စာတန်းပြုစုသူ သားကြီးမောင်ဇေယျ – ဒဂုန်တာရာရဲ့ ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ ၀ထ္ထုထဲက အရောင်များ

April 27, 2016

 စာတန်းပြုစုသူ သားကြီးမောင်ဇေယျ – 
ဒဂုန်တာရာရဲ့  ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ ၀ထ္ထုထဲက အရောင်များ
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၆

ဆရာဒဂုန်တာရာ ဟာ ပန်းချီဝါသနာပါသူပီပီ သူ့ဝထ္ထုတွေမှာ ဇာတ်ကောင်စရိုက်တွေ၊ လူတန်းစားစရိုက်တွေ၊ ရှုမျှော်ခင်း တွေ၊ စိတ်လူပ်ရှားမှုတွေကို အရောင်တွေနဲ့ ဖေါ်ပြလေ့ရှိတာကိုတွေ့ရပါတယ်။ ကျနော် သတိပြုမိသလောက် စုစည်းတင်ပြ ပါမယ်။ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ ၀ထ္ထုကို လေ့လာကြည့်ရအောင်ပါ။

ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ ၀ထ္ထု မိတ်ဆက်
ပဉ္စမ မြောက်ဝထ္ထုဖြစ်ပါတယ်။
၁၉၇၄ ဇွန်လ ရှုမ၀မဂ္ဂဇင်းမှာ စတင်ဖေါ်ပြခဲ့ပါတယ်။
အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကို နောက်ခံထားရေးဖွဲ့ထားပါတယ်။

မြူနီစပယ် တစ်ဝင်းလုံးပင် ယူနီယံဂျက်အလံများဖြင့် ပြန့်ကျဲထူထပ်နေတော့သည်။
ငှက်အဖြူ၊ အပြာ၊ အနီကလေးများ တ၀န်းလုံးဝဲပျံလျှက်။
(ဒို့ခေတ်။ အခန်း ၁။ စာမျက်နှာ ၂၇။)

ယူနီယံဂျက် အလံအလံက အရောင်တွေဖြစ်တဲ့ အဖြူ၊ အပြာ၊ အနီတွေ လေထဲမှာလွင့်နေတာကို ငှက်အဖြူ၊ အပြာ၊ အနီက လေးတွေ ပျံဝဲနေတာလို့ စာရေးဆရာက ရေးဖွဲ့လိုက်တာပါ။

ဗညားမော်သည် မဏ္ဌပ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မဏ္ဌပ်တွင်း၌ မင်းစိုးရာဇာများ၊ ပိုးရောင်၊ ဖဲရောင်၊ သက္ကလတ်ရောင်။ စိန်ရောင်၊ မြရောင်၊ ပတ္တမြားရောင်။ . . . .  ကျောင်းအုပ်ဆရာကြီးဦးဟန်တင့်မှာ ပင်နီရင်ဖုံး၊ ဘန်ကောက်လုံခြည် ရွှေဖလား ရောင် တောင်ရှည်ဖြင့် ခန့််ညားနေပေသည်။
(ဒို့ခေတ်။ အခန်း ၂။ စာမျက်နှာ ၂၈၊ ၂၉။)

အင်္ဂလိပ်ခေတ် အထက်တန်းလွှာ တွေရဲ့ အရောင်တွေကို ပိုးရောင်၊ ဖဲရောင်၊ သက္ကလတ်ရောင်၊ စိန်ရောင်၊ မြရောင်၊ ပတ္တမြား ရောင်လို့ဖေါ်ပြပြီး မြန်မာပညာတတ်မျိုးချစ် ကျောင်းအုပ်ကြီးရဲ့ အရောင်ကိုတော့ ပင်နီရင်ဖုံး၊ ဘန်ကောက်လုံခြည်ရွှေဖလားရောင်နဲ့ဖေါ်ပြထားပါတယ်။

ဗညားမော်သည် စာရေးစားပွဲမှနေ၍ ပြင်ပကမ္ဘာ၏ လရောင်ဖြင့် ဆင်ယင်ထားသောညကို ကြည့်လိုက်သည်။ မြည။ အားလုံး စိမ်းနေကြသည်တကား။
(ဒို့ခေတ်။ အခန်း ၄။ စာမျက်နှာ ၃၇။)

