မျက်ရှု ● လဲမှို့ပွင့်လေး (ဝတ္ထုတို)

May 20, 2016

မျက်ရှု ● လဲမှို့ပွင့်လေး (ဝတ္ထုတို)
မေ ၂၀၊ ၂၀၁၆

(မိုးမခ မဂ္ဂဇင်း မတ်-၂၀၁၆ ပါ ဝတ္ထုတို)

(၁)
နေရောင်ဖျော့သွားပြီ။ နေချိုလေပြီပေါ့။  အရီးမြ၏ အသံတစာစာမှာ ရွာထဲတွင် လွင်စည်နေသည်။  “သူဇာသန်း လာပါဟဲ့။ ရွှေပိုးအိမ်ဖူးကိုလည်း ခေါ်ခဲ့ပါဟဲ့” နှင့် သူနှင့် နီးစပ်ရာ၊ လက်လှမ်းမီရာ အပျိုတသိုက်ကို နှုတ်မောင်းထု၍ ဆင့်သည်။  တလင်းပြင်ဝယ် ပုံချ ဖြန့်ခင်းထားသော လက်ပံသီးခြောက်များ မာကျစ်နေနှင့်ပြီ။  တချို့များဆို ပက်ကြားအက်လုလု။ လက်ပံမှို့ထုတ်ရန် အချိန်အခါကောင်းဖြစ်သည်။  မကြာမီပင် အရီးမြတို့အိမ်တွင် လူတထွေးထွေးနှင့် စည်လာသည်။ အပျိုတွေသာမက၊ အရီးမြ၏ အိမ်နီးချင်း မိန်းမဖော်တို့သည်လည်း စုရုန်းစုရုန်း လာကူကြသည်။  ကလေးအမေများ လာတော့ ကလေးများလည်း ပါလာသည်ပေါ့။  ကလေးများပါလာတော့ သူတို့အဖော် ခွေးများသည်လည်း တတွဲတွဲတန်းလန်း လိုက်လာကြပြန်သည်ပေါ့။  လက်ပံမှို့ထုတ်ရင်း လေထဲသို့ လွင့်ပျံ့ကုန်သော မှို့များကို ကလေးများက ပြေးကာ လွှားကာ မှုတ်ကာ ဖမ်းကာ ကစားကြသည်။ ခွေးများသည်လည်း ကလေးများပြေးရာသို့ မော့တော့တော့နှင့် လိုက်ကြသည်။ လက်ပံပွင့်ချိန်၊ သီးချိန်တွင် လက်ပံမှို့ သူတို့အခေါ် လဲမှို့နှင့် ဆော့ကစားရခြင်းသည် ရွာက ကလေးများအဖို့ ရာသီပေါ်ကစားနည်းတခု ဖြစ်သည်။

ဖိုးပုမှာတော့ တခြားကလေးများကဲ့သို့ လဲမှို့ပွင့်များကို မဖမ်းနိုင်ပါချေ။ နှစ်ခါလည်သား ဖိုးပုလေးသည် ကလေးတသိုက်တွင် ကြက်ဥ၊ ဘဲဥ အဆင့်သာရှိလေသည်။  ဒေါင်ဒေါင်တို့၊ ဒင်ဒင်တို့၊ ပူစူးတို့ ပြေးရာနောက်ကိုသာ တောက်တဲ့တောက်တဲ့ လိုက်ရှာသည်။  သူတို့ အော်လျှင် ဖိုးပုလည်း အော်သည်။  သူတို့ရယ်လျှင် ဖိုးပုလည်း ရယ်သည်။  သူတို့ လက်ခုပ်တီးတော့ ဖိုးပုလည်း မနေ၊ လက်ခုပ်လိုက်တီးပြန်၏။  သူတို့တတွေက မြေပြင်ထက်ဝယ် ၀ဲပျံနေသော လဲမှို့ပွင့်များကို အောက်သို့မကျစေရန် တဖူးဖူးနှင့် မှုတ်တော့ ဖိုးပုခမျာ မမီတမီ ရောယောင်ကာ လေမှုတ်ရပြန်လေသည်။  လဲမှို့ပွင့်များသည် လေထုထဲတွင် ဖြည်းဖြည်းညင်းညင်း ပျံသန်းနေသော အတောင်ပါသည့် အဖြူရောင်ပန်းပွင့်များနှင့် ဆင်ဆင်တူလေသည်။ တရွာလုံးတွင် ထိုပန်းပွင့်ဖြူများ ရစ်သိုင်းခြုံလွှမ်းနေသည်။  ဒေါင်ဒေါင်ဒင်ဒင်တို့ အုပ်စုက သူတို့အာရုံနှင့်သူတို့ လဲမှို့ပွင့်များရွေ့ရာနောက်သို့  ခုန်ဆွခုန်ဆွလိုက်ကြသည်မှာ အရှိန်ရလာသည်နှင့်အမျှ ဖိုးပုမှာ နောက်တွင် ပြတ်ကျန်ရစ်ခဲ့သည်။ ဖိုးပုသည် အဖော်များကို ငေးကြည့်ရင်း သူ့အမေ မကြာဥကို တိုင်တောလိုဟန်နှင့် ဒေါင်ဒေါင်ဒင်ဒင်တို့ ပြေးသွားရာသို့ လက်ညှိုးထိုး၍ မျက်နှာလေးမဲ့ကာ ငိုတော့မယောင်ပြုသည်။

“မေ..မေး.. မေ့.. အဟင့် ဟင့်..”

အမိကို တရင်း တပြိုင်နက်တည်းမှာပင် တရှုံ့ရှုံ့ဖြစ်နေသော ကျလုကျခင် နှပ်ကို သမ္ဘာနှင့် ထိန်းရှာသည်။  ပြူတစ်တစ်နှပ်ကို သူ၏ ဘူမိနက်သန်ဌာနေရင်းထဲသို့ ရှူသွင်းရင်း ခေါင်းမော့ကြည့်မိတော့ ဖိုးပု အာရုံပြောင်းသွားရသည်။  သူ့ထံသို့ သက်ဆင်းလာသည့် လဲမှို့ပွင့်လေးတပွင့်ရယ်လေ။ ဖိုးပုမျက်နှာလေး ရုတ်ခြည်း လင်းလာသည်။  ပြုံးယောင် သမ်းလာသည်။  မျက်လုံးများ အရောင်လက်လာသည်။  လဲမှို့ပွင့်လေးကို သူ့လက် ညစ်ထပ်ထပ်လေးနှင့် ဇတ်ခနဲ ဆွဲယူလိုက်သည်။  ထို့နောက် သူသည် လဲမှို့ပွင့်ကို အထူးအဆန်းသတ္တ၀ါနှယ် ကသိုဏ်းရှုသကဲ့သို့ မမှိတ်မသုံ အသေအချာကြည့်သည်။  ပါးလွှာသေးမျှင်လွန်းလှသော အမွေးဖြူလေးများသည် နူးညံ့လွန်းလှပါဘိ။  ဖိုးပုမှာ အသက်ရှူရန်ပင် မေ့လျော့နေသည့်အလား အသည်းအသန် စိတ်ဝင်စားနေသည်။  လဲမှို့ပွင့်လေးမှာလည်း ဖိုးပု၏ အထိအတွေ့ကြောင့် ၀ံ့ဝံ့စားစား လှုပ်ရှားဝံ့သည်မဟုတ်။  ဘယ်အချိန်တွင်များ သူ့ဇီဝဇိန်ကို ခြွေချပါလိမ့်မလဲဟူသော အတွေးဖြင့် ရင် မ နေရှာသည်။  ဖိုးပုသည် ပန်းဖွားထိပ်မှ အညိုရောင်အစေ့လေးကို ကိုင်ရင်း မှို့ပွင့်ကို လက်နှင့် ဘယ်ညာ အသာလေး ရမ်းကြည့်သည်။  အဖြူရောင်အမွေးများ ဘယ်သို့တခါ၊ ညာသို့တလှည့် ယိမ်းနွဲ့ကြလေသည်။  ထိုမျှနှင့် အားမရသေး။  ဖိုးပုသည် ညာဘက်လက်က လက်ညှိုးနှင့်လက်မကို စု၍  အမွေးဖြူများကို ဆွဲကိုင်ကာ ဘယ်ဘက်လက်က ပန်းဖွား၏ ခေါင်းကို ဖိလျက် လဲမှို့ပွင့်လေး၏ ခန္ဓာကို အိုးစားကွဲအောင် ပြုမည် ကြံသည်။  ထိုစဉ် လေက ခပ်မြူးမြူးလေးဆော်တော့ သူ့လက်နှစ်ချောင်းနှင့် ဖိထားသည့်နေရာမှ လွတ်နေသော အောက်ဖျားပိုင်းသည် တလွင့်လွင့်လူးနေသည်။ သည်တော့ ဖိုးပု စိတ်ကူးပြောင်းသွားပြီး လဲမှို့ပွင့်ကို  လွတ်ရာကျွတ်ရာသို့ စေလွှတ်လိုက်သည်။  တဖူးဖူးနှင့် လေကူမှုတ်ပေးသေး၏။  သူ့လေအားနှင့် လဲမှို့ခမျာ အထူးမရွေ့လျားသော်လည်း နောက်တစ်ချီ လေအသွေးတွင် ခြောက်ဆယ်ဒီဂရီခန့်အထက်သို့ မြောက်တက်သွားသည်။  ၀ဲပျံနေသော လဲမှို့လေးကို ကြည့်ရင်း ဖိုးပု ပျော်လာသည်။ ခြေဖျားထောက်ကာ နောက်တကြိမ် ဆွဲယူဖို့ ကြိုးစားသေးသည်။  သို့သော် သူ မမီတော့။  ဒါကိုပင် ဖိုးပု ကျေနပ်ဟန်ရှိသည်။  ခိုးခိုးခစ်ခစ် ရယ်လျက် လက်ခုပ်လက်ဝါးတီးသည်။  ဒူးကလေးကို ညွှတ်ကာ ညွှတ်ကာနှင့် က တော့မယောင် ပြုသည်။  သခင်အူမြူးနေမှန်း ရိပ်စားမိသည့် ဖိုးပု၏ ခွေးလေး ဂျူမုံကလည်း တအုအု အသံပေးကာ သခင်နှင့်အတူ ပျော်ရှာသည်။

လဲမှို့ပွင့်လေးသည် အစတွင် မည်သည့်အရပ်သို့ မျောလွင့်ရမည်မှန်းမသိ။  ငှက်လောင်အိမ်မှ လွတ်ခါစ ငှက်လို ယောင်နနနှင့် လှောင်အိမ်တ၀ိုက်တွင်သာ ဝေ့လည်လည်ပျံသန်းနေသကဲ့သို့ပင် ဦးတည်ရာပျောက်နေသည်။  ထိုနည်းနှင်နှင် လဲမှို့ပွင့်ခမျာ ခပ်ဝေးဝေးသို့ မရွေ့နိုင်။  လေငြိမ်သွားတော့ တအိအိ အောက်သို့ ကျလာပြန်သည်။  သူသည် လက်ပံသီးအခွံထဲတွင် အောင်းနေစဉ်က ငှက်ဆိတ်ခြင်း၏ ဒဏ်ကလည်း ကင်းဝေးခဲ့သည်။  သူ့ကို မှို့အဖြစ် ထုတ်ကုန် ထုတ်ယူသည့်အဖြစ်ကလည်း ဝေးအောင် ပြေးနိုင်ခဲ့သည်။  မသိနိုးနား ကလေးငယ်၏ လက်တွင် တစစီချိုးဖျက်ခံရမည့် ဘေးကလည်း လွတ်လာခဲ့သည်။  ဆန္ဒများက စေသလို ဝေးရာအရပ်သို့ သူ နှင်သင့်ပြီ မဟုတ်ပါလား။  တောင်အရပ်ကိုလား၊ မြောက်အရပ်ကိုလား။  ဖြစ်နိုင်လျှင်တော့ အရပ်ရှစ်မျက်နှာစလုံးသို့ ခြေစင်္ကြာဖြန့်လိုက်ချင်ပါသည်။  သို့ပေမယ့် လေက အားဖြည့်မကူလျှင် အဝေးသို့ပြေးခြင်းသည် စိတ်၏ အဝေးသာလျှင် ဖြစ်လိမ့်မည်။  ကာယကိုယ်သည် မည်မျှပင် ပေါ့ပါးစေကာမူ အကြောင်းတရားမပြည့်စုံလျှင် တနေ့နေ့ တချိန်ချိန် တနေရာရာတွင် ကြွေကာကျ၍ မြေမှုန်ဖြစ်ရချေဦးမည်။

(၂)
ယခုတော့ လဲမှို့ပွင့်လေး သူ့အရောင်သူ့အသွေးနှင့် ကြွကြွရွရွ လူးလွန့်နိုင်ပြီ။  ဆည်းဆာနေရောင်အောက်တွင် သူ လှပုံက အဖြူရောင်မီးလုံးလေး တောက်နေသည့်နှယ်။  လွတ်မြောက်ခွင့် နယ်စပ်မျဉ်းပေါ်တွင် မတိမ်းမစောင်း လျှောက်လှမ်းနိုင်သရွေ့ လှနိုင်ပါပေ၏။  အစိမ်းရောင်များ စိုရွှဲနေသော အရပ်ဆီသို့ သူ ရောက်လိုလှသည်။  ပထမတော့ မြောက်ယွန်းယွန်းကို သူ ရွေ့ခဲ့ရသည်။  လေရူးပွေသည့် လရာသီမို့ ထိုမှတဖန် အရှေ့၊ ထိုမှတဖန် အနောက်မြောက် သည်လိုနှင့် ရွာသုံးရွာ ကျော်လွန်ခဲ့ပြီ။  ကလေးတို့ ရယ်သံနှင့်လည်း ဝေးခဲ့ရပြီ။  ထန်းတောအုပ်သည်လည်း ကျန်ရစ်ခဲ့ပြီ။  သို့နှင့်တိုင် အစိမ်းက မဆွေသေး။ ယာခင်းများကို ဖြတ်တော့ မြရည်စိမ်းလဲ့ကို မမြင်ရဘဲ မွမွကြဲနှင့်သော မြေစာထက်ဝယ် အပူငွေ့ကို ပွတ်ကာသီကာ လှုံခဲ့ရသေးသည်။  ညနေစောင်းလာသည်နှင့်အမျှ ဆောင်းကြွင်း၏ မြူမှုန်လား၊ သို့မဟုတ် ဖုန်မှုန့်လား မသဲကွဲပဲ မှိုင်းရီသော လောက၀ယ် သူ၏ ခရီးမှာ ဇဝေဇ၀ါ နိုင်သထက်နိုင်လာသည်။ လွင်တီးခေါင်တွင် သစ်ပင်ယောင်ဆောင်ထားသော မိုးတိုးမတ်တပ် အရိုးစုများတွင် သူ့ကိုယ်ကို မစွန်းငြိမိစေရန် တတ်အားသရွေ့ တိမ်းရှောင်ခဲ့ရသေးသည်။

ငံ့လင့်ခြင်း၊ ဖွေရှာခြင်းနှင့် ရှင်သန်ခြင်းသည် အပြန်အလှန် ကျေးဇူးပြုကြသည်။  တချီတချီ လေက တွန်းကန်ပေးလျှင် လွင့်ခဲ့ရသည်။  လေငြိမ်ခိုက်တော့ မျောရသည်ပေါ့။  အလိုက်သင့် အလျားသင့်ပါပဲ။  လေသယ်ဆောင်သည့်အတိုင်း ပါလာရသည့်အဖြစ်ကို သက်တောင့်သက်သာ ရှိလှသည်ဟု တချို့က ထင်ကောင်းထင်မည်။  အလိုက်သင့် ငြိမ်ဝပ်ရနေချိန်တိုင်းမှာ အဇ္ဈတ္တထဲ စီးချင်းထိုးနေရသည့်အဖြစ်ကိုတော့ သိမြင်ကြလိမ့်မည်မဟုတ်ပေ။  နုနယ်လှသည့် အရာဝတ္ထုလေးသည် သူ့ရှင်သန်မှုအတွက် ဓာတ်ကြီးလေးပါးကို ကလန်ကဆန်မပြုစကောင်း၊ အချိန်မရွေး ပျောက်ကွယ်ချုပ်ငြိမ်းသွားနိုင်သော မီးဖြူပွင့်လေး အလင်းရှိန်မလျော့စေရန် မှော်ရုံတောကိုလည်း ဖန်တီးပေးရမည်။  သမမျှတစွာလွင့်မျောခြင်း အတတ်ပညာကိုလည်း ဖြည့်ဆည်းပေးရမည်။  သည်နည်းနှင့်ပင် လဲမှို့ပွင့်လေးသည် သူ၏ ပကတိဖြစ်တည်မှုကို မပျက်ယွင်းအောင် ကျားကန်ခဲ့သည်။  မကြာမီမှာတော့ အစိမ်းဥသောတောကို ရောက်လိမ့်ဟု အားတင်းရသည်။  လမ်းခုလတ်တွင် ကြေမွပျက်သုဉ်းသွားမည်ကိုတော့ စိုးလှသည်။  သည်လိုသာ လွယ်လွယ်နှင့် အရိုးကျကြေးဆိုလျှင် ခရီးမစမီကတည်းက ခြေမွခံလိုက်ရတာကမှ တော်ပါလိမ့်ဦးမည်။  သည်အထိ ခရီးရောက်ပြီးမှတော့ နောက်ပြန်မလှည့်လိုတော့။  နောက်ဆုတ်လိုလှသည့်တိုင် ခြေရာစွတ်ကြောင်းသည် လေတွင် မကျန်ရစ်၊ ရွေ့ခဲ့ရသည့် ဆံခြည်မျှင်အကွာအဝေးတခုစီတိုင်း တဖြုတ်ဖြုတ် ပျောက်ကွယ်နှင့်ပြီ။

