မင်းကိုနိုင် ● နွေတညမှာ အဖြေမရပါ

May 4, 2016

မင်းကိုနိုင် ●  နွေတညမှာ အဖြေမရပါ

(မိုးမခ) မေ ၄၊ ၂၀၁၆

(ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။)

 

ဤမြင်းဖြူကို ကျနော် မျက်စိကျနေတာ ကြာပါပြီ။ဤညောင်ပင်ကြီးအောက် ရောက်လာကတည်းကကျနော်သွားဆွဲချင်နေတာ အောင့်ထားခဲ့ရသည်။

ဤညောင်ပင်ကြီးကလည်း ဘယ်ခေတ် ဘယ်ကာလကတည်းက ရှိခဲ့သည် မသိပါ။ မုတ်ဆိတ် ရှည်ရှည်ကြီးတွေ တဖားဖား အဘိုးအိုကြီးနှင့် တူလှသည့် ထိုညောင်ပင်ကြီးသည် ကျနော်တို့အိမ်နောက်ဖေး ဘေးမဲ့ခြံဝင်းကြီး၏အုပ်နံရံပေါ်ခွထိုင်လျက်ကျနော်တို့ ကလေးတသိုက်အတွက်ကစားချင်တိုင်း ကစားနိုင်ရန်ထီးမိုးပေးခဲ့သလို၊ ငှက်ပေါင်းစုံအတွက်လည်း စားစရာ အသီး အသိုက်ဖွဲ့စရာ နေရာပေးခဲ့ပါသည်။

ခုတော့ ကျနော် မျက်စိကျစေသည့် မြင်းဖြူတကောင် ရောက်နေပြီ။ ဘေးမဲ့ခြံဝင်းထဲမှာ မြင်းတွေရှိသော်လည်း မြင်းဖြူတ ကောင်မှ မရှိ။ ညောင်ပင်အောက်မှာမှ ကကြိုးတန်ဆာအစုံနှင့်ရုပ်သေးမြင်းဖြူတစ်ကောင် ရောက်လာသည်။

ညောင်ပင်ကြီးရင် နတ်ကွန်းဖြစ်တာပဲဟုလူကြီးတွေပြောသည့်အတိုင်း ထိုညောင်ပင်ကြီးမှာ နတ်ကွန်းဖြစ်လာပြီး ရှားပန်းနီ၊ ရှားပန်းဖြူတွေ၊ ရွှေစက္ကူတွေခေါင်းဆောင်းတွေ ပလူပလူပျံနေသည်။ ကျနော်တို့ကလေးတွေက အဲ့ဒါတွေယူရင်ဘတ်မှာ ရှားပန်းနီ၊ ဖြူတွေစည်း၊ ရွှေခေါင်းပေါင်းတွေဆောင်း၍ နတ်ပူးတမ်း လစ်လျှင် လစ်သလို ကစားကြစမြဲ။

ယခုလည်း ထိုမြင်းဖြူရူပ်ကို ယူဆော့ချင်၍ ညီမလေးကိုတိုင်ပင်ကြည့်သည်။ ညီမလေးက နဖူးလေးတွန့်သွားအောင် စဉ်းစား ပြီး “ ကောင်းပါ့မလား၊ နတ်ကိုင်နေဦးမယ် ” ဟု သတိပေးပါ၏။ နတ်ကိုင်တယ်ဆိုတာ ဘယ်လိုလဲမေးသော် “ မသိဘူး” ဟု ခပ်ရှင်းရှင်းဖြေပါ၏။

“ရပါတယ်ဟာ နတ်တွေက ကလေးတွေကို ချစ်တာပဲ” ဟုကျနော်ပြောကာ နတ်စင်သို့သွား၍ “နတ်မင်းကြီး ကျနော်တို့ ကလေးတွေပါ၊ ဆော့ချင်လို့ ပေးပါ၊ ပေးမယ်ဆိုရင် ဘာမှမလုပ်ပြပဲနေပါ။ မပေးချင်ရင် မြင်းရုပ်မှာ နတ်ပူးပြပါ” ဟု တောင်း လိုက်ပါသည်။

ညီမလေးကလည်း ၀င်၍ “ဟုတ်ပါတယ် နတ်မင်းကြီးဒါက အရုပ်ပဲ။ အရုပ်ဆိုတာ ကလေးတွေဆော့ဖို့ပဲ ကောင်းပါတယ်။ နတ်မင်းကြီးစီးချင်ရင် ဘေးမဲ့ခြံထဲမှာ တကယ့်မြင်းကြီးတွေ အများကြီးရှိပါတယ်။ ပေးပါနော်…နတ်လည်း မကိုင်ပါနဲ့” ဟု ကူ ပြောပေးပါသည်။

ထိုအခါ ရုပ်သေးမြင်းဖြူလေးမှာ လှုပ်သွား၍ ညီမလေးကမျက်လုံးပြူးပြီး “ဟဲ့….ပလုတ်တုတ်…လှုပ်သွားတယ် ကိုကိုရေ၊ ဒေါကန်နေပြီနဲ့ တူတယ်။ လစ်မှ…” ဟု ဆွဲခေါ်ပါ၏။

ကျနော်လည်း အူကြောင်ကြောင် ဖြစ်သွားပြီး လန့်သွားသော်လည်း “ဟာ နတ်ကြီးက ဆော့စေချင်လို့ လှမ်းပေးလိုက်တာပါ”ဟု ပြောရပါသည်။

သည်လိုနှင့် မြင်းဖြူရုပ်လေးကို ဆွဲယူ။ “ကျေးဇူးတင်ပါတယ်နတ်မင်းကြီး” ဟု ပြောခဲ့ပြီး မောင်နှမနှစ်ယောက်ခပ်သုတ်သုတ်လစ်လာခဲ့ကြပါသည်။ ကျနော်တို့ အိမ်နှင့်တွဲလျက် နောက်ဖေးဂိုထောင်ထဲမှာ ရုပ်သေးပွဲ ကစားကြပါသည်။ ကြိုးဆွဲရုပ် သေးက ဒီတရုပ်တည်း။ အစီအစဉ်ကြေညာတော့ ယခုညမှာ သူရဲကောင်းမြင်းဖြူရှင်ပြဇာတ်ကြီးနဲ့ တင်ဆက်မှာ ဖြစ်ပါတယ်” ဟု ကြေညာကာမြင်းဖြူကြီးက ညီမလေး စုဘူးကော်ပတ်ရုပ်ကို ကယ်တင်ရမည့်ဇာတ်လမ်း ကပြကြပါသည်။

ပွဲကြည့်ပရိသတတ်များကတော့ ကိုကို့ကြောင်၊ မီးမီးကြောင်နှင့် နှစ်ယောက်ကြောင် အမည်ရ ကြောင်ပေါက်သုံးကောင်ပဲ ဖြစ်ပါ၏။  ဒီကောင်တွေကလည်းအနုပညာကို မခံစားတတ်တာ တော်တော်ခွကျပါသည်။ ညီမလေးက သူ့ကော်ပတ်ရုပ်လေး ကိုလှုပ်ရင်း “မောင်ရွှေရီ…ခိုင်မာသာသင်းကြည်” ဟု ဆိုပေးကာ ကပြစေသည်။ ဒီအခိုက်မှာ ဧည့်ခန်းက ယူလာသည့်သစ် သားပန်းပု ကျားသစ်ရုပ်ကြီးက ၀င်ဆွဲ။ မြင်းဖြူကြီးကကျားသစ်ကြီးကို ခွာနဲ့ပေါက်၊ ကော်ပတ်ရုပ်ကို ကျောပေါ်တင်၍ ကယ် သွား၊ ဒီလောက် အနုကြမ်းစွယ်စုံပါသည့် ဇာတ်ထုပ်ကို သူတို့ကောင်းကောင်း မကြည့်ကြပါ။

ကိုကို့ကြောင်က မြင်းဖြူရုပ်ကို လှမ်းကုတ်သည်။ မီးမီးကြောင်က ကော်ပတ်ရုပ်ကို နမ်းကြည့်ပြီး လှည့်ထွက်သွားသည်။ နှစ် ယောက်ကြောင်ကတော့ စိတ်ဝင်စားဖို့နေနေသာသာ ညီမလေး တင်ပလ္လင်ခွေထိုင်ကပြနေရာ ပေါင်ပေါ် တက်အိပ်နေ လိုက်သေးသည်။

ကျနော်တို့လည်း ရုံပွင့်အောင်အားပေးကြသော ပရိသတ်အပေါင်းကို စေတနာတုံ့ပြန်သောအားဖြင့် နောက်ညမှာ ဒီထက် ကောင်းသည့် ဇာတ်ကပါမည်ဟု တောင်းပန်ကာ ဘာနာမည်လဲဟု ညီမလေးအားမေးရပါသည်။

“ အထူးဆန်းဆုံးပေါ့ မီးကွင်းခုန်ပြမယ့် မြင်းဖြူရုပ်” ဟု ညီမလေးက ကြေညာကာ ခပ်ကုပ်ကုပ်ပွဲသိမ်းလိုက်ရပါသည်။
▬*▬*▬

ထိုည ကျနော်မအိပ်ခင် ညောင်ပင်ကြီးကိုလှမ်းမျှော်ကြည့်ကာအတွေးတွေ များနေခဲ့ပါသေးသည်။ တနှစ်တခါဆိုသလို ဒီ ညောင်ပင်ကြီးကိုတမီလ်လူမျိုးတွေက လာရောက် ပူဇော်ကြပါသည်။

သူတို့ မီးနင်းပွဲလုပ်ရင်း ညဘက်လှည့်လာခြင်းပါ။ သူတို့ကိုယ်မှာ သံဆူးချွန်ကြီးတွေ စိုက်ထားတာ အံ့သြစရာကောင်းအောင် သွေးလည်းမထွက်၊ နာလည်း မနာကြ၊ ဒီအတိုင်းပဲ သံဆူးချွန်တွေအပြည့်ကိုယ်မှာစိုက်လျက် ကတောင်ကပြသေးသည်။

ညီမလေးကတော့ အဲ့ဒါကြီးတွေကိုကြောက်၍ ထွက်ပြေးသည်။ လူကြီးတချို့က ထိုသူတွေထံမှ လိုက်ဝေငှပေးသော ပြာမှုန့် များ ကိုယူ၍ ကလေးတွေနဖူးမှာ တို့ပေးသည်။ အန္တရာယ်ကင်းတယ်ဟု ဆိုကြပါသည်။

အလှူငွေထည့်လျှင်လည်း ထိုသံဆူးချွန်စိုက် တမီလ်ကြီးတွေက လက်ခံသည်။ သူတို့သည် ဘေးမဲ့ခြံဝင်းပတ်လည်တွင် နောက်ချေးနှင့် ရွှံ့မံသောအိမ်များဖြင့်နေကြ၍ ရပ်ကွက်သူရပ်ကွက်သားများနှင့် ချစ်ချစ်ခင်ခင်နေကြပါသည်။ ပြဿနာ ဘာ မျှ မကြားဖူးပါ။ ညောင်ပင်ကြီးကိုတော့ သူတို့၏နတ်ရှိသည့်အနေဖြင့် လာပူဇော်ကြပါသည်။ ထိုသို့ ပူဇော်လျှင် မီးဘေး စိတ်ချရသည်ဟု သူတို့က ပြောကြပါသည်။

ကျနော်ကတော့ ဒီညောင်ပင်ကြီးမှာနတ်တွေပေါင်းစုံ ခင်ခင်မင်မင်နေကြတာကို အင်မတန် သဘောကျနေခဲ့ပါသည်။ ညီမ လေးကလည်း ဒါကို “ကောင်းတာပေါ့” ဟု ထောက်ခံ၏။

ထိုည ကျနော်အိပ်ပျော်ပြီး ဘယ်လောက်ကြာသည်မသိပါ။ “ပေါ်ထူး..ပေါ်ထူး၊ ထ….ထ” ဟု အော်သံများ ကြားရပြီး ထထိုင် ရာ၊ မီးတွေလောင်နေပြီဟု အော်သံများ ကြားရပါသည်။ ကျနော်လည်းဆံပင်တွေ ထောင်မတတ်ဖြစ်ပြီး ကယောင် ကတမ်း ပြေးနေမိသည်။ တစုံတခုနှင့် အမှောင်ထဲ ၀င်တိုက်မိတော့ အွတ်ခနဲ့အော်ကြပြီး ကြည့်လိုက်တော့ ညီမလေး ဖြစ်နေသည်။

“ကိုကိုလုပ်လို့ မြင်းရုပ်ကြီး သွားယူလာလို့” သူက ဦးအောင်အပြစ်တင်၍ လန့်သွားပြီး “ဘာဆိုင်လဲ နင် နိမိတ်မရှိ နမာမရှိ။ မီးကွင်းခုန်မယ့် မြင်းဖြူကြီးလို့ ကြေညာလို့” ဟု ပြန်ဟောက်လိုက်ရပါ၏။ ဆောင့်မိသွားကြသည့် ကိုယ့်နဖူးကိုယ်ပွတ်ရင်း မျှော်ကြည့်ကြသော် ညောင်ပင်ကြီးနောက်ကျော တဖက်လမ်းအိမ်တအိမ်ကို မီးစွဲနေတာ သိရပါသည်။ လူတွေ ပြေးလွှားဟစ် အော်နေကြသည်။

ပစ္စည်းတွေ ထုပ်ပိုးပြီး ပြေးသူက ပြေး၊ ဘာလုပ်ရမှန်းမသိ ချာလပတ်လှည့်နေသူတွေကလှည့်။ ကျနော်တို့ အိမ်ရှေ့က ကားဝပ်ရှော့ရှိရာ ဘတ်စကားကြီးတစ်စီးပေါ် အထုပ်တွေ စုပြုံတင်နေကြတာတွေ့၍ ကျနော်လည်း အိမ်ထဲက တွေ့ကရာ တွေဆွဲ၍ သွားတင်ရသည်။

ညီမလေးမှာ မီးမီးကြောင်ကိုတဖက် သူ့စုဘူးကောပတ်ရုပ်ကိုတဖက် ပွေ့ပြီး၊ ဘတ်စ်ကားပေါ် ပြေးသည်။ ဘတ်စ်ကားပေါ် မှာလည်း အိမ်နီးချင်းတွေ၏ ပစ္စည်းပေါင်းစုံ ပြည့်ကျပ်နေပြီ။ အမေက “အပ်ချုပ်စက်ခေါင်းတွေဖြုတ်၊ ဒါအရေးကြီးဆုံး ” ဆိုကာ အမိန့်ပေးပြီး ဘုရားစင်ရှေ့သွားစဉ် လမ်းထိပ်မှ ကျနော်တို့ ကြီးကြီးရောက်လာပြီး ငုံးမင်းပရိတ်ကိုရွတ်၊ ငါလည်း ရွတ်မယ်ဆိုကာ နှစ်ယောက်သားဘုရားရှိခိုးပြီး ရွတ်နေကြပါသည်။

အဖေက “ငါ အခြေအနေကြည့်ဦးမယ်ဆိုကာ ထွက်သွားပြီး၊ မီးက သိပ်မကြီးလှဘူး။ ၀ိုင်းသတ်ရင် ရတယ်၊ မီးသတ်ကားကို စောင့်မနေနဲ့” ဟု ဆော်သြပါ၏။

လူတွေကလည်း အမျိုးမျိုးကွဲပြားကုန်ကြသည်။ ရရာပစ္စည်း သယ်ပြေး၍ စွန့်ခွာမည့်သူနှင့် မီးကိုရအောင် သတ်မည့်သူနှင့် တချို့ကလည်း ဒီဘက်က ဓနိမိုးတွေ၊ မီးလောင်လွယ်တာတွေ ဖျက်ချဖို့ အမျိုးမျိုး။

ဒီလိုနှင့် ကျွန်တော်တို့ လမ်းဘတ်ရှိ ဓနိမိုးတွေကို မီးပွားမကူးစေရန်ရေတွေဖြန်းသူက ဖြန်းကြသည်။ မီးကို သွားငြိမ်းသူက ငြှိမ်းကြသည်။ဒီဘက်ထိ မကူးနိုင်ပါဘူး ဟု ဝေဖန်သူကဝေဖန်။

ဒီလောက်ကပ်နေတာ လေကလည်း ဒီဘက်တိုက်နေတာ၊ ဘာမကူးနိုင်ရမလဲ ဟု အားငယ်သူက အားငယ်ကြသည်။

ကျနော်တို့ ခပ်လှမ်းလှမ်းအိမ်မှ ကြီးကြီးဒေါ်ချစ်စုမှာ ဘယ်သူရေ ဘယ်ဝါရေ တခါဖြင့် ကိုယ်ကျိုးနည်းကြပြီဟု အော်ကာငိုရင်း ဘာမှကူဖော် မရသဖြင့် သူ့ယောက်ျားက “အရေးထဲ ဇာတ်ငို ငိုနေသေးတယ်။ လုပ်စရာရှိတာတည်တည်ငြိမ်ငြိမ်လုပ်” ဟု ဟောက်လိုက်ပါ၏။

လူကြီးတယောက်ကမူ “ကျနော်ကတော့ ဒီဘက် ကူးလာရင် ကျနော်အိမ်က ပန့်လေးနဲ့ ခံပက်မှာပဲ” ဟု ကြိမ်းဝါးကာ မြင်း ကောင်ရေ တမတ်အားရှိ သူ့ရေစုပ်စက်မော်တာကလေးကို စက်နှိုးနေပါ၏။

အိမ်အများစုမှာ အရေးကြီးမည်ထင်တာတွေ သယ်ချ၊ အပြင်ထုတ်၊ ရှုပ်ထွေးနေကြပါသည်။ ဟိုဘက် ရပ်ကွက်မှ ကျနော့် သူငယ်ချင်းများ၊ အမေတို့မြို့မှ မိတ်ဆွေများ အသီးသီးရောက်လာကြပြီး ကူသယ်ကြ၍ အပ်ချုပ်စက်ခေါင်းတွေအပါအ၀င် သေတ္တာတွေ ဘာတွေတော့ အိမ်ရှေ့ဝပ်ရှော့က ဘတ်စ်ကားကြီးပေါ်တင်လိုက်နိုင်ပါပြီ။

အရေးထဲ ကိုကို့ကြောင်မှာ လျှောက်ပြေးနေ၍ ကုပ်ကဆွဲခေါ်လာရသေးသည်။ နှစ်ယောက်ကြောင်နှင့် သူတို့အမေ ကြောင် မကြီးကိုလည်း နောက်တခေါက်သယ်ရသေးသည်။ အကင်းပါလှသော ခွေးမကတော့ ကားပေါ်အမြီး တနန့်နန့်နှင့် တက်ထိုင် နေပြီ။ ပြေးကြလွှားကြ အမိန့်ပေးကြ ဟစ်အော်ကြနဲ့ ဒီဘက်ကို မီးရွေ့လာချိန် ကျနော်တစုံတခုကို သတိရပြီး ရင်ထဲ ဒိတ်ခနဲ ဖြစ်ကာဂိုထောင်ထဲ ၀င်ပြေးလိုက်ပါ၏။

ရုပ်သေးမြင်းဖြူကို ဆွဲပြီးထွက်လာသော် ညီမလေးက ခုန်ဆွ ခုန်ဆွနှင့် အော်ပါတော့၏။

“သွားပြန်ထားလိုက် ခု သွားပြန်ထားလိုက်၊ နတ်ကိုင်နေပြီ”

ကျနော်လည်း “အေးပါ..ငါသိပါတယ်” ဟု အော်ကာ နောက်ဖေးပေါက်မှ လစ်၍ ညောင်ပင်နတ်ကွန်းသို့ ပြေးကာ “နတ်မင်းကြီးခင်များ….ပြန်ထားလိုက်ပါပြီ” ဟု အော်ကာ ပြန်ပြေးခဲ့ရသည်။ ထိုအခါမှာပင်  မီးသတ်ကားတွေ ရောက်လာကြသည်။ ဒီဘက် ကူးမလာ၊ ငြိမ်းသွားမလား မသိနိုင်သေးပါ။ လူတွေကတော့ မလျှော့သော ဇွဲဖြင့် ငြိမ်းသတ်နေကြဆဲ။
▬*▬*▬

ထိုည မီးလောင်သည့်အကြောင်း အပြည့်အစုံပြောရရင်တော့ ၀တ္ထုစာအုပ်ကြီးတအုပ်စာလောက် ထူသွားပါလိမ့်မည်။ ကျ နော်လည်း တော်တော်မောမှာမို့ အတိုဆုံးပဲ ပြောပါမည်။

အိမ်ရှေ့အိမ်က ဘတ်စ်ကားကြီးပေါ်အိမ်တကာမှ ပစ္စည်းတွေစုပြုံတင်၊ ကလေးတွေခွေးတွေပါ တက်နေရာယူနေကြ၍ “ဟဲ့ အရေးကြီးတာတွေပဲ တင်ကြပါဟဲ့ ”။ ဟို ထင်ရှူးပုံးအစုတ်ကြီးက ဘာလုပ်မှာလဲ၊ သက်သက်နေရာပုတ်နေတယ်။ လူတွေ မတက်နဲ့လေ။ လူကထွက်ပြေးရင်ရတာပဲ။ သယ်ရမှာလေးတဲ့ အရေးကြီးပစ္စည်းတွေပဲ တင်ပေါ့” စသဖြင့် ၀ပ်ရှော့ဆရာကြီး ကတော်ကြီးက တဗျစ်တောက်တောက် စီမံခန့်ခွဲနေခဲ့ပါသည်။

သည်လိုနှင့် မီးက ညောင်ပင်ကြီးအနောက်ဘက်လမ်းမှာ အိမ်သုံးလုံးနှင့် တစ်ခြမ်းသာလောင်နိုင်ပြီး လက်လျှော့သွားရပါသည်။ လူတွေကဟေးခနဲအော်ကြပြီး ပျော်ကြမြူးကြသည်။

သည်မှာပဲ ကျနော်တို့ တလမ်းလုံးတအုံးအုံး ရယ်စရာကြီးတွေ့ရပါတော့သည်။ တယောက်က “ဟေ့ ဒီမှာကြည့်ကြပါဦး…ပစ္စည်းတွေတင်ထားတဲ့ကားက …” ဆိုကာ ဆက်မပြောနိုင်ဘဲ ခွက်ထိုးခွက်လန် ရယ်ပါတော့သည်။ ဘတ်စ်ကားကြီးက ဘီး လေးဖက်စလုံးဖြုတ်ထားပြီး၊ သစ်တုံးကြီးများပေါ် တင်ထားခြင်းဖြစ်ပါသည်။ ၀ပ်ရှော့ဆရာကြီးက ကွမ်းတွေ တဗျစ်ဗျစ်ထွေး ကာရယ်ရင်း ပြောပါသေး၏။

“ဘီးတွေ အမြန်တပ်လိုက်ရင် မီပါတယ်။ ဒါပေမယ့် အင်ဂျင်ချထားတာကြီးကတော့ နောက်နေ့အထိတောင် တင်လို့မီမှာ မ ဟုတ်ဘူးဗျို့” ရယ်စရာ မောစရာဆိုတာ ဒါမျိုးပဲထင်ပါသည်။ ရယ်လည်း ရယ်ကြရ၊ မောလည်း မောနေကြပြီမို့ ဇောကပ် တုန်းက သယ်ချလာကြသည့်ပစ္စည်းတွေအိမ်တွေထဲ ပြန်မသယ်နိုင်ကြသေးပါ။ တလမ်းလုံးရှိ လူတွေမှာ အိမ်တွေရှေ့ပစ္စည်းပုံ တွေပေါ် တက်ထိုင်ကြရင်း အားလုံး ခုမှ တဟဲဟဲရယ်နိုင်ကြပြီး အလုအယက်စကားတွေ ပြောနေကြပါ၏။

တမီလ်လူမျိုးတွေက သူတို့ အိုးခွက်တွေရွက်ကာ ပြန်လာကြရင်း သူတို့ပူဇော်နေကျညောင်ပင်မှ မီးနတ်က ကာကွယ်ပေးလိုက်ကြောင်းဂုဏ်ယူဝံ့ကြွားနေကြသည်။ကြီးကြီးကတော့ အမေ့အား ငုံးမင်းပရိတ်ကို ယုံကြည်ပြီးသားဖြစ်ကြောင်း အားရပါး ရပြောကာ လှုပ်လှုပ် လှုပ်လှုပ်နှင့် ရေရွတ်ရင်း ဟိုဟိုဒီဒီ လိုက်ပြောနေပါ၏။

“ကိုယ်လွတ်ရုန်း သွားကြရစတမ်းဆို အားလုံးပြောင်ပြီပေါ့။ မီးမကြီးခင် လူအားနဲ့ ၀ိုင်းဖိလိုက်လို့ နိုင်သွားတာ ဘယ်ရမလဲ” ။ ဒါကတော့ မီးကို ကူငျြိမ်းခဲ့ကြသော အဖွဲ့တွေ၏ စကားဖြစ်ပါသည်။

“မဟုတ်ဘူးလေ…၊ မီးသတ်ကားတွေရောက်လာမှ…”

“ဘယ်…ခင်ဗျားမီးသတ်ကားလာတော့လူက မီးကို နိုင်နေပြီဗျ”

“လေကလည်း ပြောင်းသွားလို့ပါဗျာ၊နို့မို့ ဘယ်လွယ်မလဲ”

“ဒီဘက်က ဓနိတွေ ဖြုတ်တန်ဖြုတ်၊ ရေဖြန်းတန် ဖျန်းထားတာမှန်သွားတာ၊ နို့မို့ မီးပွားကျတာနဲ့ ကူးပြီးသားပဲ”

တယောက်တပေါက် ငြင်းနေကြသောစကားများ နားထောင်ရင်း ကျနော်တခွန်းပဲဝင်ပြောလိုက်ချင်သည်။ အားလုံး ငြိမ်သွား လိမ့်မည်။ သို့နှင့် ညီမလေးကိုတိုင်ပင်ရန်လိုက်ရှာတော့ သူက လမ်းဘေးချထားသော သေတ္တာကြီးတလုံးပေါ် ပတ်လက်လှန် ၍ ကောင်းကင်ကကြယ်ကလေးတွေကို ဇိမ်နှင့် ကြည့်နေသည်။

“ဟေ့ ညီမလေး ကိုကိုမြင်းဖြူရုပ်ပြန်ထားလိုက်လို့ ငြိမ်းသွားတာ ပြောလိုက်မယ်ကွ”

ထိုအခါ ညီမလေးက ကျနော့်အားမျက်စောင်းထိုး၍…

“ကျေးဇူးမတင်ပဲ ၀ိုင်းထုလို့ဘွတ်ဘွတ်တွေ ထွက်ကုန်ဦးမယ်” ဟု ငေါက်လိုက်၍ အသားလေးကုပ်နေရပါတော့သည် ခင် ဗျား။ မီးငြိမ်းသွားရသည့်ကိစ္စ နွေတညမှာ အဖြေမရနိုင်ပါ။

(မောင်ပေါ်ထူး)
(မောင်ပေါ်ထူးနှင့် မသံသာ ကလေးဝတ္ထုတိုပေါင်းချုပ်မှ ကောက်နှုတ်ဖော်ပြပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်