ကျော်မောင် (တိုင်းတာရေး) ● ရေအိုး အကြောင်း

May 1, 2016

ကျော်မောင် (တိုင်းတာရေး) ● ရေအိုး အကြောင်း

(မိုးမခ) မေ ၁၊ ၂၀၁၆

န၀မတန်းဆိုတဲ့ ကိုးတန်းမှာ ပညာသင်စဉ်ကဖြစ်ပါတယ်။ မိုးအကုန် ဆောင်းအကူးကာလရောက်တဲ့အခါ မနက်ပိုင်းသာ ခဏအေးပြီး တချို့နေ့တွေမှာ နေ့လယ်နေ့ခင်းဆို အပူချိန်က အနည်းငယ်မြင့်လာပါတယ်။ ဆောင်းတွင်းရောက်ရင် ပိုမို ပူလာမယ့် သဘောမှာ ရှိနေပါတယ်။ အတန်းထဲမှာ ကျောင်းသူ ကျောင်းသားက ငါးဆယ်နီးပါးရှိတယ်။ အခုပြောမယ့် ရေအိုး ဆိုတာက သောက်ရေအိုး။ အိုးက တအိုးတည်း။ အဲဒီအိုးက ရေအိုးစင်မှာ အကျအန ထိုင်ပါတယ်။ ရေအိုးစင်က သစ်သားသုံးချောင်းထောက်ရေအိုးစင်။

အခုခေတ်ဆို တချို့ကျောင်းတွေမှာ ရေသန့်ဗူးကြီးတွေ ထားသောက်နေကြပါပြီ။ ပိုက်ဆံစုပြီး အတန်းလိုက် ၀ယ်သောက်ကြ တယ်လို့ ဆိုတာပါ။ ဒါပေမယ့် ကျောင်းသူ၊ကျောင်းသားတွေအများစုက ကိုယ်ပိုင်ရေဗူးလေးတွေထဲမှာ သူတို့အိမ်တွေမှာရှိတဲ့ သောက်ရေသန့်တွေကို ထည့်ယူလာကြတဲ့အတွက် ရေသန့်ဗူးကြီးတဗူးဟာ နှစ်ရက် သုံးရက်လောက် အသုံးခံတယ် ပြောပါ တယ်။ ရေသန့်စက်တွေလည်း တချို့စာသင်ကျောင်းတွေမှာရှိနေပြီဖြစ်ပေမယ့် သိပ်မသုံးကြဘူးလို့ သိရပါတယ်။ သုံးမယ် ဆိုရင်တောင် ပြုပြင်ထိန်းသိမ်းမှုအပိုင်းက လိုအပ်တဲ့အတွက် ရရှိလာမယ့် ရေသန့်အရည်အသွေးက သိပ်ကောင်းနိုင်မယ် မထင်ပါ။ ဒါက ဒီခေတ်ပိုင်းမှာ ခေတ်နဲ့အညီ ဖြစ်လာတဲ့ သောက်ရေ သောက်သုံးမှုပုံစံဖြစ်ပါတယ်။ သောက်ရေအိုးခပ်တဲ့ အလေ့အထလည်း ရေသန့်ဗူးတွေ တိုးတက်လာတာနဲ့အမျှ မှေးမှိန်ပျောက်ကွယ်စပြုနေပြီဖြစ်ပါတယ်။

ဟိုတုန်းက ခေတ်ကို ပြန်သွားတဲ့အခါ အဲဒီသောက်ရေအိုးဆိုတာကို ပြန်လည်အမှတ်ရမိပြန်ပါတယ်။

မနက်ဆို ကျောင်းတက်ခေါင်းလောင်းမတီးခင် အလှည့်ကျ အသင်းသူ၊ အသင်းသားတွေက ကျောင်းစောစောလာပြီး ဘုရား ဆွမ်းတော်တင်၊ ရေကပ်၊ သောက်ရေခပ်၊ တံမြက်စည်းလှည်းကျင်း၊ အမှိုက်ပစ် စတာတွေလုပ်ကြရပါတယ်။ အတန်းရှိ ကျောင်းသူကျောင်းသားတွေကို အသင်းလေးသင်းခွဲလိုက်ပြီး အသင်းခေါင်းဆောင်များခန့်ကာ ကျောင်းခန်းသန့်ရှင်းရေးနဲ့ သာရေး နာရေး စတာတွေအတွက် ပိုက်ဆံကောက်တာကအစ ကိုယ့်အသင်းနဲ့ကိုယ် လုပ်ဆောင်ရပါတယ်။

