မောင်လူရေး ● ရွှေခြင်္သေ့ ကလေးစံဌာနေ

May 20, 2016

မောင်လူရေး ● ရွှေခြင်္သေ့ ကလေးစံဌာနေ

(မိုးမခ) မေ ၂၀၊ ၂၀၁၆

ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့ Shwechinthae Social Service Group (SSSG) သည် ၂ဝဝဝ ခုနှစ်မှ စတင်၍ စာကြည့်တိုက်နှင့် ပညာဒါနသင်တန်းများ ဖွင့်လှစ်ခြင်း၊ HIV/AIDS ပညာပေးနှင့် ကုသစောင့်ရှောက် ပြုစုထောက်ပံ့ရေးများ လုပ်ဆောင်ခြင်း၊ HIV ပိုး၊ B ပိုး၊ C ပိုးများ စစ်ဆေးပြီး သန့်စင်သွေးအလှူရှင်များ စုဆောင်းလှူဒါန်းပေးခြင်းတို့ကို လုပ်ဆောင်နေရာက ရွှေခြင်္သေ့ ကလေးစံဌာနေဖွင့်ဖို့ အကြောင်းဖန်လာခဲ့သည်။

ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်က အစိုးရမူလတန်းကျောင်း၊ မိဘမဲ့ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအနီးတွင် ကျူးကျော်အဖြစ်နှင့် မြို့တွင်းမှ မောင်းထုတ်ခံခဲ့ရသော ကွက်သစ်တကွက်ရှိပြီး ယင်းကွက်သစ်တွင် ပလတ်စတကောက်သည့် လုပ်ငန်း၊ တောင်းစားသည့် လုပ်ငန်း၊ အလှူခံလိုက်သည့် လုပ်ငန်းများနှင့် အသက်မွေးကြသူအချို့လည်း နေထိုင်ကြပါသည်။

တနေ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော်နှင့်တွေ့စဉ် ‘အရှင်ဘုရား ကျောင်းဖွင့်လိုက် တော့ ရွှေ့ပြောင်းရပ်ကွက်က ပလတ်စတကောက်တဲ့ ကလေးတွေ ပညာသင်ခွင့် ရသွားမှာပေါ့နော်’ ဟု စကားစလိုက်ရာ သူတို့ မလာကြဘူးဟု ပြန်ဖြေသည်။ ဘာကြောင့်လဲဆိုသောအခါ သူတို့မှာ စာအုပ်ဖိုး မတတ်နိုင်ဘူးဟု မိန့်ပါသည်။ စာအုပ်ဖိုး ပေးရင်ရောဟု ထပ်မံလျှောက်သောအခါ လာမှာမဟုတ်ဘူး၊ သူတို့မှာ အဝတ်အစားဖိုး မရှိဘူးဟု ဖြေပြန်သည်။ အဝတ်အစားဖိုးပေးမယ်ဆိုရင်ရောဟု ဆိုသောအခါ သူတို့မှာ စားဖို့ ရှာနေရသေးသည်ဟု ဖြေပြန်၏။ နောက်ဆုံး ယင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရင်တောင် လက်ခံ သင်ကြားပေးရန် မဖြစ်နိုင်ဟု ဆိုသည်။ အကြောင်းက ကျောင်းဟူသည် အသက်အရွယ်နှင့် အတန်း ညီမျှရ၏၊ သူတို့အများစုက အသက် ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆ တွေ။ တချို့ စာမဖတ်တတ်ကြသေး။ ထို့ပြင် အချို့ ကလေးများမှာ ရိုင်းသည်၊ ကြမ်းသည်၊ အကျင့်ပျက်နေကြပြီ။ အရက်၊ ဆေးလိပ်သောက်တတ်ပြီး ကွမ်းစား တတ်နေကြပြီ။ ဖဲရိုက်တတ်သည်။ စာလည်း ဟုတ်တိပတ်တိ သင်မည်မဟုတ်၊ ကျောင်းမှာရှိသည့် ကလေး တွေနှင့် အဆင်မပြေနိုင်ပါဟု မိန့်ပါသည်။

ဤသို့ သိရချိန်ကစပြီး အစိုးရကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မိဘမဲ့ကျောင်း မည်သည့် ကျောင်းမှ ပညာသင်ခွင့်မရသည့် ကလေးတွေအကြောင်း စဉ်းစားဖြစ်ကြ၊ ပြောဖြစ်ကြသည်။ ယင်းကလေး အများစုသည် လမ်းပေါ်မှာ ကျက်စားကြသည်။ သေသေချာချာ လေ့လာကြည့်သောအခါ လမ်းပေါ်တွင် ယင်းကွက်သစ်မှ ကလေးများသာမက အနယ်နယ် အရပ်ရပ်မှ၊ အထူးသဖြင့် ရထားဖြင့် ပါလာကြသည့် မိဘမဲ့ ကလေးများ၊ မိဘက အလွန်အကျွံ ရိုက်နှက်သဖြင့် အိမ်မှထွက်ပြေးလာသော ကလေးများ၊ ကျောင်းလည်း မနေ၊ အသက်မွေးဝမ်းကျောင်း ပညာလည်း မသင်၊ အိမ်မှာ ကလေးထိန်း၊ ရေခပ်စသည်ဖြင့် တောက်တိုမယ်ရ လုပ်ရင်း လမ်းပေါ်ရောက်လာသော ကလေးများ၊ ကျောင်းတဝက်တပျက်နှင့် လမ်းပေါ်တက်လာသော ကလေးများ၊ မိဘလည်းရှိ၊ အိမ်မှာပင် နေသော်လည်း အိမ်၏ စီးပွားရေးလုပ်ငန်းသည်ပင် ပလတ်စတ ကောက်သည့်အလုပ်ဖြစ်သည့်အတွက် လမ်းပေါ်ရောက်နေသည့် ကလေးများစသည်ဖြင့် အမျိုးအစား စုံလင် လှသည်။

ထူးခြားချက်မှာ ပလတ်စတကောက်သည့် ကလေးများကိုသာ မြင်ရလေ့ရှိပြီး လူကြီးများကို တယောက်၊ နှစ်ယောက်သာ မြင်ရချင်းပင်။ အရင့်အရင် ကာလများကလည်း လူကြီး ပလတ်စတကောက် သူများကို သိပ်မတွေ့ဖူးတာကို သတိထားမိကြသည်။ သူတို့သည် ကျောင်းပညာရော၊ အခြားအသက်မွေး ဝမ်းကျောင်းရော မသင်ရဘဲနှင့် ပလတ်စတ မကောက်ကြတော့သည်မှာ ဘယ်ရောက်သွားလို့ပါလိမ့်ဟု လေ့လာကြည့်သည့်အခါ သူတို့၏အထက်တွင် အဆင့်ဆင့် အုပ်စီးထားသူများရှိနေပြီး ထိုသူများ၏ သင်ပြ ခိုင်းစေမှုများနှင့် သူခိုးလေးမှ တဖြည်းဖြည်း သူခိုးကြီးဖြစ်ကာ ဒုစရိုက်နယ်သို့ ကူးပြောင်း ရောက်ရှိသွားကြ သည်ကို လေ့လာတွေ့ရှိရပြန်သည်။

သူတို့နှင့် ထိတွေ့ဆက်ဆံမှုရှိလာမှ သိလာရသည်များမှာ မိမိတို့ ငယ်ရွယ်စဉ် ကြီးပြင်းရှင်သန်ပုံမျိုးနှင့် လုံးဝ တခြားစီဖြစ်နေသည်ကို သိရှိရပေသည်။ ကလေးအများစုသည် အချုပ်ခန်းသို့ သုံးလေးကြိမ် ရောက်ဖူး နေကြပေပြီ။ သူတို့ကို လူ့အဖွဲ့အစည်းမှ လက်ခံသူ သိပ်မရှိပေ။ လမ်းပေါ်မှာ ကိုယ့်ဘာသာ အသက်မွေး နေရသည့် သနားစရာ ကလေးလေးတွေဟု မြင်သူ နည်းပါးပြီး ဂျပိုးသူခိုးများ၊ ခိုးမည့်သူများဟုသာ အများစုက သတ်မှတ်ကြကာ ကိုယ့်အိမ်ရှေ့၊ ဆိုင်ရှေ့ ရောက်လာလျှင်ပင် မောင်းထုတ်ကြ၊ သံသယဖြင့် စောင့်ကြည့်လေ့ ရှိကြသည်။ ခွေးကပင် လက်မခံ၊ သူတို့မို့ မြင်လျှင် မဟောင်သော ခွေးပင် မရှိပေ။ အချင်းချင်းလည်း နိုင်ရာစား ဖြစ်နေကြရာ လက်နက်တစုံတရာ အမြဲ ဆောင်ထားပြန်လေသည်။

သူတို့ စိတ်နေစိတ်ထားများသည် အလိုအလျောက်ပင် ကြမ်းတမ်းခက်ထန်ကာ အမြဲရန်လိုနေပြီး လမ်းဘေးသောက်ရေအိုးစင်လိုက်ခွဲတာမျိုး၊ ခွေးတွေ လိုက်ရိုက်သတ်တာမျိုး၊ အုပ်စုနှင့် အသက်ကြီးသူတွေကို၊ အရက်သမားတွေကို လိုက်ရန်စတာမျိုးစသဖြင့် ဖျက်လိုဖျက်ဆီးလည်း လုပ်လေ့ရှိနေကြသည်။ သူတို့ လူနေမှု သည် သွေးထွက်သံယိုမှုများနှင့် အမြဲဆက်စပ်နေရာ တစုံတရာကို မကျေနပ်ရင်တောင် ကိုယ့်ကိုယ် ကိုယ် ဓား၊ ပုလင်းကွဲ၊ ဆူးများနှင့်ခြစ်သည့် အကျင့်မျိုးတွေ ရှိနေကြသည်။ သွေးသည် နေ့စဉ်ဘဝလိုအပ်ချက်လို ဖြစ်နေသည့် ကလေးများကိုပင် တွေ့ရသည်။ နာကျင်မှုနှင့် သူတို့ဘဝ အဆက်အစပ်ရှိနေကြရာ ဒီအတိုင်း ဆက်သွားလျှင် လားရာသည် ဘယ်လိုမှ၊ ဘယ်သူ့အတွက်မှ ကောင်းတော့မည် မဟုတ်ချေ။

သူတို့အတွက် ခိုနားစရာ နေရာပေး၊ အသိအမှတ်ပြု၊ ကြင်နာသည့် ဆက်ဆံမှုများ ပေး၊ စားစရာ ကျွေး၊ စာနှင့် ယဉ်ကျေးမှုတွေ သင်ပေးလိုက်ရင်ဖြင့်၊ ပန်းချီ၊ ဂီတ၊ အားကစားတွေနှင့် သူတို့စိတ်တွေကို ကုစားခွင့် ရရင်ဖြင့် တဖြည်းဖြည်း ဒုစရိုက်လောကနဲ့ အဆက်ဖြတ်နိုင်ကောင်းမည်။ အနည်းဆုံး လူ့အဖွဲ့အစည်းအပေါ် နာကြည်းမှု လျော့သွားမည်၊ စိတ်နေစိတ်ထားများ နူးညံ့ ပျော့ပြောင်းလာမည်ဟု ယူဆကာ ကျောင်းဖွင့်ဖို့ ကြိုးစားကြမည်ဟု အဖွဲ့ဝင်များ တိုင်ပင် ဆုံးဖြတ်ကြပါသည်။

ထိုသို့ ဆုံးဖြတ်ပြီး ကလေးသူငယ်များနှင့် ပတ်သက်၍ လေ့လာဆွေးနွေးမှုများ လုပ်နေကြစဉ် unicef မှ Child Protection ဌာနနှင့် အဆက်အသွယ်ရရှိပြီး Child Protection and Convention on the Right of the Child (CPCRC) သင်တန်း လာပေးသည်။ ထိုသင်တန်း တက်လိုက်ရသဖြင့် သန်းခေါင်စာရင်းမဲ့ ကလေးငယ် များ အရေးသည် ပို၍လေးနက်သွားပြီး မိမိတို့ စေတနာ့ဝန်ထမ်းများ ပိုမိုစိတ်အားတက်ကြွ သွားပါတော့သည်။ အထူးသဖြင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကိုလည်း အတော်အသင့် ရိပ်မိ သိရှိသွားကြသည်။ ထို့နောက် မန္တလေးသို့သွားပြီး World Vision နှင့် ယူနီဆက်တို့၏ လမ်းပေါ်က ကလေးဂေဟာများကို လေ့လာ ကြပြီးနောက် စေတနာ့ ဝန်ထမ်း၁၅ ဦးသည် အတွေ့အကြုံကြွယ်ဝသော World Vision (မန္တလေး) သို့ ကျောင်း ဖွင့်နိုင်ရန် သင်တန်းသွားတက်ကြပြီး လမ်းပေါ်က ကလေးများကို နေ့စဉ် လိုက်လံစည်းရုံးကာ ၇၊ ၈၊ ၂ဝဝ၉ နေ့တွင် ရွှေခြင်္သေ့ကလေးစံဌာနေ Shwechinthae Child Development Center (scdc) ကို စဖွင့်ခဲ့ ကြပါသည်။

ကျောင်းဖွင့်ဖွင့်ချင်း ရင်ဆိုင်ရသည့် ပြဿနာမှာ အချင်းချင်း ရန်အလွန်ဖြစ်ခြင်းပင်။ မထိမိလိုက်နှင့် ထိုးပြီးသား ဖြစ်နေသည်။ လက်လှမ်းမီရာ တခုခုနှင့် ကောက်ရိုက်ပြီး ဖြစ်နေသည်။ ယင်းတို့ ကောက်လာသော အိတ်များကို ကိုယ့်နာမည်နှင့်ကိုယ် သိမ်းဆည်းထားပေးသော်လည်း လစ်ရင် လစ်သလို ခိုးယူနိုင်ကြသည်။ အပြင်က ကြီးသူ၊ အနိုင်ကျင့်နေသူများ ရောက်လာပြီး ကျောင်းတက်နေသော ကလေးတဦးဦးအား လိုချင် သည့် အိတ်ကို လက်ညှိုးထိုး ယူခိုင်းသည်များလည်း ဒုနဲ့ဒေး။ ယူမပေးလျှင် ကျောင်းဆင်းသည့်အခါ အပြင်မှာ ထိုးကြိတ်သည်။ ကျောင်းဖွင့်ရက်တိုင်း လက်နက်သိမ်းရသည်ပင် တနှစ်နီးနီး ကြာမြင့်သည်။ ဒီနေ့ တမျိုး သိမ်းလျှင် နောက်တရက် တမျိုးပါလာသည်။ တခါတလေ နှစ်မျိုးပါလာသည်။ လက်နက်ကလည်း အမျိုး စုံလင်လှသည်။

စစချင်း ကျောင်းက ၃ ရက်သာ ဖွင့်နိုင်သဖြင့် ကလေးများသည် လမ်းပေါ်နှင့် ၄ ရက် ထိတွေ့ နေရ သည်။ ဖွင့်သည့် ၃ ရက်တွင်လည်း ဟိုဟိုဒီဒီ ရောက်နေ၍သော်လည်းကောင်း၊ ပွဲလမ်းသဘင် ရှိနေ၍သော် လည်းကောင်း၊ သွားချင်ရာ သွားနေကြသည့်အတွက် ၃ ရက်စလုံး မမှန်ကြပေ။ ထို့ပြင် နေ့လယ်စာ တနပ်သာ ကျွေးနိုင်သည့်အတွက် မနက်စာအတွက် မနက်ပိုင်း ပလတ်စတ ကောက်သူကောက်၊ တောင်းသူတောင်း၍ မနက်စာပြဿနာ ဖြေရှင်းပြီးမှသာ လာနိုင်သည့်အတွက် ၁ဝး၃ဝ နာရီမှ ကျောင်းကို စတင်နိုင်ပြီး ညနေစာ အတွက် ညနေပိုင်း ကောက်ချိန်၊ တောင်းချိန်ရရန် ၃ နာရီတွင် ကျောင်းဆင်းပေးရသည်။ ကျောင်းရောက် လာသည့်အခါ ရေမိုးချိုး အဝတ်အစားလဲ၍ သူတို့ဝတ်လာသည့် အဝတ်များ လျှော်ဖွပ်ပြီးချိန်တွင် ကျောခင်း လိုက်လျှင်ပင် အိပ်ပျော်သွားတတ်ကြရာ စားချိန်မှ နှိုးကျွေးရသည့် ကလေးများလည်း ရှိပေသည်။ သို့မဟုတ် လျှင်လည်း နေ့လယ် ၁ နာရီ ကျောင်းပြန်တက်ချိန်တွင် အချို့မှာ အိပ်ပျော်နေတတ်ကြသည်။ နွေရာသီ၏ အချို့ရက်များတွင် တနေကုန် နေပူထဲသွား၊ တညလုံးနီးပါး ခြင်ကိုက်ခံနေရသဖြင့် နေ့ခင်းပိုင်း စာသင်ချိန် တွင် အားလုံးနီးပါး အိပ်နေကြရာ စာသင်ချိန်အစား အိပ်ချိန်ပင် ပြောင်းလိုက်ရသည်လည်း ရှိပါသည်။

ထိုအခြေအနေသည် ကလေးနှင့် ထိတွေ့ထိန်းသိမ်းကိုင်တွယ်ချိန် အင်မတန်နည်းပါးပြီး နဂို အမူ အကျင့်များက အားသာခွင့်ရနေသလို ဖြစ်နေသည်။ တဖက်က ကြည့်လျှင်တော့ သူတို့ရှိရာဆီ လိုက်သွားချိန် များများရပြီး  ခိုးမှုဖြင့် အချုပ်ခန်း ရောက်နေတာမျိုး၊ ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံ၊ ဆေးခန်း ပို့ဆောင်ကုသ ပေးရတာမျိုး၊ အချင်းချင်း အနိုင်ကျင့်ခံရတာမျိုး၊ အချင်းချင်းသော်လည်းကောင်း၊ အရပ်သားများနှင့်သော် လည်းကောင်း၊ ရန်ဖြစ်ကြတာမျိုးစသည့် အပြင်မှာဖြစ်နေသော ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်သဖြင့် ယုံကြည်အားထားမှုများ တိုးပွားလာသည်။

တရက်တိုးပြီး ၄ ရက် ဖွင့်လိုက်သောအခါ ကိုင်တွယ်ရ ပိုမိုအဆင်ပြေလာသည့်အပြင် လမ်းပေါ်တွင် ကျန် ၃ ရက်အပြည့် မနေဖြစ်ကြတော့ဘဲ ကျောင်းမှာပင် နေခွင့်ပြုဖို့ တောင်းဆိုလာကြသည်။ ယခင်က ပတ္တရောင်လှည့်သည့်ရဲများ လိုက်လံဖမ်းဆီးခံရသည့်အခါ ညအိပ်ခွင့်ပြုဖို့ တောင်းဆိုခြင်းကြောင့်တကြောင်း၊ ဆောင်းတွင်း နွေးနွေးထွေးထွေး အိပ်ကြရန်အတွက်တကြောင်း ညအိပ် လက်ခံထားပြီးဖြစ်ရာ ကျောင်းအိပ် ကျောင်းစားအနေနှင့်ပါ တိုးမြှင့် လက်ခံဖြစ်သွားပြီး ထမင်းသုံးနပ် ကျွေးရတော့သည်။ အစပိုင်းတွင် မည်သည့် ကလေးမှ အသားကြမ်းခင်းပေါ် မအိပ်တတ်ကြချေ။ ကျောင်းမှာ လက်ခံထားသော်လည်း ကျောင်းထဲတွင် မအိပ်ကြဘဲ ဘုရားဝင်းထဲမှ သမံတလင်းပေါ်မှာသာ သွားအိပ်ကြသည်။ နေ့ပိုင်းတွင် အလွန်ပူကျက်နေသော သမံတလင်းပြင်များသည် ညပိုင်းတွင်လည်း ပူနွေးနေဆဲပင် ဖြစ်သည်။ သမံတလင်း၊ ပလက်ဖောင်း၊ ကတ္တရာ လမ်းတို့နှင့် တသားတည်း ဖြစ်နေခဲ့ကြခြင်းကြောင့် ဖြစ်ပေမည်။

ကျောင်းမှာနေခြင်းဖြင့် သူတို့အတွက် အခြားဘဝတခု ရှိသေးသည်ကို သဘောပေါက်လာပြီး ကိုရင် ဝတ်ဖို့ တောင်းဆိုလာကြသည်။ သူတို့က ကိုရင်ဝတ်ခွင့်မရှိဟု ထင်ထားကြသည်။ ကိုရင်ဝတ်သဖြင့် သူတို့၏ အသွင်အပြင်၊ အနေအထိုင်၊ အပြောအဆို ပြောင်းလဲလာသည့်အလျောက် ရပ်ရွာ၏ အသိအမှတ်ပြု ဆက်ဆံမှု ရရှိပြီး ထိုသို့ဆက်ဆံမှု ရလာခြင်းကြောင့်ပင် ပိုမိုကောင်းမွန်သော အခြေအနေမျိုးသို့ ဆင့်ကဲရောက်ရှိလာရာ အမူအကျင့်ပြောင်းလဲတိုးတက်လာသည့်အပြင် စာသင်ချင်စိတ် အားကောင်းလာသဖြင့် ကိုရင်ဝတ်ပေးခြင်း သည် ပုံမှန်လူ့အဖွဲ့အစည်းအတွင်း ဝင်ပေါက်တခုအနေနှင့်ပါ တွေ့သိလိုက်ရသည်။ ဥပမာ ကိုရင် မဝတ်ခင် တုန်းက ပလတ်စတဘူးခွံကောက်သွားလျှင် အိမ်ပေါက်ဝလောက်သာ ကပ်ခွင့်ရသည်။ ကိုရင်ဖြစ်တော့ အိမ်ထဲ ဝင်ခွင့်ရသည်။ နဂိုက မလိုလားသော မျက်လုံးနှင့် အကြည့်ခံရသည်။ ကိုရင်ဖြစ်တော့ လိုလိုလားလား ဖိတ်ခေါ်ခံရသည့်အပြင် စားကြွင်းစားကျန် ပေးခံရသည့်အဆင့်မှ စားဦးစားဖျား လောင်းခံရသည်။ ယင်းအခြေ အနေများနှင့် ကိုက်ညီအောင် သူတို့၏ အနေအထိုင်၊ အပြောအဆိုကို သူတို့ဘာသာ ပြောင်းလဲ ကျင့်သုံး လာကြသည်။ နောက် ကိုရင်ထွက်ကြသည့်အခါတွင်လည်း အရပ်ထဲမှ လူများနှင့် ဆက်ဆံရေးကောင်း ရရှိ သွားကြသည်။

ကလေးတွေက လူကြီးသူမများ၏ ရင်အုပ်မကွာ ထိန်းသိမ်းစောင့်ရှောက် ပဲ့ပြင်ဆုံးမခံနေရမည့် အရွယ် ကတည်းက လမ်းပေါ်ကိုရောက်လာကြရာ ပုံမှန်လူများ ကောင်းသည်ဟု သိထားတာမှန်သမျှ သူတို့အဖို့ မကောင်းသလို၊ မကောင်းဆိုတာတွေက သူတို့အဖို့ ကောင်းနေပြန်သည်။ ဥပမာ အမှိုက်ရှင်းရမည်ဆိုသည်ကို တော်တော်နှင့် လက်မခံနိုင် ဖြစ်နေသည်။ အမှိုက်ဟူသည် သူတို့အဖို့ အသက်မွေးကျောင်းလုပ်ငန်း ဖြစ်နေ သည်က တကြောင်း၊ အိုးနှင့်အိမ်နှင့် သတ်သတ်မှတ်မှတ် မနေရသည်ကတကြောင်းကြောင့် ဖြစ်ပေမည်။ ပစ္စည်းပစ္စယများဆိုလျှင်လည်း လိုလျှင်သာ ယူငင်သုံးစွဲပြီး သိမ်းဆည်းရမည်၊ တန်ဖိုးထားရမည်ဆိုတာမျိုး မသိပေ။
သူတို့ရှေ့က ကလေးကြီးများက သူတို့ကို စိုးမိုးထားပြီး ဖိနပ်ခိုးတာမျိုးကစ၍ အခိုးသင်သည်။ အခိုး ခိုင်းသည်။ အရွယ်အဆင့်ဆင့် ဒုစရိုက်အဆင့်ဆင့်ရှိနေကြပြီး ကလေးတော်တော်များများသည် အချုပ်ကို သုံးလေးခါ ရောက်ဖူးကြကာ အနှိပ်စက်မျိုးစုံ ခံဖူးကြသည်။ မခိုးဖူးသည့်ကလေး မရှိသလောက်ပင်။ တော်တော် ကြီးကြီး ကလေးတယောက်သည် တော်တော်ငယ်သည့် ကလေးတယောက်က သူ့ကို ထိမိသဖြင့်  ကလေး၏မျက်နှာကို လက်သီးဖြင့် အားရပါးရ ထိုးပစ်လိုက်သည့် ဖြစ်ရပ်မျိုးတွင် မျက်နှာများတွင် ထိုးသူရော အထိုးခံသူပါ ဘာအမူအရာမျှ မပြ၊ အသားကျနေကြသည်။ အလှည့်ကြုံလျှင် ငယ်သူကလည်း ကြီးသူကို ပြန်လည်ထိုးကြိတ် ရိုက်နှက်တတ်ကြသည်။ ဥပမာ အိပ်ချိန်မှာ ရိုက်သွားတာမျိုး၊ ဆရာမွေးပြီး ထိုးကြိတ်ခိုင်းတာ မျိုးများ ရှိသည်။ ကိုယ်လုပ်လိုက်လို့ ဆေးရုံ၊ ဆေးခန်း ပို့ရမည်ဆိုလျှင်လည်း အေးအေးဆေးဆေး လိုက်ပို့ ပြုစုနိုင်ကြသည်။ ထိုးကြိတ်တာနှင့် ပြုစုတာ တကန့်စီ ထားနိုင်သည်။ အသိအမှတ်ပြုမှု၊ အလေးထား ဆက်ဆံမှု၊ ကြင်နာမှု၊ နားလည်အောင် ပြောဆိုရှင်းပြမှု၊ ပျော်စရာဂိမ်းများ မကြာခဏ ကစားကြမှု၊ ပန်းချီဆွဲခြင်း၊ သီချင်းဆိုခြင်းတို့ဖြင့် ထိုအခြေအနေများ လျော့ပါးလာပါသည်။

သူတို့သည် ဆေးလိပ်သောက်သည်။ ကွမ်းစားသည်။ အရက်သောက်သည်။ ကိုယ့်ဘာသာ လိင်စိတ် ဖြေဖျော်မှုမျိုးစုံလုပ်ဖူးသည်။ အချို့မှာ အချင်းချင်း လိင်တူဆက်ဆံတာပင် ရှိနေသည်။ အဆိုးဆုံးက ကော်ရှူ သည့်အလေ့အကျင့် ရောက်ရှိလာခြင်းပင်။ ရေပိုက်ဆက်သည့်ကော်ကို ရှူကြသည်။ ရှူသည်မှ တနေကုန် တနေခန်း တညလုံးဟု ဆိုရမလိုပင်။ ထိုကော်ကြောင့်ပင် ကျောင်းဖွင့်သည့်နောက်ပိုင်း ကလေးများနှင့် ပတ်သက်၍ ပျောက်ကွယ်သွားသော ဒုစရိုက်မှုများ ပြန်ပေါ်လာသည်။ ကော်ကြောင်လျှင် ပိုမို ရိုင်းစိုင်း ကြမ်းတမ်းပြီး ပရမ်းပတာ ဆန်လာကြသည်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသည့် ကလေးပင် ရှိသည်။ အုပ်စုလိုက် ကော်ကြောင်ချိန်မျိုးဆိုလျှင် အလွန်အန္တရာယ်ရှိသည့် အနေအထားသို့ပင် ရောက်ရှိသွားတတ် သည်။

ထိုပြဿနာများကို ဖြေရှင်းရန်အတွက် မူးယစ်ဆေးဝါးစွဲနေသူများကို ကိုင်တွယ်ဖူးသူ ဆရာဝန်တဦး၏ ကော်ဖြတ်ခိုင်းရန် မလွယ်၊ ကော်ရှူချိန်လျှော့ချဖို့ လုပ်ရမည်ဟူသော အကြံပြုချက်အရ ကော်ရှူသူ ကျောင်း မလာရဟူသော သတ်မှတ်ချက်ကို ဖျက်ပြီး ကျောင်းလာရင် ကော်ဘူးအပ်၊ ကျောင်းကပြန်ရင် ကိုယ့်ဘူး ကိုယ်ပြန်ယူ၊ ကျောင်းတွင်း၊ ကျောင်းအနီး မရှူရ အစီအစဉ်ကို ပြောင်းလိုက်ပါသည်။ ကော်ရှူသူ မလာရ အစီအစဉ်ကြောင့် ကျောင်းတွင်းက ကလေးများနှင့် ခွဲခြားလိုက်သလိုဖြစ်ပြီး မရှူသူများကို ရန်လုပ်ကြသလို ရှူသူများနှင့် ကလေးချင်း ခွဲခြားဆက်ဆံမှုများလည်း ဖြစ်လာကြသည်။ ရှူသူနှင့် ရင်းနှီးသူကလေးများလည်း ရှူသည့်ဘက် ပါသွားကြသည်။ ဆရာများကိုလည်း ရန်လိုသည့် အမူအရာများ ပြလာကြသည်။ ကျောင်းကို လည်း မီးရှို့မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ရှိလာသည်။ ဤသို့ အစီအစဉ်ပြောင်းလိုက်သဖြင့် ကော်ရှူချိန် လျှော့ချနိုင်ရုံသာမက ဆက်ဆံရေး ပြန်လည်တည်ဆောက်လို့ ရလာသည်။ ကော်သမားများသည် စာသင်ကြား မှုကိုလည်း စိတ်ဝင်စားမှုနည်းပါးလာသည့်အလျောက် ကျောင်းဖွင့်ရက်၏ နောက်ဆုံးတရက်ကို အားကစားနေ့ ရက်အဖြစ်ပင် ပြောင်းလဲ သတ်မှတ်ကာ အားကစားချိန်များကို ပိုမိုဖန်တီးပေးဖြစ်သည်။ အပြေးပြိုင်ပွဲ ပြုလုပ် ပေးခြင်း၊ ပိုက်ကျော်ခြင်းကွင်း လုပ်ပေးခြင်း၊ အခြားဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းနှင့် ချိတ်ဆက်၍ ဘောလုံးပြိုင်ပွဲ မကြာမကြာ ပြုလုပ်ပေးခြင်း၊ ရှုံးသည်ဖြစ်စေ၊ နိုင်သည် ဖြစ်စေ သူတို့ဘာသာ စပ်ဆိုထားသော ကြွေးကြော်သံများ အော်ဟစ်၍ မြို့တွင်းသို့ လှည့်လည်ခွင့်ရခြင်း၊ နေ့စဉ် ဘောလုံးလေ့ကျင့်ခန်းဆင်းခြင်း စသည်တို့ အဆက်မပြတ်ပြုလုပ်လာရာ ဆေးလိပ်သောက်၊ အရက်သောက်၊ ကွမ်းစား၊ ကော်ရှူတို့ သိသိ သာသာ လျော့ပါးလာကြသည်ကို တွေ့ရသည်။ အားကစားသည် အစုအစည်းလိုက် ညီညွတ်မှ အောင်ပွဲ ရသည့်အတွက် အချင်းချင်းလည်း ညီညွတ်မျှတလာကြပြီး ကြီးနိုင်ငယ်ညှဉ်းများပါ လျော့ပါးလာပေသည်။ တယောက်မှာရှိသည့် စွမ်းရည်ကို တယောက်က သိရှိလာပြီး အပြန်အလှန်လေးစားမှုလည်း ရှိလာသည်။ ဥပမာ အရင်က ကိုယ် အနိုင်ကျင့်ခဲ့သော ကလေးသည် အားကစားမှာ တော်နေလျှင် အသိအမှတ်ပြု လေးစားလာပြီး အနိုင်ကျင့်မှု မပြုတော့ပေ။ ခန္ဓာကိုယ်မှာ သက်ရောက်နေသည့် မူးယစ်ဆေးတို့၏ ဆိုးကျိုးကို လည်း ပိုမိုသိမြင်လာကြပြီး ဆေးလိပ်သောက် လျှော့ခြင်း၊ ကော်ရှူဖြတ်ကြခြင်းများ သူတို့ဘာသာ ပြောဆို ဆွေးနွေးပြီး ပြုလုပ်လာကြသည်။ မြို့တွင်းမှာ ကိုယ့်ကျောင်းအမည်ကို အော်ဟစ်ကြွေးကြော်ခွင့်ရခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု၊ တန်ဖိုးထားမှုများလည်း တိုးပွားလာကြပါသည်။ ဘောလုံးကန်လိုက်မှ တို့ကျောင်း နိုင်တယ်၊ တို့ကျောင်း ရှုံးတယ်စသည်ဖြင့် ‘တို့ကျောင်း’ ဟူသော အားမာန်နှင့်အတူ ကိုယ့်ကိုယ်ကို ကျောင်းသားဟုလည်း အလိုလို ခံစားမိလာသည်ကို ဝမ်းသာဖွယ် တွေ့မြင်ရသည်။

ယင်းသို့ ကျောင်းသားဟု ခံစားမိသည့်အတွက် ဝမ်းသာရသည်မှာ ၄င်းတို့အတွင်း သီးခြားပေါ်ပေါက် နေသော ပြဿနာတရပ်ကို အလိုလို ဖြေရှင်းနိုင်သည့်အဆင့်သို့ ရောက်ရှိသွားသောကြောင့် ဖြစ်ပါသည်။ ဖြစ်ပုံမှာ ၁ဝ တန်းကျ၍ အပြင်ဖြေ တက်နေသော ကျောင်းသားတဦးသည် သူတို့အုပ်စု နားနေ ဆော့ကစား အိပ်စက်ကြသည့် ပန်းခြံအတွင်း၌ ရောက်ရှိလာပြီး သူတို့နှင့် ရင်းနှီးနေသည်။ သူတို့ကို ကျောင်းသား တ ယောက်က အရေးတယူ ဆက်ဆံသည်ဟုဆိုပြီးလည်း ကျေနပ်နေကြသည်။ တဖြည်းဖြည်းနှင့် ယင်း ကျောင်းသား၏ လွှမ်းမိုးမှုမှာ ကိုယ့်အဖွဲ့ထဲက မိန်းခလေးတွေကို ထင်သလို ပြုမူခွင့်ပင် ရရှိနေသည်။ မိန်းကလေးငယ်များ ကိုယ်တိုင်ကလည်း သူတို့ကို ဘယ်လို ပွေ့ဖက် ဆက်ဆံသည်စသဖြင့် ဂုဏ်ယူပြောဆို နေတာကို ကြားလာရသည်။ ယင်းသို့ မိန်းကလေးများကို ကိုယ်ထိလက်ရောက် ပြုမူသည်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူနေသည်ဟု မသိရှိကြချေ။ ညပိုင်း ပုံပြင်တွေပြောသည့် အစီအစဉ်တွင် မိန်းကလေးတဦးမှ လိင်မှုရေးရာပုံပြင်များကို ပြောဆိုလာသဖြင့် ဒါတွေ ဘယ်ကကြားတာလဲမေးရာမှ ယင်းကျောင်းသားက သူတို့ ကို ပြောပြထားမှန်း သိရတော့သည်။ သူတို့ကို ယင်းကျောင်းသားက ပြောသမျှစကားတွေသည် လိင်ကိစ္စအကြောင်း ဇာတ်လမ်းများပင် ဖြစ်နေသည်။ သို့နှင့် ယင်းကျောင်းသားအကြောင်း စုံစမ်းကြည့်သည့် အချိန်တွင် ကလေးများကို ပစ္စည်းများ ခိုးခိုင်းပြီး သူ့အတွက်ပါ ဝေပုံယူသည့်အဆင့်ပင် ရောက်နေပေသည်။ ယင်းကျောင်းသားနှင့် ပတ်သက်၍ ပြောဆိုလျှင်လည်း ကလေးငယ်များသည် လက်မခံချင်ကြသည့်အတွက် ယင်းကျောင်းသား၏ သူတို့အပေါ် ပြုမှုဆက်ဆံပုံများကို ဆရာများ၏ဆက်ဆံပုံနှင့် နှိုင်းယှဉ် စဉ်းစားစေသည်။ ဥပမာ ယင်းကျောင်းသားက သူတို့ကို ဖိနပ်ပင် ချွတ်ခိုင်း၊ စီးခိုင်းသည့် အချက်ကို ဆရာများ၏ သူတို့အပေါ် တန်ဖိုးထားဆက်ဆံမှုများနှင့် နှိုင်းယှဉ်ပြတာမျိုး ဖြစ်သည်။ အဘယ့်ကြောင့် ယင်းကျောင်းသားက သူတို့အပေါ် အလွန်အကျွံ လွှမ်းမိုးခွင့် ရနေပါလိမ့်ဆိုသည်ကို သူတို့နှင့် စကားပြောရင်းမှ သိလာရသည်မှာ ကျောင်းသားဖြစ် နေခြင်းဆိုသည့်အချက် ဖြစ်သည်။ သူတို့၏ မသိစိတ်တွင် ကလေးတယောက်၏ ကျောင်းသားဖြစ်ခြင်းက အားကောင်းကောင်းနှင့်ရှိနေသည်ဆိုသည့် အချက်ကိုပါ သိလိုက်ရပေသည်။ ယင်းကြောင့် အားကစားက တဆင့် ‘တို့ကျောင်း’ ဟူသော စိတ်မာန်နှင့်အတူ သူတို့လည်း ကျောင်းသားဖြစ်ကြောင်း ခံစားမိလာသည့် အတွက် ယင်းကျောင်းသား၏ လွှမ်းမိုးမှုသည် တဖြည်းဖြည်း လျော့ကျသွားပါသည်။ ထို့နောက် ယင်း ကျောင်းသား၏ ပြုမူမှုများသည် ၄င်းတို့အပေါ် လူလည်ကျ စော်ကားသည်ဟု သိရှိလာပြီး ယင်းကျောင်းသားနှင့် အပေါင်းပါများကို တွန်းလှန်နိုင်ခဲ့ကြပါသည်။

လမ်းဘေးတွင် ကြက်အိပ်ကြက်နိုး အိပ်ရခြင်း၊ စိတ်ချလက်ချ မအိပ်ရခြင်းတို့ကြောင့် သူတို့သည် တခုခုကို ကြာကြာလည်း အာရုံမစိုက်နိုင်ကြ။ ဥပမာ စာသင်သည့်အခါ ၁၅ မိနစ်လောက်ကြာလျှင် လှုပ်ရွ နေပြီ။ ရန်ဖြစ်လွယ်ကြသည်။ သူတို့မှာ အရွယ်ရောက်သည့်သူများ၏ တပည့်မွေးခြင်းခံရသဖြင့် အုပ်စုရန်ပွဲ သဘောမျိုးလည်း ရှိသည်။ ခွေးရန်၊ လူရန်အတွက် လက်နက်အမြဲကိုင်ထားရကား စရိုက်သဘာဝတွေက ရိုးရိုး ကလေးများနှင့် လုံးဝ မတူကြတော့ပါ။ နိုင်ရာစားလောကလည်းဖြစ်ရာ အထူးသဖြင့် ဘယ်သူ့ကိုမျှ မယုံခြင်းပင် ဖြစ်သည်။ ယင်းအခြေခံများက သင်ကြားရေးကို အဓိက အနှောင့်အယှက်ပေးသည့်သဘော ဆောင်နေသည်။ ယင်းအခြေအနေကို သိရှိနားလည်ဖို့ မမျှော်လင့်ဘဲ အခွင့်အရေးရခဲ့သည်။ ကျောင်းမတက်ခင် ၁၅ မိနစ်ခန့် တရား ထိုင်ရလေ့ ရှိပါသည်။ ယင်းအချိန်ကို စောင့်ကြည့်သည့်အခါ မျက်လုံးမှိတ်မရသော ကလေးများ၊ မှိတ်ပြီး တကိုယ်လုံး လှုပ်ရွနေသော ကလေးများ၊ လက်မနှစ်ခု ငြိမ်သက်လို့ မရသော ကလေးများ၊ ဒူးမငြိမ်သော ကလေးများစသည်ဖြင့် မျိုးစုံ တွေ့လာရသည်။ ယင်းကလေးများမှာ စာသင်လို့မရသော ကလေးများချည်း ဖြစ်နေသည်ကိုလည်း တိုက်ဆိုင်စွာ သိရှိရရာ ယင်းသို့ မငြိမ်သောကလေးများအတွက် သီးခြားအစီအစဉ်ဖြင့် ပြုပြင်ခွင့်ရသည့်အပြင် ပိုမိုနားလည်ပေးနိုင်သည့်အတွက် သင်ကြားချိန် ဆက်ဆံရေးကောင်းများ ဖြစ်လာသည်။ တရားထိုင်ချိန်မှာ ငြိမ်သက်သွားပြီဆိုလျှင် စာကောင်းကောင်းသင်လို့ ရပြီး အခြားအလုပ်များလည်း ကျကျနန လုပ်နိုင်လာသည်ကို တွေ့ရရာ တရားထိုင်ချိန်မှာ ဖြစ်နေသည့်အခြေအနေသည် သူတို့ကို မည်ကဲ့သို့ သဘော ထားရမည်ကို တိုင်းတာသည့် ပေတံလည်း ဖြစ်လာပါသည်။ ထို့ပြင် တရားထိုင်ခြင်းကြောင့် အလွန်ပင် အား ကောင်းသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာကြပြီး အကျိုးသင့် အကြောင်းသင့် အပြန်အလှန် ဆွေးနွေးမှုကို သိသိသာသာ တွေ့လာရသည်။

သူတို့အတွက် အရင်က သူတပါးနှင့် ပတ်ဝန်းကျင်ဆိုသည်မှာ မရှိသလောက်ပင် ဖြစ်ပေသည်။ သူတို့၏ ဘောလုံးလေ့ကျင့်ရာသို့ လာရောက်ကြည့်ရှုသူ၊ ဘောလုံးပြိုင်ပွဲသို့ လာရောက်အားပေးသူများပင် ရှိလာသည့်အတွက်ကြောင့်လည်းကောင်း၊ ကိုရင်ဝတ်သည့်အခါ ဆွမ်းခံသွားရသည့်အတွက် ရပ်ရွာ၏ အလေး ထား ဂရုစိုက်မှု၊ ပြောဆို ဆက်ဆံမှု ရရှိလာသဖြင့်လည်းကောင်း သူတို့မှာ ပတ်ဝန်းကျင်နှင့် သူတပါးလည်း ရှိလာပြီး အပြုအမူများ အလွန်လျင်မြန်စွာ တိုးတက်ပြောင်းလဲလာပါသည်။

ထို့ပြင် သူတို့မှာ ဝေါဟာရများများ မရှိပေ။ ဥပမာ နေ့နှင့်ပတ်သက်လျှင် ခုနစ်နေ့အမည် မသိကြ။ ကနေ့၊ မနက်ဖြန်၊ မနေ့က ဆိုတာတွေလည်း မှန်ကန်အောင် မသုံးနိုင်ကြ။ မနေ့ကအဖြစ်အပျက်ကို မနက်ဖြန်ဟုသုံး၍ ပြောဆိုနေကြတာမျိုး ဖြစ်သည်။ ကလေးတွေကို ‘အရှက်’ ဟူသည့် စကားလုံးကို ပြောရန် တနှစ်ခန့် စောင့်ခဲ့ရသည်။ မည်သည့် စကားလုံးပဲဖြစ်နေနေ သူတို့နှင့် ပြောဖို့ဆိုလျှင် ပြောမည့်စကားလုံး အတွက် ရင့်မှည့်ချိန်ကို စောင့်ရတာချည်း ဖြစ်သည်။ ‘ဂုဏ်’ ဆိုသည့် စကားလုံးကိုတော့ တနှစ်ခွဲပြည့်မှပင် ပြောဖြစ်သည်။ ပြောမည့်စကားလုံးနှင့်ဆိုင်သော ကိစ္စရပ်များလည်း သူတို့ကြားထဲ ပေါ်လာသည့်အချိန်လည်း ဖြစ်ရသည်။

ယင်းသို့ ဝေါဟာရနည်းလွန်းသည့် ပြဿနာကို ကျောင်းနားချိန်တွင်လည်းကောင်း၊ ကျောင်းပိတ်ရက် များတွင်လည်းကောင်း၊ တီဗီဖွင့်ပေးထားခြင်းဖြင့်ပင် ဖြေရှင်းနိုင်လာပါသည်။ ယင်းတို့ ကြိုက်နှစ်သက်သည့် သီချင်းများကို ညအိပ်ချိန် ၁ဝ နာရီထိ ဖွင့်ခွင့် ပေးထားသည်။ သီချင်းများသည် သုံးလေးကြိမ် ဖွင့်ကြည့် နားထောင်လျှင် ရကြသည်။ သီချင်းစာသားများကို ကြိုးစား လိုက်ဖတ်ကြသည်။ တချို့ စာနည်းနည်း တတ်သူများက လိုက်မှတ် ကူးယူကြသည်။ အားလုံး သံပြိုင်လိုက်အော်ဆိုကြသည်ဆိုတော့ ဝေါဟာရ ကြွယ်ဝရေးမှာ အချိန်တိုအတွင်း အောင်မြင်သည်ဟုပင် ဆိုရပေမည်။ မြန်မာဇာတ်ကားများကို ကြည့်ခြင်း ဖြင့်လည်း ဝေါဟာရများစွာ တိုးတက်ပါသည်။ ညပိုင်း မီးပျက်ချိန်များတွင် အုပ်စုဖွဲ့ သီချင်းဆိုခြင်း၊ သီချင်း အကြောင်းကို ကိုယ်နားလည်သလို ပြောဆိုခြင်း၊ ဆွေးနွေး မေးမြန်းခြင်း၊ ပုံပြင်ပြောစေခြင်းတို့ဖြင့် ဝေါဟာရများ ကြွယ်ဝလာသည့်အပြင် သုံးစွဲပုံ အမှားများလည်း ပြုပြင်လို့ ရလာသည်။ တချို့ ပုံပြင်မပြောတတ်သူများက သူတို့အကြောင်းသူတို့ ပြောကြသည်၊ ပုံပြင်ကုန်သွားသူများလည်း ကိုယ့်အကြောင်းကို ထုတ်ဖော် ပြောဆို လာကြရာ အချင်းချင်းလည်း စာနာချစ်ခင်မှု ပိုကောင်းလာပါသည်။ သူတို့၏အကြောင်းနှင့် သူတို့စိတ် အခြေအနေများကို ပိုမိုသိရှိ ခံစားနားလည်ခွင့် ရလာပါသည်။ ထို့ပြင် စကားပြောဆိုရာတွင် ပါလာသည့် ဆဲဆို သံများ၊ ညစ်ညမ်း အသုံးအနှုန်းများကိုလည်း ထိမ်းချုပ်ပြုပြင်ခွင့်ရလာပြီး စကားပြောရာတွင် ဆဲမပြောရ၊ ပြောလျှင် အမှိုက်ကောက်ရသည့် စည်းကမ်းများ စတင်ချမှတ်နိုင်လာသည်။

အချိန်အကန့်အသတ်၊ နေ့ရက်အကန့်အသတ်နှင့် ကျောင်းဖွင့်ထားခြင်းသည် အမူအကျင့် ပြောင်းလဲ ရေး၊ ယဉ်ကျေးလိမ္မာရေး၊ တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အကန့်အသတ်ဖြစ်နေသည်။ သူတို့၏ စိတ်အနာ များကို အမှန်တကယ် မဖြေဖျောက်နိုင်ပေ။ ကျောင်းရောက်တုန်း ခဏထိမ်ဝှက်သွားခြင်းမျိုးသာ စွမ်းနိုင်သည်။ အထူးသဖြင့်က သူတို့၏ စိတ်အနာ၊ စိတ်အထာကို လျစ်လျူရှု၍ မဖြစ်ပေ။ သို့သော် အချိန်အကန့် အသတ် အတွင်း စာသင်ကြားရေးကိုပါ ဇောင်းပေးနေရသဖြင့် စိတ်ပိုင်းဆိုင်ရာကို လျစ်လျူရှုထားရသလို ဖြစ်နေခြင်း၊ အခြား သင်ထောက်ကူပစ္စည်းများ မရှိခြင်း၊ ဤသို့သော ကလေးများနှင့်ပတ်သက်၍ သင်ကြားရေးနည်းစနစ် အားနည်းခြင်း၊ လမ်းပေါ်နှင့် ပြန်လည်ထိတွေ့ခွင့်ရနေသဖြင့် အရက်သောက်ခြင်း၊ ကော်ရှူခြင်းစသည့် အမူ အကျင့်ဆိုးများ ဆက်လက်လုပ်ခွင့် ရနေခြင်း၊ မန္တလေးက လမ်းပေါ်နေသူများ ခဏတဖြုတ် ရောက်လာချိန် တွင် ဒုစရိုက်မှုများ ကျူးလွန်တတ်ခြင်းတို့ကြောင့် မိမိတို့သည် ကျောင်းအိပ်ကျောင်းစား အမြဲလက်ခံသည့် အဆင့်သို့ ပြောင်းလိုက်ပါသည်။ တပတ်လျှင် ငါးရက်စာသင်ပြီး ပန်းချီသင်တန်း၊  ပုံပြင်ဇာတ်လမ်း တင်ဆက် ဆွေးနွေး မေးမြန်းခြင်း၊ ရင်ဖွင့်ပြောကြားခြင်း (River of life) နှင့် အားကစားပြိုင်ပွဲများကို စနေ၊ တနင်္ဂနွေမှာ လုပ်ဆောင်ကြပါသည်။

အစောပိုင်း စာသင်ကြားရေး၏ အဓိကအခက်အခဲမှာ ကျောင်းသား ၃ဝ ရှိလျှင် အတန်း ၃ဝ ဖြစ်နေ ခြင်းပင်၊ ၄ဝ ရှိလျှင် အတန်း ၄ဝ။ တယောက်နှင့်တယောက် ကျောင်းတက်ရက် မတူကြသလို တတ်မြောက် မှု မတူကြခြင်း၊ သင်ချင်သည့်အရာ မတူကြခြင်းကြောင့် ဖြစ်ပါသည်။ ယခုအခါ အုပ်စုခွဲ၍ ရပြီဆိုသော်ငြား ကျောင်းသား ၄ဝ ဆိုလျှင် အတန်း ၁ဝ တန်းခန့် ရှိနေသေးသည်။ ကလေးများသည် စိတ်သွားတိုင်း ကိုယ် ပါလွန်းနိုင်ကြရာ အခုရွှေဘိုဆိုလျှင် တော်နေ မန္တလေး ရောက်နေကြပြီ။ ပွဲရှိသည်ကြားလျှင် သွားမလားဟေ့ဆို ရထားပေါ်ရောက်ပြီး ဖြစ်နေကြသည်။

သူတို့သည် ကိုယ့်ကိုယ်ကို ကျောင်းသူကျောင်းသားအဖြစ်လည်းကောင်း၊ ရပ်ကွက်သူ ရပ်ကွက်သား အဖြစ်လည်းကောင်း၊ ရွာသူရွာသားအဖြစ်လည်းကောင်း၊ မြို့သူမြို့သားအဖြစ်လည်းကောင်း၊ နိုင်ငံသူ နိုင်ငံသား အဖြစ်လည်းကောင်း သိမှတ်ခံစားထားမှု မရှိကြပါ။ သူတို့ကိုယ်သူတို့ လမ်းဘေးသူ လမ်းဘေးသားအဖြစ်သာ သိရှိ ထားပါသည်။ ထိုအခြေအနေမျိုးဖြင့် ပုံမှန်လူ့အဖွဲ့အစည်းထဲတွင် ပုံမှန်နေထိုင်ခွင့်ရရေး မလွယ်ကူပါ။ ယင်းအခြေအနေအတွက် သူတို့စိတ်သန်ရာကို သင်ယူနိုင်သည့်အခြေအနေ ရှိဖို့ လိုပါသည်။ သင်ပေးသည့် ဆရာများ၏ ကျွမ်းကျင်မှုလည်း များစွာလိုပါသည်။ သူတို့ ဝါသနာနှင့် သင်ပြနိုင်မှု ပေါင်းစပ်ပြီး သူတို့ တစုံတရာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်တတ်မြောက်မည်ဆိုလျှင် ကိုယ့်ကိုယ်ကို သိမြင်ယုံကြည်မှု အလိုလို ရလာပါလိမ့်မည်။ ယုံကြည်မှုနှင့် အတတ်ပညာရှိလျှင် လူ့ပတ်ဝန်းကျင်နှင့် အလိုလို ချိတ်ဆက်ပြီးသားလည်း ဖြစ်သွားပါလိမ့်မည်။ ယင်းမှတဆင့် မိမိသည် တစုံတဦးဖြစ်ကြောင်း သိမှတ်လာပါမည်။ ယင်းအတွက် စာသင်ရုံသာမက အချက်အပြုတ်၊ စက်ချုပ်၊ မုန့်လုပ်၊ ကွန်ပျူတာနှင့် ပန်းချီ၊ ဂီတစသည်များကို သင်ကြား ပေးနေသည့်အပြင် နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးလည်း ကြိုးစားလုပ်ဆောင်နေပါသည်။ ဤကတ် မရှိသရွေ့ လည်း လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်ခွင့်ရဖို့ အဟန့်အတားတခုပင် ဖြစ်သည်။ သူတို့ကိုယ် သူတို့လည်း နိုင်ငံသားဖြစ်သည်ဟု ခံစားမှုမျိုး မရနိုင်သေးချေ။

ယင်းအခြေအနေကောင်းကိုရောက်ရှိဖို့ ကလေးများသည် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့နှင့် ကလေး များကို အခြားသူများက တန်ဖိုးထားဖို့ အရေးကြီးပါသည်။ ယင်းနှစ်ချက် တပြိုင်တည်းရရှိဖို့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးရေး လုပ်ကြည့်ရာ အလွန်အောင်မြင်ပါသည်။ သို့သော် မိမိတို့ဆီမှာ ဗီဒီယို editing ပိုင်း အားနည်း သဖြင့် ဆက်လက်လုပ်ဆောင်ရန် အခက်အခဲဖြစ်နေပါသည်။

မိမိတို့ နယ်တွင် အလှူမင်္ဂလာပွဲ၊ ထိမ်းမြားမင်္ဂလာပွဲ၊ ကထိန်ပွဲ၊ ဘုရားပွဲ၊ ကျောင်းပွဲ၊ မွေးနေ့၊ ဆွမ်းကပ် စသည့်ပွဲများတွင် ဆရာများနှင့်တွဲဖက်၍ ကလေးတချို့ မှတ်တမ်းတင် ဗီဒီယို၊ ဓာတ်ပုံရိုက် လိုက်ကြပါသည်။ ယင်းပွဲများတွင် ဓာတ်ပုံ၊ ဗီဒီယိုသမားများသည်  ပွဲတပွဲ၏ အဓိကနေရာတိုင်းတွင် ရှေ့ဆုံးက ပါဝင်ခွင့်ရှိကြရာ လူ့အသိုင်းအဝန်းအတွင်း အလွယ်တကူ ဝင်ခွင့်ရပါသည်။ ယင်းသို့ဖြင့် အမှိုက်ပုံဆီ ပြန်သွားချင်သည့် စိတ်များ လျော့ပါးလာကြသည့်အပြင် လူမှုဆက်ဆံရေးကောင်းများ အများကြီး ရလာကြသည်။ လူတောထဲလည်း တိုးရဲ ဝင်ရဲသည့် စိတ်များ အားကောင်းလာကြသည်။ ယင်းပစ္စည်းများကို ကိုင်တွယ်အသုံးပြုနေသော ကလေးတွေကို မြင်ရဖန် များလာသောအခါ ဂျပိုးသူခိုးဟု မြင်သောအမြင်များ ပြောင်းလဲလာပါသည်။

ကော်ရှူသည့်ကိစ္စနှင့်ပတ်သက်၍ လေ့လာသိရှိရသလောက်ဆိုလျှင် ယင်းတို့သည် ကျောင်းမှာ ကိုရင် ဝတ်နေချိန်တွင် မရှူကြချေ။ မရှူဘဲလည်း နေနိုင်ကြသည်။ အနံ့ရလျှင်တော့ ရှူချင်သည်ဟု ဆိုကြသည်။ လူထွက်လျှင်တော့ ထွက်သည့်နေ့မှာပင် လမ်းပေါ်သွားကာ ကော်ရှူတော့သည်။ ကျောင်းတွင်းမှာ နေပျော် အောင် ဖန်တီးပေးနိုင်လျှင် လမ်းပေါ်မှာ ကော်ရှူသည့်အလေ့အထ ပပျောက်နိုင်သည်။ ကော်ရှူသည့် အခြေ အနေကို ပျောက်အောင် မလုပ်နိုင်သေးဘဲ ရှိနေသည့်အတွက် မိတ်ဆွေတယောက်ကို အကြံဥာဏ် တောင်းခံရာ ကလေးငယ်များကို အိပ်မက်မက်အောင် လုပ်ပေးနိုင်လျှင်တော့ ကော်ရှူ ရပ်သွားနိုင်ပါသည်ဟု ပြောပါသည်။ သူတို့ ဘာဖြစ်မည်ဟု မမှန်းနိုင်သရွေ့ ရှူနေကြမည်ဆိုသည့်သဘောပင်။ ထိုအခါမှစ၍ သူတို့ အိပ်မက် မက်စေနိုင်သည့် အရာများကို တတ်စွမ်းသမျှ ကြိုးစားလုပ်ဆောင်ကြပါသည်။ သူတို့၏ ပလတ်စတ ကောက်လုပ်ငန်းမှာ ဝင်ငွေကောင်းပြီး လွတ်လပ်လွန်းသည်ကတကြောင်း၊ သူတို့လို နေစရာမရှိသူများ၊ လူယုံ မခံရသူများအတွက် လုပ်လို့ရသည့်လုပ်ငန်းဖြစ်သည်ကတကြောင်း၊ လက်ငင်း စားဝတ်နေမှုကို ဖြေရှင်းနိုင် သည်ကတကြောင်း အခြားအလုပ်များနှင့် ချိပ်ဆက်ပေးရန်မှာ သူတို့အတွက်ရော၊ အလုပ်ရှင်အတွက်ရော အခက်အခဲ ရှိနေပါသည်။ သို့အတွက်ကြောင့် သူတို့ကို အခြားသူများက လက်ခံနိုင်အောင်နှင့် သူတို့ကလည်း အခြားသူများကို လက်ခံနိုင်အောင် အဓိကလုပ်ရပါမည်။ အပြန်အလှန် လက်ခံနိုင်ကြလျှင် သူတို့၏ မှန်ကန် သော ရပ်တည်ရှင်သန်မှု တဆက်တည်း ရရှိသွားမည့်အလျောက် မိမိတို့ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေး အဖွဲ့နှင့် ရွှေခြင်္သေ့ ကလေးစံဌာနေသည် စေတနာ့ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပအလှူရှင်များ၊ ကျွမ်းကျင်သူ များ၏ ပံ့ပိုးမှုအမျိုးမျိုးဖြင့် တတ်စွမ်းသမျှ ဆက်လက် လုပ်ဆောင်နေကြပါကြောင်းနှင့် နိုင်ငံတော်အနေဖြင့် လမ်း ပျော်ကလေးများနှင့် လက်ဖက်ရည်ဆိုင်စသည်များတွင် ဝင်ရောက်လုပ်ကိုင်နေကြသော ကလေးငယ်များ အတွက် အခြားနိုင်ငံသားကလေးများနည်းတူ နိုင်ငံသားကတ်နှင့် သီးခြားပညာရေးအစီအမံများ အရေးတကြီး လုပ်ဆောင်သင့်ပါကြောင်း၊ ထို့ပြင် ယင်းကလေးငယ်များစာရင်းကိုလည်း တိတိကျကျကောက်ယူပြီး လူမှုဖူလုံရေးနှင့် ဘဝလုံခြုံမှုအတွက်ပါ အမြန်ဆုံး လုပ်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်လူရေး

One Response to မောင်လူရေး ● ရွှေခြင်္သေ့ ကလေးစံဌာနေ

  1. Catwoman on May 21, 2016 at 4:36 pm

    I hate to sound cruel. But there are people you cannot help because they might be so damaged and they might lie to you and use you if you are not smart enough. May be it s better to invest in good kids than homeless kids. They might kill you or harm you for a small amount of cash so becareful. What you are doing might be good but remember even Buddha cannot help everyone. In the US, there s a big wave of drug abuse and that s how kids get into trouble and now some are adults. We might have a better social work and help but we can’t help some because they don’t want to be found.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်