သချာင်္ပညာတော်သင်ဘ၀နဲ့ သချာင်္ဆရာတဦး၏ မျော်မှန်းချက်များ စာအုပ် ကောက်နုတ်ချက်

October 15, 2013

သချာင်္ပညာတော်သင်ဘ၀နဲ့ သချာင်္ဆရာတဦး၏ မျော်မှန်းချက်များ စာအုပ် ကောက်နုတ်ချက်
ဇော်အောင်(မုံရွာ) အောက်တိုဘာ ၁၆၊ ၂၀၁၃

 
သင်္ချာပညာတော်သင်ဘ၀ နှင့် သင်္ချာဆရာတစ်ဦး၏ မျှော်မှန်းချက်များ (၁၅ မတ်လ ၂၀၀၂ – ဒေါင်းစာပေမှ ထုတ်ဝေသောစာအုပ်) မှ ကောက်နုတ်ဖေါ်ပြခြင်းဖြစ်သည်။ ဒေါင်းစာပေမှ အမှာစကားတွင်  “ရန်ကုန်တက္ကသိုလ် အငြိမ်းစားသင်္ချာပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၏ ငယ်စဉ် ရန်ကုန်တက္ကသိုလ် ပညာသင်၊  ပြင်သစ်နိုင်ငံ ဒေါက်တာဘွဲ့ပညာတော်သင် နှင့် ဆရာအတွေ့အကြုံများဖြစ်သည်။ ဆရာကြီးဦးခင်မောင်လတ် နှင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့၏ တစ်ဦးတည်းသောသားဖြစ်သ ဆရာဒေါက်တာခင်မောင်ဝင်း၏ မိဘအမွေ ပေါ့ပါးရွှင်လန်းသော အရေးအသားဖြင့် ရေးသားခဲ့သောဆောင်ပါးများ”  ဟု ဖေါ်ပြထားပါသည်။ 


သင်္ချာပညာတော်သင်ဘဝ
(၁)
   ကျွန်တော်သည် အခြားသောသူများ၏ နိုင်ငံခြားအတွေ့အကြုံများကို မဂ္ဂဇင်များတွင် ဖတ်ဖူးပါသည်။ ကျွန်တော့အား အလားတူအတွေ့အကြုံ ရေးရန်တိုက်တွန်းသည့်အခါတိုင်း ရေးရန်ငြင်းဆိုခဲ့ပါသည်။ ငြင်းဆိုရသည့် အကြောင်းနှစ်ခုရှိပါသည်။ တစ်ကြောင်းမှာ အခြားသူများရေးသကဲ့သို့ ဖတ်ကောင်းပါမည်လား ဟူသော စိုးရိမ်မှုဖြစ်ပါသည်။ နောက်တစ်ကြောင်းမှာ ကျွန်တော့၏ အတွေ့အကြုံများမှာ အများစိတ်ဝင်စားဖွယ်ရမရှိဟု ယူဆသောကြောင့် ဖြစ်ပါသည်။

   ကျွန်တော်၏ နိုင်ငံရပ်ခြား အတွေ့အကြုံများမှာ အဖြစ်အပျက်အားဖြင့် ပြောပြစရာမရှိပါ။ အတွေးအခေါ် ပြောင်းလဲရေးဖက်တွင်သာ ပြောစရာများပါသည်။

   ရှေးဦးစွာ ကျွန်တော်နိုင်ငံခြား မသွားမီ အခြေအနေများကို အနည်းငယ် ရှင်းပြလိုပါသည်။ ကျွန်တော်သည် ၁၉၆၅ခုနှစ်လောက်တွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဘာသာဖြင့် M.A ဘွဲ့ကို ရရှိခဲ့ပါသည်။ ယခုခေတ်တွင် သင်္ချာဘာသာ M.Sc ဘွဲ့သာရှိပါသည်။ သို့သော် ၁၉၆၄ခုနှစ်မတိုင်မီက ပညာရေးစနစ်တွင် သင်္ချာကို သိပ္ပံဘာသာရပ်များနှင့် တွဲယူမှ B.Sc, M.Sc ဘွဲ့တို့ကို ရရှိပါသည်။ ၀ိဇ္ဖာ ဘာသာရပ်များဖြင့် တွဲယူလျှင် B.A, M.A ဘွဲ့များကိုသာ ရရှိနိုင်ပါသည်။ ကျွန်တော်က အင်္ဂလိပ်ဘာသာ စာပေ  (English Literature) နှင့် တွဲသဖြင့် သိပ္ပံဘွဲ့ မရရှိပဲ ၀ိဇ္ဖာဘွဲ့ကိုသာ ရရှိခြင်းဖြစ်ပါသည်။ ယခုခေတ်တွင် သင်္ချာဘွဲ့ကို ယူချင်လျှင် ၀ိဇ္ဖာဘာသာများဖြင့် တွဲခွင့်ပင် မရှိတော့ပါ။ ထို့ကြောင့် သင်္ချာဆိုလျှင် သိပ္ပံဘွဲ့သာ ဖြစ်လာပါသည်။

