မောင်စွမ်းရည် ● အဝီစိနဲ့ ဝေးတဲ့ရွာ … တင်မိုးတို့ရွာ

May 12, 2016

မောင်စွမ်းရည် ● အဝီစိနဲ့ ဝေးတဲ့ရွာ … တင်မိုးတို့ရွာ

(မိုးမခ) မေ ၁၂၊ ၂၀၁၆

တင်မိုး (ကိုဘဂျမ်း) ရဲ့မွေးဇာတိရွာက မြင်းခြံခရိုင် တောင်သာမြို့နယ် ကန်မြဲ-ဇဂျမ်းရွာ ဖြစ်ပါတယ်။ ကန်မြဲရွာနဲ့ ဇဂျမ်းရွာ တစပ်တည်းဖြစ်သွားလို့ နှစ်ရွာပေါင်း အမည်တွင်လာရတာပါ။ အညာဒေသ မိုးခေါင်ရေရှား ရပ်ဝန်းဟာ ကန်ရေကိုအားထားရလို့ ရွာတွေရဲ့အမည် တော်တော်များများက “ကန်” ဆိုတဲ့ ဝိသေသပါတက်ပါ တယ်။ ရွာတွေချဲ့ရင်း ပေါင်းစပ်သွားလို့ နှစ်ရွာပေါင်းအမည်တွေလည်း အများကြီးရှိပါတယ်။ ဥပမာပြောရရင် ကန်တော်+ ကြာပို့ ( ကန်တော်ဂျပို့)၊ ပျဉ်စီ+ ကန်နား+ ကန်သာ+ ကန်ရွာ စသဖြင့် ရှိကြပါတယ်။ ကျနော့် ဇာတိရွာရဲ့အမည်က “ကန်ဆင့်” တဲ့။

အညာဓလေ့၊ ရွာဓလေ့ကိုစပ်မိလို့ပြောရရင် ကျနော်တို့ရွာက မြင်းခြံသွားတဲ့အခါ ဖြတ်သွားရတဲ့   “ ရွာသာရွာ” နဲ့ “မုံရွာ” ဆိုတာ ရှိပါတယ်။ နှစ်ရွာဆက်သွားတော့ “ရွာသာ-မုံရွာ” လို့ ခေါ်ရင်က ခုတော့ “ယသ မုံ” လို့ခေါ်လို့ ကျနော်အသက်ကြီးမှ ရွာပြန်တဲ့အခါ မျက်စိလည်သွားရပါတယ်။

တင်မိုးရွာက ကန်မြဲ-ဇဂျမ်း ခေါ်ပေမယ့် သူနေတဲ့ရွာက ကန်မြဲအပိုင်းဖြစ်လို့ သူ့ကလောင်အမည်ဟောင် ဟောင်းတခုကို “ကန်မြဲသက်နှင်း” လို့ယူခဲ့ဖူးတာ သိရပါတယ်။ သူ့မိဘတွေကတော့ ဦးဘအိုနဲ့ ဒေါ်စံထယ်တဲ့။ ကဗျာဆရာကြီးရဲ့အမေက စာမတတ်ရှာဘူး။ သူ့အစ်မကြီးက မတင်မေတဲ့။ လူမှန်းသိစကတည်းက ယောကျာ်း လိုဝတ်ပြီး ဆံပင်ကို ယောက်ျားလို သျှောင်ထုံးထားတတ်တယ်။ တကယ့်ယောက်ျားကြီးလိုပဲ။ ရွှေသွားလည်း ပါတယ်။ အသားညိုတယ်။ သူ့နှမကတော့ မတင်စန်းတဲ့။ သူက အသားလတ်ပါတယ်။ သူတို့အမေက စက်ချူပ် တယ်။ သူတို့လည်း စက်ချူပ်တယ်။ မတင်မေကို ကန်မြဲရွာအပိုင်းမှာမွေးလို့ “မမြဲ” လို့ ငယ်နာမည်ပေးခဲ့သတဲ့။ မောင်ဘဂျမ်းကိုတော့ “ဇဂျမ်း” ရွာအစွဲပြုပြီး “ဘဂျမ်း” နာမည်ပေးခဲ့တာပါတဲ့။

တင်မိုးရဲ့မိဘတွေရဲ့ဇာတိက ရေစကြိုနယ်က ရွာကလေးတရွာပါ။ “မြေဖြူ-မုန်ညင်း” တဲ့။ ဦးဘအိုက ရွာရက်ကန်းစင်တွေက လုံချည်ဖျင်အုပ်၊ ဖျင်စတွေကို ဘုရားပွဲဈေးတကာကို လှည့်လည်ရောင်းချ အသက်မွေး ခဲ့ဖူးတယ်။ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးတို့ရဲ့ဇာတ်ပွဲရုံတွေရဲ့ဘေးမှာ ဂုန်နီအိတ်ကလေးခင်းပြီး ဆိုင်းသံ ဗုံသံ တွေနားထောင်ရင်း ဈေးရောင်းလေ့ရှိတယ်။ ဒါကြောင့် ဇာတ်သီချင်းတွေအားလုံးလောက်ကို ဆိုင်းတီးလုံး တီး ကွက်တွေနဲ့တကွ နှုတ်တက်ရနေတယ်။ ကန်မြဲကိုရောက်တော့ ရွာက ဆွမ်းတော်ကြီးခံတဲ့တီးဝိုင်းထဲမှာ လိုက် တယ်။ ပတ္တလားတီးတယ်ထင်ပါတယ်။ သူ့သားမောင်ဘဂျမ်း ဘူမှန်းသူမှန်းသိလာတော့ ဂီတနားစွဲလာပြီး သူ့လို ပဲ တေးဂီတဝါသနာရှင်ဖြစ်လာတယ်။ သူ့အဖေရတဲ့သီချင်းတွေကို သူလည်း ပါးစပ်တီးလုံးနဲ့တကွ နှုတ်တက်ရ တယ်။ အတီးသင်တော့ သူငယ်စဉ်ကခေတ်စားတဲ့ ဘင်ဂျိုအတီးသင်ခဲ့သလို ရွာတီးဝိုင်းမှာ ဘင်ဂျိုတီးခတ်သူ တယောက်ဖြစ်လာပါတယ်။ သူက ညဏ်ကောင်းတော့ ဘာမဆို သိလွယ်တတ်လွယ်တာကိုး။

သူတို့ရွာထိပ်မှာ ကန်ဘောင်အမြင့်ကြီးဟာ ရွာတံတိုင်းလို ကာရန်နေတယ်။ အမှတ်တမဲ့ကြည့်ရင်  တောင်တန်းလေးလား ထင်ရတယ်။ ကန်ကြီးက အကြီးကြီးပါပဲ။ နွေရာသီမှာသုံးနိုင်အောင် ရေတွေသိုလှောင် နိုင်တဲ့ မြေကန်ကြီးပါ။ နွေရာသီမှာ တဖြည်းဖြည်းရေတွေခန်းသွားတော့ ကန်ထဲမှာပဲ ရေတွင်းတွေ အစီအရီ ပေါ် လာပါတယ်။ ကိုယ့်အစုနဲ့ကိုယ်တူးကြတာပါ။ ဆယ်တောင် အတောင်နှစ်ဆယ်လောက် နက်မလားပဲ။ ရေပုံးကို ကြိုးတပ် ငင်ကြပါတယ်။ ရေပုံးက အများအားဖြင့် သွပ်ပုံးအပြားတွေပါ။ ရေတွင်းထဲမှာ ရေပါးပါးလေး စိမ့်ထွက် လာတာကို ပုံးပြားလှဲချပြီး ခပ်ယူရပါတယ်။ တင်မိုးတို့အိမ်မှာရေခပ်သူက မတင်မေနဲ့ မတင်စန်းတို့ပါပဲ။ မတင် မေက ယောက်ျားကြီးလို ဆိုင်းထမ်းပိုးနဲ့ ရေထမ်းပါတယ်။ ရေရှားတော့ ကျနော်အလည်သွားရင် ရေစွတ်ရုံ ရက် ခြားလောက်ပဲ ရေချိုးပါတယ်။ တင်မိုးက ရေမခပ်ပါ။

တင်မိုးတို့ရွာဟာ ရေကန်အပြင်မှာ ရေတွင်းတူးရင် အလွန်နက်လို့ တူးခဲပါတယ်။ အဝီစိတွင်း ခေတ်စား လာတော့ အဝီစိတွင်းတူးခဲ့တာ မအောင်မြင်ခဲ့။ ၁၉၆၀-၁၉၇၀ ဝန်းကျင်ပေါ့။ ဦးလေး လူထုဦးလှနဲ့ ဒေါ်ဒေါ်လူထု ဒေါ်အမာတို့ကို တင်မိုးနဲ့ သူငယ်ချင်းတစုက သူတို့ရွာ စာဆိုတော်နေ့ စာပေဟောပြောပွဲကို ဖိတ်ခေါ်သွားဖူး တယ်။ သူတို့ရွာကပြန်လာတော့ ဦးလေးက သူ့သတင်းစာမှာ “အဝီစိနဲ့ဝေးတဲ့ရွာ” လို့ ဆောင်းပါးရေးဖူးတော့ သူ တို့ရွားသားတွေ သိပ်သဘောကျတယ်။ ဒေါ်ဒေါ်ကတော့ “ဆီကိုရေလိုသုံး ၊ ရေကို ဆီလိုသုံးတဲ့ရွာ” လို့ ဆောင်း ပါးရေးပါတယ်။ အဲဒါလည်း သူတို့ရွာမှာပြောစမှတ်ပြုကြပါတယ်။ ဦးလှ၊ ဒေါ်အမာလူထုမောင်နှံရဲ့ စာပေခရီးဟာ သူတို့ရွာသမိုင်းမှာ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ နိုင်ငံရေးခရီးပြီးရင် အကြီးကျယ်ဆုံးသမိုင်း ဖြစ်ရပ်ပါပဲ။

သူတို့ရွာကို မြင်းခြံဘက်ကသွားရင် ဆယ်မိုင်လောက်၊ တောင်သာကသွားရင် ဆယ်မိုင်လျော့လျော့ ဝေးတယ်ထင်ပါတယ်။ (ကျနော် အမှတ်မှားနိုင်ပါတယ်)။ မြင်းခြံနဲ့ ကန်မြဲကနေတခေါက် မော်တော်ကားပြေးပါ တယ်။ ဒုတိယကမ္ဘာစစ်ကသုံးခဲ့တဲ့ စစ်သုံးလောရီကားကြီးပါ။ “သူကြီးဦးချို” ရဲ့ ကားတဲ့။ “ဆင်တဲဝ” ဆိုတဲံ သဲ ချောင်းအကျယ်အကြီးကိုဖြတ်ပြီး နေ့စဉ်သွားရပါတယ်။ မိုးတွင်းချောင်းကျရင် ရေကျအောင် စောင့်သွားရပါ တယ်။ နွေရာသီမှာတော့ ရေလုံးဝမရှိတဲ့ သဲချောင်းကြီးပါပဲ။ မိုးရာသီမှာတော့ “၉၉ ချောင်း၊ ပေါင်းလို့လဲကျ၊  ဆင်တဲဝ” လို့ စာစပ်ရတဲ့ ချောင်းကြီးပါ။ ၃၇ မင်းနတ်ထဲက မြင်းဖြူရှင်နတ်ဆိုတာ ထင်ပါတယ်။ အဲဒီချောင်း ကြီးထဲကို မြင်းနဲ့ဖြတ်ကူးရင်း အစိမ်းသေသေပြီး နတ်ဖြစ်ခဲ့တာလို့ ကြားဖူးပါတယ်။ ငယ်စဉ်က လူကြီးသူမတွေ ရဲ့ ပါးစပ်ရာဇဝင်မှာ ကြားဖူးတာပါ။

လူထုသတင်းစာမှာ ဦးလေးတို့ ဒေါ်ဒေါ်တို့ရဲ့ဆောင်းပါးတွေကိုဖတ်ပြီး ဗိုလ်ချုပ်နေဝင်းက အဝီစိတွင်း တူးတဲ့အဖွဲ့တွေ ကန်မြဲ-ဇဂျမ်းကို လွှတ်သတဲ့။ (၉ ဖွဲ့တောင်လွှတ်တယ်လို့ထင်ပါရဲ့)။ အဝီိစိတွင်းတူးတဲ့အဖွဲ့တွေ ဟာ ရွာမှာ လချီ၊ နှစ်ချီပြီးကြာအောင်နေရလို့ တင်မိုးတို့ရွာသူတွေနဲ့ အိမ်ထောင်ကျနေရစ်သူတွေတောင် အများ ကြီးရှိပါသတဲ့။ ရေတွင်းတွေကလည်း ဒီတော့မှအောင်သတဲ့။ ရွာက သိပ်ကျေးဇူးတင်တာပေါ့။ ရှေးတုန်းကသာ ဆိုရင် ကန်ဘောင်ပေါ်မှာ “လူထုမောင်နှံ နတ်ကွန်း” တို့ “ဗိုလ်နေဝင်းနတ်ကွန်း” တို့ လုပ်ကြမှာလို့ ကျနော် တွေးမိဖူးတယ်။ (ရေးမိဖူးသလားတောင် မမှတ်မိတော့ပါ)။

ကျနော် ပထမဆုံးထုတ်ဖူးတဲ့ လုံးချင်းကဗျာစာအုပ် “ အနီနဲ့အပြာ” မှာ “ကန်ဆည်ပွဲ” ဆိုတဲ့ ကဗျာပါ တယ်။ တင်မိုးတို့ရွာက ကန်ဆည်ပွဲကို မြင်ဖူးခဲ့လို့ရေးတာပါ။ ကျနော်တို့ရွာမှာလည်း ကန်ဆည်ပွဲရှိပေမယ့် သူတို့ ရွာက ကန်ကြီးလောက်မကြီးပါဘူး။ ကြုံဖူးတဲ့ ကန်ဆည်ပွဲတွေရဲ့ မြင်ကွင်းတွေကို ပေါင်းစပ်ရေးဖွဲ့ထားတာပါ။

“ ယောက်ျားက ပေါက်ပြားပါ

မိန်းမမှာ ထန်းလျှက်တောင်။

တူးဟာ- သယ်ဟာနှင့်

ပျော်ပါးစွား ဘုံအကျိုးမို့

ဘုံကြိုးကြကြောင်း။

အဘိုး အဘွားနှင့်

မြေးသားများ မကျန်ပါ။

ခွေးကြောင်စုံ အကုန်ထွက်

ကန်ဖက်ကိုလာ။

ဘုန်းကြီးရော သူကြီးပါ

တရွာလုံးအရေး။

ကန်နက်ကာ ဘောင်မောက်မှ

ရေလောက်မယ်လေး။

‘ဖိုးလတ်’ က ဒိုးပတ်တီးလို့

‘ ညိုကြီး’ က လင်ကွင်းကိုင်။

‘ဘဂျမ်း’ က ဘင်ဂျိုခေါက်

‘ ငကောက်ကြီး’ အကမြိုင်။

မိုးမကျမီ ကြိုးကြစို့ တူမြိုင်မြိုင်

နောက်မိုးကို မီနိုင်ရေး။

ကန်ဘောင်ပတ်ပါလို့

ဒိုးပတ်နဲ့ သံပြိုင်ဟစ်ကြွေး

ကြိုးကြပေလေး။ – စသဖြင့် ရေးဖွဲ့ဖူးတာကို ပြန်လည်လွမ်းဆွတ်မိပါတယ်။ ၁၉၆၄ လောက်က ရေးဖွဲ့ခဲ့ တာထင်ပါတယ်။ ကျနော်က တင်မိုးတို့ရွာကိုရောက်တိုင်း ကန်ဘောင်ကြီးပေါ်ရောက်အောင် သွားလမ်းလျှောက် ပါတယ်။ ကန်ဘောင်ပေါ်မှာ မန်ကျည်းပင်လေးတွေရှိတယ်။ ကန်ထဲကရေခပ်ပြီး ရေအိုးရွက်တက်လာတဲ့ မိန်း ကလေးတွေက ကန်ဘောင်ပေါ်မှာ အနားယူ၊ အားယူပါတယ်။ နားနေရင်းက အတင်းအဖျင်းပြောတာကို မန် ကျည်းပင်ပေါ်မှာ မန်ကျည်းရွက်ခူးရင်း ချောင်းနားထောင်တဲ့ ကာလသားပုံပြင်များလည်း တင်မိုးပြောပြတာ ကြားရဖူးလို့ ကျနော်က “ဘဂျမ်းပုံပြင်များ” အဖြစ် ဖောက်သည်ချတက်တာကို တင်မိုးကြားတော့ သူတောင် မကြားဖူးဘူးလို့ ပြန်ပြောဖူးလေရဲ့။ ပုံပြင်ဆိုတာ ဒီလိုပဲဖြစ်တတ်ကြတယ်ထင်ပါတယ်။ ဘယ်ကစလို့ ဘယ် ရောက်မှန်းမသိ ၊ “နှုတ်ဆင့်ကမ်း” လာခဲ့ကြတာပဲမဟုတ်လား။

ကိုဘဂျမ်းက သူများရွာတွေကို သွားလည်ခဲပါတယ်။ ကျောင်းပိတ်ရင် ရွာပြန်ပြီး ရွာတီးဝိုင်းနဲ့ ပျော်မွေ့ ပါတယ်။ ကျနော်က သူတို့ရွာကို ၄-၅ ခေါက်ဖူးပေမဲ့ သူက ကျနော်တို့ရွာကို “ တခေါက်မှ အနိုင်နိုင်” ဆိုသလို ရောက်ဖူးတာပါ။ ဒါတောင် ကျနော်မရှိတုန်း ကျနော့်ရဲ့နှမတွေကိုသွားပို့တဲ့ သူငယ်ချင်းတယောက်နဲ့ လိုက်သွား တာပါ။ ကျနော်တို့ရွာကို ကျနော်ခေါ်လို့ အသေအချာရောက်ဖူးသူတွေထဲမှာ ကိုသာနိုး၊ မောင်မိုးသူနဲ့ ဇော်ဇော် အောင်တို့ ပါပါတယ်။ ရုပ်ရှင်မင်းသား မြတ်လေးကတော့ ကြက်တိုက်ရင်း ရောက်သွားသတဲ့။ စာရေးဆရာ မင်း ကျော်လည်း  သူ့ကိစ္စနဲ့သူ ရောက်သွာဖူးသတဲ့။

တင်မိုးတို့ရွာကိုသွားရင် သဲချောင်းကြီးကို အကြာကြီးဖြတ်သွားရလို့ စက်ဘီးနဲ့သွားရင် ၁၀ မိုင်ခရီးကို ၅ မိုင်လောက် တွန်းသွားရပါတယ်။ တခါက ကျနော့်ရွာ ကန်ဆင့်ကနေ မြင်းခြံကို ၅ မိုင် စက်ဘီးနဲ့သွားပါတယ်။ မြင်းခြံကနေ အနောက်တောင်ဘက်ရှိ ကျနော်ကျောင်းနေခဲ့တဲ့ အမေ့ရွာ ထနှောင်းကုန်း- ထနှောင်းတိုင်ရွာတွေ ကို သွားပါတယ်။ အဲဒီက “ငါးမစင်-မီးပေါက်” နဲ့ “ ရွာစမိုက်” ကို သဲချောင်းကြီးဖြတ်ပြီး သွားရပါတယ်။ မြင်းခြံက နေ ဆယ်မိုင်လောက်ဝေးမယ်။ ရွာစမိုက်မှာ ကျနော့်အဖေရဲ့ညီဝမ်းကွဲ ကွန်မြူနစ်ကျောင်းဆရာ ကိုတင်မောင် ရှိ တယ်။ တိပိဋကဆရာတော်ကြီးက အဲဒီရွာက ရှေးက“ ရွာတမိုက်” လို့ခေါ်တယ်လို့ မိန့်ကြားဖူးတာကြောင့် ခု တော့ “ရွာတစ်မိုက်” လို့ စာလုံးပေါင်းကြတယ်လို့ ကြားလိုက်ရပါတယ်။ ရွာတစ်မိုက်ကနေ တင်မိုးတို့ရွာကိုသွား တော့ အရှေ့တောင်ဘက်ကိုထွက်ခဲ့တာလို့ပဲ သတိရပါတယ်။ အဲဒီခရီးကလည်း ၁၀ မိုင်လောက်ဝေးတယ်။ စက်ဘီးကို လက်နှစ်ဘက်နဲ့ကိုင်ပြီး ဦးခေါင်းနဲ့ပါ တွန်းရပါတယ်။ ဦးခေါင်းမှာက “ ဝစ်လ်စကပ်ဖ်” လို့ခေါ်တဲ့ သကလပ်ဦးထုပ်ဆောင်းထားပါတယ်။ သဲတွေထဲမှာ နေပူပူ ရေငတ်ငတ်နဲ့ စက်ဘီးကို တရှဲရှဲနဲ့ တွန်းသွားရတာ သေမတတ်ပါပဲ။ ခုပြန်တွေးရင်တောင် ကြက်သီးထမိပါတယ်။ ရူးတုန်း မိုက်တုန်းမို့ သွားဖြစ်ခဲ့တာ။

အဲဒီတုန်းက ကံကောင်းချင်တော့ တောင်သာမြို့မဂီတအဖွဲ့က ကိုညိုကြီးတို့ တယော၊ မယ်ဒလင်၊ ကလယ်ရီနက်တွေနဲ့ ကန်မြဲရွာကို ရောက်နေနှင့်ကြတာနဲ့ ကြုံကြိုက်ပါတယ်။ သူတို့နဲ့ တီးကြမှုတ်ကြ၊ ထန်းရေ ခါးသောက်ကြပါတယ်။ ကန်မြဲ-ဇဂျမ်းက ကိုဘဂျမ်းတို့အိမ်မှာ “တောင်သာမြို့မ” နဲ့ “ကန်မြဲ ဇဂျမ်း မြို့မ” အဖွဲ့ သားများ ပူးပေါင်းတီးမှုတ်ကြတာပါ။ သူတို့ရွာတီးဝိုင်းထဲက တယောသမား ကျောင်းဆရာကိုကျော်ထွန်းကိုတော့ မန္တလေးမှာရော ရန်ကုန်မှာရော ပြန်ဆုံရလို့ မှတ်မိနေပါတယ်။ သူ့မြေးတယောက်တောင် နယူးယောက်ကို ရောက်လာဖူးပါသေးတယ်။ နောက်တယောက်ကတော့ ကန်မြဲဇဂျမ်း မြို့မတီးဝိုင်း လူကြီးတဦးဖြစ်တဲ့ “ဦးဘအို” ဆိုတာ ကိုဘဂျမ်းရဲ့ဖခင်ကြီးပါ။ အသားလတ်လတ်၊ အရပ်ရှည်ရှည်နဲ့ပါ။ သူက စည်းတီးပါတယ်။ ရြာမွာ ဦးဘအုိ အက်ႌဝတ္ထားတာ မျမင္ဖူးခဲ့ပါဘူး။ အိုက်လို့နဲ့တူပါတယ်။ တခြားအဖွဲ့ဝင်တွေကို သူ့ကဗျာထဲမှာ ထည့်သွင်းခဲ့ ဖူးပါတယ်။

တောင်သာက ကိုညိုကြီးဆိုတာက မန္တလေးမှာ ကျူရှင်ကျောင်းတွေခေတ်စားတုန်းက နာမည်အကြီး ဆုံးနဲ့အလွတ်ပညာကျောင်းကြီးတကျောင်းဖြစ်တဲ့ ပွဲကုန်းကျောင်းကြီးရဲ့ဘော်ဒါအုပ်ဆရာကြီးပါ။ ပွဲကုန်းကျောင်း ပျက်တော့ “နေပြည်တော် အလွတ်ပညာသင်ကျောင်း” ဆိုတာကို မန္တလေးကျူံးအနောက်ဖက်ကပ်လျက် သူဌေး တန်းတဲမှာ တည်ထောင်ဖွင့်လှစ်တဲ့အခါ ဦးညိုကြီးက ဒုတိယကျောင်းအုပ်နဲ့ ဘော်ဒါအုပ်လုပ်ပါတယ်။ ကိုဘဂျမ်း က ရန်ကုန်မှာ ကျူရှင်ဆရာသွားလုပ်နေတော့ ကျနော်နဲ့ ကိုညိုကြီးတို့က စာရေးခေါ်လိုက်တယ်။ ကိုဘဂျမ်း၊ ဂုဏ်ထူးသိန်းနိုင်နဲ့ ကျနော်တို့သူငယ်ချင်းသုံးယောက်သား ကိုညိုကြီးအကြောင်းပြုပြီး အဲဒီကျောင်းတည်ထောင် ရာမှာ ဝင်ပါခဲ့ကြတာပါ။ ၁၉၆၃ လောက် ဖြစ်မယ်ထင်ပါတယ်။

ကိုညိုကြီးတို့ ကန်မြဲရွာကိုလာတုန်းက ကိုဘဂျမ်းတို့အိမ်မှာ ရေရှားမိုးရှားနဲ့မို့ အားနာပါးနာနဲ့ တညအိပ် တယ်ထင်ပါတယ်။ ကျနော်လည်း ကိုညိုကြီးတို့ နွားလှည်းကြီးနဲ့ တောင်သာကိုလိုက်သွားပြီး ပွဲတက်ပါတယ်။  စက်ဘီးကိုတော့ လှည်းကပ်ချိတ်ခဲ့ပါတယ်။ တောင်သာမြို့မတီးဝိုင်းက ကိုညိုကြီးတို့အိမ်မှာ ညတိုင်းတီးမှုတ်ပါ တယ်။ တောင်သာမှာ လေးငါးရက်နေပြီးမှ မြင်းခြံကို ၁၂ မိုင်ခရီး စက်ဘီးနဲ့ ကားလမ်းအတိုင်း ပြန်ပါတယ်။ မြင်း ခြံကမှ ရွာကိုပြန်ပါတယ်။ အဲသလို စက်ဘီးတစီးနဲ့ဖြစ်ဖြစ်၊ မန္တလေးကတဆင့် မီးရထားနဲ့ဖြစ်ဖြစ် ကျောင်းပိတ် ရက် ခရီးသွားနေတာမျိုးကို ကျနော့်အဖေက အားပေးအားမြှောက်လုပ်ပါတယ်။ ကျနော့်အဖေက ရွာသူကြီးပါ။ အဖေရဲ့အဖေကလည်း သူကြီးပါ။ အမေရဲ့အဖေကလည်း သူကြီးပါ။ သူကြီးတွေအချင်းချင်း တယောက်နဲ့ တယောက် သိကျွမ်းကြပါတယ်။ ကိုဘဂျမ်းရဲ့အိမ်ရောက်ရင် လက်ရှိ ကန်မြဲသူကြီးဦးချိုက ကျနော်တို့ကို ထမင်း ဖိတ်ကျွေးတတ်ပါတယ်။

ကိုဘဂျမ်းတို့ရွာက ရိုးရာသူကြီးမျိုးတွေအုပ်ချုပ်လာခဲ့ပေမဲ့ သူကြီးဦးချိုကတော့ သူကြီးမျိုရိုး ဟုတ်ပုံမရ ပါ။ ရွာမှာ သြဇာရှိတဲ့ကာလသားခေါင်းလိုဟာက သူကြီးဖြစ်လာပုံရပါတယ်။ အများအားဖြင့် အညာကျေးရွာ တွေမှာ သူကြီးတွေက ရိုးရာအလိုက် အစဉ်အဆက် အုပ်ချုပ်လာခဲ့ကြတာပါ။ ရွာက သူကြီးမျိုးတွေကို “မင်းမျိုး” လို့ခေါ်ပါတယ်။ သူကြီးကိုတောင်မှ “သူကြီးမင်း” လို့ ခေါ်ရပါတယ်။ ကျနော်တို့ရွာမှာ ရှေးအစဉ်အဆက် သိမ်း ဆည်းလာတဲ့ ဖိတ်စာတွေပေါ်မှာ ကျနော်တို့အဘိုးကိုဖိတ်တဲ့ဖိတ်စာတွေရဲ့ ထိပ်တွေမှာ “ကန်ဆင့်ရွာ ၊ မြေပိုင် ရှင် သူကြီးမင်း ဦးဖိုးထီ” လို့ လိပ်စာတွေရေးထားတာ မှတ်မိနေပါတယ်။

ဂျပန်ခေတ်ရောက်ခါနီးမှာ ဒီစကြိတ်ကောင်စီ သူကြီးရွေးပွဲတွေရှိခဲ့တာကို ရေးရေးမှတ်မိနေပါတယ်။ လွတ်လပ်ရေးရစခေတ်မှာ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးဆိုတာတွေ ပေါ်ပေါက်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီ ခေတ်လောက်က ရွာတိုင်းမှာလိုလို ပဋိပက္ခတွေ ရှိကြပါတယ်။ ရိုးရာသူကြီးဟောင်း အမျိုးတွေနဲ့ ယှဉ်ပြိုင်ရွေးတဲ့ သူကြီးအသစ်တွေနဲ့ အကြီးအကျယ်ပဋိပက္ခတွေဖြစ်ကြနဲ့ လူသတ်မှုတွေအထိ ဖြစ်ပွားခဲ့ပါတယ်။ သူကြီးသား တွေ၊ သူကြီးဟောင်းတွေ မြင်းခြံထောင်မှာ ဆုံမိကြတဲ့ခေတ်ပေါ့။ ကျနော်တို့အမျိုးထဲက သူကြီးသားတွေလည်း ထောင်ထဲရောက်ဖူးသွားကြပါတယ်။

ရိုးရာသူကြီးတွေက လွယ်လွယ်နဲ့တော့ အာဏာလက်လွှတ်ခဲ့ကြဟန်မတူပါ။ ဒါပေမဲ့ တချို့ရွာက သူကြီးသားတွေက တက္ကသိုလ်ကျောင်းတွေဘာတွေအထိ ရောက်ကုန်ကြတော့ မြို့တက်နေကြပြီး စာရေး၊ တချို့မြို့အုပ်ဝန်ထောက်၊ ကျောင်းဆရာဆိုတာမျိုးတွေ လုပ်ကုန်ကြပါပြီ။ တချို့က ဖက်ဆစ်တော်လှန်ရေးထဲ ကတဆင့် ကွန်မြူနစ်ဖြစ်ပြီး တောခိုကုန်ကြပါတယ်။ ကျနော့်အဖေရဲ့ညီနှစ်ယောက်ဟာ နှစ်ယောက်လုံး ကွန် မြူနစ်ဖြစ်သွားပြီး တောထဲမှာကျဆုံးကုန်ပါတယ်။ အဖေက ကျောင်းဆရာဖြစ်ကျန်ရစ်ပါတယ်။ အမေ့ဘက်အမျိုး တွေထဲမှာလည်း သူကြီးသားတွေဟာ ကွန်မြူနစ်ခေါင်းဆောင်တွေ ဖြစ်ကုန်ကြပါတယ်။ သံမဏိမောင်မောင်တို့ ပီးကင်းပြန်ထွန်းငြိမ်းတို့ဆိုတာ အမေ့အမျိုးတွေပါပဲ။ အမေ့မောင်အရင်း ချောင်းပေါက်သူကြီးသားတယောက်က ပြည်သူ့ရဲဘော်ခေါင်းဆောင်ပါ။ နောက်တော့ ကျောင်းဆရာဦးစောထွန်းအဖြစ်နဲ့ ကန်ဆင့်တောင်ရွာမှာ အရိုး ထုတ်သွားခဲ့ပါတယ်။

ကန်မြဲ ဇဂျမ်းက သူကြီးဟောင်းတွေနေတဲ့ အိမ်ခြံဝင်းကို “မင်းဝိုင်း” လို့ခေါ်ပါတယ်။ အရင်က အပြင်လူ တွေဝင်လာရင် ဖိနပ်ချွတ်ဝင်ရတယ်လို့ ကြားဖူးပါတယ်။ အရပ်က သာမာန်လူတွေက သူကြီးတွေကို “ဘုရား” ထူးရပါသတဲ့။ အဲဒီအကြောင်းကို ကိုဘဂျမ်းကလည်း ပြောပြဖူးတယ်။ သူကြီးဆိုပြီး တောင်ဝှေးနဲ့ လမ်းလျှောက် ထွက်လာရင် ကလေးတွေက တွေ့ရာနေရာမှာ မြေကြီးပေါ်ထိုင်ချပြီး ဝတ်ချရသတဲ့။ ကိုဘဂျမ်း ကိုရင်ပေါက်စ ဘဝမှာ သူကြီးရဲ့အိမ်ကို ဆွမ်းခံထွက်ရင်း ရောက်ဖူးသတဲ့။ သူကြီးသမီးတွေက မြို့သူတွေလို ဝတ်စားဆင်ယင် ထားတော့ အလွန့်ကိုချောတယ်၊ သားနားတယ်၊ မြို့ဆန်တယ်လို့ ထင်မိတယ်တဲ့။ ကိုဘဂျမ်းနောက်က ခင် မောင်ရီဆိုတဲ့ ဘုန်းကြီးကျောင်းသားလေးက ဆွမ်းခွက်ကိုင်လိုက်ရဖူးသတဲ့။ တင်မိုးက သူ့ကို ထိပ်ခေါက်တတ် သတဲ့။ စိတ်ဆိုးရင် ကိုရင်ကြီးက လှဲအိပ်ပြီး ဆန္ဒပြတတ်သတဲ့။ ခင်မောင်ရီတက္ကသိုလ်ရောက်လာတော့ ကျနော် တို့နဲ့အိမ်တလုံးငှားပြီး အတူနေခဲ့ဖူးပါတယ်။ “တမာရိပ်သာ” တဲ့။ ညီအစ်ကိုလိုခင်ကြတယ်။ ဆရာဝန်ကြီးဖြစ်လာ တယ်။ သူ့သမီးလည်းဆရာဝန်ဖြစ်တော့ နိုင်ငံကျော်ဖြစ်ရပ်တခုဖြစ်ခဲ့ဖူးတယ်။ သူငယ်ချင်းဆရာဝန်တယောက် က မျက်နှာကိုအက်ဆစ်နဲ့ပက်လို့ မျက်စိကန်းသွားခဲ့ရတဲ့ဖြစ်ရပ်ပါ။ ခင်မောင်ရီက ကဗျာမောင်စန်းသော်လို့ ထင်ရှားလာတယ်။ မျက်စိမမြင်တော့တဲ့ သူ့သမီးဆရာဝန်မလေးကလည်း မကြာခင်ကပဲ စာအုပ်တအုပ်ထုတ် ဖြစ်ခဲ့ပါတယ်။ “မမြင်ရတဲ့မြင်ကွင်းများ” ရေးသူ “ခင်သစ်နှင်း” တဲ့။ ကန်မြဲရွာ မန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစရကျောင်းမှာ စာသင်တယ်။

ကိုဘဂျမ်းကိုရင်ဘဝမှာ ရွာကျော်ရပ်ကျော် စာတော်သူတဦးပါတဲ့။ ကိုရင်လေးဘဝမှာပဲ ပါဠိသဒ္ဒါကျမ်း ကို အာဂုံဆောင်နိုင်ခဲ့လို့ ဆရာတော်ကစာချရင် သူ့ကို ရှေ့ကထားပြီး စာဆိုခိုင်းသတဲ့။ အဲဒါကြောင့် “စာဆို ကိုရင်လေး (          )” လို့ ခေါ်တွင်ပါတယ်။ ကိုဘဂျမ်း မန္တလေးရန်ကုန်ရောက်တော့ အဲဒီတုန်းက သူတို့ရွာမှာ သဒ္ဒါလာတက်ဖူးတဲ့ဦးဇင်းလေးတွေက ကျောင်းထိုင်ဘုန်းကြီးတွေဖြစ်နေကြပါပြီ။ တခါက ရန်ကုန် ဂျပန်ဆေးရုံ သစ်ကြီးရှေ့က “မှန်ကျောင်း” ကို ကိုဘဂျမ်းခေါ်လို့ လိုက်သွားရဖူးတယ်။ ဆရာတော်ရဲ့ကျောင်းဟာ သူ့ရဲ့ “စား အိမ်သောက်အိမ်” ဆိုတာမျိုးပါပဲ။ ရှစ်လေးလုံးကာလမှာ ကိုဘဂျမ်းပုန်းနေရတာ အဲဒီကျောင်းမှာပါပဲ။ ဆရာ တော်က “မောင်ဘဂျမ်းကတော့ကွာ မလှူတဲ့အပြင် စာရေးဆရာတွေ၊ ပန်းချီဆရာတွေပါ ခေါ်လာပြီး ငါ့ကျောင်း မှာ ငါကပဲ ကျွေးနေရတယ်” လို့ ပြောတတ်ပါတယ်။ ဆရာတော်က ကျနော်တို့ကိုကျွေးရတာ ဝမ်းသာနေတာပါ။ မြင်းခြံက စာချဆရာတော်ကြီးတပါးက ကျနော့ဦးကြီး ဦးလေးဖြစ်နေတော့ ကျနော်နဲ့လည်း ဆရာ ဒကာရင်းတွေ ဖြစ်နေကြပါတယ်။

ကိုဘဂျမ်းတို့ရွာက ဆရာတော်ကြီးက မန္တလေးမှာလည်း ထင်ရှားခဲ့တယ်လို့ ကြားဖူးပါတယ်။ ဦးနုက ဝန်ကြီးချုပ်ဘဝမှာ ဘုန်းတော်ကြီးတွေ ပင့်လိုက်ဖိတ်လိုက်နဲ့၊ ဘွဲ့တွေပေးလိုက်နဲ့လုပ်တာကိုမကြိုက်လို့၊ အလုပ် ရှုပ်လို့တဲ့ ရွာပြန်သတင်းသုံးနေတော့ ဓမ္မာစရိယတို့၊ ပထမကြီးတို့ အောင်ပြီးသားဦးဇင်းတွေက သဒ္ဒါတက်ချင် လို့ သူတို့ရွာက ဆရာတော်ကြီးဆီကို လာရောက်ကြတာလို့ ပြောဖူးပါတယ်။ ရွာက သူကြီးဘိုကြီးဟာ မင်းတို့နဲ့ အမျိုးတော်တယ်၊ ခုဘယ်မှာရောက်နေတဲ့ ဆရာတော်ကြီးဟာ မင်းတို့နဲ့ အမျိုးတော်တယ် စသဖြင့် ကိုဘဂျမ်းက ဆွေမျိုးတွေစပ်ပြဖူးပါတယ်။ သူကြီးအသစ်ဦးချိုဟာ သူကြီးမျိုးဟောင်းထဲကမဟုတ်ပေမယ့် သူကြီးကတော်က တော့ ချောင်းပေါက်ရွာဘက်က သူကြီမျိုးလို့ ကိုဘဂျမ်းကပြောပြတော့ ကျနော့်အမေက “ဟဲ့ အဲဒါဆို ကျုပ် အမျိုးပဲ” လို့ ပြောဖူးပါတယ်။

ကိုဘဂျမ်း ကိုရင်လေးဘဝမှာ သူက ဉာဏ်ကောင်းလို့ စာကျက်ရတဲ့အချိန်နည်းတယ်။ ဒါကြောင့် ဆရာ တော်က ဘဂျမ်း ငါ့ကိုနင်းပေးစမ်း၊ ထောင်းကြိတ်ပေးစမ်းလို့ ခိုင်းတက်သတဲ့။ ဘုန်းကြီးက ကြမ်းပြင်ပေါ် လှဲ လျောင်းရင်း အနှိပ်အနင်းခံတာပါ။ ဘုန်းတော်ကြီးက စာဖတ်ဝါသနာပါလို့ အိပ်ရာဘေးမှာ နံရံကပ်ပြီးပုံထားတဲ့ စာအုပ်ပုံကြီးရှိသတဲ့။ ဆရာတော်ကြီးက အလျားမှောပြီးအနင်းခံနေရင် ကိုဘဂျမ်းကိုမမြင်နိုင်ဘူး။ ကိုဘဂျမ်းက ဆရာတော်ကြီးက တံတောင်နဲ့ကြိတ်ရင်းက စာအုပ်တွေကို လှန်လှန်ဖတ်နေတယ်။ တခါတလေ မေ့ပြီးရပ်သွား တော့ “ဟဲ့ ကိုရင် အိပ်ပျော်သွားတာလား” လို့ မေးတယ်။ နောက်တော့ အိပ်ပျော်တာမဟုက်ဘဲ စာအုပ်တွေကို ခိုးဖတ်နေတာသိရော “ကိုရင်- စာမဖတ်နဲ့၊ ကောင်းကောင်းကြိတ်၊ ပြီးတော့မှ စာအုပ်ကို အိမ်ယူသွား” လို့ ပြော ပြီး စာအုပ်ကိုအိမ်ဖတ်ဖို့ ယူသွားခိုင်းသတဲ့။ ဖတ်ပြီး နောက်နေ့ကျပြန်ပေးပါတယ်။ ဆရာတော်ကြီးက “စာဖတ် တာ မြန်လှချည်လား” လို့ပြောပြီး တနေ့တစ်အုပ်ပေးလိုက်တာ နဂါးနီစာအုပ်တွေရော၊ ပဲရော့ဦးဆန်နီထုတ်တဲ့ စာအုပ်တွေရော၊ ဒဂုန်မဂ္ဂဇင်း၊ ကြီးပွားရေး၊ တိုးတက်ရေးမဂ္ဂဇင်းတွေရော အားလုံးကုန်ရောတဲ့။ နံရံမှာ မှီပြီးပုံ ထားတဲ့စာအုပ်ပုံကြီးလည်း အားလုံးကုန်သွားလိုက်တာ “လီနင်” အထ္ထုပတ္တိက “ရပ်စ်မြူတင်” အထ္ထုပတ္တိအထိ စုံသွားပါရောတဲ့။

ကိုရင်လေး စာတွေဖတ်ပြီးတော့ သင်္ကန်းယားလာသတဲ့။ လူထွက်ချင်တာပေါ့။ သူ့အမေနဲ့ မိသားစုတ စုလုံးက လူမထွက်စေချင်ဘူး။ ဘုန်းကြီးတွေ ဦးဇင်းတွေကလည်း လူမထွက်စေချင်ဘူး။ ကိုရင်လေးက ဉာဏ် ကောင်းပြီးစာတော်လို့ နောင်တနေ့မှာ ကျမ်းတတ်စာတော် ဖြစ်လာမယ်ပေါ့။ သူ့မိဘတွေကတော့ ကိုရင်တော့ နောင်အခါ ကျမ်းတတ်စာကျော်ဖြစ်လာမှာကို မျှော်လင့်အားထားတဲ့အပြင် ဖြစ်နေတဲ့ ကာလမို့ လူ မထွက်စေချင်တာလည်း ပါတယ်။ လူထွက်ပြီးတော့ ရွာကလူငယ်တွေလို သူပုန်ထဲလိုက်သွားမလား၊ အစိုးရ စစ်တပ်ထဲ လိုက်သွားမလား စသဖြင့် လက်နက်ကိုင်မှာကို ပူပင်သောကရောက်တယ်။ ရပ်ထဲရွာထဲမှာ သူပုန်နဲ့ စစ်တပ် တိုက်ပွဲဖြစ်ကြရင် ပြေးကြလွှားကြနဲ့ သေနတ်မှန်မှာစိုးတယ်။ ဒါကြောင့် လူမထွက်စေချင်ဘူး။ ကိုရင် လေး လူထွက်ချင်တဲ့အကြောင်းအရင်းကို တခါတော့ ကိုဘဂျမ်းက ကျနော့်ကို ပြောပြဖူးတယ်။ သူက “လူ ကျောင်း” ခေါ် လောကတက်ကျောင်းကို တက်ချင်တာ။ ရွာမှာ “တိုင်းရင်းမြို့မ အလယ်တန်းကျောင်း” ရှိတာကို တက်ချင်တာ။ သူ့ကို မန္တလေးက ဘုရားကြီးကျောက်ဆစ်တန်းထဲက (မဟာမြတ်မုနိဘုရားကြီးအနီး) ဘုန်းကြီး ကျောင်းကြီးက ကျောင်းကို ပို့ထားဖူးသေးတယ်။ မန္တလေးမှာနေရင်တော့ မန္တလေးက ဘုန်းကြီးမြို့မဟုတ်လား။ ဘုန်းကြီးတွေကြားမှာ ပျော်သွားမယ်လို့လည်း ထင်ပုံရပါတယ်။ ကိုရင်လေးက လောကီစာတွေဖတ်ပြီး လောက တက်ကျောင်းစာတွေ သင်ချင်နေတာ။ မန္တလေးမှာလည်း ဆွမ်းခံသွားရင်း လမ်းတကာမှာရှိတဲ့ ရပ်ကွက်စာ ကြည့်တိုက်တွေမှာ သပိတ်ချပြီး စာတွေဝင်ဖတ်နေတာနဲ့ ဆွမ်းငတ်တာ မကြခဏကြုံရသတဲ့။ သူက အပြင်စာပဲ ဖတ်ချင်နေတာ။ မန္တလေးနဲ့ ကျောက်ဆည်ကြားက ပုသိမ်ဆိုတဲ့ ကားလမ်း ရထားလမ်းဘေး မြို့ငယ်လေးတမြို့ ရှိတယ်။ အဲဒီမှာလည်း ကိုရင်ဘဝနဲ့ နေဖူးသေးသတဲ့။ ဘယ်မှာနေနေ သင်္ကန်းဝတ်နဲ့ စာမသင်ချင်တော့လို့ ဇွတ်ပဲ လူထွက်ပစ်လိုက်ပါတယ်။

ရွာက သူ့အဖေတီးဝိုင်းမှာပါတဲ့ တယောဆရာလေး “ဆရာကျော်” ဆိုတာ အဲဒီတုန်းက မြင်းခြံ “ဂါထာ မင်းကျောင်း” မှာ ကျောင်းတက်နေသတဲ့။ ကိုဘိုသိုးဆိုတာကတော့ ဆယ်တန်းအောင်ပြီး တောခိုသွားသတဲ့။ လူချောလူလှ စာတော်လို့ ကိုဘဂျမ်း အထူးသဘောကျတဲ့ “ဟီးရိုး” ပေါ့။ သူက ကျနော်တို့ ကန်ဆင့်ရွာဘက် တောခိုလာရင်း တိုက်ပွဲကျပြီး ကျနော်တို့မိဘများက မီးသဂြုင်္ိဟ်ပေးလိုက်ရတာ။ အဲဒါ ပထမဆုံးအတွေ့အကြုံပါ ပဲ။ ကျနော်က အစ်ကိုကြီးလိုချစ်ခင်ရတဲ့သူပါ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ကိုဘဂျမ်းပြောပြတဲ့ ကိုဘိုသိုးဟာ ရွာ မှာ ကျဆုံးသွားခဲ့တဲ့ (ရဲနီတင်မင်း ) ဖြစ်နေပါတော့တယ်။

အဲသလို မြို့တက်နေတဲ့ ဂါးဗားမင်းကျောင်းသား  အမှတ် ၁ အစိုးရအထက်တန်းကျောင်းသားများက ကိုကျော်ထွန်း (ဆရာကျော်) ဆီက “သပြေညိုနှင့်အခြားကဗျာများ” ဆိုတဲ့ စာအုပ်လေးတအုပ်ငှားဖတ်ပါသတဲ့။ အဲသလိုခေတ်ပေါ်ကဗျာတွေနဲ့စပြီးတွေ့ရဖူးသတဲ့။ ကောင်းလိုက်တာ၊ ကြိုက်လိုက်တာ။ ဒါနဲ့ မကြာခင် တအုပ် လုံး အလွတ်ရသွားသတဲ့။ အံ့သြစရာတိုက်ဆိုင်မှုက အဲဒီအချိန်လောက်မှာပဲ ကျနော်ကလည်း ကျနော့်အဖေ ကဗျာဝါသနာအိုးက မြို့ကယူလာပြီး ကျနော့်ကိုပေးလို့ ကျနော်က “သပြေညိုနှင့် အခြားကဗျာများ” စာအုပ်ကို ရနေပြီ။ ကျနော့်အဖေက သပြေညိုကဗျာကိုကျက်ခိုင်းလို့ တအုပ်လုံးဖတ်ကြည့်ရင်းက ကျနော်ကလည်း သပြေ ညိုကဗျာတွေ တအုပ်လုံးရနေပြီ။ ကိုဘဂျမ်းက သပြောညိုစာအုပ်ရရှိပုံကို ပြောပြတာက ရန်ကုန်မှာနေကြတော့ ဥက္ကံသုံးဆယ်ဘက် စာပေဟောပြောရာကအပြန် ဟီးနိုးကားကြီးပေါ်မှာပြောပြတာပါ။ ကားနေရာမရလို့ အတက် လှော်ကားမှာ နှစ်ယောက်ရပ်ပြီး တွယ်လိုက်ရတာ။ ဖိတ်ကြားသူတွေက ဒီအတိုင်း တင်လွှတ်လိုက်တာ။ ကျနော် ကလည်း တအုပ်လုံးအလွတ်ရတယ်။ အရှည်ဆုံးဖြစ်တဲ့ “ခါနွေမွန်းတော့လွမ်းမိတယ်” ဆိုတဲ့ကဗျာက စရွတ်ပြ မယ်လို့ပြောပြီး တန်းစခါနွေ သာတပေါင်းမိုး၊ ညာညောင်းကြွေကာ စသဖြင့် ရွတ်ပြတော့ သူလည်း လိုက်ရွတ် တယ်။ အဲဒီလိုနဲ့ရန်ကုန်မြို့ထဲကို ဝင်မှန်းမသိကားကြီးဝင်သွားတော့ သပြေညိုစာအုပ်တအုပ်လုံးကို သံပြိုင်ရွတ် လာခဲ့ကြတာ အားလုံးကုန်သွားပါလေရော။ ပျော်လိုက်ကြတာ။

ဒီလိုကဗျာစာအုပ်တွေကို “လူကျောင်း” တွေမှာ သင်ရသတဲ့။ အဲဒီအချက်ဟာ ကိုဘဂျမ်း “လူကျောင်း” ကို တက်ချင်ရတဲ့ အဓိကအကျဆုံးအချက်တချက် ဖြစ်ပါလိမ့်မယ်။ ရွာကျောင်းမှာအတန်းကုန်ပြီး ပညာဆက် သင်ခွင့် ချက်ချင်းမရရှာဘူး။ မြင်းခြံမှာ သမဝါယမသင်တန်းကိုတက်ပြီး မြို့တက်အလုပ်လုပ်ဖို့ကြိုးစားခဲ့ဖူးသေး သတဲ့။ မြင်းခြံသမဝါယမသင်တန်းမှာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲက “လက်ဝဲ- မြင်းနီ” ဆိုတဲ့ရွာက  သင်တန်းသား ကိုတင်အောင်၊ ကိုအောင်သန်းတို့နဲ့ မိတ်ဆွေဖြစ်ခဲ့ရသတဲ့။ “လက်ဝဲ- မြင်းနီနဲ့ ခင်ဗျားတို့ရွာနဲ့ နီးသလားလို့ ကိုဘဂျမ်းက မေးဖူးပါတယ်” နီးတယ်၊ ကျနော်တို့က မြင်းခြံမြို့နယ်ထဲက လက်ပံမြင်းနီရွာကြီးရဲ့ အနောက်ဖက် ၂ မိုင် (တစ်တိုင်) ဝေးပါတယ်။ အဲဒီကိုတင်အောင်၊ ကိုအောင်သန်းဆိုတာတွေကလည်း ကျနော့် အစ်ကိုဝမ်းကွဲတွေပါပဲလို့ပြောပြလို့ နှစ်ယောက်လုံးဝမ်းပန်းတသာ ဖြစ်ဖူးပါတယ်။ ကျနော်ဆေးလိပ်စပြီးသောက် တတ်တာကလည်း ခင်ဗျားတို့ရွာဖက်ကလူတယောက်နဲ့ ပေါင်းမိလို့ပါပဲလို့ ဆေးလိပ်ဇာတ်လမ်းတွေလည်း ပြော ပြဖူးပါသေးတယ်။

သူ ကိုရင်ထွက်ပြီးတော့ ဖြစ်လာတဲ့ ရှေ့တန်းပြဿနာတခုကတော့ စာအုပ်တွေ အငမ်းမရဖတ်ချင်လှ တဲ့ ဝေဒနာပါပဲ။ အဲဒီတော့ သူက ပိုက်ဆံရှိပြီး စာဖတ်ဝါသနာပါသူကို ရှာရပါတယ်။ တွေ့မယ့်တွေ့တော့ “ အနီး လေး” လို့ပဲ ဆိုရမယ်။ လက်ရှိသူကြီးအသစ် ဦးချိုက သူကြီးမဖြစ်ခင် ကာလသားဘဝမှာ သူ့အဖေရဲ့တီးဝိုင်းကို လာနေကြမို့ ကိုရင်လေးကိုဘဂျမ်းနဲ့လည်း ခင်ပြီးသား။ သူကြီးဖြစ်လာတော့ သားသမီးတွေအထဲမှာ သမီးသုံး ယောက် သားတယောက်ပါတယ် (ကျနော်မှတ်မိသမျှ)။ သမီးအကြီးဆုံးက တရွာသား “ပြောက်ကျားဗိုလ်” နဲ့ အိမ်ထောင်ကျသွားတယ်။ ဒုတိယသမီးက ကိုဘဂျမ်းနဲ့ရွယ်တူ။ သူက စာဖတ်ဝါသနာပါတယ်။ (ဝါသနာမပါ လည်း ကိုဘဂျမ်းက ပါအောင်လုပ်တာပါပဲ)။ သူ့နာမည်က မသန်းမြင့်တဲ့။ ထောင်ထောင်မောင်းမောင်းပါပဲ။ ကိုဘဂျမ်းကတောင် အရပ်သူ့လောက် မြင့်ပါ့မလားမသိ။ အဲဒီမသန်းမြင့်ကိုစာအုပ်တွေဝယ်ခိုင်းပြီး သူက ငှား ဖတ်တယ်။ နောက်တော့ ဒီလောက်နဲ့အားမရနိုင်တော့ဘူး။ စာကြည့်တိုက်ထောင်ရအောင်လို့ အဖော်ညှိပါတယ်၊ တခြားလူတွေကိုလည်း ပါလာအောင်စည်းရုံးပါတယ်။ ကိုဘဂျမ်းက စည်းရုံရေးကောင်းတာ ကိုယ်တွေ့ပါ။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာ ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့အတွက် မဲဆွယ်တော့ သူနဲ့ ကျနော် တွဲခဲ့ရဖူးတယ်။ တကယ်ကိုစည်းရုံးရေးကောင်းတာပါ။ သူ့ဘဝမှာ အဲဒါဟာ ပထမဆုံး စာကြည့်တိုက် တည်ထောင်မှုအတွေ့အကြုံဖြစ်သလို ပထမဆုံး “စည်းရုံးရေး” အတွေ့အကြုံတခုလည်းဖြစ်ပါတယ်။ “လူငယ်စာ ကြည့်တိုက်” လို့ ဆိုင်းဘုတ်တင်ပြီး သူက အတင်းရေးမှူးလုပ်သတဲ့။ စာသင်ကျောင်းကို သူဆက်တက်ချင် တယ်။ ရွာကျောင်းကးလည် အလယ်တန်းကျောင်းသာ။ သူ့အိမ်ကလည်း ကျောင်းဆက်မထားနိုင်။ ထားလည်း မထားချင်။ ပညာတတ်ဖြစ်ပြီး အစိုးရဝန်ထမ်းဖြစ်သွားရင် မြို့ပေါ်မှာပဲ အလုပ်လုပ်ရတော့မှာ။ မိဘနဲ့ ဝေးရတော့ မှာ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်