fbpx

ညိုမှိုင်း​ဝေ(သနပ်ပင်) – တိမ်​အပြန်​လမ်း

June 17, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 
ညိုမှိုင်းဝေ(သနပ်ပင်) – တိမ်အပြန်လမ်း
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆

အမေနဲ့ညီမလေးရှေ့မှာ မငိုမိအောင် တင်းထားနိုင်ခဲ့ပေမယ့် လေယာဉ်ထိုင်ခုံမှာ ထိုင်ပြီးချိန်မှာတော့ ကျွန်မစိတ်တွေ ဆက်ပြီး တင်းမထားနိုင်တော့ပေ။ လှိုက်ခနဲတက်လာတဲ့ ဝမ်းနည်းစိတ်နဲ့အတူ ကျွန်မပါးပြင်တစ်ခုလုံး စိုစွတ်လာခဲ့သည်။ အမေနဲ့ညီမလေးကို ခွဲခွာလာခဲ့ရတယ် ဆိုတဲ့အသိက ရင်ထဲမှာ နာကျင်တင်းကျပ်နေသည်။ မွေးရပ်မြေနဲ့ တဖြည်းဖြည်း ဝေးဝေးလာခဲ့လေပြီ ဆိုတာကို တွေးရင်း ကျွန်မစိတ်တွေ ပိုပိုပြီး အားငယ်လာသည်။ ဖြစ်နိုင်ရင် လေယာဉ်ကြီးပေါ်က ပြေးဆင်းပြီး အမေ့ရင်ခွင်ထဲတိုးဝင် အားရပါးရ ငိုပစ်လိုက်ချင်သည်။ တိမ်တွေကြားထဲ လေယာဉ်ကြီးကလည်း တငြိမ့်ငြိမ့် ပျံသန်းနေသည်။ အစုအဖွဲ့လိုက် လွင့်နေတဲ့ တိမ်တွေကို လေယာဉ်ပြတင်းကကြည့်ပြီး ကျွန်မမျက်ရည်တွေ တားမနိုင်၊ ဆီးမရ။ ကျွန်မလည်း လွင့်လာခဲ့ရလေပြီ။ မိသားစုနဲ့ဝေးရာ၊ မွေးရပ်မြေနဲ့ဝေးရာကို ကျွန်မတစ်ကိုယ်တည်း လွင့်လာခဲ့ရလေပြီ။ လောကဓံလှိုင်းရဲ့ ရိုက်ပုတ်မှုဒဏ်တွေကို အမေခါးဆီးခံခဲ့တာ နှစ်တွေမနည်းတော့ပေ။ ဒီတခါတော့ မိသားစုတာဝန်ကို အမေ့သမီးကျွန်မ ပုခုံးပြောင်း ယူရတော့မည်။

“ခရီးသည်များရှင်၊ ကျွန်မတို့လေယာဉ်သည် မကြာမီအချိန်အတွင်း စင်္ကာပူလေဆိပ်သို့ ဆိုက်ရောက်တော့မှာ ဖြစ်ပါတယ်ရှင်”

