ငြိမ်းချမ်းအေး – ဘွဲ့လက်မှတ်စက်ရုံ သတိပြု

May 4, 2016

ငြိမ်းချမ်းအေး – ဘွဲ့လက်မှတ်စက်ရုံ သတိပြု
(Education Digest / မိုးမခ) မေလ ၄၊ ၂၀၁၆

၁၉၉၀ ခုနှစ်များဆီကစလို့ ကျနော်တို့ တိုင်းပြည်မှာ စာရင်းအင်း၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ အိုင်တီ ကွန်ပျူတာနည်းပညာ၊ အင်ဂျီနီယာ စတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များဆက်စပ် နိုင်ငံတကာ အသိအမှတ်ပြု သင်တန်း၊ စာမေးပွဲ၊ လက်မှတ်၊ ဘွဲ့တွေဟာ လူမှုအသိုင်းအဝန်းရဲ့ အလယ်လတ်တန်းစားနဲ့ အထက်တန်းအလွှာ မိသားစုများကြားမှာ စတင်ရေပန်းစားလာခဲ့ပါတယ်။ ဆယ်စုနှစ် နှစ်ခုအကျော် မျက်မှောက်မှာတော့ အင်မတန်အားကောင်းတဲ့ ပုဂ္ဂလိကပညာရေးဈေးကွက် ဖြစ်လို့နေပါပြီ။

ဒီလို လူကြိုက်များလာခဲ့မှုနဲ့ ဖြစ်ပေါ်ပြောင်းလဲလာခဲ့မှု လမ်းကြောင်းမှာ ဆယ်တန်း အမှတ်အပေါ် အခြေခံမဘဲ မိမိနှစ်သက်ရာ ဘာသာရပ်ရွေးချယ်နိုင်ခြင်း၊ နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်တမ်းများ ပြဋ္ဌာန်းခြင်းနဲ့ နိုင်ငံရပ်ခြားမှာ ပညာသွားသင်တာမျိုးထက်စာရင် ပထမ ဘွဲ့သင်တန်း (သို့မဟုတ်) ၁ နှစ် / ၂ နှစ် ဒစ်ပလိုမာ လက်မှတ် သင်တန်းတွေကို အိုးမကွာ အိမ်မကွာ လူနေမှုစရိတ်ကျဉ်းကျဉ်း၊ နိုင်ငံတကာထက်စာရင် အခကြေးငွေ သက်သာစွာနဲ့ သင်ယူနိုင်ခြင်းဆိုတဲ့ အချက် ၃ ချက်က အဓိက ဖြစ်ပါတယ်။

မဆလ၊ နဝတ၊ နအဖ အစိုးရများရဲ့ ပညာရေးမှာ ကြီးပြင်းခဲ့သူ ကျနော့်အနေနဲ့လည်း ငယ်စဉ်ကစလို့ ကျူရှင်နဲ့ ကြီးပြင်းခဲ့ရပြီး အစိုးရတက္ကသိုလ်များကနေ ဘွဲ့ရချိန်မှာလည်း ကျောင်းမပြီးဘဲ ဗြိတိသျှကောင်စီ၊ အမေရိကန်စင်တာလို နေရာမျိုးတွေကနေ နိုင်ငံတကာစာမေးပွဲဆိုတာတွေ နောက်ကို လိုက်ခဲ့ရသူပါပဲ။ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အထွေထွေ ချွတ်ခြုံကျမှု နောက်ခံစနစ်မှာ အများပိုင် (အစိုးရပိုင်) Public ကျောင်းများရဲ့ ပညာရေးက နို့ပျဉ်းကျ နို့ကန်းဖြစ်နေခဲ့ခြင်းကြောင့် ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍဟာ အရေးပါတာ အမှန်ပါ။

အခုနောက်ပိုင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပုဂ္ဂလိကကျောင်းတွေ ကြော်ငြာရာမှာ အမှတ်စနစ်နဲ့ ခွဲခြားမှု မရှိဘူး၊ ကိုယ်ဝါသနာပါရင် လေ့လာသင်ယူလို့ရတယ် ဆိုတဲ့ သဘောကို အသားပေးပြီး “အားလုံးအတွက် ပညာရေး” လုပ်ပြီး သူတို့ ကျောင်းတွေပုံရိပ်ကို မြှင့်တင် ကျောင်းသားနဲ့မိဘတွေကို ဆွဲဆောင်ကြပါတယ်။

