မင်းကိုနိုင် ● တို့ဘိုးဘွားတွေရဲ့ ပုံတူ

May 22, 2016

 

● တို့ဘိုးဘွားတွေရဲ့ ပုံတူ
(မိုးမခ) မေ ၂၂၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးပါသည်။

ယောမြို့က ပြန်ခဲ့တယ်။
”ယောပြန်ဆရာ ဘယ်သူဘယ်ဝါ” တဲ့။ ”ဧည့်သည်ကို ချစ်ခင်လျှင် ဖျာနှင့်ခွာမရ အထခက်အောင် ကျီစယ်တတ် တယ်” တဲ့။ ကြားဖူးနားဝတွေက ခရီးသွား အတွက်တော့ ကျီးလန့်သလိုရှိနိုင်ပါသည်။

ယောနယ်သည် ထင်သလောက် ဂမ္ဘီရမဆန် ပါ။ ခေတ် အလျောက်ပြောင်းနေသော ဖက်ရှင်ရေစီးကြောင်းနောက် ယောနယ်က လိုက်ပါမသွား။ အားလုံးနီးပါးသော မိန်းမပျို ငယ်ရွယ်လတ်ကြီးတို့မှာ ရိုးရာအတိုင်းသာဝတ်ဆင်လျက် အလုပ်ခွင် စာသင်မပျက်၊ နေ့စဉ်ဘဝထဲ ရှိနေပါသည်။ ဒီလိုဆိုလို့ ခေတ်ကိုမျက်ခြည်ပြတ် ကျန်ခဲ့ပြီဟုတော့ မမှတ်စေ လိုပါ။ သူတို့က ဥာဏ်ပညာကိုတန်ဖိုးထား၊ စာပေကို နှစ်လိုသူများ။

ဂန့်ဂေါဆိုလျှင် နိုင်ငံ့ဝန်ထမ်းများအတွက် ရှားပါးစရိတ်၊ လမ်းပန်းဝေးလံ၍ အပိုဆောင်းပေးရသောဒေသဖြစ်သည့် တိုင် အင်တာနက်တော့ မိပါသည်။ အင်တာနက်ဆိုသော ပြတင်းမှအလင်းရောင်ဖြင့် ပြင်ပကမ္ဘာကို သူတို့ရှုမြင် သုံးသပ် သည်။ ပြတင်းမှဝင်လာသော အဆိပ်အတောက်ဆန်သည့် အရာများကိုတော့ သန့်စင်ဖယ်ရှားနိုင်စွမ်းသူများ ဖြစ်နေဆဲပါ။

စာပေဟောပြောပွဲစချိန်မှာ မိုးသဲကြီးမဲကြီးရွာသည်။

ပွဲပျက်ပြီဟု စိတ်ဒုန်းဒုန်းချပြီးကာမှ မိုးတိတ်ရာတွင် ပွဲခင်းအလယ် ငုတ်တုတ်ကြီးတွေ ထိုင်နေသောပရိသတ်ကို တွေ့ရပါတော့သည်။

ပွဲစီစဉ်သူများက နောက်တစ်နေ့ပြန်ချိန်းမယ်။ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ အမိုးအကာရှိတဲ့နေရာ နေ့ဘက်ပြန်လုပ်ပေးမယ်ဆိုတာလည်းမရ။ ”နေ့ဘက်ဆိုမအားဘူး။ အခုလိုလည်း မသေချာဘူး။ အခုသာပွဲစ တစ်ညလုံး နားထောင်မယ်”တဲ့။ ဒါနှင့်ပင် နားထောင်ရဲရင် ဟောရဲရမယ်မှတ်ယူကာ သန်းခေါင်တိုင်သည်အထိ အချီအချညီခဲ့ ကြပါသည်။

ဒုတိယအကြိမ်မှာတော့ ယောနယ် ဆောမြို့သို့ ရောက်ခဲ့ပြန်သည်။ ထိုဒေသတစ်လျှောက် ကျွန်တော်စွဲလမ်းမိ သောအချက်မှာ အနေရိုး၊ အစားရိုးခြင်းဟူသောအလှပေါ်တွင် ရှေးမြန်မာတို့၏ စိတ်ထားသင်္ကေတတစ်ခုကို ဒီနေ့အထိ ထိန်းသိမ်းထားနိုင်ခြင်းဟူသည့် တစ်ပွင့်ပန်းဖြင့် အယဉ်ဆင့်ပြခြင်းပင်ဖြစ်ပါသည်။

ရှေးက ကျွန်တော်တို့ဘိုးဘေးများသည် ခရီးသွားများထံမှ တည်းခိုစရာအခကြေးငွေယူသည့်စီးပွားမလုပ်သလို ရေလည်းရောင်းမစားခဲ့ကြပါ။ စာပေများတွင်ဖတ်ဖူးသည့် ဘေးပတ်ဝန်းကျင်က သမိုင်းကြောင်းကြီးသော နိုင်ငံများတွင် ထမင်းဆိုင်၊ ဟင်းဆိုင်နှင့် တွဲလျက်ဖြစ်စေ၊ သီးခြားဖြစ်စေ၊ှုညည ဟုခေါ်နိုင်မည့် နားနေကွန်းခိုရာများလို အခကြေး ငွေဖြင့် ငှားရမ်းခြင်းမျိုး မြန်မာ့သမိုင်းတွင် မရှိခဲ့ပါ။

ယောနယ်အနှံ့ ဇရပ်အိုတွေက ခရီးသွားများ အပေါ် မြန်မာတို့ ၏စိတ်ရင်း ကိုပြခဲ့သလို ဇရပ်သစ်တွေဖြင့်လည်း ပြနေဆဲ။ မည်ကာမတ္တမဟုတ်။ အခုချိန်အထိ ခရီးသွားများ၊ ဈေးသည်များတည်းခိုခွင့် အခမဲ့ရနေဆဲ။ ရေအိုး စင်တွေက လည်း ဇရပ်တိုင်းတွင်သာမက အရိပ်ကောင်းရှိရာ သစ်ပင်အခြေများ တွင် ရေကြည်အေးနှင့်ဧည့်ခံမြဲ။

ကမ္ဘာတစ်လွှားမှာ မိုတယ်၊အင်း၊ ဧည့်ရိပ်သာစီးပွားရှာမှုတွေ တွင်ကျယ် လာပေ မယ့် ယောနယ်ကတော့ မြန်မာ့ စိတ်ရင်းကိုဇရပ်၊ ရေအိုးစင်တွေဖြင့် သက်သေ ထူဆဲ။
ံ………………………………
လောင်းရှည်တဲ့။

ကုန်းဘောင်ခေတ်နှောင်းမှာ ဘုရင့်မယ်တော်စားတဲ့မြို့။
မြင်ကွန်း၊ မြင်းခုန်တိုင်အရေးမှာ ဘုရင့်သစ္စာရှိဘက်တော်သားအဖြစ် ဓားချက်များ ထင်ကျန်ခဲ့သူစားတဲ့မြို့။

ပြီးတော့ ရာဇဝင်ထဲ အစိမ်းသက်သက်၊ ပေကပ်နေခဲ့တဲ့မြို့။ ကုန်းဘောင်ပဲလားမေးတော့ ပုဂံခေတ်လက်ရာအုတ်ဂူ စေတီတွေ။ အေဒီ ၁၁ ရာစု အုတ်ခွက်ဆင်းတုတွေ ထုတ်ပြတဲ့မြို့။ပုဂံခေတ်က စစ်သားထောင်ချီစုပေးရတဲ့ ထောင်ပြု မြို့။
လောင်းလှေတွေရွေတဲ့အရပ်မို့ လောင်းရွေ။ အဲဒီကနေရွေ့တော့ လောင်းရှည်လို့ခေါ်တဲ့မြို့။
ငှက်ခါးတောင်လိုက်ကာကို တွန်းအဖွင့်မှာ ပန်းချီပြခန်းလို တခမ်းတနားကြီးသွေးဆောင်ပုံက ရောင်စုံကားချပ်
တွေ တန်းစီချိတ်ဆက်ထားသလို တချို့နေရာတွေမှာ ပုဂံမြို့ဟောင်း ပြန်ရောက်သလားထင်ရ။

ပန်းချီ—-တစ်ချပ် ဆွဲချင်လျက်။

ကဗျာ—-တစ်ပိုဒ် စပ်ချင်လျက်။

အက်ဆေး—တစ်ပုဒ် ရေးချင်လျက်။

လှေကားရင်း ဖိနပ်ချွတ်မှာတင် ရပ်ငေးမ၀တဲ့မြို့။

မှတ်စုကြမ်းကို ချရေးလျက်မှ ကျွန်တော်ရောက်နေရာမြို့ကလေးကို ငေးမောမိသည်။ သီပေါမင်းရဲ့ မယ်တော် လောင်းရှည်မိဖုရား၊ နန်းတွင်းအရေးတော်ပုံကရခဲ့တဲ့ ဓားချက်နဲ့ထင်ရှားတဲ့ လောင်းရှည်စားမင်းကြီးစသဖြင့် ကျွန်တော်
တို့ မှတ်မိရုံလောင်းရှည်။ အခုပြန်တွေ့ရတော့ ရာဇဝင်ခေတ်ဟောင်း ထဲ ပြန်ရောက်သွားသည့်နှယ်။

×××××××××××

တောတောင်တွေကိုမှီပြီး စပါးကြီးသည်းခြေ၊ ဝံသည်းခြေ၊ ကျားစွယ်ကျားရေ၊ ပျားရည်တွေ ထွက်ခဲ့တဲ့မြို့။ အခုတော့ တောတွေပြုန်းချိန်မှာ မိရိုးဖလာတောင်ယာနှင့် လယ်လုပ်အသက်ဆက်နေရတဲ့မြို့။ ရှေးဟောင်းဘုရားတွေစီ
စိန်ပန်းနီတွေက ထီးမိုးလို့၊ အနီးဆုံး ဆောမြို့နှင့် ၁၂ မိုင်အကွာ ကားလမ်းပေါက်တာ မကြာသေး။ စိုက်ပျိုးရေးအခြေခံကို သစ်ဝါးအလုပ်နှင့်ရံထားရသည့် သူတို့အတွက် သဘာဝကမျက်နှာသာပေးသည်တော့ မဟုတ်ပါ။

တောင်ကျချောင်းရေဒဏ် စိုက်ခင်းတွေ နှစ်စဉ်ခံရ ဒီတာတမံ၊ ဒီချောင်းတွေကို ဒီလက်ချောင်း၊ ဒီလက်မောင်းတွေနဲ့ပဲ ခြေကန်ဆယ်ရဦးမှာပါပေါ့။
ချောင်းရေထဲ နေကုန်စိမ်တော့ အကြောတွေဆိုင်း ခါးတွေကိုင်းလည်း ခဲခဲကိုက်ကိုက်
ထရုန်းလိုက်ပဲ ငိုက်လဲမခံတဲ့ ယောနယ်အလံ။—–။ လမ်းတစ်လျှောက် ဇရပ်နှင့် ရေအိုးစင်တွေ မကြာခဏတွေ့နေ၍မစိပ်လွန်းဘူးလားဟုမေးရာ ဒေသခံတစ်ဦးက

“ဒါတော့ ကျွန်တော်တို့က ကားနဲ့သွားလို့ ဒီလိုမြင်တွေးမိတာကိုး။ ဟိုတုန်းကလှည်းနဲ့သွားကြ၊ လမ်းလျှောက်သွားကြရတာ အထုပ်အပိုးတွေနဲ့ ဆိုတော့ မောတိုင်းနားဖို့ လိုတာကိုး” တဲ့။ ထိုဇရပ်ရေချမ်းစင်များမှာ အခုထိလည်း အသက်ဝင် အဖိုးတန်နေမြဲပါ။ ခရီးပန်းလူသားတွေရဲ့အားကိုးတကြီး
ခြေလှမ်းတွေကို လက်ကမ်းကြိုနေမြဲ။

“အရင်ဒီနယ်တစ်ကြောကဇရပ်တွေမှာ လူတွေနားခိုရင်း ချက်ပြုတ်စားဖို့ အိုးခွက်ပန်းကန်တွေပါ ထားပေးခဲ့ကြတယ်။” ဟု ဒေသခံရှေ့မီနောက်မီတစ်ဦးက အတိတ်ကိုလွမ်းရင်းပြောပြသည်။ ကျွန်တော့်မျက်စိထဲမန်ကျည်းရိပ်၊ ထနောင်းရိပ်များတွင် လှည်းတံပိုးတွေချွတ်ကြ။ နွားတွေကို အနားပေး အစာကျွေး ရေတိုက်ရင်း မီးခိုးတလူလူ ချက်ပြုတ်စားနားနေခဲ့ကြသည့် ရှေးကဘိုးဘွားခရီးသွားများကို မြင်ကြည့်မိပါသည်။

“ခရီးသည်တွေကလည်း အဲဒီစိတ်စေတနာကို အားကျမခံ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ငါးခြောက်ငါးခြမ်းကအစကိုယ့်မှာပိုနေရင် နောက်လူတွေအတွက် ထားခဲ့ကြပြန်တယ်” ဟူ၍ သူက ဆက်ရှင်းပြပါသေးသည်။

ရှေ့လူထားခဲ့သော အိုးခွက်များဖြင့် ချက်ပြုတ်စားကြသူများက ဒါတွေဟာ ရုပ်ဝတ္ထု အိုးခွက်တွေသာ မကပါလား စိတ်စေတနာအစဉ်အလာကောင်းတွေပဲဟု ခံစားကာ “ငါ့မှာပိုတဲ့ ရိက္ခာကိုလည်း သူ့လိုသဒ္ဓါနဲ့ ထားခဲ့မယ်” ဟု တွေးမိကြဟန်တူပါသည်။
ရှေ့ကစေတနာရှင်ကို မမြင်မသိဖူးသလို နောက်ကဆက်ခံမည့်ခရီးသည်ကိုလည်း အသွေးအရောင် အယူတူမတူ
မှန်းဆရနိုင်သည့်အရာမဟုတ်ပါ။ သို့ပါလျက် သူတို့ကြည်ဖြူ စွန့်၍လှူခဲ့ကြပါသည်။

ထိုခေတ်က ခရီးသွားများမှာ ကုန်ရောင်းသူအများစုပင်ဖြစ်သည့် အလျောက် နောက်လူမှာ ရောင်းကုန်တူပြိုင်ဘက်လည်းဖြစ်နိုင်သည်ကို မစဉ်းစားမိ
ဘဲနေမည်မဟုတ်။ စီးပွားပြိုင်ဘက်ဖြစ်ကာမှဖြစ်စေ ခရီးသွားချင်းအတူ ချမ်းသာပါစေဟူသော မေတ္တာသာအရင်းခံ
ခဲ့ကြပါသည်။

ဪ—ကျွန်တော်တို့ဘိုးဘေးများ ရင်အုပ်ကြီးတွေ ကျယ်ပါပေ့။

×××××××××

ရှေးလူကြီးများအပေါ် စက်မှုနှင့် နည်းပညာချို့ငဲ့ရန်ကောဟု ကျွန်တော်တို့ ငြိုငြင်ခဲ့ကြဖူး ပါသည်။ အခုတော့ ဒီလိုတွေးမိသည်။ ခုနေခါများ ကမ္ဘာလှည့်ခရီးသွားတွေက မင်းတို့ ဘိုးဘေးတွေအကြောင်း ပြောစမ်းပါ့ဆိုလျှင်ဖုန်ထူနေပူ လမ်းအိုထက်မှာ ရေချမ်းစင် ကို ပခုံးထမ်းနေသည့် ဇရပ်ထိုထိုဟာ တို့ဘိုးဘွားတွေပါပဲကွယ်ဟု ညွှန်ပြ
လိုက်ချင်စမ်းပါဘိ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်