တက္ကသိုလ်ရွှေရီဝင်း – ကလေးတွေဖတ်ဖို့

June 16, 2016

တက္ကသိုလ်ရွှေရီဝင်း – ကလေးတွေဖတ်ဖို့
(အတွေးအမြင်၊ မိုးမခ) ဇွန် ၁၆၊ ၂၀၁၆
ကလေးဆိုတာ အင်မတန်မှ စိတ်ထား သန့်ရှင်းပြီး ဘေးပတ်ဝန်းကျင်ရဲ့ပုံရိပ်လေးတွေအောက်မှာ ပြောင်းလဲလာကြတာ အမှန်ဖြစ်ပါတယ်။

နောက်ပြီး သူတို့ရဲ့စိတ်က အလွန်စပ်စု စူစမ်းပြီး တက်တက်ကြွကြွရှိကြတယ်။ လူတိုင်းဟာ ကလေးဘဝကို ကျော်ဖြတ်ပြီးမှ ဆက်လက ရှင်သန်နေကြပါတယ်။

ကိုယ်ကိုယ်တိုင်လည်း ကလေးဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ မောင်နှမရှစ်ယောက်ရှိတဲ့အိမ်ထောင်မှာ ကြီးထွားရတာမို့ အစ်ကိုနှစ်ယောက်ရဲ့ အောက် ညီမလေးအဖြစ် ကလေးဘဝနေခဲ့ရသလို ညီ ညီမငါးယောက်ရဲ့အစ်မအဖြစ် ကလေးဘဝ ဖြတ်သန်းခဲ့ရပါတယ်။ နောက်တော့ မိခင် တယောက်အဖြစ် ကလေးတွေကို ပြုစုရပါတယ်။ ညီ ညီမတွေက ပေါက်ဖွားတဲ့တူတူမတွေနဲ့နေခဲ့ရသလို သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ကလေး တွေနဲ့ ရောနှောပြီး နေဖူးခဲ့တယ်။ နောက်တဆင့်တက်ပြီး မြေးဆိုတဲ့ ကလေးနဲ့  နေရပြန်ပါတယ်။

ဒါကြောင့်မို့လားမသိပါဘူး၊ ကလေးတွေကို စိတ်ဝင်တစားရှိပြီး သူတို့လေးတွေကိုစိတ်ဝင်တစားရှိပြီး သူတို့လေးတွေကို ချစ်လည်းချစ် ကူလည်း ကူညီချင်တဲ့စိတ် ရှိပါတယ်။ သူတို့လေးတွေကိုကြည့်ပြီး ကလေးဆိုတာ လောကကြီးထဲမှာ အမြဲတမ်း မရှိမဖြစ်ရှိနေကြတာကို လက်ခံမိတယ်။

မောင်နှမများတဲ့ မိသားစုမှာကြီးပြင်းရလို့ မိဘအဖိုးအဖွားရဲ့ ကလေးတွေအပေါ် ထားတဲ့ မေတ္တာတရားနဲ့ စေတနာကို နားလည်ခဲ့ပါတယ်။ ကလေး သဘာဝငယ်စဉ်က ကစားမက်တယ်၊ အပျင်းထူတယ်၊ ဆိုးတယ်။ အဲဒီအရည်အချင်းတွေကတော့ အပြည့်ပါပဲ။ ဒါနဲ့တပြိုင်တည်း တာဝန်တွေ၊ ဝတ္တရား တွေရှိလာတယ်။ အဲဒီအရည်အချင်းနှစ်ခုကို တဖက်စောင်းနင်းမဖြစ်အောင် လူကြီးမိဘက ထိန်းရပါတယ်။

ထိန်းသိမ်းပုံ၊ ထိန်းသိမ်းနည်းမျိုးစုံရှိပါတယ်။ အိမ်ထောင်ကျပြီး စာပေမှာ ပျော်မွေ့တဲ့ မိသားစုအသိုင်းအဝန်းကိုရောက်တော့ စာတွေ့ရော လက် တွေ့ပါ နှစ်မျိုးစလုံးနဲ့ ရင်းနှီးရပါတယ်။ စာတွေ့များရှိလို့လားလို့မေးရင် ရှိပါတယ်။ အဲဒီလို ကလေးတွေအကြောင်းရေးကြတဲ့ ပညာရှင်တွေကတော့ ဆင် ကြီးတွေလို့ ပြောရပါမယ်။ ကလေးပညာဗေဒမှာ ဘွဲ့ထူးတွေ၊ ရာထူးတွေရရှိထားတဲ့ ပညာရှိတွေဖြစ်တယ်။ သူတို့စာကိုဖတ်ရရင် မိဘတွေက သိပ် သဘောမတွေ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကလေးကိုအလိုလိုက်ဖို့ ကလေးရဲ့သဘောအတိုင်း လိုက်လျောဖို့ ပြောတာများပါတယ်။ ကျန်း မာရေးနဲ့ ပညာရေးအတွက်ကတော့ သူတို့ရေးတာကိုလက်ခံပေမယ့် ကလေးကို အတိုင်းအတာမရှိ အလိုလိုက်ဖို့တော့ သဘောမတူမိပါ။

နောက်ကလေးတွေအတွက် ဖတ်စရာ၊ တွက်စရာ၊ ပျော်စရာ၊ စိတ်ဝင်စားစရာ ဘာသာရပ်အစုံကိုရေးတဲ့ ပညာရှင်တွေကို လေ့လာကြည့်တော့ လည်း တကယ့်ပါရဂူတွေ၊ ဘွဲ့ထူးတွေ အစုံပါတဲ့လူတွေဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါကိုတော့ သဘောလည်းတူ ထောက်လည်းထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အတွေးအခေါ်ဟာ ထောင့်စေ့တာမို့ ကလေးတွေအတွက် စာရေးရာမှာ လွယ်ကူချောမောပြီး၊ ဇာတ်လမ်း တွေကလည်း ကလေးတွေလက်ခံနိုင်တဲ့ ဇာတ်လမ်းမျိုးတွေဖြစ်နေလို့ပါပဲ။

ကလေးတွေဖတ်ဖို့ ရေးရတာလွယ်ပါတယ်လို့ တွေးရင်တော့ မှားပါတယ်။ ကလေးတွေဖတ်ဖို့ ပုံပြင်တွေ၊ ဗဟုသုတစာပေတွေရေးတဲ့ ပညာ ရှင်တွေဟာ တကယ့်ပညာရှင်တွေ ဆိုတာကို ငြင်းလို့မရပါဘူး။ မြန်မာစာပေမှာဆို ဒေါက်တာမောင်ဖြူး၊ ဒေါက်တာထင်အောင်တို့လို ပုဂ္ဂိုလ်တွေက မြန်မာ ပုံပြင်တွေကို အင်္ဂလိပ်လိုရေးသားခဲ့ကြပါတယ်။ နောက် လူထုဦးလှလိုပညာရှင်ကြီးက တိုင်းရင်းသားပုံပြင်တွေ စုဆောင်းပေးခဲ့တာရှိပါတယ်။ ဆရာကြီး မင်းသုဝဏ်၊ ဆရာမင်းယုဝေနဲ့ ဆရာမငွေတာရီတို့လည်း ကလေးကဗျာတွေ၊ ကလေးပုံပြင်တွေ ရေးခဲ့ပါတယ်။