   မဟာဝိဇ္ဖာဘွဲ့ ရရှိပြီး Ph.D ခေါ် ပါရဂူဘွဲ့အတွက် နိုင်ငံခြားသို့ ပညာတော်သင်သွားရန် လျှောက်ထားသည့်အချိန် အတောအတွင်းတွင် ကျွန်တော်အိမ်ထောင်ကျသည်။ သားနှင့်သမီး အမြွှာကလေးကို ရရှိခဲ့သည်။ ထိုအချိန်တွင် နိုင်ငံခြား ပညာတော်သင် လျှောက်ထားသည့်ကိစ္စ အကောင်အထည်ပေါ်လာသည်။ သို့သော် ကျွန်တော့တွင် ယခင်ကလောက် နိုင်ငံခြား ပညာတော်သင် သွားလိုစိတ်သည် မပြင်းပြတော့ချေ။ မပြင်းပြတော့ဟု ဆိုမဲ့အစား လုံးဝမသွားချင်တော့ဟု ပြောလျှင် ပို၍မှန်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် နိုင်ငံခြား ပညာတော်သင်သွားရန် ငြင်းဆိုခဲ့ပါသည်။

   သို့သော် ကျွန်တော် အသေးစိတ်မပြောလိုတော့သည့် အကြောင်းများကြောင့် ၁၉၆၈ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ လေယာဉ်ခရီးဖြင့် သွားခဲ့ရပါသည်။ ကျွန်တော်နှင့် အတူ ပါဝင်သူများမှာ ဒေါက်တာသိမ်းမြင့် (ယခုအခါ ကျောင်းအုပ်ကြီး၊ ရွှေဘိုကောလိပ်) ဖြစ်ပါသည်။

   ယခုဆက်လက်၍ ပါရဂူဘွဲ့နှင့် သက်ဆိုင်သော ကမ္ဘာ့အခြေအနေနှင့် ပြင်သစ်နိုင်ငံ  အခြေအနေများကို ပြောပြလိုပါသည်။ ထိုအချိန်က ကျွန်တော်တို့နားလည်သည်မှာ ပါရဂူဘွဲ့ ဟူသည် ပညာရပ် တစ်ခုအတွက် အမြင့်ဆုံးသော ဘွဲ့ဖြစ်သည်။ ထိုဘွဲ့ကို ရရှိရန် ကံ၊ဥာဏ်၊ ၀ီရိယ များစွာ လိုသည်။ စာတော်ရုံ၊ စာဖတ်နိုင်ရုံ၊ ကျက်နိုင်ရုံ၊ စာမေးပွဲ အောင်ရုံနှင့်လည်း မလုံလောက်ပါ။ စာမေးပွဲ ဟူသည်ကား ရှိပြီးသား အချက်အလက်များကို မှတ်မိခြင်းမျှသာ ဖြစ်သည်။

  ပါရဂူဘွဲ့ ရရှိရန် လိုအပ်သည်မှာ မည်သူမျှ မတွေ့ဖူးသေးသော အချက်အလက် များကို ဖော်ထုတ် ပေးရန် လိုသည်ဟု နားလည်ထားသည်။ တစ်ခါတစ်ရံ မည်သူမျှ မဖြေရှင်းသေးသော ပြဿနာများကို ဖြေရှင်းသော နည်းလမ်းများ မည်သူမျှ မတွေ့ရှိသေးသော သက်သေပြချက်များကို ဖော်ထုတ်နိုင်ခြင်း အားဖြင့်လည်း ပါရဂူဘွဲ့ ရရှိနိုင်ပေသည်။

   ဖော်ပြခဲ့သော အကြောင်းများကြောင့် ၁၉၆၅ခုနှစ် မတိုင်မီက ကမ္ဘာ့တက္ကသိုလ်များတွင် ပါရဂူဘွဲ့ ရရှိရန် အလွန်ခဲယဉ်းခဲ့သည်။ ကျွန်တော်တို့ထက် ပညာဗဟုသုတနှင့် ဥာဏ်ပညာ ကြီးမားသူများပင်လျှင် ပါရဂူဘွဲ့ကို မရရှိခဲ့သည့် ဖြစ်ရပ်များကို ကြားဖူးခဲ့သည်။ ထို့ကြောင့် ကံကောင်းရန်လည်း အရေးကြီးသည်ဟု ဆိုခြင်း ဖြစ်ပါသည်။

   ကံဟု ဆိုရာ၌ အကြောင်းများစွာ ရှိနေသည်။ အရေးကြီးသော အရာနှစ်ခုမှာ  ဘာသာရပ်ရွေးချယ်ခြင်း နှင့် ဆရာရွေးချယ်ခြင်း တို့ ဖြစ်သည်။

  ဘာသာရပ် ဟူရာ၌ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ ဇီဝဗေဒ စသော ဘာသာရပ်များလည်း ရှိပါသည်။ ယခုဖော်ပြလိုသော ဘာသာရပ်မှာ ယင်းဘာသာရပ်များ တစ်ခုစီထဲတွင် ပြန်၍ ခွဲထားသော ဘာသာရပ်ခွဲများကို ဆိုလိုသည်။

   ဤဆောင်းပါးသည် သင်္ချာနှင့် သက်ဆိုင်သဖြင့် သင်္ချာအကြောင်းကို အဓိက ထား၍ ပြောပါမည်။ သင်္ချာတွင် ရှေးအခါကစပြီး ရှိခဲ့သော ဘာသာခွဲများမှာ ဂဏန်သင်္ချာ (Arithmetic)၊  အက္ခရာသင်္ချာ (Algebra)၊ ဂျီသြမေတြီ (Geometry) တို့ဖြစ်သည်။ ထိုမှ တဆင့် ကဲကုလ (Calculus)၊ ယုတ္တိဗေဒ (Logic)၊ အစုသီအိုရီ (Set Theory)၊ ဒြပ်မဲ့အက္ခရာသင်္ချာ (Abstract Algebra)၊ သရုပ်ခွဲနည်းပညာ (Analysis)၊ တော်ပေါ်လောဂျီ (Topology) တို့ ပေါ်ပေါက်လာ ပြန်သည်။

