မောင်လူရေး ● ဆောင်းနှင်းဝေ

May 14, 2016

မောင်လူရေး ● ဆောင်းနှင်းဝေ

(မိုးမခ) မေ ၁၄၊ ၂၀၁၆

ရပ်ကွက်နဲ့ သမီးတို့က သိပ်ပြီးမတည့်ဘူး။ အဖေနဲ့ အမေဆိုရင် ရပ်ကွက်ထဲက လူတွေနဲ့ ခဏခဏ ရန်ဖြစ်တယ်။ အဖေက အရက်လည်း သောက်တယ်။ အရက်သောက်လာရင် ရိုက်တယ်။ အမေ့ကိုလည်း နှိပ်စက်တယ်။ အမေ့ဘက်ကနေ သမီးကပါရင် သမီးကို ရိုက်တယ်။ သမီးက ပြေးတယ်။ ပြေးရင် အဖေက ဘတ်ခွနဲ့ ထုတယ်။ အဖေ အရိုက်ခံရတဲ့နေ့ဆိုရင် အဖေရိုက်မှာ ကြောက်လို့ဆိုပြီး သူများအိမ်ကို သွားသွား အိပ်တယ်။ သူများအိမ်မှာက ခုတင်ပေါ်မှာ အိပ်ရတာ မဟုတ်ဘူး။ သူများအိမ်ရဲ့ ခုတင်အောက်တွေမှာ သွားအိပ်ရတယ်။ ခြင်တွေကလည်း အဲဒီနေ့ကဆို တအားကိုက်တယ်။ မနက်မိုးလင်း လာပေမဲ့ အဖေက အမူးမပြေသေးဘူး။ မနက်လည်း အိမ်ပြန်သွားရင် အရိုက်ခံရတယ်။ ငါ့သမီးကို ဘာလို့ ရိုက်တာတုံးဆိုပြီး အမေက အဖေ့ကို ဆူတယ်။ အဖေက သမီးကို အရက်ဆိုင် ခေါ်သွားချင်တယ်။ ဒါပေမဲ့ အမေက မထည့်ဘူး။ မိန်းကလေးမို့လို့ မလိုက်ရဘူးလို့ အမေက ပြောတယ်။ အဲဒီလို အမေက သမီးဘက်က ပါလာရင် အဖေက အမေနဲ့ သမီးကို ရိုက်တယ်။ နောက်ပြီးတော့ မောင်လေးကို အရက်ဆိုင် ခေါ်သွားတယ်။ သမီးကို ခေါ်မရလို့။

အစကတော့ အဖေက အရက်မသောက်တတ်သေးပါဘူး။ မိသားစုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတယ်။ သူများတွေက အဖေ့ကို ‘ဟေ့ကောင်၊ နည်းနည်းလောက်တော့ သောက်ကြည့်ကွာ’ ဆိုတော့ အဖေက စမ်းသောက် ကြည့်ရင်းနဲ့ သောက်တတ်သွားတယ်။ ရက်တွေ ကြာလာတော့ အဖေက တလလောက် အရက်ဖြတ်မယ်ဆိုပြီး ဖြတ်လိုက်တယ်။ နောက်တော့ အမေကလည်း နေမကောင်း ဖြစ်တယ်။ အမေက ခဏခဏ နေမကောင်းဖြစ်တယ်။ ခဏခဏလည်း ဖျားတယ်။ အမေ ဆေးရုံတက်ရတယ်။ သွေးစစ်ကြည့်တော့ အမေက ရောဂါရှိတယ်တဲ့။

ကျွန်မ အဲဒီတုန်းက ဘာမှ မသိခဲ့ဘူး။ အမေ့ကို ပြန်ပြောဖို့လောက်ပဲ သိခဲ့တယ်။ ဘယ်လောက်ပဲ ပြန်ပြောနေနေ အမေက မရိုက်ဘူး။ သူ စိတ်တိုတဲ့နေ့ကျမှသာ ရိုက်တယ်။ အဲဒီအခါကျရင် ကျွန်မက ပြေးတယ်။ မြို့ထဲကို ပတ်ပြေးတယ်။ သူများတွေက ထင်မယ်၊ ဒီလို မိဘမျိုး ဆိုးလှချည်လား၊ ကိုယ့်သမီးကို လိုက်ရိုက်တယ်ဆိုပြီး။ ပြီးတော့ အမေ့ကို စိတ်ထဲကတောင် ပြန်ပြောချင်လာတယ်။ အမေက ရောဂါရှိမှန်း သိတယ်၊ ဒါပေမဲ့ မရဘူး။ ပြန်မပြောတော့ဘူးဆိုပေမဲ့ ပြန်ပြောမိနေတယ်။ အမေ နေမကောင်း ဖြစ်နေတဲ့ တရက်ကျတော့ မောင်နှမနှစ်ယောက် ရန်ဖြစ်ကြတယ်။ အမေက မနိုင်ဘူး၊ အိပ်ရာထဲ လဲနေတယ်။ အဲဒီတုန်းက အဖေကလည်း ဘာမှ မလုပ်ဘူး။ သူ့အပေါင်းအသင်းတွေနဲ့ပဲ လျှောက်သွားနေတယ်။ ဘယ်လိုကြီးမှန်း မသိဘူး ဖြစ်နေတယ်။ အမေက အော်တယ်။ အော်လို့လည်း မရဘူး။ သူ ခိုင်းတာလည်း လုပ်မပေးဘူး။

အမေက လိုချင်တာ အကုန်ဝယ်ပေးတယ်။ အကြီးဆိုပြီး သမီးကို အရမ်းချစ်တယ်။ ပိုလည်း ချစ်တယ်၊ အငယ်တွေထက်။ အရာရာကို အလိုလိုက်တယ်။ အဖေ့ကိုလည်း အမေက ရွှေခြင်္သေ့နဲ့ ဆက်သွယ်ပေးတယ်။ အဲဒါနဲ့ အဖေ့ကို အဲဒီလိုဖြစ်လာတော့ သွေးစစ်ဖို့ ပြောခိုင်းတယ်။ အဖေက မစစ်ချင်ဘူးလို့ ပြောတယ်။ နောက်ပိုင်းရောက်တော့ ဒီကျောင်းအဖွဲ့ကနေပြီးတော့ အိမ်အထိ လိုက်လာပြီးတော့ အဖေ့ကို စကားလာ ပြောတယ်၊ နောက်တော့ အဖေက သွေးစစ်ဖြစ်တယ်၊ ဆေးရုံကြီးမှာ။ အဖေ့ကိုလည်း စစ်ကြည့်ရော အဖေက ရောဂါရှိတယ်။ အဲဒီတုန်းက ငိုခဲ့ရတယ်။ ဘာဖြစ်လို့များ၊ ဟိုဘဝက ဘာတွေ ဖြစ်ခဲ့လို့များ ဒီဘဝမှာ ရောဂါဝေဒနာတွေ ခံစားနေရတာလဲ။ နောက်ရောက်တော့မှ သိတယ်။ အဲဒီလိုမျိုး အဖေက ရောဂါ ခံစားနေရတော့ အမေကလည်း တဖြည်းဖြည်းနဲ့ ပိန်လာပြီး ဆေးရုံတက်ရတယ်။ အဲဒီတုန်းက ဘယ်သူမှ ပိုက်ဆံမရှိဘူး။ ပိုက်ဆံမရှိတော့ အမေ့ရဲ့ညီမက ဆေးရုံတင်ပေးတယ်။ ပိုက်ဆံတသိန်းလောက် ကုန်သွား တယ်။ သူတို့က ဘာမှမပြောဘူး၊ အမေ နေကောင်းအောင်ဆိုပြီးတော့။

အဲဒီလိုနဲ့ အဖေကလည်း အရက်သောက်တာ မပြတ်ဘူး။ အဖေက ဆေးသောက်တဲ့အခါကျရင် ရတယ် ဆိုပြီးတော့ မသောက်ဘူး။ ရောဂါကလည်း ဆိုးလာတယ်။ အနာပေါက်ပြီး လျှာက မှက်ခရုတွေ ပေါက်လာတယ်။ အဲဒီမှာ ဒိန်းမတ်ကြက်ခြေနီ၊ အဲဒီရောဂါနဲ့ ပတ်သက်တဲ့အဖွဲ့က ဆန်ပေးမယ်တဲ့၊ အဲဒီလိုမျိုး ဖြစ်တဲ့သူတွေဆိုရင် ထောက်ပံ့တယ်။ ဒါနဲ့ အဖေက လိုက်ကြည့်တယ်။ အဖေက အဲဒီတုန်းက မမူးဘူး၊ အမေ နေမကောင်းလို့ ဆိုပြီးတော့။ အဖေက ‘သမီး၊ သမီး အမေက သိပ်ပြီး အခြေအနေမကောင်းဘူး၊ တညလုံး မအိပ်ဘူး၊ လာ …အဖေနဲ့ ခဏ အပြင်လိုက်ခဲ့’ တဲ့။ သားအဖနှစ်ယောက် လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ အဖေက အဖေ့စိတ်တွေ လေးနေတာတဲ့။ အိမ်ပြန်ရောက်တော့ အမေက သေနေပြီ။ ပုရွက်ဆိတ်တွေတောင် တက်လို့။ ဘေးမှာ မောင်လေးလည်း ရှိတယ်။  ညီမလေးလည်း ရှိတယ်။ မောင်လေးတို့က အမေ ဆုံးသွားတာ မသိကြဘူး။ ‘အဖေ …အဖေ၊ အမေက မျက်လုံးကြီးပြူးပြီး ဘယ်လိုကြီးမှန်း မသိဘူး၊ ကြောက်လို့’ဆိုပြီး ဆင်းလာတာ။ အမေက ဆုံးသွားပြီလို့ အဖေ့ကိုပြောတော့ အဖေက ထွက်သွားပြီး အရက်တွေ တအားသောက်တယ်။ ဆေးသောက်လို့ ပြောတော့လည်း အဖေက မသောက်ဘူး။ ကျန်းမာရေး ထိခိုက် လာတော့ အဖေက အရက်ကို ခဏဖြတ်ထားတယ်။ ဘာလုပ်ငန်းမှလည်း မလုပ်ရတော့ ဒီကျောင်းက ဦးတွေက ဆေးသောက်တဲ့၊ ဆေးသောက်ရင် ဘာမှမဖြစ်ဘူးတဲ့။ ဒါပေမဲ့ အဖေက မသောက်ဘူး။ ဦးတွေက ဒီကျောင်းက ကလေးတွေကို စက်ဘီးပညာသင်ပေး၊ ကိုယ်လည်းပဲ ဆိုင်ဖွင့်တဲ့၊ ပစ္စည်းတွေကို  ဝယ်ပေးထားတယ်။ ကျောင်းမှာတော့ ဆယ်ရက်လောက် သွားသင်ပေးတယ်။ ပြီးတော့ စက်ဘီးဆိုင် ဖွင့်တယ်။ စက်ဘီးဆိုင်ဖွင့်ပြီး သမီးတို့ကို အေးအေး ဆေးဆေး နေနိုင်အောင် ထားတယ်။ နောက်ပိုင်းကျတော့ အဖေက မရတော့ဘူး၊ ညနေဆိုရင် စက်ဘီးဆိုင်သွားပြီးတော့ အဖေ့ကို ကူရတယ်။ ဆန်တို့၊ ဆီတို့ ရှာပေးထားပြီး သမီးက ချက်ပေးရတယ်။

အမေ ရှိတုန်းကတည်းက ဒီကျောင်းနဲ့ အဆက်အသွယ်ရှိတယ်။ ဆရာမက ဒီကျောင်းမှာ လာနေ ပါလားတဲ့၊ ဒီမှာက တီဗီလည်း ကြည့်ရတယ်၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ရတယ်တဲ့၊ ပြီးရင်လည်း နေ့လယ်စာ မုန့်လည်း စားရတယ်တဲ့။ အမေကနေပြီးတော့ နေမှာလားလို့ မေးတော့ နေမှာလို့ဆိုတော့ မောင်လေး တို့ကိုတော့ မထားဘူး၊ သမီးကိုတော့ ထားတယ်။ အမေမရှိတဲ့ အခါရောက်တော့ အဖေက နောက်မိန်းမ ယူမှာလို့ ပြောတော့၊ သမီးက အဖေရယ်၊ ဘာလို့ နောက်မိန်းမ ယူမှာလဲ၊ သမီးတို့ မောင်နှမလေးယောက်ကို မသနားဘူးလားလို့ မေးတော့ အဖေက ပြန်စဉ်းစားပြီး အဲဒါဆို မယူတော့ဘူးတဲ့။ နောက်ကျတော့ မောင်လေးကို အဖေက အမှိုက် ကောက်ခိုင်းတယ်။ ပလတ်စတတို့၊ ဘူးခွံတို့ကို ကောက်ခိုင်းတယ်၊ ရတဲ့ပိုက်ဆံကို သူ့ဆီကို အပ်ခိုင်းတယ်။ မောင်လေးက အဖေ့ကိုကြောက်တော့ လုပ်ရတယ်။ နောက်တော့ မောင်လေးက အောင်မြေကျောင်းထဲသွားပြီး လမ်းဘေးသားတွေနဲ့ပေါင်းပြီး ကော်ရှူ နေတယ်လို့ သိရတော့ အဖေက သူ့ကို ရိုက်တာပေါ့။ သူကတော့ မရှူဘူးလို့ ပြောတယ်။ အောင်မြေကျောင်းကို ဆယ်ခွဲ၊ ဆယ့်တလောက်ဆိုရင် အမှိုက်ကောက်တဲ့ ကလေးတွေ သွားတယ်တဲ့။ အဲဒီမှာ ထမင်းတို့ ဘာတို့ ဝေတယ်။ မောင်လေးကလည်း လိုက်သွားတယ်။ အဖေက အဲဒီကို နေ့တိုင်းလွှတ်တယ်။ ပေးတာတော့ ခွေးစာကျွေးမယ့်ဟာကို ပေးလိုက်တာတဲ့။ အဖေက အဲဒီလို ဘာလို့လုပ်လဲဆိုတာ နားကိုမလည်ဘူး။ ငိုချင်တာပဲ သိတယ်။

အဖေက မောင်နှမတွေကို အချိန်မရှိ၊ အချိန်ရှိ အရက်ဝယ်ခိုင်းတယ်။ အဖေ့ကို ကြောက်လို့ ဝယ်ပေးရတယ်။ အမေ သေတုန်းကလည်း အဖေက ကောင်းကို မကောင်းဘူး။ အဲဒါ ဘုန်းဘုန်းကို ပြောတော့ ဘုန်းဘုန်းကို တိုင်လို့ဆိုပြီး ကလေးတွေကို ရိုက်တယ်။ နောက်ပြီးတော့ အဖေ့အခြေအနေက သိပ်ပြီးမကောင်းဘူး။ အဲဒီနေ့တုန်းက သမီးက အဖေ စားဖို့ ဟင်းချက်စရာတွေ သွားယူနေတာ။ မောင်လေးကတော့ ဆော့နေတာ ထင်တယ်။ ခဏနေတော့ မောင်လေးက လာပြောတယ်။ အစ်မ …အစ်မ၊ အဖေက ဘာဖြစ်သွားမှန်း မသိဘူးတဲ့။ အဲဒီလိုနဲ့ သွားကြည့်တော့ အဖေက ဆုံးနေတယ်။

အစကတော့ အိမ်မှာပဲ သမီးတို့က နေတယ်။ အိမ်မှာနေရတာက မလုံခြုံဘူး။ မောင်လေးကိုလည်း မြစ်ကြီးနားက ဘွားဘွားက ခေါ်သွားတယ်။ မောင်နှမ လေးယောက် စလုံးကိုတော့ မခေါ်နိုင်ဘူးတဲ့။ သမီးကိုကျတော့ ခေါ်သွားမယ် ဆိုတော့၊ အဲဒီလိုဆိုရင် မောင်လေး၊ ညီမလေးတွေက ဘယ်လိုလုပ် ကြီးပြင်းမှာလဲ။ သမီး မလိုက်တော့ဘူး၊ မောင်လေး ကိုသာ ခေါ်သွားပြီး ပညာသင်ပေးလိုက်တော့လို့။ ဒါပေမဲ့ မောင်လေးကို မခေါ်ချင်ဘူး၊ သမီးကိုသာ ခေါ်ချင်တာ။ သမီး ညီမလေးကိုတော့ မထည့်လိုက်နိုင်ဘူး။ အဲဒါကြောင့် မောင်လေးကိုသာ ထည့်လိုက်တယ်။ မောင်လေးက အဲဒီမှာ ကျောင်းတက်ပြီတဲ့၊ ကြားရတယ်။ ဒါပေမဲ့ ခဲတံတွေ၊ စာအုပ်တွေ ပျောက်လို့ဆိုပြီး ကျောင်းမထည့်တော့ဘူး။

နောက်တော့ ဒီကျောင်းကို ပုံမှန်လာတယ်။ နောက်တော့ သိပ်မလာဖြစ်တော့ဘူး။ အဖေတို့ မရှိတော့ စားဖို့ သောက်ဖို့ ပူနေရတယ်။ လေးလေးတို့ကလည်း ပေးပါတယ်။ အဲဒီတုန်းက အမြဲတမ်းပဲ ငိုနေရတယ်။ အဖေတို့၊ အမေတို့က မရှိတော့ အားငယ်တယ်၊ ကြောက်လည်း ကြောက်တယ်။ အခုတော့ ဒီကျောင်းမှာ နေလာတာ သုံးနှစ်လောက်တော့ ရှိပြီ။ အဲဒီတုန်းက မပျော်ဘူး။ သူများတွေက ဟင်းရွက်ခူးသွားရင် လိုက်သွားတယ်။ ဟင်းရွက်ခူးလိုက်ရင် ရောင်းရတော့ ပိုက်ဆံ ရတယ်။ ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် ပိုက်ဆံက များများမရဘူး။ တထောင်၊ ငါးရာပဲ ရတယ်။ အမေ့ညီမဆီလည်း သွားမတောင်းချင်ဘူး။ သူတို့ပေးချင်ရင် လာပေးလိမ့်မယ် ဆိုပြီးတော့။ သုံးရက်၊ လေးရက်လောက် ထမင်းငတ်ခဲ့ရတယ်။ သမီးက မစားရရင် ဘာမှမဖြစ်ဘူးဆိုပြီး မစားဘူး။ ညီမလေးကိုပဲ ဂရုစိုက် ကျွေးတယ်။ အိမ်က မလုံတော့ အိပ်လို့ မပျော်ဘူး။ အဲဒီကျတော့ လေးလေးက တံခါးတွေ လုပ်ပေးတယ်။ ဒါမှပဲ အိပ်ပျော်တော့တယ်။ အဖေနဲ့ အမေ ရှိတုန်းက ဘယ်သူမှ မကပ်ရဲကြဘူး။ ဒီကျောင်းမှာ မိန်းကလေးအဆောင် ဆောက်မပြီးသေးတော့ အိမ် ပြန်အိပ်ရတယ်။ အိမ်က မိုးမလုံဘူး။ မိန်းကလေးအဆောင် ဆောက်ပြီးသွားတော့ ဘုန်းဘုန်းက ကျောင်းမှာ လာအိပ်နော်တဲ့။ အဲဒီတုန်းက အရမ်း ပျော်တယ်၊ ဘာလို့လဲဆိုတော့ ရပ်ကွက်ထဲက လူတွေက မကောင်းဘူး။ အမြဲတမ်းပဲ ကဲ့ရဲ့တယ်။ သူ့အမေ သူ့အဖေက ဒီရောဂါနဲ့ သေသွားတာပါတော်တဲ့။ မောင်လေးတွေ၊ ညီမလေးတွေ ကျောင်းထားဖို့ ပိုက်ဆံက မရှိဘူး။ ပိုက်ဆံက ဘယ်က ရမှာလဲ။ ကျောင်းမှာ နေနေရတာ။ ဘုန်းဘုန်းကိုလည်း ပြောချင်တယ်။ မောင်လေးတွေ၊ ညီမလေးတွေကို ကျောင်းထား ပေးပါလို့။ ဒါပေမဲ့ မပြောရဲဘူး။ အဲဒီတုန်းက ဘုန်းဘုန်းက တယောက်ဆီကို မေးတယ်။ နင်တို့တွေက ဘာလုပ်ချင် တာလဲတဲ့။ သမီးက စက်ချုပ်လို့ ပြောတော့ နောက်နေ့တွေ ရောက်တဲ့အခါ ဆရာမငှားပြီး၊ စက်တွေဝယ်ပြီးတော့ စက်ချုပ်သင်ပေးတယ်။ စက်ချုပ်တာကိုလည်း သူများတွေထက် သာချင်တယ်။ စက်ချုပ်ကို မြန်မြန်လည်း တတ်ချင်တယ်။ ကြောက် လည်း ကြောက်တယ်။ သူများတွေက သာသွားမှာကိုလည်း စိုးတယ်။ အင်္ကျီချုပ်သင်တုန်းကလည်း ဆရာမက ပြောတယ်။ သူက သိပ်ပြီးမရဘူးလို့ ပြောတော့ ရှက်လည်း ရှက်မိတယ်။ အတန်းကျောင်းတော့ နေခဲ့ရပါတယ်။ ဒါပေမဲ့ ညီမလေးတွေ ရလာတော့ ကျောင်းကနေ ထွက်ခဲ့ရတယ်။

အဖေနဲ့ အမေကို သတိရပါတယ်။ ညီမလေးတွေကို တွေးမိရင် စိတ်ညစ်တယ်။ သူတို့ကို တခါမှ မရိုက်ခဲ့ဖူးဘူး။ ဒါကိုသိတော့ သူတို့တွေက ကဲတယ်။ သူများတွေက သူတို့တွေကို စကြရင် သူတို့တွေကို မစစေချင်ဘူး။ သူတို့ငိုသံကို မကြားချင်ဘူး။ နောက်တော့ မောင်နှမတွေကို သွေးစစ်ကြည့်တယ်။ မောင်နှမလေးယောက် ရှိတဲ့အထဲမှာ ဘာလို့ သူတယောက်ကိုမှ ရှိနေရတာလဲ မသိဘူး။ နောက်တော့ ကျောင်းမှာ ၉ တန်း၊ ၁ဝ တန်း ကျောင်းသူတွေ ရောက်လာ တော့ မိန်းကလေးအဖော်ရလာတော့ ပျော်တယ်။ သူတို့နဲ့လည်း ရန်ဖြစ်တယ်။ သူတို့နဲ့ နေလာတာကြာတော့  သူတို့ ပြန်သွားရင် တယောက်တည်း နေရမှာကို တွေးပြီး ကြောက်တယ်။ သူတို့လာတော့ လိမ်ထားတယ်။ အဖေ၊ အဖေ မရှိဘူးလို့ ပြောရမှာကို ရှက်လည်း ရှက်တယ်၊ ကြောက်လည်း ကြောက်တယ်။ အခုချိန်မှာ တချို့ကတော့ သိချင်သိမယ်၊ မသိချင်လည်း မသိလောက်ဘူး။ သူတို့တွေဆီမှာတော့ အဖေတွေ၊ အမေတွေ၊ အစ်မတွေ၊ အစ်ကိုတွေ လာတယ်။ သမီး ဆီကိုကျတော့ လာစရာမရှိဘူး။ ဘယ်သူမှ မလာဘူး။ ဘယ်သူမှလည်း မအားကြဘူး။ ဘွားဘွားကြီးကတော့ သမီးနဲ့အတူနေမယ်လို့ ပြောတယ်။ အရမ်းပျော်တယ်၊ အရမ်း လည်း ဝမ်းသာတယ်။ ဘွားဘွားကြီးက မြစ်ကြီးနားကနေ ပိုက်ဆံတို့၊ အင်္ကျီတို့ ဝယ် ဝယ်ပေးတယ်။ ဘွားဘွားကြီးက အသက်ကြီးပြီ။ နောက်ဆိုရင် ပိုက်ဆံတို့လိုရင် ရမှာ မဟုတ်ဘူး။ ကျောင်းမှာ ဘာလုပ်ငန်းမှ မရှိဘူး။ ပိုက်ဆံက ဘယ်က ရမှာလဲ။

ဟိုတခါတုန်းက အဖေက အရက်သောက်လို့ သေသွားတာလို့ ပြောခံရတယ်။ အဖေက ရောဂါရှင် ဆိုတော့ အရက်သောက်လို့ သေသွားတာ သမီးကို ပြောင်ကြတယ်။ သမီးက အရမ်းဝမ်းနည်းတယ်။ သမီးကို မပြောင်စေချင်ဘူး။ လူ့ဘဝကြီးက ပျော်ပျော်နေလို့ မရဘူး။ နောင်ဘဝရောက်ရင် ဆုတောင်းတယ်။ ဒီလို ဘဝမျိုး မရောက်ပါစေနဲ့လို့။ သမီးကို သူများတွေက အထင်သေးတယ်။ ဒီကျောင်းက လူတွေကလည်း အချင်းချင်းတွေကို အထင်သေးတယ်။ အဲဒီလိုပြောရင် သူတို့က စကြတယ်။ ဖြစ်နိုင်ရင် ဒီကျောင်းက လူတွေနဲ့ ဘယ်သူနဲ့မှ ရန်မဖြစ်ချင်ဘူး။ ဒါပေမဲ့ သူတို့က လိုက်စကြတယ်။

အမေ သေတုန်းကလဲ အမေ့အခေါင်းကို ကျင်းထဲပစ်ထည့်ပြီး ခဲတွေနဲ့ ပစ်ကြတယ်။ အဲဒါကို ကိုယ်ကိုယ်တိုင် မကြည့်လို့ဆိုပြီး ပြောကြတယ်။ ကိုယ်တိုင် ကျင်းထဲကို ခဲနဲ့ပစ်ထည့်မှ နင့်အမေ စိတ်ချမ်းသာ မှာတဲ့။ အဲဒီကို လိုက်သွား တော့ အမေ့ အခေါင်းကို ဖွင့်ပြီး ခဲတွေနဲ့ ပစ်ကြတယ်။ အဲဒါတွေ မခံနိုင်တော့ ဒီဘက်ကို ထွက်လာတယ်။ ပြီးတော့ ဗုန်းခနဲ လဲသွားတယ်။ မူးလဲသွားပြီးတော့ ဘာဖြစ်သွားမှန်း မသိဘူး။ အသုဘမှာ လေးလေးတို့က ဆပ်ပြာမှုန့်တွေ လာဝေပေးကြတယ်။ နောက်တော့ အရီးတို့က ခြေမတွေ၊ လက်မတွေ နှိပ်ပေးကြတယ်။ ကားပေါ်ရောက်တော့မှ သတိရလာတယ်။ အဲဒီတုန်းက အဲဒီလိုဖြစ်တာကို ရပ်ကွက်ထဲက လူတွေက မသိကြဘူး။ ရပ်ကွက်ထဲက လူတွေက ဝေတဲ့ဟာ ယူမှာပဲ၊ ဒီလောက်ပဲ သိကြတယ်။ ကောင်းတဲ့လူတော့ ရှိပါရဲ့။ အဖေနဲ့ အမေ ကောင်းရာမွန်ရာ ရောက်ပါစေလို့ သမီး ဆုတောင်းပေးပါတယ်။ ဒီရောဂါမျိုးတွေလည်း နောက်ထပ် မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

အမှန်တိုင်းပြောရရင် အခုဘဝကြီး ရောက်နေတာ ရှက်လည်း ရှက်၊ ကြောက်လည်း ကြောက်တယ်၊ သူများတွေ ကဲ့ရဲ့မှာကို။ ဒီကျောင်းနဲ့ မခွဲနိုင်ဘူး။ ဘုန်းဘုန်းကိုလည်း ကျေးဇူးတင်တယ်။ ဒီကျောင်းကို ခေါ်ထားပေးလို့။ ဘုန်းဘုန်း အဆူမခံရအောင် နေတယ်။ ဘုန်းဘုန်းဆီ ရောက်သွားတဲ့အခါ စိတ်လည်း ညစ်တယ်၊ ငိုလည်း ငိုချင်တယ်။ ဘုန်းဘုန်းကတော့ ကောင်းစေချင်လို့ ဆုံးမတာ။ ပြီးတော့ ဒီကျောင်းက ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်တယ်။ သမီးတို့ကို ကရုဏာ၊ မေတ္တာထားပြီး စာသင်ပေးတဲ့အတွက်၊ စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။

ဘွားဘွားကြီးလာတုန်းက အနွေးထည်တွေ လိုက်ရောင်းပေးရတယ်။ အဲဒီတုန်းက သူများတွေက မတရား ဈေးနှိမ်တယ်။ အဘွားပေးတဲ့ပိုက်ဆံကို မသုံးရက်ဘူး။ ရော့ရော့ …တဲ့၊ လိုသလောက် ယူသွားတဲ့။ အဘွားနဲ့လည်း အတူတူနေချင်တယ်။ စိတ်ကူးတွေလည်း ယဉ်ခဲ့မိတယ်။ အစ်ကိုဆိုလည်း မရှိဘူး၊ အစ်မ ဆိုလည်း မရှိဘူး။ ဒီက ကျောင်းသားတွေဆီဆိုရင် သူတို့ အစ်ကို၊ အစ်မ၊ အဒေါ်တွေ အကုန်လာကြတယ်။ သမီးဆီကျတော့ မလာဘူး။ အဘွားတို့ကတော့ မအားဘူးလို့ ပြောတာပဲ။ အားငယ်တယ်၊ အမြဲတမ်း အားငယ်တယ်။ မင်္ဂလာဆောင်တွေရှိရင်လည်း ကိုယ့်သားသမီးကို ပြင်ပေးကြတာပဲ။ ရပ်ကွက်ထဲ သွားရင်၊ မင်္ဂလာဆောင်ရှိရင် သမီးကို ဖိတ်တယ်။ လာလာပြီး ဖိတ်ကြတယ်။ အဲဒီလိုဆိုရင် အမေ့ကို သတိရတယ်။ ဖျားရင်၊ နေမကောင်းရင် အမေ့ကို သတိရတယ်။ အဖေ၊ အမေတို့ကို ခေါ်ပြီး အော်ငိုပစ်လိုက်ချင်တယ်။

အရွယ်ရောက်လာပြီဆိုတော့ ရှေ့လျှောက် ဘာတွေဖြစ်မယ် မသိဘူး။ တွေးရင်း တွေးရင်းနဲ့ စိတ်တွေ ညစ်တယ်။ တခါတလေကျရင် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးသတ်ပြီး သေပစ်ချင်တယ်။ ကိုယ် အားငယ်နေ တဲ့အချိန်ဆိုရင် နှစ်သိမ့် မယ့်သူ တယောက်မှ မရှိဘူး။ ဆရာမတွေ ပြောရင် ဆရာမတွေက နှစ်သိမ့်တယ်။ စက်ချုပ်ဆရာမ လာတော့ စက်ချုပ် ဆရာမကို ခင်တယ်၊ ချစ်လည်း ချစ်တယ်။ အဘွားက ဒီကျောင်းကို လာနေမယ်လို့ ပြောတော့ ဒီကိုတော့ လာမနေပါနဲ့လို့ သမီးက ပြောတယ်။ ဒီကိုတော့ လာမနေပါဘူးတဲ့၊ သမီးတို့ကို ခေါ်ထားတာနဲ့တင် ကျေးဇူးတင်လှပါပြီတဲ့။ ပြီးတော့ ဆရာ၊ ဆရာမတွေ စကားကို နားထောင်၊ ရန်မဖြစ်နဲ့တဲ့။

အဖေနဲ့ အမေ ဆုံးတာက တလပဲ ကွာတယ်။ ကြေကွဲလို့မှ မဆုံးသေးဘူး၊ ဒီရောဂါကြောင့် ငါ့အဖေ သေသွား ရတယ်။ ကံကြမ္မာကြီးက ငါ့တို့အပေါ်ကို ဘာလို့များ ဒီလောက် ရက်စက်ရတာလဲ။ သူများတွေ လှောင်ပြောင်တာ မခံနိုင် ဘူး။ သူများတွေ လှောင်တဲ့နေ့တွေဆိုရင် ငိုရပြီ။ ဟိုအရင် တခါတုန်းက ကိုယ့်အကြောင်းကို ပြောတုန်းက အဖေက အရက်သောက်လို့ သေတာဆိုပေမဲ့ ရောဂါနဲ့သေရတာလို့ပြောတော့ သမီး ကို ပြောင်ကြတယ်။ မခံနိုင်ဘူး၊ သူတို့နဲ့ ရန်ဖြစ်ချင်တယ်။ ဆေးရုံတက်တုန်းကလည်း အဖေနဲ့ အမေကို သတိရတယ်။

ဒီကျောင်းမှာ နေရတာ ပျော်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းက ကျောင်းသူ ကျောင်းသားတွေနဲ့ ခွဲရဦးမယ်။ သမီး သူငယ်ချင်းက သူ့အမေအကြောင်းတွေ လာပြောတယ်။ သူ့အမေကို လုပ်ကျွေးဦးမယ်တဲ့။ ငါလည်း ငါ့အမေကို လုပ်ကျွေးချင်လိုက်တာ။ ဒါပေမဲ့ မရတော့ဘူး။ အဲဒီလိုများ အခွင့်အရေးရှိရင် ရပ်ကွက်ထဲက အထင်သေးတဲ့ လူတွေကို သွားပြီး ကြွားပစ်လိုက်ချင်တယ်။ ညီမလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေ ချင်တယ်။ အခုဆိုရင် သူတို့လေးတွေကို ကျောင်းထားပေးချင်တယ်။ ပိုက်ဆံက မရှိဘူး။ လေးလေးကိုလည်း မပြောချင်ဘူး။ သူတို့တွေ စာမတတ်မှာကို ကြောက်တယ်။ သူတို့ ဦးလေးတွေဆီကိုလည်း သွားပို့ထားလို့ မရဘူး။ သူတို့ အလုပ်တွေက ရှိသေးတယ်။ အခုဆို အိမ် တောင် မရှိတော့ဘူး။ အိမ်နေရာလေးက သူများတွေ နေသွားပြီ။ ဒီကျောင်းကို ပြောင်း လာတုန်းက အိမ်လေးကို ကြည့်ထားလိုက်ကြပါဦးဆိုပြီး ထားခဲ့တာ။ ဆယ်ရက်လောက်ပဲ ရှိသေးတယ်။ အိမ်က မီးလောင်သွားပြီဆိုတော့ ငိုလိုက်ရသေးတယ်။ အိမ်လေးကို ဘယ်သူတွေက ရှို့မှန်း မသိဘူး။ အိမ်မီးလောင်တော့ ဘာမှတော့ မပါပါဘူး။ ဒါပေမဲ့ အိမ်သုံးပစ္စည်း လေးတွေတော့ ပါသွားတယ်။ အိမ်မီးလောင်လို့ ငိုနေတုန်းက ဘဘကြီးဦးကျောက်ကနေ ဆရာမအိစံကို ခေါ်ပြီးတော့ ရပ်ကွက်က လူကြီးကို သွားပြောလိုက်ဆိုတော့ မပြောချင်ဘူး။ ရပ်ကွက်ထဲက လူတွေကို အားလည်းနာတယ်။ နောက်ပြီးတော့ မခံစားနိုင်တော့ဘူး၊ ငိုမှာပဲ။

အခုလည်း သူတို့ကို လိမ်ထားတဲ့ဟာတွေကို ရင်ဖွင့်ချင်တယ်။ ရင်ဖွင့်ချင်လို့မို့ ပြောလိုက်တာ။ တခါ တလေကျရင် ကိုယ့်အမေ့ကို ပြန်ပြောခဲ့တာတွေကို နောင်တရတယ်။ ငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်ပြီး အဖေနဲ့ အမေကို သတိရတယ်။ အဖေက ဘယ်လိုလုပ်တယ်၊ အမေက ဘယ်လိုပြုစုတယ်ဆိုတာတွေကို။ အမေခေါ်စရာ မရှိတော့ အမေတင်မြတို့ကို အမေလို့ ခေါ်တယ်။ ပြီးတော့ အမေချိုကို မေမေလို့ ခေါ်တယ်။ မွေးစားအမေတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့က သမီးဆီကပဲ လိုချင်တဲ့ပစ္စည်းဆို တောင်းတယ်။ ရပ်ကွက်ထဲမှာတုန်းကလည်း သမီး၊ သမီးလို့ခေါ်တဲ့တယောက် ရှိတယ်။ ခဏခဏ ထမင်းခေါ်ခေါ်ကျွေးတယ်။ ဒါပေမဲ့ ဘယ်သူက ခဏခဏ ခေါ်ကျွေးတိုင်း စားချင်မှာလဲ။ ဒါပေမဲ့ ဆာတော့ကျတော့ မနေနိုင်ဘူး၊ သွားသွားစားမိတယ်။ တခါတလေလည်း ဗိုက်စာလည်း သွားမစားဘူး။ ခဏခဏဆိုတော့ အားနာလို့။ သူတို့ကလည်း သဘောပေါက်တယ်။ သူတို့ကလည်း ဒီကျောင်းမှာနေတုန်း ဒီကျောင်းက သင်ပေးတဲ့ ပညာတွေကို ရအောင်ယူလို့ ပြောတယ်။ ဘာမှ အားမငယ်နဲ့တဲ့။ ကိုယ် ငိုနေတဲ့အချိန်မှာ နှစ်သိမ့်ပေးတဲ့လူ မရှိရင် အရမ်းဝမ်းနည်းတယ်။ သူများတွေက အထင်သေးချင် သေးလိမ့်မယ်။ ရှေးဘဝက ကုသိုလ်ကံ မလုပ်လို့ဘဲလို့ ဖြေရတယ်။ စက်ချုပ်ဆရာမက ဘာမှလျှောက်တွေးမနေနဲ့၊ စက်ချုပ်ကိုသာ တတ်အောင် သင်တဲ့။ တွေးမနေနဲ့၊ အချိန် တန်ရင် သူ့ဟာနဲ့သူ ဖြစ်လာလိမ့်မယ်တဲ့။

အရင်တုန်းက ကျောင်းက တလတခါ ဆန်နဲ့ ဆီ ပေးတယ်။ ဆန်နဲ့ ဆီချည်း ဘယ်သူက စားနိုင်မှာလဲ။ အဲဒါနဲ့ ဆန်ကို တဝက် ခွဲရောင်းတယ်။ အဖေနဲ့ အမေ ရှိတုန်းက သမီးကို မေးတယ်။ ငါ့သမီး ကြီးလာရင် ဘာလုပ်စားမှာတုံး ဆိုတော့ စပါးရိတ် စားမှာလို့ ဖြေခဲ့တယ်။ အဲဒီတုန်းက သမီးတို့နားမှာ လယ်ကွင်းတွေ ပေါတယ်။ အဲဒီ စပါးရိတ်စားမယ့် အစား တခုခုသင်ပါ့လား သမီးရယ်တဲ့။ သမီးက အဲဒီလိုလုပ်ချင်ပေမဲ့ သူတို့က မခေါ်ဘူး။ သူတို့က လုပ်ရည်ကိုင်ရည်ကို မကြည့်ဘူး၊ အရပ်ကို ကြည့်တယ်။ အဲဒါကြောင့် သမီးက အရပ်ပုလို့ဆိုပြီး စိတ်နာတယ်။ အရပ်ပုလို့ဆို အလုပ်မခေါ်ဘူး။ သူတို့က အရပ်အမောင်းကိုကြည့်ပြီး အလုပ်ခေါ်တယ်။ အဲဒီတော့ ငါ့အဖေ ပြောတာ မှန်ပါလားဆိုပြီး သတိရမိတယ်။

အဖေနဲ့ အမေကို အမြဲတမ်း သတိရတယ်။ အဖေနဲ့ အမေ သေနေတဲ့ပုံကို မျက်လုံးထဲမှာ ပြန်မြင် နေတယ်။ တခါတလေကျရင် လျှောက်လုပ်ပစ်လိုက်ချင်တယ်။ လမ်းထွက်ပြီးတော့။ ဒါပေမဲ့ ညီမလေးတွေ ရှိသေးတယ်ဆိုပြီး တော့သာ။ ညီမလေးတွေသာ မရှိဘူးဆိုရင် တကယ် လမ်းပေါ်ရောက်နေလောက်ပြီ။ ကျွန်မ အဲဒီစိတ်ညစ်စရာတွေ မေ့နေတယ်။ ဒါပေမဲ့ သူများမိဘတွေ လာရင် အဲဒီစိတ်ညစ်စရာတွေ ပြန်ပေါ်လာတယ်။ အဖေနဲ့ အမေအကြောင်း တွေးပြီး ငိုရတယ်။

စက်ချုပ်ဆရာမက သမီးတဲ့၊ ဆရာမက နှစ်ရက်လောက် မလာဘူးတဲ့။ အင်္ကျီ နှစ်ထည်ကို စမ်းပြီး ချုပ်ထားကြည့် တဲ့။ သမီးတို့ စက်ချုပ်တဲ့ သုံးယောက်ကို ချုပ်ခိုင်းတာ။ သမီးက မချုပ်တတ်ဘူး၊ သွားသွားပြီး မေးရတယ်။ ဆရာမက မလှလည်း အဲဒီအတိုင်း စမ်းချုပ်ကြည့်တဲ့။ အင်္ကျီဖြစ်ဖြစ်၊ ပုဆိုးဖြစ်ဖြစ် စမ်းပြီး ချုပ်ကြည့်တဲ့။ ပျက်သွားလည်း ဘာမှ မဖြစ်ဘူးတဲ့။ သမီးက မသိတဲ့ဟာကျတော့ မသိဘူး၊ သိတဲ့ဟာတော့ သိတယ်။ မဲလုံးကကျတော့ တော်လို့ဆိုပြီး ချီးကျူးတယ်။ သမီးက မိန်းကလေးဖြစ်ပြီး အဲဒီလောက် ဖျင်းလားဆိုပြီး အသေအလဲ ငိုခဲ့ရတယ်။ သမီးက အခုတော့ သိသွားပြီ စက်ချုပ်ဆိုတာ ကိုယ် ကြိုးစားမှ ဖြစ်တာ။

သမီး ပြောချင်တာတော့ ဒါပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, မောင်လူရေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်