စိုးခိုင်ညိန်း – ဓူဝံကြယ်နဲ့အမှတ်အသားပြုထားတယ်

June 22, 2016

စိုးခိုင်ညိန်း – ဓူဝံကြယ်နဲ့အမှတ်အသားပြုထားတယ်

(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆

တနေ့လုံး ခုတ်မောင်းလာတဲ့ရထားတစင်း ဘူတာထဲ မောကြီးပန်းကြီး ခေါင်းထိုးဝင်လာ သလို ညနေခင်းဟာ ချွေးသံတရွှဲရွှဲနဲ့ စောင်းကျလာတော့ သူတို့အိမ်ပြန်လာကြတယ်။ အိမ်ရှိတယ် ဆိုရင်တော့ အိမ်ကို ပြန်ကြရမှာပဲ။ အိမ်မရှိလည်း အိပ်လို့ရမဲ့တနေရာရာကိုတော့ ပြန်သွားကြရ မှာပဲ။ ကမ္ဘာဦးအစက ကျောက်ဂူတွေကို အိမ်လုပ်နေကြတဲ့ လူတွေလည်း ရရှိလာတဲ့ သွေးသံရဲရဲ သားကောင်ကိုထမ်းပြီး အိမ်ကို ပြန်လာကြတာပဲ။ အိမ်အပြန်လမ်းတိုင်းဟာ ချောမွေ့နေတတ်တာ တော့မဟုတ်ပါဘူး။ အိမ်ကိုပြန်ရင်းနဲ့ လမ်းပျောက်ပြီး အိမ်ပြန်မရောက်တဲ့အဖြစ်တွေလည်း ရှိနိုင် တာပါပဲ။ သားကောင်ကိုထမ်းပြီး အိမ်ပြန်အလာမှာ သားကောင်နဲ့ပက်ပင်းတိုးလို့ ကိုယ်တိုင်သား ကောင် ပြန်ဖြစ်သွားတဲ့ အဖြစ်မျိုးတွေပေါ့။

အင်္ဂတေတွေ၊ ထုံးတွေ၊ ဘိလပ်မြေတွေနဲ့ပေကျံပြီး ဖြူဖတ်ဖတ်အသားမာတက်နေတဲ့ လက် တွေ၊ ခြေထောက်တွေကို ဆေးကြော၊ ဖုန်မှုန့်တွေတင်နေတဲ့ဆံပင်ကို ဖြီးကျ၊ ချွေးစီးကြောင်းထနေ တဲ့ သနပ်ခါးပါးကွက်ကြားကို ဒီအတိုင်းထားပြီး လုပ်ငန်းသုံးလုံချည် အင်္ကျီတွေကို လဲဝတ်၊ သိုးနံ့ ထွက်နေတဲ့ ထမင်းချိုင့်လေးဆွဲပြီးထွက်လာတဲ့ ပန်းရံသမလေးလည်း ဘယ်ပန်းမှ ရံမထားတော့ လမ်းပေါ်မှာ မလန်းနိုင်တော့တဲ့ မျက်နှာလေးနဲ့ တညတာ အပန်းဖြေဖို့ အိမ်ပြန်လာရတယ်။

တနေကုန် ညောင်းကိုက်နေတဲ့ ခြေထောက်တွေ၊ စက်ရုပ်ဆန်ဆန် လှုပ်ရှားနေရတဲ့ လက် ချောင်းတွေကို တဖျောက်ဖျောက်ချိုး၊ နွမ်းနေတဲ့မျက်နှာကို တို့ဖတ်လေးရိုက်၊ ပြေကျနေတဲ့ ဆံပင် တွေကို ပြင်စည်း၊ တွန့်ကြေနေတဲ့အင်္ကျီလုံချည်တွေ ဆွဲဆန့်၊ ခေါင်းတိုင်က တလူလူလွင့်နေတဲ့ မီးခိုးတွေလို မောဟိုက်နွမ်းလျနေတဲ့ စက်ရုံအလုပ်သမလေးလည်း တညတာ အိမ်လေးထဲ မီးဖိုဖို့ အိမ်ပြန်လာရတယ်။

