မောင်လူရေး ● မှိုင်းညို့မှောင်

May 17, 2016

မောင်လူရေး ● မှိုင်းညို့မှောင်

(မိုးမခ) မေ ၁၇၊ ၂၀၁၆

မန္တလေးကို ဘယ်လိုရောက်သွားတာလဲဆိုတော့ …မန္တလေးကို ရထားစီးပြီးတော့ ပြန်မဆင်းတတ် တော့လို့။

ငယ်ငယ်လေးတုန်းက သူငယ်ချင်းတွေနဲ့  ရပ်ကွက်ထဲမှာ ထမင်းလျှောက်စားတာ ဇလုံကြီးတွေနဲ့။ ထမင်းစားပြီးတော့ ပြန်လာတဲ့အခါကျတော့ အမေ့ကို ပန်းကန်ကြီး ချပေးပြီး လျှောက်သွားမယ်ဆိုပြီးတော့ သွားကြတာ။ ရပ်ကွက်ထဲကို သွားကြတဲ့အခါကနေပြီးတော့ ငါတို့ ရထားကြီး သွားစီးကြရအောင်ဆိုပြီးတော့ ကလေးတွေကို ပြောတယ်။ ရထားပေါ်လည်း ရောက်ရော …နောက်ဆုံးကျတော့ ကလေးတွေက ဘယ်အချိန် ဆင်းသွားမှန်းမသိဘူး။ သမီးတယောက်တည်း ကျန်ခဲ့တာ။ အဲဒါနဲ့ ရထားနဲ့ ပါသွားတာ။

မန္တလေးမြို့ကြီးကို ပါသွားတော့ အမှိုက်ကောက်တဲ့ ကလေးတွေနဲ့ တွေ့တယ်။ သူတို့တွေနဲ့ တွေ့တဲ့ အခါကျတော့ ဘုရားကြီးကို ပါသွားတယ်။ ဘုရားကြီးကနေပြီးတော့ ဘုရားပုလိပ်တွေက ကလေးတွေ တွေ့လို့ ဆိုပြီးတော့ သမီးတို့ကိုဖမ်း၊ အကုန်လုံး အမှိုက်ကားအပြာကြီးနဲ့ တင်သွားပြီးတော့ သင်တန်းကျောင်းကို သွားပို့ တာ။ ပထမ လူငယ်သင်တန်းကျောင်းကို ပို့တာ။ လူငယ်သင်တန်းကျောင်းက ‘ကျွန်မတို့ကျောင်းက မိန်းကလေး မထားဘူး။ ယောက်ျားလေးပဲ ထားတယ်’ဆိုတော့ မိန်းကလေးတွေကို မိန်းကလေး သင်တန်းကျောင်းကို ပြန်ပို့ပေးတာ။

အဲဒီကိုရောက်တော့ သမီးအရွယ် ၃ နှစ်လား၊ ၄ နှစ်လား မသိဘူး။ အဲဒီတုန်းက ရောက်တာ ငယ်သေး တယ်။ ကျောင်းမှာနေရတော့ စာသင်ပေးတယ်၊ နောက်ကျ အပြင်ကျောင်းမှာ သမီးကို ကျောင်းထားပေးတယ်။ ကျောင်းထားပေးပြီး သမီး တတန်းအောင်တဲ့ အခါကျတော့ နွေရာသီ ကျောင်းပိတ်ပြီး ပြန်ဖွင့်တော့ ကိုယ်က မသိဘူး၊ ကျောင်းစိမ်းလေး လဲထားတာ၊ လဲထားတော့ ဆရာမကြီးက ‘သမီး နင် …တဲ့၊ ကျောင်းစိမ်း ဘာလို့ လဲထားတာလဲ’တဲ့၊ ‘သမီး တတန်းအောင်တယ်၊ ဒီနေ့ ကျောင်းဆက်တက်ရမှာလေ’ ဆိုတော့ ‘သမီး …နင့်ကို မာမီကြီးက ခေါ်မပြောဘူးလား’  ‘မပြောဘူး’ ‘အေး … နင်တို့မာမီကြီးက မှာလိုက်တယ်၊ နင့်ကို ကျောင်းမထားနိုင်တော့ဘူး၊ ကျောင်းထုတ်လိုက်ဆိုပြီးတော့ ထုတ်ခိုင်းတာ’ လို့ပြောတယ်။

အဲဒါ သမီး နှစ်တန်းတက်ရမယ့်ဟာကို နှမြောသွားတာ။ တတန်းအောင်လိုက်တာနဲ့ မတက်လိုက်ရ တော့ဘူး။ ဘာလို့ ထုတ်တာတုံး မသိဘူး။ သမီးတို့ကျတော့ ခေါ် မမေးဘူး။ သမီးရယ်၊ ကောင်မလေး တယောက်ရယ် ရှိတယ်။ မြင့်မြင့်ကြည်ဆိုတဲ့ ကောင်မလေးရယ်၊ သမီးတို့ နှစ်ယောက်ကိုပဲ အဲဒီမာမီကြီးက ထုတ်တာ။ လေးတန်းအောင်၊ ငါးတန်းတွေပဲ ကျောင်းနေချင်သလား၊ ဆက်မနေချင်ဘူးလားလို့ မေးတယ်၊ အဲဒီတုန်းက သူတို့အသံက အကျယ်ကြီးပဲဆိုတော့ သမီးတို့ အနောက်ဆောင်ကနေ ကြားနေရတယ်။ ရုံးခန်းက နေပြီးတော့ မနေချင်တဲ့လူ ရှိသလားဆိုတော့ ကလေးတယောက်က ဘယ်သူမှန်းလဲ မသိဘူး၊ ရှိတယ်တဲ့၊ ရှိတယ်ဆိုရင် ခွက်တလုံးယူပြီးတော့ လမ်းမကြီးပေါ် ထွက်တောင်းနေတဲ့။ ဆရာမကြီးကတောင် အဲဒီလိုမျိုး ပြန်ပြောတယ်။ ဒါပေမဲ့ သမီးတို့ကိုကျတော့ ခေါ်မပြောဘူး။ ဆရာမတွေ  အချင်းချင်းနဲ့ပဲ သူက ပြောလိုက် တာလား မသိဘူး။

ကျောင်းမတက်ရတော့ ကျောင်းမှာ ကိုယ်လုပ်တတ်သလောက် သစ်သီးသစ်နှံတွေတို့၊ ကြက်သွန်တွေ တို့၊ ကလေးတွေ ကိုင်သလို လိုက်ကိုင်ရတယ်။ အရွယ်လေးရောက်လို့ ကိုယ် ကိုင်တက်ပြီ၊ ချက်တက်ပြီဆိုမှ ကလေးတွေ ဝတ်တဲ့ အဝတ်တွေကို လျှော်ပေးရတယ်။ ပြီးကျတော့ မီးဖိုချောင်ထဲကို ကျောင်းသူနှစ်ယောက်၊ ဆရာမတယောက်နဲ့ ထမင်းချက်ရတယ်။ စိုက်ပျိုးရေးဘောင် လုပ်ရတယ်။ တံမြတ်စည်း လှည်းရတယ်။ ရေလောင်းရတယ်။ အဲဒါပြီးတော့ သမီးတို့ လုပ်တတ်သွားပြီဆိုရင် အပြင်က စားသောက်ဆိုင်တွေက အလုပ် လာခေါ်ရင် အလုပ်ထည့်ပေးတယ်။ လုပ်ချင်တဲ့သူ၊ သူတို့ ကြိုက်တဲ့လူ၊ ဧည့်သည်တွေက ဒီကောင်မလေး မဆိုးဘူး၊ ဒီကောင်မလေး လုပ်တတ် ကိုင်တက်တယ်၊ အရည်အချင်းရှိလောက်တယ်ဆိုပြီးတော့ ပိုင်ရှင်တွေ ကြည့်သွားပြီးတော့ သမီးတို့ကို ခေါ်တာ။

အပြင်ကအလုပ်မှာ ပထမလုပ်ခဲ့တာ လက်ဖက်ရည်ဆိုင်။ နာမည်က ရွှေမြင့်မိုရ်တဲ့။ အဲဒီဘေးနားလေး မှာ ရှမ်းခေါက်ဆွဲဆိုင်။ အဲဒီမိန်းမကြီးက ခေါ်ခိုင်းတာ။ ပန်းကန်တွေ ကွဲတာ မအေးမော်ကြောင့် ဖြစ်တာ။ အဲဒါ သမီးကြောင့်ပါဆိုပြီးတော့ လစာ မရတာလား၊ သမီးက အ,လို့ မတောင်းလိုက်တာလား မသိဘူး။ ဒီအတိုင်း လစာမပါဘဲနဲ့ ကျောင်းကို မပြန်ရဲဘူး။ ကြောက်နေတာ။ ဘုရားထဲသွားပြီး တယောက်တည်းပဲ နေနေတာ။ နောက်မှ မပြန်ရဲ၊ ပြန်ရဲနဲ့ ပြန်သွားတာ။ ကျောင်းရောက်တော့ ဆရာမတွေက သမီးကို ခေါ်မေးတော့ သမီးက ရိုက်မှာ ကြောက်တာ။ ဒါပေမဲ့ မရိုက်ဘူး။ တခါလေး မသိလို့၊ လစာမတောင်းရဲလို့ပါဆိုပြီး သမီးကို ဆူပဲဆူတာ၊ မရိုက်တော့ဘူး။ အဲဒီကနေ တခါ အလုပ်ပြန်လာခေါ်တာ။ သမီးတို့နှစ်ယောက် နေကြာစေ့စက်ရုံမှာ သွားလုပ် ရသေးတယ်။ နေကြာစေ့စက်ရုံကကျတော့ သူတို့ပြုတ်ပြီးသား နေကြာစေ့တွေကို လှန်းရတာ။ ခြောက်နေ အောင် လှန်းရတာ။ ခြောက်သွားပြီဆိုတာနဲ့ ဆာလာအိတ်ထဲ ပြန်ထည့်ပြီးတော့ အကုန်သိမ်းပေးရတာ။ သူတို့ တွေက လာလာပို့တာ ကွင်းကြီးထဲကို။ သူတို့စက်ရုံကနေ ပြုတ်ပြီးတော့  သမီးတို့ဆီကို လာလာပို့တာ။ နေ့တိုင်း အဲဒီကို ထမင်းချိုင့်လေးနဲ့ သွား၊ ညနေကျရင် ဒီပဲပြန်လာ။ အဲဒီလိုမျိုး လုပ်ရတာ။ ထမင်းချိုင့်ကို ဆရာမတွေက ထုပ်ပေးတာ။ ညစာ ပိုတဲ့ဟင်းတွေကို မနက်ရောက်ရင် ပြန်နွှေးပြီးတော့ ထမင်းအသစ် တည်ပြီးသားကို ထည့်ပေးတယ်။

အဲဒီကနေပြီးတော့ နည်းနည်း အရွယ်ရောက်လာတော့ ကောင်မလေးတယောက်က လက်ကလေးက မသန်ဘူး။ အဲဒီ ကောင်မလေးနဲ့၊ သမီးနဲ့ ကျောင်းကနေ ထွက် ပြေးသေးတာ။ ကောင်မလေးနဲ့၊ သမီးနဲ့ မနက် အစောကြီး အမှိုက်ပစ်ဆိုပြီးတော့ ဆရာမကို ပြောပြီး အမှိုက်သွားပစ်ကြတာ။ သူက တာယာပုံး၊ သမီးက ပုံးအဖြူလေးနဲ့။ အဲဒီအောက်ထဲမှာ အင်္ကျီထုပ်လေးတွေ ထည့်သွားတာ။ ရထားခိုးစီးပြီး သာစည်မြို့ လိုက်သွား တာ။ သမီးက အဲဒီတုန်းက စာ သိပ်မဖတ်တတ်သေးဘူး။ စာလုံးပေါင်းဖတ်တော့ သာစည်မှန်း သိသွားတာ။ ဟုတ်တယ်လို့၊ ဒါ ငါ့သာစည်ပဲလို့၊ ရောက်ပြီလို့၊ ဆင်းပြီး အိမ်ကို လိုက်ရှာတာ။ အိမ်က မရောက်နိုင်ဘူး။ မျက်စိလည်နေတာ။ နောက်ကျမှ ပြန် စဉ်းစားတာ။ သံလမ်းဘက် တန်းတန်းလေးသွားရင် ဈေးရောက်တယ်လို့။ အဲဒါနဲ့ သံလမ်းဘက်ကနေ ဈေး တန်းတန်းသွားတယ်။ သံလမ်းအတိုင်း သွားမှ သမီးအိမ်ကို တွေ့တာ။ အိမ်ရောက်တဲ့အခါကျတော့ ဝင်းထရံလေး ကြည့်တော့ သော့ခတ်ထားတာ။ အသံကြားလို့ နေမှာ။ ဘေးအိမ်က အန်တီကြီးတယောက် ထွက်လာတယ်။ အဲဒီ အန်တီကြီးက သမီးကို သိတယ်။ အင်း …ကလေးမလေးတဲ့၊ နင်က ခင်ခင်လေးသမီးနဲ့ တူလိုက်တာတဲ့။ နင့်အမေနာမည် ခင်ခင်လေး မဟုတ်လားတဲ့၊ သမီးနာမည်က ရောတဲ့။ သမီး နာမည်က အေးချမ်းလို့ ပြောတော့၊ အဲဒါဆို ဟုတ်လောက်ပြီ၊ နင့်အဘွားကရောတဲ့။ အဘွားက ဒေါ်ဦးလို့။ အင်း …အဲဒါဆို ဟုတ်လောက်ပါပြီတဲ့၊ နင်က ငါတို့ တူမပဲ ဖြစ်ရမယ်ဆိုပြီးတော့ အန်တီကြီးက သမီးတို့နှစ်ယောက်ကို သူ့အိမ် ခေါ်ထားတာ။ နင့်အမေကြီးတို့ မရောက်သေးဘူးတဲ့၊ နင့်အမေကြီးက ဒီအချိန် ဆို သူ ဈေးရောင်းထွက်တယ်။ နင့်အမေကြီးက သနားပါတယ်။ ပဲပြုတ် ရောင်းနေရတယ်လို့ ပြောပြီး ထမင်း ကျွေးပြီးတော့ ရေသွားချိုးကြတယ်။ ပြန်လည်း ပြန်လာရော ကောင်မလေး …နင့်အမေ ကြီး ရောက်ပြီတဲ့။

အမေကြီးနဲ့ အတူတူနေတော့ အမေကြီးကို သနားလို့ဆိုပြီး ဈေးကူရောင်းပေးတာ။ ဒါပေမဲ့ ဟောဒီက ပဲပြုတ်လို့ မအော်ရဲတော့ အမေကြီးကို လေ့ကျင့်ခိုင်းတာ။ အမေကြီး၊ သမီး လေ့ကျင့်မယ်လို့၊ သမီး ရောင်းပေးမယ်လို့၊ အမေကြီး ကိုယ်စားလို့။ လေ့ကျင့်၊ လေ့ကျင့်ပြီးတော့ နောက်ရက်ကျတော့ သမီးဘာသာ လိုက်ရောင်းတာ။

အိမ်မှာလိုက်လာတဲ့ ကောင်မလေးက ပြောစကား နားမထောင်ဘူး။ ကျောင်းမှာကတည်းက အဲဒီလိုပဲ ဆရာမတွေကို ဆဲဆိုနေတာ။ သြော် … သူ့ကို အပြင်ခေါ်လာရင်၊ သူစိမ်းတွေနဲ့တွေ့ရင် သူ ယဉ်ကျေးမှာပဲ၊ လိမ္မာမယ်မှတ်ပြီး သမီးက ခေါ်လာတာ။ အိမ်လည်း ရောက်ရော အဘွားက သူ့ကို အလုပ်လေး နည်းနည်း ပါးပါး မလုပ်လို့ဆိုပြီး သူ့ကို ရိုက်လိုက်တာ။ အဲဒါ ရိုက်လိုက်လို့တဲ့။ ဖေလိုးမ၊ ဖာသည်မ အဘွားကြီးတဲ့၊ ငါ့အမေတောင်မှ ငါ့ပါး မရိုက်ဘူး၊ နင်က ပါးလာရိုက်တာ။ သူက အဲဒီလိုမျိုး စုံစေ့နေအောင် ဆဲတာ။ ဆဲတဲ့အခါ ကျတော့ အမေကြီးက ‘ကောင်မလေး … ညည်းခေါ်လာတဲ့ အမှိုက်ကလည်း တော်တော်ရှုပ်တာပဲ။ အဲဒီ ဇာတ်လမ်း ညည်း ဘယ်လိုရှင်းမှာလဲ’လို့ ပြောတော့ သမီးက အဲဒီကောင်မလေးကို ပြန်ခေါ်ပြီး အိမ်ကနေ ပြန်ထွက်လာခဲ့ရော။

