သင့်မြတ် (ချင်းတွင်း) ● အညာလမ်းက ထန်းပင်တန်းတွေ

May 16, 2016

 သင့်မြတ် (ချင်းတွင်း) ● အညာလမ်းက ထန်းပင်တန်းတွေ

မေ ၁၆၊ ၂၀၁၆
(မိုးမခ မဂ္ဂဇင်း မေ ၂၀၁၆ ပါ ဆောင်းပါး)

 (၁)
နွေဦးပေါက်ရောက်လာတော့ အရင်ဆုံးသတိရမိသည်က ထန်းရည်…..။  တကယ်တော့ တရွာလုံးနီးပါး ကိုယ့်အမျိုးတွေချည်းဖြစ်သည့်အပြင် ကျနော်တို့အိမ်က ကျနော်တို့ ဆရာများ ငှားနေသော အိမ်နှင့်ကပ်လျက်ဆိုတော့ လိမ္မာချင်ယောင်ဆောင်ခဲ့ရတာ သိပ်တော့ မလွယ်လှ။  ကိုယ့်မျက်စိရှေ့တင် အမြှုပ်တစီစီနဲ့မွှေးပျံ့လှသော ပင်ကျရေစစ်စစ်ကို စပြီးသောက်ဖူးတာက ဆယ်တန်းအောင်ပြီးမှ ဖြစ်သည်။

ဒါတောင်များများမဟုတ်၊ ကုလားပဲရိတ်ရင်း နေ့လည်စာ ထမင်းမစားခင် သောက်ချင်တယ်ဆိုလို့ ကန်သင်းရိုးပေါ်မှာရှိတဲ့ ထန်းပင်ပေါ်က ထန်းရည်အိုးကို သူငယ်ချင်းကချပေးလို့ အပင်အောက်တင် အားရပါးရ သောက်ပစ်လိုက်သည်။  အိုးထဲတွင်တော့ ကိုယ့်အရင်ဦးအောင် (ထန်းနို့ကနေ) အချိုဓာတ်လာယူနေတဲ့ ပျားကောင်လေးတွေက အိုးထဲကျပြီး ပိုးလိုးပက်လက်။  သို့သော် ကိစ္စမရှိ၊ ဘေးနား ထန်းဖုံးဖတ် ကလေးယူပြီး အမြှုပ်တွေရော ကိုရွှေပျားတွေရော ဖယ်လိုက်တော့ ငှက်ခါးတောင် စိမ်းလဲ့လဲ့ထန်းရေက ပလုံစီလေးတွေ ဝေ့ကာဝေ့ကာ တက်လာလေတော့သည်။  တံတွေးကို အရင်မြိုချ၊ လက်နှစ်ဖက်နဲ့ မြူအိုးဖင်ကို အသာအယာ မ လို့…. အိုးနှုတ်ခမ်းနဲ့ ကိုယ့်နှုတ်ခမ်းနဲ့ တေ့ကာ တဂွတ်ဂွတ်နဲ့ သောက်ချလိုက်တော့ .. သုမောင် သီချင်းတောင် ဆိုချင်မိရက်ဖြစ်သွားသည်။

တကယ်တော့ ထန်းပင်မှ စထွက်ကာစ ထန်းရည်သည် အချိုဖြစ်သည်။  အချိုကို အချဉ်ဖောက်၊ ရလာတဲ့ အချဉ် (အလင်) ကို အိုးထဲမှာ ဖင်ကပ်ရုံလောက်ထည့်ပြီး ထန်းရေခံလိုက်သောအခါ အများသူငါ ကြိုက်တတ်သော ထန်းပင်ကျရည်ကို ရပါလေတော့သည်။

တကယ်တော့ ထန်းရည်အကြောင်း ရေးမလို့မဟုတ်ပါဘူး….။ ထန်းပင်ကို ကျနော်တို့ ဘယ်လို သုံးကြတယ်ဆိုတာရေးမလို့ပါ။

(၂)
ကျနော်တို့အညာဒေသအတွက်တော့ အအေးဆုံး အမွှေးဆုံး အရိပ်စင်ကိုပြောပါဆိုလျှင် ထန်းရွက် အသစ်ကျပ်ချွတ်ကို မိုးထားသော အရိပ်စင်ကိုပြောရမည်။  ဆောင်းကုန်ကာနီးပြီဆိုလျှင် ထန်းပင်ရှိ ထန်းရွက်တို့ကို ဖူးတံအညွန့်နည်းနည်းသာချန်ပြီး အကုန်ချိုင်ချကြသည်။  ကျလာသော ရိုးတံပါ ထန်းရွက်တို့ကို ယာမြေခပ်ညီညီနေရာတွင် တရွက်အပေါ်တရွက် ထန်းလက်ချင်းယှက်ကာ ဖြန့်ခင်းပြီး နောက် မျောနှစ်ချောင်းလောက် ဖိတင်ကာ နှစ်ပတ်၊ သုံးပတ်ခန့်ထားလိုက်သည်။  နေအပူကြောင့်ရော၊ အပေါ်က ဖိထားတာကြောင့်ရော ပြန့်ကားပြီး ခြောက်သွားသော ထန်းရွက်တို့ကို နဖား နေရာလောက်သာချန်ပြီး ထန်းလက် ဖြတ်ကာ အိမ်မိုးဖို့ဖြစ်စေ၊ အရိပ်စင်ထိုးဖို့ဖြစ်စေ ပြင်ဆင်ကြတော့သည်။  ထန်းရွက်ချိုင်ရင်း ထန်းဖူး တခုလောက်ပါ ပါလာလျှင်တော့ ထန်းနှီးအဖြစ် အိမ်မိုးရင် သုံးရပေဦးမည်။

Photo by Wunna Zaw (UCSM)

အညာနွေအကြောင်းတော့ အထူးပြောစရာမလိုအောင် ပူမှန်း သိကြမည်ထင်သည်။  နေ့မပြောနှင့် ညခင်းဘက်ဆိုလျှင်တောင် ညဦးပိုင်းက လှန်းထားသော အ၀တ်တို့ မိုးမလင်းခင် ခြောက်ပါသည်။  သစ်ပင်ရိပ်ကို အပထား၊ ထိုအပူကိုကာဖို့ အကောင်းဆုံးပေးနိုင်သော အရိပ်မှာ ထန်းရွက်ဖြင့်မိုးထားသော အရိပ်စင်ဖြစ်သည်။  အများအားဖြင့် နွေဝင်ပြီဆိုလျှင် အိမ်ရှေ့ကွက်ပစ်ရှိသောသူတို့က ဟင်းလင်းပြင်မထားတတ်၊ မျောတိုင် ၄ ချောင်းလောက်စိုက်၊ မျဉ်ဝါး အနည်းငယ် ရနယ်ကျဲပြီး ထန်းရွက်မိုးအရိပ်စင်လုပ်ဖို့ ပြင်ကြပါလေတော့သည်။  ခြောက်ကာစ ထန်းရွက်သည် အပူဒဏ်ကို အတော်အတန် အကာအကွယ်ဖြစ်စေသည့်အပြင် ထန်းရွက်နံ့သင်းသင်းနဲ့ မွှေးတမြမြ ရှိလှသည်။  (စပါးခင်းနားဖြတ်သွားလျှင် စပါးပင်နံ့မွှေးသလို ထန်းရွက်နံ့လည်း အမွှေးနံ့ရှိပါသည်)။

ထိုအရိပ်စင်သည် နေ့ခင်းနေ့လည် စကားဝိုင်းဖွဲ့ရာနေရာ၊ တရေးတမော အိပ်စက်ရာနေရာ၊ ရုပ်ပြတအုပ်နဲ့ လူ့ဘ၀ ခရီးဆန့်ရာနေရာပင်ဖြစ်သည်။  အုပ်စုဖွဲ့ပြီး မြေပဲခွာလိုခွာ ဟိုအကြောင်း၊ သည်အကြောင်း သောင်းပြောင်းထွေလာ စကားစမြည် ဆိုကြရာနေရာလည်း ဖြစ်သည်။  ထန်းရွက်မိုး အရိပ်စင်အောက် တခါအိပ်ဖူးလျှင် နောက်ရက်တွေမှာ နေရာဦးဖို့ ထမင်းစားပြီးတာနဲ့ ခေါင်းအုံးတလုံး ကိုင်ကာ ထွက်လာတတ်ကြစမြဲဖြစ်သည်။ သည်နှစ်က အဆိုးဝါးဆုံး အယ်လ်နီညို ဆိုတော့ တောင်သူ့အရိပ်ထန်းပင်တွေရော ရှိပါသေးရဲ့လား တွေးမိသေးသည်။

ကျနော်တို့ငယ်ငယ်ကတော့ ထန်းရွက် (ထန်းဖူးရွက်) အခြောက်တွေကို ကိုယ့်ဘာသာ ကြက်တူရွေး ရုပ်ထိုးဖူးသည်၊ လက်ပတ်နာရီလုပ်ဖူးသည်၊ မောင်ရင်လောင်းလို နဖူးစီးတွေ စလွယ်တွေလည်း လုပ်ဖူသည်၊  အနည်းဆုံး လေတိုက်ရင် လည်ကာ တကျွိကျွိမြည်သော ပန်ကာ(ဒလက်) လောက်တော့ ကိုယ်တိုင်လုပ်ပြီးဆော့ဖူးပါသည်။  ဒုဌ၀တီမြစ်ကမ်းနဖူးက ရွှေစာရံဘုရားပွဲဈေးမှာတော့ ထန်းရွက်အဖူးဖြင့်လုပ်သော ကလေးကစားစရာ အရုပ်စုံအပြင် နေပူမိုးရွာဆောင်းဖို့ ထန်းရွက်ခမောက်များပါ တွေ့ရပေလိမ့်မည်။ ဆရာကြီး ရွာစားစိန်တင်ဟန်၏ ထန်းရွက်ပုတီး သီးချင်းတောင် အမှတ်ရသေးတော့…..။

(၃)
ထန်းလက်တွေကရော…..။ ယနေ့ခေတ်တွင်တော့ ထန်းခေါက်ဖာကို လူတွေ သိပ်မသုံးကြပေမယ့် ထန်းခေါက်တောင်းတို့၊ ထန်းလျှော်တို့၊ မီးဖိုချောင်သုံး အခြား ထည့်စရာပြုစရာတော့ အသုံးပြုနေကြဆဲဖြစ်သည်။  တောင်သူသုံး တောင်းပလုံးတို့အတွက် ထန်းလက်သည် အရေးပါနေဆဲဆိုသည်တော့ သေချာပါသည်။  ထန်းရွက်ကို နဖားမှဖြတ်ပြီး ကျန်ခဲ့သော ထန်းလက်ကို အကြော (ထန်းလက်ကြော) ရှိသည့်ဘက်ခြမ်းမှ ခပ်ပါးပါး လှီးပြီး ထန်းလက် တချောင်းလုံးရအောင် နွှာလိုက်ပါသည်။ ထို့နောက် သူ့ကို သုံးတော့မည်ဆိုလျှင် အုတ်ရေကန်ထဲတွင်တရက်စာလောက် ရေစိမ်ထားပြီး လိုအပ်သလို လှီးကာ၊ သင်ကာ ထန်းခေါက်ဖာ ထန်းခေါက်တောင်း စ၍ ယက်လုပ်ပါတော့သည်။  အိမ်ဆောက်၊ အရိပ်စင်ဆောက်၊ အလှူမင်္ဂလာဆောက်အတွက် သုံးရန် လျှော် (ကြိုး) အဖြစ်လည်း ပြင်ဆင်ထားလို့ရပါသေးသည်။  ထန်းလက်ကို အကြော မခွာလျှင် ထန်းပိုးဖြစ်စေ၊ ကလေးများဆော့ဖို့ ထန်းလက်မြင်း ဖြစ်စေ၊ ကြိမ်မရှိသော အရပ်မှာ ဆရာတော့် လက်သုံးတော် ထန်းပလပ်ပြား (တုတ်) ဖြစ်စေ သုံးလို့ရပါသေးသည်။

ရိုးရာမုန့်ပဲသွားရေစာဖြစ်စေ၊ ထမင်းစားပြီး အချိုပွဲတည်ဖို့ဖြစ်စေ ထညက် (ထန်းလျက်) က မရှိမဖြစ် လိုအပ်သော ဒေသထွက်ပစ္စည်းဖြစ်သည်။  တကယ်တော့ ထန်းရည်တအိုးရဖို့ သိပ်မလွယ်၊ ထို ထန်းရည်ကို ထညက် (ထန်းလျက်) ဖြစ်ဖို့ဆိုသည်မှာ ပို၍ခက်သေးသည်။  ကျနော်သိသလောက် အသွားအထက်ဆုံးဓားမှာ ထန်းလှီးဓားဖြစ်သည်။  ထန်းနို့ရဖို့ ထန်းဖူးအပေါ်ဓားတင် လက်နဲ့အသာလေးဖိချရုံနဲ့ တိတိရိရိပြတ်သွားဖို့ဆိုသည်မှာ တော်ရုံအသွားထက်မှုမျိုးနှင့်မရနိုင်။  ထို့ကြောင့်လဲ ထန်းသမားတို့က ဓားကို တသသ သွေးနေရသည့်အပြင် သွေးပြီးလျှင် ဓားအိမ်တွင်ထည့်ကာ ကလေးသူငယ်များ မမီနိုင်သည့် နေရာတွင်ထားရသည်။  ထန်းလှီးဓားကို အခြား မည်သည့်နေရာတွင်မှမသုံး၊ ထန်းဖူးလှီးဖို့ သက်သက်သာ ထားသည်။ မနက်လင်းလျှင် ထန်းပင်ပေါ်တက်၊ ထန်းဖူးအသစ်လှီး၊ ညက ချိတ်ထားသောအိုးကို အသစ်လဲ ပြန်ချိန်ပြီး တနေ့စာအတွက် ထန်းရေ ထပ်ခံရသည်။  ထန်းတပင်လျှင် ထန်းဖူး သုံးလေးဖူး၊ ထန်းတဖူးလျှင် တအိုးကျစီချိတ်။  တည တအိုးပြည့်သည်လည်းရှိ၊ မပြည့်သည်လည်းရှိ၊ ထန်းပင်အထွက်နှုန်းကလည်း အခြား သီးနှံများလို ပုံသေတွက်၍မရ။  ညအိုး မနက်လဲ၊ မနက်အိုး ညလဲနှင့် ထန်းတက်သမားအတွက် တရက် နှစ်ကြိမ်နှုန်းခန့်ထမ်းတက်ရသည်။