လရောင်(အ၀ါရောင်ဖျော့ဖျော့) နှင့် မှောင်ပြာပြာ ကောင်းကင်တို့ ပေါင်းစပ်တဲ့အခါ လသာတဲ့ညက အစိမ်းရောင်ဖြစ်သွား ပါတယ်။ ညရောင်ကို ခံစားမိတဲ့စာရေးသူက ညကို မြညလို့ ရေးဖွဲ့လိုက်တာပါ။
လသာတဲ့ည။ သာယာတဲ့ညလို့ဟု ဆိုလိုဟန်ရှိပါတယ်။

လရောင်သည် တည အရောင်တမျိုးဖြင့်ဆင်ယင်သလော။ မနေ့ညကမူ အဖြူရောင်များများပါသည်။ ငွေရောင်က လွှမ်းနေ သည်။ အမှောင်ရိပ်အားလုံးကို ငွေဘော်ရောင်က ကွပ်ပေးထားသည် မဟုတ်လော။ အုန်းရွက်များပင်လျှင် တလက်လက် ငွေရောင်တောက်ပနေခဲ့၏ ယခုညမူ အားလုံးပင်စိမ်းနေပေသည်။ သို့သော် နေ့အခါမြင်ရသော အစိမ်းမျိုးမဟုတ်။ လွင်သော၊ စိမ်းသော၊ စိုသော၊ အစိမ်းမဟုတ်။ အနက်ရောင်ဖြင့် ရောနှောနေသော အစိမ်းရင့်။ ညစိမ်း၊ လစိမ်း။ ည၏ လစိမ်း ကောင်းကင် ဖန်သားပင်လျှင် အစိမ်းရင့်တို့ ခံထားလေသလော။
(ဒို့ခေတ်။ အခန်း ၄။ စာမျက်နှာ ၃၇။)

လဆန်းရက်၊ လဆုပ်ရက်၊ လပြည့်ရက်များမှာ ညဟာ အရောင်မတူပါ။ လပြည့်ညမှာ အဖြူရောင်များပါတယ်။ ငွေရောင်လွှမ်း ပါတယ်။ အမှောင်ရိပ်ကျနေတဲ့ သစ်ပင်တွေ၊ သစ်ရွက်တွေ အနားသတ်ကို လရောင်ဟပ်နေတာကြောင့် ငွေနားကွပ် သလို ဖြစ်နေပါတယ်။ ညစိမ်း၊ လစိမ်း။ ကောင်ကင်စိမ်းတွေရဲ့ အရောင်လှလှကို စာဖတ်သူ မျက်စိထဲမြင်လာအောင် ရေးထားပါ တယ်။ ညအလှကို အရောင်တွေနဲ့ ရေးဖွဲ့ထားတာပါ။

မြလသည် ဖန်အိမ်အတွင်းသို့ဝင်သွားသည်။ သူ့ရှေ့ရှိ စကားပင် အကိုင်းအခက်များသည် မြသားပေါ်၌ အကွေ့အကောက်၊ အလိမ် အတွန့်များထင်နေသော အနက်လှုပ်ရှားမှုမျှသာ။
(ဒို့ခေတ်။ အခန်း ၄။ စာမျက်နှာ ၃၇။)

တိမ်တွေကြား  လမင်းဝင်သွားတာကို ဖေါက်မြင်နေရပါတယ်။ စကားပင် အကိုင်းအခက်တွေဟာ အမှောင်ထဲမှာ မညီမညာ အတွန့်တွေနဲ့။ ကောင်းကင်က အစိမ်းရင့်။ သဘာဝအလှအရောင်တွေနဲ့ရေးထားတဲ့  ညပန်းချီကားတချပ်ကို ကြည့်နေရတဲ့ ခံစားမှုမျိုး စာရေးသူက ရေးဖွဲ့ထားပါတယ်။

မြသားသည် ဖန်အိမ်တွင်းမှ ထွက်လာသည်။ ဇာခန်းဆီးပင်လျှင် အဖြူဘက်များများရောက်လာကာ အစိမ်းသည် ဖျော့ဖျော့ သာ ပြေးနေပေသည်။ လေတိုက်၍ တွန့်လိုက်လျှင် လရောင်ဘက်က ဖြူလာပြီး အရိပ်ကျသောဘက်က စိမ်းလဲ့လဲ့ ပြေးလာ သည်။ ငါ့အမ ဒီဇာကို လက်နဲ့ထိုးတာပဲ။ အဲဒီတုန်းက ချည်အဖြူပါ။
(ဒို့ခေတ်။ အခန်း ၄။ စာမျက်နှာ ၃၉။)

