သာထက်အောင် – တန်ဖိုးသိတဲ့သူနဲ့ တန်ဖိုးရှိတဲ့လူ

May 6, 2016

Like King Louis XVI before him, Lavoisier was
executed by guillotine along with his father-in-law and 26 other “tax
farmers” after the French Revolution.

သာထက်အောင် – တန်ဖိုးသိတဲ့သူနဲ့ တန်ဖိုးရှိတဲ့လူ
(မိုးမခ) မေ ၆၊ ၂၀၁၆

အလုပ်ကနားလိုက်ပြီဖြစ်လို့ အချိန်ပိုအချိန်အားလေးရလာတော့ ရွှေပြည်ကြီးက ညီအစ်ကိုမောင်နှမတွေ မိတ်ဆွေတွေဆီ မကြာမကြာဖုန်းဆက်ဖြစ်ပါတယ်။ ခုတလော သူတို့တွေဆီက ပြန်ကြားရတဲ့ သံပြိုင်တေး တပုဒ်ကတော့ “ပူလို့သေတော့မယ်” ဆိုတဲ့အသံပါပဲ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း တွေ့ပါတယ်။ ချောက်၊ မြင်းခြံ၊ ပခုက္ကူ၊ စစ်ကိုင်း၊ မိထ္ထီလာ၊ မန္တလေးဆိုတဲ့ အရပ်တွေမှာ အမြဲတန်း ၄၀ ဒီဂရီစင်တီဂရိတ် ကျော်နေပြီး တချို့နေရာတွေမှာ ၄၅၊ ၄၆ ရောက်တယ်ဆိုတော့ ဘယ်လိုနေ၊ ဘယ်လိုထိုင် အပူဒဏ်ကို ဘယ်လိုများ ရင်ဆိုင်နေကြသလဲဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။

အညာလေနဲ့ပြောရရင် “ပူချက်ကတော့ ရက်စက်သယ်” ပေါ့။ ပူချက်က ရက်စက်ရုံတင်မဟုတ်သေးဘူး။ သူ့ရဲ့နောက်ဆက်တွဲပြဿနာက ရေ၊ သောက်စရာရေတောင် မရှိဘူးဆိုမှတော့ ထမင်းဟင်းချက်ဖို့ရေ၊ ချိုးဖို့ရေ ဘယ်ကရမလဲ။ ပူပြင်းတောက်လောင်နေတဲ့ ရာသီဥတုအောက်မှာ ရေလေးမိုးလေးမှ မချိုးရရင် တကိုယ်ရေ သန့်ရှင်းရေးကိစ္စ စဉ်းစားဝံ့စရာမရှိဘူး။ နေရောင်ရဲရဲအောက်မှာ ကြွပ်ရွနေတဲ့သက်ကယ်မိုး ထရံကာအိမ်တွေဟာ မီးစလေးတစနဲ့ ထိမိတာနဲ့ ကြက်မွှေးမီးမြှိုက်သလို ရှဲခနဲပြာကျသွားနိုင်တာပေါ့။ တိုက်ခန်းနေ ရန်ကုန်လူထုခမျာမှာလည်း အခုလို ရှဲခနဲပြာကျသွားတာကို မခံရနိုင်ပေမယ့် ပြတင်းပေါက်ရယ်လို့မရှိတဲ့ တိုက်ခန်းတွေမှာ မီးနေသည်ချွေးအောင်းသလို နံပြားဖို တိုက်ခန်းထဲမှာ မွန်းကျပ်အိုက်လှောင်နေမယ်ဆိုတာ ကိုယ်တွေ့ခံစားဖူးလို့ ကိုယ်ချင်းစာနိုင်ပါတယ်။ ဒီကြားထဲ မီးကမလာပြန်တော့ ရှိတဲ့ပန်ကာတို့  အဲယားကွန်းတို့ဆိုတာကလည်း အလှကြည့်ရုံသက်သက်ပေါ့။ မီးမလာတာများတော့ “ရွှေ” တို့က ရိုးနေပါပြီ။