ဒါပေမယ့် ဒါဟာ ယူနက်စကိုလို ကမ္ဘာ့အဖွဲ့အစည်းတွေလိုမျိုးက ချမှတ်ပြီး ဆောင်ရွက်ခဲ့တဲ့ ဆူကြုံနိမ့်မြင့် လူမှု၊ စီးပွား အလွှာအသီးအသီးအကျုံးဝင်နိုင်တဲ့ အားလုံးအတွက် ပညာရေး (Education For All) လိုမျိုး အလုပ်နဲ့ အနက်သဘော မသက်ရောက်ပါဘူး။ ပုဂ္ဂလိကပညာရေးဟာ တတ်နိုင်သူ လူတစုအတွက် ပညာရေးသာ ဖြစ်ပါတယ်။ သားသမီးရဲ့ ပညာရေးမှာ ရင်းနှီးမြှပ်နှံလိုသူ ပညာတတ် အလယ်လတ်တန်းလွှာနဲ့ လူ့မလိုင် အထက်တန်းအလွှာ လက်တဆုပ်စာ အတွက်သာ ဖြစ်ပါတယ်။ ဒါဟာလည်း နိုင်ငံတကာမှာလည်း အလားတူပဲမို့ အပြစ်ဆို ထောက်ပြစရာ မရှိပါ။

ထောက်ပြရမှာကတော့ ပုဂ္ဂလိကပညာရေးရဲ့ အရည်အသွေးပါ။ နိုင်ငံတကာမှာ ချိတ်ဆက်ထားတယ် ဆိုတဲ့ ကျောင်းတွေရဲ့ အဆင့်အတန်းနဲ့ သိက္ခာရှိမှု ပုံရိပ်ပါ။ အသိအမှတ်ပြုတယ်ဆိုတဲ့ ကျောင်းတွေရဲ့ စစ်မှန်မှုပါ။ တရားဥပဒေစိုးမိုးလှတယ်၊ ပညာရေး စံချိန်မီတယ် ယူဆထားကြတဲ့ ဗြိတိန်နဲ့ အမေရိကားလို နိုင်ငံမျိုးတွေမှာတောင် “ဝင်ခွင့်ကန့်သတ်ထားသည်၊ လာသလောက်ပဲလက်ခံသည်” ဆိုတဲ့ ငွေကြေးအဓိက ပညာနဲ့ လုပ်ငန်းခွင် ပြန်လည်အသုံးချရာမှုတွေမှာ တန်းမဝင်တဲ့ ကျောင်းတွေ အမြောက်အမြား ရှိပါတယ်။ လန်ဒန်မြို့လယ်ခေါင်မှာ ပါမောက္ခ တယောက်လောက်နဲ့ ကျောင်းထောင်၊ လက်မှတ်ထုတ်ပေး၊ ကျောင်းသားနေထိုင်ခွင့်/ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးနေတာတွေ အများကြီးရှိပါတယ်။

အခုဆိုရင် ကျနော်တို့ တိုင်းပြည်မှာ ပုဂ္ဂလိက ဆေးကျောင်းတောင် ရှိလာပါပြီ။ ကျောင်းတက်နေသူများထဲမှာ ဆရာဝန်ကြီးတွေရဲ့ သားသမီးများတောင်မှ ပါပါတယ်။ ဝါသနာပါတာ သင်လို့ရတယ်၊ သင်လိုသူ အားလုံးအတွက် အဆင်ပြေတယ် ဒီလို အကောင်းအချက်တွေနောက်မှာ တပါတည်း လိုက်ပါ စဉ်းစားဆင်ခြင်ရမှာက အရည်အသွေး (Quality)၊ သင်ထောက်ကူပစ္စည်း (Facilities) နဲ့ အသိအမှတ်ပြုမှု (Accreditation) ပါ။

အရည်အသွေးပိုင်းက ပါမောက္ခ ဆရာဝန်ကြီးတွေကို အချိန်ပိုင်း ငှား သင်ကြားစေမယ်လို့ပဲ ယူဆထားလိုက်ပါဦး။ သင်ထောက်ကူ ပစ္စည်းနဲ့ အသိအမှတ်ပြုမှု ကိစ္စကျ အလွယ်တကူ လုပ်ယူလို့ ရတာမျိုးမဟုတ်ပါ။ သင်ကြားမှုအရည်အသွေးနဲ့ သင်ထောက်ကူပစ္စည်း ပြည့်စုံမှသာလည်း နိုင်ငံတကာ အသိအမှတ်ပြုမှု ရနိုင်မှာပါ။

စီးပွားရေးလုပ်ငန်းတခုအနေနဲ့ ဆေးကျောင်းဖွင့်လိုသူများကတော့ ဘယ်လို အသိအမှတ်ပြုမှု ရအောင် လုပ်ထားပါတယ်၊ ဘယ်နိုင်ငံက ကျောင်းတွေနဲ့ ချိတ်ဆက်ထားပါတယ်၊ ဆေးပညာလက်တွေ့သင်ကြားရေး အတွက် သင်ကြားရေး ဆေးရုံတွေ ဆောက်ဖို့ စီစဉ်ထားပါတယ် စတဲ့ လူယုံကြည်မှုရစေမယ့် အစီအစဉ်တွေ ယေဘုယျ ချပြနိုင်ကြမှာပါပဲ။ ဒါပေမယ့် တကယ်လက်တွေ့ကျ ဖြစ်နိုင်မှုနဲ့ အရည်အသွေးပိုင်းကိုတော့ ကျောင်းသားနဲ့မိဘပိုင်းက ဝေဖန်ပိုင်းခြား အကောင်း၊ အဆိုး သိမြင်နိုင်ရပါမယ်။

အသိအမှတ်ပြုမှု အပိုင်းပဲ လက်တွေ့ကျကျ စဉ်းစားကြည့်ရအောင်ပါ။ ဥပမာ မလေးရှားက ဆေးတက္ကသိုလ် တခုခုနဲ့ ချိတ်ဆက်ထားတယ် ဆိုပါစို့။ မလေးရှားမှာ ဆေးတက္ကသိုလ်တွေ ပေါပါတယ်။ ကျောင်းသား တရာဝန်းကျင်နဲ့ အလုပ်ဖြစ်နေတာတွေ အများကြီးပါ။ ဆရာတွေထဲမှာ မြန်မာပြည်က ဆရာဝန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ကျောင်းအများစုက ကျောင်းဆင်းတွေကို နိုင်ငံတကာ အသိအမှတ်ပြုမှု မရရုံမက မလေးရှားဆေးကောင်စီကတောင် အသိအမှတ်မပြုပါဘူး။ စာမေးပွဲပြန်ဖြေရပါတယ်။ ဒါလည်း ဆေးပညာဝါသနာပါသူအနေနဲ့ အခွင့်အရေးပဲ၊ အရည်အချင်းစစ် စာမေးပွဲဖြေနိုင်အောင် ပုဂ္ဂလိကကျောင်းက လေ့ကျင့်ပေးနိုင်ရင် ပြီးတာပဲ ဆိုချင်ပါမယ်။

ဒါပေမယ့် မြန်မာပြည်အတွက် လက်တွေ့ပြဿနာ များစွာ ရှိပါသေးတယ်။ သင်ကြားရေးဆေးရုံ ပုဂ္ဂလိကအနေနဲ့ပဲ ဆောက်နိုင်ပြီပဲ ထားပါတော့။ ပုဂ္ဂလိကဆေးရုံ ဆိုကတည်းက အဲဒီလိုမျိုးနေရာကို လာသူ လူနာနဲ့ မိသားစုက ဆရာဝန်မဖြစ်သေးတဲ့ လက်သင် ဆေးကျောင်းသားတွေရဲ့ အကိုင်၊ အတွယ် ပညာသင်ခြင်း၊ လက်စမ်းခြင်း၊ စမ်းသပ်ခံခြင်းကို ခံမယ့်သူတွေမဟုတ်ပါ။ ရောဂါ ရာဇဝင်ဆိုတာမျိုးက လူတဦးချင်းစီရဲ့ အမြင့်ဆုံး ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်ပါ။ ပိုက်ဆံကြေးငွေ ရှိသူက ကိုယ့်ရောဂါကို ပုဂ္ဂလိကဆေးရုံမှာ လာပြပြီ ဆိုကတည်း အတော်ဆုံး၊ အကောင်းဆုံး၊ အတွေ့အကြုံအများစု သမားတော်ကြီးတွေရဲ့ အကုအသနဲ့ အကြံဉာဏ်ပေး ဆွေးနွေးမှု ကိုလိုချင်လို့ လာခြင်းဖြစ်ပြီး ကျောင်းသားတွေရဲ့ ဆေးပညာ သင်ကြားခြင်းကို အစမ်းသပ်ခံဖို့ မဟုတ်ပါဘူး။