ဇာခန်းဆီးပေါ်ကို လရောင်ကျရောက် နေတာကို အရောင်တွေနဲ့ သရုပ်ဖေါ်လိုက်တာပါ။

လရောင်ဟာ လူတိုင်းအပေါ်ကို သာတာမဟုတ်ဖူးလား။ စိမ်းစိမ်း အပေါ်တမျိုးသာပြီး ငါ့အပေါ်တမျိုးသာလေသလား။
(ဒို့ခေတ်။ အခန်း ၄။ စာမျက်နှာ ၄၂။)

လူတယောက်နဲ့တယောက် အရောင်ကိုခံစားပုံခြင်းမတူပုံကို တွေးမိရင်း လရောင်ဟာ တယောက်ပေါ်တစ်မျိုး နောက်တ ယောက်အပေါ်တစ်မျိုးသာနေသလားလို့ မေးခွန်းထုတ်ထားတာပါ။

ခင်ထားလှိုင်မှာ ရိုးရိုးပင်။ အင်္ကျီအဖြူ၊ ထဘီမီးခိုးရင့်အပေါ် ပန်းပွင့်များ ကြဲပက်ထားသော တူတယ်ပျော့ထဘီနှင့်။
(ဒို့ခေတ်။ အခန်း ၄။ စာမျက်နှာ ၄၂။)

အဖြူနှင့် မီးခိုးရင့်ရောင်ဟာ ရိုးသားတဲ့ဖြူစင်တဲ့ ဇတ်ကောင်စရိုက်ကို ပိုမိုအားဖြည့်ထားတာ တွေ့ရပါတယ်။

ရေကိုဘယ်လိုရေးရပါ့။ အ၀ါရောင်ခဲတံနှင့် ခြစ်ကြည့်ရင်း အပြာနုပါ ရောထည့်လိုက်ရသည်။ အ၀ါချည်း ဆိုရင်ရေလို့ လူတွေ ထင်မှာမဟုတ်။ ရေက ၀ါမှ မ၀ါပဲကိုး။ ဒါကြောင့် အပြာနုထည့်ပေးလိုက်ရသည်။ ရေကို ကိုယ်စားပြုအောင် ထည့်ပေးလိုက် ရသည်။ ကောင်းကင်အပြာက ထင်ဟပ်သော ရေရောင်အပြာ။
(ဒို့ခေတ်။ အခန်း ၅။ စာမျက်နှာ ၅၀-၅၁။)

ဇာတ်ကောင် ဗညားမော် ရှုခင်း ပန်းချီရေးတဲ့အခါ သူမြင်နေရတဲ့ ရေကို မြင်ရတဲ့ အတိုင်း အ၀ါရောင်မရေး။ ကောင်းကင် က ထင်ဟပ်တဲ့ အပြာရောင်ကိုထည့်ရေးလိုက်မှ ရေအဖြစ် ပိုမိုပီပြင်သွားကြောင်း ရေးသားထားပါတယ်။ အရောင်တရောင်နဲ့ တရောင် ဟပ်မိတဲ့အရောင်ကို ရေးပြတာပါ။ ပန်းချီကားတချပ်ကို မြင်နေရသလိုမျိုး အရောင်တွေနဲ့ ရှုခင်းကို သရုပ်ဖေါ်ရေးပြ ထားတာပါ။

အားလုံးသစ်လွင်တောက်ပသော အ၀တ်အစားများဖြင့် ဆင်ယင်လျှက်။ ကုလားများလည်းပါသည်။ သူတို့သည် စင်ကြယ် သော အ၀တ်ဖြူများဖြင့်။ ရှပ်အဖြူ၊ ဘောင်းဘီအပြာရင့်။ ကရင်အမျိုးသမီးများမှာ အနက်ရောင်နှင့် အနီပါသော တိုင်းရင်း သားအ၀တ်ဖြင့်။ ရာဇ၀တ်ဝန်ထောက်၏ သမီးများမှာ ပိုးဂါဝန် အ၀ါနု ဆင်တူဖြင့်။ အနောက်နိုင်ငံဝတ်စုံ မီးခိုးရောင်နှင့် ယောက်ျား နှစ်ယောက်လည်းပါသည်။ x x x

x x x ဘုရားကျောင်းမှ ခေါင်းလောင်းသံမျောပါလာသည်။ အနီနှင့်အနက် ဇာပုဝါသည် တိမ်တိုက်အဖြူများနှင့် ရောပါလာ သည်။
(ဒို့ခေတ်။ အခန်း ၅။ စာမျက်နှာ ၅၃။)

ဘုရားကျောင်းဝန်းကျင်က လူတွေကိုအရောင်တွေနဲ့ ဖေါ်ပြလိုက်တာပါ။ အရောင်စုံ၊ အသွေးစုံနဲ့ လူမျိုးစုံ၊ လူတန်းစားစုံ တွေကိုရေးဖွဲ့လိုက်တာပါ။

အနီလုံကြီးသည် ဘွားကနဲပေါ်လာတတ်၏။ ကြည့်နေရင်း ရေထဲ၌ အနီတလုံးပေါ်လာပြန်၏။ နေ၀န်းနီနှစ်လုံးဖြစ်လာ သော အခါ ရေပြင်သည် ပင်လျှင် နီရဲလာပေပြီ။ ရေထဲမှ နေ၀န်းနီမှာ ငြိမ်သက် ၍ မနေ၊ တွန့်ယှက်နေ၏။ အပေါ်မှ နေ၀န်းနီသာလျှင် ငြိမ်သက်လျှက် . . . ။
(ဒို့ခေတ်။ အခန်း ၅။ စာမျက်နှာ ၅၃။)

ဆောင်းမနက် နှင်းတွေကြားနေမင်းကြီးပေါ်လာ၊ ရေပြင်မှာ နေလုံးအရိပ်ကျရောက်။ ရေပြင်ပေါ်က နေမင်းအရိပ်ဟာ လှိုင်း တွေနဲ့အတူ လှုပ်။ ကောင်ကင်ကနေမင်းက တည်ငြိမ်နေတယ်လို့ အရောင်တွေနဲ့ ရှုခင်းပန်းချီကားတချပ်လို ရေးဖွဲ့ထား တာပါ။

သစ်ပုပ်ပင်ကြီးသည် သူမ၏သနပ်ခါးဘဲကျားလိမ်းထားသော ပင်စည်မှ ဆံပင်ဖါးလျှားချထားသည်။ လေတိုက်လိုက်သော အခါ သူမ၏ဆံပင်စိမ်းများထဲမှ မြရည်စက်များ ဖိတ်စင်ကျလာသည်။
(ဒို့ခေတ်။ အခန်း ၅။ စာမျက်နှာ ၉၀။)

လေတိုက်လိုက်သော အခါ သစ်ပုတ်ပင် မှ သစ်ရွက်တွေ ကျလာတာကို ရေးဖွဲ့ထားတာပါ။ သစ်ရွက်တွေကို ဆံပင်စိမ်းတွေ၊ ကြွေကျသွားတဲ့ သစ်ရွက်တွေကို မြရည်စက်တွေလို့ တင်စားခဲ့ပါတယ်။

စိန်ပန်းပွင့်များက ရဲရဲနီနေကြသည်။ မဟူရာဖဲပြားပေါ်၌ ပတ္တမြားပန်းပွင့်များ ကြဲခင်းထားကြသည်။
(ဒို့ခေတ်။ အခန်း ၅။ စာမျက်နှာ ၉၈။)

ကတ္တရာလမ်းပေါ်မှာ စိန်ပန်းနီနီ များကြွေကျနေသည် လို့ဆိုလိုတာပါ။ အနီနဲ့ အနက်ရောင်လွှမ်းနေတဲ့ တက္ကသိုလ်ကျောင်း။ တနည်းပြောရရင် နိုင်ငံရေးလှုပ်ရှားမှုတွေရှိနေတဲ့ တက္ကသိုလ်ဝန်းကျင်လို့ ပြောလိုဟန်ရှိပါတယ်။ အနီနဲ့ အနက်ရောင် အတွဲ ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ တော်လှန်ရေးတွေကို ကိုယ်စားပြုတဲ့အရောင်တွေလို့ အများကခံစားရပါတယ်။ အဲဒီအချိန်က ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို အရောင်နဲ့ ပြောပြတာပါ။

လမ်းကွေ့လိုက်သောအခါ ပယင်းရောင်သည် ပါးလာကာ ပြာညိုလဲ့အရောင်သည် တွားသွားဝင်ရောက်လာသည်။ သစ်ပင် များ၊ အိမ်များ မှိုင်းလာသည်။
(ဒို့ခေတ်။ အခန်း ၁၃။ စာမျက်နှာ ၁၂၀-၁၂၁။)

တဖြေးဖြေးနေ၀င်လာပြီး အမှောင်လည်း တဖြေးဖြေး ကျရောက်လာတာကို ဆိုလိုချင်တာပါ။ နေ၀င်ချိန်ကို ပယင်းရောင်နဲ့ ဖေါ်ပြပြီး အမှောင်ကျရောက်လာတာကို ပြာညိုလဲ့အရောင် မသိမသာလွှမ်းလာတယ်လို့ ရေးဖွဲ့ထားတာပါ။ အချိန်ကို အ ရောင်နဲ့ ပြဆိုတာဖြစ်ပါတယ်။

ရေပြင်တို့ကား မဟူရာနှင့်ရောစပ်ကာ အရောင်တလက်လက်။ ပယင်းရောင်နှင့် နှင်းဆီနုရောင်မရှိတော့။
(ဒို့ခေတ်။ အခန်း ၁၄။ စာမျက်နှာ ၁၂၄။)

ဒုဋ္ဌ၀တီမြစ်ပြင်ဟာ အမှောင်ထဲမှာ တလက်လက်တောက်နေတယ်။ နေ၀င်သွားပြီလို့ ဆိုလိုတာဖြစ်ပါတယ်။ နေ၀င်ဆည်း ဆာကို ပယင်းရောင်၊ နှင်းဆီနုရောင်နဲ့ ဖေါ်ပြတာပါ။ ညကိုတော့ မဟူရာရောင်နဲ့ဖေါ်ပြလိုက်တာပါ။

စိမ်းနက်မှောင်နေသော သစ်ပင်များကား ပင်ပမ်းဆင်းရဲသော ရှမ်းတောင်သူများ၏ အ၀တ်အစားနှင့် တူသေးတော့။
(ဒို့ခေတ်။ အခန်း ၁၄။ စာမျက်နှာ ၁၂၃။)

ဆင်းရဲသား ရှမ်းတောင်သူတို့ဘ၀ကို စိမ်းနက်မှောင်သောအရောင်နဲ့ ကိုယ်စားပြုဖေါ်ပြထားပါတယ်။

လမ်းနီကို အစိမ်းရင့် အနီရင့် ဇာနားကွပ်ပေးထားခြင်းဖြစ်သည်။
(ဒို့ခေတ်။ အခန်း ၁၄။ စာမျက်နှာ ၁၄၄။)

မြေနီလမ်းဘေးမှာ အုပ်ဘောင်ကန့်ထားတယ်။ ဘေးမှာ နီညိုရောင်၊ စိမ်းညိုရောင် မြေကပ်နွယ်တွေပေါက်နေတာကို အစိမ်းရင့် အနီရင့် ဇာနားကွပ်ထားတယ်လို့ မြင်စိထဲမြင်လာအောင် ရေးထားပါတယ်။

ဖြူလွသော တိမ်တိုက်အဖြူများသည် ပန်းနုရောင် ငွေလ၀န်းအား ပွေ့ဖက်လျှက် ရှိနေသည်။
(ဒို့ခေတ်။ အခန်း ၁၈။ စာမျက်နှာ ၁၈၀။)

တောင့်တင်းသာမာတဲ့ မီးဒုတ်ကိုင်မြန်မာယောက်ကျားကြီးတွေကို မျက်စိထဲမြင်ယောင်က ညအိပ်မပျော်ပဲ တရေးနိုးထကြည့် လို့ မြင်ရတဲ့ ငွေလရောင်ကတော့ ပန်းနုရောင်ငွေလ၀န်း ဖြစ်နေပါပြီ။

ဆိုလိုချင်တာက သူ့စိတ်ထဲမှာ၊ သူ့ဝန်းကျင်မှာ တော်လှန်ရေးအငွေ့အသက်တွေရှိနေပြီ ဆိုတာပါပဲ။ တော်လှန်ရေး စနေ ချိန်ဆိုတာကို ပန်းနုရောင်နဲ့ ဖေါ်ပြလိုက်တာပါ။

သားကြီးမောင်ဇေယျ (၂၅-၄-၂၀၁၆)
ဓာတ်ပုံသည် ဒဂုန်တာရာ၏ အယ်ဒီတာစားပွဲ၊ စာပေ၊ အနုပညာဝဖန်ရေးနှင့် ရွှေအိုရောင် စာအုပ်မျက်နှာဖုံး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သားကြီးမောင်ဇေယျ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်