တနေကုန်စိမ်းလန်းနေဖို့ ဟင်းရွက်စိမ်းတွေပေါ် ရေဖြန်း၊ ငုံနေတဲ့ ပန်းလေးတွေကို ဆွဲဖွင့်၊ ဘ၀ရဲ့ ဖုထစ်ကြမ်းထမ်းမှုတွေကို ဓားနဲ့ခုတ်ထစ်နေသလို ဘ၀ကြမ်းကြမ်း လက်ကြမ်းကြမ်းတွေနဲ့ ခုတ်ထစ်နေတဲ့ ဈေးထဲကဈေးသမတွေလည်း ခုတ်သားစတွေ၊ မလန်းဆန်းတော့တဲ့ ဟင်းရွက် အညှိုးတွေနဲ့ အတူ အိမ်ပြန်လာရတယ်။

လမ်းတကာသွား၊ အမှိုက်ပုံတွေကိုထိုးဖောက်ဖြဲရှာ၊ ရေသန့်ဗူးအလွတ်တွေလို ဘ၀အလွတ် တွေ၊ သံချွန်နဲ့ထိုးဖောက်ထားတဲ့ ပလပ်စတစ်တွေလို ကျောပြင်က အင်္ကျီအပြဲတွေ၊ ဦးထုတ်တလုံး ဆောင်းထားရုံနဲ့ လာသမျှအပူ ခုခံနိုင်တယ်ဆိုတဲ့ ၀မ်းမီးနဲ့ လောင်နေတဲ့ ပလပ်စတစ်ကောက် သမလေးတွေလည်း ရလာတဲ့ အမှိုက်မဟုတ်တဲ့ အမှိုက်တွေကို ထမ်းပြီး အိမ်ပြန်လာရတယ်။

အိမ်ကြိုအိမ်ကြား၊ လမ်းကြိုလမ်းကြား နေရာအနှံ့လျှောက်သွား၊ အသိုက်ထဲက စာကလေး တွေအတွက် စပါးနှံတွဲတွေထမ်း၊ မောပန်းလည်း စာကလေးအိမ်ကလေးတွေကိုထမ်း၊ ဘ၀မခါးဖို့ မုန့်ဟင်းခါး ဆိုင်းထမ်းကိုထမ်း၊ ဘ၀ကိုအရသာရှိရှိခံစားဖို့ ၀က်သားတုတ်ထိုးဆိုင်းထမ်းကိုထမ်း၊ ဘီဒိုကြီးကိုထမ်း၊ လေးလှတဲ့ဝန်ထုတ်ကြီး ပစ်ချချင်လို့ ဘာလာလာ အကုန်ထမ်းမဲ့ အထမ်းသမား တွေလည်း အိမ်ပြန်လာရတယ်။

ပြယ်လွင့်နေတဲ့ နှုတ်ခမ်းနီကို ပြန်ဆိုး၊ ဘီယာနံ့တွေစွဲကျန်နေတဲ့ အင်္ကျီကို ရေမွှေးဖြန်း၊ ပါး မှာ ကပ်မကျန်တော့တဲ့ မိတ်ကပ်တွေကို ပြန်ဖို့၊ တကိုယ်လုံး လုံးခြေခံထားရသလို အနှိပ်ခံထား ရတဲ့ ကေတီဗွီက အနှိပ်သမလေးတွေလည်း အိမ်ပြန်လာရတယ်။

ဖုန်မှုန့်တွေ၊ အမှုံအမွှာတွေနဲ့ တကိုယ်လုံးပေကျန်နေတဲ့ ပွဲရုံက အလုပ်ကြမ်သမားလည်း စက်ဘီးမှာ ခေါက်ဆွဲထုတ်လေးချိတ်ပြီး အိမ်ပြန်လာတယ်။ ကုန်းဆင်း ကုန်းတက်တွေကို ခါးချိအောင် ကုန်းကုန်းပြီး နင်းတက်နေရတဲ့ ဆိုက်ကားသမားလည်း ဘ၀တစ်ခုလုံး တင်နင်းပြီး အိမ်ပြန်လာရတယ်။

ဖတ်လက်စ ဖက်ရှင်မဂ္ဂဇင်းထဲက မော်ဒယ်လှလှလေးတွေရဲ့ အသစ်အဆန်း ဒီဇိုင်းတွေကို စိတ်ထဲတေးမှတ်ပြီး စာအုပ်ကိုပိတ်၊ မနက်က ပြင်ခဲ့တဲ့အတိုင်း ဘာတခုမှ အလှမပျက်သေးတဲ့ ခန္ဓာ ကိုယ်ကို ပြန်ကြည့်၊ လိုအပ်တဲ့နေရာကို ပြန်ပြင်၊ ရေမွှေးထပ်ဖြန်း၊ မလိုအပ်လည်း နှုတ်ခမ်းနီပြန်ဆိုး မိတ်ကပ်ထပ်ဖို့၊ နေကာမျက်မှန်ကောက်တပ်၊ လက်ဆွဲအိပ်ကို ဟန်ပါပါလွယ်၊ ဒေါက်ဖိနပ်နဲ့ ကြမ်း ပြင်ကို တဒေါက်ဒေါက်ခေါက်ပြီး ဆုံလည်ကုလားထိုင်ကနေထ၊ ဆင်နားရွက်တံခါးဖွင့်ပြီး အဲယား ကွန်းခန်းထဲက ထွက်လာတဲ့ သူဌေးမလည်း အိမ်ပြန်လာရတယ်။

လွှင့်တက်သွားတဲ့ စီးကရက်မီးခိုးကို အရသာခံကြည့်၊ စကပ်တိုတို ပေါင်သားဖွေးဖွေးကို အနားမှာထား၊ သရီးစတပ် ငွေအိုရောင် လည်ဟိုက်မလေးတွေကို ကျောက်စိမ်းရိုင်းတစ်တုံးကို တန်ဖိုးဖြတ်အကဲခတ်ကြည့်သလို စိမ်ကြည့်၊ ရေခဲစိမ်ထားတဲ့ အရက်ခွက်ကို စိမ်ပြေနပြေသောက်၊ အတက်ချီးကေ့စ်အိပ်ကိုင်ထားတဲ့ အတွင်းရေးမှူးမလေးကိုသွားလေရာ ခေါ်ခေါ်သွားတတ်တဲ့ ကုမ္ပဏီပိုင်ရှင်ဘောစိလည်း အိမ်ပြန်လာရတယ်။

အသီးသီး အိမ်ပြန်လာကြမဲ့သူတွေကို အိမ်တွေရဲ့အမှောင်ရိပ်အတွင်းပိုင်းကနေ လမ်းမပေါ် ဆီ မျှော်လင့်နေကြတဲ့ အရောင်မွဲမွဲမျက်လုံးအစုံတွေလည်း တဖြည်းဖြည်း အရောင်မှိန်သထက် မှိန် ကာ အိမ်ကလေးတွေက အိုဟောင်းဆွေးမြည့်လာတယ်။ လမ်းတကာလှည့် ခေါင်းပေါ်က ဗန်းထဲ မှာ အိုးလေးတွေစီထည့်ပြီး အိုးလေးဒိန်ချဉ်လို့လိုက်အော်ရောင်းနေတဲ့အမေကို ခနော်နီခနော်နဲ့ အိမ်လေးက စောင့်မျှော်နေရတယ်။ လူတွေပြားပန်းခတ်နေတဲ့ သင်္ဘောဆိပ်မှာ ကွမ်းယာ၊ ဆေး လိပ်ဆိုပြီး အော်ဟစ် လူတွေကြားလူးလားခေါက်တွန့် ပြေးလွှားနေရတဲ့ သမီးလေးကို ၀ါးကြမ်းခင်း လေးတွေနဲ့ ဆောက်ထားတဲ့အိမ်က စောင့်မျှော်နေရတယ်။ ကတ္တရာ အရည်ပျော်မတတ် ပူပြင်းလှ တဲ့နေရောင်အောက်မှာ ဦးထုတ်မပါ ခြေဗလာနဲ့ဂျာနယ်တွေ စာစောင်တွေ လက်ပွေ့ အော်ရောင်း နေတဲ့ မီးပွိုင့်က ဦးလေးကြီးကို မိုးကာစတွေ မိုးထားတဲ့အိမ်ကလေးက စောင့်မျှော်နေပါတယ်။ ညနေခင်းကြီးထဲ အိမ်ပြန်မယ် အိမ်ပြန်မယ်လို့ ပါးစပ်က မီးထွက်အောင်အော်ခေါ်၊ ကားနောက်မြီး က ခြေတင်ခုံမှာ ခြေတဖက်ရပ်ပြီး ဘ၀ကြီးထဲပြုတ်မကျအောင် ချိတ်တွယ်ကပ်ပါသွားတဲ့ ကားပေါ် က စပယ်ယာလေးကို မြို့ စွန်က တဲကုပ်ကလေးက စောင့်မျှော်နေပါတယ်။

စက်ရုံမှာ ညဆိုင်းဆင်းရတာပါလို့ ပြောပြောသွားတဲ့ တံတားအောက် အမှောင်ရိပ်လမ်း ဘေးတွေမှာလျှောက်သွား တည်းခိုခန်းနဲ့ နိုက်ကလပ်တွေမှာ ပျော်ပါးတဲ့ညဥ့်ငှက်မလေးကို ယိုင်နဲ့နဲ့ အိမ်ကလေးက စောင့်မျှော်နေပါတယ်။ ရထားတွဲတွေ တတွဲပြီး တတွဲကူးခတ်ပြီး ခြင်းတောင်းထဲ ရာသီပေါ်သီးနှံလေးတွေလိုက်ရောင်းနေတဲ့ ညီမလေးကို မြို့စွန်စိုက်ခင်းထဲက တဲအိမ်ကလေးက စောင့်မျှော်နေပါတယ်။

ဟို ရေခြားမြေခြား နိုင်ငံတခုလုံးခြားထားတဲ့ နိုင်ငံခြားမှာ သက်စွန့်ဆံဖြား ငါးဖမ်းသင်္ဘော ပေါ်က အလုပ်ကြမ်းသမားတွေရဲ့ အိမ်အပြန်၊ အိမ်ရှင်ရဲ့မျက်နှာကို စိုးတထိတ်ထိတ် စောင့်ကြည့် နေ့မအား ညမအားဘ၀ကို အလောင်းအစားထားပြီး လုပ်နေကြတဲ့ အိမ်ဖော်မလေးတွေရဲ့ အိမ် အပြန်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဘ၀ကိုကြုံသလိုချည်တုတ်ထားတဲ့ သံချည်သံကွေးသမား လေးတွေရဲ့ အိမ်အပြန်၊ အိမ်တွေမီးလောင်လို့၊ ဗုံးဒဏ်ကြောင့် တရွာလုံးပြာကျလို့ ရရာအထုပ် ဆ ပြီးပြေးထွက်သွားကြတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့အိမ်အပြန်၊ မျှော်လင့်ချက်တွေ အညွှန့် ချိုး၊ ဘ၀ရဲ့ခံယူချက်မာမာ ဇောက်ထိုးမိုးမျှော်အဖြစ်တွေနဲ့ လွင့်စင်သွားကြတဲ့သူတွေရဲ့ မျှော်လင့် ချက်တပွေ့တပိုက်နှင့် အိမ်အပြန်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပြန်လာကြမဲ့ အိမ်အပြန်တွေကို ဆောက် လက်စ မြန်မာနိုင်ငံအိမ်တော်ကြီးကနေ စောင့်မျှော်နေပါတယ်။

နိုင်ငံကြို နိုင်ငံကြား၊ မြို့ကြိုမြို့ကြား၊ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ လမ်းကြိုလမ်းကြား၊ ဘ၀ ကြိုဘ၀ကြား၊ အလွှာအထပ်ထပ်တွေကြား ဆုံလည်နွားတကောင်လို ပြားယာခတ်လှည့်လည်၊ မျက်စိလည် လမ်းမှား၊ အဆက်အသွယ်က ပြတ်တောက်ကောင်းကင်က ဓူဝံကြယ်အမှတ်အသားနဲ့ အိမ်ကို ပြန်လာတယ်။

အိမ်ပြန်လာတိုင်း အိမ်ကိုရောက်နိုင်ရဲ့လား။ အိမ်ကိုရောက်တိုင်း အိမ်ကိုတွေ့ပါရဲ့လား။ အိမ် ပြန်လာတဲ့အမြန်လမ်းပေါ်မှာ အိမ်ပြန်မရောက်နိုင်တော့တဲ့ အဝေးပြေးကားတစင်းက သုံးလေးပတ် လည်ပြီး ပိန်ရှုံ့သွားတယ်။ အိမ်ပြန်လာတဲ့ လမ်းထိပ်ကဆိုက်ကားလေးကို ကုန်တင်ကားကြီးက တက်ကြိတ်သွားတယ်။ အိမ်ပြန်ရောက်ဖို့ဇောသန်နေတဲ့ တက္ကစီးတစီးရဲ့ အမြန်နှုန်းက လမ်းဘေး ဓာတ်တိုင်ကို ၀င်ကျုံးသွားတယ်။ အမှောင်ထဲ ပီကေတဖောက်ဖောက်မှုတ်ရင်း အိမ်ပြန်လာတဲ့ ည မွှေးပန်းလေးကို တံတားပေါ်မှာ ဓားနဲ့အထိုးခံလိုက်ရတယ်။ ဆိပ်ကမ်းမှာ ခိုစာလေးတွေ ထည့်ထား တဲ့ဗန်းကလေးဟာ တဖက်ကမ်းကအိမ်အပြန်မှာ မြစ်လယ်ခေါင်ရေပြင်ထဲ ပေါ်လောမြောနေတယ်။

သံဒယ်အိုးထဲက မြေပဲတောင့်တွေကို အပူပေးလှော်ဖို့ မီးကျီးရဲရဲနဲ့လက်တွန်းလှည်းကလေး ဟာ အိမ်ပြန်ရောက်တော့ အိမ်ကလေးဟာ ပြာအတိဖုံးနေခဲ့ပြီ။ လမ်းဘေးက ပလက်ဖောင်းပေါ်မှာ တစ်နေကုန် ကူပါကယ်ပါ၊ သနားပါလို့ အော်ဟစ်အသနားခံနေတဲ့ တုန်တုန်ချိချိခွက်ကလေးဟာ လမ်းဘေးက သူ့အိမ်ကလေးဆီရောက်တော့ အိမ်ကလေးဟာ လူတစု ၀ိုင်းဖြိုဖျက်သွားလို့ ပြိုပျက် နေခဲ့ပြီ။

တဖြေးဖြေးနဲ့ မှောင်လာပြီ။ ဟို အနောက်ဘက် ကောင်းကင်ဆီမှာ ပုဇွန်ဆီရောင်ထနေပြီ။ အိပ်တန်းပြန်ငှက်တအုပ်ဟာ ရေကြီးသုတ်ပြာ ပျံသန်းသွားကြပြီ။ လက်ထဲက အသက်ကို ကျစ် ကျစ်ပါအောင်ဆုတ်ပြီး အိမ်ကလေးရဲ့အသက်အမီ ကိုယ်မှတ်သားထားခဲ့တဲ့ ဓူဝံကြယ်အမှတ် အသားနဲ့ အိမ်ပြန်လာခဲ့ပြီ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments