ညိုမှိုင်းဝေ (သနပ်ပင်) ● အဇ္ဈတ္တ၏ ၃၆၀ ဒီဂရီ

June 2, 2016

ညိုမှိုင်းဝေ (သနပ်ပင်) ● အဇ္ဈတ္တ၏ ၃၆၀ ဒီဂရီ

(မိုးမခ) ဇွန် ၂၊ ၂၀၁၆

(၁)
ရှားလူ စီးလာသောစက်ဘီးလေး လမ်းမကြီးပေါ်မှ မြစ်ဆိပ်ဘက်သွားသည့်လမ်းလေးသို့ ချိုးဝင် လိုက်သည်။ လမ်းကလေးမှာ ဂဝံကျောက်များခင်းထားသောကြောင့် လမ်းအရောင်က နီနီကလေး ဖြစ်နေသည်။ ရှားလူ ဒီလမ်းကလေးသို့ ရောက်သည့် အခေါက်ပေါင်း မနည်းတော့ပေ။ ဒီလမ်းကလေးသို့ရောက်တိုင်း သူ့စိတ်ထဲ ပျော်ရွှင်သလို ကြည်နူးသလို ခံစားရသည်။ သဘာဝမြေသားလမ်းဝါဝါကလေးများ ဂဝံကျောက်သား မြေလမ်းနီနီကလေးများကို သူသဘောကျသည်။ ဝတ္ထု၊ ကဗျာ၊ ပန်းချီများထဲမှ မြေလမ်းနီနီဇာတ်လမ်းလေးတွေကိုလည်း သူရင်ခုန်သည်။ သဘာဝကိုချစ်တက်သည်လား အရောင်များကို မှတ်သားစွဲလန်းတတ်သည်လားကိုတော့ သူ မခွဲခြားတတ်။

ရှားလူ စက်ဘီးကို မှန်မှန်လေးနင်းလာသည်မှာ မြစ်ဆိပ်နှင့် နီးသည်ထက်နီးလာပြီဖြစ်သည်။ လမ်းနီနီလေး၏တဖက် တချက်တွင်တော့ အပင်မျိုးစုံ ရှိနေ၏။ လမ်း၏တနေရာတွင် ထန်းပင် ဆယ်ပင်ခန့်တန်းစီပြီးရှိနေသလို အခြားတနေရာတွင် တော့ ခပ်လှမ်းလှမ်းတွင်မှ တပင်နှစ်ပင်သာ ရှိနေတတ်သည်။ အခြားအပင်များအနေဖြင့် မလေးရှားပိတောက်ပင်များ အများအပြားရှိနေပြီး ကုက္ကိုပင်၊ မယ်ဇလီပင်နှင့် စိန်ပန်းပင်များက တပင်နှစ်ပင်ခန့်သာရှိသည်။ မိုးဦးကျကာလဖြစ်သဖြင့် မိုးနှင့်အတူ ကြွေကျခဲ့သော စိန်ပန်းရဲရဲလေးများမှာလည်း လမ်းနီနီလေးပေါ်တွင် အနီပေါ်အရဲဆင့် ၍ အပြိုင်စွေးနေကြသည်။ ကျနေကလည်း ထန်းပင်ဖျားမှနေ၍ ပေါ်လိုက်ပျောက်လိုက်နှင့် ရှားလူကိုချောင်းကြည့်နေသကဲ့သို့ရှိ၏။ ရှားလူ စက်ဘီးကို အားစိုက်၍ ခပ်မြန်မြန်လေး နင်းလိုက်သည်။ ရှေ့တွင် မြစ်ဆိပ်သို့ ရောက်လေပြီ။

(၂)
ရှားလူစက်ဘီးလေး မြစ်ဆိပ်သို့အရောက်တွင်တော့ သူအရိပ်ခိုနေကျ ကုက္ကိုပင်ကြီးက ဆီးလို့ကြိုနေသလိုပင်။ ကုက္ကိုပင်ကြီး အောက် စက်ဘီးကိုရပ်၍ ဒေါက်ထောက်လိုက်သည်။ ကုက္ကိုပင်ကြီးက လူသုံးဖက်မျှကြီးသော နှစ်ချို့ပင်ကြီးဖြစ်ပြီး နေ ပျောက်ပင်မထိုးအောင် အရိပ်ကောင်းလှသည်။ ဤကုက္ကိုပင်ကြီး ရန်သူမျိုးငါးပါးဘေးမှ လွတ်နေသေးသည်ကို တွေးမိပြီး သူပြုံးမိလိုက်သေး၏။ ရှားလူ စက်ဘီးကယ်ရီယာခုံမှ အိတ်ကိုဖြုတ်လိုက်ပြီး အိတ်ထဲမှပစ္စည်းများကို တခုချင်း သေသေချာ ချာထုတ်နေသည်။ ပစ္စည်းများအားလုံးထုတ်ပြီးမှ လိုအပ်သလို အစီအစဉ် တကျ ပြင်ဆင်လိုက်သည်။

ဒီညနေ ရာသီဥတုက မိုးသားလေလွတ် လင်းလင်းရှင်းရှင်းရှိလှ၏။ လူနေအိမ်များနှင့်လှမ်းသော မြစ်ဆိပ်ဖြစ်သောကြောင့် ပတ်ဝန်းကျင်က တိတ်ဆိတ်ကာ အေးအေးလူလူရှိပေသည်။ ရှားလူရှေ့မှာတော့ ကင်းဘတ်စနှင့်ဆေးခွက်များက အဆင် သင့်ဖြစ်နေလေပြီ။ ပန်းချီဆရာတယောက် ပန်းချီဆွဲရန် အသင့်အနေအထားတခုပင် ဖြစ်သည်။

ရှားလူ ကင်းဘတ်စကို မမှိတ်မသုန်စိုက်ကြည့်နေသည်မှာ ကသိုဏ်းတခုကို ရှုနေသကဲ့သို့ရှိ၏။ သူ့အဇ္ဈတ္တမှ ဝင်စားမှု စွဲလန်း မှုများ အလွှာလိုက်ကွာကျလာခြင်းဖြင့် အာရုံစေစားမှုက သူ့ညာလက်ကိုလှုပ်ရှားစေလိုက်သည်။ ကင်းဘတ်စပေါ်ရောက် သွားသော ဆေးများသည် ရှားလူ၏စေညွှန်ရာအတိုင်း ပကတိတည်ငြိမ်စွာ ရှိနေ၏။ ကင်းဘတ်စပေါ်မှ ဆေးသားကောက် ကြောင်းများသည် တဖြည်းဖြည်း ပုံရိပ်တခုပေါ်လာပြီဟု သတ်မှတ်ရပေမည်။ သေသေချာချာစိုက်ကြည့်လိုက်စဉ်တွင်တော့ မည်သို့သောပုံရိပ်ပေါ်လာမည်ကို ခန့်မှန်း၍ မရတော့ပြန်။ ရှားလူ သူ့ရှေ့က ကင်းဗတ်စကိုကြည့်ပြီး ပြုံးလိုက်သည်။ သူ့ရှေ့မှ ကင်းဘတ်စကို ပန်းချီကားဟု ခေါ်ဆိုနိုင်တော့မည်။ ဤကင်းဘတ်စသည်ကား ပန်းချီကားတချပ် ဖြစ်ခဲ့ပေပြီ။

(၃)
ရှားလူ အခုမှ သတိထားမိသည်။ သူ့အာရုံနှင့်သူ ပန်းချီကားထဲနစ်မြောနေမိ၍ ပတ်ဝန်းကျင်ကို သတိမထားမိ။ သူနှင့်ခပ်လှမ်း လှမ်းတွင် ကလေးနှစ်ယောက် ရောက်ရှိဆော့ကစားနေသည်ကို အခုမှပင် သူမြင်မိ၏။ ကလေးနှစ်ယောက်စလုံး အသက် ဆယ်နှစ်ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းမိသည်။ သူတို့နှစ်ယောက် ကမ်းစပ်မှယောက်သွားများကိုကောက်ပြီး ရေပေါ်သို့ လျောတိုက် ပစ်နေ သည်။ တယောက်ပြီးတယောက်ပုံစံမျိုး အလှည့်ကျပစ်နေ၏။ သူတို့ပစ်လိုက်သော ယောက်သွားများက ရေပေါ်တွင် လျောတိုက်ကာ ဆက်ခါဆက်ခါခုန်၍ အရှိန်ကုန်သွားသောအခါ ရပ်တန့် နစ်မြုပ်သွားလေသည်။ ရှားလူသည် လည်း ကလေးနှစ်ယောက် ဆော့နေမှုအပေါ် အာရုံကျသွားပြီး ယောက်သွားလေးများ ရေပေါ်ဘယ်နှစ်ဆင့် လျောတိုက်သွား သည်ကို လိုက်ရေနေမိသည်။