   ယင်းဘာသာခွဲများတွင်လည်း နောက်ထပ် ဘာသာခွဲများ ရှိပြန်သည်။ အထူးသဖြင့် ဘာသာခွဲတစ်ခုကို ပညာဗဟုသုတ အတွက် လေ့လာနည်း နှင့် အခြားသော ၀ိဇ္ဖာ၊ သိပ္ပံ ပညာရပ်များတွင် အသုံးချရန် လေ့လာသော နည်းများဖြစ်လာသည်။ ဤကဲ့သို့ ဘာသာခွဲများ ပေါ်ဖွားလာလေရာ ယခုအခါတွင် သင်္ချာတစ်ခုတည်းတွင် ဘာသာခွဲများ နှစ်ရာကျော် ရှိနေပြီဟု သိရသည်။

    ထို့ကြောင့် ဘာသာရပ်ကို ရွေးခြင်းသည် အလွန်အရေးကြီးလှ ပါသည်။ ဥပမာ ပါရဂူဘွဲ့ အတွက် ကျမ်းပြုလိုသော သူတစ်ယောက်သည် အက္ခရာသင်္ချာ ကဲ့သို့သော ဘာသာရပ်ကို ပါရဂူကျမ်းပြုစုရန် ရွေးချယ်သူသည် ကိုယ်တိုင်တီထွင်ဖို့ နေနေသာသာ ယခင်က ပညာရှင်များ၏ တွေ့ရှိချက်များကို လေ့လာ၍ပင် မကုန်နိုင်ရှိနေပေလိမ့်မည်။

   သို့သော် လွန်ခဲ့သော ဆယ်နှစ်လောက်ကမှ ထွက်ပေါ်လာသော ဘာသာကို လေ့လာသူအဖို့ ယခင်က ပညာရှင်များ၏ တွေ့ရှိချက်များကို အချိန်တိုတိုဖြင့် လေ့လာနိုင်သည့်အတွက် ထိုဘာသာရပ်တွင် သုတေသန လုပ်နိုင်သည့် အဆင့်ကို မြန်မြန်ရောကသည်။ သို့ဖြင့် ကိုယ်ပိုင်တီထွင်မှု များကို မြန်မြန်လုပ်နိုင်သည်။

   ထို့ကြောင့် ဘာသာရပ် အရွေးမှား၍ ငါးနှစ်တိုင်တိုင် နေပြီးမှ မဟာသိပ္ပံဘွဲ့သာ ရရှိပြီး၊ ပါရဂူဘွဲ့အတွက် ကျမ်းမပြုစုနိုင်ခဲ့သော ဆရာကြီးတစ်ဦးက သူ၏ နောင်လာနောင်သားများ လမ်းမှားမလိုက်မိစေရန် ဤသို့ ဆုံးမခဲ့သည်ကို ကြားဖူးသည်။

   “မင်းတို့တတွေ ပညာကို လေးလေးနက်နက် တတ်ချင်သလား၊ သို့မဟုတ် ဘွဲ့ထူး၊ ဂုဏ်ထူး အဆင့်မြင့်မြင့် လိုချင်သလား ဆိုတာကို ဆုံးဖြတ်ပါ။ အကယ်၍ ဘွဲ့ထူး၊ ဂုဏ်ထူးကို အလေးမထားပဲ ပညာကိုပဲ လေးလေးနက်နက် တတ်ချင်ရင် သင်္ချာစစ်စစ် (Pure Mathematics) ဘာသာခွဲတွေ ဖြစ်တဲ့ အက္ခရာသင်္ချာ၊ ဂျီသြမေတြီ၊ ယုတ္တိဗေဒ  စတာတွေကို ရွေးပေါ့။ သို့ပေမဲ့ ဘွဲ့ထူး၊ ဂုဏ်ထူး အဆင့်မြင့်မြင့်ကို မြန်မြန်လိုချင်ရင်တော့ သင်္ချာစစ်စစ်နဲ့ ပတ်သက်တဲ့ ဘာသာခွဲတွေကို ဘယ်တော့မှ မရွေးလေနဲ့”

    “အသုံးချသင်္ချာ (Applied Mathematics) ဘာသာခွဲတွေကို ရွေးကြ၊ ဥပမာ အက္ခရာသင်္ချာကို စီးပွားရေးဘာသာရပ်မှာ အသုံးချတဲ့ ဘာသာမျိုးတို့၊ ဂျီသြမေတြီပညာကို စက်မှုသိပ္ပံမှာ သုံးတဲ့ဘာသာမျိုး၊ အဲဒါမျိုးကို ရွေးချယ်ရမယ်”
   “ဥပမာကွာ  အက္ခရာသင်္ချာကို စီးပွားရေးဘာသာရပ်မှာ အသုံးချတဲ့ ဘာသာကို ကျမ်းပြုမဲ့သူဟာ အက္ခရာသင်္ချာကိုလည်း သာမာန်ဘွဲ့လွန် ကျောင်းသာလောက် နက်နက်နဲနဲ တတ်စရာမလိုဘူး၊ စီးပွားရေးပညာကိုလည်း သိပ်နက်နက် နဲနဲ သိဖို့မလိုဘူး။ သို့သော် ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့ အခါမှာ အက္ခရာသင်္ချာကိုလည်း စီးပွားရေးပညာရှင်တွေထက် တတ်တယ်။ စီးပွားရေးပညာရှင်တွေ မသိတဲ့ အက္ခရာသင်္ချာတွေကိုလည်း ကိုယ်ကသိတယ်။ ဒါကြောင့် ပါရဂူဘွဲ့အတွက် ကျမ်းကိုလည်း အလွယ်တကူ ပြီးနိုင်တယ်။ ငါကတော့ အချိန်လည်း နှောင်းသွားပြီ။ အသိနောက်ကျသွားပြီ။ နောက်လူတွေ ဒီလိုအမှားမျိုး မမှားစေနဲ့”

   ပါရဂူဘွဲအတွက် လမ်းညွှန်ပေးသော ဆရာသည်လည်း အလွန် အရေးကြီးကြောင်းကို ပြောသံကြားဖူးခဲ့သည်။ ဆရာသည် ဘာသာရပ်ကို ကျွမ်းကျင်သူ ဖြစ်ရမည်မှာ ထင်ရှားသည်။ ၄င်းအပြင် ဆရာသည် ပါရဂူဘွဲ့အတွက် ပြုစုမည့် ကျမ်း၏ ခေါင်းစဉ်ကို ရွေးပေးခြင်း၊ ရွေးပေးထားသော ခေါင်းစဉ်နှင့် လိုက်သောကျမ်းများကို ညွှန်ပြနိုင်ခြင်း၊ ဖြေရှင်းရမည့် (သင်္ချာ) ပြဿနာကို အသေအချာ ရွေးပေးနိုင်ခြင်း ဟူသော အရည်အချင်းများ ရှိရန်လိုအပ်သည်။

   ဆရာ၏ ဆုံးဖြတ်ချက်သည် အလွန်အရေးကြီးသည်။ တစ်ခါတစ်ရံ ဆရာသည် ကျောင်းသားကို အလွန်အထင်ကြီးပြီး သူကိုယ်တိုင်ပင် ကြာမြင့်စွာ အဖြေမရသေးသော ပုစ္ဆာမျိုးကို ပါရဂူကျမ်းပြုစုရန် အတွက် ပေးတတ်သည်။ ထိုအခါမျိုးတွင် နှစ်လကြာရှည်ပြီး အဖြေမထွက်ပဲ ကျမ်းမပြုစုနိုင် ဖြစ်တတ်သည်။ တစ်ခါတစ်ရံ ဆရာသည် သူကိုယ်တိုင် အဖြေရလုနီးပါး ပုစ္ဆာမျိုးကို ကျောင်းသားအား ပေးလိုက်သည်။ ထိုအခါမျိုးတွင် ဆရာသည် သူလျှောက်ခဲ့ပြီးသော လမ်းကို ခေါ်ဆောင်သကဲ့သို့ ကျောင်းသားအား အလွယ်တကူ လမ်းညွှန်ပေးနိုင်လေသည်။

   ဧကန် တကယ် ဖြစ်သင့်သော ပါရဂူကျမ်း ပြုစုနည်းမှာ ဖော်ပြခဲ့သော အစွန်းနှစ်ဖက်၏ အလယ်လမ်းဖြစ်သည်။ ဆရာက သူသိသမျှကို လမ်းညွှန်ခြင်းကို ကျောင်းသားက လိုက်နာပြီးသည့်နောက် ကျောင်းသားက သူ၏ ကိုယ်ပိုင် စူစမ်းရရှိချက်များကို ဆရာ့ထံ တင်ပြ၊ အတူဆက်စဉ်းစာရင်း ဆရာနှင့် တပည့်သည် တစ်လှည့်စီ တစ်ယောက်က လမ်းထွင်လိုက်၊ တစ်ယောက်က လျှောက်လိုက် ဖြစ်သင့်သည်။

    *   *   *

  သို့နှင့် ကျွန်တော်တို့သည် ပြင်သစ်နိုင်ငံသို့ ရောက်လာခဲ့သည်။ ထိုအချိန်မှာ ၁၉၆၈ခုနှစ် ဇွန်လဖြစ်သည်။

  အနောက်နိုင်ငံများတွင် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့သည် နွေရာသီထဲတွင် ကျရောက်သည်။ ကျွန်တော်တို့ ရောက်ခဲ့သော ဇွန်လတွင် နေထွက်ချိန်သည် နံနက် လေးနာရီလောက်ဖြစ်ပြီး နေ၀င်ချိန်မှာ ည ဆယ်နာရီကျော်ကျော် ဖြစ်သည်။ ရာသီဥတုမှာ အနောက်နိုင်ငံ၏ စံချိန်အရ ပူပြင်းသည်ဟု ခေါ်သည်။ ကျွန်တော်တို့ မြန်မာလူမျိုးများ အနေနှင့်မူ ထိုရာသီဥတုကို အေးလိုက်၊ ပူလိုက် ဟု ခေါ်ရလိမ့်မည်။ ပူမည်ထင်ပြီး အေးတတ်သည်။ အေးမည်ထင်ပြီး ပူတတ်သည်။ ထို့ကြောင့် ရောက်စက ရာသီဥတု ပူမည့်နေ့ကို အေးမည်ထင်၍ အနွေးထည် အထပ်ထပ် ၀တ်သွားမိသည်။ အေးမည့်နေ့ကို ပူမည်ထင်၍ အင်္ကျီ တစ်ထပ်တည်းနှင့် သွားမိသည်။

  ကျွန်တော်တို့သည် သုံး၊ လေးရက်လောက် ပဲရစ်တွင် ခဏနေရသည်။ ပဲရစ်မြို့ရှိ အီဖဲလ် မျှော်စင်နှင့် စိန့်မြစ်တို့နှင့် ပတ်သက်ပြီး သတိရသည်တော့ တစ်ခုပဲရှိသည်။ အီဖယ် မျှော်စင်အောက် ၊ စိန့်မြစ်နားနှင့် စိန့်မြစ်ကို ဖြတ်သော တံတားများပေါ်တွင် ဓါတ်ပုံဆရာများ အလွန်ရှုပ်သည်။ နိုင်ငံခြားသားများကို တွေ့တိုင်း ဓါတ်ပုံရိုက်သည်။ ပြီးလျှင် ဓါတ်ပုံဖိုး တောင်းသည်။ ကျွန်တော်တို့အားလည်း ဓါတ်ပုံရိုက်ပြီး ပိုက်ဆံအတင်းတောင်းသည်။

  ကျွန်တော်တို့သည် မြန်မာနိုင်ငံတွင် တစ်နှစ်တိုင်တိုင် ပြင်သစ်စာ သင်ပြီးဖြစ်၍ သူတို့ပြောသည်ကို နားလည်ပါသည်။ သို့သော် နားမလည်လျှင် သက်သာမည်လား ဟု ထင်ပြီး ဘာပြောမှန်း နားမလည်ကြောင်း I don’t understand ဟုပြောသည်။ ထိုအခါ ဓါတ်ပုံဆရာက အင်္ဂလိပ်လိုပြောသည်။ ကျွန်တော် အလွန်ညံ့သည်ပဲ။ ဤအလုပ်မျိုး လုပ်နေသူ လူမျိုးတွေက အင်္ဂလိပ်လို တတ်မည်ပေါ့။ တကယ်ဆို မြန်မာလို ပြောလိုက်ရ အကောင်းသား၊ သို့ဖြင့် ကျွန်တော်က ပိုက်ဆံမပါဘူး။ ခရီးသွား ချက်လက်မှတ်တွေ (Traveler’s Cheques) သာ ပါသည်ဟု ဆိုပြီး သူ့အဖေါ်တွေကိုပါ လှမ်းခေါ်လိုက်ပြန်သည်။

   ဤတွင်လည်း ကျွန်တော် ညံသည်သာပင်။ ဘာမှမပါဘူးဆိုလျှင် ပြီးပြီသာ။ အဘယ့်ကြောင့် ခရီးသွားချက်လက်မှတ်တွေ ရှိသည်ကို သွားပြောမိပါလိမ့်။ နောက်ပိုင်း ဓါတ်ပုံဆရာ၏ အခြားအပေါင်းအဖေါ်တွေ ၀ိုင်းလာသောအခါ ကြံရာမရတော့ပဲ အနီးရှိ တံတား တစ်ခုပေါ်  ဖြက်ပြီးပြေးခဲ့ရသည်။ နောက်လှည့်မကြည့်ပဲ ပြေးလိုက်ကြသည်မှာ မြို့လည်ခေါင် ရောက်သည် အထိပဲ ဖြစ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ ရုပ်ရှင်များထဲတွင် ပဲရစ်မြို့ စိန့်မြစ်ကို ဖြတ်သန်းနေသော တံတားများကို တွေ့တိုင်း ကျွန်တော် ဖြတ်ပြေးခဲ့သော တံတား ဖြစ်လေမလား ဟု စဉ်းစားမိပါသည်။

(၂)
   ကျွန်တော်တို့သည် မြန်မာနိုင်ငံတွင် နိုင်ငံခြား ဘာသာသင်သိပ္ပံ၌ ပြင်သစ်စာကို တစ်နှစ် သင်ကြားခဲ့ရသည့်အတွက် သွားရေး၊ လာရေး၊ စားရေး၊ သောက်ရေးတွင် အဆင်ပြေပါသည်။ အဆင်မပြေသည်မှာ ကျွန်တော်တို့ကို ပြင်သစ်စာနှင့် စကား စာမေးပွဲစစ်သည့် အချိန်တွင်ဖြစ်သည်။

  ပြင်သစ်နိုင်ငံတွင် ပညာရေးဝန်ကြီးဌာန နှစ်ခုရှိကြောင်း သိရသည်။ တစ်ခုမှာ သာမန်ပညာရေးဝန်ကြီးဌာန (Ministry of Education) နှင့် နောက်တစ်ခုမှာ နိုင်ငံခြား ပညာတော်သင်များအတွက် ပညာရေးဝန်ကြီးဌာန (Ministry of Education for Foreign Students) ဖြစ်သည်။ ပြင်သစ်နိုင်ငံသို့ ရောက်လာသော နိုင်ငံခြား ကျောင်းသားများကို ပဲရစ်မြို့၊ ဆော်ဘွန်း တက္ကသိုလ်တွင် ပြင်သစ်စာနှင့် စကား စာမေးပွဲစစ်သည်။ ရရှိသော အမှတ်အလိုက် အနိုမ့်ဆုံးအဆင့်၊ အလယ်အဆင့် နှင့် အမြင့်ဆုံးအဆင့် ဟူ၍ အဆင့် သုံးဆင့်ခွဲသည်။ ခွဲထားသော အဆင့်ကို လိုက်၍ ပြင်သစ်သင်တန်းများ တက်ရန် နေရာဌာန အသီးသီးသို့ စေလွှတ်ပေးသည်။

   အလယ်အဆင့်နှင့် အမြင့်ဆုံးအဆင့် ရသောကျောင်းသားများ ဘယ်သို့ ပို့သည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်သည် အနိုမ့်ဆုံးအဆင့်ရသော ကျောင်းသားများ ပို့သော နေရာကိုသာ သိရှိခဲ့ရပါသည်။ ကျွန်တော်တို့အား ပြင်သစ်ဘာသာ သင်ရန် ကွန်းမြို့ (Caen) သို့ ပို့လိုက်သည်။ ကွန်းမြို့၌ ပြင်သစ်ဘာသာကို သုံးလသင်ပြီးမှ ဂရင်နိုဘယ်  (Grenoble) သို့သွားရမည်ဟု နားလည်ထားသည်။

   ဤသို့နှင့် ကျွန်တော်တို့သည် ကွန်းတက္ကသိုလ်သို့ ရောက်လာခဲ့သည်။ မြေပုံတွင် ကြည့်လျှင် ကွန်းမြို့သည် ပြင်သစ်နိုင်ငံ၏ မြောက်ပိုင်း၊ နော်မန်ဒီ (Normandy) နယ်တွင် တည်ရှိသည်။

   ကျွန်တော်တို့ ပြင်သစ်ဘာသာ သင်ကြားရသော သင်နည်းကို အိုဒီယိုဗီရှုယယ် (Audio-Visual) ဟု ခေါ်သည်။ အိုဒီယို ဆိုသည်ကား အသံဟု အဓိပ္ပါယ်ရသည်။ ဗွီရှုယယ် ဆိုသည်ကား အရုပ်ကို ဆိုလိုသည်။ လက်တွေ့သင်ကြားသောအခါ အရုပ်များကို ထိုးပြပြီး၊ ထိုအရုပ်များနှင့် ဆိုင်သော အသံများကို ဖွင့်ပြသည်။ ဤသင်ကြားနည်း၏ ရည်ရွယ်ချက်မှာ စကားမတတ်သေးသော ကလေးများ စကားသင်သည့် ပုံမျိုးဖြစ်စေရန် ဖြစ်ပါသည်။ ဤသည်ကား ပထမပိုင်း နှစ်လဖြစ်သည်။ နောက်ပိုင်း တစ်လတွင် အသံတစ်ခုတည်းဖြင့် သင်ကြားသောနည်းကို သုံးသည်။

   ပြင်သစ်ဘာသာ သင်နေစဉ်အတွင်း ရယ်စရာတစ်ခု ကြုံခဲ့ဖူးသည်။ တစ်နေ့၊ တစ်၌ ကျွန်တော်တို့ နေထိုင်သော ကျောင်းဆောင်အောက်တွင် စာကပ်ထားသည်ကို တွေ့ရသည်။ ထိုစာထဲမှ စကားလုံးများ အားလုံးကို နားမလည်ပါ။ ကျွန်တော် နားလည်သောစကားလုံးများမှာ တနင်္လာနေ့ (၁၁) နာရီ၊.. ဗုံး၊.. တက္ကသိုလ်နယ်မြေ၊ .. ကျောင်းဆောင်၊ .. ကျောင်းသားများ.. တို့သာဖြစ်သည်။ ကျွန်တော်က ဖြည့်စွတ်၍ နားလည်လိုက်သည်မှာ တက္ကသိုလ် နယ်မြေရှိ ကျောင်းဆောင်များကို တနင်္လာနေ့ (၁၁)နာရီတွင် ဗုံးခွဲမည်ဖြစ်ကြောင်း၊ ကျောင်းသားများကို အသိပေးခြင်း ဟူ၍ ဖြစ်သည်။

   ထို့ကြောင့် ကျွန်တော်နှင့် ဦးသိမ်းမြင့်တို့သည် ပစ္စည်းများကို ထုတ်ပိုးပြီး ပြောင်းဖို့ လုပ်ကြသည်။ သို့သော် အခြားကျောင်းသားများသည် အေးအေးဆေးဆေး ဘာမှ မဖြစ်သကဲ့သို့ နေနေကြသဖြင့် ကျွန်တော်တို့ ထင်သည့်အတိုင်း မဟုတ်တော့ဟု တွေးမိကြသည်။

   မေးမြန်း၍ ကြည့်သောအခါမှ အဓိပ္ပါယ်အမှန်ကို သိရသည်။ တက္ကသိုလ် နယ်မြေထဲတွင် ဗုံးအဟောင်းတစ်လုံးကို တွေ့ရှိထားသည်။ ထိုဗုံးကို ခြံခပ်ထား၍ အစောင့်အကြပ်များဖြင့် ထားရှိထားရာ အဆောင်ရှိ ကျောင်းသားများသည် ထိုခြံတွင်းသို့ မ၀င်ကြရန် တိုက်တွန်းလိုက်သည်။ ထိုဗုံးကို တနင်္လာနေ့ နေ့လည် (၁၁)နာရီတွင် ခွဲမည်။ စာထဲတွင် ပါသည့်အတိုင်း စစ်တပ်မှ လာရောက်၍ ဗုံးကို ပစ်ခွဲလိုက်သည်။

   ကျွန်တော်သည် ယခင်က အင်္ဂလိပ်စာပေကို ၀ါသနာပါခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်ဝတ္တု၊ ကဗျာ၊ ပြဇတ်များကို ဖတ်သကဲ့သို့ အင်္ဂလိပ်လို ဘာသာပြန်ထားသော ပြင်သစ်ဝတ္တုများ၊ ပြဇတ်များကိုလည်း ဖတ်ခဲ့သည်။ ပြင်သစ်သို့ ရောက်သောအခါ ပြင်သစ် စာရေးဆရာကြီးများ ဖြစ်ကြသော အလက်ဇင်ဒါဂျူးမာ (Alexandre Dumas),  မိုပါဆွန်း (Gay de Maupa sant)၊ ဗစ်တာဟူဂိုး (Victor Hugo)၊ ဂျူးလ်ဗန်း (Jules Veme) စသည်တို့၏ စာပေများကို ပြင်သစ်လို မူရင်းအတိုင်း ဖတ်ချင်စိတ် ပေါ်ပေါက်လာသည်။