ဝမ်းမီးလေး ငြိမ်းဖို့အရေး မီးလောင်ပြင်လို ပူပြင်းလှတဲ့ဒေသမှာ ကြက်ယက်သလို ရှာဖွေလုပ်ကိုင်စားနေရတဲ့ အခြေခံလူတန်းစားတွေခမျာ ဒီဝဋ်ဒုက္ခကို ခါးစီးခံလာရတာ တနေ့တရက်မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် အုပ်စိုးလာတဲ့ အစိုးရမင်းများရဲ့ အမြော်အမြင်နည်းမှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ကိုယ်ကျိုးရှာလာဘ်စားမှု၊ အာဏာရမက်ကြီးမားမှုတွေကြောင့် တိုင်းပြည်ကြီးချွတ်ခြုံကျ၊ လူတွေမွဲပြာကျ၊ မီးမရ ရေမရတဲ့ဘ၀နဲ့ လောကငရဲကို အရှင်လတ်လတ်ခံစားခဲ့ကြရတာ ဆယ်စုနှစ်ပေါင်း များစွာကြာခဲ့ပါပြီ။

တချိုကကတော့ သက်သက်ညှာညှာစဉ်းစားပြီး ဒီနှစ်က အယ်လ်နီညိုကြောင့်ပါတဲ့။ အယ်လ်နီညိုက ရွှေပြည်ကြီးတခုတည်းကွက်ပြီး မေတ္တာထားတာ မဟုတ်ပါဘူး။ သူ့ထက် ၁၁ ဆ ခွဲကြီးတဲ့ သြစတြေးလျ၊ ရွှေပြည်ကြီးထက် ၁၄ ဆ လောက်ပိုကြီးတဲ့ အမေရိကတို့၊ တရုတ်ပြည်ကြီးတို့မှာလည်း အပူဒဏ် လေဒဏ်ဆိုတာ အဆင်မသင့်ရင် ခံကြရစမြဲမို့ မလာပါနဲ့လို့ လက်ဝါးနဲ့ ကာလို့ရတာမဟုတ်တော့ ဖြစ်လာရင် ဘယ်လို သက်တောင့်သက်သာရှိအောင် လုပ်မလဲ၊ မဖြစ်ခင် ဘာတွေကြိုတင်စီမံမလဲဆိုတာ ဦးနှောက်ကြီးတဲ့ ပညာရှင်များမှ သိတာပါ။

ဆိုပါတော့ နွေရောက်ရင် မီးမကြာမကြာပျက်တယ်။ ပျက်မှာပေါ့ တနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ အားထားနေရတာက ရေအားလျှပ်စစ်၊ နွေမှာ မြစ်တွေ၊ ချောင်းတွေ၊ ကန်တွေ ရေခန်း၊ ရာသီကပြင်း လျှပ်စစ်ထုတ်လုပ်မှုမှာ နဂိုကမှ လိုအပ်သမျှထုတ်မပေးနိုင်ဖြစ်နေတဲ့အထဲ စက်အားအပြည့်မလည်ရတဲ့အခါမှာ နွေမှာ မီးပြတ်တော့တာပေါ့။ ပြဿနာအားလုံးမှာ သူ့အကြောင်းနဲ့ အကျိုး ကွက်တိရှိနေပြီးသားပါ။ ဒါကို သိသိကြီးနဲ့ ကိုယ့်ရှိတဲ့ ဓာတ်ငွေ့တွေကိုတော့ နိုင်ငံခြားရောင်းစား၊ ရတဲ့ဒေါ်လာတွေနဲ့ လက်နှက်တွေဝယ်။ ပြီးတော့ ပြောလိုက်သေးတယ် “တပ်မတော်ရှိမှ တိုင်းပြည်အင်အားရှိမယ်” တဲ့။ လက်တွေမှာတော့ တပ်မတော်အင်အားရှိတော့ တိုင်းပြည်မွဲပြာကျ၊ လူတွေဒုက္ခရောက်တော့တာပေါ့

သြစတြီးလျမှာ အာဏာရအစိုးရက တနှစ်တခါ ဘတ်ဂျက်ထုတ်ပြန်ပြီး ပြည်သူတွေကို အသိပေးရပါတယ်။ သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်က ပညာရေး၊ ကျန်းမာရေးရဲ့ နောက်မှာပါ။ အများဆုံးသုံးတာက Social Security လို့ခေါ်တဲ့ လူမှုဖူလုံရေးမှာ ပင်စင်နာတွေကို ငွေကြေးထောက်ပံ့ဖို့၊ အလုပ်မရှိသူတွေ၊ လင်ကွဲ မယားကွဲတွေ၊ ဒုက္ခိတတွေ၊ အိုမင်းမစွမ်းတွေ ဒါတွေအတွက် နိုင်ငံတော်ဘတ်ဂျက်မှာ ထိပ်ဆုံးက ထားတယ်။ ဆိုတဲ့ အဓိပ္ပာယ်က ရလာတဲ့ငွေကို ပြည်သူတွေအတွက်သုံးတယ်ဆိုတဲ့ သဘောပဲ။ အသုံးမ၀င်တော့လို့ စွန့်ပစ်ထားတဲ့ နိုင်ငံခြားက လေယာဉ်၊ ရဟတ်ယာဉ်တွေကို လက်ပူတိုက် ပြင်၊ ထူ ပိန်း မိုက်မဲတဲ့ စစ်ဗိုလ်ချုပ်တွေက အိပ်ထဲရောက်လာမယ့် ဒေါ်လာမျက်နှာကြည့်ပြီး တင်သွင်းတာပါ။ တကယ်တမ်း ထပျံကြည့်တော့ ဟိုနားပျက်ကျ ဒီနားပျက်ကျဆိုတာ မြန်မာပြည်မှာ မဆန်းတော့တဲ့ ကိစ္စပါ။

ဒီမနက်မှာပဲ ဖေ့စ်ဘွတ်ပေါ်မှာ “ကုန်ပါပြီဗျာ” ဆိုတဲ့ခေါင်းစဉ်နဲ့ တရုတ်ပြည် မန်စီဘက်မှာ ကျွန်းလုံးတွေ အပြည့်တင်ထားတဲ့ ထရပ်ကားပုံတွေ ရိုက်ပြထားတာမြင်လိုက်ရပါတယ်။ ရာသီဥတုဆိုးဝါးလို့ ညည်းညူ ရတာကတော့ ပြည်သူတွေပေါ့။ ရာသီဥတုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ သစ်ပင်သစ်တောတွေ ခုတ်ထွင်ဖြတ်တောက်ပြီး ကြီးပွားသွားတဲ့ အထဲမှာတော့ ပြည်သူတွေမပါ ပါဘူး။ တနှစ် တနှစ် ဂိတ်ပေါင်းများစွာကို ပေးကမ်း အဆင့်ဆင့်ဖြတ်ကျော်ပြီး မှောင်ခိုထွက်သွားတဲ့ ကျွန်တော်တို့နိုင်ငံက အဖိုးတန်သစ်တောတွေရဲ့ တန်ချိန် တန်ဖိုး၊ တနေ့တနေ့ ပြည်တွင်းမှာ သုံးစွဲဖို့ ခုတ်ထွင် ဖြတ်တောက်တဲ့ သစ်ပင်၊ ၀ါးပင်၊ ထင်းအဖြစ် မီးသွေးအဖြစ် သုံးစွဲဖို့ ခုတ်တဲ့ သစ်ပင်တွေရဲ့ တန်ချိန်တန်ဖိုး ဘယ်သူမှတိတိကျကျ တွက် ချက်မပြနိုင်ဘူးထင်ပါတယ်။ တိတိကျကျပြောနိုင်တာကတော့ တိုင်းပြည်ရဲ့ သဘာဝ ဂေဟစနစ် ပျက်ယွင်းသွားပြီး ဆိုးရွားတဲ့ရာသီဥတု ဖောက်ပြန်မှုဒဏ် တတိုင်းပြည်လုံးခံကြရတာပါပဲ။

အလျဉ်းသင့်လို့ သြစကြီးလျမှာ သစ်ပင်တပင် ခုတ်ချင်ရင် ဘယ်လောက်ခက်ခဲလဲ ဆိုတာလေးရေးပြချင်ပါတယ်။ ကိုယ့်ဝင်းကိုယ့်ခြံထဲမှာ စိုက်ထားတဲ့ သစ်ပင်ပန်းပင် (နှင်းဆီပင်၊ မာလကာပင်၊ သရက်ပင်တွေ) ကို ခုတ်ချင်ရင်တော့ ဘယ်သူ့ခွင့်ပြုချက်မှမလိုဘဲ ခုတ်လို့ရပေမယ့် သစ်ပင်ကြီးမျိုးတွေဖြစ်တဲ့ ဒေသခံအပင်တွေကို ခုတ်လို့လုံးဝမရပါဘူး။ ခုတ်ချင်ရင် သက်ဆိုင်ရာနယ်မြေပိုင် ကောင်စီ Council ကိုခွင့်ပြုချက်တောင်းခံရပါတယ်။ ခုတ်ချင်ရတဲ့ အကြောင်းအရင်းကို ခိုင်လုံအောင်ပြရပါတယ်။ သစ်ပင်ကြီးက ပိုးထိုးနေမယ်၊ ဆွေးနေမယ် လေမိုးကြီးရင် ပြိုကျနိုင်တဲ့ အခြေအနေရှိနေတယ်ဆိုရင် သူတို့ကောင်ဆယ်က လူကြီးတွေ၊ ကျွမ်းကျင်သူတွေက ဖြတ်သင့်တယ်၊ ခုတ်သင့်တယ် ဆိုရင်တော့ သူတို့ဌာနဆိုင်ရာ ယန္တရားကြီးတွေနဲ့ အခမဲ့ လာဖြတ်ပေးပါတယ်။

ကိုယ့်အိမ်နဲ့ ဂိုထောင်နဲ့ မလွတ်လို့၊ သစ်ရွက်တွေကြွေလို့၊ အမိုးပျက်စီးလို့ ဆိုရင်တော့ သူတို့လာစစ်ဆေးပြီး ခွင့်ပြုရင် ကိုယ့်စရိတ်နဲ့ ကိုယ် ခုတ်ပေတော့။ အဲ့ဒီမှာ သူတို့ သက်မှတ်ပေးတာထက် ပိုဖြတ်၊ ပိုခုတ်လို့ မရပါဘူး။ သစ်ပင်ရဲ့ ၁၀ရာခိုင်နှုန်းပဲ ဖြတ်ပါ။ ဒီကနေ ဒီအထိပဲ ဖြတ်ပါလို့ သူတို့ ညွှန်ကြားချက်အတိုင်း ဖြတ်ရတောက်ရတဲ့အတွက် သူတို့သဘောထားမှာ သစ်ပင်တပင်ခုတ်ဖြတ်ရမှာ ဘယ်လောက် တွန့်တိုတယ် နှမြောတယ် တန်ဖိုးထားတယ်ဆိုတာ သိသာပါတယ်။ သစ်ပင်တပင်ဘယ်လောက်ကြီးကြီး ခုနေခါ ခေတ်မီယန္တရားကြီးတွေနဲ့ ခုတ်ဖြတ်ရင် နာရီပိုင်းပဲ ကြာပါတယ်။

အဲ့သစ်ပင်တပင်ပြန်ဖြစ်ဖို့ဆိုတာကတော့ အချိန်တွေအများကြီးပေးရလေတော့ အသိဉာဏ် ပညာကြီးတဲ့ အစိုးရမင်းများ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ သစ်ပင်တွေကို ပရမ်းပတာ စည်းမဲ့ကမ်းမဲ့ ခုတ်နေတာ ဘယ်တော့မှ မတွေ့ရပါဘူး။ သစ်ပင်တပင်ခုတ်ရင် ထောင်(၃)လ ဆိုတဲ့ ပိုစတာတွေကိုတော့ လွန်ခဲ့တဲ့ ၁၄-၅ နှစ်လောက်က အညာဘက်ခရီးသွားရင်း တွေ့ခဲ့ပါတယ်။ သစ်တပင်ခုတ်လို့ ထောင် ၃လ ကျသွားတဲ့လူ မတွေ့ဖူးပေမယ့် သစ်လုံးကြီးတွေအပြည့်တင်ထားတဲ့ ထရပ်ကားကြီးတွေ တရုတ်ပြည်ဘက် တလိမ့်လိမ့် ထွက်သွားတာတော့ အင်တာနက်ပေါ်မှာတွေ့ဖူးပါတယ်။ သစ်ခိုးထုတ်တဲ့ တရုတ်တွေလည်း နိုင်ငံတော်စရိတ်နဲ့ ထောင်ထဲ တပတ်လောက် အလည်သွားကြတယ်ဆိုတာတော့ သတင်းထဲမှာ ဖတ်ဖူးပါတယ်။

အစိုးရသစ်လက်ထက်မှာ ဘာတွေပြောင်းလဲပြီး ဘယ်လောက်တိုးတက်လာမယ်ဆိုတာ အချိန်ကစောသေးတော့ ဘာမှ ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါဘူး။ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်အတွင်းမှာတော့ အာဏာရှင်စနစ်နဲ့ အမှောင်ခေတ်ကို ဖြတ်သန်းခဲ့ရလို့ သဘာဝအရင်းအမြစ်ဖြစ်တဲ့ အဖိုးတန်ကျွန်းသစ်တွေ မြေပေါ်မြေအောက်သယံဇာတတွေ ဆုံးရှုံးခဲ့ရသလို လူသားအရင်းအမြစ်ဖြစ်တဲ့ လူချွန် လူတော်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။

အပြုနဲ့အဖျက်မှာ အဖျက်လုပ်ရတာလွယ်သလောက်၊ အပြုလုပ်ရတာ ခက်ခဲပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတာ နှစ်ပေါင်း ၇၀နီးပါးရှိပါပြီ။ ခုထိ ဗိုလ်ချုပ်လိုထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ပြန်မရသေးဘူး။ ဒေါ်စုကိုပဲ ဗိုလ်ချုပ်ခြေရာနင်းနိုင်ပါစေလို့ ဆုတောင်းနေရတာပါ။ စာရေးဆရာ မောင်သော်က ထောင်ထဲမှာ ကျဆုံးသွားတာ နှစ်ပေါင်း ၂၀ကျော်ပါပြီ။ အခုထိ သူ့လိုသရော်စာအရေးကောင်းတဲ့လူ မပေါ်သေးပါဘူး။ နှစ်ပေါင်းများစွာ စောင့်ပေမယ့် အိန္ဒိယမှာ ဂန္ဓီလိုပုဂ္ဂိုလ်မျိုး ပြန်မရသေးပါဘူး။

သက္ကရာဇ် ၁၇၄၅ မှာမွေးပြီး ၁၇၉၄မှာ ကွယ်လွန်သွားတဲ့ ပြင်သစ်သိပ္ပံဓာတုပညာရှင်ကြီး (Intoine Laurent Lavoisier) အင်တွိုင်းလောရင့်လဗွိုင်ဆာ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်း စပ်မိလို့ နည်းနည်းရေးပြ ပါရစေ။ ခေတ်သစ် ဓာတုဗေဒဖခင်ကြီးလို့ ကမ္ဘာကျော်လောက်အောင် သူ့ရဲ့ သီအိုရီတွေ၊ သူ့ရဲ့နည်းစနစ်တွေ ကိုးကားရတုန်းဆိုတော့ သူဘယ်လောက်တောင် တော်တယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။

ဒါပေမယ့် ၁၇၈၉ ပြင်သစ်သူပုန်အပြီး တက်လာတဲ့ အစိုးရက သူ့ကို အမြင်မကြည်တာနဲ့ ဖမ်းဆီးအရေးယူပြီး သူနဲ့ သူ့အဖွဲ့ ၂၇ ယောက်လုံးကို ရုံးတင်စစ်ဆေး အပြစ်ပေးပါတယ်၊ ၂၈ယောက်စလုံး ခေါင်းဖြတ်သတ်စေ။ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင် ဦးနှောက်နဲ့ လူကို ဦးနှောက်မဲ့သူက သတ်မိန့်ပေးခဲ့ပါတယ်။ ဒါမျိုးကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ “လူကို ခွေးသတ်” ဆိုတဲ့ အဖြစ်မျိုးတွေက သိပ်တော့ မဆန်းပါဘူး။ မကြာသေးတဲ့ကာလတခုကို စောင်းငဲ့ကြည့်ရင်တောင် သူယုတ်မာတွေက သူတော်စင်တွေကို စီရင်ချက်ချတာ ရွှေပြည်ခေတ်ကြီးမှာ ကြုံခဲ့ရလှပါပြီ။

သိပ္ပံပညာရှင်ကြီး လဗွိုင်ဆာ ခေါင်းဖြတ်အသတ်ခံရတာ သူနဲ့ သူ့တိုင်းပြည်အတွက်သာ ဆုံးရှုံးတာမဟုတ်ဘဲ တကမ္ဘာလုံး ဆုံးရှုံးမှုဆိုတာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် သင်္ချာပညာရှင်ကြီး လာဂရမ် (Lagrange) ရဲ့မှတ်ချက်က ဖော်ပြနေပါတယ်။

လာဂရမ်က လဗွိုင်ဆာနဲ့ ပတ်သက်ပြီး “အဲ့ဒီခေါင်းကို ဖြတ်ပစ်ဖို့ တခဏပဲကြာမယ် ဒါပေမယ့် နောင် နှစ်တရာကြာတောင် ဒီခေါင်းမျိုး နောက်တလုံးမရနိုင်ဘူး” တဲ့။

သစ်ပင်တပင၊် သစ်တောတအုပ်၊ လူတော်တယောက်၊ ပညာရှင်တယောက်၊ ပါရမီရှင်တယောက်ရဖို့ဆိုတာ နှစ်ပေါင်းများစွာ စောင့်ရတဲ့အကြောင်း အခုခေတ်မျိုးဆက်သစ် လူငယ်တွေသိစေချင်လို့ ဒီစာကိုရေးလိုက်တာပါ။

သာထက်အောင်

မေ ၄၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သာထက်အောင်, ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်