လေယာဉ်မယ်အမျိုးသမီး၏အသံကို ကြားလိုက်မှ ကျွန်မအတွေးစများ လွင့်စင်သွားခဲ့သည်။ ပါးပြင်ပေါ်က မျက်ရည်တွေကို လက်နှစ်ဖက်ဖြင့် ပွတ်၍ သုတ်လိုက်သည်။ ကျွန်မအလုပ်လုပ်ရမည့် စင်္ကာပူနိုင်ငံသို့ ရောက်ပေတော့မည်။ တခါမှ မရောက်ဖူးသည့်ပတ်ဝန်းကျင်တွင် ကိုယ်နဲ့မသိသောလူများနှင့်၊ ကိုယ်သိပ်နားမလည်သော ဘာသာစကားများနှင့်၊ ကျွန်မ မည်သို့များ ရင်ဆိုင်ရမည်နည်း။ ကျွန်မ တွေးရင်း သက်ပြင်းမောကြီးကိုသာ အကြိမ်ကြိမ်ချနေမိတော့သည်။ ဟိုရောက်သည့်အခါ မည်သို့သောအလုပ်ရှင်မျိုးနဲ့တွေ့ပြီး မည်သို့နေထိုင်ရမည်ကို တွေးရင်း ကျွန်မစိတ်တွေ မသက်သာ။ သေသာသေလိုက်ချင်သည်။ ဒါပေမယ့် ကျွန်မခေါင်းကို ခါရမ်းလိုက်သည်။ အိမ်က ညီမလေးနဲ့အမေ့မျက်နှာကို ပြေးမြင်လိုက်သည်။ ကျွန်မမိသားစုအတွက် မနက်ဖြန်တွေကို ကျွန်မရင်ဆိုင်ရမည်။ ဘယ်လိုလောကဓံတွေဖြစ်ဖြစ် ကျွန်မ ကျော်ဖြတ်ရမည်။ ကျွန်မ ခေါင်းကိုမော့ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ပြုံးလိုက်သည်။ လေယာဉ်ပေါ်ကအဆင်း ကျွန်မခြေလှမ်းတွေဟာ တစုံတခုသော အားအင်များနှင့် ပြည့်နေပေတော့သည်။

စင်္ကာပူရောက်ပြီး ကျွန်မအေးဂျင့်၏ စီစဉ်ပေးမှုနှင့် အလုပ်စဝင်နေရပြီဖြစ်သည်။ အလုပ်ဆိုသည်မှာ သူဌေးမိသားစုအိမ်တွင် အိမ်ဖော် လုပ်ရခြင်းပင်။ ပတ်ဝန်းကျင်သစ် နေရာသစ်မှာ အသားကျဖို့ ကျွန်မ မကြိုးစားအား။ သူဌေးမိသားစုနှင့် သဟဇာတဖြစ်ဖို့ပင် လုံးပမ်းနေရသည်။ စင်္ကာပူလာခါနီး နှစ်လနီးပါးသင်ကြားခဲ့သော အင်္ဂလိပ်စကားပြောကလည်း ဒီရောက်တော့ သိပ်အဆင်မပြေလှ။ ကျွန်မ မြန်မာစကား သိပ်ပြောချင်ပေမယ့် စကားပြောဖေါ်ကမရှိ။ အိမ်ကိုလွမ်းတဲ့စိတ်နဲ့ ညတိုင်း ကျွန်မ တစ်ယောက်တည်း ငိုနေခဲ့ရသည်။ ကျွန်မ မိသားစု၏ အတိတ်အကြောင်းတွေဆီ အတွေးတွေကရောက်သွားသည်။

