ထူးထူး (တောင်ငူ) ● အေးမြအလင်းရှင်

May 25, 2016

● အေးမြအလင်းရှင်

(မိုးမခ) မေ ၂၅၊ ၂၀၁၆

အခန်း (၁)
ကိုရွှေထူး တယောက်ဒီရက်ပိုင်းအတွင်းဘယ်လိုမှနေလို့၊ ထိုင်လို့မရအောင်ဖြစ်နေတဲ့အကြောင်းလေးကတော့… တနေ့ ကိုရွှေထူးရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သတ္တမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ဖန်မီးအိမ်ရှင် ပရဟိတ ဆရာ ဝန်ဖြစ်သူ ဒေါက်တာသန်းမင်းထွဋ်က ရရှိခဲ့တယ်ဆိုတဲ့ သတင်းတခုတက်လာပါတယ်…

တပြိုင်နက်တည်းမှာပဲ… ဒါဟာ ငါ့ဆရာများလားပေါ့… သိချင်စိတ်ကို ဘယ်လိုမှ မျိုသိပ်လို့ မရတော့ပါဘူး။ အဲ့ဒါနဲ့ သတင်း ရင်းမြစ်ကိုဝင်ကြည့်ပြီး၊ ဓာတ်ပုံကိုတွေ့တော့မှ…. ဝမ်းသာကြည်နူးလိုက်တာ။ ဆရာမှ ဆရာအစစ်… ကျွန်တော့်ဘဝမှာ ဘယ်တော့မှမေ့လို့ရမှာမဟုတ်တဲ့ ဆရာပါပဲ။ ဆရာနဲ့ပတ်သက်ပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ဆောင်းပါးလေးတပုဒ်အဖြစ် ချရေးချင်မိပေမယ့်… ဒီတပတ်အတွင်း ကျောင်းကို Assignments တွေ အပြီးအပ်ရမှာဆိုတော့၊ ရေးချင်စိတ်ကို ရက်ပိုင်းလေးခဏချိုးနှိမ်ထားရပါတော့တယ်။ အခုတော့ Assignemnts တွေလည်း အားလုံးပြီးသွားပြီဖြစ်လို့… ဘဝတကွေ့မှာဆရာနဲ့တ ခဏကြုံတွေ့ခဲ့ရတာလေးတွေကို စာရှုသူများကိုပြန်လည်ဝေမျှပေးပါရစေ….

ဒီလိုပြောလို့ စာရှုသူများ နားရှုပ်ကောင်း၊ ရှုပ်သွားနိုင်ပါတယ်။ ပြန်ပြောပြရမယ်ဆိုရင်တော့ ဒီလိုဗျ…။
+++++

အခန်း (၂)
လွန်ခဲ့တဲ့ (၁၉) နှစ်ခန့်ကပေါ့…. နယ်မြို့လေးတမြို့ကနေ အစိုးရဝန်ထမ်းဖြစ်တဲ့ဖခင်ဖြစ်သူ ပြောင်းရွှေ့တာဝန်ကျရာ ရန်ကုန်ရွှေမြို့တော်ကြီးကို ကိုရွှေထူးတယောက်ရောက်လာခဲ့ပါတော့တယ်။ ဗိုလ်တထောင်၊ သံလျက်စွန်းမှာနေတဲ့ ကိုရွှေ ထူးတယောက်… ကျောင်းမှာ ဗိုလ်တထောင်သားတွေ ဖြစ်တဲ့ မင်းလွင်၊ သန့်စင်လင်းတို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။