တခါတရံ နောက်သို့စောင်းငဲ့ကြည့်ရန် အားထုတ်စဉ်မှာပင် လက်ရှိတည်နေရာသည် တခဏအတွင်း လွန်ခဲ့ပြီးသော ခရီးဖြစ်သွားပြန်သည်ကို တွေ့ရသည်။ လျှပ်ပြက်ချိန်ကမှ ကြာပါလိမ့်ဦးမည်။ သူ ရပ်နားလို့မရ၊ ရှေ့သို့ တိုး၍ ရွေ့မလား၊ အောက်သို့ ပြုတ်ကျခံမလား သည်နှစ်ခုထဲက တခုကိုသာ ရွေးစရာရှိသည်။ မြေပြင်ကိုသာ သူ ရွေးချယ်ခဲ့လျှင် လေနှင့်အတူ ပါလာသည့် ဖုန်မှုန့်သဲမှုန့်များက သူ့ကို ၀ါးမြိုဖုံးလွှမ်းကာ လက်စတုံးဖျောက်ပစ်ကြမည်သာ။ လဲမှို့ပွင့်တပွင့် ထာဝရတည်တံ့နေစရာ မည်သည့်အကြောင်းမှမရှိပေ။ သူသည် လက်ပံသီးထဲက အညိုရောင် အဆံပေါင်းများစွာထဲက အဆံတခုမျှသာ ဖြစ်သည်။ ထိုအဆံမှာ လက်ပံသီးများစွာထဲက လက်ပံသီးတခုဆီက လွင့်ထွက်လာရသည်။ ထိုလက်ပံသီးကို ရွာဝန်းကျင် လက်ပံပင်ပေါင်းများစွာထဲကမှ လက်ပံပင်တပင်ဆီက ရခဲ့သည်။ လက်ပံပွင့်သော ထိုရွာသည် လက်ပံပင်တန်းပိုင်ဆိုင်သော ရွာများထဲက တခု၊ ထိုရွာများစွာသည် တနိုင်ငံထဲတွင် ရှိပြီး ထိုနိုင်ငံသည် ဒေသတခုထဲတွင် အခြားနိုင်ငံများနှင့်အတူ ပါဝင်ကာ ထိုဒေသသည် ကမ္ဘာမြေ၏ အစိတ်အပိုင်းတခု။ သည်တော့ လဲမှို့ပွင့်လေးသည် လေဟာနယ်တွင် မြင်နိုင်စွမ်းမရှိလောက်အောင် သေးငယ်သော အနုမြူမှုန်သာသာ။ လွင့်သည်။ လွင့်ပြီးရင်း လွင့်ခဲ့ရသည်။ မှေးငိုက်စက်ပျော်ခွင့် မပေးဘဲ လွင့်ခဲ့သည်။  ကြာရှည်မရပ်နားနိုင်ဘဲ လွင့်ခဲ့သည်။ မည်သည့်အရပ်ကို ဦးတည်နေမှန်း မသိဘဲ လွင့်ခဲ့သည်။ မည်သူကမှ ပြေးမလိုက်ပါဘဲလျက် လွင့်ခဲ့သည်။  မည်သည့်အတွက်ကြောင့် လွင့်ရမည်မှန်းမသိဘဲ လွင့်ခဲ့ရသည်။ လွင့်သည့်အခိုက် တောင့်တမိသည့် စိမ့်၍စိမ်းသော အရပ်သို့ ရောက်မည်၊ မရောက်မည် မမှန်းဆနိုင်ဘဲ လွင့်ခဲ့သည်။ သူ့ဒြပ်ပေါင်းစု မပြိုကွဲမီအထိ လွင့်ခဲ့သည်။

(၃)
အစကတော့ ဟုတ်သယောင်ယောင် ရှိသည်။  တပြွတ်တခဲ လဲမှို့အုပ်ကြားကနေ တိုးထွက်ကာ ဟင်းလင်းပြင်ထဲ တကိုယ်တော်ရွက်လွင့်ရသည်က ကျယ်ပြန့်ဆန့်ပြောလွန်းလှသည်။ သူ့အတွက်နေရာကား တောင်းတတောင်းစာလည်း မဟုတ်၊ လတဆန့်စာလည်း မဟုတ်၊ အိမ်တလုံးမျှသာလည်း မဟုတ်ပေ။ သွားသလောက် အလျားရော အနံပါ ဆန့်ကားထွက်လာသည့် အဆုံးမဲ့ခရီး၏ ထပ်တိုးမိုင်တိုင်များပေမို့ အနားသတ်ကို ကြိုမြင်နိုင်စွမ်းမရှိပါ။ မိုင်တိုင်များစွာ လွန်မြောက်လာသည့်အခါ တပွင့်တည်းသောအဖြစ်သည် အကာအကွယ်မဲ့မှန်း ရိပ်စားမိလာသည်။ သည်အချိန်တွင် ခရီးလည်း ပန်းပြီမို့ လဲမှို့ပွင့်လေး နားလိုလှပြီ။ နားခိုခြင်းနှင့် ရပ်တန့်ခြင်း သဘောချင်းမတူညီကြောင်း ကွဲပြားစေရန် သူ အနေမှန်ဖို့တော့ လိုပါလိမ့်မည်။ သူသည် မြေသြဇာဖြစ်လိုသူ မဟုတ်၊ တစုံတရာတွင် ရစ်ပတ်တွယ်ကပ်၍ သူ့နောက်ဆုံးခွန်အားကို ထူမတ်လိုခြင်းမျှသာ။

တနေရာရာတွင် ခိုဝင်နားတော့မည်ဟု ဆုံးဖြတ်လိုက်တော့မှ ခရီးပန်းသည့်ဒဏ်က တရိပ်ရိပ်သာကဲ၍ ပြလာသည်။  အားလျော့စိတ်ကလည်း တစတစ အလေးသာလာသည်။ သို့ပေမယ့် တွေ့မြင်ရသမျှကမူ တစက်မှ ရှုပျော်စရာမရှိလှချေ။ ဖုန်အလိမ်းလိမ်းနှင့် မွဲခြောက်ညစ်ထေးနေသော အပင်အိုများ၊ အရိုးတံငေါငေါ သစ်ကိုင်းခြောက်များ၊ ဆူးခြုံတောများ၊ ခြေရာလက်ရာ ပျက်နေသော မြေကမူများ၊ ခင်တန်းတလျှောက် ကျွမ်းလောင်နေသော မီးရောင်စဉ်တန်း၊ အမှောင်မချည်းမီ အမည်းဖုံးသော မီးခိုးတန်းများ၊ အပူတချောင်းချောင်းမှုတ်ထုတ်နေသော သဲဆန်သော မြေ၊ ပိန်လှီနေသော နွားတအုပ်၊ ငိုက်စင်းစင်း နေကြာခင်းနှင့်၊ ဖြစ်ထွန်းဟန်မရှိသည့် ညှိုးရော်နေသော ပဲခင်းများ၊ အသီးများ ခြောက်နှင့်နေပြီဖြစ်သော ဘောစကိုင်းပင်တန်း၊ “ထနောင်းခေါက် မခွာရ” ဟူသော ဆိုင်းဘုတ်ချိတ်ဆွဲထားသော်လည်း အခေါက်ပြောင်ချောနေသော ထန်းနောင်းပင်များ၊ မိုးရာသီတွင် ချောင်းဖြစ်ခဲ့ဟန် ရှိသည်ဟု မှန်းဆနိုင်သော အလယ်တွင် ချိုင့်ဝင်ကာ ဘေးတဖက်တချက်တွင် ကျောက်စရစ်ကာရံပေးထားသော သေးမြောင်သည့် လမ်းကြောင်းငယ်တခု၊ စေတီဟောင်းအဖြစ်သာ မည်ကာမတ္တရှိတော့သော ပြိုကျလုနီး အုတ်ပုံကြီး၊ ထိုးထိုးထောင်ထောင် တံမြက်စည်းပင်များ၊ ခြောက်ကပ်ရုံမက ပြားဝပ်နေပြီဖြစ်သော မြက်တော။ ထို လွင်ပြင်ကို ဖြတ်ခိုက် လဲမှို့ပွင့်သည် သူ့ပန်းဖွားဖြူများကို တတ်နိုင်သမျှ စုစည်းထားသည်။ တိုက်စား စွန်းထင်း မခံလိုပေ။ ညိုရင့်မှိုင်းပျသော နယ်မြေသည် နားခိုကာ အားမွေးလိုသူ သူ့အတွက် မလာကောင်းသော အရပ်သာ ဖြစ်၏။ လေကလည်း အရှိန်မလျှော့၍သာ တော်တော့သည်။ အသက်ရှူသွင်းလိုက်တိုင်း ဖုန်မှုန့်သာ ပါလာဖွယ်ရှိသော ကန္တရတောကနေ သူ မြန်မြန်ထွက်မှ တော်ကာကျမည်။

သို့သော် ပူသော လေသည် နွေးသောအဆင့်ကို တဖြည်းဖြည်းလျှော့ချကာ ရေငွေ့နှင့်အတူ အစိုဓာတ်ပါလာပြီမို့ ခိုနားရာကို ကြာရှည်ရွေးချယ်လို့မရ၊ တနေရာရာတွင် ၀င်အောင်းမှ ရတော့မည်ကို သူ ရိပ်စားမိလိုက်သည်။ လေသည် သုန်လာရမှ မှုန်လာသည်။ မကြာမီ ထန်ချေရော့မည်။ ပထမအချီ “၀ူး” ခနဲ လေကြမ်းက ဆောင့်တွန်းလိုက်တော့ ၀န်းကျင်တွင်ရှိသော သစ်ရွက်ခြောက်များနှင့်အတူ လဲမှို့ပွင့်လေးခမျာ အလဲလဲအပြိုပြို အရောရောအထွေးထွေး ဟိုတိုက် သည်ဆောင့်၊ ဟိုပွတ် သည်တိုးနှင့် နောက်ဆုံး ညောင်ပင်တပင်တွင် သူ ခိုကပ်မိသည်။ ညောင်ပင်မှန်း သိတော့ ၀မ်းသာလိုက်သည့်ဖြစ်ချင်း။ အကြောစိမ်းမျှသော အရွက်များမရှိသော်ငြား တောင့်တင်းသော ပင်စည်နှင့် အရွက်ချင်းထပ်လုနီးပါး ယှက်ဖြာသော အကိုင်းအခက်များက လဲမှို့ပွင့်လေးအတွက် အရိပ်ပေးပါလိမ့်မည်။ အရွက်သုံးရွက်ကြားတွင် သူ ပိနေသည်။ အစပိုင်းမှာ သူ တုန်ရင်ဟိုက်မောနေသေးသည်။ လွတ်ဟာနေသည့် အချို့သော အဖြူရောင်အမွေးနုများက လှုပ်ခတ်နေဆဲ။ တလွင့်လွင့် အမျှင်များကို ချွန်းအုပ်ရန် သူ အားထုတ်သေးသည်။ အရွက်အကြိုအကြားမှ ပြုတ်ကျကာ တဖန်မျောလွင့်ရမည်ကို ကြောက်၍ ဖြစ်သည်။

အရိပ်ကောင်းသော်လည်း ဆိတ်ငြိမ်ခြင်းမရှိ။ အထူးသဖြင့် ညောင်သီးလာစားသော ငှက်အုပ် အော်မြည်သံက စူးရှလွန်းသည်။ နေ၀င်သွားလျှင်တော့ ရပ်နားကောင်းရဲ့ဟု သူ မျှော်လင့်မိသည်။ ထိုစဉ် ငှက်တကောင်က လဲမှို့ပွင့်လေးကို မမှိတ်မသုန် ကြည့်နေသည်။ သူ့အစာမှတ်၍ ထင်သည်။ လဲမှို့ပွင့်၏ အမွေးဖြူများ လှုပ်နေသည့်အတွက် သတိကြီးကြီးထားကာ စောင့်ကြည့်နေပုံရသည်။ လဲမှို့ပွင့်လေးသည် ပန်းဖွားများကို ထိန်းချုပ်ရန် ကြိုးစားသည်။ သူ မလှုပ်ရဲတော့။ တုပ်တုပ်မျှ သူ မလှုပ်ရဲတော့။ ငှက်၏ ချွန်မြသော နှုတ်သီးထက်ဝယ် သူ ဘ၀ပျက်တော့မည်လား။ ခေါင်းဟုသတ်မှတ်ထားသော အညိုရောင်အဆံနှင့် ပန်းဖွားကို တသီးတခြား ခွဲထုတ်လိုက်လျှင်သော်လည်းကောင်း၊ သူ့ ပန်းဖွားများကို တဖဲ့စီ ဆွဲခွာလိုက်လျှင်သော်လည်းကောင်း သူ ကြေပြုန်းရပါလိမ့်မည်။

ငှက်သည် ကိုင်းထက်ကနေ လဲမှို့ပွင့် ကပ်ငြိရာ ကိုင်းဖျားသို့ တဖြည်းဖြည်း ဆင်းလာသည်။ သည်တော့ လဲမှို့ပွင့်သည် သူ့ပန်းဖွားများကို နဂိုစုစည်းထိန်းချုပ်ကာ ငြိမ်ဝပ်ဟန်ဆောင်နေရာက အခြေမဟန်တော့ပြီမို့ အတင်းရုန်းထွက်ရန် ကြိုးစားသည်။ ခွန်အားရှိသမျှ သူ လူးလွန့်သည်။ သူ့အပေါ် ပိကျနေသော ညောင်ရွက်များကို တွန်းလှန်သည်။ မရ။ သူ့အတွက် လေးလံလွန်းနေသည်။ ငှက်က သူ့အနား နီးကပ်လာတော့ လဲမှို့ပွင့်လေး တုန်ရီလာသည်။ ကြောက်အားလန့်အား ဖြစ်လာသည်။ သည်အခါမှ တကယ့်ကို ကူကယ်ရာမဲ့လေပြီ။ ငှက်က သူ့နှုတ်သီးဖြင့် လဲမှို့ပွင့်ကို ဆွဲယူရန် ဟန်ပြင်လိုက်စဉ်မှာပင် မိုးခြိမ်းသံနှင့်အတူ ညောင်ပင်ထဲရှိ ငှက်အုပ်သည် ဝေါကနဲ အုံနှင့်ကျင်းနှင့် ထပျံကြသည်။ သစ်ကိုင်းသည် ခါ၍ ကျန်ခဲ့သည်။ လဲမှို့ပွင့်လေး သေတွင်းမှ လွတ်ခဲ့ပြီ။

(၄)
သို့သော် နောက်တချီ လာပြန်ပြီဟေ့ဟု ဆိုရဦးမည်။ လေကြောင်းက သူ့ကို မြစ်ဆီသို့ သယ်ဆောင်နေပြီ။ သည်တခါတော့ဖြင့် သူ တကယ် နစ်မြှုပ်ရတော့မည်လား။ သည်ကြားထဲ သူ့ အမွေးဖြူများ တချို့လည်း ပျောက်ရှခဲ့ရပြီ။ သူ့ပုံပန်းလည်း မမှန်ချင်တော့။ လေက အထက်သို့ပင့်ကာ မတိုက်ဘဲ မြစ်လယ်ရောက်မှ အရှိန်လျှော့လျှင် သည်တခါ သူ ရုန်းကန်နိုင်တော့မည်မဟုတ်။ ချိနဲ့နေပြီဖြစ်သော သူ့အတွက် ရေတစက်စိုရုံမျှနှင့် ရုန်းမကြွနိုင်တော့။ လဲမှို့ပွင့်လေးတွင် ကြောက်လန့်အားငယ်စိတ်သာရှိသည်။ စိမ်းသောတောဆီကိုလည်း စိတ်မရောက်နိုင်တော့၊ မာန်သွေးလည်း မကြွတော့၊ မည်သည့်အရာကိုမှလည်း တောင့်မခံနိုင်တော့၊ တောင့်မခံလိုတော့။ အဆုံးသတ်ပြီဆိုပါက အမှန်တကယ် နားရမည်ဆိုလျှင် မျောပါရသည့်ဘ၀ကို သူ အဆုံးသတ်လိုက်ချင်ပါပြီ။

သို့ပေမယ့် သည်တခါလည်း ကံကြမ္မာက သူ့ကို အလှည့်ပေးပြန်သည်။ မြစ်သို့မရောက်မီ ကမ်းပါးပေါ်က လက်ပံပင် အကိုင်းအဖျားတွင် လဲမှို့လေး ကပ်ငြိနေရစ်ခဲ့သည်။ အပင်တွင် ကျန်ရစ်သော အချို့သော လက်ပံပွင့်ဖတ်များကြားက လက်ပံပွင့်တပွင့်၏ ၀တ်ဆံများကြားအတွင်းသို့ လဲမှို့ပွင့်လေး ရောက်ခဲ့ရသည်။ သည်လက်ပံပင်ကလည်း သည်နယ်ထဲက လက်ပံပင်ပေါင်းများစွာထဲက တပင်။ နယ်မြေကွာသော်လည်း လက်ပံပင်သည် လဲမှို့ပွင့်၏ မိခင်ရင်းဖြစ်သည်။ သူ့အတွက် စိတ်လုံခြုံသွားရသည်မှာ ဆိုဖွယ်မရှိတော့။  ရဲစို၍ ငွားစွင့်နေသော လက်ပံပွင့်ဖတ်များက လဲမှို့ပွင့်လေးကို အကာအကွယ်ပေးပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အဆုံးမတော့ မိခင်ထံပါး ပြန်လည်ရောက်ရှိရသည်နှင့်ပင် ကျေနပ်လှပါပြီ။ လဲမှို့ပွင့်လေး အလဲထိုး မခံရသေး။ သူ စိတ်ဒုံးဒုံး ချလိုက်သည်။ အားရပါးရ နားတော့မည်။

လဲမှို့ပွင့်လေး တဖြည်းဖြည်း ငြိမ်သက်ခါနီးမှ လေသည် ဒေါသမာန်ဟုန်တကြီး ခပ်ပြင်းပြင်းဆွဲမွေ့ယမ်းလိုက်သည်။ လေကြီးနှင့်အတူ မိုးကြီးလည်း လိုက်လာလေပြီ။ ရေစက်မှုန်များသည် ကောင်းကင်ယံကနေ တဗြုန်းဗြုန်းတဗျင်းဗျင်း အရှိန်နှင့် လိမ့်ကျလာသည်။ လဲမှို့ပွင့်လေး ခိုအောင်းနေသော လက်ပံပွင့်အပါအ၀င် လက်ပံပွင့်တော်တော်များများ ကြွေကျရပြီ။ မိုးသည် တညလုံး သည်းကြီးမည်းကြီးရွာလေသည်။ လက်ပံပွင့်များသည် ရွရွလေးကြွေကျရသည်မဟုတ်ဘဲ မိုးလေအရှိန်နှင့် အခြွေခံခဲ့ရသည်ဖြစ်၍ နောက်တနေ့ မိုးလင်းတော့ ရိနွမ်းဖတ်လေပြီ။ သည်ဘက်သည် လူအရောက်အပေါက်နည်းသဖြင့် သူတို့ကို ကောက်ယူမည့်သူ တဦးမျှ မရှိပေ။ မကြာမီထိုလက်ပံပွင့်များသည် နေရောင်ရလာလျှင်တောင် တဖြည်းဖြည်း ညိုမည်းတွန့်လိမ်ကာ နောင်လပိုင်းမျှ ကြာလျှင် မြေသြဇာဖြစ်ရမည်သာ။

လဲမှို့ပွင့်လေးသည် ညို့မောင်းရည်မြသော တောကို မရောက်မီ သူ အင်မတန်ကြောက်လှသော မြေမှုန့်ဘ၀သို့ ရောက်လေပြီ။  သို့သော် အဆုံးသည် အစ ဖြစ်ပါ၏။

မျက်ရှု

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၃)၊ မတ်လ ၂၀၁၆ ခုနှစ်ထုတ်တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်