မောင်မောင်စိုး – တိုင်းရင်းသားအရေး တိုင်းရင်းသားအတွေး -အပိုင်း ( ၁ )

May 18, 2016

၂၀၁၅ ဖေဖော်ဝါရီ ကိုးကန့်ဒေသ ပြည်တွင်းစစ်ပြေး ဒုက္ခသည်များ

 မောင်မောင်စိုး – တိုင်းရင်းသားအရေး တိုင်းရင်းသားအတွေး -အပိုင်း ( ၁ )

(မိုးမခ) မေ ၁၈၊ ၂၀၁၆

တိုင်းရင်းသားအရေးကို ဖြေရှင်းမည်ဆိုလျင် တိုင်းရင်းသားတို့၏ ဘဝခံစားချက် သူတို့၏အတွေးများကို နားလည်သိမြင်အောင်ကြိုးစားကြရန် လိုအပ်ပေသည်။ တိုင်းရင်းသားတို့၏လက်တွေ့ဘဝ ခံစားချက် ရင်မှဒဏ်ရာဒဏ်ချက်များကို မြင်အောင်မကြည့်ဘဲ ထိုဘဝ ထိုခံစားချက်များမှ စီဆင်းလာသည့် သူတို့ အတွေးများကို နားလည်သဘောပေါက်ခြင်းမရှိဘဲဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။

ပြဿနာတခုအကြောင်းအချ င်းအရာတခုအား အကဲဖြတ်သုံးသပ်ရာတွင် ယင်းပြဿနာ၏ဇစ်မြစ် ပြဿနာပေါ်လာစေသည့် စေ့ဆော်မှုပြဿနာတွင် ပြဿနာတွင်ပါဝင်ဘက်ပေါင်းစုံကို သုံးသပ် စေ့ငုမှသာ ပြဿနာအကြောင်းအချင်းအရာကို မှန်ကန်စွာ သုံးသပ်အဖြေရှာနိုင်မည်။ ထိုသို့မဟုတ်ဘဲ ယေဘူယျကောက်ချ က် ယေဘူယျဆန်သော သဘောတရားများနှင့် ပြဿနာကိုကြည့်မြင် ဖြေရှင်း ပါက ဖြေရှင်း၍ မရနိုင်ပေ။

တိုင်းရင်းသားပြဿနာကဲ့သို့ ရှည်လျားသောဇစ်မြစ်ရှုတ်ထွေးသော သမိုင်းကြောင်းရှိသည့် ပြဿနာနှင့်ပတ်သက်၍ ပြသနာတခုချင်းအရ ထူးခြားချက်များကို ဝေဖန်သုံးသပ်နိုင်မှ တိုင်းရင်းသားတို့ခံစားချက် ထိုခံစားချက်များဖြစ်ပေါ်လာစေသည့် အခြေအနေများကို မှန်ကန်စွာကြည့်မြင်သုံးသပ်မှ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်ပေမည်။

” ဗမာစကားပြောသံမကြားချင်ဘူး” တိုင်းရင်းသားတဦးက ဗမာစကားပြောသံမကြားချင်ဟုဆိုပါက ယေဘူယျ သုံးသပ်ပါက လူမျိုးရေးအရ အစွန်းရောက်သည်ဟု သုံးသပ်ကြလေ့ရှိသည်။ ထိုစကားကို တိုင်းရင်းသား ကလေးငယ်တဦးက ပြောဆိုသည်ဟုဆိုပါက မသိနားမလည်ဟု ယေဘုယျ ကောက်ချက်ချ ကြမည်သာဖြစ်သည်။ သို့သော် ထိုစကားမည်သို့သော အခြေအနေတွင် ထွက်ပေါ်လာသည်ကို စူးစမ်းကြည့်ပါမှ အဖြေမှန်ကိုရနိုင်ပေမည်။

၂၀၁၁ ခုနှစ် မြန်မာစစ်ဖက်နှင့် KIA တို့တကျော့ပြန်စစ်ပွဲဖြစ်ပွားသည့်အခါ ဒေသခံကချ င်လူမျိုးများစွာ စစ်ဘေးရှောင်စခန်းဟု ခေါ်ဆိုကြသည့်စစ်ဘေးဒုက္ခသည်စခန်းများသို့ ရောက်ရှိလာကြသည်။ ဗန်းမော်ဒေသရှိ မိုင်းခေါင်စခန်းသည် ကချင်စစ်ဘေးဒုက္ခသည်စခန်းများများထဲကတခုဖြစ်သည်။ ၂၀၁၁ တကျော့ပြန်စစ်ပွဲဖြစ်ကထဲက မိုင်းခေါင်စခန်းသို့ စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော်ခန့် စတင်ရောက်ရှိခဲ့သည်။ တဖက်က အပစ်ရပ်ဆွေးနွေးပွဲများလုပ်နိုင်သော်လည်း အဆိုပါ စစ်ဘေးရှောင်ဆိုသည့် စစ်ဘေးဒုက္ခသည်များမိမိအိုးအိမ်သို့ မပြန်နိုင်ခဲ့ပေ။

၂၀၁၁ ကထဲရောက်လာသူများ မပြန်နိုင်မီပင် ၂၀၁၅ အတွင် ထပ်မံတိုက်ပွဲများဖြစ်ပွားပြီး နောက်ထပ်စစ်ဘေး ဒုက္ခသည် ၂၀၀ ခန့်ရောက်ရှိလာသည်ဟု ဆိုသည်။ ထိုအချိန်တွင် အဆိုပါ မိုင်းခေါင်စခန်းသို့ သတင်းယူရန် သွားကြသည့်သတင်းထောက်များ၏ မြန်မာစကား ပြောသံ ကြားရသောအခါ အနီးတွင်ရှိသော ကလေးတဦးက ” ဗမာစကားပြောသံမကြားချင်ဘူး ” ဟု ကချင်စကားဖြင့် စူးစူးဝါးဝါးအော်ဟစ်ပြောဆိုကာ ထွက်သွားသည်ကို တွေ့လိုက်ရသည်ဟု ဧရာဝတီသတင်းထောက် နန်းလွင်နှင်းပွင့်၏ဆောင်းပါးတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

တကယ်တော့ ကချင်တောင်တန်းများတွင် ကြီးပြင်းလာသောကလေးငယ်တစ်ဦးအဖို့ဆိုလျှင် ထိုဒေသထိုရေမြေတွင် သူတို့ကချင်စကားပြောကျေးရွာများတွင်ရှင်သန်ကြီးပြင်းလာသည်။ သူတို့တောတောင် သူတို့မွေးရပ် သူတို့ရပ်ရွာများတွင် သူတို့လွတ်လပ်စွာ ပျော်ရွှင်စွာကြီးပြင်းလာခဲ့ကြသည်။ သူတို့စာသင်ကျောင်းတွင် စာသင်သော ဆရာမလေးများသည်လည်း ကချင်ဆရာမလေးဖြစ်သည်။ သို့ဖြစ်ရာ ရွာတွင်၎င်း အိမ်တွင်၎င်း ကျောင်းတွင်၎င်း ကချင်လိုပြောဆိုကြီးပြင်းလာကြသူများဖြစ်သည်။

ထိုစဉ် တိုက်ပွဲများဖြစ်ပွားသည် ။ မြန်မာစကားပြောသော အစိုးရစစ်တပ်များဝင်ရောက်လာသည်။ သူတို့စစ်ဘေးလွတ်ရာထွက်ပြေးရသည်။ ဒုက္ခသည်စခန်းသို့ရောက်သည်။ သူတို့အိုးအိမ်များကို စွန့်ထားခဲ့ရသည်။ သူတို့၏စိုက်ခင်းများ သူတို့မွေးမြူ ထားသော အိမ်မွေးတိရ စ္ဆာန်များ ဆုံးရှုံးခဲ့ရသည်။ အချိန်ကြာမြင့်သော်လည်း သူတို့အိမ်ပြန်ခွင့်မရ။ စစ်ဘေးရှောင်စခန်းဟုဆိုသည့်ဒုက္ခသည်စခန်းများရှိ တဲငယ်များတွင် ကြပ်တည်းဆင်းရဲစွာနေကြရသည်။ မြန်မာစစ်ဖက်မှတပ်ဖွဲ့ဝင်များက သူတို့ရွာများတွင် တပ်စွဲ ထားကြသည်။ သူတို့လူမျိုးများ သူတို့ဘာသာ စကားပြောကြားကာ ပျော်ရွှင်စွာနေထိုင်ခဲ့ကြသော လူမှု ဘဝသည် မြန်မာစကားပြောသော အစိုးရစစ်တပ်များ ရောက်လာပြီးနောက် ဆိတ်သုဉ်းသွားခဲ့ရသည်။ သို့ဖြစ်ရာ ကချင်ကလေးငယ်များအဖို့ မြန်မာစကားပြောသံများ ကြားရပြီးနောက် သူတို့၏ ပျော်ရွှင်စရာဘဝများ ပျောက်ကွယ်သွားရသည်ဖြစ်ရာ သူတို့မြန်မာစကားပြောသံ မကြားချင်ကြပေ။ လက်ရှိအချိန်တွင်လည်း ထိုကလေးငယ်များ မှားနေသည်ဟု ဖြောင့်ဖျ၍ရနိုင်မည်လည်း မဟုတ်ပေ။

ဤသည်ကားလက်တွေ့ဖြစ်သည်။ လက်တွေ့ဘဝဖြစ်သည်။ ပြဿနာ၏ဇစ်မြစ်လည်း ဖြစ်သည်။ တဖက်ကမူ ဤအချင်းအရာသည် ဗမာတမျိုးသားလုံးနှင့်ဆိုင်သည့်ကိစ္စမဟုတ် စစ်ပွဲကြောင့် တန်းတူညီမျှမှုမရှိခြင်းကြောင့်ဟူ၍ သဘောတရားအရ ရှင်းလင်းပြောဆိုနိုင်ပါသည်။ သဘောတရားအရကား ငြင်းပယ်ရန်မရှိပေ။ သို့သော် လက်တွေ့နှင့်သဘောတရားသည် ကွာဟနေ တတ်သည်ကိုတော့ နားလည်ရန်လိုအပ်ပေသည်။

” ဗမာလာပြီ “
မြန်မာစစ်ဖက်ခေါင်းဆောင်များအနေနှင့် လက်ရှိ အစိုးရစစ်တပ်ဟု ခေါ်သည်ပင်မနှစ်သက်ကြချေ။ တရားဝင် ” တပ်မတော် ” ဟုခေါ်ဝေါ်စေလိုသည်။ အစိုးရစစ်တပ်ဆိုသည်ပင် မနှစ်ကြချေ ။ မြန်မာစစ်ဖက်ခေါင်းဆောင်များအနေနှင့် လက်ရှိအစိုးရစစ်တပ်အား တခုတည်းသော ပြည်ထောင်စု တပ်မတော် ဟုရပ်ခံကြသည်။ မီဒီယာနှင့်လွှတ်တော်တို့၌ တပ်မတော်ဟုသာ တရားဝင်အသုံးပြုကြရန် ရည်ညွှန်းပြောဆိုကြသည်။

ဤနေရာ၌ လက်ရှိအစိုးရစစ်တပ်သည် တခုတည်းသောပြည်ထောင်စုတပ်မတော် ဟုတ်မဟုတ် နိုင်ငံရေးအရ မတူသောအမြင်များ ရှိကြသည်။ ဤနေရာတွင် ဤအချက်ကို အဓိကဆွေးနွေးလိုခြင်း မရှိပါ။ လက်တွေ့ဖြစ်ပျက်နေသည်များကို ထောက်ပြလိုခြင်းသာ လိုရင်းဖြစ်ပါသည်။

လက်ရှိ မြန်မာစစ်ဖက်နှင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ဒေသခံများအနေနှင့် အစိုးရစစ်တပ်အား မည်သို့ခေါ်ဝေါ်ကြပါသနည်း ။ ပြည်ထောင်စုတပ်မတော် မဆိုထားနှင့် အစိုးရစစ်တပ် ဝါ စစ်တပ် ဝါ ဗမာစစ်တပ်ဟူ၍ပင် မခေါ်ဝေါ်ကြပါ။ တိုင်းရင်းသားဒေသများတွင် မြန်မာစစ်ဖက်မှ စစ်ကြောင်းများ ဝင်ရောက်လာပါက ကချင်ပြည်နယ်တွင် ကချင်စကားဖြင့် ” မြင် ဆာဝါဆိုင် ” ဟာဆိုမည်။ ရှမ်းပြည်နယ်တွင် ရှမ်းစကားဖြင့် ” မန် မားရောက်ဝ် ” ဟုဆိုမည်။ ကိုးကန့်ဒေသတွင် တရုတ်စကားဖြင့် ” လောက်မြင် လိုင်လော ” ဟုဆိုမည်။ အဓိပ္ပာယ်ကားအတူတူပင်ဖြစ်သည်။ ” ဗမာလာပြီ ” ဟုဆိုကြခြင်းဖြစ်သည်။

ထိုသို့ ခေါ်ဝေါ်သုံးနှုန်းခြင်းကို ပအိုဝ်ဒေသတွင်လည်းတွေ့နိုင်သည်။ ဝ ဒေသ အခါဒေသ ကရင်နီဒေသ ကယန်းဒေသ ကရင်ဒေသ မွန်ဒေသရခိုင်ဒေသတို့တွင်လည်း သူတို့၏ ဘာသာစကားနှင့် ဤသို့ပင်ဆိုသည်ကို တွေ့နိုင်သည်။ ကြားသိနိုင်ပါသည်။ ဤသို့လူမျိုး ရေးလက္ခဏာနှင့်ခေါ်ဝေါ် သုံးစွဲခြင်းသည် မှားယွင်းသည်ဟုဆိုနိုင်ပါသည်။ သို့သော်ဒေသခံတိုင်းရင်းသားတို့စိတ်ထဲစွဲ၍ ခေါ်ဝေါ်သုံးစွဲနေသည့် ဝေါဟာရဖြစ်သည်ဆိုသည် ကိုတော့ မလွဲမသွေ အသိအမှတ်ပြုပေမည်။ နှစ်ပေါင်းများစွာ ယနေ့တိုင် ဒေသ
ခံတိုင်းရင်းသားများ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ထိုသို့ခေါ်ဝေါ်သုံးစွဲခြင်းနှင့်အတူ တိုင်းရင်းသားလူထုအနေနှင့် လက်ရှိအစိုးရစစ်တပ်ကို ပြည်ထောင်စုစစ်တပ် ၎င်းတို့တိုင်းရင်းသားများအား ကိုယ်စားပြုသည့်စစ်တပ်ဟုမမြင်ကြပေ။ ဗမာလူမျိုးကိုသာ ကိုယ်စားပြု သည့် ဗမာစစ်တပ်ဟုမြင်နေကြခြင်းဖြစ်သည်။

ဤသို့ခေါ်ဝေါ်သုံးစွဲခြင်းသည်၎င်း ဤသို့ကြည့်မြင်ခြင်းသည်၎င်း မှားယွင်းသည်ဟုဆိုကောင်းဆိုနိုင်ပါသည်။ သို့သော် မှားသည် မမှားသည်က ပြဿနာ၏ ဘက်တဘက်ဖြစ်သည်။ ဤသို့ခေါ်ဝေါ်သုံးစွဲကြည့်မြင်နေသည်က ပြဿနာ၏ အခြားဘက်ဖြစ်သည်။ တည်ရှိနေသည့် ပြဿနာ၏ဘက်တိုင်းကို မှန်ကန်စွာကြည့်မြင်သုံးသပ်ပါမှ ထည့်သွင်းစဉ်းစားပါ မှ ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ပေလိမ့်မည်။

စစ်ဘေးဒုက္ခသည်
ယခုတော့ စစ်ဘေးရှောင်ဟုဆိုကြသည်။ တကယ်တော့ ထိုသူများသည် စစ်ဘေးကြောင့် တိမ်းရှောင်နေသူများသက်သက်ဟု ယူဆ၍မရပေ။ စစ်ဘေးကြောင့် အတိဒုက္ခရောက် နေသူများဖြစ်ကြရာ စစ်ဘေးဒုက္ခသည်ဟုဆိုမှသာမှန်ကန်ပေလိမ့်မည်။ အဆိုပါ စစ်ဘေးဒုက္ခသည်များသည် တိုက်ပွဲများကြောင့် မိမိတို့အခြေချနေထိုင်ရာဒေသကို စွန့်ခွာခဲ့ရသူများဖြစ်သည်။ မိမိတို့၏အိုးအိမ်များကို စွန့်ခွာပြီး အများစုမှာ ဖြစ်ကတတ်ဆန်းဆောက်ထားသည့် ခိုင်မာမှုမရှိသည့် မိုးမလုံ လေမလုံအိမ်များတွင် နေကြရသူများဖြစ်သည်။ သူတို့သည် သူတို့၏စိုက်ခင်းများ အိမ်မွေးတရိစ္ဆာန်များကို စွန့်ခဲ့ရသူများ ဖြစ်သည်။ သူတို့အိုးအိမ်များ အိမ်အသုံးအဆောင်များသည် ပျက်စီးဆုံးရှုံးးခဲ့ရသူများဖြစ်သည်။ အိမ်များရွာများ တိုက်ပွဲများအတွင်း မီးလောင်ဆုံးရှုံးခဲ့ရသူများဖြစ်သည်။ သို့ဖြစ်ရာ ထိုသူတို့သည် စစ်ရှောင်ရုံ သက်သက်သာမဟုတ် စစ်ကြောင့် ဒုက္ခနှင့်ရင်ဆိုင်ရသူများဖြစ်သည်။

လက်ရှိ စစ်ဘေးဒုက္ခသည်စခန်းမှ မည်သည့်အချိန် အိမ်ပြန်ရမည်ကိုမသိကြသေးသူများဖြစ်သည်။ သူတို့၏ လူမှုရေး စီးပွားရေးကျန်းမာရေးအခွင့်အရေးများဆုံးရှုံးနေကြသည်။ ကချင်ပြည်နယ်တွင် ကချင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိသည်။ ၂၀၁၁ မှ ယခုချိန်ထိ ၅ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ၂၀၁၅ အောက်တိုဘာ နိုဝင်ဘာအတွင်း ရှမ်းပြည်အလယ်ပိုင်းဝမ်ဟိုင်းဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် သောင်းနှင့်ချီ၍ ရှိခဲ့သည်။ ယခုအချိန်ထိ ဟိုက်ပါ ဒုက္ခသည်စခန်းများတွင် လူဦးရေ ၁၀၀၀ ကျော်ခန့်ရှိသေးသည်။ 13/5/2016 က ရှမ်းပြည် အလယ်ပိုင်း ကျောက်မဲအနောက်တောင်ဖက် ပုန်ဝိုးဒေသတွင် မြန်နာစစ်ဖက်နှင့် SSPP/ SSA တပ်ဖွဲ့များ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၅၀၀ ခန့်နောင်ပိန်နှင့် ကျောက်မဲဖက်သို့ တိမ်းရှောင် ထွက်ပြေးလာခဲ့ရသည်ဟုဆိုသည်။

ထို့အပြင် ၂၀၁၅ နိုဝင်ဘာမှစ၍ TNLA တအန်းပလောင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့် RCSS ရှမ်းတောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရာသီပေါ ကျောက်မဲ နမ့်ခမ်းနန့်ဖတ်ကာဒေသများတွင် စစ်ဘေးဒုက္ခသည်အရေအတွက်မှာ ထောင်အချို့ ရှိလာပြီး တိုက်ပွဲအရှိန်လျော့သွားလျှင် အိမ်ပြန်ကြပြီး တိုက်ပွဲအရှိန်ပြန်မြင့် လာလျင် ပြန်ပြေးလာကြရာ ဒုက္ခသည်အရေအတွက်မှာ အတိုးအလျော့ရှိနေသော်လည်း လက်ရှိအခြေအနေတွင် လူဦးရေထောင်အချို့ရှိနေသည်ဟု ဆိုပါသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ဧပြီလတွင်းမှ စတင်သည့်တိုက်ပွဲနှင့် စစ်ဆင်ရေးများကြောင့် စစ်ဘေး ဒုက္ခသည် ၂၀၀၀ ကျော်အထိရှိလာပြီး ထပ်၍ တိုးလာဖွယ်ရှိသည်ဟု ဆိုပါသည်။ ထို့ပြင် ရခိုင်ဒုက္ခသည်စခန်းအချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေပြီး သေဆုံးသူများလည်း ရှိနေသည်ဟု ဆိုပါသည်။ ၂၀၁၅ နှစ်ဆန်းက ပြန်လည်ဖြစ်ပွားခဲ့သည့် ကိုးကန့်စစ်ပွဲကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခသည်အချို့မှာ ယခုတိုင် တရုတ်မြန်မာနယ်စပ်တွင် ရှိနေဆဲပြီး တရုတ်တို့မှ ၎င်းတို့ပိုင်နက်မှ ထွက်ခွာရန် ဖိအားပေးနေကြောင်း သတင်းများ ရရှိပါသည်။ ထို့အပြင် ကရင် ကယား မွန်ပြည်နယ်များ မှ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲခန့်မှာ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေပြီး ယနေ့တိုင် ဌာနေသို့မပြန်နိုင်သေးပေ။ တတိယနိုင်ငံများသို့ ၆၀၀၀၀ ခန့်ရောက်ရှိသွားပြီး ကျန်ရှိသည့် တစ်သိန်းခွဲခန့်အားလည်း ထိုင်းနိုင်ငံမှ နေရပ်သို့ဖိအားပေး ပြန်မလွှတ်၍ တော်သေးသည်ဟု ဆိုရပေမည်။

အဆိုပါစစ်ဘေးဒုက္ခသည်အများတကာ့အများစုကြီးမှာ ဒေသခံတိုင်း ရင်းသားအများစုကြီးဖြစ်သည်။ တက်ကြွလှုပ်ရှားသူမြန်မာအနည်းငယ်သာ ပါသည်။ ထိုစစ်ဘေးဒုက္ခသည်တိုင်းရင်းသားတို့၏ လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေးအခြေအနေ ပျက်ပြားရမှု လူမှုဘဝမတည်ငြိမ်မှုတို့ကြောင့် သူတို့ စိတ်ဝယ် နားကျည်းမှုမုန်းတီးမှု လက်တုန့်ပြန်လိုမှုယုံကြည်မှုပျောက်ဆုံးမှုတို့ ပေါ်ပေါက် လာနေသည်ကို ဂရုပြုရန် လိုအပ်သည်။ စစ်ဘေးဒုက္ခသည်စခန်းသို့ မရောက်သော်လည်း မိမိလူမျိုးများ ဒုက္ခရောက်နေသည်ကိုမကြည့်မမြင်ရက်သည့် စိတ်ခံစားမှုများသည် တိုင်းရင်းသား လူမျိုးစိတ်အစဉ်သို့ ကူးစက် ပျံ့လွင့်နေသည်ကို ဂရုပြုရန်လိုသည်။

၂၀၁၅ မိုင်းခေါင် စခန်းသို့သွားရောက်ခဲ့သည့်ဧရာဝတီသတင်းထောက်နန်းလွင်နှင်းပွင့်၏ ရေးသားဖော်ပြချက်အရ ထိုစခန်းရှိ ကချင်ကလေးငယ်များစိတ်ဓာတ်အခြေအနေကိုတွေ့မြင်နိုင်သည်။ မိုင်းခေါင်စခန်းတွင် ယာယီဖွင့်လှစ်ထားသည့် စာသင်ကျောင်းတွင် စာသင်ကြားပေးနေသော ကချင်ဆရာမလေးများ၏ ပြောကြားချက်အရ ကချင်ကလေးငယ်များ၏စိတ်ခံစားချက်အရ စာသင်ကြားစိတ်ထက် အရွယ်ရောက်လျင် ရှန်လွတ်ဖျင်လာ ခေါ် KIA တပ်သာ လုပ်ရန် စိတ်ထဲတွင် မျှော်မှန်းနေကြသည်ဟု ဆိုသည်။ ကလေးငယ် စိတ်ဒဏ်ရာဒဏ်ချက်များမှ နားကျည်းမှုမုန်းတီးမှု လက်တုံ့ပြန်လိုမှုများကိုဆယ်နှစ်သားအရွယ်ကလေးငယ်များတွင်ပင် အမြစ်တွယ်နေပြီဟုဆိုရမည်။ လူကြီးများကတော့ သူတို့၏စိတ်ခံစားချက်များကို လေးငယ်များကဲ့သို့ ဖော်ပြလိမ့်မည်တော့ မဟုတ်ပေ။

ပြည်မနှင့်စစ်ပွဲ
ပြည်မဟုဆိုကြသည့် တိုင်း ၇ တိုင်းတွင် တနင်္သာရီတိုင်းမှအပ ကျန်းတိုင်းများတွင် တိုက်ပွဲများ မဖြစ်သည်မှာ အတန်ကြာခဲ့ပြီဖြစ်သည်။ ၁၉၇၅ မှစ၍ ဆိုလျှင် အနှစ် ၄၀ ကျော်ခဲ့ပြီဟုဆိုရမည်။ ထို့ကြောင့် ပြည်မကလူများအတွက် စစ်ဘေး စစ်ဒဏ်သည် လက်တွေ့မခံကြရပေ။

တိုင်းရင်းသားဒေသများတွင် စစ်ဘေးစစ်ဒဏ်ကို ယနေ့တိုင် ခံစားနေရသည်။ သေကြေဒဏ်ရာရမှုများ ရှိသည်။ ထိတ်လန့်တကြားနှင့် အသက်လုပြေးရသည်များ ရှိသည်။ အိုးအိမ်ပိုင်ဆိုင်မှုများ ပျက်စီး ဆုံးရှုံးရသည်များရှိသည်။ မူရင်းရပ်ရွာကိုစွန့်၍ အခြေပျက်အနေပျက် ဖြစ်ရသည်။ စစ်ပွဲဖြစ်ပွားနေသောကာလတလျှောက်လုံး ပေါ်တာ အထမ်းသမား စာပို့ဆက်သားစသည်တို့ကိုလည်း နှစ်ဘက်စလုံးအတွက် လုပ်ဆောင်ပေးရသည်။ စစ်စားရိတ်များလည်း ပေးဆောင်ရသည်။ သို့ဖြစ်ရာ ထိုသူတို့တွင် ခံစားမှုနက်ရှိုင်းသည်။ မုန်းတီးမှုရှိသည်။ နာကြည်းမှု ရှိသည်။ ခါးသီးမှုရှိသည်။ လက်တုံ့ပြန်လိုမှုများလည်းရှိသည်။ ၎င်းခံစားမှုများနှင့်ပတ်သက်၍ အမှန်အမှား ဝိဝါဒ ကွဲပြားနိုင်သည်။ သို့သော် ၎င်းအချက်များရှိသည်ကို အသိအမှတ်ပြုရန်လိုအပ်သည်။

ပြည်မရှိပြည်သူများက စစ်ပွဲ၏ဒဏ်ကို တိုက်ရိုက်မခံရ။ သွယ်ဝိုက်၍တော့ ခံရသည်။ ၎င်းမှာ တိုင်းပြည်၏ဘဏ္ဍာမှ စစ်စားရိတ်များစွာသုံးစွဲရသဖြင့် ကာလတာရှည်လျှင် တိုင်းပြည် မွဲတေသည့် ဒဏ်ဖြစ်သည်။ သို့သော် ၎င်းစစ်စားရိတ်ဒဏ်သည် သွယ်ဝိုက်၍ သက်ရောက်ခြင်း အချိန်ကြာမြင့်မှ သိသာခြင်း ဖြစ်သည်။ လက်တွေ့တော့ စစ်ဒဏ်မခံရပေ။ သို့ဖြစ်ရာ ထိုသူတို့တွင် စာနာမှုသာ ရှိနိုင်ကောင်းသည်။ အချို့စာနာရကောင်းမှန်း မသိသူလည်းရှိနိုင်သည်။

သို့ဖြစ်ရာ စစ်ပွဲစစ်ဒဏ်ကို နှစ်ပေါင်းများစွာခံစားရသော တိုင်းရင်းသားတို့၏ ခံစားမှု စဉ်းစားမှု ကြည့်မြင်မှုတွေးခေါ်မှုများသည် စစ်ဒဏ်မခံစားသူများနှင့် တူလိမ့်မည်မဟုတ်သည်ကိုတော့ သတိပြုရန်လိုအပ်သည်။

ဆက်လက်ဖေါ်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်