ကိုယ်ငယ်ငယ်ကတော့ နိုင်ငံခြားကာတွန်းတွေထဲက ဇာတ်လမ်းတွေ ဇာတ်ကောင်တွေနဲ့ ရင်းနှီးပါတယ်။ ကိုယ့်ကို မိဘတွေ၊ အဖိုးအဖွားတွေ ပြောခဲ့တာတွေအကုန်မမှတ်မိပေမယ့် ကိုယ့်ထက်ငယ်တဲ့မောင်တွေ၊ ညီမတွေကို ပြောတာကို အတူနားထောင်ရင်း ‘ ငါငယ်ငယ်တုန်းကလည်း ဒီလို ပုံတွေပြောခဲ့မှာပဲ’ ဆိုပြီး သိခဲ့ရလို့ ပိုပြီးမှတ်မိလာပါတယ်။ ရွှေယုန်နဲ့ရွှေကျားတို့၊ ကမ္ဘာလိပ်ကြီးတို့၊ မောင်ကဆုန်နဲ့ မောင်နယုန်ပါတဲ့ ကြတ္တိကာပုံပြင် တွေ၊ မထွေးလေးပုံပြင်တွေ၊ ရှင်မွေးလွန်း မင်းနန္ဒာဇာတ်လမ်းအစုံပါပဲ။ လမင်းကြီးနဲ့ပတ်သက်ပြီး ပုံပြင်တွေရှိသလို ကဗျာတွေလည်း ရင်းနှီးခဲ့ပါတယ်။ လူ ကြီးတွေမအားရင် ကိုယ်ကိုယ်တိုင်ကြားဖူးထားတဲ့ဇာတ်လမ်းတွေ၊ ပုံပြင်တွေကို ညီ ညီမတွေကို ထပ်ဆင့်ပြောခဲ့ရပါတယ်။ နောက် ပီတာပင်တို့ ဟင် ဆယ်နဲ့ ဂရီ တယ်မောင်နှမ၊ စနိုးဝိုက်နဲ့ လူပုလေးခုနှစ်ယောက်၊ အိပ်ပျော်နေတဲံမင်းသမီးလေးတို့ ၊ ငလက်မပုံပြင်တွေအစုံပါပဲ။

အဲဒီလိုပုံပြင်တွေ၊ လုပ်ဇာတ်တွေပြောကြတာဟာ ကလေးနဲ့လူကြီးတို့ ရင်နှီးမှုရခဲ့ပါတယ်။ ပုံပြင်ပြောရင်း တူတူပုန်းတန်းကစားကြတာ၊ ကုလားမ စည်း ကစားကြတာ၊ ဟင်းချက်တန်း ထမင်းချက်တန်း ကစားကြတာလည်း မပျင်းနိုင်ကြပါဘူး။ ကလေးတွေဖတ်ဖို့ ကာတွန်းတွေကလည်း ညီညီမတွေ ငယ်စဉ်ကဖတ်တဲ့ ဘားမားစတာဂျာနယ်ကို သတိရမိတယ်။ ဉာဏ်ကြယ်လေးနဲ့ ဦးလူပေါနဲ့ ဦးလူချော၊ မိမော်မေမေကစပြီး ဦးဦးပုံ ပြောမယ် ၊ စံရွှေမြင့် ဇာတ်လမ်း စသဖြင့် ကူးပြောင်လာပြီး ရွှေသွေးတို့၊ တေဇတို့ခေတ်၊ လှပဂျာနယ်စသဖြင့် ဖတ်စရာတွေကို ကူးပြောင်းခဲ့ကြတယ်။

ကိုယ့်သားသမီးတွေကိုပုံပြောကောင်းလို့ စာပေဗိမ္မာန်မှာ မေမေနဲ့ဘဘတို့နဲ့အတူလည်း လုပ်ဖက်၊ မိတ်တွေရင်းလည်းဖြစ်တဲ့ အန်တီဒေါ်အုန်း ကြည်တို့၊ ဒေါ်တင်ထွေးတို့တိုက်တွန်းမှုနဲ့ ကလေးတွေအတွက် ဇာတ်လမ်းတွေ ရေးဖြစ်ပါတယ်။

ရွှေသွေးဂျာနယ်မှာ ပထမဆုံးရေးဖြစ်တာ ‘ကြယ်သီးတိုင်းပြည်’ ဆို့တဲ့ဇာတ်လမ်းပါ။ ဆရာကြီးဦးဘကြည်ရဲ့ ပန်းချီသရုပ်ဖော်ပုံနဲ့ ဖြစ်ပါတယ်။ ကလေးတွေက ပုံနားထောင်တဲ့အရွယ်လွန်ပြီဖြစ်လို့ စာဖတ်ရတာ သဘောကျပါတယ်။

မေမေနဲ့ဘဘကလည်း သားကိုပြောပြခဲ့တဲ့ ပုံပြင်တွေကို မြေးတွေကို ဆက်ပြီးပြောကြပါတယ်။ နောက် မေမေနဲ့ဘဘက ငါးရာ့ငါးဆယ်ပုံပြင်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့ ဇာတ်လမ်းတွေ၊ ၃၈ ဖြာမင်္ဂလာတွေ ကလေးတွေကိုပြောပြပြီး ပျော်နေကြပါတယ်။ သူတို့တွေကစာဖတ်တက်တဲ့အရွယ်ဆိုတော့ ပြောလည်းပြောပြ စာလည်ဖတ်ခိုင်းပါတယ်။

သားစဉ်မြေးဆက်ဆိုသလိုပဲ သံယောဇဉ်တွေကြီးခဲ့ကြ၊ ကိုယ့်မိဘအမွေတွေဖြစ်တဲ့ ဘာသာသာသနာနဲ့ ယဉ်ကျေးမှုတွေကိုဆက်ပြီး ဖြန့်ခဲ့ကြ တာ အမှတ်ရပါတယ်။ ဟိုတုန်းက အဘိုးအဘွား၊ အဖေအမေတွေက သူတို့ရင်ထဲမှာ ပြောစရာစကားတွေ ရှိကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က အလုပ် နဲ့ပဲပြတာဖြစ်လို့ သူတို့ရဲ့မေတ္တာနဲ့စေတနာကို ကိုယ့်ဘာသာကိုယ် နားလည်ခဲ့ကြရပါတယ်။

ကိုယ့်သားသမီးတွေကျတော့ရော ဒီလိုပါပဲလို့ပြောရမယ်။ သူတို့တွေလည်း သူတို့သားသမီးတွေရတော့ နားလည်ကြမှာပဲလို့ လက်ခံခဲ့ကြတာ ထုံးစံပါပဲ။ မိဘတိုင်းဟာ သူတို့သားသမီးတွေနဲ့ လက်ပွန်းတတီးနေခဲ့ကြတာကို အမှတ်ရနေကြမှာဖြစ်ပါတယ်။ သူတို့သတိရသည်ဖြစ်စေ၊ သတိမရသည် ဖြစ်စေ ကိုယ်ကတော့ သတိရနေပါတယ်။

သူတို့တွေ သူငယ်တန်းကနေလေးတန်းအထိ အော်ဟစ်ကျက်လာကြတဲ့စာတွေ၊ သီချင်းတွေကို စာရေးသူကတော့ အမှတ်ရနေဆဲပါပဲ။ သူတို့ လည်း စကားနဲ့မပြောပေမယ့် သတိရနေမှာပါ။

သူတို့ သူငယ်တန်းတုန်းကရွတ်တဲ့ ကကြီး ခခွေး ကဗျာလေးခုထက်ထိ ရွတ်လို့ကောင်းနေဆဲပါပဲ။

က – ကညွတ်ပင် ရေမှာရွှင်

ခ – ခရမ်းသီး ဓားနဲ့လှီး

ဂ – ဂဏန်းကောင် လက်မထောင်

င – ငရုတ်စိမ်း စပ်ရှိန်းရှိန်း

စ – စပါး တို့အားထား

ဆ – ဆရာ ရိုသေပါ

ဇ – ဇရပ်မှာ တည်းခိုပါ

ည – ညအခါ လသာသာ

ရ – ရထားစီးလို့သွား။

အသက် ၇၀ ရောက်တော့မယ့်အဘွားကြီးက မှတ်မိတာတွေ ချရေးနေတာ။ ကလေးတွေဆီကတဆင့် အမှတ်ရနေတာပါ။

ဘွဲ့ရပြီး ဘာအလုပ်မှမလုပ်ဘဲ အိမ်ရှင်မတယောက်အဖြစ်နေခဲ့တာဖြစ်လို့များ ဒီလိုကလေးတွေ ရွတ်ခဲ့တဲ့စာတွေ၊ ကိုယ်နားထောင်ခဲ့တဲ့ စကား တွေ၊ ပုံပြင်တွေ၊ သီချင်းတွေ မှတ်မိနေတာလား မသိပါ။ ဒီလိုတော့လည်း မဟုတ်သေးပါဘူး။ အခုအသက်အရွယ်မှာ မေ့လိုက်တာများ အကုန်လုံးပါပဲ။ နာမည်တွေမေ့တယ်။ လမ်းတွေမေ့တယ်။ စာတွေဖတ်ပြီး သားတွေမေ့တယ်။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့စာအုပ်ခေါင်းစဉ်နဲ့ ဇာတ်လမ်းတွေကိုတော့ မမေ့ သေးဘူး။ ကလေးတွေရွတ်တဲ့ကဗျာတွေ၊ ပုံပြင်တွေ၊ သီချင်းတွေမမေ့ဘူး။ အားရင် ပြန်တောင်ဆိုမိသေးတယ်။ ဒါကြောင့်လည်း စာရေးတဲ့ဆီမှာ ကလေး တွေအတွက် ပုံပြင်ဇာတ်လမ်းကလေးတွေရေးရတာ ပိုပျော်ရွင်တယ်ထင်ပါတယ်။

အခုလည်း နိုဘယ်မြန်မာကလေးစာပေနှစ်ဖြစ်တဲ့ ၂၀၁၆ မှာ ကလေးတွေအတွက် စာအုပ်လေးတွေရေးဖြစ်သွားပါတယ်။ ကိုယ်ရေးတဲ့ ကလေး စာအုပ်ကလေးတွေ ကလေးတွေကို ပေးချင်ခဲ့ပါတယ်။ မိဘဘိုးဘွားကလည်း ကလေးအရွယ်ကနေ အသက်ကြီးသွားကြသလို ကိုယ်ကိုယ်တိုင်လည်း ကလေးဘဝကနေ အခုလို မိဘဘိုးဘွားဖြစ်လာကြတာမို့ ကလေးဆိုတာ လောကကြီးထဲမှာ အမြဲရှင်သန်နေကြတာကို သတိရမိပါတယ်။ သူတို့ ကွက် လပ်က အမြဲသစ်နေကြတာဖြစ်တယ်။

ကိုယ်ရေးခဲ့တဲ့ ကြယ်သီးတိုင်းပြည် ဇာတ်လမ်းလေးကို ပြန်ပြီးရေးချင်မိတယ်။ နောက်ထပ် နောက်ထပ် ရောက်လာကြတဲ့ကလေးတွေ ဖတ်စေချင် လို့ပါ။ ပုံပြင်အသစ်တွေလည်း ရေးချင်မိပါတယ်။ တခါတလေ ဒီပုံပြင်က သိပြီးသား၊ ဘယ်စာအုပ်မှာပါပြီးသား၊ ဘယ်နှစ်ခုနှစ်လောက်က ထုတ်ပြီးသား ဆိုတဲ့ စကားတွေကြားရင် ရင်ထဲမှာမကောင်းလွန်းလို့ ဘယ်လိုဖြေရမယ်မသိပါဘူး။ အဲဒီစကားပြောတဲ့သူလူတွေဟာ ကလေးဆိုတာ ဖတ်စရာအသစ် ကိုမှ ဖတ်တာမဟုက်ပါဘူး။ ဖတ်ပြီးသားလည်း ဖတ်ပါတယ်။ နောက်ပြီး သူတို့ပြောတဲ့ ပါပြီးသားဖတ်ပြီးသား ဆိုရင် အဲဒီတုန်းက ကလေးက အခုကလေး မဟုတ်တော့ဘဲ နောက်ထပ်အသစ်ရောက်လာတဲ့ ကလေးတွေ ဖတ်ဖို့ရေးတာပါလို့ ပြောချင်ခဲ့ပါတယ်။ ကိုယ် ဘယ်လောက်ပြောပြော သဘောပေါက်ဖို့ အထိတော့ မကြိုးစားချင်တော့ပါ။

အခု ကလေးစာပေနှစ်မှာ ၁၀၀၁ ည ပုံပြင်လေးထွက်လာပါတယ်။ သခင်ဘသောင်း ဘာသာပြန်ပြီးသား စာအုပ်ဖြစ်ပေမယ့် အခုရေးတဲ့စာအုပ်က ကလေးတွေအတွက်ရေးထားတာကို ဘာသာပြန်တာဖြစ်ပါတယ်။ စိတ်ထဲမှာ ကလေးတွေအတွက် ကိုယ်ငယ်ငယ်ကတည်းကသိခဲ့တဲ့ ၁၀၀၁ ည ပုံပြင် ကို ရေးခွင့်ရလို့ ပျော်မိပါတယ်။ ကလေးတွေလည်း အသစ်အဆန်းတခု ဖတ်ရလို့ ပျော်စေချင်ပါတယ်။

နောက် ကိုယ့်သားသမီးတွေငယ်စဉ်က ဖတ်ပြပြောပြခဲ့တဲ့ ဦးထုပ်နဲ့ကြောင်ကလေး ဇာတ်လမ်းကိုလည်း ရေးဖြစ်သွားပါတယ်။ ဒီစာအုပ်ကတော့ နာမည်ကျော်ကာတွန်းဆွဲပြီး ကလေးတွေကိုပုံပြောတဲ့ Dr. Seuss ကာတွန်းဇာတ်လမ်းလေးပါ။ ဦးထုပ်နဲ့ကြောင်ကလေးအပြင် ဒေါက်တာဆူးရဲ့ဇာတ် လမ်းနှစ်အုပ် ‘ ငှက်ဥကိုဝပ်ပေးတဲ့ ဆင်ကလေးဟောတွန်’ နဲ့ ‘ ဘာကောင်လေးမွေးရင် ကောင်းမလဲ’ ကိုဘာသာပြန်ပြီး ထုတ်ဖြစ်ပါတယ်။ ကလေး စာအုပ်ထုတ်ဖြစ်တာတော့ နေရီရီနဲ့ ရန်အောင်စာပေကို ကျေးဇူးတင်ရမှာပါ။

ကလေးတွေငယ်စဉ်က မူကြိုမှာ တီချယ်ဝိုင်းကျောင်းတက်ခဲ့တာ။ နောက် သူ့ဖေဖေတက်ခဲ့တဲ့ တီတီစီကျောင်းတက်ခဲ့တာ အမှတ်ရပါတယ်။ မြေးတောင် ကောလိပ်တက်နေပြီဆိုတော့ လွမ်းစရာလေးတွေ သတိရမိ တာပါ။

သူတို့ရွတ်တဲ့ ‘ရောင်စုံဘောလုံး၊ ရောင်စုံဘောလုံး၊ တစ်လုံးငါးပြား၊ တစ်လုံးငါးပြား’ တို့ ‘ သစ်ပင်ပေါ်မှာထိုင်နေတဲ့ တောက်တဲ့၊တေါက်တဲ့၊ မိုးလေဝသဟောနိုင်တဲ့တောက်တဲ့’ တို့ကို သတိရမိပါတယ်။ သူတို့အော်ဟစ်ဆိုခဲ့တဲ့ ‘ တို့တေဇလူငယ်’ လည်း မမေ့ပါဘူး။

ဒီဆောင်းပါးတော့ ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါမယ်။

(အတွေးအမြင် အမှတ် ၂၈၆ ။ ၂၀၁၆ မတ်လ)
(သရုပ်ဖော် – အောင်ထက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တက္ကသိုလ်ရွှေရီဝင်း, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်