အတန်ကြာသည်အထိ ယောက်သွားပစ်ပြီးချိန်မှာတော့ ကလေးနှစ်ယောက် ယောက်သွားပစ်မှုကို ရပ်လိုက်သည်။ လက် ညောင်းသွား၍ ရပ်လိုက်သည်ထင်၏။ ထို့နောက်တွင်တော့ သူတို့နှစ် ယောက်စလုံး သူ့ဖက်ကိုလှည့်ကြည့်သည်။ တယောက် နှင့်တယောက် စကားတီးတိုးပြောပြီး တွန်းထိုးနေကြသည်။ ထို့နောက် ရှားလူဆီသို့ ကလေးနှစ်ယောက် တည့်တည့် လျှောက်လာကြသည်။ ရှားလူနားအရောက်တွင်တော့ ရှားလူ၏ဘယ်ဘက်အခြမ်း လက်တကမ်းအကွာတွင် ရပ်ပြီး ပန်းချီ ကားကိုကြည့်နေကြသည်။ ကြည့်နေရင်းမှ ကလေးတယောက်က ထမေးသည်။

“ဦးဦး  အဲ့ဒါ ဘာလဲဟင်”

“အဲ့ဒါ  ပန်းချီကားပေါ့ သားရဲ့”

“ဦးဦးက ပန်းချီဆရာကြီးပေါ့”  ဟု  မေးခွန်းမေးသော လေသံမျိုးမဟုတ်ဘဲ ကောက်ချက်ချသော လေသံမျိုးဖြင့် ကလေးက ပြောလေရာ ရှားလူကလည်း မည်သို့မျှ ပြန်မဖြေဖြစ်ပေ။ ထိုကလေးမှပင် ဆက်၍ ……

“ဦးဦးက ပန်းချီဆရာကြီးဆိုတော့ လူပုံတွေ ရှုခင်းပုံတွေ ဆွဲတတ်လား” ရှားလူပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“အဲ့ဒါဆို သားတို့ပုံဆွဲပေးပါလား”

ရှားလူ မည်သို့ပြန်ဖြေရမည်ကို စဉ်းစားနေစဉ်မှာပင်

“လာပါ စိုးလေးရာ၊ သူဆွဲထားတဲ့ပုံကိုလည်းကြည့်ဦး၊ ဘာပုံထွက်နေမှန်းမသိဘဲ မင်းက တို့ပုံသွားဆွဲခိုင်းနေတယ်၊ တို့ပုံမထွက်ပဲ သရဲပုံထွက်လာလိမ့်မယ်၊ လာ သွားမယ်” ဟု ပြောပြီး ပုံဆွဲခိုင်းသော စိုးလေးဆိုသူ သူ့သူငယ်ချင်းကိုဆွဲခေါ်၍ ရှားလူအနားမှ ထွက်သွားလေသည်။

ရှားလူစိတ်ထဲ၌ “တယ်ရှုပ်တဲ့ကလေးတွေ”ဟု မှတ်ချက်ပြုရင်း သူ့ပန်းချီကားကို ပြန်ကြည့်လိုက်သည်။ ပန်းချီကားကို တစိမ် စိမ့်ကြည့်ပြီး ဟာကွက်၊ လိုကွက်များကို ရှာနေသည်။ သူကြည့်နေစဉ်မှာပင် ပန်းချီကားသည် သူရေးဆွဲထားသည့် ဆေးရောင် များအပြင် တခြားဆေး ရောင်များလည်း ပန်းချီကားထဲ၌ ရောထွေးပြွန်းယှက်လာလေသည်။ သူ့မျက်လုံးတွေ ဝေဝါး လာသ လို ခံစားနေရပြီး မှုန်ဝါးနေတဲ့မှန်သားနံရံတခုကို ဖောက်ပြီးကြည့်နေရသလိုဖြစ်နေ၏။ သူ့အမြင်ထဲတွင်တော့ ပန်းချီကားရှိ ဆေးရောင်များက တနေရာနှင့်တနေရာ ရွေ့လျားပြေးလွှားနေသည်။ ထိုသို့ပြေးလွှားနေသောဆေးရောင်များ တခုနှင့်တခု ဆက်ပြီး သတ္တဝါကြီးတကောင် ဖြစ်လာသည်ဟု သူမြင်လာပြန်သည်။ ရှားလူ မယုံနိုင်အောင်ဖြစ်နေပြီး ထိတ်လန့်စလည်း ပြုနေပြီဖြစ်သည်။ သူ စိုးရွံ့စွာဖြင့်ပင် မျက်မှောင်ကိုကြုတ်၍ ပန်းချီကားကို စူးစိုက်ကြည့်လိုက်စဉ်မှာတော့  ပန်းချီကားထဲမှ သတ္တဝါကြီး ရုန်းထွက်ကုန်းထလာကာ သူ့ကိုခုန်အုပ်လေတော့သည်။ ရှားလူ သူ့မျက်လုံးတစုံရှေ့၌ သူ့လက်ကိုကာရင်း တ ပြိုင်နက် နောက်သို့ခုန်ဆုတ်လိုက်သည်။ စက္ကန့်ပိုင်းမျှအကြာ သက်ရောက်မှုမည်သို့မျှမရှိသည်ကိုသိမှ သူ့မျက်လုံးကိုဖွင့်ပြီး ပန်းချီကားကို ပြန်ကြည့်လိုက်သည်။ ပန်းချီကားမှာ သူရေးဆွဲထားသည့်ဆေးရောင်အတိုင်း ပကတိရှိနေ၏။ ရှားလူ နား မလည်နိုင်စွာနှင့်ပင် ခေါင်းကိုခါယမ်းလိုက်ပြီး သက်ပြင်းတချက်ပါ မှုတ်ထုတ်လိုက် လေသည်။

(၄)
ရှားလူ ပန်းချီကား၏အောက်ခြေနားတွင် သူ့လက်မှတ်ကိုထိုးလိုက်ပြီး နေ့စွဲကိုပါ တခါတည်း ရေးလိုက်သည်။

ထိုစဉ် သူ့အနောက်မှ သစ်ရွက်ကြွေပေါ်သို့ နင်းလျှောက်လာသောခြေသံကို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်သည်။ ကောင် လေးတယောက်နှင့် ကောင်မလေးတယောက် တယောက်လက် တယောက်ဆုပ်ကိုင်၍ သူ့ဆီတည့်တည့်လျှောက် လာကြသည်။ သူ့နားအရောက်တွင်တော့ ကောင်လေးဖြစ်သူမှစ၍ စကားပြောသည်။

“အကို့ပန်းချီလက်ရာက အရမ်းကောင်းတာပဲ”

ရှားလူ ကောင်လေးစကားကို ပြန်ပြုံးပြ၍ အသိအမှတ်ပြုလိုက်သည်။ ကောင်လေးက သူ့ကောင်မလေးဘက်လှည်ပြီး “ဒီလို ပန်းချီကားတွေ နိုင်ငံခြားမှာဆို ဈေးအများကြီး ပေးရတယ်” ဟု ပြောလိုက်သည်။

ကောင်မလေးက “အင်း”တလုံးတည်းသာ စိတ်ဝင်စားမှုမဲ့သောမျက်နှာထားဖြင့် ပြန်ပြောသည်။

“မိုး…… ကိုယ်အကြံတခုရပြီ” ဟု ကောင်လေးမှ ဝမ်းသာအားရ ပြောလိုက်သည်။

“ဘာအကြံလဲ ကို”
“ကိုယ်တို့ချစ်သက်တမ်း တစ်နှစ်ပြည့်အမှတ်တရ ဒီအကိုဆီမှာ ကယ်ရီကေးချား တပုံလောက် အပ်ရအောင်”

“ဟင့်အင်း မိုးကတော့ ပုံတူပန်းချီပဲ အပ်ချင်တယ်”

“ကယ်ရီကေးချားက ပိုကောင်းပါတယ်မိုးရဲ့ အင်တာနေရှင်နယ်မှာဆိုရင်လည်း………”

“ဟာ……မသိဘူး ကိုရာ၊ ပုံတူပန်းချီပဲအပ်ချင်ပါတယ်ဆို”

ကောင်လေးစကားမဆုံးခင် ကောင်မလေးက ကြားဖြတ်ဝင်၍အော်ပြီးပြောလိုက်သည်။ ထိုအခါမှ ရှားလူလည်း ဝင်ပြောရလေသည်။

“ကဲ …… ညီလေးရော ညီမလေးရော ငြင်းမနေနဲ့တော့၊ အကို ညီလေးတို့ကို ကယ်ရီကေးချားရော ပုံတူရော ဘာမှဆွဲပေးမှာ မဟုတ်ဘူး၊ အကို ဘယ်အပ်ထည်ကိုမှ လက်ခံလေ့မရှိလို့ပါ”

ကောင်လေးနှင့်ကောင်မလေးစုံတွဲ ရှားလူအနားမှ ထွက်သွားလေပြီ။ လာတုန်းကလို တယောက်လက်ကလေး တယောက် ဆွဲ၍ပင်။

(၅)
နေက မြစ်ရေပြင်ထဲသို့ တစ်ခြမ်းဝင်နေလေပြီ။ မြစ်ရေပြင်ပေါ်မှ ဝဲကာဝိုက်ကာ ပျံသန်းလာသော ငှက်များလည်း ကုက္ကိုပင်ကြီး ပေါ် အသီးသီးနေရာယူနေကြလေပြီ။ ရှားလူလည်း အိမ်ပြန်ရတော့ မည်ကြောင့် သူ့ပစ္စည်းများကို သိမ်းဖို့ပြင်နေစဉ် သူ့အ နောက်တွင် တစုံတယောက်ရှိနေသည်ဟု ခံစားရ၍ နောက်သို့လှည့်ကြည့်လိုက်သည်။ ဟုတ်ပေသည်။ လူတယောက် ရောက်နေပေသည်။ တိတိကျကျဆိုရလျှင် အသက်ခြောက်ဆယ်ဝန်းကျင်လူကြီးတဦးပင်။ ထိုလူကြီး၏ ပုံသဏ္ဌာန်မှာ အိုစာနေသည်ဟု ထင်ရသော်လည်း သူ့မျက်လုံးများက စူးရဲတောက်ပလွန်းနေသည်။ မျက်နှာသည် မုတ်ဆိတ်ကျင်စွယ် တို့ကြောင့် ညှဉ်းသိုးသိုးဖြစ်နေသည်ထင်ရသော်လည်း သေချာကြည့်ပါက မုတ်ဆိတ်ကျင်စွယ်တို့၏အောက်မှ ရုပ်ရည်သည် ခန့်ညားသောအသွင်ကို ဆောင်နေသည်။ ကချင်လွယ်အိတ်တလုံးကိုလည်း လွယ်ထားသေးသည်။ ရှားလူလည်း ထိုလူကြီး အား စက္ကန့်ပိုင်းမျှကြည့်ရှုပြီးသည်နှင့် သူ့ပစ္စည်းများကိုဆက်သိမ်းရန် တဖက်သို့ ပြန်လှည့်လိုက်သည်။

“ကောင်လေး…”

လူကြီးက ရှားလူကိုခေါ်လိုက်ခြင်းဖြစ်သည်။ သူ့အသံသည် တည်ငြိမ်လေးနက်နေပြီး သြဇာသံ အပြည့်ပါနေ၏။ ရှားလူ လူကြီးဘက်သို့ ခန္ဓာကိုယ်တခုလုံးလှည့်၍ လူကြီးနှင့်မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ လူကြီးက စကားကို ပီပီသသတလုံး ချင်း ဆက်ပြောသည်။

“ငါ့အတွက်တော့ ဒီညနေဟာ နတ်စိမ်းတကောင်ကို မြင်လိုက်ရခြင်းပဲ၊ ဗန်ဂိုးရဲ့အခန်းကျဉ်းလေး ထဲမှာ နှစ်ယောက်သား စကားစမြည်ပြောနေရသလိုပဲ ကောင်လေး”

ရှားလူ ဘာမှပြန်မပြောဖြစ်ဘဲ သူ့ပန်းချီကားကို သူပြန်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်ကို အနီရောင်ရဲနေသော မြစ်ရေပြင်ကြီးဆီသို့လွှဲလိုက်ပြီး လူကြီးပြောမည့်စကားများကို ဆက်နား ထောင်နေသည်။

“ငါ့တသတ်မှာ ရေးသူရော၊ ပန်းချီကားရော အတူတွဲပြီးမြင်ရတဲ့ အကောင်းဆုံးပန်းချီကားပဲ၊ ဒီနေ့ဟာ ဗန်ဂိုးရဲ့နေကြာတွေ ဒီနေရာမှာပွင့်ခဲ့ကြတယ်၊ ဒါဗင်ချီရဲ့လျို့ဝှက်မှုတစိတ်တစ်ဒေသကို ဖော်ထုတ်နိုင်ခဲ့ကြတယ်၊ ဒီနေ့ မင်းရောငါရော အဇ္ဈတ္တရဲ့ ပွင့်ကန်ထွက်လာမှုတွေကို မျက်ဝါး ထင်ထင်မြင်ကြရပြီ၊ မင်းရဲ့အရောင်တွေနဲ့ မင်းရဲ့ပန်းချီကားက ငါ့နှလုံးသားကို ဝါးမြို သွားပြီ။ ကောင်လေး တွေ့လား ဟိုမှာနေဝင်ပြီ၊ ငါတို့အဇ္ဈတ္တတွေ လင်းတုန်းပဲ”

လူကြီးက စကားကိုရပ်လိုက်သော်လည်း ရှားလူမှာဘာမှပြန်မပြောနိုင်အောင်ရှိနေသည်။ ဒီလူကြီးစကားကိုလည်း နားလည် သလို နားမလည်သလို ဒွိဟဖြစ်နေ၏။ လူကြီးကတော့ သူ့ကို စကားဆက်ပြောဦးမည့်ဟန်ပင်။ သို့သော် လူကြီးကစကား ဆက်မပြောဘဲ သူ့လွယ်အိတ်ထဲမှ တစုံတခုကို ထုတ်နေသည်။ လူကြီး၏လက် လွယ်အိတ်အပြင်အရောက်တွင်တော့ လက် ထဲပါလာသည်က နှစ်လက်မခန့်ရှိသော ဓားပါးလေးတလက်။ လူကြီးက မပြောမဆိုပင် သူ့ဘယ်လက်ဖဝါး ကို ဓားပါးလေးဖြင့် ကြက်ခြေခက်ဆွဲခြစ်လိုက်သည်။ တဟုတ်မချင်း သွေးများစိမ့်ထွက်လာသည်။ လူကြီးက ရှေ့ကို ခြေတလှမ်းတိုးသည်။ နောက်ခြေတလှမ်းဆက်တိုးသည်။ ပန်းချီကားရှေ့သို့အရောက်တွင်တော့ သွေးထွက်နေသာ သူ့လက်ဖဝါးကြီးဖြင့် ပန်းချီ ကားမျက်နှာပြင်ကို ကပ်လိုက်သည်။

မြင်လိုက်ရသည်မြင်ကွင်းကြောင့် ရှားလူ ဒေါသထွက်သွားသည်။ လူကြီးလုပ်သမျှကို သတိလက်လွတ်လိုက်ကြည့်နေသည်မှ သတိပြန်ဝင်လာသည်။ လူကြီးကြောင့် သူ့ပန်းချီကား ပျက်စီးသွားပြီဟု ခံပြင်းဒေါသဖြင့် ပန်းချီကားကိုကြည့်လိုက်သည်။ သို့ သော် …… ။

ညိုမှိုင်းဝေ (သနပ်ပင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်