ညိုထက်ညို – ‘အလွှာ’ နှင့် ‘အထပ်’ ရှာပုံတော်

April 29, 2016

– ‘အလွှာ’ နှင့် ‘အထပ်’ ရှာပုံတော် 
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၆

ခေါင်းစဉ်ကို ကြည့်၍ စာဖတ်သူ တို့က စာရေးသူ တယောက် အိမ်ဝယ်ရန် သို့မဟုတ် အိမ်ငှားရန် အခန်းလိုက်ရှာ နေပြီလား ဟု ထင်ကောင်းထင်နိုင် ပါသည်။ မဟုတ်ပါ။

တလောက မိုးမခ အင်တာနက် စာမျက်နှာတွင် ဆရာခင်မောင်စော (ဘာလင်) ၏ ‘ဖစ်မှဖစ်ရလေ(၂)’ ဆောင်းပါး ကို ဖတ်လိုက်ရပါသည်။ ထိုဆောင်းပါးတွင် ‘အလွှာတဲ့’ ဟူသော ခေါင်းစဉ်ငယ်ဖြင့် ဆရာ က ယနေ့ခေတ် မြန်မာများ ‘အထပ်’ ဆိုသော စကားလုံး အစား ‘အလွှာ’ ဟူသော စကားလုံးဖြင့် အစားထိုး သုံးစွဲနေကြပုံကို ဝေဖန်ထားပါသည်။

ဆရာ့ဆောင်းပါး ကို အကျဉ်းချုပ်၍ တင်ပြပါမည်။ ဆရာက ယခုခေတ်တွင် လူအများ ‘အထပ်’ ဟူသော စကားလုံးအစား ‘အလွှာ’ ဟူသော စကားလုံးကို သုံးစွဲနေကြပုံကို တင်ပြထားပါသည်။ ဥပမာ ‘ကျွန်မက ခုနစ်လွှာမှာ နေပါတယ်’ ဟု ပြောဆိုသုံးစွဲနေကြကြောင်း တင်ပြထားပါသည်။ ထို့နောက် ဆက်လက်၍ ထိုကိစ္စနှင့်ပတ်သက်၍ အချို့လူများက ‘ယခုခေတ် ကန်ထရိုက်တိုက်များမှာ တထပ်နှင့် တထပ်၊ အလွန်နိမ့်စွာ နီးကပ်စွာဆောက်ထားသဖြင့် အထပ်အဆင့်မရှိတော့ဘဲ အလွှာအဆင့်သာ ရှိတော့သဖြင့် အလွှာဟုခေါ်နေခြင်းပင် ဖြစ်သည် ဟုဆင်ခြေပေးပါသည်’ ဟု ဆက်လက် တင်ပြပါ သည်။ သို့သော် ထိုဆင်ခြေယုတ္တိမတန်ကြောင်းနှင့် ‘အလွှာ’ နှင့် ‘အထပ်’ အဓိပ္ပာယ်မတူပုံကို ဆရာက သူ့ဆောင်းပါးတွင် ဆက်လက် ရှင်းပြပါသည်။

ထိုဆောင်းပါးကိုဖတ်ပြီး အလွန်စဉ်းစားဖွယ်ရာကောင်းသဖြင့် ကျွန်တော် ဆက်လက် စဉ်းစားကြည့်ပါ သည်။

ပထမဦးစွာ ‘အလွှာ’ ဟု မည်သည့်အချိန်ကစတင်၍ လူအများ စတင်ခေါ်ဝေါ်သုံးစွဲ လာကြကြောင်း စဉ်းစားမိပါသည်။ ‘အလွှာ’ ဟူသောစကားလုံးမှာ ပကတူးကတည်းက ဗမာစကားတွင် ရှိသည်မှန်သော် လည်း သီးခြားအဓိပ္ပာယ်ဖြင့် သုံးစွဲခြင်းဖြစ်၍ တိုက်ခန်းများနှင့်ပတ်သက်မှု ဘာမှမရှိကြောင်း စဉ်းစား မိပါသည်။

ကျွန်တော်တို့ငယ်စဉ် ကလေးဘ၀ ၁၉၈၈ မတိုင်မီက ထိုစကားလုံးကို တိုက်ခန်းများနှင့်တွဲစပ်ပြီး သုံးစွဲလေ့မရှိကြောင်း ကျွန်တော်ကောင်းစွာမှတ်မိ နေပါသည်။ ထိုမှတဆင့်တက်ပြီး စဉ်းစားကြည့် ရာတွင် ၁၉၈၈ နောက်ပိုင်းမှစ၍ ထိုစကားလုံး စတင်သုံးစွဲလာကြောင်း သတိပြုမိပါသည်။ အထူးသဖြင့် ထိုအချိန်က နဝတအစိုးရတက်လာပြီး ငါးထပ်တိုက် ခြောက်ထပ်တိုက် ကန်ထရိုက်တိုက်များ ရန်ကုန် မြို့တခွင်တွင် အကြီးအကျယ် ဆောက်လုပ်လာသည့်အချိန်တွင် ထိုစကားလုံး စတင် ပေါ်ပေါက်လာ ခြင်း ဖြစ်ပါသည်။ ထပ်မံစဉ်းစားကြည့်ရာတွင် ဆရာက ‘အလွှာ’ ဟူသော စကားလုံးနှင့် ပတ်သက်၍ အထက်တွင်ဖော်ပြခဲ့သည့် အချို့လူများ၏ စောဒနာချက်ကို လက်မခံသော်လည်း ‘အလွှာ’ ဟူသော စကားလုံးပေါ်ပေါက်လာပုံမှာ ထို စောဒနာချက်နှင့် ဆက်စပ်နေကြောင်း ကျွန်တော် တွေ့ရှိရပါတော့ သည်။

ထိုအကြောင်းနှင့်ပတ်သက်၍ ကျွန်တော်ရေးသားနေကျ ‘မြန်မာကျူးပစ်ဖိုရမ်’ (www.mmcpcommunity.net) တွင် ကျွန်တော်ဆွေးနွေးကြည့်ပါသည်။ ထိုအခါမှ ကျွန်တော်နှင့် ရေးဖော်မိတ်ဆွေတဦးက ‘အလွှာ’ ဟူသော စကားလုံးပေါ်ပေါက်လာပုံကို ပြန်လည်ရှင်းလင်း ရေးသား ပါသည်။ ထိုအခါကျမှ ‘အလွှာ’ ဟူသောစကားလုံး မည်သို့စတင် သုံးစွဲလာသည်ကို ကျွန်တော် ရှင်း လင်းစွာ သိနားလည်သွားပါတော့သည်။

ကျွန်တော့်မိတ်ဆွေဖြစ်သူ၏ရှင်းလင်းတင်ပြချက်အား အကျဉ်းချုပ်၍ ကျွန်တော် ပြန်လည်တင်ပြ ပါမည်။ မိတ်ဆွေဖြစ်သူက ‘၁၉၈၈ နောက်ပိုင်းတွင် ကန်ထရိုက်တိုက်များ ရပ်ကွက်တိုင်းတွင် အပြိုင်း အရိုင်း ပေါ်လာပါကြောင်း၊ ပထမဆုံးစတင်ဆောက်လုပ်ကြသည့် တိုက်ခန်းပုံစံအား ဟောင်ကောင် ဒီဇိုင်းဟု ခေါ်ကြပါကြောင်း၊ အခန်းတခန်းပိုင်သည့် ပိုင်ရှင်တယောက်သည် ဆောက်လုပ်ပြီးစီးသည့် အချိန်တွင် နှစ်ထပ် (နှစ်လွှာဆိုချင်ဆို) ရပါကြောင်း၊ ထိုနှစ်ထပ်သည် အတွင်းလှေကားမှတက်ရပြီး မျက်စိထဲမြင်အောင်ပြောရမည်ဆိုလျှင် အခန်းတခန်းနှင့် ထပ်ခိုးတခုသဘောမျိုးဖြစ်ပါကြောင်း၊ သို့သော် အဆိုပါ ဟောင်ကောင်ဒီဇိုင်း၏ထပ်ခိုးများမှာ လျှာထိုးပြည့်ခင်းထားသော ထပ်ခိုးအပြည့်များ ဖြစ်ပါကြောင်း၊ နောက်ပိုင်းတွင် ထိုထပ်ခိုးကိုပါ RC လုပ်လိုက်ကြပါကြောင်း၊ ထို့ပြင် အတွင်းလှေကား ကသာမက အပြင်ဘုံလှေကားကြီးမှပါ တက်လို့ရအောင်လုပ်လိုက်ကြပါကြောင်း၊ ရည်ရွယ်ချက်မှာ အပေါ်ထပ်ခိုးကို လူငှားတင်၍ရအောင်ဖြစ်ပြီး ပိုင်ရှင်ကခွဲရောင်းလိုလျှင်လည်း ခွဲရောင်း၍ရအောင် ဖြစ်ပါကြောင်း၊ ထိုအချိန်က ထိုသို့ ‘နှစ်လွှာ’ ပါသည့်အခန်းတခန်း ကိုမှ တစ်ထပ်ဟုခေါ်ပါကြောင်း၊ သုံးထပ်ဆိုလျှင် ခြောက်လွှာပါရှိ ပါကြောင်း၊ ထို့နောက် ထပ်ခိုးများကို ခွဲရောင်းကြရင်း ကိုယ့်အခန်း ကိုယ်ညွှန်းလျှင် အထပ်ကိုညွှန်းတာထက် အလွှာကိုညွှန်းတာက ပိုတိကျသလို ဖြစ်လာပါကြောင်း၊ နောက်ပိုင်းခေတ်များတွင် ဟောင်ကောင်ဒီဇိုင်း ဆက်မဆောက်ကြတော့ဘဲ ကန်ထရိုက်တိုက်ဆိုလျှင် တစ်ခန်းကို တစ်ထပ်ပဲ ပိုင်ဆိုင်မှုရတော့ပါကြောင်း၊ သို့သော် ဟောင်ကောင်ဒီဇိုင်း ခေတ်က အိမ်ပွဲစား များနှုတ်ကျိုးသွားပြီးသည့်အတိုင်း ‘အလွှာ’ ဟုသာ ဆက်လက်ခေါ်ဝေါ် သုံးစွဲကြတော့ပါကြောင်း’ ရှင်းလင်း ပြောပြပါသည်။

ထိုအခါကျမှ ကျွန်တော်ငယ်စဉ်က သတင်းစာများတွင်ဖတ်ခဲ့ရသော ကြေညာများအား သတိရမိပါ တော့သည်။ ကြေညာမှာ ‘ဟောင်ကောင်တိုက်ခန်း (နှစ်လွှာ) ရောင်းမည်’ ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း တစ်ခန်းဆိုသော်လည်း နှစ်လွှာပါသည့် အဓိပ္ပာယ် ဖြစ်ပါသည်။ ထိုအခါမှ ကျွန်တော်လည်း ‘အလွှာ’ ဟူသောစကားလုံး စတင်ပေါ်ပေါက်လာပုံကို ဘဝင်ကျ ရှင်းလင်းသွားပါတော့သည်။

ဆက်လက်၍ ထိုစကားလုံး မည်မျှတွင်ကျယ်နေပြီဖြစ်သည်ကို ကိုယ်တွေ့နှင့်ယှဉ်၍ တင်ပြလိုပါသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က ကျွန်တော်ဝတ္ထုတိုပြိုင်ပွဲတခုသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။ ကျွန်တော့် ဝတ္ထုတို၏ အမည်မှာ ‘လေးလွှာ’ ဖြစ်ပါသည်။ အကဲဖြတ်ကြသော ဆရာ ဆရာမများမှာ ကျွန်တော် မှတ်မိသလောက် ဆရာနေဝင်းမြင့်၊ ရွှေအမြုတေ ဦးဝင်းငြိမ်း၊ ဆရာမ နုနုရည်(အင်းဝ)၊ ဆရာမ ခင်ခင်ထူးနှင့် ဆရာမင်းဒင်တို့ ဖြစ်ပါသည်။ ထိုဆရာဆရာမများက ကျွန်တော့်ဝတ္ထုတိုကို အကဲဖြတ်မှု များပြုလုပ်ပေးခဲ့ကြသော်လည်း မည်သည့်ဆရာဆရာမကမျှ ဝတ္ထုခေါင်းစဉ် ‘လေးလွှာ’ မှာ မှားယွင်း နေပြီး ‘လေးထပ်’ သာဖြစ်ရမည်ဟု ဝေဖန်ခဲ့ခြင်း မရှိပါ။ ကျွန်တော့်ဝတ္ထုတိုမှာ တိုက်အိုတိုက်ဟောင်း ကြီးတလုံး၏လေးထပ်သို့ တက်ရောက်သွားခဲ့သော လူတယောက်အကြောင်း ရေးဖွဲ့ထားသော ဝတ္ထုတို ဖြစ်၍ ကန်ထရိုက်တိုက်များနှင့် မည်သို့မျှပတ်သက်ခြင်းမရှိဘဲ အမှန်မှာ ‘လေးထပ်’ ဟု အမည်ပေးရ မည်သာ ဖြစ်ပါသည်။ သို့သော် တိုက်ခန်းများကို ‘အလွှာ’ ဟုခေါ်ခြင်းမှာ အလွန်အသားကျနေခဲ့ပြီ ဖြစ်၍ ကျွန်တော်ကိုယ်တိုင် ‘လေးလွှာ’ ဟုအမည်ပေးခဲ့မိခြင်း ဖြစ်ပါသည်။ မှားနေမှန်းလည်း မသိပါ။ ‘လေးလွှာ’ ဟုသာ လိုလိုလားလားအမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။ အကဲဖြတ်သူ ဆရာဆရာမများက လည်း မှားနေမှန်း ဂရုမမူမိဘဲ ထိုသို့အမည်ပေးထားသည်ကို ‘အမှန်’ ဟုသတ်မှတ်ကြကြောင်း ကျွန်တော် ယုံကြည်ပါသည်။

မည်သို့ပင်ဖြစ်စေ တိုက်ခန်းများနှင့်ပတ်သက်၍ ‘အလွှာ’ဟူသောစကားလုံးသည် မြန်မာစာ မြန်မာစကားထဲသို့ အတော် ထဲထဲဝင်ဝင်ရောက်ရှိနေခဲ့ပြီ ဟု ကောက်ချက်ချရန် ရှိပါသည်။ ‘အလွှာ’ ၏ လာရာ ကိုတော့ ကျွန်တော် တွေ့ရှိပါပြီ။ ‘အလွှာ’ ၏လားရာကိုတော့ ကျွန်တော်တို့ ဆက်လက် စောင့် ကြည့်ရန်သာ ရှိပါတော့သတည်း ။ ။

ရည်ညွန်း။ ။ ခင်မောင်စော (ဘာလင်) ဖစ်မှဖစ်ရလေ (၂)
http://moemaka.com/archives/48805credit to MMCP member flintz

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ခေတ်ပြိုင်အတွေ့အကြုံ

2 Responses to ညိုထက်ညို – ‘အလွှာ’ နှင့် ‘အထပ်’ ရှာပုံတော်

  1. Catwoman on April 29, 2016 at 5:58 pm

    Sometimes people have too much time on their hands. This is not a life and death situation. You have the right to use that heading if that s what s widely used. We doctors don’t have time to write properly. Hope no one will blame us for that.

  2. Khin Maung Saw on April 29, 2016 at 7:58 pm

    ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်လည်းဗဟုသုတတိုးတာပေါ့။

    ပါဠိ၊ လက်တင်စတဲ့ လက်ရှိမသုံးတော့ဘဲ ကျမ်းဂန်များအဖြစ်သာကျန်ရှိနေတဲ့ ဘာသာစကားများ (dead languages) ကလွဲပြီးလက်ရှိသုံးနေဆဲဘာသာစကားတိုင်း (living languages) မှာ အမြဲအစဉ် ဝေါဟာရ ပြောင်းလဲမှုများရှိခဲ့တယ်၊ ရှိနေ တယ်၊ နောင်လည်းရှိနေဦးမယ်ဆိုသည့်အချက်ကို လက်ခံပါတယ်။ ကောင်းတဲ့ ဝေါဟာရပြောင်းလဲမှုများကို လက်ခံရမှာဖြစ်သလို အဆိုး ဘက်နွယ်တဲ့ ဝေါဟာရပြောင်းလဲမှုများကိုတော့ လက်မခံသင့်ပါ လို့သာဆိုလိုရင်းဖြစ်ပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်