ဂါမဏိ ● တားမရသည့်ရေစီးကြောင်း

June 24, 2016

ဂါမဏိ ● တားမရသည့်ရေစီးကြောင်း
( ၂ ၁ ) ရာ စု ပ င် လုံ စာ စ ဉ်  (၇ )
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၆

 

မကြာမီက နာမယ်ကြီးအမေရိကန်ရုပ်ရှင်ကားနှစ်ကားကြည့်မိသောအခါ တွေးစရာများပေါ်လာခဲ့သည်။ တကားမှာ “ဝံပုလွေ များနှင့်ကခုန်ခြင်း Dances with wolves” ဟုအမည်ရှိသည့် အကယ်ဒမီ (၇) ဆုရ ဇာတ်ကားဖြစ်ပြီး နောက်တကားမှာမူ “စိတ်ဓာတ်(ဝိညာဉ်) Spirit” ဟုခေါ်သည့် ကလေးကာတွန်းကားဖြစ်သည်။ နှစ်ကားစလုံး ကောင်းဘွိုင်ကားခေါ် ၁၉ ရာစု အမေရိကန် အနောက်ပိုင်းမှ နွားကျောင်းသားသေနတ်ပစ်ကားမျိုး ဖြစ်သည်။ ဤနှစ်ကားလုံးကို ကျနော်တို့ ကလေးဘဝ ၌ကြည့်ခဲ့ဖူးသည့် အမေရိကန်ကောင်းဘွိုင်ကားများနှင့် နှိုင်းယှဉ်မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။

ယခင်ခေတ်က ကောင်းဘွိုင်ကားများတွင် (လူဖြူ) လူကောင်းဇာတ်လိုက်တို့က (ရက်ဒ်အင်းဒီးယန်း ခေါ် အိန္ဒိယလူနီ ဌာနေ တိုင်းရင်းသား) လူရိုင်းလူဆိုးများကို အစဉ်အမြဲအနိုင်ယူ တိုက်ခိုက် နှိမ်နင်းခြင်းများကိုသာ ပြသခဲ့သည်။ ကျနော်တို့ကလေး များကလည်း လူဖြူဇာတ်လိုက်များက တိုင်းရင်းသားလူရိုင်းများ၊ အာဖရိကတိုက်သား ကပ္ပလီလူရိုင်းများကို ထိုးကြိတ် သတ်ဖြတ်သည်တို့ ကို လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြသည်။ အနှိမ်ခံအနိုင်ကျင့်ခံ တိုင်းရင်းသားလူနီများဘက်မှ စာ နာပြီး ရိုက်ပြသည့်ရုပ်ရှင်ဇာတ်ကား တခါမှမတွေ့ခဲ့ရဖူး။ ယင်းသို့စာနာစေရန် လှုံ့ဆော်ပေးသည့် ရုပ်ရှင်ကားဟူ၍ မရှိသ လောက်ဖြစ်သည်။

ယခုကြည့်ရသည့် အမေရိကန်ဇာတ်ကားများကား ထိုအနေအထားမှ လုံးဝပြောင်းလဲသွားလေပြီ။ လူဖြူများမှာ အဝေးမှ ကျူးကျော်ဝင်ရောက်လာသည့် လူဆိုးများဖြစ်ပြီး တိုင်းရင်းသားများအပေါ် မတရားနှိပ်စက်ပုံ၊ တိုင်းရင်းသားတို့၏ ဘိုးဘေးပိုင်မြေယာများသိမ်းဆည်းလုယူပုံ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ဖျက်ဆီးပုံ၊ ယခုခေတ်စကားဖြင့် ပြောရလျှင် လူ့အခွင့်အရေး ဖောက်ဖျက်ပုံများ နှင့် ယင်းသို့ဖောက်ဖျက်ခြင်းသည် မှားယွင်းပုံတို့ကို ရှင်းရှင်းလင်းလင်း မက်ဆေ့ဂ်ျပေးထားသည်။ ယနေ့ယင်းဇာတ်ကားများကိုကြည့်ရှုသည့် ကျနော့်ကလေးများသည် တိုင်းရင်းသားတို့ဘက်မှ စာနာစိတ် နာကျည်းစိတ်များ ပေါ်လာပြီး လူဖြူလူမျိုးကြီးအား ခုခံတိုက်ခိုက်ခြင်းကို လက်ခုပ်လက်ဝါး တီး အားပေးကြသည်။ ကျနော်တို့သားသမီးများကား ကံကောင်းလှသည်။ တဖက်သတ်လူမျိုးကြီး ဝါဒ ရိုက်သွင်းခံရမှုမှ ကင်းလွတ်ခွင့်ရကြသောကြောင့် ဖြစ်သည်။