ပုဂ္ဂလိကသင်ကြားရေး ဆေးရုံမှာ မရှိနွမ်းပါးသူ များကို အခမဲ့ တက်ခိုင်းပြီး ရောဂါကုသပေးမယ်၊ ဆေးကျောင်းသားတွေ လက်တွေ့ သင်ကြားရေးမှာလည်း ပါဝင်ခိုင်းမယ် ဆိုတဲ့ အစီအစဉ်မျိုးဆိုလည်း တခြား ဆင်ခြင်ရမယ့် အကြောင်းအရာတွေ ရှိပါသေးတယ်။ နိုင်ငံတိုင်းမှာ လူနာကုသခြင်းဆိုင်ရာ အတွက် “ ဆမ” ထုတ်ပေးခြင်း လို သက်ဆိုင်ရာ နိုင်ငံရဲ့ အသိအမှတ်ပြုမှုတွေ လိုပါတယ်။ ကျောင်းသားတွေ ခွဲစိတ်လေ့လာဖို့ အခြေခံအားဖြင့် မရှိမဖြစ်လိုအပ်လှတဲ့ လူသေအလောင်းနဲ့ အရိုးစု လိုမျိုးက အစ အစိုးရတရားဝင်မှု လုပ်ထုံးလုပ်နည်းနဲ့ပဲ ရယူလို့ရပါတယ်။ ဆိုတော့ ပုဂ္ဂလိကသင်ကြားရေး ဆေးရုံ စိတ်ကူးမှာ အလောင်းဘယ်က ရှာမလဲဆိုတဲ့ အရိုးရှင်းဆုံး အတွေးလောက်တော့ ပိုက်ဆံအကုန်အကျခံ ကျောင်းထားရမယ့် ကျောင်းသား မိဘတွေ စဉ်းစားသင့်လှပါတယ်။

ဒါက ပုဂ္ဂလိကပညာရေး ဈေးကွက်မှာ အသစ်ဖြစ်တဲ့ ဆေးကျောင်းကိစ္စကိုသာ ဆွဲထုတ်ပြတာပါ။ ပုဂ္ဂလိကပညာရေးရဲ့ အရည်အသွေး၊ သင်ထောက်ကူပစ္စည်းနဲ့ အသိအမှတ်ပြုမှုဆိုတာ အခြား ပညာရေးကဏ္ဍတိုင်းမှာလည်း လိုပါတယ်။

ပြန်ချုပ်ရရင် သိပ်မကြာသေးခင်ကပဲ ပြည်ထောင်စုအဆင့် ဝန်ကြီးလို ပုဂ္ဂိုလ်များရဲ့ ပညာရေး ဘွဲ့ အတု၊ အစစ်၊ နိုင်ငံတကာ အသိအမှတ်ပြုမှု ပြဿနာတွေ ဟိုလေးတကျော် ဖြစ်ခဲ့ပါတယ်။ ပညာရေးအတွက် ပိုက်ဆံသုံးနိုင်သူ မိဘပြည်သူများရဲ့ လက်တွေ့ဘဝမှာလည်း အဌာရသ ၁၈ ရပ် ကို ငွေအမြောက်အမြားယူ သင်ကြားပေးနေတဲ့ ပုဂ္ဂလိကပညာရေး ရေစီးကြောင်းထဲ နစ်မျောနေပါတယ်။ ဒီလိုအနေအထားမှာ အမှန်အကန် ပုဂ္ဂလိကပညာရေးရဲ့ အားသာချက်တွေကို အသိအမှတ်ပြု ရမှာ ဖြစ်သလို အားနည်းချက် အမှောင်ခြမ်း မျက်နှာစာကိုလည်း စာနယ်ဇင်းတွေက စုံစမ်းတူးဆွ ထုတ်ဖော်ပြီး လူထုအများ အသိမှတ်မှု Awareness ရအောင် ပြုလုပ်ဖို့ လိုနေပါတယ်။ နှစ်သက်ရာ ဘာသာရပ်ရွေးချယ်နိုင်တယ်၊ နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်တမ်းနဲ့ နိုင်ငံခြားမှာထက်တော့ ကုန်ကျစရိတ်သက်သာတာပါပဲကွာ လောက်နဲ့ ကျေနပ်မနေသင့်ပါ။ ဘွဲ့လက်မှတ်စက်ရုံများ (Degree Mill) တွေ ကိုယ့်တိုင်းပြည် ဝင်မလာနိုင်ရေး၊ ကိုယ့်နိုင်ငံသာများရဲ့ ချွေးနှဲစာ မထိခိုက်ရေး အားလုံး ဝိုင်းဝန်း နှိုးဆော်ဖို့ လိုနေကြောင်း ထင်မြင်ယူဆမိကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး

ဧပြီ ၃၀၊ ၂၀၁၆

(ပြန်လည်ဝေဖန်ရန်နှင့် ဆက်သွယ်ရန် nyeinchanaye81@gmail.com)

(Education Digest ပညာပဒေသာ ဂျာနယ် အတွဲ (၅)၊ အမှတ် ၁၇၊ မေလ (၃) ရက်၊ အင်္ဂါနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်