(၄)
ထန်းလျက်(ထညက်) ချက်ရပုံကိုကြည့်ပါဦး။  မနက်ကရလာသော ထန်းရည်ချိုကို မွန်မတည့်ခင် ကျိုပါမှ အချဉ်မပေါက်ဘဲ ထန်းလျက်(ထညက်) ချက်၍ရနိုင်သည်။  မြေကျင်းဖိုပေါ်တွင် မိုးဗြဲဒယ်ကိုတည်၊ ရလာသမျှ ထန်းရည်ချိုကို အမှုန်အမွှား အဖတ်တို့ ဘေးဖယ်စေပြီးသန့်စင်အောင်လုပ်၊ ပြီးလျှင် မီးပြင်းပြင်းထိုးထားသော မိုးဗြဲဒယ်သို့ ထည့်ကာ ထန်းပလပ်ယောက်မဖြင့် လက်ပန်းကျရုံတမယ် မွှေပေဦးရော့….။  ပွက်ကာစ ထန်းရေကို လက်ဆောင်ပေးဖို့ဖြစ်ဖြစ်၊ အိမ်မှာ သောက်ဖို့ဖြစ်ဖြစ် တမြူစာလောက်တော့ ချန်ထားလေ့ရှိသည်။ ဧည့်သည်ဆောင်သည် လာသည့်အခါ ဧည့်ခံစရာလည်း ဖြစ်သည်။  ကျနော်တို့တတွေ ဟိုရွာသည်ရွာကူး သွားလာကြသည့်အခါ ထန်းတဲတွေ့လျှင် ဗိုက်တခါဝရုံတော့ ဘယ်ထန်းသမားကမှ နှမြောတွန့်တိုခြင်းမရှိ ကြိုက်သလောက်တောင်းသောက်နိုင်သည်။ ရင်းနှီးကျွမ်းဝင်သည်များဆိုလျှင် တပုလင်း နှစ်ပုလင်းတော့ လက်ဆောင်ပေးလိုက်ဦးမည်။

ထန်းရည်ချိုသည် တဖြည်းဖြည်း အငွေ့ပျံအနည်ကျလာကာ ပျဉ်းတွဲတွဲ ဖြစ်လာသည့် အခြေအနေကို ညောင်ပျဉ်း/သနှဲရည် စသဖြင့်ခေါ်ကြသည်။  ထို့နောက်တွင်တော့ ထညက် (ထန်းလျက်) လုံးပြီး အအေးခံရန် အခြေအနေသို့ ရောက်လာသည်။  တကယ်တော့ မီးဖိုပေါ်က ချကာစ မိုးဗြဲဒယ်အတွင်းက ပူပူလောလော ပျစ်ခဲခဲ ညောင်ပျဉ်းကို ထညက် (ထန်းလျက်) ဖြစ်အောင် လုံးဖို့ရာမှာ တွေးကြည့်ရုံဖြင့်ပင် ပူလှသည်။  ဘေးတွင် ရေးဖလားလေးချ၊ လက်ကိုရေထဲနှစ်လိုက်၊ ညောင်ပျဉ်းကို လက်နဲ့လှမ်းယူပြီး မြန်မြန်လုံးလိုက်နဲ့ အတော်အခံရခက်လှသည်။  လုံးနေကြသူများလက်ကိုကြည့်လိုက်တော့ လက်ဖ၀ါးပြင်တခုလုံး အသားမာတက်သကဲ့သို့ မာဂျစ်ဂျစ်ကြီးဖြစ်နေသည်။  တခါသား ကျနော်ဝင်လုံးကြည့်တော့ လေးငါးလုံး လုံးလိုက် နားလိုက်နဲ့ အစိတ် သုံးဆယ် လောက်ရောက်တော့ ဆက်မလုံးနိုင်၊ လက်က ပူလှပြီ။  လုံးပြီးသား ထညက်လုံးနွေးနွေးကို အရိပ်ကောင်းကောင်းအောက်တွင် နာရီဝက် တနာရီလောက်ကြာ အအေးခံထားလိုက်လျှင်တော့ စားလို့ အဆင်သင့်ဖြစ်နေသော ထညက်ကို ရပါလိမ့်မည်။  (ထန်းရည်ချို တအိုးလျှင် ထညက် (ထန်းလျက်) အစိတ်သားခန့်ရ၊ ထညက်ဖြူ၊ အုန်းထညက်၊ ထန်းဖိုထညက်၊ ထန်းမထညက်… စသည်)

(၅)
ထန်းသီးအကြောင်းပြောဦးမည်လား……။  ထန်းသီးနုနုကို ခွဲပြီး မုန့်ပဲသွားရေစာအဖြစ် လူတိုင်းစားဖူးကြမည်ထင်သည်။  ခွဲပြီးသားထန်းသီးကို လွှင့်ပစ်ရလိမ့်မည်လို့တော့ မထင်လေနှင့်၊ ထိုထန်းသီးအခွံသည် နွားအလွန်ကြိုက်သော အစားအစာဖြစ်သည်။  ထန်းသီးခွံကို အနေတော်သင့်ရုံ စဉ်းပြီး ပြောင်းရိုးခြောက်နှင့်ရောကျွေးလျှင် ပြောင်းရိုးမစားချင်သော နွားတောင် အကုန်ပြောင်အောင် စားပါလိမ့်မည်။  ထန်းပင်မြစ်ကိုလည်း စားဖူးကြမည်ထင်သည်။  နုစဉ်က လူစာမမိ၍ မှည့်မှကြွေကျလာသော ထန်းသီးများကို အစီအရီနှင့် မြေပို့ပို့မို့အောင် ဖို့ထားလိုက်လျှင် သုံးလခန့်ကြာသောအခါ စေးစေပိုင်ပိုင်ရှိလှသော ထန်းပင်မြစ်များကို စားရပါလိမ့်မည်။ ပိုလျှံလျှင် ရောင်းရပါလိမ့်မည်။

ကဲ…. ထန်းတပင်လုံး ပစ်ရက်စရာ ဘယ်မှာရှိမည်နည်း။ အရွက်၊ အဖူး၊ ထန်းနို့၊ ထန်းဖုံးဖတ်၊ ထန်းသီး၊ ထန်းလက်………. ။ ရှေးကာလက သားရေး သမီးရေး ကမ်းလှမ်းကြသည့်အခါ ထန်း ဘယ်နှပင်ပိုင်သလဲ၊ ဘယ်နှတော ပိုင်သလဲ  စသည်ပြောဆို တောင်းရမ်းကြသည်ဟု ဖတ်ဖူးသည်။

 Photo by Wunna Zaw (UCSM)

(၆)
သို့သော် … … …
အုတ်ဖုတ်သမားတို့ အကြိုက်ဆုံးထဲတွင် ထန်းပင် ပင်စည်သည်လည်း တခုအပါအ၀င်ဖြစ်သည်။  အုတ်ဖို ဆိုသည်က မီးဟုန်းဟုန်းတောက်ရန်မလို၊ ကြာကြာလောင်နေဖို့ ၊ မီးအားကောင်းနေစေဖို့နှင့် လောင်ပြီးနောက် ကျန်နေသာ မီးခဲများ တာရှည်ခံနေဖို့ လိုရင်းဖြစ်သည်။  ထန်းပင်က ဘယ်လောက်ပင် အသုံးတည့်နေပါစေ၊ ထန်းပင်ကရသော ၀င်ငွေသည် ထန်းတက်သမားတို့အတွက် မဖူလုံ မပြည့်စုံသည့် နောက်တော့ ထန်းတက်သမားလည်း ရှား၊ ထန်းပင်ပိုင်ရှင်လည်း အရွက်ကို တက်ခြိုင်ပေးမည့်သူပင် ရှာရခက်လေတော့ ယာကန်သင်းကို ချဲ့ခြင်းငှာ ထန်းပင်ကို ရောင်းဖို့ ကြံဆရပါတော့သည်။  သမုဒ္ဒရာ ၀မ်းတထွာအတွက် ထန်းသမားတို့လည်း အဆင်ပြေစေချင်ပါသည်။  ထန်းပိုင်ရှင်တို့လည်း ရေရှည်ကြည့်၍ ထန်းပင်တွေ ထိန်းသိမ်းနိုင်ကြစေချင်ပါသည်။  ကျနော်တို့ အညာအတလွှားတွင် ထန်းတော ပေါပေါများများ ရှိနေစေချင်ပါသေးသည်။

သင့်မြတ် (ချင်းတွင်း)

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၅)၊ မေလ ၂၀၁၆ ခုနှစ်ထုတ်တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, လူမှုရှုခင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags