ဂါမဏိ – “ပင်လုံစာချုပ် မှသည် ပင်လုံဥပဒေသို့”

June 21, 2016

 

ဂါမဏိ – “ပင်လုံစာချုပ် မှသည် ပင်လုံဥပဒေသို့”
(ဂါမဏိ၏ ပင်လုံစာစဉ်များ) မိုးမခ၊ ဇွန် ၂၁၊ ၂၀၁၆

၂ဝဝ၃ ခု ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က နှစ်ပေါင်း ၄ဝ ကျော်ရပ်တည်ခဲ့တဲ့ မြန်မာပြည်မှခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ရေးဝါဒကို တရားဝင်စွန့်လွှတ်လိုက်တယ်။

ဒီဆုံးဖြတ်ချက် အရေးပါရတဲ့ အကြောင်းကတော့ “အနောက်ကရင်နီပြည်” ဟာ ၁၈၇၅ ခု ကင်းဝန်မင်းကြီးနဲ့ အင်္ဂလိပ်ကိုယ်စားလှယ်တို့ နှစ်ဖက်သဘောတူစာချုပ်ချုပ်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုထားခဲ့တာ တကြောင်း၊ ကရင်နီဟာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံစာချုပ်ကို လုံးဝလက်မှတ်မထိုး အသိအမှတ် မပြုခဲ့တာတကြောင်း၊ အဲဒီအကျိုးဆက်အဖြစ် ဗမာပြည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွင်း သီးခြားနိုင်ငံ အယူအဆ ရပ်ခံတဲ့အထဲမှာ အကြီးဆုံး၊ အပြင်းထန်ဆုံး၊ အစွဲမြဲဆုံးနဲ့ ယုတ္တိအရှိဆုံးအဖွဲ့ ဖြစ်တာကလည်းတကြောင်း တို့ကြောင့်ဖြစ်ပါတယ်။ အင်အားအရေအတွက်အရကြည့်ရင် ငယ်ပေမဲ့ လူမျိုးနဲ့ပြည်နယ်အရ၊ နိုင်ငံရေးနဲ့စစ်ရေးအရ၊ သမိုင်းကြောင်းအရ အထူးအရေးပါတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

သမိုင်းအရကြည့်ရင် မွန်နဲ့ရခိုင်တို့ဟာလည်း မကြာသေးတဲ့ ၁၈ ရာစုအထိ သီးခြားလွတ်လပ်တဲ့ ပဒေသရာဇ်နိုင်ငံတွေအဖြစ် ရပ်တည်ခဲ့တာ ဘယ်သူမှငြင်းမရပါဘူး။ ရှမ်းကတော့ ၁၅ ရာစုကတည်းက သီးခြား ဘုရင့်နိုင်ငံ ပျက်သုဉ်းသွားပြီး တရုတ်ပြည်နဲ့ ဗမာပြည်က ခွဲဝေသိမ်းသွင်းလိုက်တာ ခံခဲ့ရတယ်။ ဒါပေမဲ့ ဗမာပြည် ဘက်မှာတော့ တပြည်လုံးကိုအုပ်ချုပ်တဲ့ဘုရင်တွေအဖြစ် တခါတရံ ပေါ်ပေါ်လာခဲ့ပါတယ်။ (အင်းဝဟာ ရှမ်း-ဗမာပြည်ထောင်စုဖြစ်ခဲ့ပြီး ဗမာတွေသာမက ရှမ်းတွေလည်း ဘုရင်အဖြစ် မကြာခဏ အုပ်စိုးခဲ့ပါတယ်။)

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ အဓိကတိမ်းညွတ်မှုက ဒီမိုကရေစီနဲ့ အခွင့်အလမ်းတန်းတူရေး ဖြစ်ပါတယ်။ အခွင့်အလမ်းဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးဆိုင်ရာ အခွင့်အရေးတွေကို ဆိုလိုပါတယ်။ ဂလိုဘယ်ကမ္ဘာထဲမှာ အခွင့်အလမ်းတူမှ ဝင်ကစားလို့ရမှာ ဖြစ်ပါတယ်။ ဒီလိုမကစားနိုင်ရင် မြောင်းထဲရောက်မှာ အသေအချာပါဘဲ။ ဒါကို မြန်မာပြည်အတိုင်းအတာနဲ့ပြောရရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ ခေါင်းနဲ့ပန်းလို ဘယ်လိုမှခွဲမရနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်ဘဲ ဖြစ်ပါတယ်။ ဖက်ဒရယ်မပါတဲ့ ဒီမိုကရေစီ၊ ဒီမိုကရေစီမပါတဲ့ ဖက်ဒရယ်တွေဟာ ရာစုတဝက်ကျော် ကြာနေပြီဖြစ်တဲ့ မီးတွေကို ဆက်လောင်စေဖို့ဘဲရှိပါတယ်။ ဗမာပြည်မှာ ဖက်ဒရယ်စနစ် လိုအပ် မလိုအပ်ဆိုတာ ငြင်းခုံဆွေးနွေးရမယ့်အဆင့် ကျော်သွားပါပြီ။

ဗုဒ္ဓတရားတော်အရ ဘယ်အရာမှ တည်မြဲတာမရှိတဲ့အတွက် အရင်က ဖာသိဖာသာ နေခဲ့တဲ့လူမျိုးတွေက ကိုယ်ပိုင်အမှတ်အသားလက္ခဏာ ရယူလိုလာတာ၊ ပိုအဆင့်မြင့်တဲ့ အခွင့်အရေးတွေ လိုလားလာတာတွေ ရှောင်လွဲ မရနိုင်ပါဘူး။ စီးပွားရေး လူမှုရေးတွေ ပြောင်းလဲထွန်းကားလာပြီး ကမ္ဘာကြီးနဲ့ ပိုတွယ်ဆက်မိလာတာနဲ့အမျှ လူတွေရဲ့ အသိအမြင်တွေ ပြောင်းလဲလာတာ ထုံးစံပါဘဲ။

တချိန်က ဖက်ဒရယ်ကို လက်မခံခဲ့တဲ့ စစ်အုပ်စုပြုတ်တွေ၊ ကွယ်လွန်သူဦးနု၊ ဦးဗဆွေနဲ့ ဗကပ အပါအဝင် နိုင်ငံရေးအင်အားစု အဟောင်း-အသစ်အားလုံးကတော့ ဖက်ဒရယ်ကို အနည်းနဲ့အများဆိုသလို မူအားဖြင့် လက်ခံကြ ပြီဖြစ်ပါတယ်။ ယေဘုယျဖက်ဒရယ်မူအဆင့်ကနေ ဘယ်လိုဖက်ဒရယ်စနစ်မျိုး လုပ်မလဲဆိုတဲ့ လက်တွေ့ပိုင်း အသေးစိတ်တွေဘဲ ဆက်ညှိဖို့လိုပါတော့တယ်။ ကမ္ဘာမှာ ဖက်ဒရယ်အမျိုးမျိုးရှိတဲ့အထဲက ကျနော်တို့အနေနဲ့ ဗမာပြည်လက်တွေ့နဲ့ အကိုက်ညီဆုံးပုံစံကို အားလုံးဝိုင်းဆွေးနွေးဖော်ထုတ်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလူမျိုးစုပြဿနာကို ဖက်ဒရယ်စနစ်နဲ့ ဖြေရှင်းဖို့ ပထမဆုံးစနစ်တကျအဆိုပြုခဲ့တာဟာ ၁၉၄၅ ခု ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်မှာဖြစ်ပါတယ်။ အဲဒီတုံးက သခင်သန်းထွန်း တင်သွင်းခဲ့တဲ့ အထဲမှာ –

• လူမျိုးရေးပြဿနာ အပြီးသတ်ဖြေရှင်းရေး

၃။ တပြည်လုံးဆိုင်ရာကိစ္စများကို ဗဟိုကိုယ်စားလှယ်အဖွဲ့ကစီမံပြီး ဒေသန္တရဆိုင်ရာကိစ္စများကို ဒေသန္တရ ကိုယ်စားလှယ်အဖွဲ့က စီမံရန်။ ဥပမာ၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး – ဗဟိုကစီမံရန်။ ပညာရေး၊ ကျန်းမာရေး – ဒေသန္တရ (ကရင်၊ ရှမ်း၊ ဗမာ၊ ၊ မွန်၊ ) ကစီမံရန်

၎။ ဗဟိုမှာ လွှတ်တော်နှစ်ရပ်ထားရန်

၅။ လွှတ်တော်နှစ်ရပ်ကို လူမျိုးရေးလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဟုသတ်မှတ်ရန်

၆။ လူမျိုးရေးလွှတ်တော်ကို လူမျိုးချင်းတန်းတူထား၍ လူမျိုးတမျိုး ၁ဝ ယောက်စီ ကိုယ်စားလှယ်မြှောက်ရန်။ ဥပမာ၊ ဗမာ ၁ဝ၊ ကရင် ၁ဝ၊ ရှမ်း ၁ဝ၊ ရခိုင် ၁ဝ၊ ချင်း ၁ဝ၊ ကချင် ၁ဝ စသည်

၇။ ပြည်သူ့လွှတ်တော်ကို ဒေသအလိုက် ရွေးကောက်ရန်၊ သို့သော် လူမျိုးချင်းရောနေသော ဒေသများ (ဥပမာ၊ မြစ်ဝကျွန်းပေါ်) မှာ လူမျိုးအလိုက်ရွေးကောက်ရန်

၈။ လွှတ်တော်နှစ်ရပ် အာဏာတူရန်

၉။ လွှတ်တော်နှစ်ရပ်ပေါင်းပြီး အစိုးရအဖွဲ့ ရွေးကောက်ရန်

၁ဝ။ လူမျိုးရေးဆိုင်ရာဝန်ကြီးတွေပါခန့်ရန်၊ လူမျိုးအောက်ခြေထုအားလုံး၏ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲနဲ့ တင်၍ အုပ်ချုပ်ရန်

– လို့ပါဝင်ပါတယ်။

ဒါဟာ လွတ်လပ်ရေးမရခင် သုံးနှစ်အလိုဖြစ်တဲ့၊ ဂျပန်တော်လှန်ရေး ပြီးပြီးချင်းကတည်းက အမြော် အမြင်ကြီးကြီးနဲ့ တင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ခုခေတ်လို ပြည်နယ်တို့ တိုင်းတို့ မကြားဖူးသေး လို့သာ ၇ ပြည်နယ် ၈ ပြည်နယ်တွေ မပြောနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီခေတ်အနေအထားအရ ကြည့်ရင် အင်မတန်ပြည့်စုံပြီး ခေတ်ရှေ့ပြေးနေတဲ့ အယူအဆတွေဖြစ်တာ တွေ့နိုင်ပါတယ်။ (ပြည်နယ်-တိုင်း ဆိုတာ ကမ္ဘာဦး အစကတည်းက ရှိခဲ့တာမဟုတ်ဘဲ ၄၈ လွတ်လပ်ရေးနောက်ပိုင်းမှ တည်ထွင်ဖန်တီးထားတာဖြစ်လို့ ကျနော်တို့ စဉ်းစားမှုတွေဟာ ဒီကန့်သတ်ချက်ဘောင်ကို ကျော်ဖို့လိုပါတယ်။)

၁၉၄၆ ဇန်နဝါရီလ ရွှေတိဂုံအလယ်ပစ္စယံမှာလုပ်တဲ့ ဖဆပလ ပထမညီလာခံမှာ ဒီးဒုတ်ဦးဘချိုတင်တဲ့ “တိုင်းရင်းသား လူနည်းစုအရေး” အဆိုထဲမှာလည်း –

၁။ ဘာသာတရား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုရမည်။

၂။ ယဉ်ကျေးမှု လွတ်လပ်မှုရှိရမည်။

၃။ စီးပွားရေးအခွင့်အရေး တန်းတူရမည်။

၎။ ဗမာနိုင်ငံအသင်း တည်ထောင်ရာ၌ လူမျိုးတိုင်း သဘောတူလွတ်လပ်စွာ တည်ထောင်ရမည်။ ဤသို့ တည်ထောင်ရာ၌ မိမိတို့ကံကြမ္မာ မိမိဖာသာ ဖန်တီးနိုင်ခွင့် အားပေးရမည်။ ခွဲလိုတဲ့အခါ ခွဲခွင့်ရှိကြောင်း ကတိပြုရမည်။ – လို့ပြောခဲ့တယ်။

ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ် ချုပ်ပုံမူကြမ်းဟာ ဗကပ ဒုတိယကွန်ဂရက်နဲ့ ဖဆပလပထမညီလာခံကမူတွေကို အခိုင်အမာ ထည့်သွင်း ချမှတ်ထားတဲ့ စံပြဖွဲ့စည်းပုံ ဥပဒေဖြစ်ပါတယ်။ ပင်လုံစာချုပ်မှာ ခွဲထွက်ခွင့် ထည့်မထားခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေထဲထည့် အာမခံချက်ပေးခဲ့တယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်း ဗိုလ်ချုပ်တို့လုပ်ကြံခံရ ပြီးနောက် တိုင်းပြုပြည်ပြုလွှတ်တော်ထဲမှာ ဒီဖွဲ့စည်းပုံမူကြမ်းကို လုံးဝရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖက်ဒရယ်ဆန့် ကျင်ရေးသမားတွေဖြစ်ကြတဲ့၊ ရွေးကောက်ခံတိုင်းပြုပြည်ပြုလွှတ်တော်အမတ်လည်းမဟုတ်ဘဲ ဥပဒေအကြံပေး အဆင့်သာရှိတဲ့ ဝတ်လုံဦးချန်ထွန်း၊ ဦးဘဦး (ဆရာစံကိုကြိုးပေးခဲ့တဲ့ တရားသူကြီး၊ နောင်မှာ ဗမာပြည်သမတတောင် ဖြစ်လိုက်သေး) နဲ့ ဒေါက်တာဘဟန် (ဒေါက်တာဘမော်ရဲ့အစ်ကို)၊ ရွေးကောက်ခံတိုင်းပြုပြည်ပြုလွှတ်တော်အမတ် ဖဆပလဦးကျော်ငြိမ်းတို့က ဦးနုရဲ့ထောက်ခံမှုနဲ့ ပြင်ပစ်နိုင်ခဲ့တယ်။ ဒါဟာ ဒီကနေ့နောက်ဆုံး စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆီ ဦးတည်သွားစေခဲ့တဲ့လမ်းစပါဘဲ။

၂၀၀၃ အမျိုးသားညီလာခံမှာ အပစ်အခတ်ရပ် တိုင်းရင်းသား ၁၆ ဖွဲ့ကတင်တဲ့ အဆိုပြုချက်တွေဟာ ဒီမိုကရေစီရေး ကိုရှောင်ပြီး ဖက်ဒရယ်ရေးကို အပျော့ပြောင်းဆုံးတင်တာ ဖြစ်ပါတယ်။ ဘိန်းအဖွဲ့ ဒုစရိုက်အဖွဲ့တွေအဖြစ် နာမည်ဖျက် ခံနေရတဲ့ ဗကပဟောင်း ၄ ဖွဲ့၊ လုံးဝလက်နက်ချ ၂ ဖွဲ့ အပါအဝင် အပစ်ရပ်နဲ့ငြိမ်း ၁၆ ဖွဲ့ဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်နေတဲ့၊ ကျပ်မပြည့်တဲ့ တမတ်သားပါလီမန်ကိစ္စ၊ ရောမခေတ်က ဆီဇာဘုရင်လို စစ်သမတကိစ္စတွေကို လုံးဝ မတို့မထိဘဲ၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူဖို့ ဖက်ဒရယ်နာမည်မခံတဲ့ ဖက်ဒရယ် အဆိုပြုချက်တွေ တင်ခဲ့ကြပါတယ်။ နအဖထောက်ခံထားတဲ့ အဆင့်တူ ၇ တိုင်း ၇ ပြည်နယ်ကိစ္စကိုလည်း လက်ရှောင် ထားလို့ အမှန်မှာတော့ ဖက်ဒရယ်မပီပြင်တဲ့ ဖက်ဒရယ်အဆိုတွေသာ ဖြစ်နေပါတယ်။ အဲသလောက်တောင်မှ စစ်အုပ်စုက လက်မခံနိုင်ဘဲ စီးပွားရေးပိုင်းတချို့သာ လိုက်လျောပေးခဲ့ပြီး အဓိကဖြစ်တဲ့ အုပ်ချုပ်ရေး-နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးပိုင်းတွေအားလုံးကို ပယ်ချခဲ့ပါတယ်။

အဆင့်ဆင့်လွှတ်တော်တိုင်းမှာ စစ်တပ်က အစိတ်သားပါနေပြီး အချိန်မရွေး တရားဝင်စစ်အာဏာသိမ်းခွင့်၊ မာရှယ်လောအုပ်ချုပ်ခွင့် ရထားလျက်နဲ့တောင်မှ တိုင်းရင်းသားနိုင်ငံရေးအခွင့်အရေးတွေကို စစ်အုပ်စုက မပေးရဲပါ ဘူး။ လုံခြုံရေးကိစ္စမှာလည်း ပြည်နယ်လုံခြုံရေးတပ် သို့မဟုတ် အထူးရဲကို ကာကွယ်ရေးဦးစီးချုပ် လက်အောက် ခံအဖြစ် ထားဖို့တောင် စစ်အုပ်စုက လုံးဝခွင့်မပြုပါဘူး။ စစ်အုပ်စုရဲ့အန္တိမရည်မှန်းချက် ဘာလဲဆိုတာကို ဒါကဖော်ပြနေပါတယ်။ လူမှုရေးအချက်တွေပယ်ချတာကတော့ စစ်အုပ်စုရဲ့ မဟာဗမာလူမျိုးကြီးဝါဒကို ပြောင်အတိအလင်းပြလိုက်တာဘဲ ဖြစ်ပါတယ်။ တိုင်းရင်းသားစာပေပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားဓလေ့ထုံးတမ်းဥပဒေ ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားရေးရာကဏ္ဍ သီးခြားသတ်မှတ်ခွင့်တို့ကို လက်မခံတာဟာ အင်မတန်သေးသိမ်တဲ့၊ ရေမရောတဲ့ လူမျိုးကြီးဝါဒပါဘဲ။ ဗမာပြည် အင်္ဂလိပ်ကိုလိုနီဘဝတုံးကတောင် မြန်မာဗုဒ္ဓဘာသာဓလေ့ ထုံးတမ်း ဥပဒေကို အင်္ဂလိပ်က ခွင့်ပြုပြဋ္ဌာန်းပေးခဲ့ပြီး တောင်တန်းဒေသတွေမှာလည်း တိုင်းရင်းသားထုံးတမ်းဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးခွင့်၊ တိုင်းရင်းသား ဘာသာစကား နဲ့စာပေ တရားဝင်သင်ကြားခွင့်တွေ ရခဲ့ကြပါသေးတယ်။ အမှန်မှာတော့ စစ်အုပ်စုက ဗမာလူမျိုးကိုပိုချစ်လို့ ဒီလို ပယ်ချတာတော့ မဟုတ်ပါဘူး။ ဗမာပြည်မှာ ယူဂိုဆလားဗီးယား-ဘော့စ်နီးယား၊ ရဝမ်ဒါတို့လို လူမျိုးရေးအာဃာတ တွေ၊ အမုန်းတရားတွေ မကြီးကြီးအောင် လုပ်နေတာသာဖြစ်ပါတယ်။ ဦးနုလို ဗုဒ္ဓဘာသာ အင်မတန် ကိုင်းရှိုင်းယုံကြည်တာလည်း မဟုတ်ဘဲနဲ့ လူမျိုးရေး-ဘာသာရေးပဋိပက္ခတွေ မဖြစ်ဖြစ်အောင်လို့ မွတ်ဆလင်တွေကို နှိပ်ကွပ်တာ၊ ချင်းပြည်နယ်မှာဆို ခရစ်ယန်တွေကို ဖိနှိပ်တာတွေ လုပ်ပြနေတာဖြစ်ပါတယ်။ တချိန်တည်းမှာ တပ်ကို ထိန်းနိုင် ကိုင်နိုင်ဖို့ မက္ခီယာဗယ်လီနည်းနာတွေအရ ကျင့်ကြံနေတာလည်းဖြစ်ပါတယ်။

၁၉၄၇ ပင်လုံညီလာခံရဲ့ ပင်မအနှစ်သာရက ဗမာနဲ့ ရှမ်း ကချင် ချင်း ဆိုတဲ့ သီးခြားနယ်မြေ ၄ ခု အတူတကွ စုပေါင်းပြီးလွတ်လပ်ရေးယူဖို့နဲ့ ရှမ်း ကချင် ချင်းနယ်မြေ ၃ ခုကို ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီအခြေအနေကနေ တိုးချဲ့ပြီး နောင်မှာ နယ်မြေ ၃ ခုတင်မက တိုင်းရင်းသားအားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး တန်းတူအခွင့်အရေးပေးဖို့ပါ ဗိုလ်ချုပ်အောင်ဆန်းက ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာဘဲ ပထမပိုင်းဖြစ်တဲ့ အတူတကွ လွတ်လပ်ရေးယူဖို့သာ အကောင်အထည်ပေါ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးရေးက ပျက်ပြယ်သွားခဲ့ ပါတယ်။

အဓိကပြဿနာက ပင်လုံစာချုပ် agreement ဟာ ပင်လုံဥပဒေ law အဆင့်ကို ရောက်မလာခဲ့တာဖြစ်ပါတယ်။ ၁၉၄၇ ခု အခြေခံဥပဒေဆွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း မဟာလူမျိုးကြီးဝါဒီတွေ ကလိမ်ကညစ် လုပ်လို့ ပင်လုံစာချုပ်ဟာ အခြေခံဥပဒေအဖြစ် ရောက်မလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗမာပြည်မှာ တိုင်းရင်းသား ပြဿနာဟာ ပြည်တွင်းစစ်မီးအထိ ကြီးထွားပေါက်ကွဲခဲ့ရပါတယ်။

ဒါပေမဲ့ အင်မတန်ကြီးကျယ်ထင်ရှားတဲ့ ပင်လုံစာချုပ်ကို လုံးဝလက်လွတ်စပယ် ပယ်ဖျက်ဖို့မလွယ်တဲ့အတွက် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ကနေ ၁၉၅၈-၆၀ လောက်အထိတော့ ရှမ်း ကချင် ချင်း နယ်မြေတွေကို ကိုယ်ပိုင်အုပ်ချုပ် ရေး အပြည့်အဝမဟုတ်တောင် အတော်ကြီးပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသားအားလုံးဆိုင်ရာဥပဒေ ဖြစ် မလာတဲ့အတွက် ကျန်တဲ့တိုင်းရင်းသားတွေကတော့ ပင်လုံအရသာ မခံစားခဲ့ရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ ၁၉၄၈-၄၉ တုံးက ဒီမိုကရေစီရှိတယ်ဆိုပေမဲ့ မလွဲမသွေတွဲဖက်ပါရမယ့် ဖက်ဒရယ်စနစ် မရှိတဲ့အခါ ပင်လုံစာချုပ်ပါ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကင်းလွတ်ခဲ့တဲ့ ကရင် ကရင်နီ မွန် ရခိုင် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ပေါက်လာခဲ့ပြီး ရှမ်း ကချင် ချင်း တိုင်းရင်းသားတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အတိုင်းအတာကြီးကြီး မားမားခံစားနေရလို့ သူပုန်မထခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပင်လုံစာချုပ်-ပင်လုံစိတ်ဓာတ်ဟာ ပင်လုံဥပဒေအဖြစ် အခိုင်အခန့်မဖြစ်ခဲ့တဲ့အတွက် အာဏာရလူမျိုးကြီးဝါဒီ တွေဟာ တစတစနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေကို လှိုက်စားဖြိုဖျက်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဥပဒေဘောင်ပြင်ပက ၁၉၅၈ ရှမ်းလက်နက်ကိုင်တော်လှန်ရေး၊ ၁၉၆၁ ကချင်လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၆၄ ချင်းလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်လာရုံမက ဥပဒေဘောင်ထဲမှာလည်း ၁၉၆၁ မှာ ဖက်ဒရယ်မူတောင်းဆိုတဲ့ တောင်ကြီး လူမျိုးပေါင်းစုံကွန်ဖရင့် ကျင်းပရတဲ့အခြေ ဆိုက်ခဲ့ပါတယ်။

၁၉၄၇ ပင်လုံစာချုပ်ဟာ ဗမာပြည်မ၊ ရှမ်းပြည်၊ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသတို့ရဲ့ အာဏာပိုင် တွေအကြား သဘောတူချုပ်ဆိုတာဖြစ်လို့ ဥပဒေမဖြစ်သေးပေမဲ့ အာဏာသက်ရောက်မှု တစုံတရာရှိခဲ့ပါတယ်။ အခုအချိန်မှာ တရားဝင်အာဏာမရှိသူတွေ ဆွေးနွေးသဘောတူ ချမှတ်ရင်တော့ ပင်လုံစာချုပ်အဆင့် မရောက်ဘဲ ဒုတိယမြောက် ဗိုလ်အောင်ကျော်လမ်းကြေညာချက်သာ ဖြစ်သွားပါလိမ့်မယ်။ (ဗိုလ်အောင်ကျော်လမ်းကြေညာချက် ကို NLD နဲ့ UNLD တို့က ၁၉၉၀ ခုမှာ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ဖူးတယ်။) နယ်စပ်မှာလုပ်ခဲ့တဲ့ မာနယ်ပလော စာချုပ်၊ မယ်သရောထစာချုပ်၊ သုမွဲးကလိုးစာချုပ်တို့လို မှိန်သွားဖို့လဲ များပါတယ်။

၂၀ ရာစုတုံးကလုပ်ခဲ့တဲ့ပင်လုံစာချုပ်ဟာ ၂၁ ရာစုမှာ ပြင်ဆင်ဖို့လိုနေပြီလား၊ တိုင်းရင်းသားရေးရာနဲ့ပတ်သက်လို့ ၂၁ ရာစုနဲ့ ၂၀ ရာစု ဘာတွေကွာသလဲဆိုတာလဲ ဆင်ခြင်သုံးသပ်ဖို့လိုပါတယ်။ ၁၉၄၇ ပင်လုံစာချုပ်ပါ အချက်များအနက် အတူတကွလွတ်လပ်ရေးယူရေး ဆိုတဲ့အချက်ကိုတော့ အတူတကွ အာဏာရှင်စနစ်ဖယ်ရှားရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးလို့ အခု ၂၁ ရာစုမှာ အစားထိုးပြင်ဆင်ဖို့လိုတာကလွဲပြီး ဒုတိယပင်မအချက်ဖြစ်တဲ့ အပြည့်အဝကိုယ်ပိုင် အုပ်ချုပ်ရေးပေးရေးကတော့ ဘာမှပြင်ဆင်စရာ လျှော့ပေါ့စရာ ဖြည့်စွက်စရာတွေမလိုဘဲ စာချုပ်အဆင့်ကနေ အများ ဆိုင်ရာဥပဒေအဆင့်ရောက်ဖို့သာ အဓိကလိုအပ်နေပါတယ်။ ဥပဒေအဆင့်ရောက်ဖို့ဆိုတာကလဲ အာဏာပြဿနာက သော့ချက်ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀ ရာစုပင်လုံစာချုပ်ကို ၂၁ ရာစုပင်လုံဥပဒေ ဖြစ်အောင်လုပ်ဖို့က အဓိကလုပ်ငန်းတာဝန် ဖြစ်ပါလိမ့်မယ်။

ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, သတင်းဆောင်းပါး, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်