ဤနေရာတွင် တွေးစရာဖြစ်လာသည်က ကမ္ဘာကြီး၌ တန်ဖိုးစံတို့သည် ဆိုးရာမှကောင်းရာသို့ မလွဲမသွေ ပြောင်းလဲလာ သည့်အကြောင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၌ လူမည်းများနှင့် ရက်ဒ်အင်းဒီးယန်း ခေါ် လူနီများအပေါ် သဘောထားအမြင် တို့မှာ လွန်ခဲ့သည့်နှစ် (၅ဝ-၁ဝဝ) သို့မဟုတ် လွန်ခဲ့သည့်နှစ် (၃ဝ) ကာလများနှင့် လုံးဝကွာခြား ပြောင်းလဲသွားပြီဖြစ်သည်။ လက်တွေ့အခွင့်အရေးပိုင်းတွင် စာအုပ်ကြီးများထဲပြောသလောက် အပြည့်အဝမဟုတ်သေးသော်လည်း အများပြည်သူဆိုင် ရာ သဘောထားအမြင်များနှင့် တန်ဖိုးစံများမှာမူ မပြောင်းမဖြစ် ပြောင်းခဲ့ရပေပြီ။ မာတင်လူသာကင်း၏ အကြမ်းမဖက်တိုက်ပွဲ များ၊ မယ်လ်ကွမ်အိက်စ်၏ လက်နက်ကိုင်တိုက်ပွဲများတို့ကြောင့် လူမည်းတို့သည် ဟိုးအရင်ကထက်စာလျှင် လူ့အခွင့်အရေး များ တိုးတက်ရရှိလာခဲ့သည်။ ဤသို့ဖြင့် ၁၉၇ဝ ခု ရောက်သောအခါ အမေရိကန်ပြည်ထောင်စုသည် လူမည်းတို့အပေါ် နောက်ဆုံးကျန်နေသည့် ဥပဒေပါ ကန့်သတ်ချုပ်ချယ်မှုများ ဖျက်သိမ်းလိုက်ပြီး ဒီမိုကရေစီ နိုင်ငံပီပြင်လာခဲ့ရသည်။

သို့ဖြင့် ယနေ့ဟောလီးဝုဒ်ရုပ်ရှင်များတွင် လူမည်းများကို လူကောင်းနေရာ၊ အရေးပါသည့် လူကြီး နေရာ မပေး၍မရ ဖြစ်လာသည်။ ယခင်လို လူဆိုးခန်း၊ လူပေါခန်းများ၌သာ ပါရခြင်းမရှိတော့။ လူမည်းများ၊ တိုင်းရင်းသား လူနီများအပေါ် လူဖြူများက ဟိုးယခင်ခေတ် ရုပ်ရှင်ကားများထဲကလို  တဖက်သတ် အနိုင်ကျင့်နှိပ်စက်မှုကို လက်ခုပ်တီးအားပေးမည့်သူ မရှိတော့။ ဖြစ်ချင်းဖြစ်လျှင် တိုင်းရင်းသားများဘက်မှသာ လက်ခုပ်တီးအားပေးကြမှာ ဖြစ်သည်။

ဌာနေတိုင်းရင်းသားတို့အပေါ် မဟာလူမျိုးကြီးတမျိုးက အချိန်အကန့်အသတ်မရှိ ကြီးစိုးလွှမ်းမိုး၍ ရသည့်ခေတ် (သဘော တရားအရ) ကုန်ဆုံးသွားချေပြီ။ အနှိမ်ခံအနှိပ်စက်ခံ တိုင်းရင်းသားများ ကိုယ်တိုင်က အသိအမြင်ကျယ်လာခြင်း၊ လူဦးရေတိုး ပွားလာခြင်း၊ အရည်အချင်းမြင့်တက်လာခြင်းနှင့် တဆက်တစပ်တည်း တော်လှန်ထကြွလာခြင်းရှိသကဲ့သို့ နှိပ်စက်သည့် မဟာလူမျိုးကြီး ဘက်တွင်လည်း လူ့အခွင့်အရေးများကို သဘောပေါက်အသိအမှတ်ပြုသူများ များပြားလာခြင်း၊ လူ လူချင်းစာနာနားလည်ပေးသူများ များလာခြင်း၊ မတရားမှုကို မျက်နှာလွှဲမနေနိုင်သူများ များလာ ခြင်းတို့ မလွဲမသွေဖြစ်လာကြ သည်။ ကျွန်စနစ်သည် သဘာဝကျသည့်ဖြစ်ရပ်တခုအဖြစ် ကျွန်များ အပါအဝင် လူအားလုံးက လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ လက်ခံကြည့်မြင်ခဲ့ကြသည်။ ကျနော်တို့ ကလေး ဘဝကတည်းက ဤသို့ မဟုတ်တော့။

ရှေးက ဗမာခေါင်းဆောင်များဖြစ်သော အနော်ရထာ-ကျန်စစ်သား၊ တပင်ရွှေထီး-ဘုရင့်နောင်၊ အလောင်းဘုရားနှင့် သားတ သိုက်က တိုင်းရင်းသားတို့ကိုတိုက်ခိုက်၍ နယ်မြေအိုးအိမ်စည်းစိမ်များ သိမ်းယူဖျက်ဆီးခဲ့ကြသည်။ ထိုင်း၊ လော၊ အိန္ဒိယ၊ ယူနန်တို့ကိုပါ တိုက်ခိုက်သတ်ဖြတ်မှုများ ကျူး လွန်ခဲ့ကြသည်။ ကျနော်တို့ငယ်စဉ်က ဤဘုရင်များကို ခန့်ညားလေးစားခဲ့ကြ၊ ဂုဏ်ပြုချီးကျူး ခဲ့ကြသည်။ ယင်းလုပ်ရပ်များ မှန်မမှန် လုပ်သင့်မလုပ်သင့် မေးခွန်းမထုတ်ကြ။ ဆိုးသွမ်း အောက် တန်းကျသည့် မွန်၊ ၊ ရှမ်း၊ ကရင်၊ ၊ ချင်း၊ ကရင်နီ၊ တိုင်းရင်းသားအရိုင်းအစိုင်းများ သို့ မဟုတ် ရန်စစော်ကားသည့် ယိုးဒယား၊ လော၊ ကုလား၊ ကသည်း၊ တရုတ်များကို လက်နက် အင်အားဖြင့်ဆုံးမခြင်းမှာ တရားသည်ဟူသောအမြင်များ ကျနော်တို့၌ဖြစ်ပေါ်စေရန် သမရိုးကျပတ် ဝန်းကျင်အမြင်များက လွှမ်းမိုးပုံသွင်းနေခဲ့သည်။ အခြားတဖက်မှဆင်ခြင်ရန်အ ကြောင်းများ၊ တဖက်မှ အမြင်သဘောထားများကို မလေ့လာ မစူးစမ်းခဲ့။

သို့သော် ယခုအခါမူ ဗမာလူမျိုးများသည် အားလုံးမဟုတ်သေးသည့်တိုင် အလောင်းဘုရား-ဘုရင့် နောင်-အနော်ရထာ နယ်ချဲ့ဝါဒကို အရင်းအတိုင်း မျိုမချကြတော့။ တိုင်းရင်းသားတန်းတူရေးနှင့် ဖက်ဒရယ်ဝါဒဘက် ခေါင်းလှည့်လာကြသည်။ အနိမ့်ဆုံးအားဖြင့် နအဖဝါဒ ဗိုလ်နေဝင်း-ဗိုလ်သန်း ရွှေဝါဒကို မည်သူမှလက်မခံ။

သမိုင်းသည် ရပ်တန့်မနေ။ လူသားတရပ်လုံးသည် ပိုမိုယဉ်ကျေး ခေတ်မှီတိုးတက်သောဘဝသို့ တရွေ့ရွေ့သော်လည်း ကောင်း၊ တရှိန်ထိုးသော်လည်းကောင်း ပြောင်းလဲနေကြသည်။ အနှိမ်ခံတိုင်း ရင်းသားတို့သည် တကမ္ဘာလုံးတွင် ပုံစံအမျိုး မျိုးဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်၊ တိုက်ပွဲဝင်နေကြသည်။ အသိပညာရှင်များကလည်း အသိအမြင်သစ်များ၊ အမှန်တရားများကို တွေ့ရှိဖော်ထုတ်လာကြ သည်။ မြန်မာနိုင်ငံလည်း ခြွင်းချက်မဟုတ်။ ဤသို့ဖြင့် မဟာလူမျိုးကြီး ကိုယ်ကျိုးသမားများက တိုင်းပြည်ကို ခေတ်ဟောင်းတွင် ကျောက်ချနေစေရန် အစွမ်းကုန်အားထုတ်ကြသော်လည်း အခြား နိုင်ငံများနည်းတူ ယနေ့မြန်မာနိုင်ငံမှ ဗမာအပါအဝင် တိုင်းရင်းသားတို့၏အသိအမြင်များမှာ (၂ဝ) ရာစု အစပိုင်း သို့မဟုတ် အလယ်ပိုင်းနှင့်ပင် မတူတော့အောင် ပြောင်းလဲခဲ့လေပြီ။

၁၉၄၇ ခုနှစ်က မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးရန်အတွက် တိုင်းရင်းသားတို့ ၏သဘောထားများကို စူးစမ်း လေ့လာသည့် ရီးစ်-ဝီလီယမ်ကော်မရှင် ခေါ် တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့က ဝ တိုင်းရင်းသားခေါင်းဆောင် စဝ်မဟာကို ခေါ်ယူမေးမြန်းခဲ့ရာ ၎င်းမှာ ကိုယ်ပိုင် အုပ်ချုပ်ရေးကိုလည်းကောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်းကောင်း၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ခေတ်သစ်တရားဥပဒေ၊ မီဒီယာ စသည်တို့ကိုလည်းကောင်း နားလည်းမလည်၊ စိတ်လည်း မဝင်စားခဲ့။ သို့သော် ယနေ့ ဝ တိုင်းရင်းသားများကား နိုင်ငံတကာအဆင့်ဝင်နေပြီဖြစ်သည်။ မည်သို့မှ လျစ်လျူရှု ငြင်းပယ်၍မရနိုင်တော့။ လွန်ခဲ့သောနှစ် (၅ဝ) က မြန်မာပြည်တွင် ခေတ်အနောက်ကျဆုံး တိုင်းရင်းသားလူမျိုးဖြစ်သည့် ဝ တိုင်းရင်းသားတို့ ယခု အခြေရောက်နေသည်ကိုကြည့်လျှင် အခြား တိုင်းရင်းသားတို့အဖို့ ကား ဆိုဖွယ်ရာမရှိတော့။

မြန်မာနိုင်ငံမှ တိုင်းရင်းသားအများစု၌ တန်းတူရေးအတွက် ဇွဲနဘဲနှင့် ရေရှည်တိုက်ပွဲဝင်ခဲ့ကြသူ များပြားလှသည်။ တချိန်က မိမိ၏လူမျိုးဘဝအမှတ်အသားလက္ခဏာ Identity ကို အလေးဂရုမပြု မေ့မေ့လျော့လျော့နေခဲ့ကြသော တိုင်းရင်းသားလူမျိုး တို့သည်ပင် ယခုအချိန်၌ လူမျိုးတရပ်အဖြစ် အမှတ်အသားလက္ခဏာတရပ်ကို ပီပီပြင်ပြင်ခိုင်ခိုင်မာမာခံယူလာပြီး ထိုက် သင့်သည့် တိုင်းရင်း သားအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို လိုလားတောင်းဆိုလာသည်မှာ မြန်မာပြည်၌သာ မက တကမ္ဘာလုံးတွင်ဖြစ်သည်။

“၁၉၄၇ တိုင်းပြုပြည်ပြုရွေးကောက်ပွဲ၊ ၁၉၅၁ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၅၆ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၆ဝ အထွေ ထွေရွေးကောက်ပွဲများကို အမှတ်တမဲ့ဖြတ်သန်းခဲ့ကြသော တိုင်းရင်း သားလူမျိုးအများအပြားသည် ၁၉၈၈-၁၉၉ဝ ခုကာလ တွင် နိုင်ငံရေးပါတီများတည်ထောင်လာကြသည်။ ၁၉၉ဝ- ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခဲ့သောနိုင်ငံရေးပါတီပေါင်း (၂၃၅) ခုအနက် အနည်းဆုံး (၅၂) ခုမှာ တိုင်းရင်းသားလူမျိုးစုများ၏နိုင်ငံရေးပါတီအဖွဲ့အစည်းများ ဖြစ်သည်။”

ယခင်က မဖြစ်စလောက်အခွင့်အရေးအနည်းငယ်မျှနှင့် ကျေနပ်တင်းတိမ်နေခဲ့ကြသည့် လူမျိုးများ သည် မိမိတို့အခြေအနေ၊ ကမ္ဘာ့အခြေအနေ တိုးတက်ပြောင်းလဲလာမှုနှင့်အညီ ယခုအခါ ပိုမိုမြင့် မားများပြားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာဏာများ ရယူလိုလာကြသည်။ ဤအချင်းအရာကား ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့နည်းတူ တားဆီးမရသည့် ကမ္ဘာ့ရေစီးကြောင်း ကြီး ဖြစ်သည်။

အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ အရှေ့ပါကစ္စတန်၊ တောင်အာဖရိက၊ ဆိုဗီယက်ရုရှ၊ ယူဂို စလားဗီးယား၊ ဆူဒန်တို့တွင် တားမရခဲ့သည့်နည်းတူ ဗြိတိန် (စကော့တလန်၊ မြောက်အိုင် ယာလန်)၊ တရုတ် (တိဘက်၊ စင်ကျန်း)၊ အိန္ဒိယ (နာဂ၊ အာသံ၊ ကက်ရှ်မီးယား)၊ ရုရှ (ချက်ခ်ျ နီးယား) နှင့် မြန်မာနိုင်ငံတို့တွင်လည်း တားဆီး၍ ရလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတိုင်းရင်းသား ပေါင်းစုံတို့အတွက် တန်းတူရေး၊ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ပါဝင်သော ဖက်ဒရယ်ပြည် ထောင်စုစနစ် အနှေးနှင့်အမြန် လုံးဝမလွဲမသွေ ပေါ်ထွန်းလာရလိမ့်မည်။

ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, သတင်းဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်