ညိုမှိုင်းဝေ (သနပ်ပင်) ● ခုတ်သားစများ (၀တ္ထုတို)

May 5, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 ညိုမှိုင်းဝေ (သနပ်ပင်) ● ခုတ်သားစများ (၀တ္ထုတို)
(မိုးမခ) ဧပြီ ၅၊ ၂၀၁၆

(၁)
”အုန်း” ခနဲ မြည်သံကြီးတခုက တလောကလုံးရှိအရာတိုင်းကို ဖျတ်ဖျတ်လူးသွားစေသလိုပင်။ သူ့ခန္ဓာကိုယ်ထဲက ဆဲလ်၊ ကလပ်စည်းများ အမျှင်အဆက် ပြတ်တောက်သွားသလို ခံစားလိုက်ရသည်။ သူ့ပါးစပ်ထဲသို့ ဝင်အံ့ဆဲဆဲ ထမင်းလုတ် ပြုတ် ကျသွားသည်။ ထမင်းဝိုင်း၏ခေါင်းရင်းဘက်ရှိ သူ့အဖေဟုယူဆရသောလူကြီးက သူ့လို ထမင်းလုတ် ပြုတ်ကျတာမျိုး တော့ မဖြစ်။ သို့သော် စားမည့်ထမင်းလုတ်ကို လမ်းခုလပ်မှ ပြန်ချ၍ ဝရန်တာဘက်သို့ ထွက်ကြည့်လေသည်။ သူလည်း ရော ယောင်ကာထ၍ လိုက်ကြည့်သည်။ သူ့အမေဟုယူရသောမိန်းမကြီးသာ ထမင်းဝိုင်း၌ ကျန်နေခဲ့သည်။

(၂)
မြို့၏အနောက်ဘက်မှ မီးခိုးလုံးကြီးများ အလိပ်လိုက် အလိပ်လိုက် တက်လာသည်။ ပေါက်ကွဲသံများ အဆက်မပြတ်သည့် အပြင် ပို၍ကျယ်လောင်စွာ ကြားလာရသည်။ သူကြည့်နေစဉ်မှာပင် မြို့၏အနောက်ဘက်မှလူအုပ်ကြီး တဦးနှင့်တဦး တိုးဝှေ့ပြေးလွှားလာကြသည်။ လူအုပ်ကြီးမှာ မြေပြို တောင်ပြိုသကဲ့သို့ ပြိုဆင်းလာသည်။ လူအားလုံးသည် မြို့၏အနောက် ဘက်မှ ပြေးလာကြသည်တူသော်လည်း ဦးတည်ပြေးလွှားရာ မတူကြပေ။ အရှေ့ဘက်သို့ တည့်တည့်တွန်းပြေးသူများရှိသလို တောင်နှင့်မြောက်ဘက်သို့ပြေးသူများလည်းရှိသည်။ ထိုမြင်ကွင်းအားလုံးကို သူသည် အနှေးပြကွက်၊ အမြန်ပြကွက်၊ အလင်းပြကွက်၊ အမှောင်ပြကွက် ပြကွက်မျိုးစုံဖြင့် မြင်ရသကဲ့သို့ရှိနေ၏။ သူ့ဘေးရှိ သူ့အဖေဟုယူဆရသော လူကြီးသည် လည်း ထိုမြင်ကွင်းအားလုံးကို မြင်နေပေသည်။ ထိုသို့ အံ့သြမှင်သက်တုန်လှုပ်စွာ မြင်နေရစဉ်မှာပင် နားကွဲမသွားမတက်ကျယ် လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြန်သည်။ သူ့နှလုံးက နှင်တံတို့လိုက်သည့်မြင်းတကောင်လို အရှိန်ပြင်းပြင်းနှင့် တဆတ်ဆတ်ခုန်နေ၏။ စက္ကန့် ၃၀ ခန့်မျှ မျက်စိကိုမှိတ်ထားလိုက်မိသည်။

မျက်စိပြန်အဖွင့်တွင်တော့ သူတို့နှင့်ခပ်လှမ်းလှမ်းရှိ အဆောက်အဦးတခု ပြိုကျပျက်စီးနေလေပြီ။ အဆောက်အဦး၏ညာ ဘက်တခြမ်းလုံး မီးစွဲလောင်နေသည်။ အဆောက်အဦးအပြိုအပျက်များကြားတွင် လူတချို့ပိမိနေ၏။ အဆောက်အဦးမှ အုတ်ကျိုးအုတ်ပဲ့များ လွင့်စင်ထိမှန်ခံထားရသူများသည်လည်း သွေးသံတရဲရဲနှင့်ပင်။ လူထုကြီး၏ အော်ဟစ်ဆူပွတ်နေသံမှာ ငရဲခန်းတခု သို့တည်းမဟုတ် ခြောက်ခြားစရာ ကမ္ဘာသစ်တခုသို့ ရောက်ရှိနေသလိုပင်။ မည်သို့ မည်သည်က ထွက်လာမှန်း မသိသော လူအုပ်ကြီးက ဆက်လက်ပြေးလွှားနေသည်။ သွေးအလိမ်းလိမ်းနှင့်လူများကို ထမ်းပြီးပြေးနေကြသလို သေဆုံး နေပြီဟု ယူဆရသောလူများကို မရမက တရွတ်တိုက်ဆွဲနေသူများလည်းရှိသည်။ လဲကျနေသော သက်ကြီးလူများ၊ ကလေး ငယ်လေးများကို လူအုပ်ကြီးက တက်နင်းသွားသည်လည်းရှိသည်။ မြင်ကွင်းများက သူ့ကို အသက်ရူဖို့ပင် မေ့နေစေသည်။ သူ့နှလုံးခုန်သံကို သူပြန်ကြားနေရသလို လက်ဖျား ခြေဖျားများလည်း အေးစက်နေ၏။ ကြောက်စိတ်အစိုင်အခဲက တစ ထက်တစ ပိုကြီးထွားလာသည်နှင့်အမျှ သူ့ဘေးရှိ သူ့အဖေဟုယူဆရသောလူကြီးနားသို့ ပို၍တိုးကပ်ထားမိသည်။

သူ့အဖေဟုယူဆရသောလူကြီးက သူ့လက်ကိုဆွဲ၍ နောက်သို့လှည့်လိုက်သည်။ သူတို့နောက်တွင်တော့ သူ့အမေဟုယူဆရ သော မိန်းမကြီးရပ်နေ၏။ ထိုမိန်းမကြီးလည်း သူ့နည်းတူ ထိတ်လန့်စိုးရွံ့နေပုံရသည်။ သူ့အဖေဟုယူဆရသောလူကြီးက သူ့လက်ကိုတဖက် ထိုမိန်းမကြီးလက်ကိုတဖက်ဆွဲကာ အဆောက်အဦးအောက်သို့ ပြေးဆင်းလေ၏။

အဆောက်အဦးရှေ့ လမ်းမကြီးတခုလုံး လူအုပ်ကြီး လှုပ်ရှားပြေးလွှားနေသည်။ သူတို့လည်း တုံ့ဆိုင်းမနေပဲ လူအုပ်ကြား တိုးဝှေ့ဝင်ကာ အရှေ့ဘက်သို့ ဦးတည်ပြေးကြလေသည်။ သူ့အဖေဟုယူဆရသောလူကြီးက သူ့လက်ကိုတင်းတင်းဆုက်၍ ပြေးနေ၏။ သူကလည်း အမှီလိုက်ပြေး၏။ နှစ်မိုင်ခန့်ပြေးပြီးချိန်မှာတော့ သူအတော်မောပန်းနေလေပြီ။ ခြေကျင်းဝတ် အဆစ်များမှာ တူနှင့်ညှပ်ထုနေသလို နင်ကျင်နေ၏။ ဒူးဆစ်မှာလည်း ပြုတ်ထွက်တော့မည့်မတက်ပင်။ သူ့ဖိနပ်များ မည်သည့်အချိန်ကတည်းက ကျွတ်ကျန်ခဲ့မှန်းမသိ။ ဖိနပ်မပါသောခြေထောက် ခြေဖဝါးက နီရဲနေကာ မီးလောင်ထားသကဲ့သို့ ရေကြည်ဖုများပင် ထွက်နေ၏။ သူ ဆက်မပြေးပဲရပ်လိုက်သည်နှင့် သူ့အဖေဟုယူဆရသောလူကြီးကလည်း ပြေးနေသော အရှိန်ကို ရပ်တန့်လိုက်သည်။ သူတို့အားလုံးမောနေလေ၏။ ဆက်ပြေးနေလျှင် အမောဖောက်၍ သေသွားနိုင်သည်။ သူတို့အားလုံး အသက်ကို ခပ်ပြင်းပြင်းနှင့် မှန်မှန်ရှူကာ အမောဖြေနေကြသည်။

သူတို့ အမောပြေအောင် မဖြေလိုက်ရသေးပေ။ သူတို့နှင့် မလှမ်းမကမ်းသို့ အမြောက်ဆံတလုံး ကျရောက်ပေါက်ကွဲလေသည်။ အမြောက်ဆံကျပေါက်ကွဲသောနေရာတွင် လူသေအလောင်းများ ပြန့်ကျဲသွား၏။ ခြေတဖက်ပြတ်သွားသော လူတယောက် မှာ သူ့ခြေထောင်သူ မျက်လုံးပြူးကြီးနှင်းကြည့်ကာ သွေးရူးသွေးတန်းနှင့် အော်ဟစ်လူးလိမ့်နေ၏။ လူအုပ်ကြီး၏ အော်ဟစ် ညည်းတွားငိုယိုသံများက မီးလောင်တောက သားရဲများကဲ့သို့ပင်။ သူတို့လည်း ကြာကြာနား၍မဖြစ်။ နောက်တခါကျ မည့်ကျည်က သူတို့ခေါင်းပေါ်တည့်တည့် ကျပေလိမ့်မည်။ သူ့အတွေးမဆုံးစဉ်မှာပင် သူ့အဖေဟုယူဆရသောလူကြီးက သူ့ ကို လက်တဖက်ဆွဲ သူ့အမေဟုဟုဆရသော မိန်းမကြီးကို လက်တဖက်ဆွဲကာ တခါပြေးရပြန်လေသည်။

“ဒက် … ဒက် … ဒက်”
“ဒက် … ဒက် … ဒက်”

မြေမှုန်မြေစများ ဖွာခနဲ လွင့်စင်တက်သွားပြီး တဝီဝီမြည်သံများ သူတို့ခေါင်းပေါ်က ဖြတ်ကျော်သွားသည်။ သူမော့ကြည့် လိုက်စဉ်မှာတော့ မီးခိုးတန်းကလေးသာ မြင်လိုက်ရ၏။

“ဒက် … ဒက် … ဒက်”
“ဒက် … ဒက် … ဒက်”

နောက်တကြိမ်ပြန်လှည့်ပစ်ချိန်တော့ သူတို့ခေါင်းပေါ်ကအရာကို သူကောင်းကောင်းမြင်လိုက်ရသည်။ တိုက်လေယာဉ် သုံးစင်းက နဂါးသုံးကောင် မီးနှင့်မှုတ်နေသည့်အလား ကျည်ဆံတွေ တရစပ် ပစ်သွန်နေ၏။ သူတို့ ဆက်ပြေး၍မရတော့။ လူ အုပ်ကြီး ပြိုဆင်းတိုးဝှေ့လာပြီး တယောက်နှင့်တယောက် ညှပ်ပိတ်နေသည်။ သူလည်း လူအုပ်ကြီးထဲသို့ တဖြည်းဖြည်း ညပ်ပြီးပါသွားသည်။ သူ့အဖေဟုယူဆရသောလူကြီးနှင့် တွဲထားသောလက်မှာ ပြုတ်သွားရပြီဖြစ်သည်။ လေယာဉ်များ ကလည်း သူတို့အပေါ်မှာဝဲနေကာ လူအုပ်ကြားထဲသို့ တရစပ်ပစ်နေ၏။ လေယာဉ်သံ၊ သေနတ်သံ၊ ပေါက်ကွဲသံ၊ အော် ဟစ်သံများ ရောထွေးယှက်ပြွန်း ဆူပွတ်နေသည်။ လူအုပ်၏အတွန်းအတိုက်များကြောင့် သူပစ်လဲကျသွားသည်။ ချက်ချင်းပြန်ထရန်ကြိုးစားသော်လည်း ထ၍မရ။ ပြေးလွှားနေသောလူများက သူ့ကို ဝင်တိုက် တက်နင်းသွားကြသည်။ အတိုက်ခံထား ရသော နံကြားမှလည်း အသဲခိုက်အောင် နာကျင်နေ၏။ အနင်းခံလိုက်ရသောလက်ကောက်ဝတ်သည်လည်း ကျိုးသွားပြီဟု ထင်ရသည်။ ဝေဒနာကို သူမမှုအား။ ကြိုးစားကုန်းထကာ လူကိုတပတ်ပြည့်အောင့်လှည့်ပြီး သူ့အဖေဟုယူဆရသော လူ ကြီးကို ရှာကြည့်သည်။ ရှုပ်ထွေးနေသောလူတွေကြားကို တိုးဝင်ပြီး ရှာသည်။ သူ့အဖေဟုယူဆရသောလူကြီးကိုရော သူ့ အမေဟုယူဆရသောမိန်းမကြီးကိုရော မည်သူ့ကိုမှ ရှာမတွေ့ပေ။ သူ ဤနေရာတွင် ကြာကြာအချိန်ဆိုင်းနေရန်မသင့်။ လုံခြုံသည့် တနေရာသို့ အမြန်ရောက်မှဖြစ်မည်။ သူ့အတွက်လုံခြုံသည့်နေရာကား ဘယ်ဆီဘယ်ဝယ်၌ ရှိနေမည် သူမသိ။ ယခုပြေးလွှားနေသော လူအုပ်ကြီးသည်လည်း သူတို့အတွက် လုံခြုံတဲ့နေရာကို သိကြ၏လော။ သူတို့အားလုံး ဦးတည်ရာမဲ့ ခိုကိုးရာမဲ့ ပြေးလွှားနေရခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အသက်ဘေးမှလွတ်ရန်အတွက် အမြန်ဆုံး ဒီနေရာမှ ခွာမှဖြစ်မည်။ အဆောက်အဦးတွေထဲလည်း သူမဝင်ရဲ။ လက်နက်ကြီးမှန်၍အဆောက်အဦးပြိုကျပါက သူ့အသက်ချမ်းသာ လိမ့် မည်မဟုတ်။ သည်တော့ လယ်ကွင်းတွေရှိရာ မြို့ပြင်သို့သာ သူ့ခြေလှမ်းတွေ ဦးတည်လိုက်သည်။ သူအားယူပြေး လိုက်စဉ်မှာပင် သူ့ခန္ဓာရှိအရိုးအဆစ်များ ပြုတ်ထွက်လုမက အသဲခိုက်အောင် နာကျင်သွား၏။ သို့ပေမယ့် အံကိုတင်းတင်း ကြိတ်၍ သူဆက်ပြေးသွားသည်။

နေလုံးကြီးက အနောက်ဘက်ယွန်းယွန်းသို့ စောင်းကျသွားကာ ပြောင်းပင်များကြားသို့ ခေါင်းဝင် ငုပ်လျိုးသွားလေပြီ။ ရိတ် သိမ်းပြီးသား ပြောင်းပင်များပေါ်သို့ သူ့ခန္ဓာကိုယ် လဲကျသွားသည်။ ပါးစပ်ကိုဟပြီး အသက်ရူနေရသည်။ သူ အတော်ပင် မောနေ၏။ သူ့လည်ချောင်းဝသည် အက်ကွဲတော့မတက် ပူလောင်နေ၏။ ခြောက်ကပ်နေသည့်နှုတ်ခမ်းကို လျှာဖြင့်သပ် လိုက်ပေမယ့် တံတွေးမရှိအောင် ခြောက်ကပ်နေသည့်ခံတွင်းကြောင့် နှုတ်ခမ်းများမှာ ထူး၍စိုစွတ်မသွား။ နံကြားနှင့် လက်ကောက်ဝတ်ကလည်း တဆစ်ဆစ် နာနေသည်။ မည်သည့်အချိန်က ထိခိုက်မိသည်မသိသောခြေထောက်မှ ဒဏ်ရာ ကလည်း သွေးများထွက်နေ၏။ သူသေရတော့မည်လော။ သူသေရတော့မည်ဆိုလျှင်လည်း ရေကလေးတပေါက် လောက် တော့ သောက်သွားချင်သေးသည်။ သူ့နားတွေထဲမှ လေတွေတဝူးဝူးထွက်လာပြီး သူ့မျက်ခွံတွေ လေးလံလာသည်။ ခဏအတွင်းပင် သူ့အသိစိတ်တွေ မှောင်အတိကျသွားလေသည်။

သူ အိပ်ပျော်သွားသည်လား သတိလစ်သွားသည်လားမသိ။ သူ နိုးလာသည့်အချိန်တွင်တော့ ပတ်ဝန်းကျင်တခုလုံး မည်း မှောင် ငြိမ်သက်နေ၏။ တိတ်ဆိတ်မှုက စိတ်ကို တစိမ့်စိမ့်ပိုပြီး ခြောက်ခြားလာစေသည်။ လေအေးအေးလေး တဖြူးဖြူး တိုက်နေပြီး ကောင်းကင်တွင်တော့ ကြယ်ကလေး တပွင့်နှစ်ပွင့်ခန့် လင်းနေ၏။

သူကုန်းထလိုက်စဉ်မှာတော့ တကိုယ်လုံးက နာကျင်မှုကို ခံစားလိုက်ရသလို ခေါင်းထဲတွင်လည်း မိုက်ခနဲ ဖြစ်သွား၏။ သူ ကြိုးစားအားတင်း၍ မတ်မတ်ရပ်ထားသည်။ သူ ရေအလွန်ဆာနေသည်။ရေရဖို့အတွက် သူ ရေလိုက်ရှာမှဖြစ်မည်။ သူတို့မြို့ ဘက်ကို လှမ်းကြည့်လိုက်စဉ်မှာတော့ အဆောက်အဦးတချို့ မီးစွဲလောင်နေသည်။ ထိုမီးရောင်ကြောင့် မြို့တွင်းတွင် လင်း သလိုရှိနေ၏။ သူတို့၏မြို့ကလေး စစ်ဒဏ်ကြားမှာ လောင်မီးကျခဲ့လေပြီ။ မြို့ထဲမှာ သူ့လို ဝေဒနာနဲ့အသက်ရှင်သူတွေ ဘယ်လောက်ရှိပြီး လူဘယ်လောက်များ သေဆုံးခဲ့လေပြီနည်း။ သူ မြို့လေးဆီသို့ ဖြည်းဖြည်း အားတင်းပြီးလျှောက်လာသည်။

မြို့ထဲစဝင်ပြီဆိုကတည်းက ပြန့်ကျဲနေသည့် လူသေအလောင်းများကို မြင်လိုက်ရသည်။ ညဥ့်ငှက်များ၏အော်သံကလည်း သေဆုံးသူများ၏ ဝိညာဉ်အော်သံများကဲ့သို့ပင်။ ကြောက်ကြောက်နှင့်ပင် မြို့ထဲသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။ သူ တရွေ့ရွေ့လျှောက်လာရင်း အဆောက်အဦးတခုထဲသို့ ဝင်မိလျှက်သားဖြစ်နေ၏။ အဆောက်အဦးတခြမ်းက ပြိုကျနေသည်။ လှေကားအတိုင်းတက်လာရာ လမ်းတလျှောက်က လူသေအလောင်းတွေကို သူ ကျော်ခွသွားနေရသည်။ လူသေအလောင်း များမှာ ရုပ်ပျက်ဆင်းပျက်နှင့် ယင်ကောင်များက အုံခဲနေသည်။ ထိုသို့မြင်ရတိုင်း သူ့ကျောထဲ စိမ့်ခနဲဖြစ်၍ တုန်တက်သွား အောင် ကြောက်ရွံ့မိ၏။ သူ အဆောက်အဦးပေါ်သို့ လျှောက်တက်လာရင်း နောက်ဆုံး၌ တက်စရာလှေကားမရှိတော့ပေ။ လှေကားရင်း၌ မျက်နှာနှစ်ဖက် ဟင်းလင်းပွင့်နေသော အခန်းကျယ်ကြီး ရှိနေ၏။ အခန်းထဲသို့ ဝေ့ကြည့်လိုက်စဉ်မှာတော့ သူ့မျက်လုံးများ ဝင်းလက်သွားသည်။ အခန်း၏အစွန် တဖက်နားတွင် ရေဗူးတဗူးကို သူတွေ့လိုက်ရပြီ ဖြစ်သည်။

ရေဗူးဘေးတွင် လူသေအလောင်းတလောင်းရှိနေသည်။ လူတွေအလောင်းတွေ အများကြီးကို ဖြတ်ကျော်ခဲ့ရ၍ ထိုလူသေ အလောင်းကို သူမကြောက်တော့။ ရေဗူးကိုတွေ့လိုက်ရ၍ သူအတော်ဝမ်းသာနေသည်။ ပျော်လွန်း၍ အသက်ရူသံများပင် မြန်နေလေ၏။ သူ ရေဗူးနားသို့ ခပ်မြန်မြန်ကပ်သွား၍ ရေဗူးကိုကောက်လိုက်သည်။ သို့သော် ရေဗူးကိုမကောက်ပဲ နောက်သို့ခုန်ဆုတ်မိလိုက်သည်။ သူ့မျက်နှာမှာ ထိတ့်လန့်မှုနှင့် နားမလည်မှုတွေ အထင်းသားပေါ်နေ၏။ သူ ထိတ်လန့်နေ သည်မှာ ရေဗူးအနားရှိ လူသေအလောင်း၏မျက်နှာ။ ဟုတ်သည်။ ထို လူသေအလောင်း၏မျက်နှာမှာ သူ့အဖေဟုယူဆရသော လူကြီး၏မျက်နှာ။ လူသေ၏မျက်နှာမှာ မသေဆုံးခင် ဝေဒနာကိုမချိမဆံ့ခံစားသွားရသည့်နှယ် မျက်လုံးများက ပြူးထွက်နေ သည်။ ခန္ဓာကိုယ်ရှိ ဒဏ်ရာများကလည်း မြင်ရက်စရာမရှိ။ သူ့အဖေဟုယူဆရသောလူကြီး၏ အလောင်းကိုတွေ့ရသော်လည်း သူ့အမေဟုယူဆရသောမိန်းမကြီးကိုမူ မတွေ့ပေ။

သူ လူသေအလောင်းကို စိုက်ကြည့်ကာ နောက်သို့ တလှမ်းချင်းဆုတ်နေသည်။ သူ့ခေါင်းကိုလည်း တွင်တွင်ခါယမ်းနေသည်။ မိသားစုတွေ၊ လူတွေ၊ မြို့တွေ၊ စစ်မီးတွေ၊ လက်နက်တွေ ဒီနေ့ဖြစ်ပျက်ခဲ့သမျှတွေကို သူမယုံကြည်နိုင်ပေ။ မည်သို့ကြောင့် အခုလိုဖြစ်နေရသည်ကို အခုချိန်ထိ သူနားမလည်နိုင်သေးပေ။ သူ ကြောက်သည်။ သူ့ရှေ့မှာ ပေါက်ကွဲသွားတဲ့လက်နက်ကြီးကို ကြောက်သည်။ တဒက်ဒက်နှင့်ပစ်နေသော တိုက်လေယာဉ်ကို ကြောက်သည်။ လူအများ၏ အော်ဟစ်ညည်းတွားနေ သံတွေကို ကြောက်သည်။ သူ့ရှေ့က လူသေအလောင်းကို ကြောက်သည်။ သေဆုံးရမှာကို ကြောက်သည်။ သူ့ရှေ့မှ လူသေအလောင်းကိုကြည့်ရင်း သူနောက်သို့ တဆုတ်တည်း ဆုတ်နေ၏။ သူ့ဦးခေါင်းတွေက ခါယမ်းနေပြီး တခုခုကိုငြင်း ဆန်နေသလိုပင်။ သူ နောက်သို့ ဆုတ်မြဲ ဆုတ်နေသည်။ သူ့ဘယ်ခြေကိုချပြီး ညာခြေကို နောက်သို့ ဆုတ်လိုက်၏။ သူ့ညာ ခြေက အဆောက်အဦး ကြမ်းပြင်ပေါ်သို့ မကျ။ လေဟာနယ်ကိုသာ နင်းမိပြီး သူ့ခန္ဓာကိုယ်က အဆောက်အဦးအစွန်းမှ နောက်သို့လန်ကာ ပြုတ်ကျသွားလေသည်။ သူ့အသည်းထဲမှာ အေးခနဲစိမ့်ခနဲဖြစ်သွားပြီး လေဟာနယ်ထဲ လွင့်မြောနေကာ အူတွေ ကလီစာတွေ တစစီ တခုစီ ပြုတ်ထွက်နေသလို ခံစားနေရသည်။ တွင်းနက်နက်ကြီးထဲသို့ကျနေသကဲ့သို့ မပြီးနိုင် မဆုံးနိုင် ကျနေသည်။ အဆုံးမသတ်လွင့်စင်ပြုတ်ကျနေခြင်းကြောင့် သူ ကြောက်လန့်တကြား အသံကုန်ခြစ် အော်ဟစ်လိုက် သည်။

(၃)

“အား …………”

တကိုယ်လုံးချွေးများရွှဲနစ်ကာ အိပ်မက်ဆိုးမှ သူ နိုးလာခဲ့လေပြီ။
အိပ်ရာဘေးမှ ရေဗူးကိုဖွင့်ကာ အမောတကော မော့သောက်ပစ်လိုက်သည်။ ထိုစဉ် သူ့ဖုန်း Ringtone ထမြည်လာသည်။

“×× ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ ×××
×× တနေရာ ရှိ ရှိ ရှိရမယ်လေ ×××
×× ထာဝရငြိမ်းချမ်းမှု ရှာကာပျော်ရွှင်နေ ×××
×× သဘာဝရဲ့ ရင်သွေးငယ်တွေ ×××”

သူ ဖုန်းကို ကိုင်ပြီး ထူးလိုက်သည်။

“ဟဲလို”

“ဟဲလို ဆရာ … ကျွန်တော် ဆရာခိုင်းထားတဲ့စစ်ဘေးဒုက္ခသည်စခန်းက မိဘမဲ့ကလေးတွေကို မိဘမဲ့ကျောင်းကိုပို့ဖို့ကိစ္စ အားလုံးစီစဉ်ပြီးပါပြီ။ အားလုံးအဆင်ပြေပါတယ် ဆရာ”

“အေး ကျေးဇူးကွာ၊ မနက် ငါစောစော လာခဲ့မယ်”

တဖက်မှဖုန်းချသွားသောအခါ ဖုန်းကိုစားပွဲပေါ်သို့ ပြန်တင်လိုက်ချိန်မှာတော့ လက်ကျိုးထား၍ ကောက်နေသော သူ့လက် ကောက်ဝတ်ကိုကြည့်ကာ သူ့နှုတ်ခမ်း ကွေးညွှတ်သွားပေသည်။

ညိုမှိုင်းဝေ (သနပ်ပင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်