မိုး​ကျော်​ဇင် – ထိုင်​ခုံကိစ္စ

May 5, 2016

Artist – Than Htay Maung

မိုးကျော်ဇင် – ထိုင်ခုံကိစ္စ
(မိုးမခ) မေ ၅၊ ၂၀၁၆
( ၁ )

” ထိုင်ခုံမရရင် ပြန်ခဲ့နော် ” ဟု ဇနီးသည်က တံခါးဖွင့်ပေးရင်းမှာသည်။ ” မရ မရှိပါဘူးကွာ ” ဟု ကျွန်တော်က ခပ်ညည်းညည်းတုံ့ပြန်ကာ ထွက်လာခဲ့သည်။

အိပ်မောကျနေသော မြို့ထဲ တိတ်ဆိတ်ခြင်းဧ၊၊်အသံကို ထင်ထင်ရှားရှား ကြားနေရသည်။ လမ်းပေါ်မှာ အအေးဓာတ်က စိမ့်ခနဲ ပြေးဝင်လာ၏။ ဂျာကင်အင်္ကျီဇစ်ကို လည်ပင်းအထိ ဆွဲတင်လိုက်ရသည်။ ညဦးကရွာထားသောမိုးကြောင့် ကတ္တရာလမ်းပေါ် ရေကွက်တွေ ဟိုတစကွက်သည်တကွက်။ လမ်းမီးရောင်ကြောင့် လမ်းအနားသတ်မြက်ပင်ဖျားလေးတွေမှာ စိန်ပွင့်လေးတွေက တွဲရရွဲ ခိုစီးနေ။ လမ်းထိပ်အရောက် ထရန်စဖော်မာနား ကင်းတဲပုလေးထဲလူတယောက်က ဒူးနှင့်မေးစေ့ ထိလုနီးအောင် ကွေးနေသည်။ ကင်းတဲ ဘေး စည်ပင်အမှိုက်ကန်က အနံ့တထောင်းထောင်း။

သည်လူ ဘယ်လိုများ အိပ်ပျော်နေနိုင်ပါလိမ့်။ အင်းလေ..နေရာတခုအတွက် ဘဝမှာ ရွေးချယ်ခွင့် သိပ်ရှိကြတာမှမဟုတ်ဘဲ။

နေရာအကြောင်း ခေါင်းထဲရောက်လာသည်နှင့် ” ထိုင်ခုံကိစ္စ” ကပါ တဆက်တည်း အတွေး ဝင်လာသည်။ ကြိုတင်မှာထားခြင်းမရှိဘဲ ရထားတစီးပေါ်မှာ ထိုင်ခုံတခုံရရန် သေချာခြင်းရာခိုင်နှုန်း ဘယ်လောက်ရှိနေမှာလဲ။ အိမ်ကထွက်လာစဉ်ကတော့ ဇနီးကိုမခံချင်စိတ်နှင့် ရာနှုန်းပြည့်သေချာသယောင်ယောင် တုန့်ပြန်ခဲ့သည်။ ကြိုတင်မှာထားခြင်းမရှိဘဲ ထိုင်ခုံလက်မှတ်ရနိုင်သည့်နည်းလမ်းတွေ မရှိဘူးတော့မဟုတ်သေး။ သို့သော် အကြောင်းတရားတွေ တိုက်ဆိုင်ရန်လိုသေးသည်မဟုတ်လား။ ထိုအကြောင်းတရားတွေ၏။ တိုက်ဆိုင်ခြင်းကိုမူ အမြဲလိုလိုကြုံတွေ့ခဲ့ပြီးသားမို့ သည်မနက်မှာလည်း အကြောင်းတရားတွေ တိုက်ဆိုင်လိမ့်ဦးမည်ဟူသော မျှော်လင့်ချက်က ကြိုးပြတ်လုလု ရေငင်ပုံးလေး ဆွဲတင် နေရသည်နှင့် တူသည်။

( ၂ )

မိနစ်အနည်းငယ် လျှောက်မိသည်နှင့် ဘူတာလေးလှေကားကို ကျွန်တော် တက်နေမိပြီ။ ဘူတာလေးက ဘူတာရုံနှင့်မတူ။ ဓမ္မာရုံတစ်ခုလို တိတ်ဆိတ်နေသည်။ ဘူတာစင်္ကြံပေါ်မှ ခုံတန်းတွေ မှာ လူတွေရှိနေကြသော်လည်း လဲလျောင်းအိပ်နေကြသူ၊ ထိုင်လျက်ငိုက်မြည်းကြသူများဖြင့် ပြည့်နေ သည်။ စင်္ကြံတဖက်စွန်းနားမှာ ဝါးပက်လက်ကုလားထိုင်အကြီးစားကြီးပေါ် လူတယောက် စိတ်ချလက်ချ အိပ်မောကျနေသည်။ ဘူတာရုံးခန်းကျဉ်းကျဉ်းလေးထဲမှ စကားပြောစက်သံ တဂျစ်ဂျစ်တရှဲရှဲသာ အသက်ဝင်နေ၏။

ဘူတာပေါ်ရောက်ရောက်ချင်း ကျွန်တော် အရေးတကြီးစူးစမ်းမိသည်မှာ လက်မှတ်ရောင်းပြီး၊ မပြီး ဖြစ်သည်။ ဘူတာအတက်ဈေးဆိုင်လေး ၂ ဆိုင်လုံး ဆိုင်ရှင်ပျောက်နေ၏။ စာပို့ရထား လာစောင့်နေသည့် စာပို့လုလင်အိုကြီးက စာအိတ်ထုတ်ကြီးပိုက်၍ အရသာခံငိုက်နေသည်။ လက်မှတ်ရောင်း အပေါက်ငယ်လေးကတော့ ပိတ်ထားဆဲ။ ဘူတာရုံးခန်းရှေ့မှ လှမ်းကဲကြည့်တော့ ဒရင်းဘတ်ပေါ် အိပ်မက် မက်နေပုံရသည့်ရုံပိုင်လေးကို တွေ့လိုက် ရသည်။ သည်အခြေအနေတွေက လတ်မှတ်မရောင်းရသေး၊ ရထားဝေးသေးသည်ဟူသောအဖြေကို ပေးနေကြသည်။

ဘူတာရုံးခန်း နောက်ဘက်အခန်းတန်းလျားပေါ်မှာ လဲလျောင်းနေသည့် အပြာရောင်ယူနီဖောင်း ၏တပိုင်းတစ လှမ်းတွေ့သည်။ ဘောင်းဘီရှည် ခပ်ပွပွမှ ညိုညစ်ညစ် ခြေထောက်တချောင်း ထိုးထွက်နေ၏။ ဒါ တရုတ်ကြီးခြေထောက်ဖြစ်မည်။ သည်လိုဆို ထိုင်ခုံရရန် အကြောင်းတရားတခု ကျွန်တော့် ဘက်မှာ အရန်ရှိနေသည်ပဲ။ နာရီကြည့်တော့ မနက် ၂ နာရီ ခွဲစွန်းစ။ အချိန်လိုဦးမည်။ ကျောပိုးအိတ်ကို ပခုံးပြောင်းလွယ်ရင်း တင်ပါးတကွက်စာ ထိုင်ခုံနေရာလွတ် လိုက်ရှာရသည်။

လူ လေးငါးယောက် မျှမျှတတထိုင်နိုင်သည့် ခုံရှည်တွေဖြစ်သော်လည်း တင်ထားသည့် အထုပ်အပိုးတွေ၊ လဲလျောင်းနေသောခန္ဓာကိုယ်တွေကြောင့် ခုံတွေ ပြည့်နေသည်။ စင်္ကြံမြောက်ဖက်ထိပ်ကို ဆက်လျှောက်ကြည့်သည်။ အနည်းငယ်မီးရောင်မှိန်သည့် အစွန်းဘက်ကျကျ ခုံရှည်တခုမှာ လဲလျောင်းနေသော စောင်ကျားတထည်။ ထိုခုံရှည်အောက် စင်္ကြံသံမံတလင်းပေါ်မှာတော့ လူယဉ်ကျေးအဖွဲ့အစည်းကြီးမှ ဖိတ်ကျလွင့်စင်လာပုံရသည့်ကလေးနှစ်ယောက်။

သူတို့လေးတွေအောက်မှာ အနားစုတ်ပိုက်ဖျာဟောင်းတချပ်။ ကလေးတွေအပေါ် စောင်ဟောင်းတထည်ရှိနေသော်လည်း အပြန့်လိုက်လုံခြုံမှုမပေးနိုင်တော့။ လူးလှိမ့်ရင်း နယ်ကျွံခဲ့ပုံရသည့် ၄ နှစ်သားလေးဧ၊၊် လက်မောင်းတဖက်က သံမံတလင်းပေါ် အစွန်းထွက်နေသည်။ ခုံရှည်ပေါ်မှ စောင်ကွေးကွေးသည် သူတို့မိခင်ဖြစ်လိမ့်မည်။ ခုံရှည်ခြေရင်းမှာ မီးဖိုချောင်တခုစာ အကျဉ်းဆုံးထိုးသိပ်ထည့်ထားသည့်လက်ဆွဲခြင်းတလုံးက မောက်လျှံလျက်။

ဆောင်းဦးလေနှင့် မိုးအငွေ့သက်တို့ ဘူတာစင်္ကြံလေးထဲ အပြေးပြိုင်ဝင်လာကြသည်။ ခုံရှည်ပေါ်မှ စောင်ကွေးသည် တချက်တွန့်ကွေးလိုက်ပြီး ညည်းသံသဲ့သဲ့ ထွက်လာသည်။ သူတို့ ဘာရထား ကိုစီး၍ ဘယ်အရပ်ကိုသွားကြမည် မသိ။ သူတို့စီးမည့်ရထားပေါ်မှာ သူတို့အတွက် ထိုင်ခုံတွေရှိနေပါ့ မလား။ ဆောင်းမသည်းထန်မီ သူတို့လေးတွေအတွက် နွေး ထွေးခြင်းရထားတစီးလောက် လွှတ်ပေးတော်မူရန် ဘုရားသခင်ထံတောင်းဆိုချင်မိသည်။

ဘူတာရှေ့ သံလမ်းတဖက် အမှောင်ထဲမှ ဆူဆူညံညံအသံများကြောင့် လှမ်းကြည့်လိုက်သည်။ သံလမ်းတွေကို ကျော်ဖြတ်လာသည့်လူတွေ။ နှစ်ယောက်၊ သုံးယောက်။ ဟင် …ဆယ်ယောက်တော့ အနည်းဆုံးရှိမည်။ သူတို့သယ်ဆောင်လာသည့်အထုပ်အပိုးတွေက အမျိုးအစားစုံသည်။ ကောက်ညှင်း ထုပ်တွေလို ဖောင်းကားအစ်နေကြသော ကျောပိုးအိတ်တွေလည်း ပါသည်။ နှီးပင်ဖြင့် စုစည်းထားသော ပီနန်အိတ်တွေ၊ ပြီးတော့ မောက်လျှံနေသည့် လက်ဆွဲခြင်းတွေ။ မိန်းမတွေရော ယောက်ျားတွေပါ ပါသည်။

သူတို့နှင့်အတူ ပါလာသည့်ရယ်မောသံတွေ၊ တွန်းထိုးစကားပြောဟန်တွေကြောင့် ဘူတာလေး အနည်းငယ် အသက်ဝင်လာ၏။ သူတို့ကြည့်ရသည်မှာ သာမန်ခရီးသည်တွေနှင့် မတူ။ အခြေခံ အလုပ်အကိုင်တချို့အတွက် မြို့ကြီးတမြို့မြို့ဆီ ပြောင်းရွှေ့သွားကြမည့်သူတွေနှင့် တူနေသည်။ သူတို့တွေထဲမှတချို့က ဘူတာရုံးခန်းဆီ ပြူတစ်ပြူတစ်သွားကြည့်နေကြသည်။ တချို့က မှတ်ပုံတင်ထုတ်ဖို့ အချင်းချင်းလောဆော်သည်။

သူတို့ကိုငေးရင်း ကျွန်တော့်စိတ်ထဲ တချက် ထင့်သွားသည်။ သူတို့လူဦးရေနှင့် စင်္ကြံပေါ် နဂိုရောက်နေပြီးသားလူဦးရေကို စိတ်မှန်းပေါင်းကြည့်ကာ ကျွန်တော့်ထိုင်ခုံကိစ္စက ခေါင်းထောင်လာပြန်၏။ ထိုင်ခုံမရခဲ့ပါလျှင်…။ မနက်အချိန်မတော် ရထားတစီးပေါ်၌ ထိုင်ခုံမပါဘဲ အချိန် ၅ နာရီခန့် ဖြတ်သန်းရမည့်အရေးသည် ကျွန်တော့်အတွက် အခက်အခဲ ဖြစ်လာ၏။

ကျွန်တော့်ခြေထောက်တွေက သူတို့ ပြူတစ်ပြူတစ်လုပ်နေကြည့် ဘူတာရုံးခန်းဝဆီ အလိုလို လျှောက်မိသွားသည်။ ခေါက်ပိုက်ဆံအိတ်ထဲက မှတ်ပုံတင်နှင့်အတူ လက်မှတ်တစောင်ဧ၊၊် ပုံမှန်တန်ဖိုးထက်ပိုသော ငွေစက္ကူတချို့ကို ထုတ်ယူလိုက်၏။ ပြီးသည်နှင့် ” လက်မှတ်ရောင်းပြီ ” ဟု အော်လိုက်သည်နှင့် တန်းခနဲဝယ်နိုင်အောင် လက်ထဲအသင့် ပြင်ကိုင်ထားလိုက်သည်။ ရုံပိုင်လေးက မလှုပ်သေး။ စကားပြောစက်သံက တရှဲရှဲ။ တရုတ်ကြီးခြေထောက်တချောင်းကလည်း အရင်အတိုင်း။

ယောင်လည်လည်နှင့် စင်္ကြံတံစက်မြိတ်အောက်နား သွားရပ်နေမိသည်။ ကျောပိုးအိတ်ကို ရင်ဘက်ရှေ့ပိုက်ရင်း ဆောင့်ကြောင့်ထိုင်ချလိုက်၏။ ဂိမ်းတခုခုနှင့် အချိန်ဖြုန်းရန် ဖုန်းကိုထုတ်လိုက်သည့်အခါ ဇနီးသည်ဖုန်းက တန်းဝင်လာသည်။

” ခုံရလား ..”

ကျွန်တော် ဘာပြန်ဖြေရမှန်းမသိ။ စကားလုံးလှအောင် စဉ်းစားနေသည်။

” ခုံမရရင်လည်း ပြန်လာခဲ့လေ၊ မနက်လင်းမှ ကားနဲ့သွားပေါ့ ”

” အင်းပါကွာ၊ အဆင်ပြေမှာပါ၊ စီးနေကျဟာကို၊ ခုဟာက လက်မှတ်မရောင်းသေး လို့ပါ ..”

ကျွန်တော် ကိုယ့်မသေချာမှုကို မသေချာမှုတွေနှင့်ပင် အတင်းဖာထေးရပြန်သည်။ အချိန်မတော် အထကြီး ထ၊ အလာကြီးလာပြီးမှ ခေါင်းငုံ့ပြန်ဝင်ရမည်ကို မလိုချင်။

တကယ်တော့ သည်ခရီးစဉ်နှင့်ပတ်သက်၍ မနေ့ညဦးကပင် ဇနီးသည်နှင့် စကားအခြေ အတင် ပြောခဲ့ရသည်။ မနေ့က ရန်ကုန်သွားမည်ဆိုတော့ ဇနီးက မနက် ၆ နာရီ ကားဖြင့်သွားရန် ပြောသည်။ ထိုအစီအစဉ်မှာ အရင်အကြိမ်များကလည်း ကျွန်တော် လုပ်ဖူးနေကျ၊ သွားနေကျပင်။ သို့သော် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးကို မနက် ၉ နာရီဝန်းကျင်ရောက်၊ တစ်ထောင်တန် ကားစီး လျှင် ဆူးလေကို ၁၀ နာရီခွဲလောက် ရောက်မည်။ လှည်းတန်း၊ သိမ်ကြီးဈေး၊ ရွှေဘုံသာလမ်း စသည်တို့ကိုလှည့်ပတ်ပြေးပြီး၍ ၃၈ လမ်းမှာ ထမင်းစားပြီးလျှင် ဆူးလေဆင်းပြီး တစ်ထောင်တန်ကား ပြန်စောင့်ရန်သာ ရှိတော့သည်။ မဂ္ဂဇင်းတိုက်တွေ၊ စာအုပ်ဆိုင်တွေနှင့် စာပေလက်ဖက်ရည်စားပွဲလေးတွေဆီသွားရောက်ရန် အချိန်လက်ကျန်မရှိတော့။ လူလည်း နုံးခွေနေပြီ။ သည်တော့ ကျွန်တော့်အနေ ဖြင့် မနက် ၆ နာရီ အဝေးပြေးကားကို ငြင်းဆန်နေရခြင်းဖြစ်သည်။

မနက် ၃ နာရီရထားဆိုတော့ သူမဘက်ကလည်း ခေါင်းခါသည်။ ည အချိန်မတော်ထရခြင်း၊ ထိုင်ခုံကြိုမှာမထားရခြင်းတို့ကြောင့် ခရီးတလျှောက် ကသီလင်တနိုင်မည်ကို စိုးရိမ်ပေးပုံရသည်။ သို့သော် ကျွန်တော်က ရထားစီးခြင်းဖြင့် ရန်ကုန်တွင် နာရီအနည်းငယ်ပိုနေရမည်ကိုသာ မျှော်လင့် ထားသည်။

( ၃ )

” ရန်ကုန် ..ရန်ကုန် …လက်မှတ်ရောင်းမယ် ”

ကျွန်တော် ဝုန်းခနဲ ထရပ်လိုက်မိသည်။ လက်ထဲမှ ပိုက်ဆံနှင့် မှတ်ပုံတင်ကို သေချာပြင်ကိုင်သည်။ လူတွေက ဘူတာရုံးခန်းထဲ စုပြုံတိုးဝှေ့သွားကြ၏။ အနည်းငယ်သော လူတွေသာ ပုံမှန်လက်မှတ်ရောင်းအပေါက်လေးဆီ သွားရပ်စောင့်နေကြ၏။ ကျွန်တော်က ဘူတာရုံးခန်းထဲ စုပြုံတိုးဝင်သွားသူတွေထဲ ရောထွေးပစ်လိုက်သည်။ သည်မြို့အတွက် ခွဲတမ်းရသည့် ထိုင်ခုံအရေအတွက်ထက် ခရီးသည်ဦးရေက အဆမတန်။

ရုံပိုင်လေးက စာရင်းစာအုပ်ကြီးဖွင့်၊ ထိုင်ခုံဇယားကွက်ကိုဖြန့်ပြီး မှတ်ပုံတင်တွေ၊ သက်သေခံ လက်မှတ်တွေ၊ ငွေစက္ကူတွေ၊ လက်မှတ်တွေနှင့် အလုပ်တွေရှုပ်နေသည်။ လက်မှတ်တွေပေါ် တံဆိပ်တုံး ထုသံတဒုန်းဒုန်းကြားတိုင်း ကျွန်တော် လှမ်းလှမ်း ကဲကြည့်ဖြစ်သည်။ သူတို့တွေ ခုံရကြရဲ့လား။ ငါ့အလှည့်ဆိုရင်ရော..။ တကယ်ဆို သိပ်တော့ပူစရာမရှိ။ ကိုယ်က ရထားခရီးစဉ်များနှင့် မကြာမကြာ ထိတွေ့နေကျ။ ရိုးရိုးတန်းမရလျှင် အထက်တန်းတွဲ ရနိုင်သေးသည်။ သည်ဘူတာခွဲတမ်းမရှိတော့လျှင်တောင်မှ တခြားဘူတာတွေမှ ထိုင်ခုံလက်ကျန်တွေ လှမ်းတောင်းပေးတတ်မြဲ။

ကျွန်တော့်ရှေ့မှလူအလှည့်မှာ သေချာစိုက်ကြည့်မိသည်။ ရုံပိုင်လေးက လက်မှတ်ပြားလေးပေါ် မှတ်ပုံတင်နံပါတ်ကူးရေး၊ ပြီးသည်နှင့် တံဆိပ်တုံးကို အားရပါးရထုနှိပ်ပေးလိုက်သည်။ ထိုင်ခုံမဲ့ ..။ ဗုဒ္ဓေါ။ ထိုလူကတော့ ဘာစကားတခွန်းမျှပြန်မပြောဘဲ သူ့လက်မှတ်သူယူ၍ ထွက်သွားသည်။ ကျွန်တော် သူ့လိုနှုတ်ပိတ်နေ၍မဖြစ်။

ရုံပိုင်လေးက ကျွန်တော့်မှတ်ပုံတင်ယူ၍ လက်မှတ်ပြားပေါ် နံပါတ်ကူးရေးနေရင်း ..။

” ကြိုမှာထားလား ”

” မမှာထားလိုက်ရဘူးဗျ ..အဲ့ဒါ ..”

ကျွန်တော့်စကား မဆုံးလိုက်၊ ရုံပိုင်လေးဧ၊၊် တံဆိပ်တုံးက ဒုန်းခနဲ မြည်ပြီးသွား၏။ ” ထိုင်ခုံမဲ့ …။ ကျွန်တော့်ရင်ထဲ ဒိန်ခနဲ ဆောင့်တက်သွားသည်။

” ဟာ ဟို အပ်ပါးတွဲမရတော့ဘူးလား ”

ရုံပိုင်လေးက ကွမ်းငုံရင်း ခေါင်းရမ်းပြသည်။ နောက်တယောက်ဟု ဗလုံးဗထွေး အော်သည်။ ထိုင်ခုံမဲ့ဟု ထင်းထင်းကြီးရိုက်ထားသည့်လက်မှတ်လေးကိုကိုင်ရင်း ဘူတာ ရုံးခန်းထဲမှ ငူငူငေါင်ငေါင် ပြန်ထွက်လာရသည်။ တဆက်တည်း တရုတ်ကြီးကို သွားသတိရသည်။ ရေပိုက်ခေါင်းတခုမှာ မျက်နှာ သစ်လာပုံရသည့်တရုတ်ကြီးက စင်္ကြံအတိုင်း လျှောက်လာနေသည်။

” တရုတ်ကြီး လုပ်စမ်းပါဦးကွာ၊ ခုံတခုံလောက်..”

ကျွန်တော်က မှတ်ပုံတင်၊ လက်မှတ်နှင့် ငွေစက္ကူတချို့ကိုထိုးပေးရင်း အကျိုးအကြောင်းရှင်းပြ သည်။ တရုတ်ကြီးက ခေါင်းချက် ကုတ်သည်။

” သိပ်တော့ မသေချာဘူးဗျ၊ အေးလေ ကျွန်တော် ကြိုးစားကြည့်ပေးမယ်၊ ရတော့လည်း အမြတ်ပေါ့ဗျာ ..”

ကျွန်တော်က လွတ်သွားသောခုံရှည်တခုတွင်ဝင်ထိုင်ရင်း တရုတ်ကြီးကို လှမ်းမြင်နိုင်မည့် ကိုယ်နေဟန်ထားကို ပြုပြင်ထားသည်။ ရုံးခန်းထဲမှာ လူတွေ စုပြုံနေဆဲ။ တရုတ်ကြီးက လူတွေကြား ပိုင်စိုးပိုင်နင်း တိုးဝင်သွားပြီး သူ့ဆရာသမားဘေးကပ်လျက် တစုံတခုပြောနေသည်။ သူ့ဆရာက ခေါင်း ရမ်းပြလိုက်၊ စားပွဲပေါ် လက်ညှိုး ထောက်ပြလိုက် လုပ်နေသည်။ ခဏကြာတော့ တရုတ်ကြီး ပြန်ထွက်လာ၏။ ခေါင်းခါပြသည်။ ကျွန်တော်ပေးထားသည့်အရာတွေကို ပြန်လာပေးသည်။

” တခုတော့ ရှိတယ်ဗျ၊ ရထားပေါ်ရောက်ရင် တွဲထိန်းနဲ့ ညှိကြည့်ဦးပေါ့၊ ရပါတယ်ဗျာ၊ အပ်ပါးတွဲတွေဆို ချောင်ချိလို့ ..”

တရုတ်ကြီး ပြောသွားသည်ကို ကျွန်တော် နားလည်သည်။ အသုံးလည်း ချဖူး၏။ သို့သော် တခါတရံ ကိုရွှေတွဲထိန်းတွေနှင့်တွေ့ရန် သိပ်မလွယ်။ ဘာဖြစ်ဖြစ်လေ၊ ဆုံးဖြတ်ပြီး ထွက်လာခဲ့ပြီးပြီပဲ။ ပြီးတော့ ထိုင်ခုံမဲ့ခရီးသည်။ ကျွန်တော့်အတွက် အဆန်းမှမဟုတ်ဘဲ။ ပြည့်ညပ်သပ်နေသော ရထားတွဲ ၏အဆင်းအတက်တံခါးဝမှာ၊ သူတပါးခုံ လက်တန်းပေါ်မှာ၊ လျှောက်လမ်းကြမ်းပြင်မှာ၊ အိမ်သာ တံခါးဝမှာ ကြုံသလိုထိုင်ရင်း ကျွန်တော်ဖြတ်သန်းခဲ့ဖူးပြီပဲ။ ကံကြမ္မာအချိုးအကွေ့၌ထိုင်ခုံနှင့် ခရီးသွားရသော အခြေအနေတခုကို ရယူပိုင်ဆိုင်ခဲ့သည်မှာ နှစ်အတန်ကြာပြီးမှ အခုလို ပြန်ရင်ဆိုင်ရသည့် ထိုင်ခုံမဲ့အခြေအနေကို ကျွန်တော် ဘာကြောင့်စိုးကြောက်နေပါလိမ့်။

ခဏအကြာ ရထားက မှောင်ကြီးမဲကြီးထဲဝင်လာသည်။ ထုံးစံအတိုင်း သည်ဘူတာအတွက် သတ်မှတ်တွဲက စင်္ကြံတောင်ဘက်ကို ကိုက်ပေါင်းများစွာကျော်လွန်သွားသည်။ ကျွန်တော်လည်း တခြားသူတွေနှင့်ရောနှောကာ မြက်ပင်တွေ၊ ကျောက်စရစ်ခဲတွေနှင့် သံလမ်းတွေကို မှောင်မှောင်မည်းမည်းထဲ တိုးဝင်နင်းဖြတ်ပြေးလွှားသွားသည်။ ရထားဘေးကပ်မိသည်နှင့် ပထမဆုံး တရုတ်ကြီးအကြံအတိုင်း အထက်တန်းတွဲတွေကို လိုက်ရှာသည်။ ရှာကာမှ အထက်တန်းတွဲတွေက တော်တော်နှင့် မတွေ့။ ဟန်းဆက်မှ ဓာတ်မီးပွင့်လေး ဝင့်ကာဝင့်ကာနှင့်ရှာရင်း အထက်တန်းတတွဲ သွားတွေ့ သည်။ သို့သော် တံခါးက တင်းတင်းစေ့ပိတ်ထားသည်။ အနီးနားပြတင်းပေါက်တွေကို လှမ်းကဲကြည့် သည်။ အိပ်မောကျနေသည်လား၊ အိပ်မောကျဟန်ဆောင်နေသည်လားမသိ။ အသံပြုနေသည်ကို လှည့်ကြည့် ဖော်မရ။

ရထားပေါ်ရောက်ရန် အချိန်သိပ်မပေးနိုင်။ ရပ်သည်က တစ်မိနစ်ပိုပိုမျှသာ။ သည် ဘူတာ ခရီးသည်တွေ စုပြုံတိုးနေကြသည့် ရိုးရိုးတန်းတွဲဆီ ပြန်ပြေးရပြန်သည်။ ပြီးမှ တွဲထိန်းရှာရင်း အကူအညီ တောင်းကြည့်ရမည်။ တိုးရင်းဝှေ့ရင်း တွဲပေါ်ရောက်တော့ ခြေထောက် ဘယ်နေရာချရမှန်း မသိ။ တင်ပါးတနေရာစာဆို ဆက်တွေးရန်မလိုတော့။ ခုံလက်တန်းလွတ် တနေရာရာတွေ့နိုး၊ လျှောက်လမ်းလွတ်တနေရာစာရနိုးဖြင့် တိုးဝှေ့လျှောက်ဝင်ရင်း တွဲတဘက်ထိပ် ရောက်လာသည်။ အိမ်သာ တံခါးက ဟစေ့ဖြစ်နေသည်။ ဘေစင်ရေပိုက်အဆက်မှ ရေတစက်စက်စီးကျနေသောကြောင့် ကြမ်းပြင်တဝိုက် စိုရွှဲနေ၏။ တံခါးဝနှစ်ခုမှာ စောစောက ဘူတာမှာ တွေ့ခဲ့သည့် ရွှေ့ပြောင်းလုပ်သားအုပ်စု။ ဂျာနယ်တွေ ဖြန့်ခင်းကြ၊ တယောက်ပေါင်ပေါ်တယောက် လှဲအိပ်ကြ၊ အော်ဟစ်နောက်ပြောင်ကြနှင့် တဖွဲ့လုံး ယောက်ယက်ခတ် ဆူညံနေကြသည်။

ကျွန်တော်က အိမ်သာရှေ့ရပ်နေမိရင်း ခြေတစုံစာနေရာ၊ တင်ပါးတနေရာစာနေရာအတွက် ပြဿနာ အကြီးအကျယ် ဖြစ်နေသည်။ တွဲထိန်းလည်း ရှာမရ။ ရန်ကုန်ရောက်သည်အထိ ပုံမှန်ကြာချိန်ကို အပြေးအလွှားရေတွက်ရင်း ကိုယ့်ခံနိုင်ရည်ကို ကိုယ်ပြန်မေးခွန်းထုတ်နေဆဲ ရထား ဥသြဆွဲသံ ကြားရသည်။ ဆောင့်ခနဲတုန်ခါသွားပြီး ရထားဘီးတွေက ကျွီခနဲမြည်သံပေးကာ စလှိမ့်လာဧ၊၊်။

” အစ်ကိုကြီး နည်းနည်းလောက် ”

ခေါင်းရွက်ဈေးသည်မလေးတယောက် နောက်က ပြောပြောဆိုဆိုဖြတ်ဝင်သွားကာ တံခါးဝ လူတွေကြား ခြေတဖက်ထိုးသွင်းပြီး ဖုတ်ခနဲ ခုန်ချကျန်ရစ်သည်။ ကျွန်တော့်ခြေတဖက်လည်း တံခါးဝမှ လူတွေကြား တိုးဝင်သွား၏။

” ဆောရီးဗျာ ..”

ပါးစပ်က အဖျားဆွတ်ပြောရင်း လူက ရထားအောက် ခုန်ချကျန်ရစ်ခဲ့လိုက်သည်။ ရထားကြီးက ကျွန်တော့်ဘေးမှကပ်လျက် ဖြတ်ကျော်သွားသည်။ ရထားပြတင်းဝမှ တွဲတွေထဲမှ မြင်ကွင်းတွေကို တရိပ်ရိပ်လှမ်းမြင်နေရ၏။ ထိုင်ခုံတွေပေါ် ဟန်ကျပန်ကျ ထိုင်လိုက်သွားသူတွေ ရှိသကဲ့သို့ မတ်တတ်သမားတွေ၊ ကြုံသလိုကိုယ်နေဟန်ထားတွေဖြင့် လိုက်ပါသွားသူတွေလည်း တွေ့လိုက်ရသည်။ ထွက်သွားသောရထားကြီး၏ နောက်မီးရောင်နီနီကိုငေးရင်း ကျွန်တော် ဘာကြောင့်ကျန်ရစ်ခဲ့ရသည်ကို တွေးနေမိသည်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်အံ့သြရသည်။ ရွှေ့ပြောင်းလုပ်သားတွေလောက်ပင် ကျွန်တော် ဘာကြောင့်သတ္တိမရှိခဲ့ရသလဲ။ ထိုင်ခုံမရရုံဖြင့် ခရီးစဉ်တခုလုံး ဖျက်သိမ်းလောက်ရအောင် ကျွန်တော် သွေးကြောင်ခဲ့ပြီ။

အမှားနှင့်အမှန်ကို ဘယ်ညာနှစ်ဖက်မှာဆုပ်ကိုင်ရင်း သံလမ်းတွေ၊ ကျောက်စရစ်ခဲတွေ၊ မြက်ပင်ရှည်တွေကိုဖြတ်ကျော်ကာ ဘူတာပေါ် မျက်နှာပူပူ ပြန်တက်လာခဲ့သည်။

” ဟ အာစရိ မလိုက်သွားဘူးလား ”

နောက်မှ မေးခွန်းကြောင့်လှည့်ကြည့်တော့ တရုတ်ကြီး ဖြစ်သည်။ ကြိမ်ကွင်းကို ကိုင်ရင်း ကျွန်တော့်ကို တအံ့တသြ မေးနေသည်။ ကျွန်တော် ခပ်ယဲ့ယဲ့ ပြုံးပြလိုက်၏။

တရုတ်ကြီးထံမှ မည်သည့်တုန်ပြန်မှုမှထပ်ထွက်မလာမီ ခြေလှမ်းတွေကို ခပ်သုတ်သုတ် လှမ်းရသည်။ ဘူတာလမ်းမှအချိုးတွင် ခွေးလေခွေးလွင့်တချို့က ကျွန်တော့်ကို ဆီးကြိုလှောင်ပြောင်ကြသည်။ အိပ်မောကျနေသော မြို့ထဲမှာ ကျယ်လောင်သောရယ်သံတွေ ကျွန်တော် ကြားနေရသည်။

( ၄ )

” ဘယ်လိုဖြစ်လဲ ..ပြောရဲ့သားနဲ့ ..”

ဇနီးသည်က တံခါးဖွင့်ပေးရင်းပြောသည်။ သူမနှင့် မျက်နှာချင်းမဆိုင်ဖြစ်အောင် သတိထားနေရ၏။ အသံကိုမာကျောအောင် မာန်ထည့်၍ ” ကားနဲ့ပဲ သွားတော့မယ်ကွာ ” ပြောလိုက်သည်။

ထိုင်ခုံမရ၍ ရှက်ရွံ့နေသည်လား၊ ထိုင်ခုံမရ၍ ခရီးစဉ်တခုလုံးဖျက်သိမ်းခဲ့မိသော ကြောင့် ရှက်ရွံ့ရသည်လား။ ” ထိုင်ခုံမဲ့ ” စာတန်းတံဆိပ်ပါ ရထားလက်မှတ်လေးကိုပြန်ထုတ်ကြည့်ရန် သတ္တိမရှိသေးသည်ကတော့ သေချာပါသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်