ကျော်သူ – မနူဟာဥပဒေ

October 15, 2013

မနူဟာဥပဒေ
ကျော်သူ
အောက်တိုဘာ ၁၅၊ ၂၀၁၃


ကျွန်တော်ထံသို့ မီဒီယာသတင်းသမားများ၊ သတင်းထောက်များ မြောက်များစွာ လာရောက်၍ တွေ့ဆုံမေးမြန်းမှုများ မကြာခဏ လုပ်လေ့ရှိသည်။ ကျွန်တော်သည် သူတို့မေးမြန်းမှုများ၊ သိလိုမှုများအား ကျွန်တော်ရင်ထဲရှိသမျှ၊ ခံစားမိသမျှ၊ ပြည်သူလူထုနှင့် ထပ်တူထပ်မျှ ထုတ်ဖော်ပြောကြားလေ့ရှိသည်။ ၁၃.၁ဝ.၂ဝ၁၃ ရက်နေ့တွင် ပြည်မြို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းမှ ဥက္ကဌဖြစ်သူ ဦးစိုးမိုးနိုင်နှင့် အတွင်းရေးမှူး ဦးညီညီအောင်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်စဉ် ကျွန်တော့်အား စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ ဖတ်ရှုပြီးပြီလား၊ အဲဒီ သတင်းစာထဲမှာ ကိုကျော်သူနဲ့ မီဒီယာ သတင်း ထောက်ဖြစ်သူ အောင်မြင်ရဲဇော် တို့တွေ့ဆုံမေးမြန်းခန်းကို အလွန်နှစ်သက်ကြကြောင်း အများပြည်သူ တို့နှင့် နယ်ပေါင်းစုံ လူမှုရေးအသင်းအဖွဲ့များမှ ပြောကြားကြောင်းကို ကျွန်တော့်အား ပြောကြားခဲ့သည်။ ကျွန်တော်လုံးဝ မဖတ်ဖြစ်သေးပါ။ ထို့ကြောင့် ဦးစိုးမိုးနိုင်နှင့် ဦးညီညီအောင်တို့မှ ကျွန်တော့်အား သူတို့ ဝယ်ယူထားသော ယင်း စံတော်ချိန်သတင်းစာအား ဖတ်ရှုရန် ပေးခဲ့တော့သည်။ ၁၁.၁ဝ.၂ဝ၁၃ ရက် (သောကြာနေ့)ထုတ် သတင်းစာ၏ စာမျက်နှာ (၁၄)ရှိ “လူမှုရေးသမားတွေကို ဥပဒေနဲ့ ဘောင်ခတ်တာဟာ မြတ်စွာဘုရားကို ဥပဒေနဲ့ ချုပ်ကိုင်တာနဲ့ အတူတူပါပဲ” ဟူသော ဆောင်းပါးအား ဖတ်ရှုလိုက်သောအခါ … ။
လူတစ်ဦးအတွက် အောင်မြင်နေချိန်၌ ထိုအောင်မြင်မှုကို စွန့်လွှတ်ရန်မှာ ခက်ခဲသည်။ ယင်းသို့ အောင်မြင်မှုကို စွန့်လွှတ်ရုံမျှမက ကိုယ်ကျိုးစွန့်၍ ပရဟိတအလုပ်ကို လုပ်ကိုင်ရန်မှာ ပို၍ပင် ခက်ခဲလွန်းလှ သည်။ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားကလည်း ပရဟိတအလုပ်ပင်လျှင် စိတ်ရှိတိုင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရသေး။ ထိုကဲ့သို့သော အခက်အခဲ အကျပ်အတည်းကြားမှပင် ကိုယ်တတ်နိုင်သော အတိုင်း အတာထက်ပို၍ မဖြစ်ဖြစ်အောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေသည့် မြန်မာနိုင်ငံ၏ ပရဟိတ လောကမှစံပြပုဂ္ဂိုလ် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နှုတ်ဖော်ပြ လိုက်ရပါသည်။
ဦးကျော်သူက တစ်ချိန်တုန်းကဆို အရမ်းအောင်မြင်ခဲ့တဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ခေတ် တစ်ခေတ်ထူထောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တယ်။ ဒီလိုအနေအထားကနေပြီး ပရဟိတ သမားတစ်ယောက်အဖြစ် ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ အဓိက တွန်းအားတစ်ရပ်က ဘာဖြစ်မလဲ။
အဓိကတွန်းအားကတော့ ကျွန်တော့် သမီးနဲ့သားပါ။ ကျွန်တော်အရမ်းအောင်မြင်ခဲ့တဲ့ အနုပညာ လောကဆိုတာ ပျက်စီးမယ့်အကြောင်းအရာတွေ အများကြီးရှိတယ်။ မူးယစ်ဆေး၊ အရက်၊ မိန်းမ။ ဒါတွေ အများကြီး။ အဲဒီအချိန်တုန်းကလည်း ကျွန်တော်အရက် အရမ်းသောက်တယ်။ အလုပ်အကိုင် မပျက်ဘူး ဆိုပေမယ့် ကျွန်တော့်ကလေးတွေကို ပြန်ကြည့်တဲ့အခါ ကျွန်တော်နဲ့ တခြားစီဖြစ်နေတယ်။ သူ့အမေရဲ့ သွန်သင်ဆုံးမမှုကြောင့် လိမ္မာရေးခြားရှိပြီး သင်္ကြန်ဆိုလည်း အောင်ဆန်းဆရာတော်ဆီမှာ တရားစခန်းဝင် တယ်။ အဲဒီမှာ သမီးနဲ့သားက အနုပညာသမားတွေ သေဆုံးရင် ဘယ်ဘုံရောက်လဲလို့ ဆရာတော်ကြီးကို မေးတယ်။ ဆရာတော်ကြီး ဖြေလိုက်တဲ့အဖြေကို ပြန်ကြားတော့ ကျွန်တော် တော်တော်ကြီး တုန်လှုပ်သွား တယ်။ အနုပညာသမားဆိုတာ လူတွေကို ငိုခိုင်းတယ်။ ရယ်ခိုင်းတယ်။ ဒေါသထွက်ခိုင်းတယ်။ ဝမ်းသာခိုင်း တယ်။ ဒီလိုဖြစ်အောင် ကိုယ်ကလုပ်နေရတဲ့အတွက် အကုသိုလ်ဆိုတာရှိတယ်။ ကျွန်တော် (၁ဝ) နှစ် ကျော် (၁၅) နှစ်လောက် ဖြတ်သန်းလာခဲ့တဲ့ အချိန်တုန်းက ရရှိခဲ့တဲ့ အများပြည်သူက ကျွန်တော့်ကို ချီးမြှင့် ကြတဲ့ အနုပညာကြေးတွေနဲ့ ကျွန်တော့် သားသမီးတွေကို ပညာတတ်တွေဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်။ အဲဒီတော့ ဘယ်လိုပြန် ကျေးဇူးဆပ်မလဲဆိုတာ စဉ်းစားတဲ့အချိန် ကျွန်တော့်အမျိုးသမီးရဲ့အဒေါ် မြန်မာစာ ပါမောက္ခဟောင်း ဒေါ်လှမြတ်က ကျွန်တော်တို့ နာရေးအသင်းထက် နှစ်နှစ်၊ သုံးနှစ်လောက်စောတဲ့ မန္တ လေး ဗြဟ္မစိုရ်အသင်းမှာ နာယကအဖြစ် ပါနေတယ်။ ကျွန်တော့်အမျိုးသမီးက သူ့အဒေါ်ဆီက နာရေး အလုပ်တွေကိုကြားပြီး စိတ်ဝင်စားနေတဲ့အချိန်မှာ ဘဘ ဦးသုခက နာရေးကူညီမှု တည်ထောင်မယ်ဆိုပြီး ကြားတာနဲ့ ဝင်ပါပြီး ဒီဘက်ကို ကူးလာတာ။ အရင်တုန်းက အနုပညာအလုပ်က တစ်ဖက်ရှိနေတော့ ကိုယ် အားတဲ့အချိန် ကားရိုက်ခဏနားတဲ့ အချိန်ပိုင်းလောက်ပဲ လုပ်ပေးနိုင်တယ်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာအရေးအခင်းအပြီးမှာ ကျော်သူ့ကို အနုပညာအလုပ် လုပ်ခွင့်မပေးတော့ဘူးလို့ အစိုးရက ပြောကြား ခဲ့တဲ့အတွက် ဒီပရဟိတအလုပ်ကိုဘဲ ထဲထဲဝင်ဝင် လုပ်ဖြစ်လာတယ်။ အဲဒီနောက်ပိုင်း နာရေးအလုပ် အပေါ် စိတ်နှစ်ပြီး လုပ်လာခဲ့တာ ကျွန်တော်အခုဆို အိမ်မပြန်ဖြစ်တာ သုံးနှစ်ကျော်ပြီ။ လူမှု့ရေးသက်တမ်း (၁၃) နှစ်ထဲ ရောက်လာပြီ။
ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းက နာရေးကနေ တခြားပရဟိတလုပ်ငန်းတွေ ဆက်လုပ်ဖို့ ဘယ်လိုအတွေးရခဲ့လဲ။
ကျွန်တော်တို့ နာရေးလုပ်လာတာ တစ်ရက်ကို အလောင်းက (၃ဝ) နဲ့ (၄ဝ) ကြားရှိတယ်။ ဘာ ကြောင့်အဲ့လို သေဆုံးတာများလဲလို့ ပြန်သုံးသပ်တော့ ကျန်းမာရေးအတွက် ဆေးဝါးမကုသနိုင်လို့ ဆေးကု သစရိတ်တွေကြီးလို့ဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း သုခ ကုသိုလ်ဖြစ်ဆေးခန်းဆိုတာ ကိုဖွင့်ပြီးတော့ လူနာတွေကို အခမဲ့ ကုသပေးခဲ့တယ်။ အခုဆို လူနာကတစ်ရက်ကို အယောက်(၂ဝဝ) ကျော်ဖြစ်လာပြီ။ နောက်ပြီး လူတွေကျန်းမာရေးကအစ ဗဟုသုတရနိုင်ဖို့အတွက် သုခအလင်းပညာရေး ဆိုတာကိုလုပ်ခဲ့တယ်။ကလေးငယ်တွေအတွက်လည်း နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင်တန်း၊ ပန်းချီသင်တန်း၊ လူငယ်ပိုင်းတွေအတွက် အင်္ဂလိပ်စာသင်တန်းတွေ၊ တက္ကသိုလ်ဝင် တန်း ကျောင်းသား/သူများအတွက် ဘာသာစုံသင်တန်းတွေ၊ LCCI သင်တန်း၊ Hospitality သင်တန်းစတဲ့ အလုပ်အကိုင်ရှာဖွေရေးအတွက် အထောက်အကူပြုတဲ့ သင်တန်းတွေကိုပါ ဖွင့်ပေးထားတယ်။ ပညာရေး တင်မကဘူး အသက်မွေးဝမ်းကျောင်းအတွက်ပါ အဆင်ပြေအောင် လုပ်ပေးထားတယ်။ သင်တန်းတစ်ခုစီ မှာ သင်တန်းသားအယောက် (၄ဝ) လောက်စီရှိပါတယ်။ တကယ်ကိုဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေက ကလေးတွေကို အထောက်အကူပေးနိုင်တဲ့အတွက် တကယ်လည်းကြည်းနူးမိတယ်။
စစ်အစိုးရလက်ထက်မှာ လူတစ်ဦးတစ်ယောက်က သြဇာရှိလာပြီ၊ လူကြိုက်များလာပြီဆိုရင် စိုးရိမ်တကြီးနဲ့ လိုက်ပြီးစောင့်ကြည့် ထိန်းချုပ်တာမျိုးတွေရှိတယ်။ ဦးကျော်သူကလည်း နာရေး ကူညီမှုအသင်းနဲ့အတူ ပြည်သူတွေရဲ့ယုံကြည်မှုကိုရလာတဲ့အချိန်မှာ ဘယ်လိုမျိုးကြုံခဲ့ရသေးလဲ။
ဒါတွေက တောက်လျှောက်ကြုံခဲ့ရပါတယ်။ စလုပ်တဲ့ ၂ဝဝ၁ ခုနှစ်လောက်က ဘဘဦးသုခ ရှိသေး တယ်။ ဘဘက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ကြည်ညိုလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်နေတော့ သိပ်ပြဿနာ မရှိခဲ့ဘူး။ ဘဘကွယ်လွန်ပြီးနောက်တော့ ဖိအားတွေ အမျိုးမျိုးပေးလာတယ်။ ဒီလိုလူမှုရေးအသင်းအဖွဲ့ တွေကို ဖိအားပေးတယ်။ ထိန်းချုပ်လာတာ ဘာကြောင့်လဲဆိုတော့ လူမှုရေးအသင်းအဖွဲ့တွေက တကယ့် ကို ဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုကို ထဲထဲဝင်ဝင် ကူညီနိုင်တဲ့ အဖွဲ့တွေ၊ အစိုးရကဒါတွေလိုက် မလုပ် ပေးနိုင်ဘူး။ တကယ်တမ်း မလုပ်နိုင်တာ မဟုတ်ဘူး။ လုပ်နိုင်ရဲ့သားနဲ့ ပရဟိတဆိုတဲ့ စိတ်မရှိကြတာ။ အခုလို အစိုးရပြောင်းလဲချိန်မှာတောင် မူဝါဒတွေ မပြောင်းလဲသေးတော့ ခက်တယ်။
အရင် စစ်အစိုးရလက်ထက်နဲ့ အခု အရပ်သားအစိုးရလက်ထက် လုပ်ရကိုင်ရတာ ဘာတွေ ကွာခြား သွားသလဲ။ ပြောင်းလဲလာပြီလို့ရော ဦးကျော်သူအနေနဲ့ ယူဆလား။
ပြောင်းလဲလာပြီလားဆိုတော့ နည်းနည်းလေးပဲ ပြောင်းလဲလာတာလို့ ကျွန်တော်မြင်တယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော် နယ်ခရီးတွေ သွားတဲ့အခါမှာ ပိုပြီးတော့ သိလာတယ်။ ကျော်သူဘာလုပ်နေတယ် ဆိုတာကိုလည်း လူကြီးတွေသိနေတာပဲ။ ဘာဖြစ်လို့ ကျော်သူ့နောက်က တစ်ကောက်ကောက်လိုက် နေရတာလဲ။ SB တွေလိုက်တယ်။ သတင်းလိုက်ယူတယ်။ ကျွန်တော့်နောက်လိုက်တယ်ဆိုရင် သင်္ချိုင်း ကုန်းနဲ့ ဘုန်းကြီးကျောင်းပဲ ရောက်မှာပဲ။ ကျွန်တော်လုပ်တာက နာရေးတို့၊ ကျန်းမာရေးတို့၊ လူမှုရေးတို့ပဲ လုပ်တာ။ ပါတီထောင်ပြီးတော့ နေရာယူဖို့၊ သမ္မတဖြစ်ဖို့ လုပ်နေတာလည်း မဟုတ်ဘူး။ နိုင်ငံတော်ကို ပုန်ကန်ဖို့လုပ်နေတာလည်း မဟုတ်ဘူး။ အများအတွက် လုပ်ပေးနေတာ။ ပထမတော့ အနှောင့်အယှက် ဖြစ်တာပေါ့။ နောက်ပိုင်းတော့ ရိုးသွားတော့လည်း သူတို့(SB)တွေမရှိရင်တောင် စားရ၊ သောက်ရ၊ အိပ်ရ တာ မလုံခြုံဘူးလို့ခံစားရတယ်။ အကျင့်ကပါသွားပြီ။ နောက်တစ်ခုက သမ္မတကြီးက ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအတွက် ဂုဏ်ထူးဆောင်လက်မှတ်ပေးတယ်။ ဒါပေမယ့် ကျွန်တော် တချို့နယ်တွေ သွား တဲ့အခါ တည်းခိုခွင့်မရတာမျိုးတွေ၊ ဟောပြောခွင့်မရတာမျိုးတွေ၊ လွတ်လပ်စွာကူညီပေးမှု မရတာမျိုးတွေ ရှိတယ်။ အဲဒီလိုကို အပေါ်နဲ့အောက်နဲ့က အချိတ်အဆက်လွဲနေတယ်။ ဆိုလိုချင်တာက အသင်းအဖွဲ့ တစ်ခုမှာ ခေါင်းဆောင်တစ်ယောက်က ဘာလုပ်နေလဲဆိုတာ အသင်းသားတွေသိရမယ်။ ဒီလိုပဲ နိုင်ငံတစ် နိုင်ငံမှာ သမ္မတက ဘာတွေအမိန့်ထုတ်ထားလဲ၊ ဘာတွေလမ်းညွှန်ထားလဲဆိုတာ အောက်ခြေဝန်ထမ်း တွေကအစ သိရမယ်။ မသိဘဲနဲ့ ငါတကော ကောနေရင်တော့ တိုင်းပြည်က မလွယ်ဘူး။ ဗိုလ်တစ်ထောင် မင်းမနိုင် ဖြစ်နေရင်တော့ တိုင်းပြည်ပျက်မှာပဲ။ နယ်တွေမှာဆို တော်တော်လေးကို အကြောက်တရားများ ပြီး အသိဉာဏ်နည်းပါးနေတာတွေ့တော့ ရင်လေးရတယ်။ ဒါတွေက ခေတ်အဆက်ဆက်ရဲ့ အုပ်ချုပ်မှု ဒဏ်တွေကြောင့် ပြည်သူ/သားတွေလည်း ဒီလိုဖြစ်ကုန်တာ။ ဒီတော့ အခုလိုဖြစ်အောင်လုပ်ခဲ့တဲ့ သူတွေကို အပြစ်တင်မနေတော့ဘဲ ပြည်သူ/သားတွေက ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ပဲလိုတယ်။
နာရေးကူညီမှုအသင်းကို အသင်းအဖွဲ့တွေနဲ့ဆိုင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောရလဲ။ ဘယ်လိုမှတ်ချက်မျိုး ပေးချင်လဲ။
အစိုးရက လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတစ်ခုကို ထုတ်ထားတယ်။ အဲဒီလို လုပ်တာက လူမှုရေးသမားတွေ မရှိအောင်၊ လူမှုရေးအသင်းအဖွဲ့တွေ မရှိအောင် လုပ်လိုက်တာနဲ့တူတယ်။ ဥပမာ အသင်းအဖွဲ့အတွက် မှတ်ပုံတင်တယ်ဆိုရင် ပိုက်ဆံဘယ်လောက် ပေးရမယ်ဆိုတာမျိုးတွေ လုပ် လာတယ်။ မှတ်ပုံမတင်ဘူးဆိုရင်လည်း တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်မယ်။ အဲဒီအဖွဲ့အစည်း မှာပါတဲ့ အသင်းဝင်တွေကို အချိန်မရွေးဖမ်းပြီး ထောင်ချပစ်နိုင်တယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။ နယ်က လူမှုရေးအသင်းငယ်လေးတွေအနေနဲ့ မှတ်ပုံတင်ကြေး လေးငါးသိန်းပေးဖို့ဆိုတာ တော်တော်လေးကို ခက် ခဲတယ်။ လူသားချင်းစာနာတဲ့ စိတ်ဓါတ်လေးနဲ့ ရပ်ရွာကို ကူညီဖို့လုပ်ကြတာဆိုတော့ အစိုးရလုပ်ပုံက အဲဒီ စိတ်ဓါတ်လေးတွေပါ ပျောက်သွားနိုင်တယ်။ ဒီလို ဗြဟ္မစိုရ်စိတ်လေးတွေ ပျောက်သွားမယ်ဆိုရင် တိုင်းပြည် ကဘယ်လိုမှ မျှော်လင့်စရာမရှိတော့ဘူး။ ဒီတော့ ဒီဥပဒေကြမ်းကို ကန့်ကွက်တယ်။ မလိုချင်ဘူး။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနဲ့ မြန်မာ နိုင်ငံအရပ်ရပ်မှာရှိတဲ့ အသင်းအဖွဲ့ (၅ဝဝ) နီးပါးနဲ့ ဘုံသဘောတူညီချက်ကိုလည်း ရထားပြီးပြီ။ ဒီဥပဒေကြမ်း ကို ကန့်ကွက်တယ်။ မလိုချင်ဘူး။ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ အသင်းအဖွဲ့ (၅ဝဝ) နီးပါးရဲ့ ဘုံသဘော တူညီချက်ကိုလည်း ရထားပြီးပြီ။ ဒီဥပဒေကိုရအောင် ကာကွယ်ရမယ်။ ဖ.ဆ.ပ.လ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ ဗြဟ္မစိုရ် တရားတွေ ခေါင်းပါးနေရင် တိုင်းပြည်က ကပ်ဘေးအမျိုးမျိုး ကြုံရမယ် ဆိုတာဒါပဲ။ကျွန်တော်တို့ တိုင်းပြည် မှာ ပြဿနာတွေ ကြုံနေတာလည်း ဒါကြောင့်ပဲ။ အစိုးရလူကြီးပိုင်းရော ပြည်သူအားလုံးကပါ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်စိတ်လေးတွေ မွေးထားဖို့လိုတယ်။
ပရဟိတလုပ်နေတဲ့သူတွေအပေါ် ဒီလိုဥပဒေနဲ့ထိန်းချုပ်ဖို့ကြိုးစားနေကြတဲ့အပေါ် ဦးကျော်သူအနေနဲ့ ဘာပြောချင်ပါလဲ။
ပရဟိတသမားဆိုတာက ပြည်သူတွေ လှူတဲ့အလှူငွေနဲ့ ပြည်သူတွေကိုပြန်ပြီးတော့ အကျိုးပြု နေတာပါ။ လူမှုရေးလုပ်စားနေတာမဟုက်ဘူး။ ကိုယ်ကျိုးလုံးဝမပါဘူး။ အတ္တလုံးဝမပါဘူး။ ကျွန်တော် ဆိုရင် ၂ဝဝ၁ ခုနှစ်ကတည်းက ကိုယ့်ထမင်းကိုယ်စားပြီး ဒီအလုပ်လုပ်လာတာ။ မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ် တရားလေးပါးကို လက်ကိုင်ပြုပြီးတော့လုပ်နေတဲ့ တကယ့်လူမှုရေးသမားတွေကို ဥပဒေနဲ့လာပြီး ဘောင်ခတ်တယ်ဆိုရင် မြတ်စွာဘုရားကို ဥပဒေနဲ့ချုပ်ကိုင်တာနဲ့အတူတူပဲ။ ဒါကျွန်တော့်ခံယူချက်ပဲ။ လူမှုရေးသမားတစ်ယောက်ဟာ အသင်းအဖွဲ့မှာငွေကြေးအလွဲသုံးစားလုပ်တယ်။ လူမှုရေးဖောက်ပြန် တယ်။ ဒါမျိုးဆိုရင် တိုင်းပြည်ကချမှတ်ထားတဲ့ တရားဥပဒေလမ်းကြောင်းအတိုင်း ပုဒ်မတပ်ပြီး အရေးယူ လို့ရတယ်။ ကိုယ့်ဘက်ကခိုင်လုံတယ်၊ မှန်ကန်တယ်၊ လိပ်ပြာသန့်တယ်ဆိုရင် ထိန်းချုပ်ဖို့ကြိုးစားတာဟာ မြတ်စွာဘုရားကို ချုပ်ကိုင်လိုက်တာနဲ့ အတူတူပဲ။
ဦးကျော်သူတို့အနေနဲ့ ပရဟိတအလုပ်တွေလုပ်တဲ့အခါမှာ တားဆီးခံရတာမျိုးကြုံခဲ့ဖူးတယ်နော်။ ဥပမာ အမှိုက်ကောက်တဲ့အစီအစဉ်တုန်းကလိုမျိုးပေါ့။ ဒီလိုဖြစ်ရပ်မျိုးအပေါ်မှာရော ဘာပြောစရာရှိလဲ။
သူတို့က မကောက်နဲ့ဆိုလည်းမကောက်ရုံပေါ့။ တော်ကြာ အမှိုက်ကောက်မှ ထောင်ဘယ်နှနှစ် ကျ တယ်ဆိုတာမျိုး ကျခံနေရဦးမယ်။ အမှိုက်မကောက်ရတော့ ဘာဖြစ်လဲ။ အခုမိုးရွာရင် မြင်တဲ့အတိုင်းပဲ။ တစ်မြို့လုံးအမှိုက်တွေပေါလောပေါ်လို့။ စည်ပင်သာယာမှာ ဝန်ထမ်းအလုံအလောက်ရှိပါတယ်။ ဖိဖိစီးစီး လည်းလုပ်နေပါတယ်။ ခင်ဗျားတို့ကို နာရေး၊အသုဘချဖို့ခွင့်ပြုပေးထားတာပဲ။ ဒါတွေလုပ်စရာမလိုပါဘူးလို့ စည်ပင်အရာရှိက ပြောခဲ့တယ်။ ဒါကြောင့်ဆက်မကောက်တော့တာ။ နယ်တွေမှာတော့ ကြုံရင်ကြုံသလို အမှိုက်ကောက်တယ်။ သစ်ပင်စိုက်တယ်။ အခုဆိုရင် ရေသယ်ကားကြီးလည်း ဝယ်ထားတယ်။ ကျွန်တော် တို့ လမ်းဘေးတောက်လျှောက် စိုက်ထားတဲ့ အရိပ်ရပင်တွေကို ရေလိုက်ဖျန်းတယ်။ ရေရှားတဲ့ဒေသတွေ ကို ဒီကားနဲ့သွားပြီး သောက်သုံးရေတွေလှူပေးတယ်။ စက်ရေတွင်းတွေ အများကြီးလည်း လိုက်တူးပေး ထားတယ်။ မီးသင်္ဂြိုလ်စက်တွေလည်း လိုက်ဆောက်ပေးတယ်။ နိုင်ငံတစ်နိုင်ငံမှာ အစိုးရက လူမှုရေးအဖွဲ့ တွေကို လုပ်ပါလို့တွန်းအားပေးရမယ်။ လမ်းဖွင့်ပေးရမယ်။ ပူးပေါင်းပြီး လုပ်သင့်ရင်လည်း လုပ်ရမယ်။ ဒါတွေဟာ သူတို့အတွက် ဘာမှအပန်းကြီးတာမဟုတ်ဘူး။ လူမှုရေးအဖွဲ့တွေကို ငွေကြေးထောက်ပံ့ ခိုင်း တာလဲမဟုတ်ဘူး။ လုပ်တဲ့လမ်းကြောင်းကို ဖွင့်ပေးပြီးမှ ဟန့်တားနေတာမျိုးကတော့ အဓိပ္ပါယ်မရှိဘူး။
အခုဆို နာရေးကူညီမှုအသင်းဟာ နာရေးအတွက်သာမက ကျန်းမာရေး၊ ပညာရေးအတွက်တွေမှာ တကယ်အကူအညီလိုအပ်နေတဲ့ သူတွေအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေတယ်။ ဒီအပေါ်မှာ အများပြည်သူကလည်း အသိအမှတ်ပြုကြတယ်။ ဒီတော့ ဦးကျော်သူအနေနဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တွေအပြင် ပရဟိတနဲ့ ပတ်သက်ပြီးဘာတွေထပ်လုပ်ဖို့ အာသီသရှိနေလဲ။
ကျွန်တော်တို့အခုလုပ်နေတာက ဘာမှသိပ်ပြီး ပြည့်စုံအောင် လုပ်နိုင်သေးတာမဟုတ်ဘူး။ ကိုယ့် စိတ်ထဲမှာရှိတဲ့အတိုင်း လုပ်ခွင့်လည်းရသေးတာမဟုတ်ဘူး။ ဒီလိုလုပ်ခွင့်ရဖို့ အစိုးရဘက်က ခွင့်ပြုဖို့လည်း လိုတယ်။ စေတနာရှင်တွေလည်းလိုတယ်။ ဒီလုပ်ငန်းက အလှူငွေရှိမှလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင် မှာ၊ စိတ်ဓါတ်ရှိရုံတစ်ခုတည်းနဲ့လည်း လုပ်နေလို့မရသေးဘူး။ တချို့နယ်က အသင်းအဖွဲ့တွေ အရမ်းဒုက္ခ ရောက်တယ်။
လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဓါတ်ရှိကြပေမဲ့ အစစအရာရာ အဆင်မပြေကြတော့ လုပ်ချင်သလောက် မလုပ်နိုင်ကြဘူး။ ကျွန်တော်ဆိုရင် လုပ်ချင်တာအများကြီးရှိတယ်။ ကျွန်တော်ပြည်ပသွားတယ်ဆိုရင် ရှော့ပင်း သွားတာမဟုတ်ဘူး။ ပြည်ပရောက်ရင် သုဿန်တွေကိုပဲ သွားလေ့လာတယ်။ ရောက်တဲ့ နိုင်ငံ တိုင်းက သုဿန်တွေကိုကြည့်တယ်။ သူတို့သုဿန်တွေကိုကြည့်ပြီးတော့ ကိုယ့်နိုင်ငံကသုဿန်တွေ အတွက် တော်တော်ရင်နာရတယ်။ သူတို့သုဿန်တွေက တကယ့်ကိုခမ်းခမ်းနားနားကြီးတွေနဲ့ မလေးရှား မှာက အရိုးပြာတွေထည့်တဲ့ သုဿန်တစ်ခုဆို ဟိုတယ်ကြီးလိုခမ်းနားတယ်။ အမေရိကားမှာဆိုလည်း သူတို့အိမ်ကမွေးတဲ့ အိမ်မွေးတိရစ္ဆာန်တွေကအစ သေသွားရင် အရိုးပြာကို အိမ်ရှင်အရိုးပြာနဲ့ ယှဉ်ရက် ကလေးတွေထားကြတယ်။ သြစတြေးလျမှာဆိုလည်း ပန်းခြံကြီးတွေလိုပဲ သုဿန်တွေကို ခမ်းနားအောင် ဖန်တီးကြတယ်။ ကိုယ့်နိုင်ငံမှာ တော့ ရှိတဲ့သုဿန်တွေကတော့ ပျောက်ပျောက်ကုန်တယ်။ ကျွန်တော်တို့ နိုင်ငံက သုဿန်တွေကိုလည်း တခြားနိုင်ငံကလိုပဲ ခမ်းခမ်းနားနား ဖြစ်စေချင်တယ်။ ဒီနိုင်ငံမှာ ဆန္ဒရှိတိုင်း လုပ်လို့မရဘူး။ အခု မီးသင်္ဂြိုဟ်စက် ဆောက်မယ်ဆိုရင်တောင်မှ စည်ပင်သာယာကို တင်ရမယ်။ စည်ပင် က ခွင့်ပြုမှ ဒါတောင်ဘယ် လောက်အကုန်အကျ ခံမှာလဲဆိုတာကအစ မေးသေးတယ်။
ပရဟိတသမားတစ်ယောက်ဖြစ်ဖို့ အဓိကခံယူချက်နဲ့ စိတ်ထားက ဘယ်လိုမျိုးဖြစ်မလဲ။
အဓိကကတော့ ပရဟိတသမားဆိုတာ ဗြဟ္မစိုရ်တရားလေးပါးရှိရမယ်။ လူသားချင်း စာနာစိတ်ရှိရ မယ်။ ကိုယ်ချင်းစာစိတ်ရှိရမယ်။ အတ္တလုံးဝမပါဘဲ ပရအတွက်ပဲလုပ်ရမယ်။ ပြီးတော့ ဘယ်လောက် အနစ် နာခံနိုင်လဲ။ ဘယ်လောက် ပေးဆပ်နိုင်လဲဆိုတဲ့အပေါ် မူတည်တယ်။ ကိုယ့်လုပ်ရပ်အပေါ် ရဲရဲဝင့်ဝင့် သစ္စာဆိုရဲနိုင်ရမယ်။ ကျွန်တော်ဆိုရင် ၂ဝဝ၇ ခုနှစ် ကတည်းက ကိုယ်ပိုင်ဝင်ငွေတစ်ပြားမှ မရှိဘူး။ ဒါပေမယ့် ကိုယ့်မိသားစု အသိုင်းအဝိုင်းရဲ့ နဂိုကတည်းကရှိထားတဲ့ စည်းစိမ်ငွေကြေးတွေနဲ့ ကျွန်တော်ရှာ ထားတဲ့ ဝင်ငွေတွေကို စနစ်တကျ သိမ်းဆည်းထားတာတွေရှိတဲ့အတွက် ဝင်ငွေမရှိပေမယ့် ကျွန်တော် နေနိုင်တယ်။ စားနိုင်တယ်။ ပရဟိတအလုပ်ကို လုပ်နိုင်တယ်။ သားသမီးတွေကလည်း လှည့်ကြည့်စရာ မလိုတော့ဘူး။ ကိုယ့်ရဲ့အနုပညာအလုပ်ကို စွန့်လွှတ်ရတယ်။ ကိုယ့်သားသမီးကိုလည်း လှည့်ကြည့်ချိန်မ ရဘူး။ စွန့်လွှတ်ခြင်းတွေများမှ လူမှုရေးကို လုပ်နိုင်မယ်။ ဦးဆောင်နိုင်မယ်။
အခု မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဘာသာရေးမုန်းတီးမှု အခြေခံတဲ့ အကြမ်းဖက်မှုတွေအပေါ် ဦးကျော်သူ အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။
ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ် အားလုံးက လူသားတွေချည်းပဲ။ တိရစ္ဆာန်တွေမှ မဟုတ်ကြတာ။ ကမ္ဘာ့ရန်ဘက် တိရစ္ဆာန်တွေဖြစ်တဲ့ ခွေးနဲ့ကြောင်တောင်မှ တစ်ခါတလေ ခွေးမကြီးက ကြောင်ပေါက်ကလေးတွေကို နို့တိုက်နေတာတွေ၊ ကျားမကြီးက ဝက်ကလေးကို နို့တိုက်နေတာတွေ ရှိတတ်တာပဲ။ အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်တွေတောင် စာနာစိတ်မွေးတတ်ကြတာ။ အသိဉာဏ်ရှိတဲ့ လူသားတွေကဘာလို့ လူသားချင်းစာနာစိတ် မမွေးနိုင်ကြတာလဲ။ သူကအသားမည်းလို့၊ သူက အသားဖြူ လို့ လူမဟုတ်ဘူးလို့ ပြောလို့မှမရဘဲ။ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး လူကိုလူလို့ပဲ သတ်မှတ်ရမှာ ပေါ့။ ဘုရားဟောထားတာလည်း ဒီအတိုင်းပဲ။ ဘာသာစွဲတွေ၊ အစွန်းရောက်တာတွေ လက်မခံဘူး။ ကျွန်တော်တို့လည်း မလိုချင်ဘူး။ ငါ့ဘာသာမှ ကောင်းတယ်။ သူ့ဘာသာက မကောင်းဘူး။ ဒါမျိုးမဟုတ် ဘူး။ ဘာသာတိုင်းမှာ ကောင်းတာလေးတွေရှိတယ်။ အဲဒီကောင်းတာလေးတွေကို စုပြီးတော့ လူသားချင်း စာနာတဲ့စိတ်နဲ့ အတန်းစား မခွဲခြားဘဲနဲ့ ဆက်ဆံတယ်ဆိုရင် အကောင်းဆုံးပါပဲ။  ။
(၁၁.၁ဝ.၂ဝ၁၃ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာပါ ကျွန်တော်ကျော်သူနှင့် ဆောင်းပါးရှင် အောင်မြင်ရဲဇော်တို့ တွေ့ဆုံမေးမြန်းခြင်း ဤနေရာတွင် အဆုံးသတ်ခဲ့သည်။)
ဤဆောင်းပါးတွင် ကျွန်တော်ဖြေကြားခဲ့သည်များကို မိမိကိုယ်ကို ပြန်လည်သုံးသပ်မိသည်။ ကျွန်တော်လုပ်ကြံပြောခြင်းမရှိ၊ ရင်ထဲက ခံစားမှု၊ အများပြည်သူတို့နှင့် ထပ်တူခံစားမှု၊ နယ် ပရဟိတအဖွဲ့ များကိုယ်စား ခံစားမှုများသာဖြစ်ကြောင်း ပြန်လည်သုံးသပ်မိသည်။
ထို့ကြောင့် … ကျွန်တော် အမှန်များကို ပြောခဲ့သည်။
      အမှန်တရားဘက်ကသာ ရပ်တည်သူဖြစ်သည်။
ဒါဆိုရင် တစ်ခုစဉ်းစားမိပြန်တော့သည်။
မြန်မာပြည်တွင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အစပြု၍ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းတည်ထောင် ထားသော လူမှုရေးအသင်းအဖွဲ့များသည် မြန်မာပြည်သူလူထုတို့၏ လှူဒါန်းမှုများဖြင့် မြန်မာပြည်သူလူထု အပေါင်းကို “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူသော ဆောင်ပုဒ်ကဗ္ဗည်းအတိုင်း ရပ်တည်ပေးဆပ်နေသော အဖွဲ့များဖြစ်သည်။ ပြည်ပအဖွဲ့အစည်းများ၏ ထောက်ပံ့မှုနှင့် ရပ်တည်နေသော ဒေါ်လာ စားအဖွဲ့များ မဟုတ်ပါ။
ယခုကဲ့သို့ ဗြဟ္မစိုရ်တရာလေးပါးကို လက်ကိုင်ပြု ကျင့်သုံးနေသော လူမှုရေးသမားများ၊ (ပရဟိတသမားများ) သည် အများပြည်သူလူထုတို့အတွက် အနစ်နာခံ ပေးဆပ်မှုဖြစ်နေသော သူများဖြစ်ကြသည့်အတွက် သီးခြားဥပဒေ မသတ်မှတ်စေချင်ပါ။ အသင်းအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများဖြစ်သော (ငွေကြေး၊ လူမှုရေး) ဖောက်ဖျက်ပါက နိုင်ငံတော်မှ ချမှတ်ထားသော တရားဝင်တရားဥပဒေအရ အရေးယူ ယုံပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မြတ်စွာဘုရားချမှတ်ထားသော လူသားချင်းစာနာစိတ်၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ပွားများကြပြီး အတ္တများကိုဖြုတ်ကြကာ “မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ မျက်နှာတော်အား တစ်ချက်လောက်တော့  ငဲ့ကြည့်ပြီးမှ အသင်းအဖွဲ့ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်း ဥပဒေကိုပြဌာန်းသင့်ပါကြောင်း” ပြောကြားလိုပါသည်။ ကျွန်တော်၏ စိတ်အစဉ်တို့သည် ယင်းကဲ့သို့ ဗြဟ္မစိုရ်တရားကို ဥပဒေသတို့ဖြင့် ချုပ်ကိုင်မည်ဆိုပါက ပုဂံမြို့ရှိ “မနူဟာ မြတ်စွာဘုရားကြီး” ၏ မျက်နှာတော်အား မြင်ယောင်မိတော့သည်။ “မနူဟာ ဥပဒေ” မဖြစ်ရန်သာ အရေးကြီးလှသည်။
ထို့ကြောင့် အများပြည်သူလူထုတို့အတွက် ရပ်တည်ပေးနေသော၊ အများပြည်သူတို့မှ တင်မြောက် ပေးထား သောဗုဒ္ဓဘာသာဝင် ပြည်သူ့လွှတ်တော် အမတ်များ၏ စေတနာ၊ ဂရုဏာ၊ မေတ္တာတရားတို့သည် “ပြည်သူ့အသံ .. လွှတ်တော်အသံ၊ လွှတ်တော်အသံ .. ပြည်သူ့အသံ” ဟူ၍ ပြည်သူလူထုတို့နှင့် တသားတည်း ဖြစ်ပေလိမ့် မည်ဟု မျှော်လင့်မိပါတော့သည်။ 
အများပြည်သူတို့အတွက် အနစ်နာခံ ပေးဆပ်နေသော ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့ပေါင်း (၅ဝဝ) ကျော်တို့ကိုယ်စား

ကျော်သူ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)