   ကျွန်တော် အင်္ဂလိပ်စာကို စဖတ်စဉ်အခါက ကျွန်တော့၏ မိဘများက ကျွန်တော့်အား အင်္ဂလိပ်စကားလုံးများကို အဂ်လိပ်လို အဓိပ္ပါယ် ပြန်ပေးသော အဘိဓာန်ကို သုံးရန် အားပေးခဲ့ဘူးသည်ကို အမှတ်ရသည်။ ထို့ကြောင့် ကျွန်တော့တွင် ပြင်သစ်-အင်္ဂလိပ် အဘိဓာန် ရှိသော်လည်း ပြင်သစ်စာ အဘိဓာန်ကို ထပ်ဝယ်ပစ်လိုက်သည်။

  (၃)
XXX XXX XXX

(၄)
   ကျွန်တော်သည် လွန်ခဲ့သောအချိန်များက ၀င်္ကဘာထဲတွင် လမ်းလျှောက်နေသောသူနှင့် တူသည်။ ဆရာက ၀င်္ကဘာကို အပေါ်မှ ဆီးကြည့်နေပြီး တည့်တည့်သွား၊ ဘယ်ကွေ့၊ ညာကွေ့ စသဖြင့် ညွန်ကြားနေသကဲ့သို့ ဖြစ်သည်။

  ပါရဂူဘွဲ့ကျမ်းကို ပြင်သစ်ဘာသာဖြင့် အစအဆုံး ရေးရသည်။ ပြီးသည့်နောက် လက်နှိပ်စက်၊ ဖယောင်းရိုက်၊ လှည့်၊ စာအုပ်ချုပ်သည့်လုပ်ငန်းများကို ဌာနမှ လုပ်ပေးသည်။ ကျမ်းတင်သွင်းသည့်အခါတွင် စစ်ဆေးရေးအဖွဲ့တွင် ပါမောက္ခက ဥက္ကဌ၊ ကျမ်းကြီးကြပ်သည့် ဆရာနှင့် အခြားဆရာများပါဝင်မည်ဟု ဆရာက ရှင်းပြသည်။

   ကျွန်တော်သည် ကျမ်းတင်သွင်းသည့် အတွေ့အကြုံ မရှိရကား၊ ၄င်းနှင့်စပ်လျှင်း၍ ကျွန်တော်၏ အသိမိတ်ဆွေများအား မေးကြည့်သည်။ ကျွန်တော်အသိချင်ဆုံး ကိစ္စမှာ ကျမ်းတင်သွင်းသည့်အခါ စာစစ်အဖွဲ့က လက်မခံပဲ ပယ်ချသည့် ထုံးစံ ရှိမရှိပင် ဖြစ်သည်။

   မိတ်ဆွေတစ်ဦးက ရှင်းပြသည်။ “ကျွန်တော်သိသလောက် ပြောရရင် ပါရဂူဘွဲ့အတွက် ရေးထားတဲ့ကျမ်းကို ကြီးကြပ်သူက စာအုပ်ရိုက်ခွင့်နဲ့ တင်သွင်းခွင့် ပေးပြီးရင် ဒါဟာ လက်ခံတာနဲ့ အတူတူပဲ။ စာစစ်အဖွဲ့ဆိုတာက အဲဒါကို တရားဝင်ဖြစ်အောင် လုပ်ပေး၊ လက်မှတ်ထိုးပေးတာပဲ” 

    “ဒီလိုဆိုရင် ကျမ်းတင်သွင်းတဲ့ နေ့ကျမှ ကျွန်တော်တို့ မျက်စိမှောက်နေတဲ့ အမှားတစ်ခုနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ”  ဟု မေးသည်။ ကျွန်တော်နှင့် ကျွန်တော်၏ ကြီးကြပ်သူ ဆရာသည် အထပ်ထပ်ပြန်ဖတ်၊ ပြန်တွက်ကြည့်ပြီးသား ဖြစ်သည်။ သို့သော်လည်း သေချာ စိတ်ချသည်ဟူသော အခြေအနေကို ဘယ်တော့မှ မရောက်နိုင်သေးချေ။

   “ကျွန်တော်တို့ နားထောင်ဖူးတဲ့ မဟာသိပ္ပံ ကျမ်းတင်သွင်းပွဲတစ်ခုမှာတော့ ဒီလို ဖြစ်တာ တွေ့ဖူးတယ်။ ကျောင်းသားက အရင် သူ့ကျမ်းအကြောင်း ရှင်းပြတယ်။ ပြီးတော့ စာစစ်အဖွဲ့ဝင် ဆရာတွေက သူ့ကို မေးတယ်။ ကျောင်းသားက မဖြေနိုင်တဲ့အခါ ကြီးကြပ်တဲ့ဆရာက ထောက်ပေးတယ်။ နောက်ဆုံး စာစစ်အဖွဲ့ရဲ့ ဥက္ကဌက မှတ်ချက်ပေးတယ်။ ဒီကျမ်းမှာ ပါဝင်တဲ့ အကြောင်းအရာတွေဟာ ဘယ်လို ခေတ်နောက်ကျနေတယ် ဆိုတဲ့အကြောင်း၊ အရေးအသားမှာလည်း ဘယ်နေရာမှာ ဘယ်လို ပြင်သင့်တဲ့အကြောင်း၊ နောက်ထပ်ပြည့်စုံအောင် ဘာတွေပါသင့်တဲ့ အကြောင်း ၊ ဒီကျမ်းနဲ့ ပတ်သက်ပြီး ရစရာမရှိအောင် ပြောတော့တာပဲ။ နောက်ဆုံး နိဂုံးချုပ်ကျတော့လည်း ဒီကျမ်းကို ပါရဂူဘွဲ့အတွက် ရိုးရိုးအောင်သည် လို့ သတ်မှတ်လိုက်တယ်”

   ထိုအချိန်တွင် သိရသည်မှာ ပါရဂူကျမ်းတစ်ခု တင်သွင်းတော့မည် ဆိုလျှင် ကြော်ငြာ သင်ပုန်းများတွင် တင်သွင်းမည့် ကျမ်းအမည်၊ တင်သွင်းမည့် နေ့၊ အချိန်တို့ကို ကပ်ထားသည်။ စိတ်ဝင်စားသူတိုင်းသည် လာရောက် နားထောင်နိုင်ကြောင်း ဖိတ်ကြားထားသည်။

   မည်သည့်အတန်းတွင်မဆို နှုတ်မေးခွန်း စစ်ဆေးပြီးလျှင် အောင်စာရင်း ထုတ်ပေးသည်။ ထိုအခါ အောင်မြင်သူများအား အောက်ပါအတိုင်း သတ်မှတ်ပေးသည်။

Ordinary Pass                ရိုးရိုးအောင်
Fair                             သင့်သည်  
Good                           ကောင်းသည်
Very Good                    အလွန်ကောင်းသည်
Excellent                       ထူးခြားစွာအောင်သည်
Honorable                     အဆင့်မြင့်စွာအောင်သည်
Very Honorable              အလွန်အဆင့်မြင့်စွာအောင်သည်
Very Honorable with       အလွန်အဆင့်မြင့်စွာအောင်ပြီး
  the Felicitations              စာစစ်အဖွဲ့ဝင်များ၏ ဂုဏ်ပြုခြင်း
  of the Jury                    ကိုခံရသည်
ဟု ကျွန်တော်မိတ်ဆွေက ပြောသည်။

   “မင်း ကျမ်းစာအုပ် တင်သွင်းတဲ့နေ့ ငါလာနားထောင်မယ်ကွာ၊ ဓါတ်ပုံပါ ရိုက်ပေးမယ်၊ အမှတ်တရပေါ့ကွာ၊ ဘယ်နှယ်လဲ”

    ကျွန်တော်က  “မလုပ်ပါနဲ့ကွာ၊ လာနားထောင်တာတော့ ကောင်းပါတယ်။ ငါအားရှိတာပေါ့၊ ဓါတ်ပုံတော့ ကျေးဇူးပြုပြီး မရိုက်ပါနဲ့။ အောင်စာရင်းက ဘယ်လိုဖြစ်မှန်းမသိဘူး။ တော်ကြာ အခြေအနေမကောင်းရင် ရှက်စရာကြီး”  ဟု ပြန်ဖြေလိုက်သည်။

    ကျွန်တော်၏ ကျမ်းစာအုပ်တွင် စာမျက်နှာ (၁၃၅) မျက်နှာရှိသည်။ စက္ကူအထူဖုံး ဖြစ်ပြီး။ ကွာတိုအရွယ် စက္ကူဖြင့် ချုပ်ထားသော စာအုပ်ဖြစ်သည်။ ဤမျှလောက် စာမျက်နှာရှိ အကြောင်းအရာများကို ကျွန်တော် ရှင်းပြရလျှင် အနည်းဆုံး သုံးနာရီလောက် ကြာလိမ့်မည် မှန်းသည်။ ဆရာက နာရီဝက်လောက်နှင့် ပြီးအောင် ပြောရမည်ဟု ဆိုသည်။ ကျွန်တော်က ဖြစ်နိုင်ပါ့မလား ဟု မေးသောအခါ ဆရာက ဤကဲ့သို့ ပြောနိုင်ခြင်းသည်ပင်လျှင် ပညာတစ်ရပ်ဖြစ်သည် ဟု ဆိုသည်။ ပြီးလျှင် ပြောပုံ ပြောနည်းကို လည်း ရှင်းပြသည်။
  ထိုအချိန်တွင် ကျွန်တော်ဝမ်းအသာဆုံး အချက်သည်ကား အလုပ်ပြီး၍ အိမ်ကိုပြန်ရတော့မည်ဟူသော အချက်ပင်ဖြစ်သည်။ ကျွန်တော်အိမ်ပြန်ဖို့အတွက် အစီအစဉ်များလုပ်သည်။

   ပြင်သစ်နိုင်ငံတွင် နောက်ထပ်ထူးခြားသော အချက်တစ်ခုမှာ ဘွဲ့နှင်းသဘင် အခမ်းအနားမရှိခြင်းပင် ဖြစ်သည်။ အောင်စာရင်းကြေငြာပြီးနောက် နှစ်ရက်လောက်အကြာတွင် ကျောင်းသားရေးရာ ရုံးသို့သွားပြီး   ထောက်ခံစားသဘောမျိုး၊ လက်မှတ်ကို ယူရုံသာ ဖြစ်သည်။

    ဆိုခဲ့သည့်အတိုင်း ၁၉၇၀ပြည့်နှစ် ဇွန်လ(၂၂)ရက်နေ့တွင် ပါရဂူဘွဲ့အောင်စာရင်း ကြေငြာပြီးသည့်နောက် ထိုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ခဲ့ပါသည်။

အတွေးအမြင် (၄၅၊ ၄၆၊ ၄၇၊ ၄၈) ၁၉၈၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, ဒေါက်တာခင်မောင်ဝင်း (သချာင်္)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်