အဖေမဆုံးခင်က ကျွန်မတို့မိသားစုလေးမှာ မေတ္တာတရားတွေနဲ့ နွေးထွေးလုံခြုံ ပြည့်စုံနေခဲ့သည်။ ကျွန်မ မှတ်မိသေးသည်။ အဲ့ဒီတုန်းက ကျွန်မအသက်က ကိုးနှစ်။ လေးတန်းကျောင်းသူ။ ညီမလေးက လေးနှစ်။ ကျောင်းမနေသေး။ လသာညတွေတိုင်း အိမ်ရှေ့ကွပ်ပစ်လေးမှာ မိသားစုစုံစုံညီညီထွက်ထိုင်ကြပြီး အဖေက လမင်းကြီးကိုလက်ညိုးထိုးပြ၊ လမင်းကြီးအကြောင်း ပုံပြင်တွေပြောပြ။ ညီမလေးကတခစ်ခစ်ရယ်။ အမေကတပြုံးပြုံးနှင့် ပျော်စရာကောင်းသော နေ့ရက်များပင်။ ဒါပေမယ့် ကံကြမ္မာက ကျွန်မတို့မိသားစုကို ကြည့်မရဘူးထင်သည်။ အဖေနဲ့ကျွန်မတို့ကို ရက်ရက်စက်ခွဲပစ်သည်။ ကျွန်မ ငါးတန်းတက်တဲ့ နှစ်မှာပဲ အဖေဆုံးသည်။ သိပ်အများကြီး မတွေးတက်ပေမယ့် ကျွန်မတို့သိပ်ချစ်တဲ့၊ ကျွန်မတို့ကိုသိပ်ချစ်တဲ့ အဖေ ကျွန်မတို့ကို ခွဲသွားပြီဆိုတာ သိလိုက်ရသည်နှင့်ပင် ရင်ထဲမှာ ပူလောင်လွန်းလှသည်။ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရသည်။ အဖေမရှိတော့တဲ့နောက်ပိုင်း အမေက ဈေးဗန်းခေါင်းပေါ်ရွက်ပြီး မိသားစုကို ရှာကျွေးခဲ့သည်။ သမီးနှစ်ယောက်ကို ကျောင်းဆက်ထားသည်။ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးသည်။ ဒီလိုနဲ့ ကျွန်မ ဆယ်တန်း ရောက်လာခဲ့သည်။ ကျောင်းတက်ပြီး တစ်လလောက်အကြာမှာပဲ ရွာထဲမှ အသိတစ်ဦး ပြောပြ၍ အမေ့မှာ အကြွေးတွေအများကြီး တင်နေကြောင်း သိလိုက်ရသည်။ သမီးနှစ်ယောက်၏ကျောင်းစားရိတ်၊ အိမ်စားရိတ်၊ ဒါတွေအားလုံးကို အမေ့ဈေးဗန်းလေးက အဆင်ပြေအောင် မစွမ်းနိုင်ပေ။ “အမေသိပ်ပင်ပန်းခဲ့မှာပဲ၊ အမေသိပ်စိတ်သောကရောက်ခဲ့မှာပဲ” လို့တွေးမိရင်း ကျွန်မဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ကျွန်မ ကျောင်းထွက်မည်။ အလုပ်လုပ်မည်။ အိမ်၏စီးပွားရေးကို တဖက်တလမ်းကကူမည်။ အကြွေးတွေ ကြေအောင် ဆပ်မည်။ ညရောက်ချိန် အမေ့ကို ဒီအကြောင်းပြောတော့ အမေက ခါးခါးသီးသီးငြင်းသည်။ ကျွန်မကလည်း ခေါင်းမာသည်။ နောက်ဆုံး အမေလက်လျော့လိုက်ပြီး ကျွန်မကိုဖက်၍ ငိုတော့သည်။ အဲ့ဒီညက ကျွန်မတို့သားအမိ တစ်ယောက်မျက်ရည် တစ်ယောက်သုတ်ပေးရင်း မိုးလင်းခဲ့ရသည်။

ကျောင်းထွက်ပြီး ကျွန်မအလုပ်လုပ်ပေမယ့် ကျွန်မထင်သလိုဖြစ်မလာခဲ့။ ဆယ်တန်းမအောင်ထားတဲ့ ကျွန်မအဖို့ အလုပ်က အမတန်ရှားသည်။ ရတဲ့အလုပ်နဲ့ လစာကလည်း အိမ်စားရိတ်ဖယ်ပြီး ကျန်ငွေစုဆောင်းနိုင်ဖို့ တော်တော်ပင်ခက်ခဲသည်။ ဒီလိုနဲ့ ကျွန်မ စင်္ကာပူကို အလုပ်လာလုပ်ဖို့ ဖြစ်လာခဲ့ရတော့သည်။

ကျွန်မ စင်္ကာပူကိုရောက်ပြီး နှစ်လပြည့်မှာတော့ အေးဂျင့်ရဲ့ဆက်သွယ်ပေးမှုနှင့် ကျွန်မအမေနဲ့ ဖုန်းပြောရသည်။ ကျွန်မ ပျော်လိုက်တာ။ မျက်ရည်တွေကျနေပေမယ့် ကျွန်မအသံက ငိုသံမစွတ်။ ဖုန်းပြောရတုန်းခဏမှာ အမေ့ကျန်းမာရေးကို မေးသည်။ ညီမလေး လပတ်စာမေးပွဲများ အောင်ရဲ့လား မေးသည်။ ရွာထဲက သူငယ်ချင်းတွေအကြောင်း မေးဖြစ်သည်။ အမေကတော့ ကျွန်မကို ကျန်းမာရေးဂရုစိုက်ဖို့သာ တဖွဖွမှာနေလေသည်။

