ဆောင်းဖြူ ● အကြံပေးပုဂ္ဂိုလ် (ဝတ္ထုတို)

May 18, 2016

● အကြံပေးပုဂ္ဂိုလ် (ဝတ္ထုတို)

မေ ၁၈၊ ၂၀၁၆

(မိုးမခ မဂ္ဂဇင်း မတ်-၂၀၁၆ ပါ ဝတ္ထုတို)

( ၁ )
“အလုပ်တခုလုပ်တော့မယ်ဆိုရင် ဖြစ်နိုင်မဖြစ်နိုင် အသေအချာစဉ်းစား၊ ထောင့်စေ့အောင်ရှုမြင်သုံး သပ်၊ ဘယ်အလုပ်မဆို ငွေပင်ငွေရင်းရှိတိုင်း ထလုပ်လို့မရဘူး။  နေရာဒေသအနေအထားကိုလည်း ကြည့်တတ် ဖို့လိုတယ်။  ဒီလိုမှမဟုတ်ရင် နားမကြားတဲ့လူကို သီချင်းဆိုပြသလို ဘာမှအရာမထင်ဘဲနေလိမ့်မယ်”

အားလုံးသောလူတွေဟာ ကိုမျိုးကြည်ရဲ့စကားကိုပဲ နားစွင့်နေကြတယ်။  ဆိုက်ကားဆရာကိုညီပု၊ ကွမ်းယာသည်ကြီး ကိုမောင်မွှေးနဲ့ ကျူရှင်ဆရာလေး ကိုလှိုင်ဘွားတို့ဆို မျက်တောင်တောင်ခတ်မိပုံမရဘူး။  မောင်ကျော်ဌေးလေးကတော့ မျက်မှောင်လေးကုတ်ပြီး စဉ်းစားနေတယ်။  အတန်ကြာမှ-

“ဟုတ်ပါတယ်၊ ဦးလေးမျိုးကြည်ပြောတာဟုတ်ပါတယ်။  ကျွန်တော့်မှာက အရင်းအနှီးဆိုလို့ သုံးသောင်း သာသာပဲရှိတာ။ မတော်အရင်းပြုတ်သွားရင် သွားရော၊ ကျွန်တော်ဆိုတဲ့ကောင်ကလည်း ခက်တယ်ဦးလေးရဲ့။ သူများက ငုံးဥဆိုတိုင်း ကိုယ်ကလိုက်ပြီး ငုံးမဥချင်ဘူး။ သူများကရေခဲရေရောင်းလို့မြတ်တယ်ဆိုတိုင်း လိုက်မရောင်းချင် ဘူး။ ကိုယ့်လိုင်းနဲ့ကိုယ်ပဲ သီးသန့်လေးလုပ်ချင်တယ်”

ကိုမျိုးကြည်က ခေါင်းတဆတ်ဆတ်ညိတ်တယ်။ မျက်လုံးလေးမှေးပြီး သူ့ခေါင်းပြောင်ပြောင်ကို အသာ ပွတ်နေတယ်။ ဒါဟာ ကိုမျိုးကြည်ရဲ့တွေးတောခြင်း သင်္ကေတဆိုတာ အားလုံးကနားလည်ကြတယ်။ ဒါကြောင့် ငြိမ်ငြိမ်သက်သက်နဲ့ သူ့စကားသံကို ငံ့လင့်နေကြတယ်။

“ဒီလိုလုပ် မောင်ကျော်ဌေး၊ မင်းရေခဲဘူးလေး တဘူးဝယ်လိုက်။ ပိုတဲ့ပိုက်ဆံနဲ့ စနိုးတာဝယ်လ် (Snow Towel) တွေဝယ်။ ဒါဆိုရင် မင်းအလုပ်ဖြစ်ပြီ”

“နေပါဦးကိုမျိုးကြည်ရဲ့”

ကျူရှင်ဆရာလေးက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အဲဒီလိုအစချီလိုက်တယ်။

“ရေခဲစိမ်စနိုးတာဝါဆိုတာ စတိုးဆိုင်တိုင်းမှာ ပွလို့ဗျ။ သူများလမ်းရိုးကြီးဆိုတော့ ဖြစ်ပါ့မလား”

ဆိုက်ကားဆရာနဲ့ ကွမ်းယာသည်ကြီးက ခေါင်းတဆတ်ဆတ်ညိတ်၊ တအင်းအင်း တအဲအဲလုပ်ပြီး ကျူရှင်ဆရာလေးစကားကို ထောက်ခံကြတယ်။

“သူများလမ်းစဉ်မလိုက်ရပါဘူး။ ဒီမှာကျော်ဌေး၊ မင်းရဲ့ဈေးကွက်က အဝေးပြေးဂိတ်မှာရှိတယ်။ တို့မြို့ က လမ်းဆုံလမ်းခွမြို့ဆိုတော့ ကားတွေက အဝေးပြေးဂိတ်မှာ ကုန်တင်ကုန်ချ၊ လူတင်လူချလုပ်ရင်း ခဏနားကြတယ်လေကွာ။ အဲဒီမှာ ခရီးဝေးကလိုက်ပါလာကြတဲ့ ခရီးသည်တွေရဲ့မျက်နှာမှာ ဖုန်တွေ၊ သဲတွေ ပေကပ်နေမှာ မလွဲဘူး။ ဒါဆိုရင် မင်းရဲ့အေးမြမွှေးကြိုင်နေတဲ့ စနိုးတာဝါလေးတွေက သူတို့အတွက် အသုံးဝင် သွားပြီလေကွာ။ စနိုးတာဝါတွေ၊ ရေခဲတွေကုန်သွားရင် ထပ်ဝယ်၊ ထပ်ဖြည့်၊ ထပ်ရောင်းပေါ့ ဟုတ်ပလား။ ဖြတ် သန်းသွားလာနေကြတဲ့ ခရီးသည်တိုင်းဟာ မင်းရဲ့လမ်းကြုံဖောက်သည်တွေချည်းပါပဲ”

ကွမ်းယာသည်ကြီးက ကိုမျိုးကြည်ရဲ့အကြံဉာဏ် ကိုလက်ခံတဲ့အနေနဲ့ မိန့်မိန့်ကြီးပြုံးနေတယ်။ ကျူရှင်ဆရာလေးနဲ့ ဆိုက်ကားဆရာလည်း ကျေနပ်သွားကြတယ်။ မောင်ကျော်ဌေးလေးကတော့ အရောင်တ လက်လက်မျက်လုံးတွေနဲ့ ချမယ်ဗျာတဲ့။

( ၂ )
လေတဖြူးဖြူးတိုက်နေတဲ့ ကန်ပေါင်ပေါ်မှာ ကိုမျိုးကြည်တို့တတွေ ထိုင်နေကြတယ်။ ဒီနေရာဟာ ကိုမျိုးကြည်တို့ရဲ့ ထွေရာလေးပါးစကားစမြည်ပြောဆိုဖြစ်တဲ့ နေရာလေးတနေရာဖြစ်ပြီး ဒီနေရာလေးကို သူတို့လိုပဲ ညနေခင်းမှာ စိတ်ပြေလက်ပျောက် ရောက်လာကြ သူတွေ တော်တော်များတယ်။

“ကျွန်တော့်သားက ခုတလောအလုပ်လုပ်ဖို့ ပူဆာနေတယ်ဗျာ။ ဒီကောင်က ကျောင်းတဖက်နဲ့ဆိုတော့ ဘယ်အလုပ်ကို အချိန်ပိုင်းလေး လုပ်ခိုင်းရမယ်မသိဘူးဖြစ်နေတယ်”

ကုန်ထမ်းလုပ်သားကြီး ဦးဖြူချေက ညည်းညည်းညူညူပြောရှာတယ်။

“ဦးဖြူချေသားက ဗလလည်းမတောင့်တော့ ဦးဖြူချေလို ကုန်ထမ်းနိုင်မှမဟုတ်ဘူး။ မဟုတ်ရင် ကျောင်းအားရက် ၀င်ထမ်းလို့ရတာပေါ့”

ဆိုက်ကားဆရာကိုညီပုက ဦးဖြူချေသား မောင်ဆီလူးကို မြင်ယောင်ကြည့်ပြီး သုံးသပ်လိုက်တယ်။ ကျူရှင်ဆရာလေးကတော့ ဘာမှဝင်မစွက်ဘူး။ ကန်ရေပြင်ကို ခဲလေးတွေနဲ့ပေါက်နေတယ်။

ကိုမျိုးကြည်ကတော့ နားကိုစွင့်ထားတယ်။ မျက်လုံးကတော့ ဂယက်ထနေတဲ့ရေပြင်ကို စူးစိုက်ကြည့်နေ တယ်။ သေချာပြီ၊ ကိုမျိုးကြည်ခေါင်းထဲမှာ အတွေးတွေ ပလုံစီနေလောက်ပြီ၊ ဂယက်ထနေလောက်ပြီ။

အမှောင်ရိပ်သန်းလာတော့ ကန်ပေါင်ကနေ ထပြန်ခဲ့ကြတယ်။ အဲဒီ့အချိန်ထိ ကိုမျိုးကြည် ဘာစကားမှ မဟသေးဘူး။ ခရီးတ၀က်လောက်ရောက်တော့မှ-

“နည်းနည်းတော့ ရင်းရမယ်ဦးဖြူချေ။ အလုပ်ချိန်ကတော့ ဆီလူးကျောင်းအားချိန်ဆို ဖြစ်ပါတယ်”

“ဘာအလုပ်လဲ မောင်မျိုးကြည်ရဲ့၊ လုပ်စမ်းပါဦး”

“ဒီလိုပါ၊ ကျွန်တော်တို့ ခုနကထိုင်ခဲ့တဲ့ကန်ပေါင်က လူတော်တော်စည်ကားတယ်။ လေကောင်းလေသန့် ရှူရင်း လမ်းလျှောက်သူလျှောက်၊ ထိုင်သူထိုင်နဲ့ တနေ့တာရဲ့ မွန်းကျပ်မှု တဒင်္ဂထွက်ပေါက်အဖြစ် လာဖြေ ဖျောက်ကြတာလည်း ရှိတယ်။ အဲဒီတော့ ဦးဖြူချေက ဆီလူးကို ရစ်ဘီးနဲ့စွန်တွေဝယ်ပေးလိုက်။ အဲဒါတွေနဲ့ အဲဒီ နေရာမှာ နာရီဝက်ဆို ဘယ်လောက်၊ တနာရီဆို ဘယ်လောက် သတ်မှတ်ပြီး ငှားစားခိုင်းလိုက်ပါ။ လူတွေကို နောက်ထပ်စိတ်ဖြေစရာတခု၊ ထွက်ပေါက်တခု ထပ်ပေးရာလည်းရောက်တာပေါ့ဗျာ။ မကောင်းဘူးလား”

ကျူရှင်ဆရာလေးက ရိုက်ထ် ရိုက်ထ် (Right) လို့ရေရွတ်ပြီး ထောက်ခံနေတယ်။ ဦးဖြူချေက တော်ပါ ပေ့ကွာဆိုပြီး သူဖက်ထားတဲ့ ကိုညီပုပခုံးကို လက်ကြမ်းကြီးနဲ့ အားပါးတရ ဖျစ်ညှစ်လိုက်တယ်။

ကြားထဲက ငထွားခါးမနာဘဲ ဆိုက်ကားဆရာ ပခုံးနာသွားရှာတယ်။

( ၃ )
“လူတွေလည်း တော်တော်ခံနိုင်ရည်ရှိလာကြပုံရတယ်။ ကျန်းမာရေးတွေလည်း ဒေါင်ဒေါင်မြည်နေကြတဲ့ ပုံပါပဲ”
အနှိပ်သည်ကြီး ဖိုးချက်စူက အလိုမကျဟန်နဲ့ပြောတယ်။ အနားမှာ ကိုမျိုးကြည်တို့ကျားထိုးနေတာကို ထိုင်ကြည့်နေတဲ့ ဆံပင်ညှပ်ဆရာကိုပုချိုက-

“သြော် ခင်ဗျားမလည်း ခင်ဗျားအလုပ်ကောင်းဖို့အတွက် လူတွေက ညောင်းညာ၊ ဇက်ကြောတက်၊ လေ ဖြတ်ပေးရမလိုဖြစ်နေပြီ။ ဒီလိုပဲပေါ့ဗျာ၊ ဘယ်အရာမှ အကောင်းလွန်မနေပါဘူး။ကျွန်တော်လည်း ဒီနေ့ဆို တခေါင်းပဲရသေးတယ်။ လက်အံတောင် မသေသေးဘူး”

ဆံပင်ညှပ်ဆရာအသံကြားတော့ ကျားထိုးနေတဲ့ ဆိုင်းဘုတ်ရေးဆရာဘူကြီးက-

“ဦးဖိုးချက်၊ ခင်ဗျား ဒီနေ့ဈေးဦးမပေါက်သေးဘူးမဟုတ်လား။ ဒီတပွဲပြီးရင် ကျွန်တော် အနှိပ်ခံမယ်၊ ခဏစောင့်”

ဘူကြီးစကားကြားတော့ ဖိုးချက်စူ ၀မ်းသာသွားတယ်။

“တကယ်လားကွ၊ မင်းဆိုရင်တော့ လျှော့ပေးမှာပါကွာ”

“ရပါတယ်၊ ခင်ဗျားထုံးစံပဲ ယူပါ။ ဒါပေမဲ့ ခင်ဗျားနှိပ်တတ်ပါ့မလား။ ကျွန်တော်ညောင်းတာက ခန္ဓာကိုယ် မဟုတ်ဘူးဗျ။ စိတ်ညောင်းတာ။ ကျွန်တော့်စိတ် အညောင်းပြေအောင် နှိပ်ပေး နင်းပေး၊ ခင်ဗျားတောင်းသ လောက်ပေးမယ်၊ ဟား ဟား”

“၀က်မသား၊ မျောက်မျက်နှာနဲ့ကောင်”

ဘူကြီးရဲ့ နောက်တောက်တောက်စကားကို ဖိုးချက်စူက အတိုင်းအထွာလေးနဲ့ တုံ့ပြန်လိုက်တယ်။ ကျား ထိုးပွဲပြီးသွားတော့ ကိုမျိုးကြည်ထပြီး ခါးဆန့်တယ်။ ပြီးတော့-

“ကိုဖိုးချက်၊ ခင်ဗျားအလုပ်နဲ့လက်နဲ့ မပြတ်လုပ်ချင်နေတယ်ပေါ့ ဟုတ်လား”

“ဒါပေါ့ ကိုမျိုးကြည်ရာ။ ကျွန်တော့်ကို မှီခိုနေတဲ့ ပါးစပ်ပေါက်တွေအကြောင်းလည်း ခင်ဗျားသိသားနဲ့”

“မပူပါနဲ့ဗျာ။ ခင်ဗျားကို ကျော်ဌေးလမ်းကြောင်းအတိုင်း အကြံပေးမှာပါ။း ခင်ဗျားအဝေးပြေးဂိတ်ရဲ့ သစ် ပင်ရိပ်ကောင်းကောင်းမှာ အနှိပ်ပါရဂူဖိုးချက်စူဆိုပြီး ဆိုင်းဘုတ်အမြန်ဆုံးသွားထောင်တော့ဗျာ။ အဝေးပြေးဂိတ် ဟာ ခင်ဗျားတို့မိသားစုရဲ့ ထမင်းအိုးပဲ”

ဖိုးချက်စူက သဘောမပေါက်သလို နဝေတိမ်တောင်လုပ်နေတယ်။ ကိုပုချိုက-

“ခင်ဗျားကလည်း အပါ့ဗျာ။ ကိုမျိုးကြည်ပြောသလိုလုပ်ဗျ။ အဝေးပြေးဂိတ်မှာ ခရီးတထောက်ခဏနားတဲ့ ခရီးသည်တွေ တလမ်းလုံး ကျဉ်းကျဉ်းကျပ်ကျပ်ထိုင်ပြီး လိုက်လာရလို့ အမှန်မုချ ညောင်းညာကိုက်ခဲနေမှာဗျ။ ဒါဆို ခင်ဗျားအတွက် အိုကေပြီပေါ့”

ဖိုးချက်စူမျက်နှာ ၀င်းခနဲဖြစ်သွားတယ်။

“ဟုတ်ပြီ၊ ဆိုင်းဘုတ်ထောင်မယ်။ ဘူကြီး၊ မင်း ငါ့ကို သင်္ဘောဆေးလေးနဲ့ ရေးပေးစမ်းပါကွာ။ ဘာတဲ့ အနှိပ်ပါရဂူ ဖိုးချက်စူဆိုတာလေးကိုနော် ဘူကြီး”

“အလကားမရဘူးလေ ဦးဖိုးချက်၊ အယူရှိရင် အပေးရှိရမယ်”

“အေးပါ အေးပါ၊ ငါမင်းကို ခေါင်းကနေခြေဖျားအထိ ကောင်းကောင်းအကြောဖြေပေးပါ့မယ်”

“လည်မျိုကို မနင်းပေးရင်ပြီးတာပါပဲ။ ဟီး ဟီး”

ဘူကြီးရဲ့ မချိုမချဉ်မျက်နှာကိုကြည့်ပြီး ကိုမျိုးကြည် ပြုံးနေမိတယ်။

(၄)
အာကာပျံဝဲမြို့လေးဟာ လောကဓံရှစ်ပါးနဲ့ နိစ္စဓူဝ ထိတွေ့ဆက်ဆံနေဖြစ်တယ်။ ဘ၀တွေကတော့ ဆီပိတ်နေတဲ့ကားတစီးလို၊ စက်ချို့ယွင်းနေတဲ့ ကားတစီးလိုပါပဲ။ တုံ့နှေးနှေးဖြစ်တဲ့အခါဖြစ်၊ ဖုန်းဒိုင်း ဖုန်းဒိုင်းနဲ့ မြည်သံစွဲအလင်္ကာတွေ ထုတ်လွှင့်လိုထုတ်လွှင့်၊ တခါတခါလည်း တုံဏှိဘာဝေထိုးရပ်တဲ့အခါရပ်။

ဒါပေမဲ့ ဆီပျောက် မီးပျောက်ကြည့်တတ်သူနဲ့ ကြုံတော့လည်း အခိုက်အတန့်ခရီးဆက်လို့ ရသွားပြန် တယ်။

ဒီမြို့လေးမှာ အဲဒီလိုစက်ပြင်ဆရာတယောက်ရှိနေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ သူ့ရဲ့ပြု ပြင်မှုနဲ့ လမ်းကြောင်းဖြောင့်သွားသူတွေ၊ အသက်ရှူချောင်သွားသူတွေ ရှိကြတယ်။

အဲဒီအတွက် ပီတိကလွဲပြီး ဘာအကျိုးအမြတ်ကိုမှ သူမယူခဲ့ဘူး။ လူတယောက်ကိုကူညီပြီးရင် လက် ဖက်ရည်တခွက်ဖြစ်ဖြစ်သောက်မယ်၊ ဒါမှမဟုတ် ကျေးဇူးစကားတွေကို ထမ်းပိုးပြီး အိမ်ပြန်လာမယ်၊ ဒီ လောက်ပါပဲ။

ဒါကြောင့်လည်း အိမ်သူသက်ထားရဲ့  ငြိုငြင်မှုကို အမြဲခံရရှာတယ်။

“အကြံအိုး ဉာဏ်အိုးကြီးရေ၊ ဆန်အိုးထဲမှာ ဆန်ကုန်တော့မယ်။ အားအားရှိ သူများအရေးတွေကိုပဲ ဖြေရှင်းပေးမနေနဲ့၊ ကိုယ့်ဝမ်းရေးလည်း ကိုယ်လုပ်ပါဦး”

လုပ်ငန်းခွင်မှာ အန္တရာယ်ကြုံပြီး ခါးရိုးအက်သွားလို့ ဆေးပင်စင်နဲ့ နားနေရပြီဖြစ်နေတဲ့ ကိုမျိုးကြည်ကို မိန်းမက သိပ်ကြည့်လို့ရပုံမပေါ်ပါဘူး။ လုပ်ငန်းခွင်မှာ ၀င်ငွေကောင်းစဉ်တုန်းကတော့ ကိုကိုမျိုး၊ ကိုကိုမျိုး၊ အခု ကတော့….။

ဘာပဲဖြစ်ဖြစ် ကိုမျိုးကြည်နားလည်ပါတယ်လေ။ သူနဲ့ဒီမိန်းမက လူကြီးတွေစီမံလို့သာ ကြုံဆုံကြရတာ။ သူ့အပေါ်လည်း သိပ်ပြီး မနွေးထွေးလှပါဘူး။ အိမ်ထောင်သက်သာ သုံးနှစ်ပြည့်တော့မယ်၊ ကလေးယူကြရ အောင်ဆိုတော့လည်း ဟင့်အင်း နောက်မှဆိုတဲ့စကားနဲ့ပဲ စိတ်ကူးတွေ ပြိုပျက်ခဲ့ရတယ်။

အလုပ်နဲ့အကိုင်နဲ့ ပေးနိုင်ကမ်းနိုင် မနိုင်စနိုင်တုန်းကတော့ မိန်းမရဲ့အသိုင်းအ၀ိုင်းကလည်း မျိုးကြည်မှ မျိုးကြည်။ ခုကတော့ အသံသာရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက်လိုလူဆိုတဲ့ စကားသံမျိုး ကြားနေရပြီ။ ဒီ အတိုင်းနေလို့ မဖြစ်တော့ဘူး။ တခုခုလုပ်မှဖြစ်မယ်ဆိုတာ ကိုမျိုးကြည် အလိုလိုနားလည်လာတယ်။

( ၅ )
တဖျတ်ဖျတ်တလက်လက် လင်းပွင့်နေတဲ့ မီးရောင်စုံတွေကို ကိုမျိုးကြည် တွေတွေကြီးကြည့်နေတယ်။ သူ့ဘေးနားဝန်းကျင်က စကားတွေကိုလည်း သူအာရုံမပြုမိဘူး။

အဲဒီအခိုက် သူ့အနားကို အရိပ်နှိစ်ခုရောက်လာတယ်။ သူမော့ကြည့်လိုက်တော့ ကျူရှင်ဆရာလေး ကိုလှိုင်ဘွားနဲ့ ဘဏ်စာရေးမလေး စုစုရီ။ ဒီတော့မှ သူလက်ရှိရောက်နေတဲ့ နေရာကို သတိပြန်ပြုမိတယ်။ သူတို့ နှစ်ယောက်ရဲ့ လက်ထပ်မင်္ဂလာပွဲ။

“အစ်ကိုကြီး ကိုမျိုးကြည်၊ ကျွန်တော်တို့နှစ်ယောက်အတွက် မင်္ဂလာသြ၀ါဒစကားလေး ပြောကြားပေး ပါဦးဗျာ။ ကျွန်တော်တို့ လေးလေးစားစား တောင်းဆိုပါတယ်”

ကိုမျိုးကြည် အားယူပြုံးပြီး ချောင်းတချက်ဟန့်လိုက်တယ်။

“ငါ့ညီနဲ့ငါ့ညီမတို့ မိသားစုနှစ်ခုထဲက ခွဲထွက်လိုက်ပြီး ဘ၀တခုကို တည်ဆောက်ခဲ့ကြပြီ။ ဒီနေ့ ဒီအချိန်မှာ ထူထောင်ခဲ့တဲ့ ငါ့ညီတို့ရဲ့ဘ၀လေး ဘယ်သူဖျက်ဖျက်မပျက်ဘဲ ခိုင်မာစွာရပ်တည်နိုင်ပါစေ။ အပြင်လူတွေရဲ့ အဖျက်ကိုလည်းမခံနဲ့၊ ကိုယ်ကိုယ်တိုင်လည်း မဖျက်မိကြပါစေနဲ့”

လှိုက်လှိုက်လှဲလှဲနဲ့ပြောတဲ့ ကိုမျိုးကြည်ရဲ့စကားသံတွေက တုန်ခါနေတယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေဆိုတဲ့ ကျူရှင်ဆရာလေးတို့ စကားသံကလည်း ကြည်နူးစွာနဲ့ တုန်ခါနေပြန်တယ်။

“ဘာလို့ တယောက်တည်းလာတာလဲ ကိုမျိုးကြည်ရဲ့။ အမျိုးသမီးကို ခေါ်လာရောပေါ့”

သတို့သား သတို့သမီးရယ်၊ ကိုမျိုးကြည်ရယ်၊ ဆံသဆရာကိုဖိုးချိုရယ် ဓာတ်ပုံတပုံတွဲရိုက်အပြီးမှာ သတို့သားလေးက မေးလိုက်တယ်။

“သူနေမကောင်းလို့ပါ”

ကိုမျိုးကြည် တိုးတိုးဖွဖွလေး ပြန်ဖြေတယ်။ အပြန်လမ်းမှာ ကိုမျိုးကြည်ရယ်၊ ဆံသဆရာရယ် နှစ်ဦးသား တိတ်ဆိတ်လို့။ ငြိမ်သက်စွာလှမ်းလျှောက်နေတဲ့ ကိုမျိုးကြည်ရဲ့အာရုံကို ကိုပုချိုက အားနာနာနဲ့ အနှောင့်အယှက် မပေးဘူး။

ဆံသဆရာရဲ့ အိမ်နားကိုရောက်တော့

“ကိုမျိုးကြည်၊ ခင်ဗျားအမျိုးသမီး နေမကောင်းဘူးဆို၊ ကျွန်တော့်အိမ်မှာ ဆေးအစုံရှိတယ်။ တခါတည်း လိုက်ယူသွားပါလား”

ကိုမျိုးကြည် ခြေလှမ်းတုံ့သွားတယ်။ နောက် ဟင့်အင်းဆိုပြီး ခေါင်းခါတယ်။

“ယူသွားပါ ကိုမျိုးကြည်ရဲ့။ အချင်းချင်း အားနာမနေပါနဲ့”

“အားနာလို့မဟုတ်ပါဘူး။ ဟိုဗျာ ကျွန်တော်သူ့ကို ဆေးတိုက်ပိုင်ခွင့် မရှိတော့ပါဘူး”

“ဘယ်လို”

သူ့စကားကို ကိုပုချို နားမလည်ဘူး။

ကိုမျိုးကြည်က ဘာမှဆက်မပြောတော့ဘဲ တုတ်ကောက်လေးကိုအားပြုပြီး ထော့နဲ့ထော့နဲ့နဲ့ ဆက်လျှောက်သွားတယ်။ ကိုပုချိုမှာတော့ တွက်မရတဲ့ပုစ္ဆာတွေကို အိမ်စာပေးခံရတဲ့ ကျောင်းသားတယောက် လို ခေါင်းရှုပ်ပြီးကျန်ခဲ့ရှာတယ်။

သီတင်းနှစ်ပတ်လွန်သွားပြီးတဲ့နောက်မှာ ကျူရှင်ဆရာလေးတို့ ဇနီးမောင်နှံ၊ ကိုညီပု၊ ဦးဖြူချေ၊ ဖိုးချက်စူ၊ မောင်ကျော်ဌေး၊ ဆီလူးနဲ့ တချို့ တချို့သော အာကာပျံဝဲမြို့သားတွေဟာ မနက်ခင်းသတင်းစာထဲက ကွာရှင်းပြတ်စဲခြင်းဆိုတဲ့ သတင်းလေးကိုဖတ်ပြီး နားမလည်နိုင် ဖြစ်ကြရတယ်။

သိပ်မကြာခင်မှာပဲ ကိုမျိုးကြည်ရဲ့ဇနီးဟောင်း အိမ်ထောင်သစ်ထူထောင်လိုက်တဲ့သတင်းကို ထပ်ကြားရ ပြန်တယ်။ ဒီသတင်းကိုတော့ ကိုမျိုးကြည်ကိုယ်တိုင်ပဲ ယူဆောင်လာတာပါ။ ဖြစ်မှဖြစ်ရလေ ကိုမျိုးကြည်ရယ်လို့ တချို့ကဆိုကြတော့ ကိုမျိုးကြည် မပွင့်တပွင့်ပြုံးတယ်။ ဘာမှတော့ ပြန်မပြောဘူး။

ဒါပေမဲ့ ဒီကွာရှင်းပြတ်စဲခြင်းနဲ့ အိမ်ထောင်သစ်ထူထောင်ခြင်းဆိုတာတွေ ဖြစ်စေဖို့အတွက် ကိုမျိုးကြည် ကိုယ်တိုင် သူ့မိန်းမကို အကြံဉာဏ်ပေးခဲ့တယ်လို့ လူတချို့ ကတိုးတိုးတိတ်တိတ်ပြောဆိုနေကြလေရဲ့။

ဆောင်းဖြူ

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၃)၊ မတ်လ ၂၀၁၆ ခုနှစ်ထုတ်တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်