လှကျော်ဇော – မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်

June 10, 2016

လှကျော်ဇော – မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၆
မေမြို့ဟာ ကျွန်မတို့မိသားစုအတွက် “ ခိုက် ” တယ်လို့ အဘွားများက ဆိုလေ့ရှိပါတယ်၊ ပြောလည်းပြောစရာပါပဲ၊ ကျွန်မတို့မိသားစု မေမြို့ကို ဖေဖေစစ်မှုထမ်းကာလတလျှောက် သုံးကြိမ် သုံးခါ ပြောင်းဖူးပါတယ်၊

(၁) ၁၉၄၆-၄၇၊ ကျွန်မ ၆ လသမီးအရွယ်မှာ အင်္ဂလိပ်တွေဖွင့်တဲ့ “ အထူးဗိုလ်သင်တန်း ” ကို ဖေဖေတက်ဖို့ ကျွန်မတို့မိသားစုသုံးဦး (ဖေဖေ၊ မေမေနှင့် ကျွန်မ) ပြောင်းရွှေ့သွားခဲ့တာဟာ ပထမဆုံးအကြိမ်ပါ၊ အဲဒီအခေါက်က တနှစ်တောင်မကြာလိုက်ပါဘူး၊ ဘာပြဿနာမှလည်း မတက်ခဲ့ပါဘူး၊

(၂) ၁၉၄၉၊ ဖေဖေမြောက်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းနေရာက ရန်ကုန်စစ်ရုံးချုပ်က ပြန်ခေါ်ပြီး၊ တောင်ပိုင်းတိုင်းမှူးအဖြစ်ခန့်အပ်ကာ နာမည်ကျော် “ အင်းစိန်တိုက်ပွဲ ” တိုက်ရပါတယ်။ မေမြို့မှာကျန်ခဲ့တဲ့ မေမေနဲ့ ဒုတိယသမီးစန်းတို့ ကေအင်ဒီအိုများရဲ့ဖမ်းဆီးခြင်းကို လအချို့ခံရပါတယ်။

(၃) ၁၉၅၃ တရုတ်ဖြူတိုက်ဖို့ ဖေဖေမြောက်ပိုင်းတိုင်းမှူးအဖြစ် မေမြို့ကို တတိယနဲ့ နောက်ဆုံးအကြိမ် ပြောင်းခဲ့ရပါတယ်။ ၁၉၅၄-၅၅- နှစ်နှစ်ဆက်တိုက် ဘုရင့်နောင်စစ်ဆင်ရေးကြီးနဲ့ ရန်ကြီးအောင် စစ်ဆင်ရေးကြီး များတိုက်ပြီးနောက် ၁၉၅၆ တပ်မှူးကြီးများညီလာခံအပြီး ဖေဖေမင်္ဂလာဒုံမှာ အကျယ်ချုပ်အချခံလိုက်ရပြီး ၁၉၅၇ ခုနှစ်မှာတော့ တပ်မတော်က အငြိမ်းစားပေးခြင်း ခံလိုက်ရပါတယ်။

အဲသလို ဒုက္ခ သုက္ခများနဲ့ ကြုံရလို့ “ ခိုက်တယ် ” လို့ အဘွားများက ပြောဟန်တူပါတယ်။

ကျွန်မကတော့ မေမြို့ဟာ ကျွန်မတို့မိသားစုကို လောကဓံလှိုင်းအတက်အကျ အရိုက်အပုတ်၊ ခပ်ပြင်းပြင်းတွေကိုခံနိုင်အောင် လေ့ကျင့်ပေးလိုက်တဲ့ ဒေသအဖြစ် မှတ်ယူထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေလျှမ်းလျှမ်း တောက်တဲ့ကာလ တရုတ်ဖြူတိုက်ထုတ်တဲ့ တိုက်ပွဲတွေအောင်မြင်ပြီးပြန်အလာ မြို့လုံးကျွတ် ထွက်ကြိုဆိုဂုဏ်ပြုတဲ့ပွဲတွေ ချိမ့်ချိမ့်သဲလုပ်ခဲ့ကြတာကို ကျွန်မတို့မှတ်မှတ်ရရ ကြုံခဲ့ရသလို ဖေဖေ့ကို မင်္ဂလာဒုံမှာ အကျယ်ချုပ်နဲ့ဖမ်းထားစဉ်၊ ကောလဟလအမျိုးမျိုးနဲ့ နေ့တထိတ်ထိတ် ညတထိတ်ထိတ် နေခဲ့ရတဲ့ ဘ၀ကိုလည်း ဖြတ်သန်းခဲ့ရလို့ပါပဲ။

၁၉၅၅ ခုနှစ်လယ်လောက်မှာ ဖေဖေရန်ကြီးအောင်တိုက်ပွဲအပြီး မေမြို့ကိုပြန်ရောက် လာပါတယ်။ အောင်ပွဲရပြီး ပြန်လာတဲ့သူရဲကောင်းကြီးအဖြစ် ဖေဖေကြိုဆိုခြင်းခံရတာ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၁၉၅၁ ခုနှစ်က ကေအင်ဒီအိုများလက်က တောင်ငူ၊ ဖြူး ..စတဲ့ မြို့များကို ပြန်သိမ်းပြီး၊ ဘရင်းကယ်ရီယာပေါ်ကရပ်ပြီး မြို့ထဲဝင်လာတဲ့ ဖေဖေကို မြို့သူမြို့သားတွေ လမ်းဘေးတဖက်တချက်က ရပ်ပြီး တချို့က လက်ခုပ်တီး၊ တချို့က မျက်ရည်တွေကျပြီး ကြိုဆိုနေတဲ့ပုံတွေ ကျွန်မတို့ ရုပ်ရှင် သတင်းကားတွေထဲမှာ တွေ့ဖူးပါတယ်။ အခု မေမြို့ကကြိုဆိုတဲ့ပွဲကတော့ မျက်မြင်ကြုံတွေ့ရတဲ့ပွဲပါ။

အဲဒီနေ့က ဖေဖေက အနီးစခန်းလေယာဉ်ကွင်းကို ရောက်လာပါတယ်။ ရန်ကုန်စစ်ရုံးချုပ်ကို အရင်သွားသတင်းပို့ရဟန် ရှိပါတယ်။ မင်္ဂလာဒုံကမှ တပ်မတော်လေယာဉ်နဲ့ ရောက်လာတာပါ။

မေမြို့ဟာ အလွန်လှတဲ့မြို့ပါ။ အထူးသဖြင့် ချယ်ရီပန်းတွေပွင့်တဲ့ အချိန်ပါ။ ပန်းရင့်ရောင် တပင်လုံးဖုံးသွားအောင် ပွင့်တာပါ။ လေယာဉ်ကွင်းတည်ရှိတဲ့အနီးစခန်းရွာကလေးဟာ မေမြို့နဲ့ ၁၀ မိုင် လောက်ဝေးပါတယ်။ မန္တလေး-မေမြို့ကား လမ်းဟာ ၄၂ မိုင်ရှိပြီး တောင်တက်တောင်ဆင်း အကွေ့ အကောက်တွေနဲ့ မြွေလိမ်မြွေကောက်သွားရပါတယ်။ ဒါပေမဲ့ အနီးစခန်းကစပြီး လမ်းဟာ ဖြောင့်သွားပါတော့ တယ်။ လမ်းဘေးတဖက်တချက်မှာ ချယ်ရီပင်တွေ တန်းစီစိုက်ထားပါတယ်။ အနီးစခန်းက မေမြို့ကိုတက် လာတဲ့အခါ ချယ်ရီတွေပွင့်တဲ့အချိန်နဲ့တိုးရင် အဲဒီခရီးလမ်းမြင်ကွင်းကို တသက်ပတ်လုံး မေ့နိုင်စရာ မရှိတော့ပါဘူး။ အဲသလောက်လှတာပါ။

ဖေဖေ့ကို အနီးစခန်း လေယာဉ်ကွင်းမှာ မြောက်ပိုင်းတိုင်းလက်အောက်ခံတပ်များကရော မေမြို့က မြို့မိမြို့ဖများကရော၊ ၀ိုင်းကြိုဆိုကြပြီး မြို့ထဲကို ကားတန်းကြီးနဲ့ ခေါ်လာပါတယ်။ အဲဒီကားတန်းကြီးက တမြို့လုံးကို ပတ်ပါတော့တယ်။ ကျောင်းသူကျောင်းသားတွေ၊ ဈေးသူဈေးသားတွေ ရုံးလုပ်သား စသဖြင့် တမြို့လုံးရှိရှိသမျှလူကုန်ထွက်ကြိုတာပါ၊ တပ်စခန်းတွေကလည်း တပ်အိမ်ထောင်သည်တွေ ကလေးဘုစုခရုနဲ့ အကုန်ထွက်လာကြပါတယ်။ တမြို့လုံး တရုန်းရုန်းနဲ့ပါ။

အဲဒီတုန်းက ကျွန်မတို့ညီအစ်မက မေမြို့မြို့ပတ်လမ်းမှာရှိတဲ့ စိန့်ဂျိုးဇက်ကွန်ဗင့်မှာ ကျောင်းတက် နေတာပါ။ အဲဒီနေ့က ကျွန်မတို့တတွေ မနက်ကတည်းက ကျောင်းရှေဩကလမ်းမကြီး တဖက်တချက်မှာရပ်ပြီး ဖေဖေတို့ကားတန်းကြီးကို စောင့်နေရပါတယ်။ အကြာကြီးစောင့်ရတာ မှတ်မိနေပါတယ်။ ကျွန်မတို့ရှေ့က ကားတန်းကြီးဖြတ်တော့ ကျွန်မတို့တတွေ လက်ခုပ်တွေတီးကြ၊ လက်တွေဝှေ့ယမ်းပြကြ၊ ပါးစပ်ကလည်း ၀ူးဝူးဝါးဝါးအော်ကြနဲ့ ကလေးဘာဝ ကျောင်းမတက်ရတာကို ပျော်နေကြပါတယ်။ ဖေဖေနဲ့မေမေကို လည်ပင်းမှာ ပန်းကုံးကြီးတွေနဲ့တွေ့လိုက်ရတော့ ကျွန်မက “ ဟိုမှာမေမေနဲ့ ဖေဖေ ” လို့ အော်လိုက်မိပါတယ်။ ညီမစန်းက ကွေးနေအောင် ကပါတော့တယ်။ ထို့အတူပဲ အဲဒီကျောင်းမှာတက်နေတဲ့ ကျန်စစ်တပ် အရာရှိကြီးများနဲ့ အရပ်ဖက်အရာရှိတွေရဲဩ သမီးတွေကလည်း အဲဒီကားတန်းကြီးထဲက သူတို့အဖေတွေ တွေ့ရတဲ့အခါ တယောက်တပေါက် အော်ကြ၊ ကကြနဲ့ ပွက်လောရိုက်နေပါတော့တယ်။ ပျော်လိုက်ကြတဲ့ဖြစ်ခြင်း။

အဲဒီကားတန်းကြီးနဲ့ တမြို့လုံးပတ်ပြီးနောက် မြို့တော်ခန်းမမှာ “ ဂုဏ်ပြုပွဲ ” ကျင်းပပါတယ်။ ညစာထမင်းစားပွဲကြီးလည်း လုပ်ပါသေးတယ်၊ မေမြို့ဘောလုံးကွင်းကြီးထဲမှာလည်းပဲ ပွဲဈေးတန်းကြီးနဲ့ပွဲတွေ၊ ဘာတွေခံတာလည်း မှတ်မိပါတယ်။ အဲဒီနေ့က မေမြို့ မြို့မိမြို့ဖများက ဖေဖေ့ကို ကျေးဇူးတင်တဲ့အနေနဲ့ မြေတကွက်လက်ဆောင်ပေးတာ၊ ဖေဖေက လက်မခံခဲ့ဘူးလို့ မေမေက ပြန်ပြောပြဖူးပါတယ်။

အဲဒီနေ့ကအဖြစ်အပျက်ကတော့ အလွန်စွဲလမ်းဖွယ် ရုပ်ရှင်သတင်းကားကြီး ကြည့်ခဲ့ရသလိုပါပဲ။ မေ့ပျောက်လို့မရနိုင်ဘဲ ဘယ်တော့ပြန်စဉ်းစားစဉ်းစား မနေ့တနေ့ကဖြစ်ပျက်ခဲ့သလို အကုန် ကွက်ကွက် ကွင်းကွင်း ပြန်ပေါ်လာတတ်ပါတယ်။

တကြိမ်တခါက ကျွန်မတို့မိသားစုရဲ့ ကြုံတောင့်ကြုံခဲ “ ရွှေထီးဆောင်းခဲ့ရတဲ့ ကာလလေး ” ပေါ့၊

၃-၄-၂၀၁၄

မှတ်ချက်။ ။ ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ။ အတွဲ(၁)။ ဖြိုးမောက်သာ စာပေ။

ဆောင်းပါးအမှတ် (၃၂) ကို တင်လိုက်ပါတယ်။

ပုံအတွက်စာ။ ။ တရုတ်ဖြူစစ်ဆင်ရေးကာလအတွင်းက ဖေဖေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်