သုံးလပြည့်မှာတော့ သူဌေးက ကျွန်မကို ဖုန်းဝယ်ပေးသည်။ လစာထဲမှ ဖြည်းဖြည်းချင်း ဖြတ်သွားပေးမည်ဟုပြောသည်။ ဖုန်းရပြီး နှစ်လလောက်ကြာတော့ ကျွန်မဖုန်းကို ကောင်းကောင်းသုံးတက်နေပြီ။ အင်တာနက်ဖေ့ဘုတ်စ်ကိုလည်း သုံးတက်နေပြီဖြစ်သည်။ ဖေ့ဘုတ်စ်သုံးရတာ ကျွန်မပျော်သည်။ ကျွန်မတောင်းတတဲ့ မြန်မာစကားတွေလည်းပြောရသည်။ မြန်မာလူမျိုးများကိုလည်း ဖေ့ဘုတ်စ်ပေါ်မှာ တွေ့ခွင့်ရသည်။ ကျွန်မအထီးကျန်မှုတွေ တော်တော်လေးလျော့ကျခဲ့ရသည်။ တနေ့ ဖေ့ဘုတ်စ်မှာ ကဗျာဆရာတစ်ယောက်၏ ကဗျာတစ်ပုဒ်ကို ကျွန်မဖတ်လိုက်ရသည်။ ကဗျာဆရာရဲ့ကလောင်ကို “လူခက်” ဟု သိရသည်။ အိမ်ကိုပြန်လာမည် ဆိုသည့်အကြောင်း ရေးထားခြင်းဖြစ်သည်။ သူ့locationကို ကြည့်လိုက်တော့ Singapore ဖြစ်နေကြောင်းတွေ့ရသည်။ သူလည်း ကျွန်မလို နယ်ကျွံငှက်တစ်ကောင်ပင် ဖြစ်လိမ့်မည်။ ဒါ့ကြောင့် သူ့ကဗျာက ကျွန်မရင်ကိုထိရှခဲ့ခြင်းပင်။ ဒီကဗျာကို စာရွက်တစ်ရွက်နဲ့ကူးပြီး ကျွန်မခေါင်းဦးအောက်ထဲ ထည့်ထားခဲ့သည်။

ဒီလိုနှင့်ပင် စင်္ကာပူမှာ ကျွန်မအလုပ်လုပ်လာခဲ့တာ သုံးနှစ်ပင် ပြည့်ခဲ့လေပြီ။ အမေ့ဆီငွေပို့ပြီး အကြွေးများဆပ်ခိုင်းလိုက်၊ အမေနဲ့ဖုန်းပြောလိုက်၊ ညီမလေးနဲ့ ဖုန်းပြောလိုက်နှင့် အချိန်တွေကို တိုက်စားလာခဲ့သည်။ အခုဆို အကြွေးတွေလဲကျေပြီ၊ ညီမလေးလည်း ဆယ်တန်းတက်နေရပြီဖြစ်သည်။ ကျွန်မလည်း နောက် နှစ်နှစ်လောက် ဆက်လုပ် ပိုက်ဆံစုပြီး အမေ့ဆီအပြေးပြန် အမေ့ရင်ခွင်ထဲမှာပဲ ကလေးပြန်လုပ်တော့မည်ဆိုသည့် စိတ်ကူးများနှင့် အူးမြူးနေခဲ့သည်။ ပျော်နေခဲ့သည်။

