချင်း” လို့ ကျွန်မကိုပြန်ပြောပါတယ်။

ကလေးကလည်း သူ့စိတ်တိုင်းကျဝတ်ပြီးတာနဲ့ မတ်တပ်ရပ်လမ်းလျှောက်တဲ့အခါမှာ ဘောင်းဘီနဲ့တုပ်ပြီး လဲကျပါတော့တယ်။  နာသွားလို့ ငိုမဲ့မဲ့မျက်နှာလေးနဲ့ အမေလုပ်သူကိုအားကိုးတကြီးနဲ့ လှမ်းကြည့်တော့ ကျွန်မသူငယ်ချင်းက “မငိုနဲ့သမီး။ မေမေလည်း ဘောင်းဘီဝတ်ထားတာပဲ။ သမီးလည်းဝတ်ထားတာပဲ။ မေမေက လမ်းလျှောက်တာ ချော်မလဲဘူး။ သမီးကချော်လဲတယ် ဘာဖြစ်လို့လဲတာလဲ မေမေ ဘယ်လိုဝတ်သလဲ ပြန်ကြည့်လို့” ပြောလိုက်တော့ စောစောက အမေကို အားကိုတကြီးနဲ့ ပြန်ကြည့်တဲ့ကလေးမလေးရဲ့ အကြည့်က သူဝတ်ထားတဲ့ ဘောင်းဘီဆီကိုပြန်ရောက်၊ ဘာမှားနေလဲ ပြန်ကြည့်ပြီး ချက်ခြင်းပြန်ပြင်ဝတ်ပါတော့တယ်။

ကျွန်မသူငယ်ချင်းကလည်း ကျွန်မဘက်လှည့်ပြီး “ငါလည်း ငါ့ဒီသမီးလေး တယောက်တည်း မွေးထားတာ ချစ်တာပေါ့ဟယ်။  ငါတို့ရှာထားတဲ့ပိုက်ဆံတွေက သူ့အတွက်ပါပဲ။  ဒါပေမယ့် ငါတို့ဘယ်လောက်ပဲ ပိုက်ဆံတွေ အပုံလိုက်ကြီးနဲ့ထားခဲ့ ထားခဲ့ အခက်အခဲဆိုတာကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ ငါ့သမီးလေးကို ငါမသင်ပေးနိုင်ခဲ့ရင် ဒီပိုက်ဆံတွေက ဘာမှအသုံးဝင်မှာဘူးဟ၊ ကိုယ့်အားကိုယ်ကိုးပြီး ထူးခွန်ချင်တဲ့စိတ်လည်းရှိလာမှာမဟုတ်ဘူး အကြောင့်မသင့်ရင် မသုံးတတ် မစွဲတတ်နဲ့ မွဲပြာကျတဲ့ဘ၀တောင် ရောက်သွားနိုင်တယ်။ ဒါကြောင့်ငါ့သမီးကို ငါ အခုထဲက သူ့အားသူကိုးတတ်အောင် လေ့ကျင့်ပေးထားတယ်” လို့ ပြောခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းက ကျွန်မသူငယ်ချင်းရဲ့ လူလားမမြောက်သေးတဲ့ သူ့သမီးလေးအပေါ်မှာ စစ်မှန်တဲ့ စိုးရိမ်မှုနဲ့ ထိရောက်တဲ့ သွန်သင်လေ့ကျင့်ပေးမှုတွေအတွက် ကျွန်မအံ့အားသင့်ခဲ့ရဖူးပါတယ်။

လူတိုင်းချစ်တတ်ကြပါတယ်။  ကိုယ်ချစ်ရသူတွေအတွက်လည်း စိုးရိမ်ပူပန်တတ်ကြပါတယ်။  ဒါပေမယ့် မှန်ကန်တဲ့ချစ်ခြင်းနဲ့ စစ်မှန်တဲ့ စိုးရိမ်မှုတွေဖြစ်ဖို့က အရေးကြီးပါတယ်။  ကိုယ့်ရဲ့ လွန်ကဲတဲ့ စိုးရိမ်မှုတွေဟာ ကိုယ့်ရင်သွေးလေးတွေရဲ့ အနာဂတ်ကို မှေးမှိန်စေမယ့် အချစ်နဲ့၊ အဟန့်အတားဖြစ်စေမယ့် စိုးရိမ်မှုတွေ မဖြစ်ဖို့လိုအပ်ပါတယ်။  အချစ်မတတ်ရင် အချစ်ဟာ မီးဖြစ်နိုင်ပါတယ်။  ဒါကြောင့် ကျွန်မတို့ငယ်ငယ်က နာမည်ကြီးခဲ့တဲ့ အဆိုတော်ရင်ဂိုရဲ့ သီချင်းစာသားလိုပဲ “အချစ်ဟာ မီးလား” လို့ ရင်သွေးငယ်တို့ရဲ့ မိဘတွေကို ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြ ဝေဖန်ကြစေလိုပါတယ်။

ခင်လေး
25-4-2016(2:18PM)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်