အဲဒီကနေ မန္တလေးဘူတာကြီး ရောက်သွားတာ။ ရောက်သွားတော့ ဘယ်သွားလို့ ဘယ်လာရမှန်း မသိဘူး။ အဲဒီကောင်မလေးကတော့ သမီးနဲ့ လမ်းကွဲသွားတာ။ အိမ်သာဆိုလား၊ ရေသောက်ဆိုလား ထွက်သွား တာ။ ထွက်သွားတဲ့အခါကျတော့ သမီးလည်း တယောက်တည်း လမ်းလျှောက်လာတာ။ ကျောင်းမှာ အရင် တုန်းက အဖွဲ့တဖွဲ့ရှိတယ်။ ဆရာတွေ၊ ဆရာမတွေက တနင်္လာ၊ အင်္ဂါဆိုရင် လူငယ်သင်တန်းကျောင်းနဲ့ မိန်းကလေးကျောင်းနဲ့ ကူးနေတာ။ မောင်နှမတွေရှိရင် တွေ့ပေးဖို့။ အဲဒီဆရာမတွေနဲ့ သမီးနဲ့ လမ်းမှာ တွေ့တော့  ‘သမီး …လာလာ ကားပေါ်တက်။ ရုပ်ရှင်သွားကြည့်မယ်’တဲ့။ သမီးက ပါသွားတာ ဟိုရောက်ရော ရုပ်ရှင်မဟုတ်ဘူး၊ ကိုယ်နေတဲ့ ကျောင်းကို ပြန်ရောက်နေတာ။ ဆရာမကနေ ‘လာလာ …ညည်းသူငယ်ချင်း တွေနဲ့ တွေ့ပေးရမယ်’ တဲ့။ သမီးကလည်း ဘယ်သူငယ်ချင်းကိုမှ သတိမထားမိဘူး။ အခန်းထဲရောက်မှ၊ အခန်းသေးသေးလေးရောက်မှ ကြည့်လိုက်တော့ သမီးခေါ်သွားတဲ့ ကောင်မလေး ဖြစ်နေတာ။ အဲဒါနဲ့ သမီးတို့ နှစ်ယောက်ကို အဲဒီထဲမှာ တပတ်လောက် တံခါးပိတ်ထားတာ။ ထမင်းတောင်မှ မနက်စာ တခါပဲ ကျွေးတာ။ တနေကုန် မကျွေးဘူး။ ရေလေးပဲ တိုက်ထားတာ။ ၇ ရက်ပြည့်ရော ဆရာမနဲ့ မာမီကြီးက ခေါ်မေးတယ်။ ‘ညည်းတို့ ဒီတခေါက် အဲဒီလိုမျိုး ထွက်ပြေးဦးမှာလား’တဲ့။ သမီးတို့က ‘ထွက်မပြေးတော့ပါဘူး’ အဲဒီလိုမျိုး ပြောပြီးတဲ့အခါကျတော့ ‘တကယ်တမ်း သေချာသွားပြီလား’ ‘ဟုတ် …သေချာသွားပြီ’ အဲဒီလိုမျိုးပြောမှ အများနဲ့ သမီးတို့ကို ရောထားပေးတာ။

အဲဒီလိုမျိုး ကျောင်းပြန်ရောက်တော့ သမီး နဂိုအတိုင်းပဲ သန့်ရှင်းရေးလုပ်ရတယ်။ လူကြီးလာမယ်ဆိုရင် အဆောင်တွေ အကုန်လုံး သပ်သပ်ရပ်ရပ် လုပ်ရတယ်။ အဆောင်တွေ အကုန်လုံး သန့်ရှင်းရေး လိုက်လုပ် ရတယ်။ ထမင်းဟင်း ကောင်းကောင်းမွန်မွန် ချက်ထားရတယ်။ နောက်တခေါက် နေကြာစေ့စက်ရုံက ပြန်လာ ခေါ်သေးတယ်။ ဆရာမတွေက ပြောလိုက်တာ။ ခင်ဗျားတို့က အရင်တုန်းကတော့ ကျွန်တော်တို့ သမီးတွေ ကိုတဲ့၊ မခိုးဘဲနဲ့ ခိုးတယ်ဆိုပြီးတော့ ခင်ဗျားတို့က စွပ်စွဲပြီးပြီတဲ့၊ သူတို့ အလုပ်ပြန်လာတိုင်း၊ ပြန်လာတိုင်း ကျွန်တော်တို့က ချိုင့်တွေကို စစ်ပြီးသားတဲ့။ သူတို့ချိုင့်တွေထဲမှာ ဆီးဖြူသီးတို့၊ မန်ကျည်းသီးတို့၊ သရက်သီး တို့ပဲ ပါလာတာ။ နေကြာစေ့ဆိုတာ တခုမှ မပါဘူးတဲ့။ ခင်ဗျားတို့က စွပ်စွဲတုန်းက စွပ်စွဲပြီး အခု ကလေး နှစ်ယောက်ကို ပြန်ခေါ်မယ်ဆိုတော့ ကျွန်မတို့လည်း မထည့်ချင်ဘူး၊ ကလေးနှစ်ယောက်ကလည်း ပြန်လိုက် ချင်မှာ မဟုတ်ဘူးတဲ့။ ဆရာမက အဲဒီလိုမျိုး ပြောတဲ့အခါကျတော့ နေကြာစေ့စက်ရုံကို မလုပ်ရတော့ဘူး။ ဒါနဲ့ ကလေးတွေရဲ့အဝတ် လျှော်ပေးတယ်၊ တီဗီကြည့်တယ်။ ထမင်းချက်၊ သန့်ရှင်းရေးလုပ်၊ စိုက်ပျိုးရေးလည်း လုပ်တယ်။ နောက် …စနေ၊ တနင်္ဂနွေ တီဗီကြည့်နေတဲ့ အချိန်ကြီးမှာ ယောက်ျားကြီးတယောက်က ကျောင်းကို လေ့လာရေးခရီးလာတော့ ဒု ကျောင်းအုပ်ဆရာမကနေ ပြောလိုက်တာ။ ဒီကျောင်းမှာ သာစည်သူ ကောင်မလေးတယောက် ရှိတယ်ဆိုတော့ သမီးကို ခေါ်မေးတယ်။ ဘယ်ရပ်ကွက်ကလဲ၊ သာစည် အမှတ်ဘ ယ်လောက်လဲ ဆိုပြီးတော့ မေးတယ်။ အဖေ၊ အမေ နာမည်တွေရော မေးတာ။ မေးတော့ …အဲဒီဦးလေးနဲ့ သမီးတို့အိမ်ကဟာတွေနဲ့ သိတော့ သမီးတို့အိမ်ကို ပြန်ပြောပေးတော့ အဒေါ်ကနေ သမီးကျောင်းကို လာတွေ့ တယ်။ သမီး ဘောင်တွေ ရေလောင်းနေတဲ့အချိန်။ အဒေါ်က ရောက်လာတာ။ သမီးက မသိဘူး။ ဂိတ်သမား တွေကနေ နင့်အဒေါ် လာတွေ့တယ်တဲ့။ အဒေါ်ဆိုတော့ သမီး အရမ်း ဝမ်းသာသွားတာ။ သူများ ကလေးတွေ  အဒေါ်တွေ၊ ဆွေမျိုးသားချင်းတွေ၊ အမေ၊ အဖေတွေ လာတွေ့တယ်။ ကိုယ့်ကို ဘယ်သူမှ မတွေ့ဖူးဘူး။ သူ့ကို တွေ့တော့ ကိုယ်ကလည်း ဝမ်းသာလွန်းအားကြီးပြီး ငိုချတယ်။ အဒေါ်က ‘ငါ့တူမ …မငိုနဲ့တဲ့၊ တိတ် …တိတ် …အားတင်းထားစမ်းပါ။ သူများတွေ အရင်တုန်းက အဲဒီလို ငိုလို့လား’ တဲ့။ သူများတွေက ငိုတော့ မငိုဘူးလေ လို့၊ ကိုယ့်အလှည့်တော့ ဘယ်နှစ်လ ရှိလို့၊ ဘယ်နှစ်နှစ်ရှိမှန်း မသိဘူးလို့၊ အခုဟာက ကိုယ်လည်း ဝမ်းနည်းတာ ပေါ့လို့၊ ကိုယ့်ကို ဒါမျိုး လာမတွေ့ဖူးတော့လို့၊ အဲဒါကြောင့်မို့ ငိုလိုက်တာလို့ဆိုတော့ တိတ်တော့ တိတ်တော့၊ မငို့နဲ့ဆိုပြီးတော့ ကျောင်းအုပ်ဆရာမကြီးတွေနဲ့ စကားပြောတယ်။ နောက်ရက်ကျ အဒေါ်က ပြန်သွားတယ်။ အမေကြီးက တခေါက် ရောက်လာတယ်။ အမေကြီးနဲ့ အဒေါ်နဲ့ တယောက်တလှည့်စီ လာတာ။ နောက်ဆုံး တခေါက်ရောက်တော့ အဒေါ်ပဲ ပြန်ရောက်လာတယ်။ ဆရာမကြီးက အိမ်ထောင်စုဇယားရယ်၊ ထောက်ခံစာ ရယ်တဲ့။ သူ့အမေမှတ်ပုံတင် ရှိလားတဲ့။ သူ့အမေမှတ်ပုံတင်တော့ မရှိဘူး၊ အဘွား မှတ်ပုံတင်တော့ ရှိတယ်၊ ရတယ်တဲ့။ အဘွားမှတ်ပုံတင် ယူခဲ့ဆိုတော့ အဲဒီမှတ်ပုံတင်ယူပြီးတော့ တခါ သမီးဆီကို ပြန်လာတာ။ နေဦး၊ စောင့်ကြည့်ဦးမယ်တဲ့။ အထက်က လူကြီးက အမိန့်ကျလို့ရင်တဲ့၊ ကလေးကို ပြန်ခေါ်လို့ရတယ်ဆိုပြီးတော့ အထက်က လူကြီးဆီ စာပို့၊ အထက်က စာကျတဲ့အခါကျတော့ ခေါ်လို့ ရပြီတဲ့။ ဒါပေမဲ့ ကလေးကို ခေါ်သွားရင် တလတခါ လာပြရဦးမယ်တဲ့။ ခြောက်လ မပြည့်မချင်းတဲ့။ ကလေး ဘာဖြစ်သလဲ၊ ပြန်ဖြစ်တယ်ဆိုရင်၊ နေပုံထိုင်ပုံ အဆင်မပြေဘူး၊ သွားပုံလာပုံ အဆင်မပြေဘူးဆိုရင် ပြန်ခေါ်မယ်ဆိုပြီးတော့ အဒေါ့်ကို အဲဒါမျိုး မှာလိုက်တယ်။ မှာလိုက်တော့ အဒေါ်ကလည်း တလတကြိမ် သမီးကို လာလာပြတယ်။ ချို့ယွင်းချက် ဘာမှမတွေ့ရဘူး ဆိုပြီးတော့ နိုင်ငံတော်ကလည်း ပြန်မခေါ်တော့ဘူး၊ သင်တန်းကျောင်းက ဆရာမတွေ ကလည်း သမီးကို ပြန်မခေါ်တော့ဘူး။

သမီးကို အလုပ်ရအောင်၊ နားလည်သိတတ်အောင်လို့ဆိုပြီးတော့ ရန်ကုန် ပို့ လိုက်တယ်။ ရန်ကုန်မှာ အဒေါ်တွေ ရှိသေးတယ်။ အဒေါ်တွေအိမ်မှာ တူမလေးတွေကို ကျောင်းအပို့အကြို လုပ်ပေးရတယ်။ တရက် တော့ ဖုန်းလာတယ်။ သမီးမှာ ငယ်ငယ်လေး ကတည်းက၊ နှစ်နှစ်၊ သုံးနှစ်လောက်တုန်းက အဒေါ် တယောက်က ပျောက်သွားတယ်လို့ သတင်းကြားထားတာ။ အဲဒီအဒေါ်က နင့်ကို တွေ့ချင်လို့တဲ့။ သူက ပြန်ရောက်လာပြီဆိုပြီးတော့ သမီးကို ဖုန်းဆက်ပြောတယ်။ ရန်ကုန်အိမ်က ပိုက်ဆံတွေ ထည့်ပေးလိုက်တယ်။ မုန့်ဖိုးတွေရော အများကြီး။ ဟိုလည်းရောက်ရော သီချင်းက ဖွင့်ထားတယ်။ အဒေါ် ရဲ့ စေ့စပ်ပွဲလို့ သမီးက ထင်နေတာ။ အထဲထဲရောက်တော့ လူတွေ အုံနေတာ။ ကိုယ်လည်း မသိဘူး။ အပေါ်လည်းရောက်ရော သမီး အဝတ်အစားလဲတဲ့။ လဲပြီးတော့ သမီး … နင့်အမေကြီးတော့တဲ့၊ နင့်အမေကြီး အိပ်သွားပြီတဲ့၊ သမီးက နားမလည်လို့ တခါ ပြန်မေးတယ်။ အိပ်သွားပြီဆိုတာ ဘာပြောတာလဲလို့။ အေးလေ …နင်လည်း အရွယ် ရောက်မှတော့ ငါလည်း ပြောပြရမှာပေါ့တဲ့။ ပွင့်ပွင့်လင်းလင်းပဲ။ နင့်အမေကြီး ဆုံးသွားပြီတဲ့။ အဲဒါ သမီးက သဲကြီးမဲကြီး ငိုတာ။ အဲဒီအချိန်တုန်းကတည်းက လမ်းမှာ သိလို့လား မသိဘူး။ သမီးက အမေကြီး ကြိုက်တဲ့ ပန်းသီးလေးကို ဝယ်လာတာ။ ဒီလိုနဲ့ ရန်ကုန်လည်း မပြန်ဖြစ်တော့ဘူး။

သာစည်အိမ်မှာ အဒေါ်နဲ့အတူ နှစ်ယောက်တည်း နေတယ်။ အဒေါ်နဲ့  ပုလင်းအိတ်တွေ လိုက်ရွက်တာ။ တရက်က အလုပ်သွားတော့ အဒေါ်နဲ့ ရန်ဖြစ်တယ်။ ကလေးတွေက အဲဒီနားလေးမှာ ဘတ်ခွတွေနဲ့ ငှက်ပစ် တာလား၊ ဘာလား မသိဘူး။ သူတို့က ဆော့နေကြတယ်။ ပုလင်းအိတ်ကြီးကို မှန်သလား၊ မမှန်သလား မသိဘူး၊ အဒေါ်ကနေပြီးတော့  သမီးကြောင့် ပုလင်းတွေ ကွဲပါတယ်ဆိုပြီးတော့ သမီးကို မီးချောင်းကြီးနဲ့ မျက်နှာ ရိုက်တာ။ သမီးကလည်း သမီးကို ရိုက်ရမလားဆိုပြီးတော့ အဒေါ်ကို ပြန်ပြီးတော့ ဆွဲလုံးတာ။ တူဝရီးနှစ်ယောက် လုံးသတ်ပြီးတော့ အိမ်ပြန်မလိုက်တော့ဘဲ ဘူတာသွားပြီး ရထားပေါ်တက်လိုက်တာ မန္တလေဘူတာကြီးကို ပြန်ရောက်လာရော။ အဲဒီတော့ ၁၃ နှစ် ရှိနေပြီ။

ဘူတာကြီးမှာပဲ နေတယ်။ ဘူတာကြီးမှာ ကိုနံရိုးကျိုးတို့၊ ဘတ်ကျွန်းတို့နဲ့လေ။ လျှာတစ်လစ်တို့နဲ့ နေတယ်။ သူတို့မှာ အရင်တုန်းက ဆရာတယောက် ရှိတယ်။ အစ်ကိုကြီး တယောက်လေ။ အမှိုက် ကောက်တာ။ သူတို့ကိုလည်း ခိုင်းစားတာပဲလေ။ အဲဒီလို ရထားကြိုခိုင်းတယ်၊ အမှိုက်ကောက်ခိုင်းတယ်။ ပြီးရင် သူတို့က ဒိုင်တွေမှာ ပြန်ရောင်းတာ။ အဲဒီ အစ်ကိုကြီးတွေဆီမှာ သူတို့က နေရတယ်။ သမီးကလည်း သူတို့ဆီ ရောက်သွားတယ်။ နောက်တော့ သမီးက ကွမ်းစားတော့ ကွမ်းယာဝယ်တဲ့ဆိုင်က မိန်းမကြီးက မယာတတ်ဘူး။ သမီးက ဝိုင်းယာပေးရင်းနဲ့ တခြားကောင်လေးတွေနဲ့ပါ ရင်းနှီးသွားတာ။ ဆီးချိုတို့ အဖေနဲ့လည်း ခင်သွားတော့ သူတို့နဲ့ လိုက်နေပြန်ရော၊ သူတို့ အမှိုက်ကောက်သွားလည်း လိုက်၊ ရထားကြိုလည်း လိုက်တာပဲ။

တရက်တော့ ဆေးရုံအနောက်ဘက်မှာ ရွှေညီအစ်ကိုဇာတ်ပွဲ ရှိတော့လေ … အဲဒီ ရွှေညီအစ်ကိုပွဲထဲ နေရင်း ဆယ့်နှစ်ပွဲဈေးရောင်းတဲ့ မိန်းမကြီးနဲ့ ရင်းနှီးသွားတယ်။ သူ့မှာ မွေးစားထားတဲ့ ကောင်မလေး တယောက်လည်း ရှိတယ်။ အဲဒီကောင်မလေးက ရင်မေဖြိုးတဲ့။ သမီးက သူတို့နဲ့ နေလိုက်ရော။ အဲဒီ မိန်းမကြီးက ဈေးထဲမှာ ပိုက်ဆံတောင်းတာလေ။ တောင်းတော့ နောက်ကနေ အဖော်လိုက်သွားတာ။ သူက ဈေးလည်းရောင်း၊ တောင်းလည်း တောင်းတယ်။ နောက် သမီးတို့ကို မွေးစားတဲ့သူ ပေါ်လာတယ်။ မေဇင်ဦးတဲ့။ မွေးစားတဲ့မိန်းမကြီး နာမည်က။ သူက သမီးနေတဲ့ မိန်းမကြီးနဲ့ သိနေတဲ့အခါကျတော့ သမီးတို့အကြောင်းကို မေးတော့ အတူနေတဲ့ မိန်းမကြီးက ပြောပြတယ်။ ပြောပြတဲ့ အခါကျတော့ သူက သမီးတို့ကို စကားလာ ပြောတယ်။ သူတို့နဲ့ နေမှာလား၊ ဘာ ညာနဲ့ လာပြောတာ။ အခုနေတဲ့ မိန်းမကြီးက ဆယ့်နှစ်ပွဲ လှည့်ရောင်းမှာ။ သူတို့က ခရီးဆက်ရဦးမှာ။ ငါတို့က ဒီမှာပဲ နေတာဆိုတော့ နင်တို့လည်း ဒီမှာပဲ နေပေါ့။ ဝေးဝေး လံလံလည်း လိုက်စရာ မလိုတော့ဘူး။ အိမ်မှာပဲ ကောင်းကောင်းမွန်မွန်နေရမှာ၊ ကောင်းကောင်းမွန်မွန် စားရမှာဆိုပြီး ခေါ်သွားတော့ လိုက်သွားခဲ့တယ်။

အစတုန်းကတော့ မေဇင်ဦးက လမ်းဘေးမှာ နေသေးတယ်။ လမ်းဘေးမှာ ဟိုနားနေ၊ ဒီနားနေနဲ့ အဲဒီလို အိပ်ရာခင်းပြီး နေကြတာ။ ပွဲရှိတဲ့နေရာတွေမှာ လိုက်နေတယ်။ နောက်ပိုင်းကျတော့ အဆင်မပြေလို့ ဆိုပြီး သူက သူတို့အမေတွေ၊ သူတို့ယောက္ခမတွေဆီက ပိုက်ဆံတောင်းပြီးတော့ ဧရာထွန်းဘက်မှာ ကျူးတဲ လေးတွေ သူတို့ဟာ သူတို့ ဆောက်ပြီး နေကြတာ။ လမ်းဘေးနေတုန်း တရက်မှာ သမီးတို့ သူငယ်ချင်း နှစ်ယောက်ကို ဆိုင်ကယ်နဲ့ ဘုရားကြီးဘက်ကို တင်ခေါ်သွားတယ်။ ရှမ်းစုဘူတာဘက် ရောက်သွားတယ်။ ပြီးတော့ သံလမ်းမှာ သမီးတို့တွေ ထိုင်ကြတယ်။ ထိုင်ကြတဲ့အချိန်မှာ ယောက်ျားလေးတွေ ရောက်လာကြ တယ်။ ပြီးတော့ သူတို့က ဒီအဖြူလေးကို ကြိုက်တယ်၊ ဘာညာတို့ ပြောတယ်။ ဒါနဲ့ သမီးက မေဇင်ဦးကို ပြန်ပြောတယ်။ ‘အမေ …၊ အဖြူလေးကို ကြိုက်တယ်ဆိုတာ ဘာပြောတာလဲ’လို့ သမီးက ပြန်မေးတော့ ‘ညည်း မရှည်နဲ့၊ အသာလေးနေ’လို့ သူက သမီးကို ဆူတယ်။ ခဏနေတော့ ယောက်ျားကြီးတယောက်က သမီးကို ရွေးသွားလို့ သူ့နောက်ကို လိုက်သွားခိုင်းတယ်။ ‘အမေ …၊ သမီးက သူ့နောက် လိုက်ပြီး ဘာလုပ်ရမှာတုံး’လို့ ဆိုတော့ အဲဒီမိန်းမကြီးက ‘ညည်း တော်တော်လျှာရှည် လှချည်လား’ဆိုပြီး သမီးကို ခဲနဲ့လှမ်းထုတယ်။ ထုတော့ သမီးက ကြောက်ကြောက်နဲ့ လိုက်သွားလိုက်တယ်။ သံလမ်းအောက်မှာ ချုံပုတ်ကြီးတွေ ရှိတယ်။ အဲဒီဘက်ကို ခေါ်သွားတာ။ လိုက်သွားတော့ အဲဒီလူကြီးက သမီးကို ဟိုဟာခိုင်း၊ ဒီဟာခိုင်း ခိုင်းတဲ့အချိန်မှာ သမီး ဝမ်းနည်းပြီး ငိုနေတယ်။ ငိုနေတဲ့အခါကျတော့ အဲဒီအစ်ကိုကြီးက သမီးကို မေးတယ်။ ‘ညီမလေး …ဘာလို့ ငိုတာလဲတဲ့’  ‘ဟင် …ဝမ်းနည်းလို့ပါ၊ အဲဒီ အမေက သမီးတို့ကို ဘာခိုင်းမှန်းလည်း မသိဘူး၊ နားလည်း မလည်ဘူး’ လို့ သမီးက သူ့ကို ပြန်ပြောလိုက်တယ်။ အဲဒီအခါကျတော့မှ ‘ညီမလေးက ဒါမျိုး ဟဝှာ မဖြစ်ဖူးဘူးလား’ တဲ့။ ‘မဖြစ်ဖူးဘူး’ လို့ဆိုတော့ ‘သူ့လက်ထဲရောက်တာ ကြာပြီလား’ တဲ့။ ‘ကြာသေးပါဘူး’ ဆိုတော့ ‘ဟုတ်လား အဲဒါဆိုရင်  အစ်ကိုကြီး သူ့အကြောင်း ပြောပြမယ်’ ဆိုပြီး သူက ပြောပြတယ်။ သူက မကောင်းတဲ့ မိန်းမတဲ့။ သူက မကောင်းဘူးတဲ့။ သူ့လက်ထဲမှာ ကြာကြာလည်း မနေနဲ့တဲ့။ သူနဲ့နေတဲ့ မိန်းကလေးတွေဆိုရင် သူက နှိပ်စက်တယ်တဲ့၊ ရိုက်နှက်တယ်တဲ့။ အဲဒါမျိုး ပြောတယ်။ ပြောပြီးတော့ အစ်ကိုကြီးက ကူညီပေးတယ်။ ညီမ ဒီကပြန်ထွက်၊ ပြန်ထွက်ပြီးလို့ နင့်အမေက မေးရင် ပြီးသွားပြီလားဆိုရင် ပြီးသွားပြီပဲ ပြောလိုက်တဲ့။ အဲဒီကျရင် အစ်ကိုကြီးက ဘေးကနေ ဝင်ပြောပေးမယ်တဲ့။ ဟုတ်တယ် အစ်မကြီး၊ ပြီး သွားပြီ ဘာညာလို့။ အဲဒီလိုမျိုး ပြောပေးမယ်ဆိုပြီးတော့ သမီးကို ပြန်ခေါ်သွားပေးတာ။

နောက်တခါကျတော့ တည်းခိုခန်းကို ထည့်တာ။ ပထမ ရင်မေဖြိုးတယောက်ပဲ သူက ထည့်လိုက်တာ။ သူ့ကို အလုပ်ထည့်လိုက်တာ ပိုက်ဆံခြောက်သောင်းနဲ့၊ အပျို ဟဝှာဖြစ်အောင်ဆိုပြီးတော့ ထည့်လိုက်တာ။ သူက ငယ်တော့ကျတော့ သူ့ကို ပိုပြီးတော့ ဈေးကောင်းရလို့ဆိုပြီးတော့ သူက အပျိုဟဝှာဖြစ်ဖို့ဆိုပြီးတော့ ထည့်လိုက်တာ။ တည်းခိုခန်းကို ကောင်လေးတယောက်နဲ့ ရင်မေဖြိုးကို ထည့်လိုက်တာ။ ရင်မေဖြိုးက ၁၂ နှစ်လောက် ရှိဦးမှာ။ ကောင်မလေးက ငိုပြီး အိမ်ပြန်ရောက်လာတယ်။ သူ့တယောက်တည်း ပြေးလာတာ။ မိန်းမကြီးက ညည်း …ဘာဖြစ်တာလဲလို့ မေးတော့ သူက ဘာမှ မပြောဘူး။ အဲဒီအချိန်မှာ အဲဒီအစ်ကိုကြီးက နောက်ကနေ ရောက်လာတယ်။ လိုက်လာတဲ့ အခါကျတော့ ကျွန်တော့်ပိုက်ဆံ ပြန်ပေးတဲ့။ ခင်ဗျား ကောင်မလေးက ဘာမှလည်း မဟုတ်ဘူးတဲ့။ အခန်းထဲ ရောက်တာနဲ့  ကျွန်တော်က မီးလေးပိတ်ရုံပဲ ရှိသေး တယ်၊ ကြောက်လို့လား၊ ဘာလို့လား မသိဘူးတဲ့။ ကျွန်တော့်ကို တွန်းလွှတ်ပြီးတော့ ထွက်ပြေးသွားတာတဲ့။ အဲဒီလိုမျိုး ပြန်ပြောပြတယ်။ အဲဒီတော့ သူက ပိုက်ဆံပြန်လျော်ပေးလိုက် ရတယ်။ လျော်ပေးလိုက်ရတော့ နင့်ကြောင့်မို့ ပိုက်ဆံ ပြန်လျော်လိုက်ရတယ်နော်တဲ့။ ငါတို့ စားမယ့်ဟာကို ညည်းက ဖျက်လိုဖျက်ဆီးနဲ့တဲ့။ ကြိမ်းပြီး ညကျ သူ့ကို ရိုက်တယ်၊ အနိုင်ကျင့်တယ်။ ဓားနဲ့ ခင်မေဖြိုးရဲ့ ဟဝှာကို မွှန်းတယ်။ ခေါင်းရိတ်တဲ့ ဓားနဲ့။ ပိုက်ဆံ ကိုယ့်လက်ထဲရောက်ပြီးမှ ပြန်အမ်းရတဲ့ထုံးစံ ငါ့မှာ တခါမှ မရှိဘူးတဲ့။ ညည်းနဲ့ကျမှ ငါ့ဆီကို ထုံးစံရောက်လာတယ်။ အဲဒီထုံးစံမျိုး ငါ မဖြစ်ချင်ဘူးတဲ့။ ရင်မေဖြိုးက ငိုနေတယ်။ အမေရယ် …မလုပ်ပါနဲ့တဲ့၊ သမီးကြောက်ပါတယ်တဲ့။ နောက်တခါကျရင် အဲဒါမျိုး မလုပ်တော့ပါဘူးလို့ ပြောတာ။ နှိပ်စက်ပြီးတော့ ဟိုဆေးတွေ …ပင်နယ်စလင်၊ မောရိယမန်းဆေးတို့ ဝယ်ပြီးတော့ အဲဒါနဲ့ပဲ သူ့ဘာသာသူ လုပ်ပေးတယ်။ အုန်းဆီလေးတွေနဲ့။ အဲဒီတော့ သူ့ကို ဒီအတိုင်းပဲ အိမ်မှာ အနာကျက်အောင် နေခိုင်းတယ်။ အနာပျောက် သွားပြီဆိုမှ အလုပ်ပြန်လုပ်ခိုင်းတယ်။ အဲဒီတော့ မငြင်းတော့ဘူး။ သူကလည်း အောင့်အည်းခံပြီး နေလိုက်တာ။ နောက်ရက်ကျတော့ သမီးကို တည်းခိုခန်းကို သီးသန့် အပျိုဟဝှာဖြစ်ဖို့ဆိုပြီးတော့ လှမ်းခေါ်ခိုင်းတယ်။ စိတ်ချ ထားတဲ့ ဧည့်သည်တယောက်နဲ့ ခေါ်ခိုင်းပြီး၊ ပိုက်ဆံဈေးပြောပြီးတော့ သမီးကို ထည့်လိုက်တယ်။

နောက် သိပ်မကြာဘူး။ ရင်မေဖြိုးက ထွက်ပြေးသွားတယ်။ သူက ပြောတယ်။ အမေ …တဲ့၊ ဝေါလ်ဗီးရှင်းကျောင်းကို သမီး သွားလိုက်ဦးမယ်တဲ့။ ဆရာတို့ဆီကို အလည်သွားလိုက်ဦးမယ်ဆိုပြီးတော့ အဲဒီလိုမျိုး ပြောပြီး ထွက်သွားတာ။ သမီးလည်း နောက်နေ့ကျတော့ အဲဒီလိုမျိုး ပြောတယ်။ အမေ …သမီးကို ဝေါလ်ဗီးရှင်းကျောင်း လိုက်ပို့ပေးစမ်းပါလို့။ ညည်းက ဘာသွားလုပ်မှာတုံးတဲ့၊  ညည်းက အဲဒီကျောင်းကို သိလို့ လားတဲ့။ သိတယ်လေ၊ သမီး အဲဒီကျောင်းမှာ နေခဲ့ဖူးတယ်။ ဆရာတွေကလည်း သမီးတို့ကို ချစ်တယ်လို့ ပြောတဲ့အခါကျတော့ သူက လိုက်ပို့ပေးတယ်။ ပြီးတော့ သမီးလည်း နေ့လယ် တနာရီ ပြန်လာခဲ့မယ် ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ သမီးက မပြန်ဘူး၊ ဘူတာဘက်ကို ရောက်သွားတယ်။ သူက သတင်းကြားလို့ နေမှာပေါ့။ ဘူတာဘက်ကို ပြန်လာခေါ်တယ်။ အဲဒီအချိန်မှာ ရင်မေဖြိုးရော ဘူတာထဲမှာ ရှိတယ်။ အဲဒီ ကလေးမလေးက နပ်တယ်ဗျ။ ထွက်ပြေးတာ မှုန်နေတာပဲ။ သမီးက ကြောင်တောင်တောင်ကြီး အဲဒီနားလေးမှာ မတ်တတ်ရပ်ပြီး ကျန်နေခဲ့တော့ ဟိုကောင်မ …ညည်း ပြောတာ ကြားလားတဲ့။ ဟိုတကောင်က ပြေးသွား ပြီတဲ့။ အံမယ် …ညည်းကလည်း ပြေးချင်နေတာ ဟုတ်လားတဲ့။ အခြေအနေတောင် ကြည့်လိုက်သေးတာတဲ့။ သူက အဲဒီလိုမျိုး ပြောပြီးတော့ သမီးကို တချက်ရိုက်ပြီး သူ့ဆိုင်ကယ်ပေါ်တင်၊ ပြန်ခေါ်သွားတာ။ အဲဒီတုန်းက သူ့အိမ်က လမ်းဘေးမှာပဲ ရှိသေးတယ်။ ဆယ့်နှစ်ပွဲဈေးရှိတဲ့ နေရာမှာပဲ ရှိသေးတယ်။ ပွဲတွေပြီးတော့မှ ဧရာထွန်းမှာ သွားနေတာ။

ဧရာထွန်းဘက်ရောက်တော့ တရက်ကို နှစ်ယောက်လောက်၊ သုံးယောက်လောက်။ သူ့လက်ထဲမှာ ပိုက်ဆံ နှစ်သောင်းလောက်၊ သုံးသောင်းလောက်လေ။ အဲဒီလို ကိုင်ရတယ်ဆိုရင် သူက ကျေနပ်နေတာ။ အဲဒီတော့ သူက ဘယ်နှယောက် နေနေ၊ သူ ပိုက်ဆံသုံးရရင်၊ စုရရင်၊ ရွှေလုပ်ရရင် ပြီးတာပဲဆိုပြီးတော့ ပိုက်ဆံသုံးသောင်း၊ လေးသောင်း ရအောင်ထိ လုပ်ပေးရတယ်။ တခါတလေ တသောင်းခွဲ ရရင် နည်းနည်း စိတ်ချမ်းသာသေးတယ်။ တသောင်းတည်းရရင် စိတ်မချမ်းသာဘူး။ ဆူပြီး ဟောက်တယ်။ သမီးတို့က လုပ်လည်း လုပ်ပေးရသေးတယ်။ အဲဒီလိုမျိုးလည်း ပြောတာ ခံရသေးတယ်။ တရက် တရက်ကို သူ တနေ့ စပ်ပေးလို့ အဆင်ပြေရင် ဧည့်သည် သုံးယောက်၊ လေးယောက်နဲ့ပဲ ပြီးသွားတယ်။ တကယ်လို့ အဆင်မပြေဘဲ ပိုက်ဆံနည်းနေတယ်ဆိုရင် ဧည့်သည် ငါးယောက်၊ ခြောက်ယောက် ခုနစ်ယောက်လောက် ဖြစ်သွားတာ။ သမီးတို့ကျ မပေးဘူး။

ဧရာထွန်းမှာကျတော့ အိမ်နားလေးမှာပဲ၊ တာရိုးပေါ်ပေါ့။ ကားလမ်းပေါ်တက်တော့လေ အောက်မှာ ချုံပုတ်ကြီး ရှိတယ်။ အဲဒီချုံပုတ်ထဲကို ဝင်ပြီးတော့လေ၊ အဲဒီမှာ ဖျာတွေ ဘာတွေ ခင်းထားတာ။ လမ်းဘေး တုန်းက တည်းခိုခန်းတွေ ခေါ်သွားတာ။ တည်းခိုခန်းတွေကတော့ အများကြီးပဲ။ အောင်မောင်းတဲ့၊ မြသီတာ တည်းခိုခန်း၊ အများကြီးပဲ ကျန်သေးတယ်။ မေ့နေတာ။ တာရိုးမှာ ဘယ်လောက်ကြာလဲ မသိဘူး။ သူ ရိုက်တာနဲ့ပဲ တွေဝေပြီး သမီးက ကြောက်နေရတာ။ ဘယ်လိုထွက်ပြေးရင် ကောင်းမလဲလို့ အဲဒါပဲ ကြံစည် နေတာ။ တာရိုးမှာ တခါတလေ သမီးတယောက်တည်း။

နောက်ထပ် စော်နှစ်ယောက် ရောက်လာသေးတယ်၊ စော်နှစ်ယောက်။ ဒီ့ပြင် ယောက်ျားလေးတွေက လာရောင်းတာလေ။ သူတို့ ကြိုက်တဲ့ဈေးနဲ့။ တယောက်က ဘယ်ကနေ ရလာတာလဲ မသိဘူး။ တယောက် ကကျ ဘုရားကြီးထဲကတဲ့။ မယ်သီလရှင်လေးလေ။ သူတို့ ဘုရားကြီးမှာ လဲခိုင်းတာလား မသိဘူး။ သမီးတို့ဆီ ခေါ်လာတဲ့အခါကျတော့ လူဝတ်နဲ့။ လျှာထိုးဦးထုပ်လေး ဆောင်းလာတယ်။ အရွယ်ကတော့ နည်းနည်း ကြီးပြီ။ သမီးတို့ထက် နည်းနည်းကြီးတယ်။ နောက်တယောက်က သမီးနဲ့ ရွယ်တူပဲ။ သူက ဆံပင်ကုပ်ဝဲလေးနဲ့။ သူတို့က ဘာအတွေ့အကြုံမှ မရှိသေးဘူး။ အဲဒီလိုဆိုရင် မေဇင်ဦးက ပြောပြတယ်။ သမီးတို့ သနပ်ခါးလိမ်း ပြီးလို့ အပေါ်တက်ရင်၊ ထိုင်နေရင် ဘယ်လိုထိုင်၊ ဘယ်လိုနေ၊ ဧည့်သည်တွေနဲ့ အမေ ဈေးညှိပေးလို့ရှိရင် ဧည့်သည်တွေက ဈေးဘယ်လောက် ဘယ်လောက်၊ ဘယ်သူ့ကို ကြိုက်တယ်၊ ဘယ်ဝါကို ကြိုက်တယ်ဆိုရင် လိုက်သွားနော်။ ဘာညာ၊ ဟိုဒင်းဟိုဟာ လုပ်မယ်လို့ပြောရင် ဆိုပြီး ပြောပြတယ်၊၊ သူတို့ကကျတော့ မငြင်းချင် ဘူး။ နည်းနည်းလေး ကြာသွားမှ သူတို့စိတ်တွေက ညည်းညူလာတာ။ ဟင် …ဒီလိုကြီး ခိုင်းတော့ ငါတို့ ပိုက်ဆံလည်းမရဘူးဆိုပြီး အဲဒီလိုမျိုး ညည်းလာတာ။ ညည်းလာတော့ သမီးကို မေးတယ်။ နင် သူ့လက်ထဲ နေရတာ စိတ်မပျက်ဘူးလားတဲ့။ သြော် …ဘယ်လိုပြောလိုက်တာတုံး၊ စိတ်ပျက်တာပေါ့လို့။ ဒါပေမဲ့ ငါက သူ့လက်ထဲနေတာ ကြာပြီဆိုတော့ ငါက ကြောက်နေရတာ အခုချိန်ထိပဲလို့။ ပြီးတော့ သူက လုပ်ရင်လည်း ရက်ရက်စက်စက် လုပ်တာလို့။ ဘယ်သူ့ကိုမှ ရှေ့မကြည့် နောက်မကြည့် မကြည့်တော့ဘဲ လုပ်တာလို့။ ငါ့မှာ အောင့်အည်းခံနေရတာလို့၊ ဘယ် ထွက်ပြေးရင် လွတ်မလဲဆိုတာ ငါတောင် မသိသေးလို့ ငါ့မှာ စဉ်းစားပြီးတော့ ဒီအတိုင်းပဲ နေသွားရတာလို့။ အဲဒီလိုမျိုး ပြောလိုက်တယ်။ သူတို့က ဟင် …ပိုက်ဆံမရမှတော့ ဘာလုပ်ရမှာတုံးတဲ့။ ကိုယ့်အတွက် တဝက်ရတယ်ဆိုရင်တော့ ကိုယ်လည်း သုံးရတယ်၊ ကိုယ့်မိဘလည်း ပေးလို့ရသေးတယ်တဲ့။ သူတို့က အဲဒီလို ပြန်ပြောတယ်။ သင်္ကြန်ရောက်တော့ အဲဒီကောင်မလေးက သင်္ကြန်မှာ ဧည့်သည်တွေနဲ့ လည်ရင်းနဲ့ ပါသွားတယ်။ ဟို တယောက်ကကျတော့ တည်းခိုခန်းသွားရင်းနဲ့ ပြေးသွားတာ။ ကောင်မလေးတွေ အရင်ရောက်ရောက်၊ နောက်မှရောက်ရောက် သူတို့ကသာ လွတ်သွားတာ။ သမီးကတော့ ဘယ်တော့နေနေ သူ့ကို ကြောက်တဲ့အခါကျတော့ ကျန်နေခဲ့တာ။

သမီးကို ရိုက်တာက သံတုတ်ကြီးတွေနဲ့လေ။ သမီးခေါင်းကို ခဏခဏ ရိုက်ခွဲဖူးတယ်။ သစ်ကိုင်းတွေ၊ ဝါးခြမ်းပြားကြီးတွေနဲ့ သမီးကို ရိုက်ခွဲတာ။ တခါတလေကျရင် သမီးကို ခဲနဲ့လှမ်းထုတာ။ တခါတလေကျရင် လက်ဝါးနဲ့လည်း ရိုက်တယ်၊ လက်သီးနဲ့လည်း သမီးကို ဗိုက်တွေရော၊ မျက်နှာတွေရော ထိုးတာ။ သူ့ယောက်ျား ကရော လက်သီးနဲ့ ထိုးတာ။ သူ့ယောက်ျားကတော့ သမီးတို့နား မကပ်ဘူး။ သူ့မိန်းမ ကြောက်ရတယ်။

ဒီ မန္တလေးရောက်လာတုန်းက သူ့လက်ထဲကို သမီး မရောက်ခင်တုန်းက ကိုကျော်ဦးတို့ အဖွဲ့ထဲမှာ ‘နာဂစ်’ဆိုတဲ့ ကောင်လေးတယောက် ရှိတယ်။ အရင်တုန်းက ဒီ ရွှေခြင်္သေ့ကျောင်းမှာ လာနေဖူးတယ်တဲ့။ သမီးတော့ မသိပါဘူး။ ဒီက ကျော်သီဟဖြိုးက  ပြောပြတာ။ အဲဒီကောင်လေးနဲ့ သမီးနဲ့ ရည်းစားဖြစ်တာလေ။ ရည်းစားဖြစ်တဲ့အခါကျတော့ အဲဒီတုန်းက အတူနေတဲ့ ကိုနိုင်ဦးတို့ကလည်း သဘောတူတယ်။ နောက်ပိုင်း ကျတော့ သမီးက မေဇင်ဦးလက်ထဲ ရောက်နေတဲ့အခါကျတော့ သူတို့တွေနဲ့က မခွဲချင်ဘဲနဲ့ ခွဲရတာလေ။ သမီးက နောက်ပိုင်း သူတို့ဆီ ထွက်ပြေး၊ တခါ ပြန်မိ၊ ပြန်ထွက် ပြေး ပြန်မိနဲ့။ သမီးက ကိုယ်လည်း ဗိုက်ကြီး လို့ ကြီးမှန်း မသိဘူး။ အချဉ်တွေ စားချင်လို့ဆိုပြီးတော့ အချဉ်တွေချည်းပဲ ပိတ်စားနေတယ်။ စားနေတဲ့ အခါကျတော့ သူများတွေက ‘ကောင်မလေး …နင်  ဟုတ်တော့ မဟုတ်တော့ဘူးနော်၊ နင်တဲ့ ကိုယ်ဝန်ရှိ နေပြီနေမှာ’  ‘ဟာ …ဘာကိုယ်ဝန်လဲလို့၊ ဘာကိုယ်ဝန်မှ မရှိဘူးလို့၊ နားမလည်ဘူးလို့။ ကျွန်တော် အချဉ်ကြိုက် တတ်လို့ စားတာပါလို့၊ စားချင်လို့ စားတာပါလို့’ သူတို့ကို အဲဒီလို ပြန်ပြောတယ်။ နောက်ကျတော့ ဗိုက်ကလေး နည်းနည်းလည်း ပေါ်လာရော၊ မေဇင်ဦးက ဗိုက်တွေ ဘာတွေ ပျက်အောင်ဆိုပြီးတော့ ဧည့်သည်တွေနဲ့ပဲ သမီးကို အလုပ်တွေ ပြန်ထည့်တာ။ သူက ပျက်စေချင်လို့ သမီးကို ထည့်တာ။ သမီးကကျတော့ ဖျက်မချချင်လို့ ဆိုပြီးတော့ ဧည့်သည်တွေကို ပြောတယ်။ ‘ကိုကြီးရယ် …ညီမလေးက အမေ့ကို ကြောက်နေလို့ပါ၊ ညီမလေး မပေါ့မပါးကြီးနဲ့’ လို့။ သူတို့ကို သမီးက စကားကောင်းကောင်းမွန်မွန် ချိုချိုသာသာပြောတာ။ ပြောတဲ့အခါ ကျတော့ ပိုက်ဆံရှုံးရင် ရှုံးပါစေဆိုပြီး တချို့က အရှုံးခံတာ၊ အရှုံးခံပြီးတော့မှ အစ်မ …ရပြီ၊ ကျေးဇူးပဲ၊ ကျွန်တော် ပြန်လိုက်ဦးမယ်၊ ဘာညာဆိုပြီးတော့ သမီးကို ပြန်ပို့ပေးကြတာ။

အဲဒါနဲ့ သမီး ထွက်ပြေးပြန်ရော။ ထွက်ပြေးရင် သမီး ဘယ်နေရာမှာရှိတယ်ဆိုတာ သူက အကုန် သိတယ်။ မန္တလေးက သူ မသိတဲ့လူ တယောက်မှ မရှိဘူး။ သမီးကကျ မမြင်ဖူးဘူး။ အဲဒီလူတွေကသာ သမီးကို မြင်ဖူးတာ။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် သမီးကို ဘယ်လို ဘယ်လိုများ မှတ်ထားတယ်၊ မြင်ထား တယ် မသိဘူး။ သမီး ဘယ်နေရာ ရောက်ရောက် သတင်းက သွားပို့တာ။ ပြီးရင် ဆိုင်ကယ်ကြီးနဲ့ လင်မယား နှစ်ယောက် ရောက်လာတယ်။ သမီးကို ပြန်ပြန်ပြီးတော့ လာခေါ်တာ။ သမီး နည်းနည်းလေး၊ ဗိုက်လေး နည်းနည်းလေး အဝှာဖြစ်လာမှ သူ့ယောက်ျားက ပြောတယ်တဲ့။ ငါ့မိန်းမရယ် …၊ မခေါ်တော့ပါနဲ့၊ နင့်သမီးက ဗိုက်က တော်တော်ကို ကြီးလာပါပြီ။ မလုပ်ပါနဲ့တဲ့၊ သူလည်း မနေချင်လို့ ခဏခဏ ထွက်ပြေးတာနေမှာပေါ့တဲ့၊ သူ မွေးပြီးမှ ပြန်ခေါ်လည်း ရတာပဲတဲ့။

ဒါနဲ့ လမ်းဘေးမှာ နာဂစ်နဲ့ပဲ နေတယ်။ နာဂစ်ဆိုတဲ့ကောင်က ခိုးတတ်တယ်လေ။ အဲဒါ ရထားပေါ်မှာ ခါးပိုက်နှိုက်တာတဲ့။ ဖုန်းတလုံးနဲ့ နာရီနဲ့လေ။ နယ်ထိန်းရုံးက ရဲတွေက သူ့ကို လူငယ်သင်တန်းကျောင်း ပို့လိုက်တာ၊ ဖမ်းပြီးတော့။ အဲဒီတော့ သမီးနဲ့ သူနဲ့ ကွဲသွားရော။ ကွဲသွားတဲ့အခါကျတော့ ဗိုက်ကြီးနဲ့ဆိုတော့ မေဇင်ဦးက ပြန်မခေါ်ဘူးလေ။ အဲဒီတော့ သမီးက ဆီးချိုတို့ မိသားစုနဲ့ပဲ နေတယ်။

သင်္ကြန်ရောက်တော့ ဘူးပလုံးတွေ၊ ဘာတွေ သမီးတို့က လိုက်ကောက်တယ်။ ကျုံးကြီးကို ပတ်ပြီးတော့ ဘူးတွေ၊ ဘာတွေ အတူတူ လိုက်ကောက်တာ။ မဝင်းမာက ‘ငါ့တူမရယ် …မကောက်ပါနဲ့၊ ဆီးချိုတို့ ကောက်တတ်တာပဲ၊ သူတို့ ဘာသာ သူတို့ ကောက်လိမ့်မယ်၊ သမီး နားနားနေနေ ထိုင်နေပါ’ တဲ့။ ‘ဟာ …ကိုယ်လုပ်မှ ကိုယ် စားရတာလေ။ တော်ပါပြီ၊ သမီး မနားပါဘူး။ သမီး ကောက်မှာပါလို့။ ဒါမျိုးအလုပ် ဆိုရင် သမ္မာအာဇီဝနဲ့ ရှာစားရတဲ့ အလုပ်ဆိုရင် သမီးက လုပ်ချင်သေးတယ်။ ဟိုလို ဒီလိုကြီးတွေကျတော့ သမီးက မလုပ်ချင်ဘူးလို့’ ပြောတော့ ‘အေးလေ၊ အဲဒါတော့ သမီး ကံပဲလေ။ နင့်ကံ မကောင်းခဲ့လို့ နင် အဲဒီလိုဖြစ်တာပဲ။ နားနေ၊ နားနေ’ ဆိုပြီးတော့ သမီးကို နားနေ ခိုင်းတာ။ တခါ ညဘက် မြို့ထဲတွေ ရောက်သွားတော့ အေးကြည်မအစ်ကို ကြယ်ကြီးနဲ့ တွေ့တယ်။ တွေ့တဲ့အခါကျတော့ ကြယ်ကြီးကနေ သမီးကို သနားလို့ဆိုပြီးတော့ …အဲဒီကောင်လေးကလည်း သမီးသူငယ်ချင်း ဖြစ်နေတဲ့အခါကျတော့ သူငယ်ချင်း ဗိုက်ကို တာဝန်ယူမယ်ဆိုတော့ သမီးက လက်သင့်မခံဘူး။ ‘ဟင် …နင် လက်သင့် မခံလို့ မရဘူးလေ။ နင် တကယ်လို့ မွေးခါနီး ဖွားခါနီးရောက်ရင် နင့်ကို ဘယ်သူက လာကူညီပေးမှာလဲတဲ့။ ဘယ်သူက မွေးပေးမှာလဲတဲ့’ အဲဒီလိုမျိုး ပြောတယ်။ ပြောတော့ သမီးကလည်း စဉ်းစားလိုက်တယ်။ ကလေးရဲ့ရှေ့ရေးဆိုတော့လည်း စဉ်းစားလိုက်ပြီး တော့ သမီးက လက်သင့်ခံလိုက်တဲ့အခါမှာ သူတို့အဖေက သဘောမတူဘူး။ အေးကြည်မတို့ အမေနဲ့ အဖေက သဘောမတူဘူး။ ကြယ်ကြီးကို အိမ်ကို ခဏခဏ ပြန်ခေါ်သွားတယ်။ ကြယ်ကြီးကလည်း မရဘူး။ သမီးဆီကို ခဏခဏ ထွက်ထွက်ပြေးလာတာ။ အဲဒီတော့ သူ့အမေကလည်း ‘မထူးတော့ဘူး၊ ကောင်မလေးကလည်း ဗိုက်က နည်းနည်းရင့်လာပြီ၊ ငါတို့ သဘောတူလိုက်ကြရအောင်’ ဆိုပြီး သဘောတူလိုက်တယ်။ ပြီးတော့ သူတို့ အိမ် ခေါ်နေတာ။

သူတို့အိမ် နေတဲ့အခါကျတော့ သမီးက မွေးချိန်မှန်းလည်း မသိဘူး။ ရေချိုး၊ အဝတ်တွေလျှော်ပြီးတော့ သမီးက အိပ်နေတယ်၊ သနပ်ခါးလေး လိမ်းပြီးတော့။ သမီး ယောက္ခထီးကနေ နှိုးတာ။ အေးကြည်မကို နှိုးခိုင်းတာ။ အေးကြည်မ၊ နင့်ယောက်မကို နှိုးလိုက်တော့တဲ့။ ကလေးအချင်း ကပ်လိမ့်မယ်တဲ့။ မအိပ်ရဘူး …ထ။ လမ်းတွေ ဘာတွေ လျှောက်ခိုင်းလိုက်တဲ့။ အဲဒီတော့ ထပြီး လမ်းတွေ ဘာတွေ လျှောက်တော့ … ဗိုက်ကလည်း ကိုက်လာ၊ ခါးတွေကလည်း ကိုက်လာတာ။ ကိုယ်က မွေးလို့ မွေးချင်မှန်း မသိဘူး။ ဟိုလိုဆို သမီး သူ့လက်ထဲကို ပြန်မရောက်ဘူး။ ဒီ ကြယ်ကြီးအမေကလေ …သူ ဦးနှောက်ရှိလို့ ဒီ့ပြင်လက်သည်ကို ခေါ်ခိုင်းပြီး မွေးခိုင်းတယ်ဆိုရင် သမီး သူ့ လက်ထဲကို ပြန်မရောက်ဘူး။ သူက ဘာမှ မလုပ်တတ်တဲ့အခါကျတော့ သူက မေဇင်ဦးကို အကူအညီတောင်းလိုက်တာ။ အကူအညီတောင်းတော့ သူ့မှာ သူ့သူငယ်ချင်း လက်သည် ရှိတယ်ဆိုပြီးတော့၊ လက်သည်နာမည်က မခိုင်တဲ့၊ အဲဒီမိန်းမကြီးကို ခေါ်ပြီးတော့ သမီးကို မွေးခိုင်းတယ်။ ဖွားစာရင်းကျတော့လည်း သူက မပေးဘူး။ မေဇင်ဦး သူ သိမ်းထားမလို့ နေမှာပေါ့။ သမီးတို့ တောင်းရင် မပေးနဲ့လို့ သူက ပြောထားတာလား မသိဘူး။ အဲဒီတော့ ဖွားစာရင်းက မရတော့ဘူး။ ကြယ်ကြီးတို့ အိမ်ကလည်း တာရိုးမှာ၊ ဧရာထွန်းပဲ ဆိုတော့ မေဇင်ဦးတို့နဲ့ နီးတယ်လေ။

ကလေးနဲ့ သမီးနဲ့ ကြယ်ကြီးတို့အိမ်မှာနေတုန်း မေဇင်ဦးက အကြွေးလာတောင်းတယ်။ ကြယ်ကြီး အမေက သမီးကို လာပြောတယ်။ ‘သမီး …နင် ကလေးလေးနဲ့ မတောင်းနိုင်ရင် နေတဲ့။ အမေ တောင်းပေးမယ်၊ မြေးလေးကို ချီပြီးတော့။ ကျူံးဘက်မှာ တိုးရစ်ကားတွေ အများကြီးပဲတဲ့။ အမေ လိုက်တောင်းပေးမယ်တဲ့။ ဆနွင်းတွေ လိမ်းပြီးတော့ သမီးအစား သွားတောင်းမယ်တဲ့။ အဲဒီကျရင် သမီး သူ့ကို အကြွေးဆပ်လို့ ရပြီတဲ့’ ။ အဲဒီလို အကောင်းပြောတာကို မရဘူး။ မေဇင်ဦးတို့ လင်မယားနှစ်ယောက်က ‘အောက်ဆင်း၊ ဘယ်သူတုံး ငါ့ကို အကြွေးဆပ်ချင် ဆပ်လိုက်လို့ ပြောတာ။ ပေး … ဘယ်မှာတုံး …အခု ရှိလား၊ အခု ဆပ်’ ဆိုပြီး ဒေါသတွေနဲ့ ပြောရော။ ပြောတော့ ‘ညည်း …တိုးတိုးပြော၊ ဟိုက မီးနေသည်က ဖျားလိမ့်မယ်တဲ့။ ဘာညာနဲ့ ယောက္ခမက ပြန်ပြောတဲ့အခါကျတော့ ဖျားဖျား သေသေတဲ့။ အဲဒီ မီးနေသည် ဘာလို့ ဂရုစိုက်ရမှာတုံး တဲ့။ လာခဲ့၊ ခေါ်သွားမယ်’ ဆိုပြီးတော့ ကလေးရယ်၊ သမီးရယ် ခေါ်သွားတာ။ သမီးကို တဲလေး သေးသေးလေးတလုံး ထိုးပေးထားတာ။ အဲဒီထဲမှာ သမီးတို့ သားအမိနှစ်ယောက် အိပ်ကြတာ။ ကြယ်ကြီးက ကော်ဘူးကြီးနဲ့ တာရိုး ပေါ်မှာ ထိုင်နေတုန်း မေဇင်ဦး ဈေးသွားတဲ့အခါကျတော့ ‘ဟေ့ကောင် …ကြယ်ကြီး၊ မင်း မင်းမိန်းမနဲ့ အတူတူ ပြန်ပေါင်းချင်လား’ တဲ့။ ‘အင်း …ပေါင်းချင်တယ်’ ‘နေချင်လား’ ‘နေချင်တယ်’ ဆိုတော့ ကြယ်ကြီးကိုပါ သူ့အိမ်ကို ခေါ်ထားတယ်။ ခေါ်ထားတဲ့အခါကျတော့ အလုပ်တွေ ဘာတွေ ခိုင်းတာလေ။ သူက ဒီဧရာထွန်း ကနေ ဘုရားကြီးဘက်ထိ အမှိုက်သွားကောက်ပြီး ကျွေးတယ်။

သူတို့လင်မယား နှစ်ယောက်ကလည်း ထမင်းက သိပ်ပြီး စားစရာမရှိဘူး။ စားစရာ မရှိတော့ သူတို့မိဘအိမ် သွားကြတယ်။ နင်တို့သားအမိတွေ ကလေးကို သင်တန်းကျောင်း ပို့ပြီးတော့ မအေ ဖအေရော ဘယ်ရောက် ရောက်ဆိုပြီးတော့ ငါက စိတ်ချဉ်ရင် လုပ်ပစ်မှာတော့၊ နင်တို့ သားအမိသုံးယောက်ကို ကြည့်ရတာ မဟုတ်ဘူး တဲ့။ မေဇင်ဦးက အဲဒီလို ခဏခဏ ပြောတာ။ အဲဒီသွားမယ့်နေ့ကလည်း အဲဒါပဲ ပြောနေတာ။ အခု ငါတို့အိမ်ကို သွားဦးမယ်တဲ့။ နင့်ယောက်ျား ကြယ်ကြီးလာရင် ပြောလိုက်၊ ဘယ်မှမသွားနဲ့ ဒီမှာဘဲနေလို့ ပြောလိုက်တဲ့။ ဟုတ်ကဲ့လို့ သမီးက ပြောလိုက်တယ်။ သူတို့လည်း ထွက်သွားရော ကြယ်ကြီးက ပြန်ရောက်လာတယ်။ သမီးက ဝမ်းနည်းနေတာ။ နင် ဘာဖြစ်နေတာတုံး၊ ဘာလို့ ငိုနေတာတုံးတဲ့။ အေးတော့၊ မေဇင်ဦးက ငါ့ကို ဒီလို ဒီလိုပဲ ပြောသွားတာ။ ကလေးလေးကို သင်တန်းကျောင်းပို့ပြီးတော့ ငါ့တို့ လင်မယားနှစ်ယောက် ဘယ်ရောက်ရောက် လုပ်ပစ်မယ်လို့ သူက ပြောတယ်။ ငါ မနေချင်တော့ဘူး၊ ထွက်ပြေးမယ်ဆိုတော့ အေးလေ …နင့်သဘောပဲ ဆိုပြီးတော့ အင်္ကျီတွေထည့်ပြီး ထွက်ပြေးကြတယ်။ အဲဒီတော့ မြို့ထဲ ပြန်ရောက်သွားတယ်။ ပထမ လမ်းဘေး ပုဆိုးလေးခင်းပြီး တည သိပ်၊ ပြီးတော့ ခုံးကျော်တံတားအောက်ကို သွားတာ။ သွားတော့ ခုံးကျော် အောက်မှာ လည်း သမီးတို့ ကြာကြာနေလို့ မဖြစ်ဘူး။ ကြယ်ကြီး …ဒီပုံစံအတိုင်းဆို မရဘူးနော်။ နင်က သေမှာမဟုတ်ဘူး။ ငါတို့ သားအမိနှစ်ယောက်က သေမှာလို့။ မေဇင်ဦးက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငါ့ကို လိုက်ရှာမှာ။ ဒီလိုလုပ်၊ အခု နင်ပေးထားတဲ့ ပိုက်ဆံ ရှိတယ်။ အဲဒီပိုက်ဆံနဲ့ ငါတို့ သာစည်ကို သွားမယ်။ မင်း လိုက်မှာလားလို့။ အေး လေ …မင်းတို့ သားအမိနှစ်ယောက် လွတ်ရင် ပြီးတာပဲ။ ငါ လိုက်ခဲ့မယ်ဆိုတော့ … သမီးတို့ ခုံးကျော်ကနေ မြို့ဟောင်းကို လမ်းလျှောက်တာ အကြာကြီး လျှောက်ရတယ်။ မြို့ဟောင်းရောက်တော့ လက်မှတ်ဝယ်ပြီး ညနေ သာစည်လော်ကယ်နဲ့ အိမ်ကို လိုက်သွားတယ်။

သာစည်ရောက်တော့ မဆင်းသေးဘဲ လှိုင်းဘွဲ့ဘူတာကို လိုက်သွားတယ်။ လှိုင်းဘွဲ့ ဘူတာရောက် တော့ အရင်က သိခဲ့တဲ့ အမေကြီးတယောက်ဆီကို သွားတယ်။ ရောက်သွားပြီး အဲဒီအမေကြီးဆီမှာ နေတယ်။ ကြယ်ကြီးက ငါက မန္တလေးသားဆိုတော့ ဒီဘက်က အလုပ်တွေကို မလုပ်တတ်ဘူးတဲ့။ မန္တလေးမှာပဲ အလုပ် လုပ်တတ်တာ ဆိုပြီးတော့ ငါ ပြန်လာမယ်တဲ့။ ရက်နှစ်ဆယ်လောက်ပဲ။ ရက်နှစ်ဆယ်မဟုတ်ရင် ငါးရက် လောက်၊ ခြောက်ရက်လောက်ပဲ ကြာမယ်။ ငါ ပြန်လာခဲ့မယ်ဆိုပြီးတော့ မန္တလေးကို ပြန်တက်သွားတယ်။ အဲဒါ အလုပ်သွားလုပ်တာ။ သူက ပြန်မလာနိုင်ဘူး၊ ရက်နှစ်ဆယ်က ပြည့်တော့မှာ။ အဲဒီရွာမှာက ရေတွေက ဒူးလောက်ရှိတဲ့အခါကျတော့ သမီးကို မီးနေသည်ဆိုတော့ သေမှာစိုးလို့ ငါတို့လက်ထဲမှာ သေရင် အမှုပတ် လိမ့်မယ်။ နင့်အဒေါ်ဆီ ပြန် ပို့မယ်ဆိုပြီးတော့ သမီးကို သုံးဘီးနဲ့ သာစည်ကို ပြန်လိုက်ပို့တယ်။ အဒေါ်ဆီ ပြန် လိုက်ပို့တယ်။

သမီးတို့ အဒေါ်အိမ် ပြန်ရောက်သွားတဲ့အချိန်မှာ ကြယ်ကြီးက ရောက်လာတယ်တဲ့။ သမီးကလည်း သူ မန္တလေးသွားတုန်းက သူ့ကို မမှာလိုက်ရဘူး။ ငါတို့သာစည်က ဆိုးတယ်နော်လို့ မမှာလိုက်ရဘူး။ မမှာလိုက် တော့ အဲဒီမှာ ဒုက္ခရောက်တာပဲ။ သာစည်ဘူတာမှာ ထမင်းသည် ဘွားတော်ကြီး ရှိတယ်။ အရင်တုန်းက သမီးတို့ ထမင်း သွား၊ သွားစားတာ။ ကြယ်ကြီးက အဲဒီမှာ ဝင်စားတော့ ဘွားတော်ကြီးက သူ့ကို ပိုက်ဆံရေလျှံ တာ မြင်သွားတဲ့အခါကျတော့ သူ့သားကို သွားပြောတာတဲ့။ သူ့သားက ကြယ်ကြီးကို အင်္ကျီဆွဲ ပါးရိုက်ပြီး ‘ဟေ့ကောင် …မင်းက ဒီမှာ ကျကျနန ထမင်းစားနေတယ်။ မင်း မိန်းမကတော့ ဟိုမှာ ကလေးကြီးတဖက်နဲ့ အရူးမ ကျနေတာပဲ လျှောက်သွားနေတယ်’ လို့ပြောတော့ ကြယ်ကြီးကလည်း အဟုတ်မှတ်ပြီး လိုက်သွားတာ တဲ့။ လိုက်သွားတဲ့အခါကျတော့ ဟိုလည်း ရောက်ရော ပိုက်ဆံတွေလည်း ယူ၊ လူကလည်း စစ်တပ်ထဲ ရောက် နေရောတဲ့။ စစ်တပ်ထဲ ရောက်တဲ့အခါကျတော့ အချုပ်ခန်းထဲမှာ နေနေရတာ။ နောက်ကျတော့ သူက ပျင်းလို့ ဆိုပြီးတော့ အဲဒီက ဆရာကြီးကို ‘ဆရာကြီး …ကျွန်တော် အပြင်ဘက် ထွက်ပြီးတော့ မြက်ပေါက်ပေးမယ်’လို့ ပြောတော့ ‘အေး …မင်း တကယ်လား’ တဲ့။ ‘ဟုတ်တဲ့၊ တကယ်ပြောတာပါ’ဆိုတော့ ‘ဟာ …မဆိုးဘူး။ ရောက်တဲ့တပည့်တွေထဲ မင်းပဲ တော်တယ်၊ မင်း လိမ္မာတယ်၊ မဆိုးဘူး’ တဲ့။ ‘အေး …လာလာ၊ ထွက်ပေါက်’ ဆို ပေါက်ရောတဲ့။ ပေါက်နေတုန်း ဘိုးတော်ကြီးတယောက်နဲ့ တွေ့တယ်တဲ့။ ဘိုးတော်ကြီးကလည်း မြက်ပေါက် နေတယ်။ ‘အမလေး …ငါ့တူရယ်၊ မင်းတို့မို့လို့ ဒီစစ်တပ်ထဲ ဝင် ချင်တာနော်။ မင်း ဘာလို့ ဝင်ချင်တာတုံး’ တဲ့။ ‘ကျွန်တော် မဝင်ချင်ပါဘူး၊ သူတို့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော့်မိန်းမ ကလေးကြီးတဖက်နဲ့ လျှောက် သွားနေတယ်’ ပြောလို့ ကျွန်တော် လိုက်လာတာလို့ ပြန်ပြောတော့ ‘အေး …အဲဒါပဲ။ ယုံစားတာလေ၊ လူတွေကို ယုံစားတာလေ’ တဲ့။ ‘သူတို့တွေက မင်းတို့ကို ပြောတယ်။ တိုက်တွေတို့၊ ရေတို့၊ မီးတို့၊ လစာကောင်းကောင်း ပေးမယ်တို့။ တကယ်က ဘာမှမဟုတ်ဘူး။ မင်းတို့ ကောင်လေးတွေကို အနုနည်းနဲ့ အသုံးချမယ်။ မင်း အမေက တကယ်တမ်းက မရှိတော့ဘူး။ မင်း အမေက လျှောက်သွားနေတာ၊ ဘာညာဆိုပြီးတော့ မင်းတို့ကို သူတို့က လိမ်ခေါ်တာ’ တဲ့။ ‘စကားနည်းမျိုးစုံနဲ့ သုံးတာ’ တဲ့။ အဲဒီလိုမျိုး ပြောပြီးတော့ ‘မင်း အခု မင်းမိန်းမဆီ ပြန်သွား မလား’ တဲ့။ ‘အား …ဘယ်လိုပြောလိုက်တာတုံး အဘကြီးရယ်၊ သွားမှာပေါ့။ ကျွန်တော်က သတိရတာပေါ့’ ဆိုတော့ ‘အေးကွာ၊ ငါ လမ်းညွှန်ပေးမယ်။ ဒီအတိုင်း သွား’ ဆိုတော့ ကြယ်ကြီးက အဲဒီအတိုင်း ထွက်ပြေးလာ တာ။ ထွက်ပြေးလာလို့ အဲဒီက အမေကြီးက သမီးဆီကို လိုက်ပို့တာ။ သမီးက ကလေးလေးနဲ့ အနောက်ခန်း ထဲမှာ အိပ်နေတုန်း အဒေါ်ကနေပြီးတော့ ‘အေးချမ်း …ထစမ်း၊ ဒါ ကြယ်ကြီးဆိုတာ နင့်ယောက်ျားလား’ ‘ဟုတ်ကဲ့ အဒေါ်၊ သူ့နာမည်က ကြယ်ကြီးခေါ် မျိုးဇော်ဦး’ လို့။

အဲဒါနဲ့ အိမ်မှာ ကြယ်ကြီးရော တခါ အတူနေရော။ အိမ်မှာနေတဲ့အခါကျတော့ ချောင်းကို သမီးတို့က အဝတ်သွားလျှော်တာ။ အဒေါ်က မသန့်ရှင်းတာတွေ ခိုင်းလို့ ဆိုပြီးတော့ ကြယ်ကြီးက စိတ်ပျက်သွားတာ။ အဒေါ်က သူ့အဝတ်အစား အတွင်းခံတွေ ဘာတွေ သမီးကိုပဲ လျှော်ခိုင်းတာလေ။ အရင်တုန်းကကျတော့ သူက သမီးကို မလျှော်ခိုင်းဘူး။ အခု ကလေးရပြီး၊ ယောက်ျားရပြီးတော့မှ လျှော်ခိုင်းတာ။ လျှော်ခိုင်းတော့ ကြယ်ကြီးက မကြည့်ရက်ဘူး။ မကြည့်ရက်တဲ့အခါကျတော့ သူက ‘တော်ပြီ၊ အေးချမ်းတဲ့၊ ငါ ဒီမှာ မနေ တော့ဘူး။ မန္တလေး ပြန်တော့မယ့်တဲ့။ နင်လည်း နင့်အဒေါ်နဲ့ စကား များတယ်၊ ရန်ဖြစ်လို့ မတည့်ဘူးဆိုရင် ငါ့နောက်ကို လိုက်ခဲ့’ တဲ့။ ‘အင်း ..နင့်သဘောပဲ’ ဆိုပြီးတော့ သမီးက နေရစ်ခဲ့တာ။ နောက်နေ့လည်း ရောက်ရော အဒေါ်နဲ့ ရန်ဖြစ်တယ်။ သမီးက သင်္ချိုင်းကုန်းဘက်သွားပြီးတော့ ကလေးကို ပုဆိုးနဲ့ စလွယ်လွယ်၊ ပြီးတော့ ထင်းသွားခွေတယ်။ ခွေပြီးတော့ ပြန်လာ၊ ပြန်လာပြီးတော့ အဲဒီထင်းတွေကို ဖြတ်၊ ဖြတ်ပြီးတော့ နေလှန်း။ ဒါတင် မကဘူး၊ အိမ်မှုကိစ္စတွေက ကိုယ် တယောက်တည်းလည်း အကုန်လုပ်ရသေးတယ်။ အဝတ်တွေလည်း လျှော်ရသေးတယ်။ အဲဒါ ညသိပ်ထားတဲ့ ပန်းကန်တွေဆိုလည်း မနက်ရောက်မှ ဆေးရတာ။ ရေကလည်း ချိုးရေ၊ ချက်ရေ၊ သောက်ရေ …သမီးတယောက်တည်း ခပ်ရတာ။ ပြီးတော့ ပန်းပင် ရေလောင်း တာတွေရော။ အဲဒီလိုမျိုး လောင်းပေးရတာ။ တံမြက်စည်း လှည်းဆိုလည်း လှည်းပေးရတာ၊ အဒေါ်က အဲဒါကို အပြစ်မရှိ အပြစ်ရှာပြောတော့ အဲဒါ သမီးနဲ့ ရန်ဖြစ်တယ်။ ရန်ဖြစ်တော့ သမီးကလည်း ကြယ်ကြီး ပြောထားတဲ့ အတိုင်းပဲ မနေတော့ဘူးဆိုတော့ အေး …ညည်း ငါ့အိမ်မှာ မနေရင် ရတယ်တဲ့၊ ညည်းတို့ သားအမိနှစ်ယောက် အိပ်ခဲ့တဲ့ ခြင်ထောင် လျှော်တဲ့။ လျှော်ပြီးတော့ လှန်း၊ လှန်းပြီးတော့ ခေါက်၊ ခေါက်ပြီးတော့ ငါ့ လက်ထဲကို ထည့်ပြီးမှ နင်တို့ သားအမိနှစ်ယောက် ပြန်တဲ့။ အဲဒါနဲ့ သမီးကလည်း လုပ်ပေးလိုက်တာ။ အဒေါ်လို့ ဒီမှာ ရော့ …အဒေါ့်ဟာ လျှော်ပြီးပြီ။ ခြောက်လည်း ခြောက်ပြီ။ အဲဒါနဲ့ သမီးတို့ သားအမိနှစ်ယောက် ညဘက်ကြီး ထွက်လာခဲ့တယ်။ အထုပ်အပိုးတွေနဲ့ ကလေးကို ကျောပိုးထားတာ။ သာစည်လော်ကယ်ကြီးနဲ့ မန္တလေးကို ပြန်လိုက်လာတယ်။ မန္တလေးရောက်တော့ သူနဲ့ပဲ ပြန်တွေ့တာ။ အဲဒီမိန်းမကြီးနဲ့ပဲ ပြန် တွေ့တယ်။ မေဇင်ဦးနဲ့ …။
ညည်းတို့ ငါတို့မှာရင် မှာထားခဲ့တဲ့အတိုင်း မနေဘူး။ တော်တော်လေး ထွက်ပြေးချင်တာ ဟုတ်လား။ ညည်းတို့ သားအမိနှစ်ယောက်တော့ သေတော့မှာ ဘာညာနဲ့။ သူက ကလေးမှာ အပြစ်ရှိပြီဆိုရင်လည်း သမီးကို ရိုက်တာ။ သမီးမှာ အပြစ်ရှိပြီ ဆိုရင်လည်း ကလေးကိုပါ ရိုက်တာ။ သူက အဲဒီလိုမျိုး မဲတာ။ ကလေးက သူ့ဆိုရင်ကို ကြောက်နေတာ။ ကလေးက နေ့တိုင်း ငိုနေတာ။ တရက်မှာ သမီးက တီဗီသွားကြည့် တယ်။ လက်ဖက်ရည်ဆိုင်မှာ တီဗီသွားကြည့်တဲ့အခါကျတော့ မေဇင်ဦးက မုန့်တီသုပ် စားချင်လို့ဆိုပြီးတော့ ဝယ်စားတယ်။ ဝယ်စားတဲ့အခါကျတော့ ကလေးကလည်း ကလေး ဆိုတော့ သူက နားမလည်ဘူး။ လူကြီး စားတာမြင်ရင် ဘယ်ကလေးပဲဖြစ်ဖြစ် လက်ဝါး ဖြန့်တာပဲ။ သူက အဲဒီလိုပဲ လက်ဝါးဖြန့်တဲ့အခါကျတော့ မေဇင်ဦးက ကျွေးလိုက်တယ်။ ပထမတခါ အမျှင်တမျှင်လေး ကျွေးလိုက်တယ်။ ကျွေးပြီး ကလေးက မနားဘူးလေ။ တခါပြီးတခါ ဆက်တောင်းတဲ့အခါကျတော့ သူကလည်း အမြင်ကတ်ပုဒ်မနဲ့  သူစားတဲ့ ဇွန်းအကြီးကြီးနဲ့ ကလေးပါးစပ်ကို ဆောင့်အောင့်ပြီး ကျွေးလိုက်တော့ ကလေးက ပါးစပ် နာသွားတယ်။ နာလည်း နာ၊ စပ်လည်း စပ်ဆိုတော့ အော်ငိုတာ ငိုရမလားဆိုပြီးတော့ လူတွေကြားထဲမှာ ကလေးကို ရိုက်တယ်။ ရိုက်ရင်းနဲ့ တွေ့မယ်၊ အိမ်ရောက်ရင်၊       မျိုးကြယ်စင်တဲ့။ နင်က ဘာကောင်၊ ငါက ဘာကောင်မ ဆိုတာ နင် သိစေရမယ်တဲ့၊ ငိုထားတဲ့။ အဲဒီလို ကလေးကို ကြိမ်းတယ်။ အိမ်လည်း ရောက်ရော ရိုက်တာ။ ဝါးခြမ်းပြား သေးသေးလေး၊ သူ့အတွက် သီးသန့် သပ်ပေးထားတာ။ အဲဒါနဲ့ သူ့ကို ရိုက်တာ။ နင်က မအေလို၊ ဖအေလို ဟာလေးတဲ့။ လူလေးကဖြင့် မတောက်တခေါက်လေးနဲ့ အဲဒီလိုမျိုး လက်ဝါးဖြန့်စရာ လိုလားတဲ့။ သူများဆီ တောင်းစားရမှာလားတဲ့။ ဒီမှာလည်း မကျွေးတာ လည်း မဟုတ်ဘူး။ ကျွေးနေတာတဲ့။ သမီးက ပြောတယ်။ အမေရယ် …ကလေးဆိုတော့ ဘယ်လိုလုပ် နားလည်မှာတုံးလို့။ အရွယ်က နားလည်တတ်တဲ့အရွယ်မှ မဟုတ်တာလို့။ တနှစ်၊ နှစ်နှစ်မှ နားလည်မှာ။ အခုက တနှစ်တောင် မပြည့်သေးဘူးလို့။ ကိုးလ၊ ဆယ်လပဲ ရှိသေးတယ်လို့ သမီးက အဲဒီလိုမျိုး ပြန်ပြောတော့ သြော် …နင့်သားကို နားမလည်ဘူး မပြောနဲ့။ လည်လွန်းလို့ မွှတ်နေတာပဲတဲ့။ သူက အဲဒီလိုပြောပြီး ကလေးကို အသေရိုက်တာ။ ညည်းကပါ ပြောဦးမှာလားဆိုပြီး သမီးကိုပါ ရိုက်တာ။ သမီးတို့က ငိုနေရတာပဲ။

နောက်တရက်ကျတော့ ကလေးက ပုခက်ပေါ်မှာ သူက သိပ်ထားတာ။ နေ့ခင်း ကြောင်တောင်ကြီး။ မေဇင်ဦးက လာ …နင့်ခေါင်းကို ငါ သန်းရှာပေးမယ် ဆိုပြီးတော့ သန်းရှာပေးတုန်း ကလေးက နိုးလာတယ်။ နိုးလာတော့ ပထမ အိပ်တုန်းက ပက်လက် ကလေး။ သူက လက်လေးကို ပြောင်းပြန်လုပ်ပြီးတော့ ပုခက်နှစ်ဖက်ကို ဆွဲကိုင်လိုက် တော့ ဝမ်းလျားမှောက်လျက်ကြီး ဖြစ်သွားတယ်။ ဖြစ်သွားတော့ လက်လေးကို အရှေ့ တိုးပြီးတော့ ဇောက်ထိုးကြီး လုပ်တာ။ ခေါင်းကို အောက်မကျမချင်း လုပ်တယ်။ လုပ် ပြီးတာနဲ့ လိုက်ကြည့်တယ်။ လူတွေ့သွားပြီဆိုရင် သူက ငိုတော့တာ။ သူ့ကို လာခေါ်ခိုင်း တာလေ။ ပုခက်ထဲကနေ နို့ဆာလို့ဆိုပြီးတော့ လာခေါ်ခိုင်းတာ။ ကလေးက အဲဒီလိုမျိုး လုပ်တာ။ ခဏနေတော့ မေဇင်ဦးက ကလေးကို မခေါ်သေးဘူး။ ကလေးကို အဲဒီအတိုင်း ထားတာ။ ကလေးက မလာမချင်း ငိုနေတယ်။ ငိုရင်း ငိုရင်းနဲ့ ပုခက်ပေါ်ကနေ ချောပြီး တော့ ပြုတ်ကျသွားတယ်။ ပြုတ်ကျသွားတော့ ကလေးက နာလို့ ငိုတော့ သူက ချော့ လိုက်သေးတယ်။ သား …တိတ်တိတ်တဲ့။ ဆက်ငိုတော့ သူက ငိုရမလား၊ ဒီလောက် ချော့နေပါတယ်ဆိုမှ နင်က ငိုနေသေးတယ်ဆိုပြီးတော့ ကလေးကို သူ့ လူကြီးလက်အားကြီးနဲ့ ရိုက်ရော။ နောက် ကျောကုန်းကို ရိုက်တော့ ကလေးက နာလို့ ပြန်ငိုရော။ ငိုရင်းနဲ့ ကလေးက အဲဒီနားတင် တက်သွားတယ်။ တက်သွားလို့ဆိုပြီးတော့ သူက ကလေး သူငယ်နာဆေးရယ်၊ ရွှေသမင်ရယ်၊ ပြီးတော့ ဆေးတို့ဖတ်ရယ်၊ ကြံ့ငါးကောင်ရယ်၊ ကွမ်းရွက်ရယ်လေ။ သူက အဲဒီဆေးတွေနဲ့ လုပ်တာ။ ဘေးက အစ်မကြီးတယောက်က ပြောတယ်။ မေဇင်ဦး …ဧရာထွန်းမှာ လူနာ တင်ကား ရှိတာပဲ။ ကလေးကို ဆေးရုံ မြန်မြန်ပို့ပေးလိုက်ပါတဲ့။ ကလေးက အရင်တုန်းကလည်း ဆေးရုံတက်ခဲ့ ဖူးတယ်လေ။ သမီးတို့နဲ့ လမ်းဘေးမှာနေတုန်းက ဆေးရုံတက်တာကျတော့ အောင်မြင်တယ်။ ပျောက်မှ ကလေးဆေးရုံကနေ ဆင်းရတာ။ သူ့လက်ထဲမှာ ဆေးရုံတက်ရတာကျ ဆေးရုံမှာ အပြီး မနေရဘူး။ သူက တခြားလူနာတွေ၊ ဆရာဝန်တွေ မသိအောင်လို့ဆိုပြီး သမီးတို့ သားအမိနှစ်ယောက်ကို လာပြီးတော့ ခိုးခေါ်တာ။ အဲဒီဆေးပိုက်ကိုလည်း ဆေးထိုးအပ်ကြီးလေ၊ သူ့အိမ်ရောက်မှ ဖြုတ်ပစ်လိုက်တယ်။ ဖြုတ်ပြီးတော့ ကလေးကို အနာကပ် ပလာစတာနဲ့ ကပ်ပေးလိုက်တာ။ ဘေးနားက တယောက်က ထပ်ပြောတယ်။ အစ်မရယ် …ကလေး လေးက အသက်က မီပါသေးတယ်။ ဧရာမေတ္တာလူမှုကူညီရေးအသင်း ရှိပါတယ်တဲ့။ သူ့ကို မြန်မြန်ပို့ပေးလိုက် ပါ။ သူ့ရောဂါက ဒီလိုကြီးဆို ကလေးက ဒီနားတင် ရှောလိမ့်မယ်တဲ့။ အို …ရှောလို့မကလို့ ဘာပဲဖြစ်ဖြစ်။ အဓိကက ဘာမှ မဖြစ်ဘူးတဲ့။ ဟဲ့ …ကောင်မ၊ နင် ဘယ်မှမသွားနဲ့နော်။ ဒီမှာပဲ နေတဲ့။ ငါ့ယောက်ျားကို သွားခေါ်လိုက်ဦးမယ်တဲ့။ သူက အဲဒါမျိုး ပြောတာ။ သူ့အိမ်က အဝေးကြီးပဲ။ သမီးက ငိုနေတာ။ တော်တော် လေးကြာတော့ ဆေးရုံပို့ဖို့ပြောတဲ့ အစ်မကနေပြီးတော့ ‘ငါ့ညီမ …နင့်သားလေးက သေသွားပြီ’ တဲ့။ ‘ဟုတ်လို့လား အစ်မရယ်၊ မသေသေးပါဘူး’ ‘ဟုတ်တယ်၊ သေသွားပြီ။ နင် သေချာကြည့်လိုက်’ တဲ့။ ‘ကလေး အကြောလှုပ်တဲ့နေရာ ငါပြမယ်’ ဆိုပြီး သူက နေရာနှစ်ခုပြတယ်။ ပြတဲ့အခါကျတော့ အကြောက မလှုပ်တော့ ဘူး။ ‘ဟုတ်တယ်၊ အစ်မ မလှုပ်တော့ဘူး။ အစ်မရယ် …ဘာပဲဖြစ်ဖြစ် ကလေးမသေသေးဘူး  အိပ်နေတယ် လို့ပဲ ညီမလေးက တွေးတယ်’ ဆိုပြီးတော့ ကလေးကိုဖက်ပြီး ညီမလေးက ငိုနေတာ။ သူတို့ လင်မယား နှစ်ယောက်လည်း ပြန်လာရော ကလေးက သေသွားပြီဆိုတော့ ဧရာမေတ္တာကို ဖုန်းဆက်ပြီး ကလေးကို အနှီးလေးနဲ့ထုပ်ပြီးတော့ သင်္ဂြိုဟ်လိုက်တယ်။ သင်္ဂြိုဟ်ပြီး ပြန်လာတော့ သူတို့လင်မယားနှစ်ယောက်က မေး တယ်။ သမီးကလည်း စိတ်က ပေါက်လာတယ်။ မနေချင်တော့ဘူး။ မတရားလည်း ဒုက္ခရောက်လာတော့ သူ့ ယောက်ျားက ‘ငါ့မိန်းမ …နင့်သမီးကို မေးထားဦး။ ဒီနေ့ည အလုပ်နားမှာလား၊ ဆက် တက်မှာလားလို့ မေးလိုက်’ တဲ့။ မေးတဲ့အခါကျတော့ သမီးက အကြံရသွားပြီး ‘အလုပ် ဆက်တက်မယ်’ လို့ ပြောလိုက်တော့ ‘အေး …ပြီးတာပဲ။ တက် …တက်’ တဲ့။ ‘မဟုတ်ပါဘူး။ ညည်း ကလေးက သေသွားတာဆိုတော့ ညည်း …မောနေမှာစိုးလို့၊ ပင်ပန်းနေမှာစိုးလို့’ ‘ရတယ်၊ မပင်ပန်းဘူး၊ သမီး တက်မှာ’ လို့ ပြောတဲ့အခါကျတော့ သူတို့ လည်း မြို့ထဲကို ထွက်သွားကြတယ်။

အဲဒီညက အစ်ကိုကြီးတယောက်နဲ့ အလုပ်ဆက်တော့ အစ်ကိုကြီးရယ် …ညီမ လေ …ဒီလို …ဒီလိုပဲ ဆိုပြီးတော့ သမီးက အဲဒီအစ်ကိုကြီးကို ရှင်းပြတယ်။ ရှင်းပြတဲ့ အခါကျတော့ ‘ညည်း ဒါဆိုရင် အခု ဘယ်သွား မှာလဲ’ တဲ့။ ‘ကျောက်သပိတ်ဘက်ကို သွားမှာ’ လို့။ ‘အဲဒီဘက်သွားပြီး ဘာလုပ်မှာတုံး’ တဲ့။ ‘အဲဒီဘက်မှာလို့ အစ်မကြီးတွေ ရှိတယ်၊ အဲဒီအစ်မကြီးတွေဆီ ပြန်ပြီးတော့နေမှာ’ လို့။ ‘သမီး အဲဒီမှာပဲ အလုပ်လုပ်တော့မှာ’ လို့ ဆိုတော့ အစ်ကိုကြီးက လိုက်ပို့ပေးတယ်။ အရင်တခါ မေဇင်ဦးဆီက ထွက်ပြေးတုန်းက အဲဒီကျောက်သပိတ် အိမ်မှာ အလုပ်သွားလုပ်ဖူးတယ်။ အဲဒီက အစ်မကြီးက သဘောကောင်းတယ်။ ခေါင်းတော့ ခေါင်းပဲ။ ဒါပေမဲ့ ငွေခွဲပေးတယ်။ အဲဒီ အစ်မကြီးအိမ် ပြန်သွားနေပြီး ပိုက်ဆံလေးစု၊ ကလေးအတွက် ဆိုပြီးတော့ပေါ့။ အဲဒီအိမ်မှာ တလလောက်ပဲ သမီးက နေလိုက်သေးတာ။ တသောင်းခွဲ စုမိတယ်။ သုံးထားတဲ့အထဲကနေ စုထားတာ တောင် တသောင်းခွဲရတယ်။ ရတဲ့အခါကျတော့ အဲဒီဘေးနားမှာရှိတဲ့ ကလေးတွေအကုန်လုံးကို သမီးက သာကူကျိုရယ်၊ နို့ထမင်းရယ် တသောင်းခွဲဖိုး နှစ်အိုး အပြတ်သိမ်းပြီးတော့လေ။ ကလေးအတွက် ရည်မှန်းပြီး သမီးက ကျွေးမွေး ကုသိုလ်လုပ်လိုက်တယ်။

ကုသိုလ်လုပ်ပြီးနောက် သိပ်မကြာဘူး၊ သမီးက သူ့အိမ်မှာ မနေတော့ဘူး။ သမီး ထွက်သွားတော့ မေဇင်ဦးနဲ့ ပြန်တွေ့တယ်။ ပြန်တွေ့တော့ အဲဒီမှာလည်း သူက သမီးကို ရိုက်တယ်။ ရိုက်တဲ့အခါကျတော့ သမီးခေါင်းက သွေးတွေ စီးကျလာတော့မှ ရပ်တယ်။ သွေးသုတ်ပြီး အရက်ပြန်ထည့်ပြီး ပြီးသွားတာ။ သူက ခေါင်းကို ချုပ်လည်း မချုပ်ဘူး၊ သေချာ ဆေးနဲ့လည်း မသိပ်ပေးဘူး။ အနာမပျောက်ခင်ဘဲ ‘ဒီထဲက ကြက်မြစ်ကြက်သည်းတွေက ဘယ်သူနှိုက်စားတာလဲ’ တဲ့။ ‘အာ …သမီး နှိုက်မစားဘူးနော်။ သမီး ကျိန်ဆို ကျိန်ရဲတယ်’ လို့ပြောတော့ အဲဒါ လိမ်လို့တဲ့။ သမီးကို သစ်ကိုင်းနဲ့ ခေါင်းကို တောက်ခနဲ ခေါက်လိုက်တာ။ ချက်ချင်းလက်ငင်း သွေးတွေက ပြန်ပြီး စီးကျလာတာ။ အဲဒီတော့ သမီးကလည်း သည်းမခံနိုင်တော့ဘူး။ အဲဒီလောက်ထိ နှိပ်စက်လည်း သေရုံပဲ ရှိတော့တယ်။ ငါ ဒီမန္တလေးမြို့ကြီးကနေ လွတ်ကို မလွတ်နိုင်ဘူး။ ဘယ်ထွက်ပြေးလို့ ထွက်ပြေးရမှန်း မသိဘူး ဆိုပြီးတော့ စဉ်းစားနေတယ်။ သမီးက သတိပြန်ရတာက ရွှေဘိုကို တခါရောက်ဖူးတယ်။ ဗိုက်ကြီးနဲ့တုန်းက ရွှေဘိုကို ရထားလိုက်ကြိုသေးတယ်။ ရွှေဘိုက လွတ်လပ်တယ်။ သွားနေမယ်ဆိုပြီးတော့ ရွှေဘိုကို ရောက်လာရော။

ရွှေဘိုမှာ နေတုန်း မြို့ထောင့်စေတီဘုရားပွဲမှာ မန္တလေးက ဆယ့်နှစ်ပွဲ ဈေးသမားတွေက ဒီဘက်ထိ ဈေးလိုက်တော့ မေဇင်ဦးလက်ထဲ ထည့်လိုက်တဲ့ မိန်းမကြီးနဲ့ သူ့သားတွေကို ပြန်တွေ့တယ်။ ပြန်တွေ့တဲ့ အခါကျတော့ သူတို့တွေနဲ့ မန္တလေးကို ဈေး ရောင်း ပြန်လိုက်သွားတယ်။ ကျောက်တော်ကြီးဘုရားပွဲ။ အဲဒီကနေ နှစ်ရက်ပွဲတွေ၊ ကထိန်ပွဲတွေ၊ တရက်ပွဲတွေ လိုက်နေတယ်။ ချမ်းမြသာစည်တရားရုံးကြီးနားက ပွဲမှာ ပွဲတိုင်း ကျော်ဇာတ် ကြည့်နေတုန်း သမီးကို ပြန်မိသွားတယ်။ မိတာက မေဇင်ဦး ယောက်မက အမှိုက်ကောက် ထွက်တာ။ သမီးကို မြင်တော့ သူက သမီးကို အင်္ကျီဆွဲပြီး ပါးရိုက်တယ်။ ‘ညည်းက ငါ့ယောက်ျားကို ယူသေး တယ်’ တဲ့၊ ‘ဘယ်သူတုံး … ညည်းယောက်ျားက’ ဆိုတော့ ‘နားပေါက်လေ’ တဲ့။ ‘နားပေါက်ကို ငါက ယူတာလား၊ သူက ယူတာလား။ ညည်း ပြန်မေးကြည့်လိုက်ဦး။ ညည်းတောင်မှ မေဇင်ဦင်္း လက်ထဲမှာ ဘဝပျက်မှာစိုးလို့ ညည်းကို ကယ်ထုတ်ပြီး ယူလိုက်တာ မဟုတ်ဘူးလား’ လို့။ ‘အေး … နင့်ကို ကယ်သလိုမျိုးပဲ ငါ့ကို ကယ်တာ လို့။ ဒါပေမဲ့ သူက နင့်ကို ယူထားတဲ့အတွက် ငါ့ကို တကယ်ယူတာ မဟုတ်ဘူး။ မေဇင်ဦး လက်ထဲမှာ ငါ့ကို ဒါမျိုး မခိုင်းအောင်ဆိုပြီးတော့ အဲဒီလိုမျိုး စိတ်ဓာတ်နဲ့ပဲ ငါ့ကို ကယ်ထုတ်တာ’ လို့ ပြောလိုက်တယ်။ အဲဒီလို ရန်ဖြစ်ပြီး ပွဲနောက်ဆုံးရက်ကျတော့ သူ့ ယောက်မရယ်၊ သူရယ် ရောက်လာတယ်။ အဲဒီမှာ သမီးကို တံမြက်စည်းတွေနဲ့ လက်ဝါးတွေနဲ့ ပိတ်ရိုက်တယ်။ ခဲတွေနဲ့ ထုတယ်။ အိမ်မရောက်သေးခင် အကောက်ဆိုင်မှာ သမီးကို ခဏအပ်ထားပြီး သူ့ယောက်ျား အောင်နိုင်ကို သွားခေါ်တယ်။ သူ့ယောက်ျားက သမီးကို အဖေ ရိုက်ချင်လို့ ရလားတဲ့။ သမီးကို အဲဒါမျိုး ပြောတယ်။ သမီးကလည်း ခေါင်းမညိတ်ရဲ ညိတ်ရဲနဲ့ ခေါင်းညိတ်လိုက် တယ်။ သမီးကို ပါးကို ဘယ်ပြန်ညာပြန် ဖြောင်းဆို နှစ်ချက် ရိုက်လိုက်တယ်။ သမီးနားတွေလည်း ကိုက်သွား တယ်။ ဘာမှ မကြားရဘူး။ သမီး ဘာမှ မပြောဘူး။ ငိုနေတယ်။ အိမ်လည်းရောက်ရော တခါ လင်မယား နှစ်ယောက် သမီးကို ရိုက်ပြန်ရော။ မိန်းမက ပိုရိုက်တယ်။ ရိုက်နှက်ပြီး သူ့ ယောက်ျားက သမီးကို ပြောတယ်။ မနှစ်က ထွက်ပြေးသွားတာရော၊ ဒီနှစ် ထွက်ပြေး သွားတာရော …သမီးကို ဒါပဲ ခဏခဏပြောတယ်။ ‘ညည်းအမေ စိတ်ချမ်းသာအောင် လုပ်ပေးလိုက်’ တဲ့။ ‘ခေါက်တီဗီတလုံးဖိုးရအောင် လုပ်ပေးလိုက်။ ရရင် ညည်းအမေက ပြန်ပို့ပေးလိမ့်မယ်။ လမ်းစရိတ်လည်း ပေးလိုက်မယ်’ တဲ့။ ‘ပြီးတော့ နင့်အမေက ဟိန်းဝေယံ လက်စွပ် ဝယ်ဦးမှာ’ တဲ့။

ဟို …မယ်သီလရှင်ကောင်မလေးရှိတုန်းကလေ သမီးတို့ကို ဟိန်းဝေယံ လက်စွပ်လေးတွေ ထုတ်ပြ သေးတယ်။ ဆယ်ကွင်းတောင်မှလေ။ ထုတ်ပြတာ အများကြီးပဲ။ လက်တွေမှာ ဝတ်ထားတယ်။ သမီးက သူတို့ပိုက်ဆံနဲ့ ဝယ်တာ မှတ်နေတာ။ နောက်ကျတော့မှ ပြန်ပြီးစဉ်းစားလိုက်တော့ သမီးတို့ထဲက ရတဲ့ပိုက်ဆံ စုပြီးတော့ သူက ရွှေ လုပ်တာ။ သမီးတို့ကိုလည်း မလုပ်ပေးဘူး။ ပိုက်ဆံလည်း တဝက် မပေးဘူး၊ ခေါက်တီဗီ ဝယ်တယ်၊ ရွှေလုပ်တယ်။ သူက အဲဒါပဲ လုပ်တယ်။ ဟို ခေါက်တီဗီက ပျက်သွားလို့တဲ့။ နင့်အမေက အပြင် ဆိုင်ကို ပို့ထားတာ။ နောက်ထပ် ခေါက်တီဗီတလုံးဖိုးရအောင် လုပ်ပေးလိုက်တဲ့။ နင့်အမေက သူ့ဆန္ဒ ဖြည့်ဆည်းပေးရင် နင့်ကို ပြန်ပို့ပေးလိမ့်မယ်။ သမီးကလည်း အရင်တုန်းကလိုပဲ သည်းခံတယ်။ ကိုအောင်နိုင်က သူ့မိန်းမ အပြင်သွားနေတဲ့အချိန် သမီးကို ပြောတယ်လေ။ ‘သမီး …နင့်အမေက ဒီမန္တလေးမြို့ကြီးကို နှံ့တယ်’ တဲ့။ ‘နေရာအနှံ့ပဲ’ တဲ့။ ‘နင် ဘယ်နား ရောက်နေတယ်၊ ဘယ်သူတွေနဲ့ နေနေတယ်၊ ဘယ်ဝါတွေနဲ့ နေနေ တယ်ဆိုတာ နင့်အမေက သတင်းရပြီးသား’ တဲ့။ ‘သူ မသိတဲ့သူ ခပ်ရှားရှား။ ဒီတခေါက် ထွက်ပြေးရင် လွတ်အောင် ထွက်ပြေး’ တဲ့။ ‘ဒီဘက်ကို မနေနဲ့ တဲ့။ မန္တလေးမြို့ကြီးထဲမှာ နင့်အမေက မျက်စိမှိတ်ပြီးတော့ ရှာလို့ရတယ်။ နင် သူနဲ့ လွတ်တဲ့နေရာ၊ ဝေးတဲ့နေရာသာ ထွက်ပြေးတဲ့။ မြစ်ကြီးနားတို့၊ လားရှိုးတို့ ထွက်ပြေး’ တဲ့။ အဲဒီဘက်တွေကျ ကိုယ်ကလည်း မသိတဲ့အခါကျတော့ ထွက်မပြေးဘူး။ အဲဒါနဲ့ သမီးကလည်း စဉ်းစား တယ်။ ရွှေဘို ပြန်ပြေးတာပဲ ကောင်းပါတယ်လို့၊ ရွှေဘိုမှာပဲနေမှ ကောင်းတယ်လို့၊ အဆင်ပြေသေးတယ်လို့၊ သူ့လက်ထဲကနေ ဝဋ်ကျွတ်တယ်လို့၊ အရိုက်အနှက်လည်း မခံရတော့ဘူး။ သူ့ ခေါက်တီဗီဖိုးက ငါ တလ တိတိ ရှာပေးရဦးမယ်။ ဒါပေမဲ့ ခုနစ်ရက်လောက်နေရင် ပြေးမယ်လို့ အိပ်ရာထဲမှာ စဉ်းစားနေတာ။ မရဘူး၊ စိတ်က အခု ပြေးချင်တာ။ အဲဒါနဲ့ သူတို့ လင်မယားနှစ်ယောက် အိပ်အောင် သမီးက စောင့်လိုက်သေးတယ်။ လင်မယားနှစ်ယောက်စလုံး အိပ်လည်း အိပ်ရော သူတို့ဆီက ပါတဲ့ အင်္ကျီကို သမီးက မဝတ်တော့ဘူး။ သူတို့ဆီက ဝတ်တဲ့ အင်္ကျီဆို သမီးကို ပိုက်ဆံ အကြွေး မှတ်တာဗျ။ သူ ဝယ်ပေးထားပါတယ် ဆိုပြီးတော့လေ။ အဲဒါ သိသွားတော့ မဝတ်တော့ဘူး။ သမီး အင်္ကျီတွေ၊ ထဘီတွေ ပြန်ဝတ်ပြီးတော့ တာရိုးလမ်း တန်းတန်း အတိုင်း ထွက်ပြေးခဲ့တာ။ ကားတွေ တားတယ်။ ကားတွေက တစီးမှ မရပ်ဘူး။ ဆိုင်ကယ်တစီးကျမှ ရပ်တယ်။ ‘ကောင်မလေး …မိန်းကလေးဆိုတာ ညခင်းပိုင်း အချိန်မတော် မထွက်ရဘူးလေ။ ဘာလို့ ထွက်လာ တာလဲ’ တဲ့။ ‘မဟုတ်ပါဘူး ဦးလေးရယ် …သမီး ဒုက္ခရောက်လို့ပါ။ သမီးကို မွေးစားအိမ်က နှိပ်စက်လို့၊ အနိုင်ကျင့်လို့၊ ရိုက်လို့ပါ။ အဲဒါ အိမ်ပြန်မလို့’ ဆိုတော့ ‘ညည်းက ဘယ်ပြန်မှာလဲ’ ‘ရွှေဘိုပြန်မှာ’ လို့ဆိုတော့ ‘ရွှေဘိုမှာ ဘယ်သူရှိတုံး’ ‘အသိတွေ ရှိတယ်’လို့။ အဲဒါမျိုး လိမ်ပြောလိုက်တော့ ဦးလေးကြီးက လိုက်ပို့တယ်။ ‘ရွာထောင်ဘူတာကို ပို့ပေးပါ’ လို့ဆိုတော့ ‘ရွာထောင်က ဘာလုပ်ဖို့ သွားမှာတုံး’ တဲ့။ ‘မဟုတ်ဘူး၊ ရွာထောင် ကနေ ရထားစောင့်စီးမှာ’ လို့။ ‘အေး …အေး …အဲဒါ ဆို ပြီးတာပဲ’ ဆိုပြီးတော့ သမီးကို လိုက်ပို့တယ်။ သူက ‘ဘူတာထဲအထိတော့ လိုက်မပို့တော့ဘူးနော်၊ ဒီသံလမ်းဂိတ်အထိပဲ ချခဲ့ပေးမယ်၊ ဒီတန်းတန်းလေးသာ သွား၊ ဘယ်မှ မကွေ့နဲ့၊ ပြီးရင် နောက်ပြန်လှည့်မလာနဲ့၊ အခု ညည်းသွားမယ့် လမ်းကြားထဲက လူပြတ်တယ်၊ နင့် ဒုက္ခရောက်လိမ့်မယ်၊ နင့်ကို ကယ်မယ့်လူတောင် ရှိမှာ မဟုတ်ဘူ။၊ ဦးလေးကလည်း တကွေ့တပတ်ကြီး ဝေ့ပြန်ရဦးမှာ၊ ဦးလေးအိမ်က အနောက်မှာ ကျန်ခဲ့ပြီ’ တဲ့။ သမီးက သူပြောတဲ့လမ်းအတိုင်း သွားတယ်။ ဘူတာ ထဲမှာ ထဘီလေးနဲ့ ကွေးပြီးတော့ အိပ်နေတယ်။ ကောလင်းရထားကြီးလည်း လာရော ရွှေဘိုကို ပြန်လိုက် လာတာ။

ရွှေဘိုမှာ ကိုဖိုးခိုင်တို့၊ မထော်တို့ လင်မယားနဲ့ နေတယ်။ သူတို့နဲ့နေပြီးတော့ ဒီအလုပ်ပဲ လုပ်တာပါပဲ။ တခါတလေ ဒီအလုပ်ကို သိပ်ပြီးတော့ မလုပ်ချင်ဘူးဆိုရင် ကလေးတွေနဲ့ အမှိုက်ကောက်ထွက်တယ်။ အမှိုက်ကောက်တာ နေပူကျဲလို့ မရဘူးဆိုရင် ဒီအလုပ်ကို တဖက်ကနေ တခါ ပြန်လုပ်တယ်။ အဲဒါမျိုး လုပ်ပြီးတော့မှ သူတို့မိသားစုတွေနဲ့ သမီးတို့တွေနဲ့ အတူတူစားတယ်။ ကိုဖိုးခိုင် ထောင်ကျတော့ ဆက်လုပ်နေ သေးတယ်။ ဒါပေမဲ့ ကိုဖိုးခိုင် ထောင်ကပြန်လွတ်လာတော့ သမီးကလည်း လမ်းဘေး ကလေးတွေနဲ့ပဲ နေတော့ တယ်။ သူတို့ကပဲ အမှိုက်ကောက် ကျွေးတယ်။ ဘတ်ကျွန်းတို့၊ မင်းမင်းကျော်တို့က ပိုက်ဆံရှာ၊ ရှာပြီးပြီဆိုတော့ မိန်းကလေးတွေကို ပိုက်ဆံပေးတယ်လေ။ နည်းနည်းပါးပါးပေါ့။ ထမင်းတွေ ဘာတွေ ဝယ်ဝယ်ကျွေးတယ်။ အဲဒါ စားတယ်။ ပြီးတော့ ညကျရင် ထမင်းထုပ် လိုက်ဖြုတ်တာ။ ထမင်းထုပ် လိုက်ဖြုတ်ပြီးတော့လည်း စားတယ်။ ကိုဖိုးခိုင် ပြန်လွတ်လာတော့ ‘နင် အလုပ်လုပ်ဦးမလား’ တဲ့။ ‘တော်ပြီ၊ ညီမလေး စိတ် မဝင်စားတော့ဘူး၊ ဝါသနာ မပါတော့ဘူးလို့။ ဘာလို့လဲဆိုတော့ ရေရှည်ကြီး တသက်လုံး ဒီလိုလုပ်သွားမယ်ဆိုရင် ကျွန်တော့်အတွက် ကံမကောင်းဘူးလို့။ ကျွန်တော် ဒီဘဝထဲကနေ တက်တော့မှာ မဟုတ်တော့ဘူးလို့။ အခု အမှိုက်ကောက်တဲ့ ပိုက်ဆံနဲ့ပဲ ကျွန်တော် လောက်အောင် ဝယ်စားတော့မယ်။ မလုပ်တော့ဘူး’ ဆိုတော့ ‘အေးပါကွာ။ မင်းဆီက ဒီလိုစကားမျိုးလေး ကြားရတာ ငါတို့ ဝမ်းသာတယ်။ အဲဒီလိုမလုပ်တာပဲ ကောင်းပါတယ်။ နင့်ကို ငါတို့ ကလေးတွေက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရှာကျွေးလိမ့်မယ်။ နင်ကလည်း တခါတလေ ပျင်းလို့ရှိရင် အမှိုက် ကောက်ချင်တယ်ဆိုရင်လည်း လိုက်ကောက်ပေါ့ဟ’ တဲ့။ သမီးကလည်း အဲဒီလိုပဲ နေလိုက်တော့တယ်။ ညဘက်ဆိုရင် ကျော်လက်ဖက်ရည် ဆိုင်ရှေ့ အိပ်တယ်။ မနက်ဘက်ဆိုရင် မူးဘက်တို့၊ ပြီးရင် လောကမာရဇိန် ဘုရားဘက်တို့၊ ပြီးရင် မြို့ထဲက ရွှေသိမ်တော်ဘုရားတို့။ အဲဒီထဲမှာပဲ အိပ်တယ်။ လာခေါ်တဲ့လူလည်း မရှိတော့ ဘူး။ ရှိခဲ့လည်း သမီးတို့က အဲဒီအတိုင်းပဲ ပြောလိုက်တယ်။ ‘ကိုကြီး …ညီမလေးတို့က အရင်တုန်းကလို မဟုတ်တော့ဘူး။ မလုပ်တော့ဘူး၊ ဘာညာလို့။ ကိုယ့် ဘာသာကိုယ်ပဲ ရိုးရိုးသားသား လုပ်စားတာပဲ ကောင်း တယ်’ လို့ သမီးတို့က ပြန်ပြောတယ်။ အဲဒါနဲ့ သူတို့ ပြန်လှည့်သွားကြတာ။ ရတဲ့လူပဲ သွားခေါ်ကြတယ်။ လမ်းပေါ်မှာ လုပ်စားတဲ့သူကတော့ သမီးနဲ့ အရင်တုန်းက ဟိုတခါ ကလေးလေး ခဏလာအပ်တဲ့ (… … …)လေး ဆိုတဲ့ ကောင်မလေးလေ။ အဲဒီ ကောင်မလေးရယ်၊ နောက်ပြီးတော့ (… … …) ဆိုတဲ့ ကောင်မလေး၊ သူတို့တွေပဲ ရှိတယ်။ ပြီးတော့ ဒီရွှေဘိုထဲက ဘယ်က ကောင်မလေးမှန်းလည်း မသိဘူး။ အဲဒီ ကောင်မလေး ရယ်၊ နည်းနည်းတော့ အသက်ကြီးနေပြီ။ သူ့ကိုကျ ပန်းခြံမှာ နေတိုင်း တွေ့တယ်။

အစတုန်းက ကလေးတွေက ပြောတယ်လေ။ ‘အစ်မ …ကျောင်းမှာ သွားနေ’ တဲ့၊ ‘ဘယ်ကျောင်းလဲ’ ဆိုတော့ ‘ရွှေခြင်္သေ့လေ’ တဲ့။ ‘ဟာ …မနေရဲပါဘူး’ ဆိုတော့ ‘ဘာလို့ မနေ ရဲတာလဲ’ တဲ့။ ‘ဘုန်းဘုန်း ကြောက်လို့’ ‘ဘာ ကြောက်စရာရှိလို့တုံး’ ဆိုတော့ ‘ကိုယ့်မှာ နေစရာမရှိလို့၊ အလုပ်လေး ကောင်းကောင်းမွန်မွန် လုပ်ချင်လို့  ဘုန်းဘုန်း လျှောက်ပြီး နေရင် ရတယ်။ သားတို့တောင် ဒီလိုပဲ ဘုန်းဘုန်း လျှောက်ပြီး နေတာပဲ’ တဲ့။ ‘နင်တို့နဲ့ မတူဘူး။ တော်ပြီ၊ ငါ မပြောရဲဘူး။ မင်းတို့ ပြောတာ မှန်ပါတယ်။ ငါလည်း အစောကြီးကတည်းက နေချင်တာ။ ဒါပေမဲ့ဟာ …မသွားရဲဘူး။ မင်းတို့က ယောက်ျားလေးဆိုတော့ သွားရဲတယ်။ တော်ပါပြီ။ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် နေချင်လည်း ကိုယ့်ဟာကိုယ် အောင့်အည်းပြီး လမ်းဘေးမှာပဲ နေမယ်’ ဆိုပြီး နေတာ။ မြို့ထောင့်စေတီပွဲမှာ ဘယ်က ကလေးတွေမှန်း မသိဘူး။ ‘ဘုန်းဘုန်းက ခေါ်ခိုင်းတာတဲ့။ လမ်းဘေးကလေးတွေ အကုန် ခေါ်ခိုင်းတာ။ အကုန်လာခဲ့လို့   ပြောတယ်တဲ့။ မထော်တို့ လင်မယားတွေရော၊ သူတို့ ညီမတွေရော၊ ဘုန်းဘုန်းက အကုန်ခေါ်ခိုင်းတာ’ တဲ့။ ‘ဟာ …ဟုတ်လို့လား’ ဆိုတော့ ‘ဟုတ်တယ်’ တဲ့။ ‘အေး …အဲဒါဆို အကုန်ခေါ်ခိုင်းလည်း ငါ မပါဘူးနော်၊ ငါမှ မနေဖူးတာ’ လို့ သမီးက အဲဒီလိုမျိုး ပြောလိုက်တယ်။ ‘ဘယ် မပါရမှာတုံး၊ ပါတာပေါ့။ လမ်းဘေးကလေးဆိုမှတော့ နင်တို့ ကလေးတွေ အကုန်လုံးပဲပေါ့ဟ။ ငါက တခါမှ ရောက်ဖူးတာ မဟုတ်ဘူး။ ကြောက်တာဟ’ ‘ဘာမှမကြောက်နဲ့၊ လာခဲ့၊ ဘာမှဖြစ်ဘူးတဲ့။ နင် တောင်မှ နေချင်တယ်ဆို။ နင် နေချင်တော့ ဘုန်းဘုန်းကို အကျိုးအကြောင်းပြောလို့ ရတယ်။ အဲဒီကျရင် နေပေါ့’ တဲ့။ ‘အေး …အေး …ပြီးတာပဲ’ ဆိုပြီးတော့ သမီးက မလိုက်ရဲ၊ လိုက်ရဲနဲ့  ဘုန်းဘုန်း ခေါ်တာနဲ့၊ သမီး နေချင်တာနဲ့ဆို အတော်ပဲဆိုပြီးတော့ ‘ဘုန်းဘုန်းခေါ်တာဆိုမှတော့ ငါ ပြောရဲသွားပြီ။ ဟိုလိုဆိုရင်တော့ မပြောရဲဘူး၊ နေလည်း မနေရဲဘူး’ လို့ သမီးက အဲဒီလိုမျိုး ပြောပြီး ကလေးတွေနဲ့ လိုက်လာတာ။

ဒီရောက်တဲ့အခါကျတော့ သမီး အခု ဆရာမ တာဝန်ချပေးထားတဲ့အလုပ်ကို ဟင်းချက်အလှည့် ရောက်ရင် ဟင်းချက်တယ်၊ ကလေးတွေကို သမီး ခေါ်ခိုင်းတယ်။ တကယ်လို့ ခေါ်မရတော့ဘူးဆိုရင်၊ သူတို့ အာရုံနဲ့ သူတို့ဆိုရင် သမီးက မခေါ်တော့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ  လုပ်လိုက်တယ်။ သမီး ခိုင်းလို့ ကောင်း မယ့်သူ နှစ်ယောက်ရှိတယ်ဆိုရင် အဲဒီနှစ်ယောက်ကိုပဲ ဘေးနား ခေါ်ထားတယ်။ သူတို့နှစ်ယောက်နဲ့ သမီးနဲ့ပဲ ချက်ပြုတ်တယ်။ သန့်ရှင်းရေးကျပြီဆိုရင်လည်း အဲဒီလိုပဲ လုပ်တယ်။ အသီးအနှံနွှာတဲ့ အခါလည်း လာတဲ့သူနဲ့ပဲ အကုန်လိုက်လုပ်တာပဲ။ ဒီမှာ နေရတဲ့အခါကျတော့ စာတက်ရတဲ့ အခါမှာလည်း ကိုယ် စာတွေ ဘာတွေ ရေးလို့ တလုံး၊ နှစ်လုံး မှားတဲ့အခါကျတော့ ကိုယ်က မှန်တယ်လို့ပဲ သိတာ။ သူများတွေ ဖတ်ခိုင်းရင်  စာတွေက မှားတယ်။ အဲဒီအခါကျ စာတွေ ဒီလိုမျိုး ပြန်သင်တဲ့အခါကျတော့ ကိုယ့်အတွက် စာတတ်တယ်၊ များများ တတ်တယ်ဆိုပြီးတော့ ဝမ်းသာတယ်။ ပြီးတော့ ထမင်းဟင်းချက်တဲ့အခါကျတော့လည်း ကိုယ် အပြင် ရောက်သွားရင်လည်း ထမင်းဟင်းချက်ပြီးတော့ ရောင်းလို့ရတယ်။ ဟင်း ဘယ်လိုချက်ရင် ဘယ်လိုစားကောင်း တယ်ဆိုတာ သိရတော့ ကိုယ်လည်း ဝမ်းသာရတယ်။ ပြီးတော့ စက်ချုပ်တော့လည်း ကိုယ် ချုပ်ထားတာ မြင်ရတော့ ဝမ်းသာမိတယ်။ စက်ချုပ်သင်ရတာ စစတုန်းကတော့ ခက်တော့ စိတ်တွေတိုတယ်။ သွား မချုပ်တော့ဘူး ဆိုပြီးတော့ ဆရာမကို ပြောပြီး အင်္ကျီကို ပစ်ထားခဲ့တာ။ နောက်ကျတော့ မသွားတော့ဘူး။ ဆရာမက ဘာဖြစ်လို့တုံးမေးတော့ ‘ဆရာမရယ် စက်ကြီးက ရမှ မရ တာ’ လို့ဆိုတော့ ‘အချိန်တန်ရင်၊ ဆရာမ တို့ သင်ပေးရင် သမီးတို့ တတ်သွားမှာပဲ’ လို့ ဆရာမက ပြောတာနဲ့ သမီးက ပြန်ဝင်တာ။ ပြန်ဝင်ပြီးတော့ အဲဒါကြီးကို ပြန်ချုပ်တာ။ တခါတလေကျ ကင်းချည်တွေ တပ်တဲ့အခါကျရင်၊ အပ်ပေါက်တပ်တဲ့အခါကျရင် လူက အိုက်ပြီး ညောင်းလာတဲ့အခါကျတော့ စိတ်တိုတယ်။ တခါတလေကျ ခဏလေး ပြီးသွားတယ်ဆိုရင် စိတ်မတိုတော့ဘူး။ အခု နည်းနည်းချုပ်တတ်ပြီ။ အင်္ကျီလည်း နည်းနည်း ကိုက်တတ်ပြီ။ ဆရာမက ပြောတယ်။ ‘ကိုယ်တိုင် ကိုက်တတ်ပြီဆိုရင်၊ ကိုယ့်ပုံနဲ့ကိုယ် ဆွဲပြီး ချုပ်တယ်၊ ဘာညာဆိုရင် ဆရာမက အပိုဆုပါ ချပေးမယ်’ တဲ့။ စက်ချူပ်သင်ရတာ သမီးအတွက် ပညာရတယ်၊ အပြင်ရောက်ရင် ထမင်းချက်ပြီး ရောင်းရင်ရောင်း၊ မရောင်းရင် ဒီအပ်ချုပ်စက်လေး ကိုယ်တိုင် မဝယ်ချင်၊ မထောင်ချင်ဘူးဆိုရင်တောင်မှ သူများဆီမှာ စက်ချုပ် လေး ဘာလေး ဝင်လုပ်လို့ရတယ်လို့။ သမီးက အဲဒါမျိုး တွေးမိတာ။ ပြီးတော့ ချက်စရာဝယ်ရင် စာရင်းကိုင် တဲ့အခါ စာရေးရတော့ စာလုံးအမှန်လည်း ရတယ်။ ပြီးရင် ပိုက်ဆံတွေ၊ ဘာတွေလဲ ကိုယ် တွက်တတ်အောင် ဈေးဝယ်ရင်းနဲ့ ဈေးက ဘယ်လောက်ကျတာ၊ ကုန်တာ …အဲဒီလိုမျိုး တွက်တတ်လာပြီ။

အင်း …ရှေ့ကို ဈေးရောင်းမယ်လို့လည်း စဉ်းစားထားတယ်။ အိမ်ကိုပြန်လို့ ရခဲ့ရင် ဈေးရောင်းစား မယ်လို့ စဉ်းစားထားတယ်။ အိမ်မှာက အဒေါ်တယောက်ပဲ ရှိတယ်။ အရင်တုန်းကလိုပဲ ရောင်းစားမှာ။ အရင်တုန်းက ရောင်းဖူးတယ်။ အမေကြီး ရောင်းသလို ပဲပြုတ်၊ တညင်းသီးပြုတ် လိုက်ရောင်းတယ်။ နောက် အမေကြီးမရှိတော့ အိမ်မှာ အဒေါ်နဲ့ ကျန့်ခဲ့တော့ ဖရဲသီး လိုက်ရောင်းတယ်။ အိမ်မှာလည်း အဒေါ်က ပစ္စည်းတွေ စုဆောင်းထားတယ်။ အများကြီးပဲ၊ မသုံးဘူး၊ သူ့တယောက်တည်း နေတယ်။ ဒါပေမဲ့ အဒေါ်က မဖွင့်ခိုင်းမှာ ကြောက်တယ်။ ပစ္စည်းက အဒေါ်နဲ့၊ သမီးနဲ့ အမွေက တယောက်တဝက်ရမှာဆိုတော့လေ။ အဒေါ်မရှိတော့ရင်လည်း သမီးတယောက်တည်း ရမှာဆိုတော့လေ။ အဒေါ်က သမီးရှိတုန်းကတော့ ယောက်ျား မရှိဘူး။ အခုနောက်ပိုင်း ယောက်ျားရသွားပြီလို့ ပြောတာပဲ။ ဗိုက်ကြီးနေပြီတဲ့။ ကြယ်ကြီးက ပြော တာ။ ဟိုတခါတုန်းက ဘုန်းဘုန်းရဲ့ ဖုန်းကို ဆက်တာလေ။ လမ်းဘေးသားတွေက နံပါတ်ပြောတာတဲ့။ အဲဒီတုန်းက သူ သမီးကို ပြောပြတယ်။ အဒေါ်မပါရင်တော့ သမီးမှာ ဘာမှ မရှိဘူး၊ အရင်းအနှီးလည်း မရှိဘူး။ အိုးတွေ၊ ခွက်တွေလည်း မရှိဘူး။ အရင်းအနှီး၊ အိုးတွေ၊ ခွက်တွေရှိရင်တော့ ဖွင့်မှာ။ ကိုယ့်ဘဝလည်း ကိုယ့်ရှေ့ရေး တခုခု စဉ်းစားလို့ရတယ်။ တခုခု စဉ်းစားတယ်ဆိုတာ …သမီး အခု ရွှေမရှိဘူးဆိုရင် ရွှေလေး ဘာလေး လုပ်ထားလို့ရတယ်။ ပြီးရင် ဟင်းလေး ဘာလေး ရောင်း။ ကိုယ့်လက်ထဲ ပိုက်ဆံနည်းနည်း များလာရင် ကုန်စုံဆိုင်လည်း ဖွင့်ချင်တယ်။ အဲဒီလို ပိုက်ဆံက တနေ့ တနေ့ တိုးသွားရင်လေ။ အဆင်ပြေပြီ ဆို တမျိုးပြီးတမျိုး ကိုယ်လုပ်တတ်တဲ့ဟာလေးကို လုပ်ချင်တယ်၊ ရောင်းချင်တယ်။ သမီး အခု စာတွေ ရေးတယ်၊ သင်္ချာတွက်တယ်၊ ပုံပြင်စာအုပ်လည်း ဖတ်တယ်။ ပြီးတော့ ဘုရားအလောင်း၊ ဟဝှာလေ …မမှတ်မိ တော့ဘူး။ စာကြည့်တိုက်က ငှားပြီးတော့ စင်ဒရဲလားတို့ ဖတ်တယ်။ ကဗျာ ရေးထားတယ်။ ကွန်ပျူတာ ကျတော့ သမီး စိတ်မရှည်လို့ မသင်ဘူး။ စိတ်မရှည်တာက ဟိုလို … စစချင်း ဖွင့်တဲ့ ခလုတ်ကိုလေ။ အဲဒါကြီး ကို မဖွင့်တတ်ဘူး။ ပြီးတော့လည်း ဒီအကောင်လေးတွေကို အရင် နှိပ်နေရတာ။ အဲဒီအကောင်လေးတွေကို ဆော့နေရတာ။ အဲဒီအကောင်လေးတွေ ပြီးသွားတော့လည်း နောက်အကောင်တကောင် ပြောင်းတယ်။ အဲဒီအကောင်ပြီးတော့လည်း ဂဏန်းစာလုံးတွေ နှိပ်ရတယ်။ အင်္ဂလိပ်စာလုံးတွေ၊ အင်္ဂလိပ်စာလုံးနှိပ်ရင် ဘယ်စာလုံးက ဘယ်ပြန်ရောက်သွားမှန်း မသိဘူး။ တိုက်ပင်ကျင့်တာ ဆိုတာလေ။ အဲဒါ မနှိပ်တော့ဘူး။ ပြီးတော့ ခြင်ကလည်း ကိုက်လို့ မနှိပ်တော့ဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, မောင်လူရေး

2 Responses to မောင်လူရေး ● မှိုင်းညို့မှောင်

  1. Catwoman on May 17, 2016 at 9:43 am

    It s depressing. Every country has stories like this. Nothing new. Why depress us with such long stories? In the case of Burma, the gov and system has a lot of responsibilities. US also have plenty of drug and social issues

  2. Catwoman on May 17, 2016 at 4:46 pm

    The girl keep going back to the abuser. She doesn’t ran away or get help from the police and may be because she doesn’t trust them. She always fights with everyone around her. She also says she lied. How do you know she is not making up of all these?
    There should be more social support system back home

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်