ဒါပေမယ့် ကံကြမ္မာက ကျွန်မကို ထပ်ကျော့လို့ရက်စက်ပြန်ပြီ။ ကံဆိုးမသွားရာပဲ မိုးလိုက်လို့ ရွာလေရော့သလား။ ညီမလေးဖုန်းဆက်ပြောတဲ့အသံ ကျွန်မ နားထဲကမထွက်။ “မမ … အမေဆုံးပြီ” တဲ့ ။ ပြောပြီး ညီမလေးငိုနေသည်။ အမေဆုံးပြီဟုသိလိုက်ချိန်မှာတော့ ကျွန်မကမ္ဘာကြီး ချာချာလည်ခဲ့ရလေပြီ။ ကျွန်မအသိစိတ်တွေ လွတ်ထွက်သွားမတက် သတိလစ်မေ့မျောသွားမတက် ခံစားလိုက်ရသည်။ ညီမလေး ဘာတွေဆက်ပြောနေလဲ ကျွန်မမသိတော့။ ညီမလေး ငိုနေတာကိုလည်း ကျွန်မမသိတော့။ ဘာဆိုဘာမှ ကျွန်မ မသိတော့ဘူး။ ညီမလေး ဖုန်းချသွားတာလည်း ကျွန်မမသိဘူး။ ကျွန်မငိုနေတာလားလည်း ကျွန်မကိုယ်ကျွန်မ မသိတော့ဘူး။ ကျွန်မအလိုချင်ဆုံး၊ အတောင့်တဆုံး အမေ့မေတ္တာတွေ ကျွန်မ ဒီတစ်သတ်မရတော့ဘူး။ ကျွန်မပြန်ရင် ပြေးဝင်မယ်ဆိုတဲ့အမေ့ရင်ခွင် ဘယ်မှာလဲ။ ခြံဝကနေ အမေကြိုမနေတော့မယ့်အိမ်ကို ကျွန်မ ဘယ်လိုနှလုံးသားနဲ့ ပြန်ရမှာလဲ။ အမေ့ကိုလွမ်းတိုင်း အမေ့မေတ္တာတွေကို တမ်းတမိတိုင်း အတိတ်တွေဆီ နောက်ပြန်ရစ်ပြီး အမေ့ရင်ခွင်ထဲကမထွက်ပဲ ကျွန်မ နေလိုက်ချင်သည်။

ကျွန်မ ပူဆွေးမှုတွေကြောင့် ညီမလေးကိုပင် သတိမရခဲ့။ နေ့နေ့ညည မျက်ရည်တွေသာ ကျွန်မအဖေါ် ဖြစ်နေခဲ့သည်။ ရက်အတန်ကြာခဲ့ပေမယ့် ကျွန်မခံစားနေရတာတွေက လျော့ပါးမသွား။ သောကတွေနှင့်သာ အလုပ်လုပ်နေခဲ့ပြီး ညအိပ်ချိန်ရောက်ရင်တော့ ကျွန်မခေါင်းဦးဟာ ကျွန်မမျက်ရည်တွေနှင့် ရွှဲနစ်နေသည်။ ငိုရင်းနှင့်ပင် ကျွန်မခေါင်းဦးအောက်က စာရွက်ခေါက်လေးတစ်ခုကို ကျွန်မတွေ့မိလိုက်သည်။ ကျွန်မ ဖေ့ဘုတ်စ်က ကူးယူထားသော ကဗျာဆရာလူခက်၏ ကဗျာစာရွက်လေးဖြစ်သည်။ ကျွန်မ ကဗျာလေးကို ပြန်ဖတ်နေမိသည်။ နောက်တခေါက် အသံထွက်ပြီး ဖတ်ကြည့်လိုက်သည်။

ပြန်ခဲ့ဦးမယ်

ပြန်ခဲ့ဦးမယ်
နေလုံးနီနီထန်းပင်ရိပ်တွေဆီ
ဦးညွှတ်နေတဲ့စပါးခင်းတွေကို ငါဦးပြန်ညွှတ်ဖို့ 

ပြန်ခဲ့ဦးမယ်
လောဘကင်းတဲ့ အဖေ့ယာခင်းတွေဆီ
့အမေ့ဟင်းခွက်ကလေးမှာလက်စုံကျဖို့

ပြန်ခဲ့ဦးမယ်
ကကြီးကနေ အ အထိအော်ဆိုခဲ့တဲ့
ကျောင်းနံရံအဟောင်းလေးဆီ
ငါ့စာမျက်နှာတွေငါပြန်ဖတ်ဖို့

ပြန်ခဲ့ဦးမယ်
ထုံးဖြူ ဖြူ စေတီလေးနဲ့ ရွာလမ်းဖွေးဖွေးလေးဆီ
အမေပြောခဲ့တဲ့ညပုံပြင်တွေထဲကလမင်းကြီးကို အထင်းကြီးမြင်ဖို့

ပြန်ခဲ့ဦးမယ်
မြက်ခင်းစိမ်းစိမ်း လေညင်းစိမ့်စိမ့်လေးတွေဆီ
ကောင်းကင်ကြီးကိုကြည့်ပြီး ကြယ်တွေနဲ့ အပြိုင်ပြုံးနိုင်ဖို့ 

ပြန်ခဲ့ဦးမယ် ပြန် ခဲ့ ဦး မယ်

လွင့်နေတဲ့တိမ်တွေကိုဖမ်း ငြိမ်းချမ်းရေးတရားဆိုဖို့ 

ငါ ….ပြန်ခဲ့ဦးမယ်

လူခက်

ကဗျာလေးဆုံးတော့ ကျွန်မ ငိုင်သွားသည်။ ကျွန်မမွေးရပ်မြေကို လွမ်းသည်။ အဖေနဲ့အမေ့ကို လွမ်းသည်။ ညီမလေးကို လွမ်းသည်။ ပြတင်းပေါက်နား သွားရပ်ပြီး လမင်းကြီးကို မော့ကြည့်လိုက်သည်။ အဖွံဖြိုးဆုံးမြို့ပြတစ်ခု၏ မိုးမျှော်တိုက်တွေကြား လမင်းကြီးကို ကျွန်မ မမြင်ရ။ ကျွန်မတို့အိမ်ရှေ့ကွပ်ပစ်ကဆို လမင်းကြီးကိုမြင်ရသည်မှာ ထင်းလို့ပင်နေသည်။ အဖေနဲ့အမေ့မျက်နှာ၊ ညီမလေးမျက်နှာတွေကို မြင်ယောင်လာသည်။

ညီမလေး။

ကျွန်မညီမလေး။ နှလုံးသားနုနယ်ငယ်ရွယ်သေးတဲ့ ကျွန်မညီမလေး။ ဒီသောကတွေကို ဘယ်လိုများရင်ဆိုင်နိုင်ပါ့မလဲ။ အမေနဲ့အတူတူရှိနေခဲ့သည့်အိမ်မှာ အခုဆိုညီမလေးက တစ်ယောက်တည်း။ ဘယ်လောက်များ အထီးကျန်ဝမ်းနည်းနေရမလဲ။ ကျွန်မ ဆုံးဖြတ်ချက် ချလိုက်သည်။ ကျွန်မ မြန်မာပြည်ပြန်တော့မည်။ ညီမလေးကို မိခင်မေတ္တာတွေပေးဖို့ ကျွန်မပြန်ခဲ့တော့မည်။ အစ်မကြီးအမိအရာကနေဖို့ ကျွန်မပြန်ခဲ့တော့မည်။ အိပ်ရာဝင်ချိန်တိုင်း ညီမလေးခေါင်းလေးကိုသပ်ပြီး မိခင်နဲ့တူတဲ့ မေတ္တာတရားတွေနှင့် နွေးထွေးမှုပေးဖို့ ညီမလေးဆီ ကျွန်မပြန်ခဲ့တော့မည်။

မနက်ဖြန် မြန်မာပြည်ပြန်ဖို့ ကျွန်မ ပြင်ဆင်တော့မည်။

ညိုမှိုင်းဝေ(သနပ်ပင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)