ဆယ်တန်းကျောင်းသား ကိုရွှေထူးတယောက် ကျောင်းဖွင့်ဖွင့်ချင်းမှာ ရွာလည်ပါတော့တယ်…. ဘာဖြစ်လို့လဲဆိုတော့ ကျောင်းမှာဘာမှကို ဟုတ်တိပတ်တိ မသင်လို့ပါဘဲ။ ဒါနဲ့ မင်းလွင်နဲ့ သန့်စင်လင်းတို့ကိုမေးကြည့်တော့… ဒါကရန်ကုန်ရဲ့ အစဉ်အလာတခုလိုဖြစ်နေပြီတဲ့… ဖြစ်နိုင်ရင် သူတို့ကျူရှင်ကို လာတက်ပါလားတဲ့… ဈေးကလည်း ဝိုင်းကြီးတွေလိုမကြီးတဲ့ အပြင်၊ ဆရာ ဆရာမတွေကလည်း အသင်အပြကောင်းတယ်၊ သဘောလည်းကောင်းတယ်။ ဆရာတွေက ဆေး-၂ က Final part 2 သမားတွေ၊ ဆရာမက မဟာတန်းတတ်နေတာတဲ့။ အဲ့ဒါနဲ့ကိုရွှေထူးတယောက် သူတို့စာသင်ဝိုင်းကို တက်ဖြစ် ခဲ့ပါတယ်။ သူများဝိုင်းတွေမှာတဘာသာကို အဲ့တုန်းက (၅၀၀) ကျပ် ပေးနေရတဲ့အချိန်မှာ… ကိုရွှေထူးတက်တဲ့ဝိုင်းက တ ဘာသာမှ (၁၀၀)ကျပ် ပဲပေးရပါတယ်။

သူတို့ဝိုင်းက သူဌေးဝိုင်းမဟုတ်ဘူး။ ဆင်းရဲသားဝိုင်းပါတဲ့။ ဆရာ၊ ဆရာမတွေက ပိုက်ဆံအတွက် သင်ကြတာမဟုတ်ဘူးတဲ့။ အမှတ် (၃) သစ်စက်ဝန်းထဲက မဟာတန်းတက်နေတဲ့အစ်မကြီး မသင်းသင်းစိုး (ဆရာမ) ကို သူတို့တွေသွားအကူအညီ တောင်းလို့၊ ဆရာမကအစစအရာရာ စီစဉ်ပြီး၊ နောက်တခြားဘာသာတွေပါသင်ပေးဖို့ သူ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို မေးမြန်းစုံစမ်းပြီး၊ သူ့အိမ်မှာပဲ စာသင်ဝိုင်းလေးကို ဖွင့်ပေးခဲ့တာတဲ့။

အစကတော့ ကိုရွှေထူးတယောက်… အင်း … ဒီရန်ကုန်သား ငါ့ကိုပွားနေတာနေမှာပါလို့ တွက်မိခဲ့ပေမယ့် စာသင်ဝိုင်းကို ရောက်တဲ့အချိန်မှာတော့ အဲ့ဒီ့ထင်မြင်ချက်က လုံးဝမှားကြောင်း အချိန်ကြာလာတာနဲ့အမျှသိ  လာရပါတော့တယ်။
+++++

အခန်း (၃)
သိပ္ပံတွဲဘာသာရပ်မှာ – ဇီဝဗေဒဘာသာရပ်ကို ဆရာမကသင်သလို၊ ရူပဗေဒဘာသာရပ်ကို ဆရာဦးသွင်အောင်၊  နောက် ဓာတုဗေဒဘာသာရပ်ကို ဆရာဦးသန်းမင်းထွဋ်ကသင်ပါတယ်။ ဆရာတွေအကုန် အသင်အပြကောင်းသလို၊ တယောက်နဲ့တယောက်သင်တဲ့ပုံစံချင်းလည်း မတူပါဘူး။

ဆရာမက အမျိုးသမီးပီပီ နည်းနည်းပါးပါးဆူတာ၊ ပြောတာလေးတွေရှိပေမယ့်၊ ဆေးကျောင်းသားဆရာနှစ်ယောက်က တော့ လုံးဝမဆူပါဘူး၊ နားလည်အောင်ပဲပြောကြပါတယ်။ ဆရာဦးသွင်အောင်ကလည်း တမျိုးသဘောကောင်းသလို၊ ဆရာ ဦးသန်းမင်းထွဋ်ကလည်း တမျိုးထူးခြားပါတယ်။

ဆရာဦးသန်းမင်းထွဋ် ပုဆိုးဝတ်ပုံက တမျိုးထူးခြားပါတယ်။ ဆရာကပုဆိုးကို ခါးအထက် နည်းနည်းလေးတက်ပြီး၊ ခါးပုံစကို သေသေချာချာထုံးပြီးမှ သပ်သပ်ရပ်ရပ်ဝတ်ပါတယ်။ အရပ်ရှည်တဲ့ဆရာက အဲ့လိုဝတ်တဲ့အခါကျတော့ ပုဆိုးကပဲအနံတို တာလား၊ ဆရာကပဲ အရပ်ရှည်လို့လားတော့မသိပါဘူး….ပုဆိုး အောက်အနားစဟာ ဆရာ့ခြေမျက်စေ့အထက် တထွာအလို လောက်မှာပဲ ဂိတ်ဆုံးလေ့ရှိပါတယ်။

ဆရာကအဲ့လိုဝတ်တယ်ဆိုတာကို သတိထားမိတာကြာလာတော့ မင်းလွင်၊ သန့်စင်လင်းနဲ့ ကျွန်တော်ကိုရွှေထူးတို့ သုံး ယောက် (ဆရာကတော့ ကျွန်တော်တို့သုံးယောက်ကို မျောက်လောင်း (၃) ကောင်လို့ ခေါ်လေ့ရှိပါတယ်) ဆရာအရှေ့ရောက် ရင် ပုဆိုးချက်ပြုတ်မဝတ်ရဲတော့ပါဘူး။ ကျွန်တော့်တို့ခေတ်က ပုဆိုးချက်ပြုတ်ဝတ်တဲ့ခေတ်လေ… ဆရာကဘာမှမပြော ပေမယ့်… သူ့အလိုလို မတိုင်ပင်ထားကြပါဘဲ၊ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ပြင်ဝတ်လေ့ရှိပါတယ်။ ဆရာ့ကွယ်ရာရောက်ရင် မျောက်လောင်း (၃) ကောင် ပထမဦးဆုံးလုပ်တဲ့အလုပ်ကတော့ ပုဆိုးချက်ပြုတ်ပြန်ဝတ်ခြင်းပါပဲ။

နောက်ကျွန်တော်တသက်လုံးမေ့လို့ရတော့မှာမဟုတ်တဲ့အဖြစ်အပျက်တခုကတော့… တနေ့မှာ ဆရာ စာသင်နေတုန်း တ တန်းထဲထိုင်နေတဲ့ ဘယ်ဘက်အစွန်းဆုံးက သန့်စင်လင်းက တတွတ်တွတ်နဲ့ အလယ်မှာထိုင်နေတဲ့ မင်းလွင်ကို တွတ်ထိုး နေတာ။ ညာဘက်အစွန်ဆုံးမှာထိုင်နေတာက ကျွန်တော်ပေါ့။ အားလုံး စိတ်ပါဝင်စားစွာနဲ့ ဆရာစာသင်နေတာကို နား ထောင်နေခိုက် သန့်စင်လင်း တယောက် တိုးတိုးလေးပြောနေပေမယ့် အသံကတော့ အားလုံးကို သတိထားမိစေပါတယ်။

ခဏကြာတော့ ဆရာကစာသင်နေတာကိုရပ်လိုက်ပြီး သန့်စင်လင်းကို ကြည့်လိုက်ပါတော့တယ်။ ဘာစကားမှမပြောဘဲ သန့်စင်လင်းကိုကြည့်လိုက်တဲ့အကြည့်နဲ့ အဲ့ဒီ့တခဏတာ အခိုက်အတန့်လေးဟာ ကျွန်တော့်အတွက် တကမ္ဘာအလားကြာ တယ်လို့ခံစားမိသလို၊ တသက်လုံးလည်း မေ့လို့ရတော့မှာ မဟုတ်ပါဘူး။

ဆရာအကြည့်က ဒေါသပါတဲ့အကြည့်မဟုတ်ဘူး။ မေတ္တာဓာတ်အပြည့်ပါတဲ့အကြည့်… စူးရှပြီး၊ မီးဝင်းဝင်းတောက်နေတဲ့အကြည့်မဟုတ်ဘူး။ အေးမြပြီး ရင်ထဲမှာငြိမ်းအေးသွားစေတဲ့အကြည့်မျိုး၊ ဆရာ့ပါးစပ်က စကားလုံးတွေထွက်ကျမလာပေမယ့်၊ ဆရာ့မျက်လုံးတွေကစကားတွေအများကြီး ပြောနေခဲ့ပါတယ်။

ဆရာ့အကြည့်တွေက “ တပည့်ရာ… ဒီသင်ခန်းစာကအရေးကြီးတယ်ကွ…  မင်းအလေးအနက်ထားပြီး နား ထောင်သင့်တယ်၊ ငါက မင်းအတွက်ပြောနေတာပါ… မင်းငါ့စေတနာကို နားလည်ပေးပါ” လို့ ပြောနေသလိုမျိုး အားလုံးရဲ့ဘယ်ဘက်ရင်အုံထဲကိုရောက်ခဲ့တာပါ။

ဆရာက ဘာစကားမှမပြောပေမယ့်… သန့်စင်လင်းတယောက် “ကျွန်တော်တောင်းပန်ပါတယ် ဆရာ၊ နောက်ကို ကျွန်တော် စကားမများတော့ပါဘူး” ဆိုပြီး ပါးစပ်ကနေ တုန်တုန်ယင်ယင်နဲ့ စကားလုံးတွေ ထွက်ကျ လာခဲ့ပါတော့တယ်။

အတန်းပြီးလို့ ဆရာကိုနှုတ်ဆက်ပြီး၊ အားလုံးအပြင်ရောက်တာနဲ့ ခေါင်းတွေအားလုံးစုပြီး ဆုံးဖြတ်ချက် တခုကို မတိုင်ပင်ဘဲ၊ ကန့်ကွက်မဲမရှိဘဲအတည်ဖြစ်ခဲ့တဲ့ဆုံးဖြတ်ချက်တခုကတော့…. “ငါတို့အားလုံး၊ ဆရာစိတ်ဆင်းရဲအောင် ဘယ်တော့မှထပ် မလုပ်ကြတော့ဘူး” ဆိုတာပါပဲ။
+++++

အခန်း (၄)
တနေ့မှာတော့ ကျူရှင်စဖို့နာရီဝက်လောက်အလိုစောပြီး ကျွန်တော်တို့တတေ ရောက်သွားခဲ့ကြပါတယ်။ အိမ်ရှင်ဖြစ်တဲ့ ဆရာမနဲ့စကားတွေပြောကြတာပေါ့။ ခဏအကြာမှာတော့ အားလုံး အသံတိတ်သွားကြသလို ဧည့်ခန်းထဲမှာ ဧည့်သည် တယောက် ရောက်နေမှန်း သိသွားကြပါတော့တယ်။

ဆရာမက ဘာမှကိစ္စမရှိပါဘူး။ အဲ့ဒါဆရာဦးသန်းမင်းထွဋ်ရဲ့အဖေပါတဲ့။ ဧရာဝတီတိုင်းက နေလာတာပါတဲ့။ ဆရာ့အဖေက လည်း ကျွန်တော်တို့တတွေကိုပြုံးပြီး၊ သားတို့ သမီးတို့ လွတ်လွတ်လပ်လပ်သာနေကြ ပြောကြပါတဲ့။

ခဏနေတော့ ဆရာရောက်လာပါတော့တယ်။ ဆရာကပုံမှန်ဆိုရင် ရောက်ပြီးခဏနေရင် ရေတခွက် ကိုယ့်ဟာကိုယ် သွား ခပ်သောက်ပြီး၊ စာစသင်ပါတယ်။

ဒါပေမဲ့ အဲ့ဒီ့နေမှာတော့ ဆရာက ခဏလည်းမနားသလို၊ ရေလည်းသွားခပ်မသောက်ပါဘဲ… သူ့အဖေရှိရာကို တန်းတန်းမတ် မတ်သွားပြီး၊ ကြမ်းပြင်ပေါ်မှာ လွယ်အိတ်လေးဘေးချပြီး၊ ထိခြင်းငါးပါးနဲ့ ဦးချရှိခိုးပြီးတော့မှ ရေအိုးစင်ရှိရာကိုသွားခဲ့ပါတယ်။

အားလုံးဇက်ကလေးတွေပုပြီး၊ ကိုယ့်ဆရာရဲ့လုပ်ပုံကိုင်ပုံတွေကို အားကျတဲ့စိတ်နဲ့ ဝိုင်းကြည့်နေခဲ့ကြပါတယ်။
+++++

အခန်း (၅)
ဆယ်တန်းစာမေးပွဲဖြေခါနီးတဲ့ တနေ့မှာ ကျွန်တော်တို့သူငယ်ချင်း နွယ်နွယ်မွန်က ဆရာ တနေ့က သမီး ဓမ္မဗျူဟာစာအုပ်အဟောင်းတအုပ်ဖတ်ရတယ်။ အဲ့အထဲမှာ ပညာထူးချွန်ဆုပေးတဲ့ သတင်း တပုဒ်ပါတယ်။ အဲ့ဒီ့ သတင်းထဲကကျောင်းသားက၊ (၁၀) တန်းစာမေးပွဲမှာ မြန်မာတနိုင်ငံလုံး တတိယဆုရခဲ့တဲ့ မောင်သန်းမင်းထွဋ်လို့ရေးထားတယ်…..

အဲ့ဒါ ဆရာလားဟင်လို့ မေးတော့မှ…. ပြုံးပြီး “အေးဟုတ်တယ်တယ်။ အဲ့ဒါငါပဲတဲ့”

အဲ့တော့မှ တတန်းလုံးက “ဟာ… ဆရာကအရမ်းလျှိုတာပဲ” ဆိုတော့…. “ အဲ့ဒါတွေက ပြီးခဲ့ပါပြီ။ အတိတ်ပါတဲ့”…

ကျွန်တော့်စိတ်ထဲမှာ ချက်ချင်းတွေးမိလိုက်တာလေးတခုကတော့…. အော်ငါတို့ဆရာက ကြွားဝါခြင်းအလျဉ်းမရှိဘဲကိုလို့။

အဲ့ဒီ့စိတ်ကို ထပ်လောင်းအတည်ပြုပေးခဲ့သူကတော့- ဇီဝဗေဒဘာသာသင်တဲ့ဆရာမ သင်းသင်းစိုးပါပဲ…. “နင်တို့ ဆရာက တော့ ဆရာဝန်ကြီးဖြစ်သွားမှ၊ ပြောင်းလည်းသွားမလားတော့ မပြောတတ်ဘူး။ အခုအချိန်ထိတော့- တကယ့်ကို ရှာမှရှားတဲ့ သူတယောက်ပဲ… ဂုဏ်ပကာသန လုံးဝမမက်ဘဲ၊ အင်မတန်တော်ပြီး အင်မတန်ရိုးသားတဲ့သူတယောက်၊ နင်တို့ဆရာကို အတုယူကြ” လို့ ပြောခဲ့ဖူးပါတယ်။
+++++

အခန်း (၆)
ဆယ်တန်းစာမေးပွဲဖြေခါနီး၊ ပြန်လှန်လေ့ကျင့်ခန်းတွေလုပ်နေတဲ့အချိန်မှာ… စာတွေကလည်း သင်ရိုးကုန်ပြီ။ နောက် အချိန် က လည်းပိုနေတော့ ဆရာက ဓာတုဗေဒညီမျှခြင်းတွေ (equitation) အကြောင်းနဲ့စပ်မိပြီး ဆွေးနွေးနေတုန်းမှာ နွယ်နွယ် မွန်က၊ “ဆရာ ဒါဆို သမီးတို့ ထမင်းစားနေတာကိုလည်း ဓာတုဗေဒဘာသာရပ်ဆိုင်ရာညီမျှခြင်းရေးလို့ရတာပေါ့နော်” ဆို တော့…

အေးရတယ်ဆိုပြီး၊ ကျောက်သင်ပုန်းပေါ်မှာ လက်တန်းရေးပြီး၊ ချက်ချင်း တဆင့်ချင်းဆီ ရှင်းပြပါတော့တယ်။ လူငယ်စကား နဲ့ပြောရရင်တော့ ကျွန်တော်တို့အားလုံး ဖျားသွားကြတာပေါ့လေ….

ဆရာကအဲ့ဒါနဲ့တင်မရပ်သေးဘူးဗျ…. E=mc2 ဆိုတာပါ ကျောက်သင်ပုန်းပေါ်မှာ ချရေးပြီး၊ အဏုမြူဗုံးအကြောင်းကို အသေးစိတ်တဆင့်ခြင်းရှင်းပြသလို၊ ကမ္ဘာစစ်နောက်ခံသမိုင်းကျောင်းပါ ရှင်းပြပါသေးတယ်။

အားလုံးရှင်းပြပြီးတော့ ဆရာက ဘာသင်ခန်းစာယူမိခဲ့ကြသလဲတဲ့…. မေးခွန်းတခုပြန်မေးပါတယ်။

ကျွန်တော်တို့တတွေပြန်ဖြေတာကတော့…အဏုမြူဗုံးကကြောက်စရာကြီး၊ တော်တော်ဒုက္ခပေးတဲ့ အရာကြီးပဲလို့တပြိုင်နက် တည်း ပြန်ဖြေလိုက်ကြပါတော့တယ်။

ဆရာကပြုံးပြီး ခေါင်းညိတ်ကာ ကျွန်တော့်တို့အဖြေကိုလက်ခံသလို… တဆက်တည်း “ဟိုမျောက်လောင်း (၃) ကောင်၊ နင် တို့တွေ ဂျပန်တွေရဲ့စိတ်ဓာတ်ကို အားမကျဘူးလား” တဲ့….

အဲ့တော့မှ…အားလုံးက “ အေး… ဟုတ်သားပဲ။ တော်တော်စိတ်ဓာတ်ပြင်းထန်တဲ့လူမျိုးပဲနော်” လို့ ပြောမိကြပါတော့တယ်။
+++++

အခန်း (၇)
စာမေးပွဲဖြေခါနီး၊ နောက်ဆုံးအချိန်သင်ခန်းစာပြီးတော့ ဆရာ့ကို အားလုံးဝိုင်းပြီး ကန်တော့ကြပါတယ်။ ဆရာက စိတ်ကိုအေး အေးထားဖို့၊ အိပ်ရေးကိုဝအောင်အိပ်ဖို့၊ ဘာမှပူစရာမရှိတဲ့အကြောင်း… သူ့တပည့်တွေ အားလုံးအောင်မယ်ဆိုတာ သူယုံ ကြည်ကြောင်း အေးအေးဆေးဆေး လေပြေလေးနဲ့ပြောနေတာဟာ ….ကျွန်တော့်စိတ်ထဲမှာတော့ တိုက်ပွဲဝင်တော့မယ့်ရဲ ဘော်တွေကို ဗိုလ်ချုပ် တယောက်က မိန့်ခွန်းပြောနေသလိုမျိုး စိတ်ဓာတ်ခွန်အားတွေ တိုးပွားစေပါတယ်။

အောင်စာရင်းထွက်တော့… အားလုံးအောင်ကြသလို၊ ပျော်လည်းပျော်ခဲ့ကြပါတယ်။ ကျွန်တော်တို့တတွေ ဆရာမအိမ်ကို သွားပြီး ဆရာ၊ ဆရာမတွေကို ကန်တော့ချင်ကြောင်း သွားပြောတော့…. ဆရာမက အချိန်စီစဉ်ပေးခဲ့ပါတယ်။

ကန်တော့ကြမယ့်နေ့မှာ ဆရာမအိမ်ကို ကျွန်တော်တို့တတွေ အားလုံးလူစုံတက်စုံနဲ့ ချိန်းထားတဲ့အချိန်ထက်စောပြီး ရောက် သွားခဲ့ကြပါတယ်။ ခဏကြာတော့ ဆရာရောက်လာခဲ့ပါတယ်။ စတစ်ကော် လံအင်္ကျီအဖြူလက်ရှည်ကို ကချင်ပုဆိုးနဲ့ တွဲ ဝတ်ထားတဲ့ ဆရာ့ရုပ်ပုံလွှာကို အခုချိန်အထိကျွန်တော် မှတ်မိနေပါသေးတယ်။

ဆရာက အားလုံအောင်တယ်ဆိုတာ မသင်းသင်းစိုးပြောပြလို့သိပြီးပါပြီတဲ့။ ဆရာအင်မတန်ဝမ်းသာပါတယ်တဲ့။ အားလုံးတပြိုင်နက်တည်းပြန်ပြောမိတာကတော့ “ခွင့်လွှတ်ပါဆရာ။ ကျွန်တော်တို့၊ ကျွန်မတို့တတွေ… ဆရာ့ခြေရာကို မနင်းနိုင်ခဲ့ပါဘူး။ ဆရာထက် တပည့်လက်စောင်းထက်ရမှာ… အခုတော့ တယောက်မှ ဆေးလိုင်းမဝင်နိုင်ခဲ့ကြပါဘူး” ဆိုတော့….

ဆရာက ချက်ချင်းလက်ကာပြပြီး…“ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ လောကကြီးကို အကျိုးပြုနိုင်တာမဟုတ်ပါဘူး။ ကိုယ် အမှန်တကယ်ဝါသနာပါတဲ့လိုင်းကိုသာသွားပါ။ အဲ့တော့မှ ကိုယ့်ဘဝကို ကိုယ်ကျေနပ်လိမ့်မယ်။ ကိုယ်တတ်တဲ့ပညာနဲ့ လောကကောင်းကျိုး၊ အများကောင်းကျီုးကို တတ်နိုင်သလောက် လုပ်ကြပါ” …တဲ့။

အဲ့ဒီ့နေက ဆရာနဲ့ဆရာမကို ကျွန်တော်တို့ super coffee mix တယောက်တထုပ်စီနဲ့ လက်အုပ်ချီပြီး ကန်တော့ခဲ့ကြပါတယ်။
ကန်တော့ပြီးတဲ့အချိန်မှာ ဆရာကဆုကို လိုတိုရှင်းပေးပြီး၊ လူတယောက်ရဲ့တန်ဖိုးဆိုတာကို သေသေချာချာ ရှင်းပြပါတော့ တယ်။ အဲ့ဒီ့နေက တက်ခဲ့တဲ့ လက်ချာ (Lecture) ဟာ ကျွန်တော့်ဘဝမှာ အဖိုးမဖြတ်နိုင်တဲ့ lecture တခုပါပဲ။

တပြိုင်နက်တည်းမှာပဲ… စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်တခုက၊ ဒီလောက်စိတ်သဘော ထားပြည့်ဝတဲ့ ဆရာဟာ… သာမာန်လူတယောက်လိုမျိုး ဘဝကိုဖြတ်သန်းမှာတော့မဟုတ်ဘူး။ ဆရာက တို့တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ပညာရှင်တယောက်၊ တနေ့နေ့တချိန်ချိန်မှာတော့ ဆရာဟာ တို့တိုင်းပြည်အတွက် သူ့ဘဝကိုပုံအပ်လိမ့်မယ်ဆိုတာ ဟိုးလွန်ခဲ့တဲ့ (၁၉) နှစ်ကတည်းက ကျွန်တော် ကိုရွှေထူးတယောက်ကြိုသိနေတယ်လို့ပြောရင် အားလုံးကလွန်မယ်လို့ မထင်ပါဘူးနော်။

စာရှုသူများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ….

ထူးထူး (တောင်ငူ)
၂၅၊ ၅၊၂၀၁၆။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

3 Responses to ထူးထူး (တောင်ငူ) ● အေးမြအလင်းရှင်

  1. Catwoman on May 26, 2016 at 7:32 am

    Sometimes you have to do well when you do good . If a doctor from England goes to help in a different country, he might save three or four lives. But let s say if he donate money for mosquito nets, he will save many lives. It is good to be helpful and nice and blah blah blah but we have to also look at what is the most significant way that we can help people.
    We can all go and be a doctor at a small village . That s a sacrifice yes but you can’t save lives if there re no medicines, machines, nurses, staff , etc and that s not a very smart act. Just my thoughts.

  2. ဖိုးထက် on May 26, 2016 at 8:42 am

    စိတ်၏ချမ်းသာခြင်း အပြည့်ဖြစ်ရပါတယ် ဆရာ ထူးထူး

    • kyawtheinhtoo on May 27, 2016 at 10:49 am

      ကျေးဇူးတင်ပါတယ် ဆရာဖိုးထက်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)