လှကျော်ဇော – ဖေဖေရဲ့နိုင်ငံခြားခရီးများ

June 2, 2016


လှကျော်ဇော – ဖေဖေရဲ့နိုင်ငံခြားခရီးများ 

(မိုးမခ) ဇွန် ၂၊ ၂၀၁၆

၁၉၄၉-၅၀-၅၁ ခုနှစ်များအတွင်း ဗမာပြည်ကြီးအား ခြိမ်းခြောက်ခဲ့တဲ့ ပြည်တွင်း ဆူပူမှုများကို အထူးသဖြင့် ကေအင်ဒီအိုတို့ရဲ့ တော်လှန်ပုန်ကန်မှုများကို ဖေဖေဦးစီးပြီး အတော်ငြိမ်သက်အောင် ဖြေရှင်းလိုက်နိုင်တဲ့အတွက် အဲဒီကာလက ဖေဖေဟာ တိုင်းပြည်မှာ ထင်ရှားကျော်ကြားလာ ပါတော့တယ်။

ဒါကြောင့်ပဲ အာဏာရ ဖဆပလအစိုးရထဲက ခေါင်းဆောင်နိုင်ငံရေးသမားများက ဖေဖေကို သူတို့သြဇာအောက် ရောက်အောင် ကြိုးစားလာကြပါတယ်။

ပထမဆုံးကြိုးစားလာသူကတော့ အဲဒီကာလ၀န်ကြီးချုပ်ဦးနုပါ။ ဦးနုဟာ ကျောင်းသား ခေါင်းဆောင်ဘ၀က တိုးတက်သူတဦးပါ။ လက်ဝဲစာပေတွေ ဘာတွေတောင် ဘာသာပြန် ထုတ်ဝေတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရှေ့မှာ ဗြိတိသျှနယ်ချဲ့သမားက ဗိုလ်ချုပ်အောင်ဆန်းကို ရက်ရက်စက်စက် သတ်ပြထားလို့ရော၊ သူကိုယ်တိုင်ရဲ့အခြေခံရပ်တည်မှု မခိုင်မာတာကြောင့်ရော၊ အင်္ဂလိပ်က သူ့ကို ၀န်ကြီးချုပ်ရာထူးထိုးအပ်တဲ့အခါ၊ လက်ယာအချောင်သမားကြီး ဖြစ်သွားပါ တော့တယ်။ နဂါးနီစာအုပ်တိုက်ကထုတ်တဲ့ ”ဘုံဝါဒ”ကို ဘာသာပြန်ထားသူဖြစ်လို့ ဦးနုခေါ် သခင်နုကို တချို့အင်္ဂလိပ်တွေက ကွန်မြူနစ်လို့ထင်နေကြလို့ ဒါကို ရှင်းစေလိုတဲ့ ဦးနုအနေနဲ့ ဘာသာတရားဘက် (လောကီ၊ လောကုတ္တရာ နှစ်ပိုင်းလုံး) အရမ်းကိုင်းရှိုင်း ပြလာနေရပါတယ်။

ဦးနုက ဖေဖေကို သူမြစ်ဝကျွန်းပေါ်အရပ်များကို သင်္ဘောနဲ့ စည်းရုံးရေးထွက်ရာမှာ ခေါ်သွားပါတော့တယ်။ အဲဒီသင်္ဘောပေါ်မှာ နက္ခတ်ဆရာတွေရော၊ ဗေဒင်ဆရာရောပါပြီး တရုန်းရုန်းနဲ့သွားလေရာမှာ အချိန်ဇယားကအစ အဲဒီဆရာတွေရဲ့ညွှန်ကြားချက်အတိုင်း လုပ်နေတာ၊ တိုင်းရေးပြည်ရေးကိစ္စများထက် ဘုရားရှိခိုးတဲ့၊ ပုတီးစိပ်တဲ့အချိန်တွေကများနေတာ၊ တချို့အရေးကြီးကိစ္စများကို သူဘုရားရှိခိုးပြီးတဲ့ အချိန်အထိစောင့်နေရတာ စတဲ့ တိုင်းပြည် ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်မဆန်တဲ့လုပ်ရပ်တွေကို ဖေဖေက တွေ့မြင်ပြီး စိတ်ပျက်စိတ် ကုန်ဖြစ်လာနေပါတယ်။ ဒါကြောင့်ပဲ ဖေဖေက ဦးနုကို ခပ်တန်းတန်း ခပ်ခွာခွာပဲ ဆက်ဆံခဲ့ပါတယ်၊

ဖေဖေက သူ့အတ္ထုပ္ပတိစာအုပ်မှာ “ ဦးနုက ဤခရီးတွင် ကျွန်တော့်ကို ခေါ်သွားခြင်းမှာ သူဘက်သားအဖြစ်သိမ်းသွင်းရန် ရည်ရွယ်ပုံရသည်။ သို့သော် ခရီးက ပြန်လာပြီးနောက် ကျွန်တော်နှင့်ဦးနု ဆက်ဆံရေးမှာ အတော်ပင် တန်းသွားပါတော့သည်”တဲ့။

အဲဒီအချိန်မှာပဲ ဖဆပလအစိုးရထဲ သြဇာထက်နေတဲ့ ပြည်ထဲရေးဝန်ကြီး ဦးကျော်+ငိမ်းက ဖေဖေကို သူအနောက်နိုင်ငံတွေ ခရီးထွက်ရာမှာ ခေါ်သွားပါတော့တယ်။ အဲဒီခရီးစဉ်တွေအကြောင်း ဖေဖေက သူ့စာအုပ်ထဲမှာ အကျယ်တ၀င့် ရေးပြီးပါပြီ။

ဖေဖေက အဲဒီကာလမှာ အတွေးအခေါ်ရှုပ်ထွေးမှုတွေဖြစ်နေပါတယ်။ ဖေဖေက ကရင်အမျိုးသားများရဲ့ပုန်ကန်မှုကို နယ်ချဲဩအင်္ဂလိပ်ရဲ့ပယောဂအဖြစ် ကြည့်မြင်ပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ အဲဒီပုန်ကန်မှုတွေကို တိုက်ခိုက်နှိမ်နင်းခဲ့တာပါ။ ဖေဖေတို့ အဲသလိုတိုက်နေတုန်းမှာပဲ ဗိုလ်နေ၀င်းအင်္ဂလန်နဲ့ အမေရိကန်ကိုလည်းကောင်း၊ ဦးနုက အိနြိယကို လည်းကောင်း၊ ခရီးထွက်ကြပြီး သူတို့နှစ်ယောက်ပြန်လာတော့ အဲဒီနိုင်ငံတွေက စစ်လက်နက် ပစ္စည်း အကူအညီတွေ တပုံတပင်ကြီးရလာခဲ့ပါတယ်။ အဲဒီလက်နက်တွေကြောင့်ပဲ ပြည်တွင်းစစ်အရှိန်ဟာ များစွာလျော့ကျသွားပြီး ဖဆပလအစိုးရအတွက် အသက်ရှူချောင် သွားပါတော့တယ်။ လက်နက်ပစ္စည်းသာမက ချေးငွေတွေလည်း အမြောက်အမြား ရရှိလာခဲ့ကြပါတယ်။ အဲဒီမှာတင် ဖေဖေက အင်္ဂလိပ်တွေရဲ့ ရည်ရွယ်ချက်ကို သဘောပေါက် သွားပါတော့တယ်။ သူက သူ့စာအုပ်ထဲမှာ ဒီလိုရေးထားပါတယ်။

“ လက်တွေတွင်မူ အင်္ဂလိပ်တို့သည် ဗမာပြည်တွင် ကြီးစိုးလွှမ်းမိုးရန် လက်တွေ့လည်း တကယ်ဖြစ်နိုင်သော မြန်မာလူမျိုးကြီးထဲမှ သူတို့ကို မဆန့်ကျင်သော၊ အင်္ဂလိပ်ဘက်သား ဖြစ်နိုင်သော၊ ဗမာပြည်ခေတ်သစ်နိုင်ငံရေးတွင်လည်း အတော်အတန်ပါဝင်ခဲ့ပြီး၊ ပြည်သူအကြားတွင်လည်း သြဇာအသင့်အတင့်ရှိသူ၊ မြန်မာအလိုတော်ရိများကိုသာ ပိုအလိုရှိ+ပီး။ ထိုလူမျိုးများကိုသာ အင်္ဂလိပ်တို့က ကူညီလာကြလိမ့်မည်ဟု ကျွန်တော် သိမြင်လာပါသည်။ ကရင်ပုန်ကန်မှုကို အင်္ဂလိပ်တို့က အားပေးခဲ့သည်မှာလည်း ကရင်များအာဏာရ လာရေး အတွက်မဟုတ်ဘဲ လက်ရှိ ဗမာအစိုးရအကျပ်အတည်းဆိုက်ပြီး၊ အင်္ဂလိပ်များထံ ရိုကျိုးအောက်ကျို့ဆက်ဆံလာရန်သာ အဓိကဖြစ်သည်ကို ကျွန်တော်နားလည်လာပါသည် ”တဲ့။

ဒါကြောင့်ပဲ ဖေဖေက နယ်ချဲ့အင်္ဂလိပ်တို့ရဲ့အလိုတော်ရိ ဖဆပလအစိုးရလက်အောက်မှာ ဆက်နေလိုစိတ်မရှိတော့ဘဲ သူ့နောင်ရေးကို တိုင်ပင်ဖို့အတွက် ဘီအိုင်အေ၊ ဘီဒီအေခေတ် တလျှောက် သူ့တိုက်ဖော်တိုက်ဖက် ရဲဘော်ကြီးဖြစ်ခဲ့သူ သခင်ကြီးမြင့်ကို ထောင်ကလွတ်အောင် လုပ်ပြီး၊ အဲဒီသခင်ကြီးမြင့်ကတဆင့် ဖေဖေက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပြန်အဆက် ရခဲ့ပါတယ်။

အဲဒီအချိန်မှာ ဦးကျော်ငြိမ်းက ဖေဖေကို အနောက်နိုင်ငံများကို ခေါ်သွားတာပါ။ ဦးကျော်ငြိမ်းက ဖေဖေကို ကွန်မြူနစ်မှန်းသိပါတယ်။ ဒါပေမဲ့ ၁၉၄၈ ပါတီနောက်လိုက်မသွားဘဲ တပ်ထဲဆက်နေပြီး တပ်ထဲမှာလည်း ရွပ်ရွပ်ချွန်ချွန်တာဝန်တွေ ဆက်ထမ်းဆောင်နေလို့ ဖေဖေ့ အခြေခံစိတ်ကို သိပ်အကဲခတ်မရဖြစ်နေဟန် ရှိပါတယ်။ ဒါကြောင့် အဲဒီခရီးစဉ်မှာ အရင်းရှင် ဒီမိုကရေစီအောက်မှာ တည်ငြိမ်အေးချမ်းပြီး သာယာဝပြော ချမ်းသာနေတဲ့ အရင်းရှင်နိုင်ငံကြီး၊ နိုင်ငံငယ်အတော်များများကို လှည့်လည်ကြည့်ရှုခဲ့ရပါတယ်။ ကွန်မြူနစ်စနစ်မှမဟုတ်ဘဲ အရင်းရှင် ဒီမိုကရေစီအောက်မှာလည်း နိုင်ငံတွေ၊ ပြည်သူတွေ၊ ချမ်းသာပျော်ရွှင်နိုင်တယ်ဆိုတာကို ပြသတာပါ။

ဒါပေမဲ့ ဖေဖေက ပြတ်သားပြီးဖြစ်နေပုံရပါတယ်။ ဒီခရီးများအတွင်း သူ့အတွက် အကျိုးရှိရာရှိကြောင်းတွေကိုလည်း ရှာကြံလေ့လာပါတယ်။ ဥပမာ- လန်ဒန်ပြတိုက်ကြီးမှာ တပတ်လောက် (တခြားသူများနဲ့ လှည့်လည်ကြည့်ရှုတာတွေ နောက်မလိုက်ဘဲ) မိုးလင်းမှ မိုးချုပ်တနေကုန် ပေါင်မုန့်အသားညှပ်ထည့်ယူသွားပြီး အဲဒါပဲစားပြီး၊ ဗမာပြည်အကြောင်း ရေးသားထားချက်တွေ၊ ကမ္ဘာ့စစ်ပွဲကြီးများအကြောင်း၊ ကမ္ဘာ့စစ်သူကြီးများနဲ့ နိုင်ငံရေးသုခမိန်များ အကြောင်း စတဲ့အဖိုးတန်လှတဲ့ဗဟုသုတတွေကို သွားရောက်လေ့လာဆည်းပူးခဲ့ပါတယ်

ဦးကျော်ငြိမ်းက ဖေဖေကို ယူဂိုစလပ်ကိုလည်း ခေါ်သွားပြီး ဖေဖေကိုယ်တိုင် အင်မတန် လေးစားခဲ့တဲ့ ယူဂိုစလပ်ရဲ့သူရဲကောင်းမာရှယ်တီးတိုးနဲ့ တွေ့ပေးခဲ့ပါတယ်။ တီးတိုးဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျာမန်တွေကို ပြောက်ကျားစစ် ဆင်နွှဲပြီး သူ့နိုင်ငံကို လွတ်မြောက်စေနိုင်ခဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆိုဗီယက်ဆန့်ကျင်ရေး၊ ကွန်မြူနစ် ဆန့်ကျင်ရေးသမားကြီးအဖြစ် ကျော်ကြားလာခဲ့သူပါ။ ဒါကြောင့် ဖေဖေက ယူဂိုစလပ်ကိုရော၊ မာရှယ်တီးတိုးကိုရော အပြည့်အ၀မထောက်ခံနိုင်ဖြစ်နေပါတယ်။ ဒီတင် ဖေဖေရဲ့ အခြေခံ စိတ်ဓာတ်ကို ဦးကျော်ငြိမ်းက ရိပ်မိသိရှိသွားပါတော့တယ်။

ဒီအကြောင်းတွေကို ဖေဖေက သူ့ရဲ့စာအုပ်မှာ ရေးထားတာကို တွေဩရှိဖတ်ရှုရတဲ့ ယခုခေတ် လူငယ်တချို့က အဲဒီ တုန်းက ဘဘက ဦးကျော်ငြိမ်းပါတီထဲ ဟန်ဆောင်ဝင်လို့ရတာပဲ၊ အဲသလိုဆိုရင် ဗိုလ်နေ၀င်း စစ်အာဏာရှင်စနစ် ထောင်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုမှုတွေ ရှိလာပါတယ်။ ဖေဖေကတော့ သြော်- အဲဒီခေတ်ဆိုရှယ်လစ်တွေကို တပ်ထဲမှာရော၊ တပ်ပြင်မှာပါ လူတွေ ဘယ်လောက်မုန်းတယ်ဆိုတာ သိမှမသိကြပဲကိုးလို့ မှတ်ချက်ချပြောဆိုခဲ့ပါတယ်။

ဖေဖေက ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေမယ့် ဖေဖေဟန်မဆောင်နိုင်တဲ့ တခြားအကြောင်း ခြင်းရာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာအားဖြင့် အဲဒီခေတ်ကာလက ဖေဖေတို့နဲ့ ပြင်သစ်မှာ တွေ့ခဲ့တယ်ဆိုတဲ့ ကိုကိုမောင် (ယခုကိုကိုမောင်ကြီး)ရေးသားပြီး “မြ၀တီမဂ္ဂဇင်း” မှာ လစဉ်ဆက်တိုက်ဖော်ပြခဲ့ဖူးတဲ့ “ပါရီတွင် သောင်တင်ခဲ့စဉ်က” ဆောင်းပါးများပဲ ဖတ်ကြည့်ပါ။

ဖေဖေ အဲသလို ခရီးထွက်နေစဉ်မှာပဲ ဦးလေးကိုကြီးမြင့်နဲ့အတူ ဖမ်းမိတဲ့ ဗိုလ်အေးဖေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စစ်ခုံရုံးက သေဒဏ်ပေးခဲ့ပါတယ်။ ဗိုလ်အေးဖေကို သေဒဏ်ပေးဖို့ ထောင်ထဲကထုတ်လာပြီး မျက်လုံးကို အ၀တ်စနဲ့ပိတ်စည်းဖို့လုပ်တော့၊ ဗိုလ်အေးဖေက “မလိုပါဘူးဗျာ မစည်းပါနဲ့ ခင်ဗျားတို့လုပ်ချင်သလို လုပ်ကြပါ”လို့ပြောတယ်လို့ ကြားရကြောင်း မေမေက ပြန်ပြောပြဖူးပါတယ်။

(မှတ်ချက်။ ။ အဲဒီဗိုလ်အေးဖေအကြောင်းကို ကိုကိုမောင်ကြီးရဲ့ ”တရံရောအခါများ” စာအုပ်မှာ ရေးသားထားချက်များကို ဖတ်ရပါတယ်။ ဂျပန်တော်လှန်ရေးအတွက် သူတို့တတွေ ဘယ်လောက် စွန့်စွန့်စားစား လုပ်ကိုင်ခဲ့ကြတယ်ဆိုတာကို မှတ်တမ်းတင်ပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။)

ဖေဖေက ဒီကိစ္စကို နိုင်ငံခြားကပြန်လာမှသိရတာပါ။ ဒါတွေကြောင့်ပဲ ဦးလေးကိုကြီးမြင့်က အပြင်အရပ်ထဲမှာမနေရဲဘဲ ကျွန်မတို့နဲ့အတူ မင်္ဂလာဒုံမှာလာနေတာပါ။ ဖေဖေကဒါတွေမြင်ရလေ ဒီအစိုးရကို စိတ်ပျက်လေဖြစ်ပြီး ပါတီနဲ့ ပြန်ဆက်ခဲ့ ဟန်တူပါတယ်။

ဖေဖေရဲဩ ပြန်လည်ဆက်သွယ်မxကို ပါတီက လက်ခံခဲ့ပေမယ့် ဥက္ကဋ္ဌ သခင်သန်းထွန်းက ဖေဖေကို တပ်ထဲမှာ ပဲဆက်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ သခင်သန်းထွန်းကိုယ်တိုင်လည်း ဂျပန်ခေတ်ဝန်ကြီးဘ၀ တာဝန်ထမ်းဆောင် နေချိန်တုန်း ကလည်း ဂျပန်တော်လှန်ရေးလုပ်ငန်းတွေကို မြေအောက်လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံ ရှိလေတော့ ဖေဖေ့ကိုလည်း မြေအောက်ဘ၀အနေနဲ့ ဆက်နေခိုင်းဟန်တူပါတယ်။

ဖေဖေက ဗိုလ်အေးဖေကို မကယ်လိုက်နိုင်တာကို အတော်စိတ်မကောင်းဖြစ်တယ်လို့ မေမေကပြောပြဖူးပါတယ်။ တကယ်တော့ ကွန်မြူနစ်ပါတီကပဲဖြစ်ဖြစ် ပြည်သူ့ရဲဘော်အဖွဲ့ကပဲ ဖြစ်ဖြစ်၊ တခြားလူမျိုးစု အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ တိုက်ပွဲတွင်း ဖမ်းဆီးမိသူများအားလုံးကို တောတွင်းမှာပဲ စစ်တပ်က အပြတ်ရှင်းပစ်တာများပါတယ်။ ဖေဖေက ကိုယ်နဲ့တချိန်တခါက (ဥပမာ- ဂျပန်တော်လှန်ရေးအတွင်း) အတူယှဉ်တွဲပြီး တိုက်ဖော်တိုက်ဖက် သေဖော်သေဖက် ဖြစ်ခဲ့သူများကို အခုလို ရက်ရက်စက်စက် သွေးအေးအေးနဲ့သတ်ပစ်နေတာကို စက်ဆုပ်ဟန်လည်း ရှိပါတယ်။

တကယ်တော့ ဗမာ့တပ်မတော်ကို စတင်ထူထောင်စဉ်ကတည်းက ဂိုဏ်းနှစ်ဂိုဏ်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂိုဏ်းနဲ့ သခင်ထွန်းအုပ်၊ သခင်ဗစိန်ဂိုဏ်း) ကလူတွေနဲ့ ဖွဲဩစည်းခဲ့တာပါ။ တပ်မတော်တွင်းမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဂိုဏ်းပေါင်းစုံကလူတွေ ပါဝင်ပြီး၊ တိုင်းပြည်ကာကွယ်ရေးအတွက်ပဲ တာဝန်ထမ်းဆောင်ခဲ့ကြရင် ပြည်တွင်းစစ်လည်း မပေါ်ပေါက်နိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုးအခြေအနေကို ဗြိတိသျှနယ်ချဲ့သမားများက မမြင်လိုပါဘူး။ ဗမာပြည်ကို မလွှဲမရှောင် သာလို့သာ နိုင်ငံရေးအရ လွတ်လပ်ခွင့်ပေးလိုက်ရပေမယ့် စီးပွားရေးအရတော့ ဆက်လက်ကြိုးကိုင်နိုင်ဖို့
ကြိုးစားကြပါတယ်။ နယ်ချဲ့တွေရဲ့ထောင်ချောက်ကို အတွေ့အကြုံနုနယ်လှတဲ့ ဗမာ့နိုင်ငံရေးသမားများက မမြင်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ ဗမြာ့ပည်ကြီး ထောင်ချောက်ထဲကျပြီး ဒါရဲ့ အကျိုးဆက်အဖြစ် စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာခဲ့တာပါ။

နောက်ပိုင်းမှာ ဖေဖေကို တပ်ထဲကဖြုတ်ပစ်ရာမှာ ပါဝင်ခဲ့ကြတဲ့ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များ (တည်မြဲခေါင်းဆောင်များ)ဟာ ဗိုလ်နေ၀င်းရဲ့ စစ်အာဏာရှင်စနစ်အောက်မှာ မိမိတိုတင်သာ ဒုက္ခရောက်ရုံမက တိုင်းပြည်ကြီးတခုလုံး ခြွတ်ခြုံကျ အမှောင်တိုက်ဖုံးသွားတဲ့အခါ တစုံတရာ သံဝေဂတွေရဟန်ရှိပါတယ်။ နောင်တ စကားတွေလည်း ဆိုခဲ့ဖူးပါတယ်

၁၉၇၂ ခုနှစ် ကျွန်မတို့ မောင်အငယ်ဆုံးလေး တွတ်တွတ်ကွယ်လွန်ချိန်မှာ ဦးကျော်ငြိမ်းဟာ နာရေးသတင်း လာမေးပါတယ်။ ကျွန်မတို့ရဲ့ စမ်းချောင်းဆီဆုံလမ်း အိမ်ကလေးကို လာခဲ့တာပါ။

ထို့အတူပဲ ဦးဗဆွေကြီး နောက်ဆုံးမကျန်းမမာဖြစ်သွားတော့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က လူမမာသတင်း သွားမေးပါတယ်။ အဲဒီမှာ ဦးဗဆွေကြီးက ”ကျုပ်တို့တော့ ဗိုလ်ကျော်ဇောကို တပ်ထဲကထုတ်လိုက်တာ မှားသွားပြီဗျာ၊ သူသာတပ်ထဲရှိရင် ဗိုလ်နေ၀င်း ဒီလောက်ရမ်းရဲမှာမဟုတ်ဘူး” လို့ပြောကြောင်း ဒေါ်ခင်ကြည်က ကျွန်မညီမစန်းကို ပြန်ပြောပြခဲ့ ပါတယ်။ (အဲဒီကာလက ကျွန်မတို့တတွေ တောထဲရောက်နေပါပြီ။)

အခုအချိန်မှာလည်း စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းကာကွယ်လိုသူများက နည်းသဏ္ဌာန်ပေါင်းစုံ (အနုနည်းရော အကြမ်းနည်းပါ) အသုံးပြုနေကြပါတယ်။ ယခုခေတ် တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များအားလုံး(အယူဝါဒမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး) ရဲ့ သမိုင်းပေး တာဝန်ဟာ ဒီစစ်အာဏာရှင်စနစ်ကြီးကို ဖြိုလှဲရေးဖြစ်ပါတယ်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နိုးနိုးကြားကြားရှိဖို့ လိုအပ်လှပါတယ်။

လှကျော်ဇော

၃၀-၆-၂၀၁၄။

မှတ်ချက်။ ။ ကျွန်မဆက်၍ရေးချင်တဲ့ ဖေဖေအကြောင်းများ။(အတွဲ ၁) ဖြိုးမောက်သာစာပေမှ ဆောင်းပါးအမှတ်(၃၁)ကိုတင်လိုက်ပါတယ်။

ပုံအတွက်စာ-၁၉၅၂ -ယူဂိုစလပ်မှာ မာရှယ်တီတိုး-ဦးကျော်ငြိမ်းတို့နဲ့အတူတွေ့ရတဲ့ ဖေဖေ။။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လှကျော်ဇော

One Response to လှကျော်ဇော – ဖေဖေရဲ့နိုင်ငံခြားခရီးများ

  1. Catwoman on June 5, 2016 at 8:39 am

    Sometimes you have to let go of things and not live in the past . Otherwise there will be no peace

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်