စကားချပ်အနေနဲ့ပြောရရင် အဲဒီတုန်းက အသင်းလေးသင်းက အသင်းခေါင်းဆောင်တွေ၊ အသင်းသူ အသင်းသားတွေ တကယ် အလုပ်လုပ်လား၊ မလုပ်လား စောင့်ကြည့်တဲ့ကော်မတီဆိုတာမျိုးတွေ ဖွဲ့တာ မကြုံခဲ့ရပါ။ ကိုယ့်အသင်းထဲမှာပဲ ဘယ်သူကဖြင့် မနက်စောစောမလာတဲ့သူ၊ ဘယ်သူကဖြင့် ရံပုံငွေကောက်တဲ့အခါမှာ ထည့်ဝင်နိုင်ရဲ့သားနဲ့ စေးကပ်သူ၊ ဘယ်သူကဖြင့် အများနဲ့ဘယ်အချိန် အလုပ်လုပ်လုပ် အဆင်မပြေသူ၊ အမြဲခိုကပ်နေသူ၊ ဘယ်သူကဖြင့် အသင်းကောင်းကျိုး သာမက အတန်းကောင်းကျိုးကိုပါ ဘယ်သူတွေဘယ်လို ကဲ့ရဲ့မေးငေါ့ပါစေ ဂရုမစိုက်ဘဲ လုပ်စရာရှိတာတွေကို တက် တက်ကြွကြွနဲ့ လုပ်ဆောင်သူ စသဖြင့် အသင်းသားအချင်းချင်း သိကြပါတယ်။

ခေါင်းလောင်းဆိုလို့ ကျောင်းမှာ လျှပ်စစ်ခေါင်းလောင်းရှိပါတယ်။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်တွေမှာ ပုံမှန်တီး လေ့ရှိပါတယ်။ မီးပျက်တဲ့အခါမှာ နာမည်ကျော်သီချင်းတပုဒ်ထဲက စာသားဖြစ်တဲ့ “ပြောင်းချင်ရာ ပြောင်းကြပေမယ့် ရွာကျောင်းရဲ့ ခေါင်းလောင်းသံက တလွင်လွင်သာမြဲပေ” ဆိုတာလို ကျောင်းအုပ်ဆရာမကြီး ရုံးခန်းလောက်ကနေ ကလိုင် ကလင်တီးသံ ကြားရတတ်ပါတယ်။ တခါတလေ မီးမပျက်ဘဲနဲ့လည်း ခေါင်းလောင်း ကလိုင်ခေါက်သံကို ကြားရတတ်ပါတယ်။ အဲဒါဆိုရင် လျှပ်စစ်ခေါင်းလောင်းပျက်နေတာဖြစ်ကြောင်း အားလုံးက အလိုလိုနားလည် ထားကြပါတယ်။

ရေအိုးအကြောင်း ပြန်ဆက်ရအောင်ပါ။ အိုးက အတော်ကြီးတဲ့ သောက်ရေအိုး။ ဒါပေမယ့် ထမင်းစားချိန်ပြီးရင် ကုန်တာပါပဲ။ နေ့အပူချိန်က ခါတိုင်းရက်တွေထက် ပြင်းလာလေ၊ အာခေါင်ခြောက်တာ ပိုများလာလေ၊ အိုးထဲရှိ သောက်ရေကလည်း ကုန်တာမြန်လာလေပါပဲ။ ကုန်ခါနီး သွားခပ်သောက်မိတဲ့သူက ကျားဆိုရင် နောက်ကျားတကောင်ခေါ်ပြီး ရေခပ်ထွက်၊ သုံးယောက်သွားချင်ရင် တယောက်က ရေစစ်၊ ရေခွက်၊ ရေအိုးဖုံးကို ကိုင်ရပါတယ်။ ကျန်နှစ်ယောက်က ရေနည်းနည်းပဲ ကျန်တော့တဲ့ အိုးကို အိုးနှုတ်ခမ်းကနေ တယောက်တဖက် မပြီး ရေဘုံပိုင်ခေါင်းရှိရာ ရေစင်ဖက်ကို သွားကြရပါတယ်။

ကျား လို့သုံးရတာက ဒီလိုပါ။ စာသင်ခန်းက ကျောက်သင်ပုန်းရဲ့ ဘယ်ဖက်အပေါ်ထောင့်မှာ ဇယားတခုဆွဲထားလေ့ရှိပါတယ်။ အတန်းပိုင်ဆရာမက ဆွဲထားတာဖြစ်ပါတယ်။ “ကျောင်းခေါ်ချိန်ဇယား” ဒါမှမဟုတ် “တက်ရောက်၊ပျက်ကွက် ဇယား” လို့ ခေါ်ပါတယ်။ အဲဒီဇယားမှာ တက်ရောက်ရယ်၊ ပျက်ကွက်ရယ်၊ ပျက်ကွက်ဆိုရင် ခွင့်တိုင်တာ ဘယ်နှစ်ယောက်၊ ခွင့်မဲ့က ဘယ်နှစ်ယောက်ဆိုပြီး ဇယားအောက်မှာ ရေးပါတယ်။ အဲဒီမှာ ကျောင်းသားဆိုရင် ကျား၊ ကျောင်းသူဆိုရင် မ ဆိုပြီး ရေး လေ့ရှိတာကို အမှတ်ရသွားလို့ပဲ ဖြစ်ပါတယ်။

ရှိတဲ့ ရေအိုးက အိုးဟောင်းဖြစ်ပါတယ်။ ခက်တာက မအေးတာပဲ။ ပြောတော့ သဲအိုး မဟုတ်လို့တဲ့။ နေ့လယ်နေ့ခင်း ပူတာ လည်း ပြေပျောက်အောင်၊ ရေလည်း ခဏ ခဏ မခပ်ရအောင်ဆိုပြီး အတန်းပိုင်ဆရာမကနေ ရေအိုး နောက်တအိုးထပ်ဝယ် လာပါတယ်။ အတန်းထဲမှာ ဘာဘာညာညာသုံးလို့ရအောင် စုထားတဲ့ ငွေလက်ကျန်ထဲကနေ ၀ယ်လိုက်တာဖြစ်ပုံရပါတယ်။ အသစ်ဝယ်လိုက်တဲ့အိုးက သဲအိုးဖြစ်ပါတယ်။ ရေအိုးအဟောင်းထက်စာရင် အေးပါတယ်။ အဲဒီတော့ အတန်းထဲမှာ ရေအိုး နှစ်အိုးဖြစ်သွားပါတယ်။ ရေအိုးနှစ်အိုးဖြစ်သွားပေမယ့် အများစုက ရေအိုးအသစ်ကိုပဲ အားပေးကြပါတယ်။ ယှဉ်သောက် ကြည့်လိုက်တဲ့အခါ အိုးအသစ်က ပိုအေးနေတယ်လို့ ထင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဆရာမက မောင်မင်းကြီး မယ်မင်းကြီးမတို့ ရှေးဦးလက်ဟောင်း ရေအိုးလေးကိုလည်း အားပေးကြပါဦးလို့ ပြောလည်း အိုး အသစ်ကိုသာ အလုအယက်ပါ။ အအေးဓာတ်ကြာကြာထိန်းနိုင်အောင်ရယ်၊ တင်ထားရလွယ်အောင်ရယ်ဆိုပြီး ကောက်ရိုး ကရွတ်ခွေလေးကို ရေအိုးအောက်မှာ ခံထားပေးပါတယ်။ ရေအိုးသစ်ဖြစ်ပေမယ့် ရေအိုးစင်မှာ မထားပါ။ စားပွဲတလုံးကို နံရံနား ကပ်လိုက်ပြီး အဲဒီစားပွဲပေါ်မှာ ရေအိုးကို တင်ထားလိုက်တာဖြစ်ပါတယ်။ အိုးအဟောင်းကတော့ သူ့နေမြဲနေရာဖြစ်တဲ့ သုံးချောင်းထောက် ရေအိုးစင်မှာပေါ့။

စာသင်ချိန် တချိန်အပြီး သင်တဲ့ဆရာ အတန်းအပြင်ဖက်ကိုရောက်တာနဲ့ အတန်းသူ အတန်းသားတွေဟာ ထိုင်ခုံတွေက ထလာပြီး ရေသောက်ဖို့ တန်းစီကြပါတယ်။ နောက်တချိန်ဝင်ရမယ့် ဆရာက အတန်းထဲဝင်လာရင် တန်းစီနေတဲ့သူတွေဟာ တန်းစီလက်စနဲ့ပဲ လက်ကလေးတွေ ပိုက်ကာ နှုတ်ဆက်စကားကို ညီညာဖျဖျဆိုကာနှုတ်ဆက်ကြပါတယ်။ စာသင်မယ့် ဆရာခွင့်ပြုချက်နဲ့ တန်းစီနေသူအားလုံး ရေသောက်ပြီး ကိုယ့်နေရာကိုယ်ပြန်ထိုင်မှ ဆရာက စာစသင်လေ့ရှိပါတယ်။

အဲဒီတော့ ဒီအိုးသစ်တအိုးကိုပဲ ၀ိုင်းဝန်းသုံးစွဲနေ၊ ကုန်ရင် သွားခပ်၊ ရေသွားခပ်နေတဲ့ အချိန်အတွင်း ရေသောက်ချင်ကြတဲ့အခါမှ ရေအိုးစင်က လက်ဟောင်းအိုးဖြစ်တဲ့ ဟိုတအိုးကို အားပေးကြ။ ရေအိုးအဟောင်းက မရှိသုံးပေါ့။ နောက်တော့လည်း ရေအိုးအဟောင်းကို ဘယ်သူမှ ခဏတဖြုတ်တောင် မသုံးချင်တော့တဲ့အတွက် ထောင့်တထောင့်မှာပဲ ရေအိုးနဲ့တကွ ရေအိုးစင်ကို ပစ်ထားလိုက်ရတဲ့အဖြစ် ရောက်သွားပါတယ်။

ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ရေအိုးအသစ်က သူ့ရဲ့ ဂုဏ်ပုဒ်ကို ထုတ်ပြပါတော့တယ်။

အဲဒီနေ့က ထမင်းစားချိန်အတွင်း မုန့်စားပြီးတဲ့အခါ သူငယ်ချင်းနှစ်ယောက် ရေခပ်ထွက်ကြပါတယ်။ ရေဘုံပိုင်ရှိရာရောက်၊ ရေခွက်တို့ ရေအိုးဖုံးပန်းကန်ပြားတို့ကို သေသေချာချာဆေးကြော၊ ပါလာတဲ့ရေစစ်ကို နှစ်ပြန်သုံးပြန်ဆေး၊ ရေအိုးကိုလည်း အတွင်းအပြင် စင်ကြယ်အောင်ဆေးလို့ ရေစစ်ခံပြီး သောက်ရေထည့်ကြပါတယ်။

ကျောင်းဆောင်က နှစ်ထပ်ကျောင်းဆောင်၊ ကျောင်းဆောင်ရဲ့ အစွန်တဖက်တချက်မှာ အတွင်းဖက်လှေကားတွေရှိတယ်။ ရေခပ်ထွက်တဲ့ ကျောင်းသားနှစ်ယောက်ရဲ့ စာသင်ခန်းက အပေါ်ထပ်မှာ။ လှေကားရဲ့ လှေကားထစ်တွေက သိပ်အ မြင့်ကြီးလည်း မဟုတ်ဘူး၊ ပြီးတော့ လူသုံးယောက် မထိတထိယှဉ်လျှောက်ပြီး အဆင်းအတက် လုပ်နိုင်လောက်အောင် ကျယ်တယ်။ လှေကားထစ်တွေ၊ လက်ရန်းတွေက သစ်သားနဲ့ သေသေချာချာ ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ လှေကားကို ဒီလောက်ညွှန်းနေပုံထောက်ရင် လှေကားအတက်နဲ့ ရေအိုးနဲ့တော့ တခုခု ဖြစ်တော့မှာ အသေအချာပါပဲ။

ကဲ လာဟေ့ အိုးကို မမယ်ဆိုပြီး နှစ်ယောက်သား အိုးနှုတ်ခမ်းကနေ အိုးကို တဖက်တချက်စီကိုင်ပြီး ရေဘုံပိုင်ရှိရာကနေ သယ်လာ၊ လှေကားအတက်မှာ နှစ်ယောက်သား သတိထားလို့ အိုးကို မ ကြ၊ ဒါပေမဲ့ အပေါ်ဆုံး လှေကားထစ် မနင်းမိစဉ်မှာပဲ အိုးက အောက်ခြေကနေ ပွင့်သွားပါတယ်။ အိုးလည်ရစ်နဲ့တကွ အိုးနှုတ်ခမ်းဟာ အိုးမလာတဲ့ နှစ်ယောက်စီမှာ ကျန်ခဲ့ပါတယ်။ ကံကောင်းတာက လှေကားအတက်မှာ နောက်ကနေ လိုက်တက်လာတဲ့သူ တယောက်မှ မရှိတာပါပဲ။

စာသင်ခန်း အ၀နားမှာ ဖြစ်တဲ့အတွက် ဆရာမတွေ သူငယ်ချင်းတွေ ထွက်ကြည့်ကြပါတယ်။ ရေခပ်ရာ အတူပါလာတဲ့ သူငယ်ချင်းက ပျော်လို့ရွှင်လို့ အတော်အူမြူးနေပါတယ်။ သူမြူးတာက ဒီလိုဖြစ်ပုံရနိုင်ပါတယ်။ သောက်ရေခပ်လာတဲ့ သူ့ဘ၀သက်တမ်းတလျှောက်မှာ ဒီလိုမျိုး အောက်ခြေကနေ ပွင့်ထွက်သွားတဲ့ ရေအိုးကို တခါမှ မကြုံဖူးလို့ပါပဲ။ ကြည့်နေကြတဲ့သူတွေဖက် အိုးနှုတ်ခမ်းကွင်းပဲ့ကို ကိုင်ပြီး ထောင်ပြနေပါတယ်။ လှေကားပေါ်က အိုးခြမ်းပဲ့အပိုင်းအစတွေ၊ ရေတွေကို ရှင်းလင်းသုတ်သင်ကြသူတွေကလည်း ရှင်းကြလင်းကြနဲ့ပေါ့။

အိုးခြမ်းပဲ့တွေကို အမှိုက်ပုံးထဲ သေသေချာချာထည့်ပြီး ကျောင်းမှာရှိတဲ့ အမှိုက်ကန်ရှိရာကို သွားပစ်ကြပါတယ်။

အတန်းပိုင်ဆရာမလည်း နောက်တနေ့မှာ ခိုင်ခိုင်ခန့်ခန့် အိုးတလုံးကို အများတောင်းဆိုမှုအရ ထပ်ဝယ်လာရပါတော့တယ်။ ကွဲသွားတဲ့ ပထမရေအိုးသစ်နေရာမှာ အိုးအဟောင်းကို ပြောင်းထားလိုက်ကြပါတယ်။ ရေအိုးစင်ကို ရှေ့ဖက်ပြန်ထုတ်၊ အမှိုက်သရိုက်တွေ ဖုံတွေ ကင်းစင်အောင် အကျအန သန့်စင်ပြီးတဲ့အခါမှာ ဒုတိယအကြိမ် အသစ်ဝယ်လိုက်တဲ့အိုးကို သူ့အပေါ်မှာ တင်ထားလိုက်ကြပါတယ်။

ဒီတခါ ၀ယ်လိုက်တဲ့အိုးက အေးလဲအေး၊ အိုးကလည်း နာနာပုတ်ထားခြင်းခံရတဲ့ပုံစံဖြစ်လေတော့ အိုးထဲက ရေတွေကို သောက်ရတာ အပူဒဏ်ပြေပျောက်သွားရုံတင်မက အားအင်ပြည့်သလိုပါ ခံစားခဲ့ရပါတယ်။ သောက်ရေကုန်လို့ ထပ်ဖြည့်တိုင်း ထပ်ဖြည့်တိုင်း၊ လှေကားထစ်တွေကို ရေအိုးအလေးချိန်နဲ့ အတူ နင်းတိုင်း နင်းတိုင်း၊ ခိုင်ခံ့ပြီး အေးမျှတဲ့ လက်ရှိရေအိုးရဲ့ ချီးမွမ်းဖွယ် ဂုဏ်ပုဒ်တွေကို တွေးတွေးပြီး အားရကျေနပ်မိကြပါတယ်။ အဲဒီ နောက်ထပ်ဝယ်လိုက်တဲ့ အိုးအသစ်ကိုသုံးရင်းနဲ့ပဲ စာသင်နှစ်နောက်ပိုင်းကာလကို တတန်းလုံး ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ်ခဲ့ကြပါတယ်။

အထက်က ဒီအဖြစ်လေးကို တွေးတွေးမိပြီး ပြန်ရေးတဲ့အခါမှာ ဖြစ်ရပ်မှန်ထဲမှာ မပါတဲ့ စိတ်ကူးတချို့ကိုလည်း ထည့်သွင်းရေး သားဖို့ ကြံမိပါတယ်။ အဲဒါကတော့ ရေအိုးသစ် ပွင့်ထွက်သွားတဲ့ အဖြစ်အပျက်နဲ့ နောက်ထပ်တခါ ထပ်ဝယ်တဲ့ ရေအိုးရဲ့ သဘောသဘာဝကို ဆရာ၊ဆရာမများ သိသွားပြီးတဲ့အခါ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဆရာ၊ ဆရာမတချို့ ကောက် ချက်ချကြတဲ့အပိုင်းပဲ ဖြစ်ပါတယ်။

“ဒို့စာထဲမှာ သုံးလွန်းတင်မှ ကြိုး၊ ဒေါင်ဒေါင်မြည်မှ အိုးဆိုတာရှိသလို၊ အိုးကောင်းလိုချင်ရင် နာနာပုတ်ဆိုတာလည်း ရှိတယ်” (မြန်မာစာဆရာမ)

“အိုးတလုံးရဲ့ သမိုင်းဆိုတာ သူ ဘယ်ကနေ မွေးဖွားလာသလဲဆိုတာက စတယ်” (သမိုင်းဆရာမ)

“ကဲ ဟောဒီ မြေပုံမှာ ထောက်ပြကြစမ်းပါ တပည့်တို့၊ ဒို့နိုင်ငံကြီးရဲ့ ဘယ်နေရာ ဘယ်ဒေသတွေမှာ အိုးကောင်းတွေ ရနိုင်ပါ ဦးမလဲဆိုတာ” (ပထ၀ီဆရာမ)

“အားသက်ရောက်မှု ဆိုတာတို့၊ ဖိအားဆိုတာတို့ အရေးပါပုံကို ရေအိုးသယ်တဲ့ နှစ်ယောက်ရော၊ ကျန်တဲ့သူတွေရော သိ သွားလောက်ပြီထင်ပါတယ်” (ရူပဗေဒဆရာ)

“ရေအိုးထဲက ရေလည်း ဟိုက်ဒရိုဂျင်နှစ်ဆ၊ အောက်ဆီဂျင်တဆပဲ” (ဓာတုဗေဒဆရာမ)

“ရေသွားခပ်တဲ့ ဟိုနှစ်ကောင်၊ နောက်ဆိုရင် မတဲ့အခါမှာ သတိထားပြီး ရေအိုးမကွဲအောင် မကြ၊ ကြားလား”  (အတန်းပိုင် ဆရာမ)

ကျော်မောင် (တိုင်းတာရေး)

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags