မင်းကိုနိုင် ● တောင်ထိပ်က တေးသံ

May 12, 2016

  ● တောင်ထိပ်က တေးသံ

(မိုးမခ) မေ ၁၂၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

သူ့အကြောင်းကို ငယ်စဉ်ကပင် ကြားဖူးနေကျ၊ ချင်းပြည်နယ်၏ အလှဘုရင်မ။ မြန်မာနိုင်ငံတွင် တတိယမြောက် အမြင့်ဆုံး တောင် ၀ိတိုရိယဟူ၍။ ဒါက အင်္ဂလိပ်ခေတ် အခေါ်အဝေါ်ဆိုတော့ ပြန်ပြောင်းခဲ့ကြသည်။ ချင်းလိုတော့ “ခေါ်နုသုမ်”၊ မြန်မာ လို နတ်မတောင် ဟူ၍။ ဒေသခံတွေက ဒီမြန်မာပြန်နာမည်ကို မတိကျ သေးဟုခံစားနေဆဲပါ။ “တောင်တွေရဲ့ အမေ” ဟု အဓိပ္ပာယ်ရအောင် မှည့်စေချင်ပါသတဲ့။

ယောနယ် ဆောမြို့ကလေးမှ ၁၂ မိုင် ဆိုလျှင် ချင်းပြည်နယ် ကန်ပက်လက်ကို ရောက်ပြီ။ ထိုမှသည် အရောက်သွားရမည်က ချင်းအခေါ် “ခေါ်နုသုမ်” မြန်မာပြည်မှာ တတိယအမြင့်ဆုံးဆိုပေမယ့် မြေသားတောင်ထဲမှာတော့ သူကအမြင့်ဆုံးတောင်။က ချင်ပြည်နယ်က ခါကာဘိုရာဇီ၊ စာရာမေတိတို့လို ကျောက်သား၊ ရေခဲတောင် မဟုတ်။

ချင်းတောင် ဆိုသည်နှင့် “ဇလပ်နီ”ကိုသာ စိတ်ထဲ မြင်ယောင်ကြည့်ကြစမြဲ။ ကျွန်တော် ချင်းတောင်ကို ၃ ခေါက်ရောက် ဖူးသော်လည်း ပေ ၄-၅ ထောင် အထိသာမို့ ထိုမြင်ခဲလှသည့် ဇလပ်နီကို ကြည့်ချင်လျက် မမြင်ခဲ့ရ။ သူက ပေ ၆ ထောင် ၇ ထောင်ကျော်မှ ပွင့်သည့် နတ်ပန်းပေကိုး။

ခရီးသွား ဧည့်သည် တစ်ဖွဲ့လုံးမှာ တောင်ဇလပ်နီကို ရင်ခုန်ချင်လှဘိ။ ပေ ၆ ထောင်ကျော်သည်နှင့် ရှာကြမည်။ အရင် တွေ့ သူ ကံထူးစတမ်း။ ဒီနတ်ပန်း ဘယ်အဆင်းနဲ့ဂုဏ်သတင်း ဒီလောက်မွှေးနေပါ့။ စိတ်ထဲ ကြုံးဝါးကြပါသည်။
*-*-*

အမြင့်ပေ ၄၅၆၀ ရောက်တော့ “ကန်ပက်လက်” မြို့ကို နှုတ်ဆက်ခွင့်ရသည်။ ကန်ပက်လက်ကထွက်တော့ “ကန်ပုလဲ” ဆိုသည့် ကန်ဟောင်းကို မြင်ရ၏။ အချို့ကလည်း ကန်ပုလဲကနေ ကန်ပက်လက် ဖြစ်သွားတယ်ဟု ဆိုပြန်သည်။ ကျွန်တော် အတိအကျ မသိခဲ့ရပါ။ ထူးခြားနေတာက အခြားမြို့များလို (ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ မတူပီတို့လို) ချင်းနာမည်ဘာကြောင့် မဖြစ်ရသလဲ။

ကန်ပက်လက်တွင် နှစ်ပေါင်း ၃၀ နီးပါး တာဝန်ထမ်းဖူးသူ သမဦးစီးမှူးက ထိုကိစ္စကို ရှင်းပြပါသည်။ အင်္ဂလိပ်ခေတ်က ဒီဒေသဟာ မကွေးတိုင်း မင်းကြီးနယ်ပယ်ထဲမှာပါ။ နွေရာသီ အပူရှောင်ဖို့ ဒီမှာ မြို့တည်ပါသတဲ့။ သြော်၊ သူက ရှမ်းပြည်မှာ ကလော၊ ယခင် မေမြို့၊ ယခု ပြင်ဦးလွင်တို့လိုပေါ့ဟု နားလည်လိုက်ပါသည်။ ဒါကြောင့်လည်း မြို့အထွက်မှာ အုတ်တိုက်နီနီ ခေါင်းတိုင်မြင့်နှင့် ဘိုတဲတစ်လုံးကို မြင်ခဲ့တာကိုး။ ဒေသအခေါ် မှိုင်းတိုက်သည့်ဒဏ်ခံနိုင်ရန် တိုက်နံရံကို နှစ်ထပ် ကာထား သည့် ဘိုတဲနီမှာ မီးကျွမ်း သစ်ငုတ်တွေနောက် ရှေ့၊ အထီးကျန် ဇာတ်ကြောင်းပြန်ချင်နေပုံရသည်။

ထိုဒေသ တာဝန်ကျသည့်အမှုထမ်းတွေက ပြောသည်။ “ဟိုတုန်းကဆို ဆောင်းနှောင်းရာသီမှာ တောတောင်သစ်ပင်တွေ လှချက်ဗျာ၊ ကိုရီးယားကားတွေထဲ လှသလောက်တော့ ဒီကလည်း ပြိုင်ရဲသပေါ့၊ နွေဦးပေါက်ခါနီး အဝေးမြင်ကွင်းများ ကြည် လင်လို့ကတော့ ဟိုးပုပ္ပားအထိလှမ်းမြင်ရတာ” သူက တမ်းတမ်းတတ ပြောနေရင်းမှ ရုတ်တရက် စကားကို ချိုးကွေ့ချ လိုက်သည်။“ဒါပေမဲ့ တောင်လုံးကျွတ် အဲသလို ၀ါရွှေနီ စုံအောင်လှပြီးဆိုရင် တအား ငိုချင်တာဗျ” “ဘာလို့လဲ” ဟု အားလုံးက မချင့်မရဲ မေးသည်။

“အထီးကျန်ဆန်တာကိုးဗျ၊ ကိုယ်နဲ့ ဘာသာစကား ရင်ဘတ်ချင်းတူသူတွေမှ မရှိတာ၊ သဘာဝအလှကို ခံစားဖို့ဆိုတာထက်မြင်စေကြည့်စေချင်သူတွေကို ပြောနိုင်ပြနိုင်မှ၊ ဒီမှာက အိမ်နီးနားချင်းလည်း မရှိ”

ခုခေတ်လို ဆက်သွယ်ရေး နည်းပညာနဲ့ဆို နည်းနည်းတော်ဦးမယ်ဟု ကျွန်တော် ဖြေသိမ့် တွေးမိသည်။ Viber ဗီဒီယိုဖုန်းနဲ့ ရိုက်ပြမယ်ပေါ့။ ကျွန်တော့် အတွေးကို လက်တွေ့ဘ၀က ရက်ရက်စက်စက် နင်းချေသွားသည်။ တယ်လီဖုန်းလိုင်းတောင် ကောင်းကောင်း မမိ။

သူ ပြောပြသည့် ၀ါရွှေနီမောင်း ပင်ပေါင်းစုံ တောလုံးဝေအလှကို ကျွန်တော် မြင်အောင် ခံစားရန် ကြိုးစားကြည့်ပါသေးသည်။ မီးကျွမ်း ငုတ်တုတ် ဒဏ်ချက်များဖြင့်ထိုတောင်က ဆံပင်ကျိုးတိုးကျဲတဲဘ၀ဖြင့် မျက်လွှဲချရရှာပါ၏။
*-*-*

“ဒီနေရာတွေမှာ အရင်ကဆို ၀ံတွေ၊ ကျားတွေ၊ ကျားသစ်တွေ ရှိသဗျ၊ နွားနောက်တွေကလည်း ပေါ” သူက ပြောသာပြောရ အားမရှိလှပုံ။ အခုထိ နွားနောက်တောင် တစ်ကောင် မမြင်ရ။ ၀ံတွေကလူမြင်လျှင် ရန်လုပ်တတ်သလောက် ကျားကတော့ ရှောင်ပြေးလေ့ရှိကြောင်းပြောရင်း ဒီက မြွေဟောက်တွေက အကောင်ပိုကြီးတယ်လို့ ပြောသည်တွင် ခရီးသွား ဧည့်သည်တွေ တွန့်ခနဲ ဖြစ်သွားသည်။

ဒါပေမဲ့ အပူပိုင်းဒေသက မြွေဟောက်တွေလို ကိုက်ရင်ဆေးမမီလောက်အောင် အဆိပ်မပြင်းဘူးဗျလို့ ကြောက်စိတ် ဖြေပေး ဖော်ရပါသည်။

ထိုခရီးမှာပင် ပါးရဲထိုးသူ ချင်းအဘွားအို တချို့ကို မြင်ခွင့်ရခဲ့သည်။ ငယ်သူတွေထဲမှာ မတွေ့ရတော့ပါ။ ပါးရဲခေါ် ဆေးမင် မျက်နှာမှာ ထိုးသည်ကလည်း ဒေသ၊ လူမျိုး တစ်စုနှင့်တစ်စု ထိုးပုံမတူ။ ဒီဇိုင်းကွဲကြသည်။ Munn တွေက ဒေါင်လိုက်စင်း ထိုးပြီး၊ Ngagah တွေက ကန့်လန့်စင်းထိုးသလို၊ Uppriu တွေကျတော့ မျက်နှာပြင် ပြည့်လုနီးနီး ထိုးခဲ့ကြသည်တဲ့။
*-*-*

“ဇလပ်နီတွေ တွေ့ရတော့မယ်ဟေ့တွေ့ရတော့မယ်၊ ဇလပ်နီတွေ” ပေ ၆ ထောင်ကျော်သည်နှင့် ခရီးသွားတွေက သံပြိုင် အော်ရင်း အလုအယက် ရှာနေကြသည်။ ဓာတ်ပုံရိုက်ရန်လည်း ဟန်တပြင်ပြင်။

လိုက်ပို့သူ ဒေသခံကား အားတောင့် အားနာ။ တောင်ဇလပ်ပန်းတွေက ရှားကုန်ပြီ။ ဟိုးတုန်းကလို မဟုတ်ဘူး။ လူတွေက အလှကြည့် တန်ဖိုးမထားဘဲ အမှတ်တရဆိုပြီး ခူးယူကြ။ ကိုင်းတွေ ချိုးဖဲ့ကြတော့ မြင်ရခဲသွားပြီ။ သစ်တောဌာနကတောင် မခူးယူကြဖို့ တားနေတာဟု မသက်မသာ ရေရွတ်နေပါသည်။ မြင်ဖူးလိုသူတွေကမချင့်မရဲ၊ တွေ့တော့ တွေ့ရမှာပဲဟု ဇွဲ တင်းလာကြပါ၏။

အမြင့်ပေ ၁၀,၀၀၀ နားရောက်သည်နှင့် မြင်ကွင်းကသိသာစွာ ပြောင်းလာပါသည်။ သီးခြားဆန်သော သို့မဟုတ်ကမ္ဘာအသစ် တစ်ခုကို ရောက်သလို ခံစားလိုက်ရသည်။နွေ နေ့လယ်ခေါင်ခေါင် အနွေးထည်တွေ ထုတ်ဝတ်ရသည်။ မြင်ကွင်းတစ်ခုလုံး အပင်တွေက အအေးဒဏ်ခံနိုင်အောင် ကျင့်ကြံ နေထိုင်ရသည်ထင့်။ ပုပုလုံးလုံးကွေးကွေးလေး တွေချည်း မြင်နေရသည်။ နွေးထွေးသောအိပ်ရာတွင် ကျွန်တော်တို့ ခြေဆန့်လက်ဆန့် အိပ်နိုင်သော်လည်း ချမ်းအေးလွန်းသည့် ညများတွင်အစွမ်းကုန် ပုကွေးနေရသည်နှင့် တူလှပါတော့သည်။ တောင်နံရံ လေကွယ်ရာအရပ်က အပင်တွေ ခါးဆန့်ရသမျှ၊ လေဟာပြင်ဘက်နေရ သည့် အပင်တွေက ဂျပန်ဘွန်ဇိုင်းပင်တွေလိုချည်း မြင်နေရသည်။

အပင်အချို့မှာ “လေသိုက်” ဆိုသည့် ထူးခြားအရာကိုဒေသခံက ပြသည်။ ဒါဟာ အပင်က ဖြစ်လာတာမဟုတ်ဘူး၊ မိုးတွင်းမှာ မှိုင်းတိုက်ရင်းနဲ့ အပင်တွေရဲ့ကိုင်းတွေမှာ ငှက်သိုက်မျှင်တွေလို ဖြစ်လာပါသတဲ့။ မှိုင်းတိုက်ရင်းဖြစ်လာတာဆိုတော့ ကျပ်ခိုး စွဲသလိုလားဟု ကျွန်တော် ၏မေးရာ သူက အားပါးတရ ရယ်နေပါသည်။
.
အာဆီယံ အမွေအနှစ် ဥယျာဉ်ဆိုင်းဘုတ် နားရောက်မှတစ်ယောက်က တွေ့ပြီဟု အားရပါးရ အော်ကာ ဓာတ်ပုံရိုက်သည်။
အပင် မြင်သမျှ မော့ကြည့် ရှာဖွေခဲ့ရသော ဒုက္ခလွတ်ပြီပေါ့။ တွေ့ရသည့် တောင်ဇလပ်ပန်းနီလေးကား အရွက်တွေထဲ ပုန်းနေသည့် ကြားက တွေ့သွားသူတွေကို ရှက်စနိုးရယ်နေရော့ထင့်။ ကွယ်တစ်ဝက် ပေါ်တစ်ဝက် မြင်တစ်ဝက် လှုပ်ခတ်နေ ပါသည်။

ဒီနတ်မတောင်တက်လမ်းကို ကားလမ်း ပေါက်သွားသည့်အပေါ် အမြင်တွေ မတူကြပါ။ လူအသွားအလာ များသည်နှင့်အမျှ သဘာဝ ၀န်းကျင် ထိခိုက်မှာစိုးသူတွေက ဘ၀င်မကျ သလို၊ ကိုယ်တိုင် လျှောက်မတက်နိုင်သူတွေကတော့သဘောတွေ့ကြပါသည်။ အဆိုး အကောင်း တွဲနေသည့်ကိစ္စမို့ ကိုယ်ပယောဂကြောင့် အလှနှင့် တန်ဖိုးများမထိခိုက်အောင် ဆင်ခြင်ကြဖို့ သာ ရှိသည်ဟု ယုံကြည်ပါ၏။
*-*-*

တောင်ထိပ်ရောက်ပြီ။ ရှုခင်းများကား နတ်ပန်းချီသို့။ ကမ္ဘာမြေပေါ်က အံ့ချီးဖွယ်အလှများ နည်းတူတော့နတ်မတောင် ထိပ်လည်း သရဖူဆောင်းနိုင်သည်ပဲ။ နွေနေ့လယ်ကောင် အနွေးထည်ကို ရင်ဘတ်စေ့ရင်းသဘာဝ၏ ရခဲသော တန်ဖိုး အ လှ ဆွဲဆောင်ရာ မျောပါလိုက်ပါ၏။ ထင်းရှူး၊ မဂျယ်၊ သစ်အယ်၊ ချယ်ရီ၊ တောင်ဇလပ်နီတို့ကို ပင်ယံပေါ် မော်ကြည့်။ ပတ်လည်တံတိုင်း၊ မြူဆိုင်းတောင်တွေ ငေးနေပြီးမှ ကျွန်တော်ရပ်နေရာ တောင်ထိပ် မြေပြင် မှတ်မထင်ငုံ့ကြည့်မိသည်။ အလို…မြေပြင်မှာ ကြဲပက်ထားသလို တွယ်ကပ်နေကြတာဖြူ ပြာ ခရမ်း ပန်းကလေးတွေပါလား။“မြေကပ် ပန်းကလေးတွေ” ဟု တစ်ယောက်က ရေရွတ်လိုက်သည်။ ဒေသအခေါ် ကျွန်တော် မသိပါ။ သိအောင်လည်း မကြိုးစားတော့ပါ။ ဒီနာမည်ကပင် သူတို့ သဘာဝဖြစ်တည်မှုကို ပေါ်လွင်လှပါပြီ။ အမြင့်ပေ တစ်သောင်းကျော် တောင်ထိပ်ရောက်အောင်အားခဲ လှမ်းလာရ သူတွေအတွက် အခြားသဘာဝအလှများနည်းတူ အမောပြေ နှစ်သိမ့်ကြိုသူတွေထဲ မြေကပ်ပန်းကလေးတွေလည်း အား တက်သရော ပါခဲ့ပါသည်။
▬-▬-▬

‪#‎ကျွန်တော်တို့‬ ခေါင်းတွေက အမြင့်မျှော်တာ အကျင့်ပါနေပြီမို့ မမြင်ခဲ့ကြပါ။ သူတို့ ဧည့်ဝတ်ကျေပါလျက် နှုတ်မဆက် ခဲ့ရပါ။ သိမှတ်ပြု မတုံ့ပြန်ဖြစ်ခဲ့ပါ။ ကျွန်တော် သူတို့နံဘေး ကွက်လပ် ရွေးစရာ စိုးစိမျှမနင်းမိအောင် ရှောင်ကွင်းပြီး ညင်သာ ထိုင်လိုက်ပါသည်။
▬-▬-▬

အားမရသေး၍ သူတို့နှင့် နံဘေးယှဉ် လဲလျောင်းလိုက်ပါ၏။သူတို့ မျက်နှာများနှင့် ပိုနီးသွားပါပြီ။ မြေကပ်ပန်းကလေးများ၏ ဧည့်ကြို တေးသံကိုခုမှ ကြားရပါပြီ။ တန်ဖိုးပျက်သွားမှာ စိုး၍ ပြန်မပြောပြတတ်ပါ။ ကိုယ်တိုင် နားဆင်ခွင့် ရစေကြချင်ပါသည်။

#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ် ၈၃ မှ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments